>1<
Rain on me,your lips
UNICODE
Mon,08April 2024
RMYL
Story by Belle
နှစ်ထပ်အိမ်တော်ရဲ့ကြမ်းပြင်က Glass plate တွေဟာနေ့တိုင်းသန့်ရှင်းရေးလုပ်ထားတာကြောင့် မှန်ကြည့်လို့ရလောက်အောင် ပြောင်လက်နေတယ်။လက်ရာမြောက်ပြီး ရွှေရောင်တောက်နေတဲ့လက်ရန်းနဲ့ကြီးမားကျယ်ပြန့်တဲ့ ကတ္တီပါအနီခင်းလှေကားကြီးရဲ့အဆုံးကိုမော့ကြည့်တဲ့အခါနံရံတစ်ခုလုံးအပြည့်နေရာယူထားတဲ့ပန်းချီကားကြီးတစ်ချပ်ရှိပြီး အဝိုင်းသဏ္ဍာန်ရှိတဲ့အပေါ်ထပ်အတွက် လှေကားဟာ ပန်ချီးကားကြီးရဲ့ဘယ်ညာအစွန်နှစ်ဖက်ဘေးကနေကပ်လျက်ကျောခိုင်းခွဲဖြာသွားပြီးနောက် ကြည့်လိုက်တဲ့အခါ နေရာတိုင်းဟာအိမ်တော်ရဲ့ ချမ်းသာကြွယ်ဝမှုကိုပြောပြနေသယောင်ထင်ရတယ်။
ရှေးဟောင်းလက်ရာအတော်များများသိမ်းဆည်းခံရပြီး မျိုးဆက်လေးဆက်အထိတည်ရှိခဲ့တဲ့ အိမ်တော်တစ်ခုလုံးကို ကြိုးကြိုးစားစားသန့်ရှင်းပြီးတဲ့နောက်မှာတော့ အိမ်ကအစေခံတော်တော်များများဟာ ပန်းခြံထဲမှာထပ်ပြီးအလုပ်ရှုပ်နေကြပြီ။အန်တီယုသာ ချက်ပြုတ်ဖို့အတွက်မီးဖိုချောင်ထဲမှာ ရှိနေတာဖြစ်တယ်။
“အန်တီယု ဒီနေ့ဘာချက်မှာလဲ”
ရှောင်းကျန့်က မီးဖိုဆောင်တံခါးဝမှာရပ်နေတယ်။အခုမှအိပ်ယာကထလာတာကြောင့် သူ့မျက်နှာကပျင်းရိပုံပေါက်နေပြီး အင်္ကျီလက်တွေကိုခေါက်တင်နေချိန် သူ့မျက်လုံးတွေက မှေးကျဥ်းနေတုန်းပဲ။
မကြာသေးခင်က B မြို့တော်မှာရှိတဲ့လုပ်ငန်းစုရဲ့အခွဲတစ်ခုက ထုတ်ကုန်အရည်အသွေးပြဿနာကိုရင်ဆိုင်ခဲ့ရတာကြောင့် လုပ်ငန်းစုရဲ့ဝန်ထမ်းအချို့ကိုပြန်လည်ဖာထေးနေရာချနိုင်ဖို့ကြိုးစားခဲ့ရပြီး၊ သူတို့ရဲ့ပိုင်ဆိုင်မှုပမာဏကိုထိခိုက်လာမှာကြောက်တဲ့ ထိပ်ပိုင်းရှယ်ယာရှင်တွေရဲ့မငြိမ်သက်မှုတွေနဲ့ လုပ်ငန်းစုစျေးကွက်ပြန်တည်ငြိမ်ဖို့ဖြေရှင်းနေရတာတွေအကုန်လုံးကအခြေမကျနိုင်သေးတာကြောင့် ရှောင်းကျန့်ညတွေမှာစောစောအိပ်ခွင့်မရတော့တာကြာပြီ။
“ကျန့်ကျန့် နိုးပြီလား…
အန်တီယုကဘေစင်မှာရပ်နေတာဖြစ်ပြီး သူ့ကိုလှည့်ကြည့်လာပြီးနောက် ငါးအကြေးခွံခွာနေတာကို အဆုံးသတ်ဖို့တစ်ဖက်သို့ပြန်လှည့်သွားတယ်။
“အရံဟင်းတွေကတော့ မနေ့ကလိုပဲ ဒီနေ့ ငါးပေါင်းချက်မယ် ပြီးတော့ဝက်နံရိုးချိုချဥ်ကြော် ဆိတ်သားစွတ်ပြုတ်လေးလည်း လုပ်မယ်”
“ဖက်ထုပ်ပေါင်းကောလုပ်ဦးမလားမနေ့က ဝမ်ရိပေါ်စားချင်တယ်လို့ပြောတာကြားလိုက်တယ်”
ရှောင်းကျန့်ကမှေးနေဆဲဖြစ်တဲ့မျက်လုံးတွေနဲ့ မီးဖိုဆောင်ထဲဝင်လာပြီး အသီးအရွက်တွေအပြည့်တင်ထားတဲ့အရံစားပွဲရဲ့ခုံမှာ ခြေတောက်တစ်ချောင်းချိတ်ပြီးထိုင်လိုက်တယ်။
“ဒါဆိုလည်း လုပ်ကြတာပေါ့ လာလာ မင်းအရင်မနက်စာစားဦး”
ပြောရင်းနဲ့ အန်တီယုကလက်ကိုဆေးကြောပြီး ရှောင်းကျန့်အတွက် နွားနို့ပူပူလေးတစ်ခွက်ငှဲ့ပေးတယ်။အဲ့ဒီနောက် ဖုတ်ထားတဲ့ ကိတ်မုန့်တုံးလေးတွေကို ပန်းကန်ထဲထည့်ပြီးယူလာပေးပြီးနောက် သူ့ဗိုက်ကိုဖြည့်ခိုင်းတယ်။
တစ်နေ့လုံးရဲ့သုံးနပ်မှာ မနက်စာကိုတော့ ရှောင်းကျန့်လုံးဝအလွတ်မခံတာကို အန်တီယုသိတာကြောင့် သူ့အတွက်အမြဲသေချာပြင်ဆင်ပေးထားလို့ ကျေးဇူးတင်ရမယ်။မဟုတ်ရင် ကျန်တဲ့နှစ်နပ်ပါလွတ်တဲ့နေ့တွေ့ဆို အပြင်စာတွေမကြိုက်တတ်တဲ့ သူက တကယ်အခက်တွေ့ရမှာ။
“အန်တီယုကော ကျွန်တော်နဲ့အတူမစားဘူးလား”
အန်တီယူက သူ့လက်ကိုမြှောက်ပြီးခပ်မြန်မြန်ခါပြရင်း
“ငါကအစောကြီးစားပြီးပြီ ဒါနဲ့ သူနိုးပြီလား”
မနေ့ညက သခင်လေးပြန်လာတာနောက်ကျလွန်းတဲ့အပြင် အခန်းထဲဝင်တဲ့အထိ သခင်လေးရှောင်းကို အော်ဟစ်ပြီးဆူညံနေခဲ့တာ၊ ညကသူသောက်ခဲ့တာ များလွန်းတယ်။ လူလေးကငယ်ရွယ်သလောက် ဒေါသကလည်းအရမ်းကြီး။
အန်တီယုကအပေါ်ထပ်ကိုစပ်စုတဲ့ပုံစံနဲ့ တစ်ချက်လှမ်းကြည့်ပြီး ဟင်းခတ်မှုန့်တွေရွေးဖို့ ခေါင်းပြန်ငုံ့သွားတယ်။
ဆိမ့်နေတုန်းနွားနို့်အရသာကို ရှောင်းကျန့်မြိုချနေဆဲ၊ သူကနွားနို့ခွက်ကိုချကာ ခပ်နွေးနွေးကိတ်မုန့်ကိုတစ်ကိုက်တပ်ကိုက်လိုက်ပြီး
“သူအစောကြီးနိုးနေတာ”
“ဆိုတော့ ဒီမနက်က အသက်ရှူကျပ်ရဦးမှာပေါ့”
အန်တီယုကသက်ပြင်းချရင်း ငါးပေါင်းဖို့လုပ်တယ်။ရှောင်းကျန့် ပြတင်းတံခါးကိုလှမ်းကြည့်တဲ့အခါ မခိုမကပ်ရဲဘဲအလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို တွေ့ရပြီး သူတို့ဟာ ပုံမှန်အချိန်ထက်အပင်ပန်းခံနေကြတယ်။ ပြီးတော့အရင်လိုရယ်ရယ်မောမောဆူဆူညံညံမရှိကြဘူး၊ အကြောင်းကတော့ ဝမ်ရိပေါ်သြစတြေးလျက ပြန်ရောက်လာလို့ဖြစ်တယ်။
ဝမ်အိမ်တော်ရဲ့လှေကားထိပ်က မိသားစုပန်းချီကားကြီးက စီးပွားရေးအသိုင်းအဝိုင်းမှာတောင်နာမည်ကြီးတယ်။အညိုဘက်ပြေပြေထနေတဲ့ ခမ်းနားတဲ့ဒီပန်းချီကားထဲမှာ သူဋ္ဌေးဝမ်ရယ် ၊ဝမ်ကတော်ရယ် သေးသေးလေးဖြစ်တဲ့ ဝမ်ရိပေါ်ပေါက်စလေးဟာ အတူယှဥ်တွဲထိုင်ရင်းပြုံးနေကြတယ်။
အရှိန်အဝါတွေအပြည့်နဲ့ ဝမ်မိသားစုက တောက်ပစွာလည်ပတ်နေတဲ့ဂလက်စီဆိုရင် ရှောင်းကျန့်ဆိုတာ မတော်တဆမျက်စိလည်ပြီး ဂလက်စိထဲရောက်သွားတဲ့ ဥက္ကာခဲလေးတစ်ခုပါဘဲ။ရှောင်းကျန့်ရဲ့မိဘတွေဟာ ဝမ်အိမ်တော်ရဲ့လူယုံတွေ၊ ပါးပါးရှောင်းဆိုရင် ဥက္ကဋ္ဌဝမ်ပြီးတာနဲ့ အိမ်တော်မှာသူအာဏာအရှိဆုံးပဲ။
သူကအိမ်ရဲ့ဘဏ္ဍာရေးကိုစီမံတယ်။ ဘဏ္ဍာထိန်းနဲ့ အိမ်တော်ထိန်းရဲ့အချစ်ဇာတ်လမ်းဟာ ဝမ်အိမ်တော်မှာဘဲဖြစ်တည်ခဲ့သလို သူတို့နှစ်ယောက်လက်ထပ်တုန်းက ဥက္ကဋ္ဌဝမ်ကိုယ်တိုင် တက်ရောက်ခဲ့ပြီးကောင်းချီးပေးခဲ့တယ်။
ကလေးဘဝကတည်းက ရှောင်းကျန့်ဟာ ဒီအိမ်တော်မှာကြီးပြင်းလာခဲ့တာ၊ တကယ့်အိမ်ရှေ့စံကတော့သူမဟုတ်ဘူးပေါ့။ ဒါပေမဲ့သူက အိမ်ရှေ့စံရဲ့ကိုယ်ပိုင်အစေခံလေးလို ဖြစ်ခဲ့တယ်။
အစပိုင်းမှာ ဝမ်ကတော်က သူမလက်ထပ်တဲ့အချိန်ကတည်းက ကလေးအရမ်းလိုချင်ခဲ့ပြီး အိမ်ထောင်သက်အတော်ကြာတဲ့အထိကလေးမရခဲ့ဘူး။ဒါကြောင့်ပဲ ဆေးရုံတွေသွားပြီး ဖန်ပြွန်သန္ဓေသားယူဖို့အထိလုပ်ခဲ့တယ်။ ပြစ်ချက်က ဝမ်ပါးပါးဆီမှာဆိုရင်သုတ်ပိုးအလှူခံဖို့ပေါ့။
ဒါပေမဲ့ ဝမ်စုံတွဲဟာလက်လျှော့ခဲ့ရတယ်။ မီဒီယာတွေက အောင်မြင်နေတဲ့ကြယ်ပွင့်တွေကိုသာမက ချမ်းသာတဲ့အသိုင်းအဝိုင်းတွေကိုပါအမြဲစောင့်ကြည့်နေရုံတင်မက အပုတ်ချပြီးကောလဟာလလွှင့်ဖို့ အမြဲအသင့်ရှိနေတာကြောင့် သူတို့အစီအစဥ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူး။
ဒါကြောင့်ပဲ ရှောင်းကျန့်ဟာ ဝမ်စုံတွဲရဲ့သားဖြစ်လာတယ်။ သူ့အသက်သုံးနှစ်မှာ ဝမ်စုံတွဲရဲ့မွေးစားခြင်းကိုခံရပြီး စီးပွားရေးနဲ့ဆိုင်တဲ့ပွဲတွေ လူမှုရေးအရတက်ရတဲ့ ပါတီတွေမှာဝမ်စုံတွဲဟာ အနောက်တိုင်းဝတ်စုံသေးသေးလေးကိုဝတ်ထားတဲ့ သူ့ကိုထုတ်ကြွားလေ့ရှိတယ်။
ရှောင်းကျန့်မှာ ရှေ့သွားကြီးကြီးလေး နှစ်ချောင်းနဲ့ မျက်ဝန်းအိမ်ကျယ်ကျယ်တွေရှိတာကြောင့် ချစ်စရာကောင်းတဲ့ကလေးအဖြစ် အမြဲချီးကျူးခံရပြီး ၊ ဘယ်သူကမှ သူ့ကိုသဘောမကျတဲ့ပုံပြတာမတွေ့ဖူးဘူး။ဝမ်ကတော်ကအမြဲတမ်းပြောလေ့ရှိတယ် “ရှောင်းကျန့်က တကယ့်ကိုကောင်းချီးနဲ့မွေးလာတဲ့ကလေးလေးဘဲ” ။
ရှောင်းကျန့်ကိုမွေးစားပြီးနောက်ပိုင်း ဝမ်အိမ်တော်ရဲ့လုပ်ငန်းတွေဟာ အရင်ကထက်ပိုပြီးကောင်းကောင်းလည်ပတ်ခဲ့တယ်။ ဝမ်ကတော်ရဲ့လူမှုရေးအရရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းလေးတွေတောင် အမြတ်များများနဲ့အောင်မြင်လာတဲ့အပြင် စျေးကွက်ထဲအချိန်တိုလေးအတွင်းဝင်ရောက်နိုင်တဲ့အထိဘဲ။ ကြာတော့ရှောင်းကျန့်မှာ လာဘ်ကောင်လေးဆိုတဲ့နာမည်အသစ်တစ်ခုရလာတယ်။
ကံကြမ္မာကတစ်ခါကျီစယ်လာတာလား ဒါမှမဟုတ် ဝမ်ကတော်ဆီကမငြိမ်းသေးတဲ့ သူမရဲ့ရင်ထဲက မီးစာသေးသေးကြောင့်လို့ဘဲပြောရမလား။ ရှောင်းကျန့်အသက်ငါးနှစ်ပြည့်ပြီးတဲ့နောက်မှာ အသည်းအသန်ကြိုးစားခဲ့ရတဲ့ ကိစ္စဟာလွယ်လွယ်ကူကူရောက်ရှိလာခဲ့တယ်။ ဝမ်ရိပေါ်ဟာ ဝမ်မားမားဗိုက်ထဲရောက်နေပြီ။
အက်ထရာစောင်းက မပီမပြင်သေးတဲ အစိုင်အခဲသေးသေးလေးပုံကို ဆုပ်ကိုင်ရင်းဝမ်မာမား မျက်ရည်တွေကျခဲ့တယ်။ သူမဟာရှောင်းကျန့်ကိုပွေ့ဖက်ထားရင်း “မင်းအတွက်ညီလေးမွေးပေးနိုင်ပြီ” လို့ငိုနေရင်းပြောတယ်။
ရှောင်းကျန့်လည်း ဝမ်ကတော်နဲ့အတူပျော်ရွှင်ခဲ့တယ်။ ဝမ်ရိပေါ်ကိုမွေးတဲ့နေ့တုန်းက သူကျောင်းကနေပြန်လာခဲ့တာ၊ဆေးရုံရဲ့ပိုးသတ်ဆေးနံ့ကို ရှုရှိုက်ရင်း လွတ်အိတ်ကြိုးလေးကိုဆုပ်ကိုင်ထားပြီး သူ့ညီလေးကိုစောင့်နေခဲ့တယ်။ ဆေးရုံကိုတန်းပြေးလာခဲ့တာကြောင့် ကျန့်ကျန့်ပေါက်စလေးက ကျောင်းဝတ်စုံတောင်မလဲရသေးဘူး။ အချိန်တွေအကြာကြီးအကြာကြီး ကုန်ပြီးတဲ့အခါ ခွဲစိတ်ခန်းတံခါးဟာပွင့်သွားခဲ့ပြီး သတင်းဆိုးနဲ့သတင်းကောင်းဟာရောက်လာတယ်။
ဝမ်ရိပေါ်လေးဟာ သူ့ကိုအရမ်းလိုချင်တဲ့ဝမ်မားမားချော့သိပ်တာကို မခံရတော့ဘူး။
ဝမ်ရိပေါ်ကိုဆေးရုံကနေသွားခေါ်တဲ့လမ်းမှာ ဝမ်ပါပါးဟာတိတ်ဆိတ်နေခဲ့တယ်။ မှန်နဲ့ကန့်ထားတဲ့အခန်းထဲမှာ ကလေးတွေအများကြီးရှိတဲ့ကြားက သူဝမ်ရိပေါ်ကိုလှမ်းကြည့်ခဲ့ရပေမဲ့ အခုတော့မလိုတော့ဘူး။ သူနာပြုလေးက သူ့လက်ထဲဝမ်ရိပေါ်ပေါက်စလေးကိုထည့်ပေးလာတယ်။ ဝမ်ပါပါးဟာငေးငေးငိုင်ငိုင်ကြည့်ရင်း ရှောင်းကျန့်ကိုသေချာချီဖို့မှာတယ်။ ဝမ်ပါပါးကဝမ်ရိပေါ်ကို လုံးဝမချီခဲ့ဘူး။
ဝမ်အိမ်တော်မှာ သခင်မနေရာဟာလစ်လပ်သွားတယ်။
ဒါပေမဲ့ဝမ်သခင်ကြီးက အဲ့ဒီနေရာကိုဘယ်တော့မှ ထပ်ဖြည့်ဖို့မကြိုးစားတော့ဘူး။ အိမ်တော်ရဲ့သခင်ဟာ တစ်နေ့တခြား တိတ်ဆိတ်လာတယ်။ သူ့ဘေးနားမှာအမြဲလိုလိုရှိနေတာဟာအနောက်တိုင်းအရက်ပုလင်းတွေပဲ၊ ရှောင်းကျန့်ကအိမ်ထိန်းတွေနဲ့အတူ ဝမ်ရိပေါ်ကိုထိန်းရပြီး တစ်ခါတလေဆို သူကဝမ်သခင်ကြီးထက်တောင် အလုပ်များတယ်လို့တွေးမိတဲ့အထိပါဘဲ။ အမေနှစ်ယောက်ထဲကတစ်ယောက်ကိုဆုံးရှုံးလိုက်ရလို့ သူကိုယ်တိုင်ဝမ်းနည်းနေပေမဲ့လည်း သူဝမ်ရိပေါ်နဲ့အတူကစားပေးခဲ့တယ်။
ဘာလို့မှန်းမသိဒီကလေးလေးဟာ တွန်းထုတ်ခံထားရသလိုဘဲ ၊ဒီကလေးလေးက အခုသူ့ကိုလိုအပ်နေတယ်။
“ရှောင်းကျန့်!!!! ရှောင်း! ကျန့်!”
အပေါ်ထက်ကအသံဟာ ဟိန်းထွက်နေတယ်။
“သွား သွား မြန်မြန်သွား”
အန်တီယုကအံကိုကြိတ်ရင်း သူ့ကိုမြန်မြန်သွားဖို့သတိပေးတယ်။ ရှောင်းကျန့်အေပရွန်ကိုအမြန်ချွတ်ပြီးရှည်လျားတဲ့လှေကားပေါ်ကို ယိုင်သွားမတတ် အိမ်အပေါ်ထပ်ကိုပြေးတက်လိုက်ရတယ်။ အပေါ်ထပ်မှာသူနဲ့ဝမ်ရိပေါ်ရဲ့အခန်းနှစ်ခန်းသာရှိပြီး ဝမ်ရိပေါ်ရဲ့အခန်းကတော့ သူ့အခန်းထက်ပိုကျယ်ပြီးပိုကောင်းတယ်။
သူအခန်းတံခါးကိုဆွဲဖွင်တဲ့အခါ ဝမ်ရိပေါ်က သူ့ရင်ဘတ်ဆီလက်ထဲကနာရီနဲ့ပစ်ပေါက်တယ်။
“ဘာလို့ဒီလောက်ကြာနေတာလဲ!”
ရှောင်းကျန့်က နာရီကိုလှမ်းကောက်ရင်းဖြေတယ်။
“ငါချက်ပြုတ်နေတယ်လေ မင်းဘာလိုချင်လို့လဲ”
“မနေ့က ပြင်ခိုင်းထားတဲ့နာရီကော”
“အဲ့ဒါကဆိုင်မှာရှိနေတုန်းဘဲ”
မှန်ရှေ့မှာ ရပ်နေတဲ့ဝမ်ရိပေါ်ကသူ့ကိုထပ်အော်တယ်။
“ဒီနေ့ဝတ်ချင်တယ်လို့မပြောထားဘူးလား! အခုလိုချင်တယ်!”
ရှောင်းကျန့်က မျက်ခုံးကျူံ့ရင် အသက်ရှူကျပ်စွာနဲ့ ခေါင်းခါရမ်းလိုက်တယ်။
“ဒါကမဖြစ်နိုင်ဘူးလေ”
ဝမ်ရိပေါ်က ဖိအားပေးတဲ့အနေနဲ့ တစ်လုံးချင်းစီလေးလေးနက်နက်ထပ်ပြောတယ်။
“ဒီနေ့ဆို ဒီနေ့ဘဲ”
“ငါညနေသွားယူပေးမယ် အဲ့ဒါဆို ရတယ်မဟုတ်လား”
ဝမ်ရိပေါ်က တစ်ဖက်လှည့်သွားပြီး လက်စွပ်တွေကိုဒေါသထွက်ထွက်နဲ့ဝတ်တယ်။
“ဒါလေးခိုင်းတာတောင် ကောင်းကောင်းမလုပ်နိုင်ဘူး အဲ့ဒါတောင်အသက်ရှင်နေသေးတယ် မနက်စာယူလာပေး”
“မင်းဘာစားချင်လဲ”
“ခင်များပြောကြည့်လေ..”
ဒါဟာ ဝမ်ရိပေါ်ရဲ့ပုံမှန်အပြုအမူလိုပါဘဲ။ဘယ်သူကမှ ဒေါသကြီးပြီးအလိုမကျလွယ်လွန်းတဲ့သခင်လေးရဲ့စိတ်ကို မခန့်မှန်းနိုင်ပေမယ့် သူကကပ်တီးကပ်ဖဲ့နိုင်စွာမေးနေဆဲပဲ။
“ဖက်ထုပ်လား”
“ဘယ်သူက မနက်စာကိုဖက်ထုပ်စားလို့လဲ ကြည့်! ခင်များမမှတ်မိဘူး”
ဝမ်ရိပေါ်ကမကျေနပ်ဘဲ စူးရဲတဲ့မျက်လုံးတွေနဲ့သူ့ကိုထပ်ကြည့်လာတယ်။ပြီးတော့ ခက်ခက်ခဲခဲသက်ပြင်းချပြီးစိတ်ဆိုးတဲ့လေသံနဲ့ခပ်တိုးတိုးပြောတယ်။
“အီတလီခေါက်ဆွဲ”
အခုမှမှတ်မိသွားတဲ့ပုံစံနဲ့ ရှောင်းကျန့်ဟာ ပါးစပ်ကိုတစ်ဝက်ဟရင်းခေါင်းတစ်ချက်ကိုမော့လို့အသာငြိမ့်တယ်။ မနေ့ကဝမ်ရိပေါ်သူ့ဘေးကဖြတ်ပြီး ရေလာသောက်တုန်းပြောသွားတာ။
“ငါမေ့သွားတာ ငါမင်းအတွက်အခုလုပ်ပေးမယ်”
ပြောပြီးတာနဲ့ ရှောင်းကျန့်ဟာအောက်ထပ်ကိုချက်ချင်းပြေးဆင်းသွားတယ်။