Chapter 1 part 1
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 1 part 1 - ( သာမန်လူတစ်ယောက်အနေနဲ့ ဘာတွေမှားနေလဲ? )
“တီ တီ”
အိပ်ယာဘေးနားမှ နှိုးစက်နာရီက သုံးစက္ကန့်တစ်ကြိမ်အချက်ပေးသံကြားလိုက်ရပြီးနောက် ရပ်တန့်ခြင်းခံလိုက်ရသည်။
ယခင်နေ့များလိုပင် ရှန်ဂျီ နိုးလာခဲ့၏။ထို
နောက် အိပ်ယာသိမ်းလိုက်ပြီး မနက်စာအတွက် နွားနို့နှင့်ပေါင်မုန့်ကို ရေခဲသေတ္တာထဲကထုတ်ကာ အေးအေးဆေးဆေးစားနေခဲ့သည်။
7 နာရီခွဲအရောက်တွင် သုတေသနအဖွဲ့အစည်း၏ ခပ်သေးသေးရုံးခန်းထဲ၌ ထိုင်နေခဲ့ပြီး ယနေ့အတွက်တွေ့ဆုံရန် ချိန်းဆိုထားသော စွမ်းအင်လူသားတစ်ယောက်နှင့် စတင်ဆွေးနွေးရပေပြီ။
“ဒီလို ဖိနှိပ်ကိရိယာဒီဇိုင်းမျိုးဆိုရင်ရော သဘောကျရဲ့လား?”
ရှေ့မှာထိုင်နေသော အမျိုးသမီးဆီသို့ ရှန်ဂျီက ခရမ်းရောင်ကျောက်ရိုင်းနားဆွဲတစ်စုံကို ပေးလိုက်သည်။
သူမက လက်ထဲမှ ခရမ်းရောင်နားဆွဲလေးအားခေတ္တမျှကြည့်ပြီးနောက် ကျေနပ်သွားဟန်ရှိသည်။
“ပါမောက္ခရှန်ရဲ့ ဖန်တီးမှုတွေကတော့ အမြဲကို ကောင်းနေတော့ပါပဲ။ ဒီလိုဒီဇိုင်းမျိုးကို ဒီလောက်မြန်မြန် ပြီးလိမ့်မယ်လို့မျှော်လင့်မထားမိဘူး ”
ထိုအမျိုးသမီးသည် သူမ၏နားသို့ ကိုယ်တိုင်အပ်ဖြင့် ထိုးဖောက်လိုက်သည်မှာ မျက်ခုံးတစ်ချက်ပင်တွန့်မသွားပေ။ ချက်ချင်းပင် နားဆွဲအား သူမ၏နားတွင် ဝတ်ဆင်လိုက်သည်။
“မင်းကြိုက်ရင် အဆင်ပြေပါတယ် “ရှန်ဂျီက ပြုံးကာပြောလိုက်သည်။
အမျိးသမီးအား ပေးပြီးနောက်တွင် ရှန်ဂျီက ကော်ဖီတစ်ခွက်မှာလိုက်ပြီး သူ့ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီးနောက် ကွန်ပျူတာစခရင်ပေါ်တွင် ဒီဇိုင်းရေးဆွဲနေလိုက်သည်။
ရှန်ဂျီ ဒီကမ္ဘာတွင် ဖြတ်သန်းလာခဲ့သည်မှာ ယနေ့ဆိုလျှင် 7 နှစ်နှစ် တောင်ရှိခဲ့ပြီ။
C အဆင့်ပညာရှင်တစ်ယောက်အနေဖြင့် ဤအဖွဲ့စည်းတွင် ရှန်ဂျီ၏တာဝန်မှာ ဖိနှိပ်ရေးကိရိယာပစ္စည်းများ ရှာဖွေသုတေသန ပြုလုပ်ဖို့သာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် နည်းပညာပိုင်းနှင့် ပတ်သက်၍ တတ်ကျွမ်းမှု မရှိသောကြောင့်ပင်။သူ၏ အလုပ်မှာ ဖိနှိပ်ရေးကိရိယာပစ္စည်းများ၏ အပြင်ပိုင်းဒီဇိုင်းကို စွမ်းအင်ပိုင်ရှင်လူသားများ၏ တောင်းဆိုချက်များနှင့်အညီ ပြုလုပ်ပေးရခြင်းဖြစ်သည်။ ထိုသူများ ကိရိယာများဝတ်ဆင်သည့်အခါမျိုးတွင် ကူညီပေးရသည်။ အထူးတလည် အာရုံစိုက်ရသည်မျိုးမရှိလှသဖြင့် သူ၏အလုပ်ချိန်များမှာ အားလပ်ချိန်နှင့်ပင် တူသယောင်ယောင်ရှိလေသည်။
ထို့ကြောင့် ရှန်ဂျီသည် ဤအလုပ်ကို များစွာသဘောကျလေသည်။
အဖွဲ့အစည်း၏အပြင်ဘက်တွင် စွမ်းအင်လူသားများနှင့် ဂြိုဟ်သားတို့၏ တရစပ်တိုက်ပွဲများရှိသည်။ မြို့၏အတွင်းဘက်ကျသောနေရာတို့တွင်လည်း အချိန်ပိုများဖြင့်ပြည့်နေကာ အလွန်စိတ်ရှုပ်စရာကောင်းလှသော အလုပ်ဌာနများသာရှိသည်။ ထိုနေရာများနှင့် နှိုင်းယှဉ်လျှင် သူ၏အဖွဲ့အစည်းမှာ တည်ငြိမ်အေးဆေးစွာဖြင့် သူ့အတွက် လုံးဝသက်သောင့်သက်သာရှိသည်ပင်ဖြစ်သည်။
ဖရိုဖရဲနိုင်လှသောကမ္ဘာတွင် အချိန်အကြာကြီးကုန်ဆုံးပြီးနောက် အေးအေးဆေးဆေးနေရခြင်းကို ရှန်ဂျီ ပို၍နှစ်ခြိုက်မိလာသည်။
နေ့လည်စာစားချိန်တွင် ရှန်ဂျီသည် အဖြူရောင်ယူနီဖောင်းကုတ်အင်္ကျီမှ အိပ်ကပ်အတွင်းသို့ လက်ကိုထည့်ကာ အေးဆေးသောဟန်ဖြင့် လမ်းလျှောက်လျက်ရှိသည်။သူ၏ဌာန (7) မှ သူ၏ထမင်းစားဖော်ရှိရာ ဌာန (4)သို့ ဦးတည်သွားနေခြင်းပင်ဖြစ်သည်။
သုတေသနဌာနကို အလွန်ကြီးမားစွာဖွဲ့စည်းထားကာ သူ၏အဖွဲ့အစည်းတွင် စုစုပေါင်းဌာန ၉ ခု ရှိပြီး တစ်နေရာနှင့်တစ်နေရာ သိပ်မကွာချေ။
သူ့ထမင်းစားဖော်၏ ဋ္ဌာန 4 မှာ ပြင်ပဒီဇိုင်းလေ့လာရေးဋ္ဌာနဖြစ်သည်။
အဆင့် C ရှိသော ရှန်ဂျီလိုဝန်ထမ်းတစ်ဦးအဖို့ သူ၏ထမင်းစားဖော်မှာလည်း သိပ်အရေးမကြီးလှသော သာမန်ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်။
သူတို့နှစ်ယောက်လုံးသည် တက္ကသိုလ်တစ်ခုမှ အတူဘွဲ့ရခဲ့ကြပြီး ဤအဖွဲ့အစည်းတွင် အလုပ်သင်အဖြစ် ဝင်ခဲ့ကြသည်မှာလည်း တစ်နှစ်တည်းပင်ဖြစ်သည်။ ရှန်ဂျီက ဖိနှိပ်ရေးကိရိယာများ၏ အသွင်အပြင်၊ လှပမှု၊ ခံ့ညားမှုနှင့် ဝတ်ဆင်ရေးတို့တွင်တာဝန်ယူရပြီး သူ၏သူငယ်ချင်းစတီဗင်မှာ ထိုကိရိယာများ ကောင်းစွာထုတ်လုပ်မှု ရှိမရှိ ၊ ကောင်းစွာအသုံးပြုနိုင်မှု ရှိမရှိတို့ကို အကဲဖြတ်စိစစ်ရသော တာဝန်ကိုယူရသည်။
အတိုချုပ်ပြောရလျှင် သူတို့နှစ်ဦးလုံး၏ အလုပ်ဋ္ဌာနများမှာ မြင့်မားသော နည်းပညာကျွမ်းကျင်မှုကိုမလိုအပ်ချေ။ ရှန်ဂျီနှင့် စတီဗင်တို့မှာ ထူးခြားစွာ အရေးမပါလှသော သာမန်ဝန်ထမ်းများသာဖြစ်ကြသည်။
ထိုသူနှစ်ဦး ထမင်းစားဖော်ဖြစ်လာခြင်းသည်လည်း မထူးဆန်းပါပေ။
ဋ္ဌာန 4 မှာ အလွန်ဆူညံလှသည့်အတွက် သွားလမ်းတစ်လျှောက်တွင် အဆင့်မြင့်အသံထိန်း စနစ်များရှိသည်။ထိုဆူညံသံတို့မှာ သာမန်လူသားများထံမှမဟုတ်ပဲ မျိုးမတူသော ဂြိုဟ်သားများထံမှ စူးရှသောအသံ၊ တရှဲရှဲမြည်သံ၊ အားကြီးသောအသံ စသောအသံများဖြစ်ကြသည်။ ထိုအသံများသည် ကြားရသူများအဖို့ လွန်စွာစိတ်ပျက်စရာကောင်းလှပေသည်။
ရှန်ဂျီသည် ဋ္ဌာန4၏အဝင်ဝတွင် တည်ငြိမ်စွာရပ်လိုက်ပြီး ဆူညံသံများကို ဟန့်တားရန် နားကြပ်ကိုတပ်ကာ သီချင်းနားထောင်နေလိုက်သည်။
ခေတ်ပေါ်ဂီတ၊ကျေးလက်ရိုးရာဂီတစသည်ဖြင့် မည်ကဲ့သို့အမျိုးအစားပင်ဖြစ်စေ သီချင်းနားထောင်ရသည်ကို သူအမှန်တကယ် သဘောကျပါသည်။ တကယ်တော့ ရှန်ဂျီ၏ မူလကမ္ဘာတွင် ဂီတကဲ့သို့ နှစ်သက်စရာအရာမျိူးမရှိချေ။ ငါးမိနစ်ကြာပြီးနောက်တွင် အခန်းတံခါးပွင့်လာပြီး လူတစ်ဦး၏ခေါင်းဝင်လာခဲ့သည်။
စတီဗင်သည် ချွေးတလုံးလုံးဖြင့် ရှန်ဂျီထံပြေးလာ၏။
” ငါ လာပြီ ငါ လာပြီ ရှန်ဂျီရေ။ ဗိုက်ဆာလို့ သေတော့မယ်။ စမ်းသပ်ချက်တွေလုပ်ရတာလည်း သိပ်ကိုငြီးငွေ့စရာကောင်းတယ် မင်းသိလား။ အဲ့ဒီကိရိယာတွေထဲကို အားအင်တွေထည့်ပေးရတာ အရမ်းခက်ခဲတဲ့အရာတစ်ခုပဲ။ ကံကောင်းလို့ အချိန်ခနလေးနဲ့ အဆင်ပြေသွားတာ။ ငါအလုပ်လုပ်နေတာကို မြင်တဲ့သူတွေကတော့ တော်ပြီးယောကျာ်းပီသလိုက်တာလို့ ချီးမွမ်းတော့မှာပဲ။ ဒါနဲ့ ဒီနေ့က ခရမ်းသီးဟင်းလျာကျွေးမယ့်နေ့မလား။ငါ့ဖို့တစ်ပွဲ ပိုယူလာဖို့ မေ့နေမယ်”
ရှန်ဂျီသည် အရပ်ရှည်၍ သူ၏ ခြေထောက်များမှာလည်း ရှည်လျားလှပေသည်။ထိုကြောင့် စတီဗင်မှာ ရှန်ဂျီ၏ ခြေလှမ်းများကိုမှီရန် အပြေးတပိုင်းပင် လိုက်နေရသည်။
သူတို့ ရောက်သွားချိန်တွင် ကန်တင်းမှာ လူများအတော်ပင်စုံနေကာ စကားသံများဖြင့်ဆူညံလျက်ရှိသည်။
ရှန်ဂျီက ခရမ်းသီးဟင်းနှစ်ပွဲအတွက် တန်းစီလိုက်ပြီး စတီဗင်က ဟင်းချိုနှင့်သောက်စရာအအေးအတွက် သွားယူသည်။ ထို့နောက်တွင် နှစ်ယောက်သား စားပွဲတစ်ခုတွင်ထိုင်ကာ နေ့လည်စာစားရန် ထိုင်လိုက်ကြသည်။
စတီဗင်က အအေးဘူးကိုဖွင့်ကာ တစ်ကျိုက်မော့လိုက်သည်။
“ခုမှပဲ သက်တောင့်သက်သာရှိသွားတော့တယ်”
ဆက်လက်၍ ဓားနဲ့ခက်ရင်းများကိုအသုံးပြုကာ သူ၏နေ့လည်စာကို စတင်စားတော့သည်။
စားသောက်ဆိုင်၏ အပေါ်ပိုင်းနံရံတွင် တီဗွီများစွာကို ချိတ်ဆွဲထား၏။ရှန်ဂျီသည် စားပွဲပေါ်လက်တစ်ဖက်ကိုထောက်ကာ တီဗွီမှလာနေသော သတင်းတစ်ခုကိုကြည့်ရင်း နေ့လည်စာကိုအေးဆေးစွာ စားလျက်ရှိသည်။
ယနေ့ နေ့လည်စာဟင်းမှာ ရွှေရောင်အဆင်းရှိသော ခရမ်းသီးကို အပြင်ပိုင်းတွင်ကြွပ်ရွစွာကြော်ထားပြီး အသားများကိုနုတ်နုတ်စင်းကာ အပေါ်မှ ဖြူးထား၏။အငွေ့များလှိုင်လှိုင်ထနေသော စားဖွယ်မှာ သွားရေကျစရာပင်ဖြစ်သည်။
ဤအဖွဲ့အစည်းမှ ကျွေးမွေးစားသောက်ဖွယ်ရာများမှာ အလွန်နာမည်ကြီးလှပြီး လူအများစုမှာ ထိုစားဖွယ်များကြောင့်ပင် ဤနေရာတွင် အလုပ်လုပ်လိုကြခြင်းဖြစ်သည်။
သိုသော် ရှန်ဂျီအတွက်ကတော့ သူ၏ ပန်းကန်ထဲမှ စားသောက်ဖွယ်ရာများ စား၍ကောင်းခြင်း မကောင်းခြင်းသည် သူ့အတွက်အရေးမကြီးလှပေ။
အစားစားခြင်းမှာ လူတို့၏လုပ်ဆောင်မှုတစ်ခုဖြစ်၍သာ သူလုပ်လိုက်ခြင်းဖြစ်သည်။သို့သော် စတီဗင်အဖို့ အစားစားခြင်းက အလွန်ပင်အရေးကြီးလှသော ဆောင်ရွက်ချက်တစ်ခုဖြစ်ပေသည်။ ကန်တင်းမှ အာဟာရနှင့်ညီညွှတ်သော အဖျော်ယမာကာများနှင့် အစားအသောက်များကို စတီဗင်က ရွေးချယ်နိုင်သည်။ ရှန်ဂျီကိုပင် သူက သင်ပေးလိုက်သေးသည်။
ထိုစဉ် တီဗွီမှ သတင်းတစ်ခု ကြားဖြတ်တင်ဆက်လာခဲ့သည်။
“လူကြီးမင်းများခင်ဗျာ ယနေ့မနက် 11:45 အချိန်မှာ မြို့၏အနောက်မြောက်ဘက် 630 ကီလိုမီတာအကွာတွင်ရှိသော Sအဆင့် ဆင်းသက်နယ်မြေပင့်ကူအိမ်သည် တရားဝင်ချေမှုန်းခြင်းခံလိုက်ရပါတယ်”
“ပင့်ကူအိမ်ဟာ လွန်ခဲ့သည့်ဆယ်နှစ်ကတည်းက တည်ရှိလာခဲ့ပြီး မြို့ကြီးသုံးမြို့ကို ပြိုလဲပျက်စီးစေခဲ့ပြီး လူပေါင်း ၁ သိန်းကျော်ကို ဖျက်စီးခဲ့ပါတယ်။ ယခုအခါ ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးအဖွဲ့အစည်းများက S အဆင့်အဖွဲ့သားများနှင့်တကွ ထိုနေရာသို့ဆင်းသက်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါတော့မယ်။ ဤအရာက Sအဆင့်ရဲ့ တတိယအကြိမ်မြောက် ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထင်ရှားလှသော အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ ဂြိုယ်သားများကို တိုက်ခိုက်နိုင်သွားပါပြီ!”
သတင်းကြေညာသူ၏အသံမှာ တက်တက်ကြွကြွဖြင့် အားမာန်ပါလှသည်။
” ပင့်ကူအိမ်အတွင်းက အဓိကမကောင်းဆိုးဝါးကို တိုက်ခိုက်နိုင်ခဲ့တဲ့ ရှင်းလင်းရေးအဖွဲ့ ခေါင်းဆောင်ဇန်လင်ကို ဂုဏ်ပြုလိုက်ကြပါစို့”
ကန်တင်းထဲရှိ လူအများစုတို့သည် သူတို့၏ ပန်းကန်များနှင့် တူများကိုချကာ အချိန်အတော်ကြာအောင် လက်ခုပ်တီးဂုဏ်ပြုလိုက်ကြသည်။
ဆင်းသက်ဧရိယာ ပင့်ကူအိမ်ကို ပြန်လည်သိမ်းယူလိုက်နိုင်ခြင်းမှာ အတော်ပင် အားရစရာကောင်းလှသည်။
စတီဗင်က အစားစားနေတာကိုရပ်လိုက်ကာ တီဗွီကို ကြည့်နေရင်းမှ တက်ကြွသောအသံဖြင့် ” မိုက်လိုက်တာ ငါ့မှာသာ စွမ်းအားတွေရှိလာခဲ့ရင် ရှင်းလင်းရေးအဖွဲ့ထဲဝင်ပြီး ဇန်လင်လို သူရဲကောင်းမျိုးဖြစ်လာအောင်လုပ်မှာ။ ဒါဆိုရင် ငါတီဗွီမှာပါလာပြီး သိပ်ကိုမော်ကြွားနေရမှာပဲ” ပြောနေရင်းဖြင့်အသံကို တိုးတိတ်သွားသည်။
“ဒါပေမဲ့ ငါ့ရဲ့အခုအလုပ်က ဂြိုဟ်သားတွေကို ပစ်လိုက်၊ရှင်းလင်းရလိုက်နဲ့ သေမဲ့နေ့ကို ထိုင်စောင့်နေရသလိုပဲ။ ဘယ်လိုဘဝကြီးလဲ ငြီးငွေ့စရာပဲ”
ထို့နောက် ခေါင်းငုံ့ကာ သူ၏ အစားအသောက်များကို ဆက်စားတော့သည်။ ရှန်ဂျီက စတီဗင်ကို ငဲ့ကြည့်မိလိုက်သည်။ စတီဗင်၏ ရွှေဝါရောင်ဆံပင်များအောက်တွင် အသစ်ထွက်လာသော အညိုရောင်ဆံပင်များကထိုးထွက်နေခဲ့သည်။ စတီဗင်ဆိုသောနာမည်က အနောက်တိုင်းသားဆန်နေသော်လည်း တကယ်က သူသည်အရှေ့တိုင်းသားစစ်စစ်ပင်။ သူ၏နာမည်အရင်းမှာ ရှီဒီဝမ် ဖြစ်သည်။
စတီဗင်သည် အလုပ်သင်စဆင်းကတည်းက အလုပ်ကို အလွန်ကြိုးကြိုးစားစားလုပ်ပြီး အောင်မြင်သောလူတစ်ယောက် ဖြစ်ချင်ခဲ့တာဖြစ်သည်။သို့သော် သူ၏စွမ်းရည်မှာ သာမန်သာဖြစ်ပြီး မည့်သည့်စံချိန်ကိုမှ မချိုးနိုင်ခဲ့ပေ။သို့နှင့် C အဆင့်ဋ္ဌာနတွင်သာ တာဝန်ထမ်းဆောင်သည်မှာ ဆယ်နှစ်လောက်ပင်ရှိခဲ့ပေပြီ။စတီဗင်သည် သူ့ကိုယ်သူ ပေါ်လွင်ထင်ရှားစေရန်အတွက် အညိုရောင်ဆံပင်များကိုပင် ရွှေဝါရောင်ဆေးဆိုးခဲ့ပေသည်။
တစ်ခုသောနေ့လည်တွင် နေ့လည်စာစားနေရင်း ရှန်ဂျီက စတီဗင်၏ဆံပင်အကြောင်းကို မေးခဲ့သည်။ စတီဗင်မှာ မျက်ရည်ကျမတတ်ပင်ပျော်သွားရ၏။ ရှန်ဂျီသည် သူ၏ဆံပင်အကြောင်း သတိထားမိသော ပထမဆုံးလူပင်။
“ဒီလိုကမ္ဘာပျက်ထဲမှာ အလုပ်တစ်ခုရပြီးရင်ကို လုံလောက်နေပါပြီ”
ရှန်ဂျီက နေ့လည်စာစားနေရင်းဖြင့် ပြောသည်။
စတီဗင်က ထမင်းကို တူဖြင့်ထူးဆွလိုက်ရင်း ဝမ်းနည်းစွာဖြင့် ” မင်းငါ့ကို နားမလည်ပါဘူး။ သူငယ်ချင်းတစ်ယောက်အနေနဲ့ မင်းငါ့ကိုနှစ်သိမ့်ပေးသင့်တာ မဟုတ်ဘူးလား။ ငါတို့အလုပ်ကရော လူသားတွေကို တကယ်အကျိုးပြုနေတာရော ဟုတ်ရဲ့လား?”
ရှန်ဂျီက စတီဗင်ကို ငြိမ်သက်စွာကြည့်ကာ ဘာမှပြန်မပြောပေ။
နှစ်အတော်ကြာအောင် တစ်ယောက်နဲ့တစ်ယောက်သိလာပြီးနောက် စတီဗင်သည် ရှန်ဂျီ ဘာပြောချင်လဲဆိုတာ သူသိလာသည်။ ကိုယ့်ကိုယ်ကိုယ် လှည့်စားလိုက်ခြင်းဟာ နှစ်သိမ့်မှုတစ်ခုဖြစ်တယ်လို့ သူပြောချင်နေတာပင်။
စတီဗင် ပို၍ဝမ်းနည်သွားရသည်။
သို့သော် ရှန်ဂျီကို ဘာမှထပ်မပြောတော့ပေ။ရှန်ဂျီ၏ မျက်နှာသွင်ပြင်သည် သေသပ်ကာ အချိုးအစားကျသည့်အထဲတွင်ပါသည်။အလွန်သိမ်မွေ့နူးညံ့ပြီး ချောမောလွန်းသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောရာမရောက်ပေ။
အထူးသဖြင့် သူ၏မျက်လုံးများသည် နက်၍ ကြည်လင်နေသည်မှာ ကြောင်တစ်ကောင်၏ မျက်လုံးများကဲ့သို့ပင်။ ထိုအရာကအတော်ကို လှပ၏။
စတီဗင်က တစ်ဖက်သို့လှည့်လာပြီး “ရှန်ဂျီ မင်းကလေ တကယ်ထူးဆန်းတာပဲ။ မင်းမှာဘာဆန္ဒမှမရှိဘူးလား။ ချောမောတဲ့ရုပ်ရည်လေးသာမရှိရင် မင်းက လူတိုင်း ဝိုင်းရိုက်ချင်စရာပဲ”
ရှန်ဂျီ: ?
စတီဗင်က သူ့ကိုနည်းနည်းအထင်လွဲနေသည်ဟု ရှန်ဂျီ ခံစားလိုက်ရသည်။
ဥပမာအားဖြင့် ဆန္ဒမရှိဟုပြောလိုက်ခြင်းမှာ သူ့ကိုခံစားသွားစေရသည်။
စတီဗင်:”ငါကြားဖူးတာက ဂြိုဟ်သားတွေကိုဆေးထိုးပေးရတာထက် စွမ်းအင်လူသားတွေကို ဖိနှိပ်ကိရိယာတွေ ဖန်တီးပေးရတာက ပိုခက်တယ်ဆို။ သူတို့လိုချင်တဲ့ပုံစံရဖို့က ခက်တယ်မလား”
ရှန်ဂျီ: အဆင်ပြေပါတယ်
စတီဗင် မယုံပါ။ ရှန်ဂျီ ကတမင်တကာ ဟန်ဆောင်ပြီး စိတ်သက်သာရာရအောင်ပြောနေတာပဲ ဖြစ်မည်။
စတီဗင်:” ကဲထားပါတော့ နေ့လည်စာ မြန်မြန်စားရအောင်။ ခနေနရင် ပင့်ကူအိမ်ကိုသိမ်းပြီးတဲ့ ရှင်းလင်းရေးအဖွဲ့သားတွေက ပြန်ရောက်လာပြီး အနားယူကြတော့မယ်။ မှန်းကြည့်ရသလောက်ကတော့ မင်းအလုပ်တွေပိုတိုးလာတော့မှာပဲ။ မင်းခွင့်ယူသင့်တယ်မထင်ဘူးလား။ မဟုတ်ရင် ရက်တွေအကြာကြီး အလုပ်ပိနေတော့မှာပဲ”
ရှန်ဂျီက ထိုအရာတွေက မှီခိုနေတယ်ဆိုတဲ့စကားလုံးတွေကို ကြားလိုက်တဲ့အချိန်မှာ ပြုံးပဲပြုံးနေခဲ့ပါသည်။
နေ့လည်စာပြီးနောက် ကိုယ်ဋ္ဌာနကိုယ်ပြန်လာကာ အလုပ်ဆက်လုပ်ကြသည်။
သုတေသနအဖွဲ့အစည်း၏ နေ့လည်ပိုင်းအလုပ်သည် 3 နာရီတွင်စကာ 6နာရီတွင်ပြီး၏။ ညနေ၅နာရီခွဲတွင် ရှန်ဂျီ၏အလုပ်တို့ပြီးသွားခဲ့သည်။
အပြောက်အကျားများပါသောဝတ်ရုံကိုဝတ်ဆင်ထားသောသူက ရှန်ဂျီ ပြုလုပ်ထားသော ဆူးချွန်များတပ်ထားသည့် လည်ကပ်လည်ဆွဲကို အလွန်သဘောကျသွားခဲ့သည်။ထိုသူသည် အပြင်ထွက်ပြီးကာမှ တံခါးမှလှည့်ကာ
“ပါမောက္ခရှန် မင်းကို တစ်ခုလောက်မေးလို့ရမလား”
ရှန်ဂျီ ” ရပါတယ် မေးပါ”
ထိုသူသည်အမဲရောင်လိုင်းဆွဲထားသောမျက်လုံးများဖြင့် ရှန်ဂျီကို ညုတုတု ကြည့်လိုက်ပြီး ” မင်းမှာလက်တွဲဖော်ရှိနေပြီလား”
ရှန်ဂျီ၏ အလုပ်လုပ်နေသောလက်များ ခေတ္တရပ်တန့်သွားခဲ့သည်။
ရှန်ဂျီ “အင်း ရှိပါတယ်”
“အိုး သိပ်တော့မထူးဆန်းပါဘူးလေ။ တကယ်လို့ မင်းအပြောင်းအလဲလေးများ လုပ်ချင်ရင် ငါ့ကိုစဉ်းစားနိုင်တယ်နော် ”
ထိုသူသည် သူ၏ ဝတ်ရုံရှည်အိတ်ကပ်ထဲမှ လိပ်စာကတ်တစ်ခုကိုထုတ်၍ ထိုကပ်လေးအားအနားပေးကာ ရှန်ဂျီ၏စားပွဲခုံပေါ်တင်ပေးလိုက်သည်။ သူလှည့်ထွက်သွားသည့်အခါ သူ၏ခါးမှသံကြိုး၏ ချလွင်ချလွင်သံများကျန်ရစ်ခဲ့၏။
ပြောင်းလဲတတ်သည့်လူမျိူးထဲတွင် ရှန်ဂျီမပါချေ။ ထိုသူထွက်သွားပြီးနောက် သူသည် သားရေလက်အိတ်ကို ချွတ်လိုက်သည်။ခုံပေါ်မှ လိပ်စာကတ်ကို တစ်ချက်မျှပင်မကြည့်ပဲ အဝေးကို လွှင့်ပစ်လိုက်၏။ထို့နောက် ဖုန်းကိုယူ၍ တစ်စုံတစ်ယောက်ထံစာပို့လိုက်သည်။သို့သော် ပြန်လည်ဖြေကြားခြင်း မရှိချေ။ ထုံးစံအတိုင်း အလုပ်မအားတာနေပါလိမ့်မည်။
ရှန်ဂျီ သက်ပြင်းတစ်ခုမှုတ်ထုတ်လိုက်ရင်း လည်ချောင်းခြောက်သွေ့လာသလို ခံစားလာရသည်။ရေတစ်ခွက်လောက်သောက်ဖို့လိုနေတာ သူသိပါ၏။
ရေဆာလာ၍ ရေထသောက်နေစဉ် အချက်ပေးသံများဝင်လာသဖြင့် ရှန်ဂျီ လန့်ပြီးရေခွက်ကိုလွှတ်ချလိုက်မိရာ ကြမ်းပြင်တစ်ခုလုံးစိုရွှဲသွားရသည်။