Chapter 12
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 12 - ( မစိုးရိမ်ပါနဲ့ ခေါင်းဆောင်! )
သူဌေးသည် ရှန်ဂျီဆီသို့ အရှိန်အဟုန်ပြင်းစွာဦးတည်၍လာနေ၏။
လူအုပ်ထဲမှ မိန်းကလေးသည် သူမ၏ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ချောမောလှသောထိုမျက်နှာလေးသည် အရိုက်ခံရကာ သွေးများ စီးကျနေသည်ကို မကြည့်နိုင်သောကြောင့်ပင်ဖြစ်သည်။
ချန်ရှုးရှူး၏မျက်နှာတွင် ချွေးများစီးကျလာခဲ့သည်။ သူ၏လည်ပင်းမှ သွေးပြန်ကြောများက ဖောင်းကြွ၍လာ၏။မိမိကိုယ်တိုင်Otaku ဟုကြွေးကြော်ကာ ချောမောလှပသောလူများကို နှစ်သက်သူဖြစ်သောကြောင့် ၎င်းတို့ထံ အန္တရာယ်ကျရောက်လာသည်ကို သူ မကြည့်နိုင်ပေ။ သူ ကျယ်လောင်စွာအော်လိုက်သည်။
“မဟုတ်ဘူး!!! ဝက်ခေါင်း!!! ငါ့ဆီလာခဲ့!!!”
သို့သော် ချန်ရှုးရှူး နောက်ကျသွား၏။ သူဌေးနှင့်ရှန်ဂျီတို့ကြားက အကွာအဝေးမှာပို၍ ပို၍ နီးကပ်သွားခဲ့သည်။ သုံးမီတာ၊ နှစ်မီတာ၊ တစ်မီတာ….
ထိုနောက် ချန်ရှူးရှူး ရုတ်တရက် မျက်လုံးပြူးသွားခဲ့သည်။သူထင်ထားသကဲ့သို့ နေရာတိုင်းတွင် သွေးနှင့် အသားများ လွင့်ပျံနေသည့် မြင်ကွင်းသည် ဖြစ်မလာခဲ့ပေ။
ရှန်ဂျီသည် သူ့ထံသို့ သူဋ္ဌေးရောက်ကာနီးတွင် သူ၏ လက်တစ်ဖက်ကို အိတ်ကပ်ထဲကို ထည့်လိုက်ပြီး နောက်လက်တစ်ဖက်က ပန်းရောင်ထီးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ကာ သူဌေး၏အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများပေါ်မှ လွှားခနဲကျော်ဖြတ်လိုက်သည်မှာ လျှပ်စီးတစ်ခုကဲ့သို့ပင် လျင်မြန်လွန်းလှသည်။
တစ်ချိန်တည်းမှာပင် ရှန်ဂျီသည် ထီးထိပ်ဖျားကိုမြေပြင်ပေါ်၌ထောက်ကာ လေပေါ်သို့ခုန်လိုက်ပြီး သူဌေးအပေါ်မှတစ်ဆင့် တိုက်ရိုက်ခုန်ကျော်ချလိုက်၏။
ရှန်ဂျီသည် ကျက်သရေရှိလှသော အဖြူရောင်ငှက်တစ်ကောင်ကဲ့သို့ သူသည် လေထဲသို့ပျံတက်သွားပုံမှာ အလွန်ကြော့ရှင်းလှပပေသည်။
ထိုအခိုက်အတန့်တွင် ချန်ရှုးရှုးသည် ရှန်ဂျီက သူ့ကို လေထဲမှနေ၍ ကြည့်လိုက်သလို ခံစားလိုက်ရသည်။
သွယ်လျပြီး အနက်ရောင်တောက်နေသော မျက်လုံးများမှ ထိုအေးစက်စူးရှသောအကြည့်သည် စိတ်ဝိညာဉ်ကိုပင် ထိုးဖောက်နိုင်စွမ်းရှိရာ ကြက်သီးများထလောက်ပင် ညှို့နိုင်စွမ်းတို့ရှိပေ၏။
ချန်ရှူးရှူး၏ နှလုံးခုန်သံပင် မြန်သွားရသည်။
ရှန်ဂျီသည် ဝဲလွင့်နေသော အဖြူရောင်ကုတ်အင်္ကျီနှင့်တကွ မြေပြင်ပေါ်သို့ ပြန်ကျလာခဲ့သည်။
လက်တစ်ဖက်က သူ့အိတ်ကပ်ထဲတွင် ရှိပြီး ကျန်လက်တစ်ဖက်က ပန်းရောင်ထီးကို ဆုပ်ကိုင်ထားဆဲပင်ဖြစ်သည်။
သို့သော် ထီးဖျားမှတစ်ဆင့် သွေးများတစ်စက်စက်ကျဆင်းနေ၏။
ရှန်ဂျီသည် သူဋ္ဌေးနှင့်နေရာချင်း ဖလှယ်လိုက်ရာ ထိုဝက်ခေါင်းသူဋ္ဌေးမှာ မမြင်ရသည့် လေထုနံရံကို ဆောင့်ချမိသွားပြီး သနားစရာကောင်းသော ဝက်အော်သံကို ကြားလိုက်ရတော့သည်။ သူ၏ ထွားကျိုင်းသောခန္ဓာကိုယ်ပေါ်ရှိ ကြောက်စရာကောင်းလှသော လက်များသည်လည်း မရှုမလှပျက်စီးသွားကာ မလှုပ်ရှားနိုင်တော့ပေ။
Systemသည် နှစ်စက္ကန့်ကြာလောက် မည်သည့်စကားမျှမပြောနိုင်ဘဲ ငြိမ်သက်သွားခဲ့သည်။
“အခုငါ အရမ်းကြောက်နေတယ် ရှန်ဂျီ”
“မင်းငါ့ကို ကိုယ်ခံပညာတတ်တယ်လို့ တစ်ခါမှ မပြောဖူးဘူး။ ခုနက အားနဲ့ခုန်လိုက်တဲ့ လှုပ်ရှားမှုက တကယ်မိုက်တယ်”
Systemသည် ရှန်ဂျီ၏ရှုထောင့်များကို မြင်နိုင်သောကြောင့် သူ၏လှုပ်ရှားမှုများကို တစ်ဖက်ရှိလူများထက် ပိုမိုရှင်းလင်းစွာမြင်နိုင်ပေသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ရှန်ဂျီ၏ထီးမှာ သူဌေး၏မျက်လုံးများကို အတိအကျ ချိန်ရွယ်ထားခဲ့တာဖြစ်သည်။
ထီး၏အဖျားသည် မချွန်ထက်သော်လည်း ရှန်ဂျီ သည် သူဌေး၏မျက်လုံးထဲသို့ လျင်မြန်စွာ ထိုးဖောက်ရန်အတွက် အသေအချာချိန်ရွယ်နိုင်ခဲ့သည်။ထီးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး သူဌေး၏အရှိန်ကို လိမ္မာပါးနပ်စွာအသုံးချကာ ထိုဝက်မျက်လုံးကို 180 ဒီဂရီနီးပါး မွှေလိုက်၏။ထို့နောက် သူ၏ အင်အားကိုအသုံးပြုပြီး သူဋ္ဌေးနှင့်နေရာလဲရန် လေထဲမှ ခုန်ကျော်လိုက်သည်။ နောက်ဆုံးတွင်ရှန်ဂျီသည် ထိုဝက်ခေါင်းသူဋ္ဌေးကို အောင်မြင်စွာ ပညာပြနိုင်ခဲ့ပေသည်။
ဤအရာအားလုံးသည် တစ်စက္ကန့်မပြည့်မီတွင် ဖြစ်သွားခဲ့ခြင်းပင်။
ရှန်ဂျီသည် သူ၏စွမ်းရည်များကို ပုံမှန်မထုတ်ပြတတ်ကြောင်း System သည် အသေအချာသိပေ၏။ ထိုသို့မဟုတ်ပါက သာမန်လူတစ်ဦးသည် ထိုကဲ့သို့သော အန္တရာယ်ကို တုံ့ပြန်နိုင်မည်ဟု ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
သူ၏သခင်သည် ရိုးရှင်းသည်ဟုထင်ရသော်လည်း စိတ်တည်ငြိမ်မှု၊ ဆင်ခြင်တုံတရား၊ တိကျလှသောတွက်ချက်မှု၊ ဂီတတွင် ကျွမ်းကျင်မှု၊ သိုင်းပညာ၌ ကျွမ်းကျင်မှုတို့မှာ ပြိုင်ဘက်ကင်းလှ၏။ Systemသည် ရှန်ဂျီအား ကမ္ဘာကြီးကိုကယ်တင်ရန် ရွေးချယ်ခဲ့သည့်အကြောင်းကို ရုတ်တရက် နားလည်သွားရပြီး သူ၏မပြီးသေးသောတာဝန်ကို သတိရသွားခဲ့သည်။သို့သော် ယခု ရှန်ဂျီအပေါ်တွင် ပို၍ ယုံကြည်မှုရှိလာ၏။
ထိုအချိန်တွင် ရှန်ဂျီသည် သူ၏အနောက်မှ ရုတ်တရက်ပျံလာသော ‘လက်နက်ပုန်း’ ကို ရှောင်ရန် ခေါင်းကို စောင်းချလိုက်သည်။
“ဒါက ဘာလဲ” System အံ့သြသွားသည်။
ရှန်ဂျီသည် မြေပြင်ပေါ်ရှိ လက်နက်ပုန်းကို ငုံ့ကြည့်လိုက်၏။
၎င်းသည် အမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားသည့် ကြီးမားသော လက်နက်ဖြစ်သည်။
ထိုမမြင်ရသော လက်နက်၏အစွန်းများသည် ချွန်ထက်သည့်ပုံစံမရှိသည့်တိုင် မြေပြင်၌ အပေါက်ကြီးတစ်ခုကို ရိုက်ချိုးနိုင်လိုက်သည်အထိ ပြုလုပ်နိုင်စွမ်းရှိပေသည်။
System: ..…
Systemသည် ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။
System: “ငါသိပြီ အဲဒါက ချန်ရှုးရှူးရဲ့စွမ်းအား နိုးကြားလာတာပဲ”
System: “ချန်ရှုးရှုးရဲ့စွမ်းအားက စိတ်ဝိဉာဉ်အမျိုးအစား၊ စွမ်းအင်အဆင့် 7 ကလာပြီး အဲ့ဒီစွမ်းအင်ကို ‘ကျည်ဆံများ’ လို့ခေါ်တယ်။ အဲ့ဒီစွမ်းအင်က လူဆိုးတွေကိုတိုက်ခိုက်ဖို့ လက်နက်အဖြစ် ပေါင်းစပ်နိုင်တယ်။ ဒါပေမယ့် စာအုပ်ထဲမှာတော့ ချန်ရှုးရှုးက အဲ့ဒီစွမ်းအင်ကို နှုတ်နဲ့တိုက်ခိုက်ခြင်းလို့ပြောတယ်”
“စိတ်ဝိဉာဉ်”စွမ်းရည် အမျိုးအစားထဲမှာ ထူးခြားတဲ့ အဆင့်7 တစ်ခုအနေနဲ့ လက်ရှိကမ္ဘာပေါ်မှာ အဲ့လိုစွမ်းရည်ရှိသူနှစ်ဦးပဲ ရှိတယ်။ ဟုတ်တယ် ချန်ရှုးရှူးအပါအဝင် သုံးယောက်ရှိတယ်”
ရှန်ဂျီ : “ဟမ်၊ တော်တော်ထူးခြားတယ်”
System: “မင်း သူ့အစွမ်းက ဘာကြောင့် ရုတ်တရက်နိုးထလာတာလဲ မသိချင်ဘူးလား”
ရှန်ဂျီ ပခုံးတွန့်လိုက်သည်။ “ဘာလို့လဲ?”
“မူရင်းဇာတ်လမ်းကတော့ ချန်ရှူးရှူးက သုံးနှစ်ကြာ ရောဂါကူးစက်မှုရဲ့ ဒုတိယလမှာ သူ့ရဲ့စွမ်းရည် နိုးကြားလာခဲ့တယ်။ သူ့စွမ်းရည်မနိုးထခင်မှာ အကြိမ်တစ်ဒါဇင်ကျော်လောက် ဆက်တိုက် မြူခိုးတွေ ကြုံခဲ့ရပြီးတော့ သူ့ဘဝရဲ့ တစ်ဝက်နီးပါးလောက်မှာ သူ့ရဲ့စွမ်းရည်က ငြိမ်နေခဲ့တယ်။ သူနဲ့ ကျောင်းရဲ့အလှလေးတစ်ယောက်က တူညီတဲ့ မြို့ပြင်ဘတ်စ်ကားပေါ် တက်သွားတဲ့နေ့မရောက်ခင်အထိပေါ့”
System၏အသံ ခေတ္တပြတ်တောက်သွားခဲ့သည်။
“အဲ့ဒီနေ့က ဘတ်စ်ကားပေါ်မှာ ကျောင်းရဲ့အလှလေးကို ဂြိုဟ်သားတွေက ပြန်ပေးဆွဲသွားကြတယ်။ ချန်ရှုးရှူးက စိတ်ပျက်လက်ပျက်နဲ့ ‘မလုပ်နဲ့’ လို့ပြောပေမယ့် မရတာကြောင့် ကြီးမားတဲ့ လက်နက်တစ်ခုက ဂြိုဟ်သားရဲ့ဦးခေါင်းခွံထဲကိုရောက်သွားပြီးတော့ အဲ့ဒီကျောင်းရဲ့အလှလေးက ချန်ရှုးရှူးကို ကြွေသွားရော”
ရှန်ဂျီက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ “ဒါက ဘာလို့ လက်နက်ပုန်းအကြောင်း မဟုတ်ရတာလဲ?”
စောဒကတက်ခြင်း !
System: ” ငါပြောနေတဲ့အဓိကအချက်က ကျောင်းရဲ့အလှလေး ! ကျောင်းရဲ့အလှလေး ! အခု ဒီကလေးက မင်းကို ကျောင်းရဲ့အလှလေးလို မြင်နေတာ !!!”
ရှန်ဂျီက ကောက်ချက်ချခဲ့သည်။ “အင်း သူကအမြင်တော့ရှိသားပဲ”
System : …..
“အင်းပါ ရှန်ဂျီ မင်းပျော်ရင်ပြီးရော!”
ရှန်ဂျီသည် ထီးထိပ်မှသွေးများကို သုတ်လိုက်ပြီး ဘေးကိုလှမ်းကြည့်လိုက်သည်။
ဝက်ခေါင်းသူဋ္ဌေးသည် နံရံနှင့်ထိပြီး သတိလစ်သွားကာ သူ၏ခန္ဓာကိုယ်မှာ နာကျင်နေဆဲဖြစ်သည်။
ယခင်က သူဋ္ဌေးကိုကြောက်၍ ပုန်းအောင်းနေကြသောသူများကလည်း ထိုသူဋ္ဌေးကို စူးစမ်းရန် ရောက်ရှိလာကြသည်။
မျက်မှန်နှင်သူက ခေါ်ကြည့်သည်။ “သူဋ္ဌေး!”
မိန်းကလေးငယ်လေးက ရှန်ဂျီကိုကြည့်ကာချီးမွမ်းလိုက်သည်။
“ဝိုး၊ လူချောလေး မင်းက အံ့သြစရာပဲ!”
အမျိုးသမီးက ရှန်ဂျီကို လက်မထောင်ပြလိုက်သည်။
“လူငယ်လေး မင်းတကယ်တော်တာပဲ !”
တင်းတိမ်နှင့်လူငယ်ကလည်း တောက်ပသော မျက်လုံးများဖြင့် ရှန်ဂျီကိုကြည့်လိုက်သည်။
“ဒါဆို သူဌေးက အစ်ကိုရဲ့ ပညာပေးတာခံလိုက်ရတာပေါ့”
ရှန်ဂျီက “အဲ့လောက်လည်း မဟုတ်ပါဘူး”
ရှန်ဂျီသည် ကျေးဇူးတင်သော မျက်လုံးများစွာဖြင့် စိုက်ကြည့်ခံရခြင်းကို ကျင့်သားမရဘဲ သူ့အမူအရာသည် ပုံမှန်ထက်ပင် အေးစက်နေခဲ့သည်။
“ဒါနဲ့ သူဌေးက ဘာလို့လုံးလုံးလျားလျားပျောက်မသွားတာလဲ?”
တင်းတိမ်နှင့်လူငယ်က အံ့သြသွားသည်။
မျက်မှန်နှင်လူက သူ့မျက်မှန်ကို တွန်းတင်လိုက်ကာ ရှင်းပြလိုက်၏။
“ဂြိုလ်သားတွေရဲ့ ဘဝပုံစံတွေက အရမ်းခံနိုင်ရည်ရှိတယ်။ သူတို့ကို လုံးဝဖျက်စီးဖို့ဆိုရင် သူတို့ရဲ့ဦးနှောက်နဲ့ နှလုံးသားတွေကိုပါ ဖျက်စီးပစ်ရမှာ။ သူတို့ရဲ့အပြင်ကအခွံက အရမ်းမာကျောပြီးတော့ အပ်တစ်ချောင်းနဲ့ ထိုးဖောက်လို့တောင်မရဘူး။ မျက်စိနှင့် အစာပြွန်လို အားနည်းတဲ့ နေရာတွေကနေစပြီးပဲ ဖျက်စီးလို့ရမှာ”
“အဲလိုလုပ်စရာမလိုပါဘူး”
ရှန်ဂျီသည် ချန်ရှူးရှူးကိုကြည့်ကာ ပြောလိုက်သည်။
“မင်း ထပ်အော်လိုက်ပေမယ့် ဒီတစ်ခါတော့ သူဌေးကို သေချာပညာပေးလိုက်နိုင်တာပဲ”
“အာ?” ချန်ရှုးရှူးသည် သူ့၏အစွမ်းအစကို ထုတ်လွှတ်လိုက်မိကြောင်း သူ့ကိုယ်တိုင်ပင် သတိမထားမိပေ။
သူ့ဘေးနားရှိ မျက်မှန်နှင့်လူသည် ယခုလေးတင် လေထုထဲမှ ထွက်ပေါ်လာသည့်” လက်နက်ပုန်း” ဇာတ်ကောင်၏ အသွင်အပြင်ကို သတိပြုမိသွားသည်။ သူသည် အစက မြေအောက်ရထားတွင် လျှို့ဝှက်ထားသော စည်းကမ်းအချို့ကို အစပျိုးလိုက်သည်ဟု ထင်ခဲ့သော်လည်း ရှန်ဂျီ၏ စကားကိုကြားချိန်တွင် သူ၏မျက်လုံးတို့သည် ရုတ်တရက် တောက်ပလာပြီး ဖုန်းကို အလျင်အမြန် ထုတ်လိုက်သည်။
ခဏအကြာတွင် ခရုနှင့်တူသည့် တိုင်းတာရေးတိုင်နှစ်တိုင်သည် ထိုသူ၏ဖုန်းရှေ့မှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ထို့နောက် ဖုန်းမျက်နှာပြင်က မှောင်သွားကာ လျှပ်စစ်အဝိုင်းတစ်ခုပေါ်လာပြီး အဆင့်9 စွမ်းရည်အဆင့်ဟု ပြသနေပေသည်။
ထို့နောက် မျက်မှန်တပ်ထားသည့်လူက ချန်ရှုးရှုး၏လက်မောင်းကို တိုင်းတာရေးအရာဝတ္ထုနှင့် ထိုးလိုက်၏။ဖုန်းမျက်နှာပြင်ပေါ်ရှိ လျှပ်စစ်အဝိုင်းပုံစံသည် တုန်ခါပြီး ပြောင်းလဲလာခဲ့သည်။ အဆင့် 9 မှ စတင်၍အဆင့် 8 သို့ လျင်မြန်စွာ ခုန်တက်သွားပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် အဆင့် 8 သည် အဆင့်7 သို့ ဖြတ်ခနဲ ရွေ့လျားသွားခဲ့သည်။
“အဆင့်ခုနစ်စွမ်းရည်!”
မျက်မှန်တပ်ထားသည့်လူက ဝမ်းသာအားရအော်လိုက်သည်။
ချန်ရှုးရှူးသည် နားမလည်နိုင်ပေ။ “စွမ်းရည် ဟုတ်လား၊ ဘာစွမ်းရည်လဲ?”
မျက်မှန်သမားသည် ချန်ရှုးရှူး၏လက်ကို စိတ်လှုပ်ရှားစွာကိုင်လိုက်သည်။
“ဂုဏ်ယူပါတယ် မင်း အဆင့် 7 စွမ်းရည် နိုးထလာပြီ!”
သူ၏လေသံက ဆေးရုံက “ဂုဏ်ယူပါတယ် မင်း ထွားကြိုင်းတဲ့ သားလေးကို မွေးပြီ!”ဟူသောအသံနှင့်ပင် ဆင်တူလှ၏။
ချန်ရှုးရှူးသည် အံ့အားသင့်သွားရကာ လျှင်မြန်စွာ ပြောလိုက်သည်။
“ကျွန်တော်က စွမ်းရည် နိုးကြားလာတာလား?”
“ဟုတ်တယ် လေ့လာမှုအရဆိုရင် ဒီစွမ်းရည်က လေဖိအားနည်းရပ်ဝန်းထဲက အရာတွေကို ဖန်တီးနိုင်တဲ့အတွက် ဆင့်ကဲဖြစ်စဉ်စွမ်းရည်ရဲ့ ‘စည်းမျဉ်း’ အမျိုးအစားနဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် မင်းက ခန္ဓာကိုယ်အပြည့်စစ်ဆေးမှုကို မပြီးသေးတဲ့အတွက် စွမ်းရည်တွေအကုန်မရသေးတာ”
မျက်မှန်နှင့်လူက ရှင်းပြလိုက်သည်။ “လောလောဆယ်တော့ အဲဒါကို စိတ်မပူတော့နဲ့။ အခုဦးစားပေးကတော့ သူဌေးကို လုံးဝဖျက်စီးဖို့ပဲ”
ထိုအချိန်တွင် မျက်မှန်တပ်ထားသော အမျိုးသား၏မျက်နှာပေါ်တွင် ရွှင်မြူးသောအမူအရာမှတစ်ပါး အခြားမရှိတော့ချေ။
“မြူခိုးတွေ ဖြေရှင်းနိုင်ရင် ညစာစားဖို့ အိမ်ပြန်နိုင်တော့မှာပဲ!”
………….
ဇန်လင်သည် လေယာဉ်ပေါ်မှ ဆင်းလိုက်သောအခါတွင် နေဝင်တော့မည့်အချိန်ဖြစ်သဖြင့် လိမ္မော်ရောင်ဆည်းဆာက မြို့ကျယ်ကြီးအပေါ်တွင် ထီးဆောင်းထားသကဲ့သို့ လှပနေ၏။
ယခုညတွင် သူ၏ချစ်ရသူနှင့် ညစာစားမည့်အကြောင်းကိုတွေးရင်း ကျေနပ်နေမိသည်။ ဆောင်းဦးနှောင်းပိုင်းလေနုအေးက သူ့မျက်နှာကို ညင်ညင်သာသာကျီစယ်သွားရာ နူးညံ့နွေးထွေးမှုကို ခံစားလိုက်ရ၏။
ဒါပေမယ့် ရှန်ဂျီက သူ့စာတွေကို မပြန်သေးဘူး!
သူ့ဘေးနားမှ စနောက်တတ်သောအဖွဲ့ဝင် ချန်ဂျီဟွာက ပြုံးကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ခေါင်းဆောင်၊ ခေါင်းဆောင် ရဲ့လက်တွဲဖော်က ဟင်းချက်စရာတွေဝယ်ပြီး မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာထင်တယ်။ ခေါင်းဆောင်နဲ့အတူတူ ထမင်းစားဖို့ စောင့်နေလောက်ပြီ။ မြန်မြန်ဆင်းလိုက်ကြရအောင်။ လုပ်ငန်းစဉ်ပြီးအောင် စစ်ဆေးပြီးမှ အိမ်ပြန်နိုင်မှာ”
မြို့တော်ကာကွယ်ရေးတပ်ရှိ စစ်သားများသည် ရှင်းလင်းရေးအဖွဲ့၏ အဖွဲ့ဝင်များကို အနီးကပ်စစ်ဆေးမှုများ ပြုလုပ်နေကြသည်။ “ပင့်ကူအိမ်”ကို ရှင်းလင်းရန် ဤစစ်ဆင်ရေးတွင် လူအများအပြား ပါဝင်ခဲ့ခြင်းကြောင့်စစ်ဆေးခြင်းအတွက် လူတန်းသည်လည်း မီတာရာနှင့်ချီ၍ ရှည်လျားလှသည်။
သို့သော် “Dawn” အဖွဲ့မှ အဖွဲ့ဝင်များသည် အထူးကုသမှုကို ခံယူခဲ့ရသဖြင့် ရှေ့ဆုံးတန်းတွင် နေရာယူထားကြ၏။
ဇန်လင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
“ဂူနင်အန်ရော မတွေ့ပါလား သူဘယ်မှာလဲ?”
စစ်ဆေးရန် ပြင်ဆင်နေကြသည့် မြို့ကာကွယ်ရေးတပ်မှ စစ်သားများက ပြန်ဖြေသည်။
“မြို့ထဲမှာ သဘာဝဘေးတစ်ခုရှိလို့ အကူအညီပေးဖို့ ခေါင်းဆောင်ဂူ အမြန်သွားရပါတယ်”
“မြို့ထဲမှာ သဘာဝဘေးအန္တရာယ်ရှိတာလား?”
ချန်ဂျီဟွာက သူ့ဖုန်းကိုအကြိမ်များစွာ နှိပ်လိုက်သည်။
“စောင့်ကြည့်လေ့လာရေးဌာနက သဘာဝဘေးအန္တရာယ် သတိပေးချက်ထုတ်ပြန်ထားတာ မရှိပါဘူး။ဒါနဲ့ အသေးစား သဘာဝဘေးအန္တရာယ်အတွက် ခေါင်းဆောင်ဂူက ကိုယ်တိုင်ကိုယ်ကျသွားဖို့ လိုအပ်တာလား။ ဒီမှာ ဒီလောက်အရှည်ကြီး တန်းစီနေစရာ မလိုပါဘူး”
သူနှင့်ရင်းနှီးသော မြို့ကာကွယ်ရေးတပ်မှ စစ်သားက ချန်ဂျီဟွာ၏ ခေါင်းကိုနောက်မှပုတ်လိုက်သည်။
“မြို့တွင်းနဲ့ မြို့ပြင်က မြေအောက်ရထားမှာဖြစ်တာတဲ့။ ခေါင်းဆောင်ဂူနဲ့အဖွဲ့ကို စူးစမ်းလေ့လာရေးစင်တာက ယာဉ်ကြောအနှောက်အယှက်ဖြစ်မှာစိုးလို့ အမြန်ဖြေရှင်းပေးစေချင်တာထင်တယ်။ဒါပေမယ့် ထူးဆန်းတာက ဘာလို့ပြန်မလာသေးတာလဲ အတော်ကြာနေပြီမလား?”
ဇန်လင်၏လက်တို့က ဖုန်း၏အနက်ရောင်မျက်နှာပြင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သည်။
“မြို့တွင်းနဲ့ မြို့ပြင်က မြေအောက်ရထား ဟုတ်လား?”
ဇန်လင် ကျယ်လောင်စွာမေးလိုက်သည်။“ဘယ်တုန်းက ဖြစ်တာလဲ?”
မြို့တော်ကာကွယ်ရေးတပ်မှ စစ်သားသည် မိုက်မဲစွာ ဖြေလိုက်မိချေသည်။
“လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်ကပါ”