Chapter 15 Part 3
ရထားပေါ်ရှိအမျိုးသမီးနှင့် ချူးဟန်တို့သည် တစ်ချိန်တည်းတွင် အံ့သြသင့်သွားကြသည်။
ချူးဟန်က သူ့မျက်မှန်ကို တွန်းတင်လိုက်၏။
“ဘာတွေဖြစ်နေတာလဲ။ ငါတို့က ဒီကအခြေအနေကို ကြည့်ဖို့လာခဲ့တာ။ ဒီမှာ အခြေအနေဘယ်လိုလဲ?”
အမျိုးသမီးသည် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မျက်ရည်စက်လက်ဖြင့် ချက်ချင်းပြန်ပြောပြလာခဲ့သည်။
“ကျွန်မတို့ကို အစ်ကိုလီယုက နောက်ဖက်ရထားတွဲပေါ်မှာ ထိုင်ခုံတွေရှိတယ်ဆိုပြီး ဦးဆောင်ခေါ်လာတာ။ ထိုင်ခုံမရှိရင် ပြန်လာမယ်ပေါ့။ အဲ့ဒီနောက် လူအားလုံး ခုံရသွားခဲ့တယ်”
“စစ်ဆေးရေးမှူး ရောက်လာတော့ အဲ့အစ်ကိုက မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားကိုရှာဖို့ စွန့်စားပြီး ရှေ့ဆုံးမှာထိုင်နေခဲ့တယ်။ကျွန်မတို့လည်း လိုက်လုပ်ခဲ့ပေမယ့် တချို့လူတွေက သူတို့ရဲ့ ကိုယ်ဟန်အနေအထား မမှန်တာကြောင့် ခြေလက်တွေ ပြတ်တောက်သွားခဲ့တယ်”
“နောက်တော့ သူဌေးရောက်လာပြီး စီးကရက်တောင်းလို့ တစ်လိပ်ပေးလိုက်တယ်။ စီးကရက်က မဆိုးဘူးလို့ပြောတော့ လူတွေကလည်း အဆင်ပြေသွားပြီလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ ပြန်လှည့်လာပြီး ယွမ်ဝေရဲ့လက်ကို သူကိုက်လိုက်တယ်”
“အဲဒီနောက်…” ရုတ်တရက်အမျိုးသမီးကစကားဆက်မပြောနိုင်တော့ပေ။
သူ့ဘေးတွင်ထိုင်နေသောလူက ထိုဇာတ်လမ်းကိုဆက်ပြောပေး၏။
“အဲဒီနောက်မှာ ရထားတွဲနောက်ကနေ ရုတ်တရက် တစ်ခုခုတွားသွားထွက်လာတယ်။ အဲဒါ… စပျစ်နွယ်ပင်တွေ”
“ စပျစ်နွယ်ပင်အများကြီးပဲ!”
အမျိုးသမီးသည် သူမ၏မျက်နှာကို လက်နှင့်အုပ်လိုက်ရာ လက်ဖမိုးပေါ်မှ အက်ကွဲနေသောအကြေးခွံနှင့်တူသောအရာများကို တွေ့လိုက်ရသည်။
“အဲဒါက မြွေလား။ ဒါမှမဟုတ် တခြားအရာလား မပြောနိုင်ဘူး။ အရင်ကလည်း မတွေ့ဖူးဘူး”
“အစ်ကို လီယုကလွဲရင် ရထားပေါ်ကလူတိုင်း ကူးစက်ခံလိုက်ရတယ်”
အဆိုပါအမျိုးသားက ရုတ်တရက် ယားယံလာကာ အကြေးခွံများရှိနေသောသူ၏ လက်မောင်းကို ကုတ်လိုက်သည်။ထို့နောက် ထိုအထဲမှသွေးစွန်းနေသော အသားပိုင်းတစ်ကို ဆွဲထုတ်လိုက်သည်။
“အစ်ကို လီယုကော ဘယ်လိုနေသေးလဲ?” အိုဒိုက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ထိုလူက နောက်ကရထားတွဲကို ညွှန်ပြလိုက်၏။
“အစ်ကိုလီယုက အဝတ်အစားတွေကို မီးတုတ်လုပ်ပြီး အဲဒီစပျစ်နွယ်ပင်တွေကို ခုခံဖို့အကြံရသွားတယ်။ဒါပေမယ့် စပျစ်နွယ်ပင်တွေက ရပ်မသွားတော့ အစ်ကိုက ထပ်မောင်းထုတ်ဖို့ မီးညှိလိုက်တယ်။ ပြီးတော့ စပျစ်နွယ်ပင်တွေလာနေတဲ့ အဲ့ဒီနောက်ဖက်ရထားတွဲပေါ် ပြေးတက်သွားတာပဲ။ အဲ့မှာ သူတစ်ယောက်ထဲရယ်။ မြန်မြန်သွားပြီး ကူညီကြပါ !”
ချန်ရှူးရှူးသည် ဆယ့်လေးခုမြောက် ရထားတွဲသို့ဦးတည်လိုက်သည်။
ထိုအတွဲသည် မြေအောက်ရထားစနစ် လိုင်း ၁၏ နောက်ဆုံးရထားတွဲလည်းဖြစ်၏။
သို့သော် ယခုတစ်ကြိမ်တွင် သူတို့ရှေ့တွင် ပေါ်လာသည့်အရာမှာ စက်ရုံကြီးမဟုတ်တော့ဘဲ ရုံးခန်းကျယ်တစ်ခုဖြစ်နေခဲ့သည်။
အပြာရောင်ပလတ်စတစ်နံရံများနှင့် အလုပ်ခန်းများကို ပိုင်းခြားထား၏။ ထိုအလုပ်ခန်းထဲရှိ အလုပ်သမားတို့မှာ ပျားပန်းခပ်မျှ အလုပ်ရှုပ်နေကြသည်။
အချို့က ဖုန်းပြောနေကြပြီး အချို့မှာ ကွန်ပျူတာပေါ်တွင် စာရိုက်နေကြသည်။ အချို့မှာ စာရွက်စာတမ်းများ ပေးပို့လက်ခံရန် ပြေးလွှားနေကြသည်။
ထို့ကြောင့် ဓားများ၊ လွှများ၊ တုတ်များနှင့် ကြက်တောင်ရိုက်တံများ ကိုင်ဆောင်ထားသည့် သူတို့အဖွဲ့မှာ ထိုလူများနှင့်ခြားနားစွာပင် ရှိနေ၏။
သို့သော် သူတို့ကို မည်သူမျှ မကြည့်ကြပေ။ဝန်ထမ်းတိုင်းသည် သူတို့၏အလုပ်အပေါ်တွင်သာ အာရုံစိုက်ထားကြသည်။
ကွန်ပြူတာဖန်သားပြင်များမှ အလင်းရောင်ဖျော့ဖျော့သည် သူတို့၏ ဖြူဖျော့သောမျက်နှာများပေါ်တွင်ထင်ဟပ်နေ၏။ ထိုအလုပ်သမားတို့မှာ လူသားများကဲ့သို့ ပုံပန်းသဏ္ဍန်နည်းပါးပြီး စက်ပိုင်းဆိုင်ရာ လုပ်ဆောင်နေသော အသက်မဲ့ခန္ဓာကိုယ်များနှင့် ပို၍တူပေသည်။
System : “သတိပေးချက်၊ ဤလေးယောက်အုပ်စုသည် အဓိကနေရာသို့ရောက်ရှိနေပါပြီ”
Systemမှ သတိပေးချက်တစ်ခု ပေါ်လာသည်။
System: “အစောပိုင်းတုန်းက ငါပြောခဲ့သလိုပဲ။ သူ့ကိုယ်ပိုင်နေရာကို ဖန်တီးဖို့ အဆင့်နိမ့်မြူတစ်ခုအတွက် ခက်ခဲပေမယ့် ဒီမြူခိုးရဲ့ဖန်တီးသူကတော့ ဖန်တီးနိုင်ပုံရတယ်။ တစ်ခုခုက သူ့ကို အကူအညီပေးနေတာထင်တယ်”
“သူဖန်တီးထားတဲ့ ဒီနေရာအတွင်းမှာ ဖန်တီးသူက သူ့ရဲ့ပုံစံကိုပြောင်းလဲနိုင်ပြီး အင်္ဂါရပ်တွေကို ဖုံးကွယ်နိုင်တာကြောင့် ပစ်မှတ်ကို အမြန်ရှာဖွေဖို့ ခက်ခဲလိမ့်မယ်”
အဖွဲ့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြ၏။
သူတို့သည် လီယုနှင့် မြူခိုးဖန်တီးသူတို့ကို ရှာဖွေရန် လာခဲ့ကြသော်လည်း ပတ်ဝန်းကျင်သည် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ရုတ်တရက် တုန်တုန်ယင်ယင်ဖြင့် အိုဒိုက်ကပြောလာ၏။
“ဒီ… ဒီနေရာ…”
“ဒီနေရာက ဘာဖြစ်လို့လဲ?” ချူးဟန်က မေးလိုက်သည်။
“ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ ရုံးခန်းအဆောက်အဦးပဲ…”
“မင်း ကုမ္ပဏီရုံးခန်းလား ??”
“ဟုတ်တယ် အမြဲအလုပ်သွားနေရတာ မမှားနိုင်ဘူး”
အိုဒိုက်၏အသံ တုန်လှုပ်သွားသည်။ “တကယ်တော့ အစကတည်းက ထူးဆန်းပါတယ်လို့တွေးနေတာ။အခုမှပဲ သိတယ်။ နောက်ဆုံး စည်းမျဉ်းက ‘အလုပ်က အနာဂတ်ကို ဖန်တီးတယ်၊ ဘဝမှာ အောင်မြင်အောင် ကြိုးစားပါ’တဲ့။ အဲဒါက ကျွန်တော့်ကုမ္ပဏီရဲ့ ဆောင်ပုဒ်နဲ့ အတူတူပဲ…”
“ဘာလို့ စောစောက မပြောတာလဲ?!” ချူးဟန်မေးလိုက်သည်။
“မြို့တွင်းက ကုမ္ပဏီတွေအတွက် ဆောင်ပုဒ် တွေက ဆင်တူတယ်လို့ ထင်လိုက်တာ။ ဒီလိုဖြစ်လိမ့်မယ်လို့ ထင်မထားဘူး…”
System: ”ကောင်းပြီ ကိစ္စက ရှင်းသွားပြီ။ မြူခိုးဖန်တီးသူရဲ့ မူလကိုယ်ထည်က အိုဒိုက်အလုပ်လုပ်တဲ့ကုမ္ပဏီနှင့် ဆက်စပ်ဖို့က 90% ကျော်အခွင့်အရေးရှိတယ်။ အဲဒီဖန်တီးသူက ဒီဝန်ထမ်းတွေကြားမှာ ပုန်းအောင်းနေနိုင်တယ်”
System: “ရှန်ဂျီ မင်း နောက်ထပ်အသေးစိတ်အချက်အလက်တွေသိရအောင် အိုဒိုက်ကိုမေးကြည့်ပါလား။ သဲလွန်စရရင် ရလာမှာပေါ့။”
“ဒီလူတွေကို မင်းသိလား?”
ရှန်ဂျီ မေးလိုက်သည်။အိုဒိုက်က သတိထားကာအသေအချာလှည့်ပတ်ကြည့်လိုက်သည်။
“ဟင့်အင်း တစ်ခါမှမတွေ့ဖူးဘူး”
ချူးဟန်သည် မှတ်ဉာဏ်ကောင်းသူပီပီ သူတို့ကို မှတ်မိရန် ကြိုးစားလိုက်သည်။
ရုတ်တရက် သူသည် “ဟမ် သူတို့ထဲက တစ်ချို့ကို မြင်ဖူးသလိုပဲ”
“ရင်းနှီးလား?” ရှန်ဂျီက မေးသည်။
ချူးဟန် ခဏစဉ်းစားလိုက်သည်။ “စောစောက မြူခိုးတွေ တိုက်ခိုက်ခံရတုန်းက ရှေ့ဘက် ရထားဆီပြေးသွားတဲ့ လူအုပ်ထဲမှာ သူတို့ ပါတယ်ထင်တယ်”
ရှေ့က ရထားမှာရှိခဲ့တဲ့လူတွေက အခုဒါအကုန်လား?
ချန်ရှုးရှူးနှင့် အိုဒိုက်တို့သည် ကျောရိုးခြင်ဆီအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
“နောက်တစ်ခေါက် ပြန်ကြည့်ကြည့်ပါ။ ကုမ္ပဏီမှာ သူတို့ကို မတွေ့ဖူးတာ သေချာလား” ရှန်ဂျီက မေးသည်။
အိုဒိုက်က သေသေချာချာထပ်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
“တကယ်ကို မမြင်ဖူးဘူး”
“ဒါဆို မေးခွန်းပြောင်းမယ်။ မင်း ဒီမြေအောက်ရထားထဲမှာ မင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့သေးလား?”
“အလုပ်ဆင်းချိန်ဆို ဘူတာက အရမ်းကြပ်တယ်လေ။အမှတ်တမဲ့ပဲ”
အိုဒိုက်သည် ခဏမျှ စဉ်းစားလိုက်၏။ “ဒါပေမယ့် ကုမ္ပဏီသူဌေးက ဝန်ထမ်းတွေကို အချိန်ပိုဆင်းခိုင်းဖို့ပြောတယ်။ အလုပ်ဆင်းခါနီးမှာ ဝန်ထမ်းတော်တော်များများက မထွက်ရဲကြဘူး။ ကျွန်တော်ကတော့ မြို့ထဲမှာ ရက်အတော်ကြာ အချိန်ပိုအလုပ်လုပ်ခဲ့ရလို့ အိမ်ပြန်အနားယူဖို့ စီစဉ်နေခဲ့တာ။ ဓါတ်လှေကားထဲမှာတော့ ချောင်ဖန်နဲ့ တွေ့ခဲ့တယ်”
ရှန်ဂျီက အဓိကအချက်ကို ဖမ်းဆုပ်လိုက်သည်။
“ချောင်ဖန်လား ?”
“သူက ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ”
သက်ပြင်းချရင်း သူက ဆက်ပြောသည် ။
“ချောင်ဖန်က အရမ်းသနားစရာကောင်းတယ်။ သူ့မိန်းမက အပြင်းဖျားနေတာလေ။ သူ့မှာကျောင်းတက်နေတဲ့ ကလေးသုံးယောက်လည်းရှိတယ်။ ကျွန်တော်တို့ရဲ့လစာက အရမ်းနည်းလို့ သူကနေရာတကာမှာ ပိုက်ဆံချေးရတာ။ အဲဒါကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သူ့ကိုဆို သိပ်မခေါ်ကြဘူး”
“ ပြီးတော့ သိပ်မကြာသေးခင်က သူ့ဇနီး ခွဲစိတ်ဖို့အတွက် ပိုက်ဆံလုံလုံလောက်လောက် စုဆောင်းမိပြီလို့ ကျွန်တော်ကြားမိတယ်။ သူမအတွက် ခွဲစိတ်မှုကို ရက်သတ်မှတ်နိုင်ခဲ့ပြီတဲ့။ သူ ကျွန်တော့်ကို ဓာတ်လှေကားထဲမှာတောင် နှုတ်ဆက်ခဲ့သေးတယ်။ သူ့ကြည့်ရတာ ရွှင်ရွှင်မြူးမြူးပါပဲ”
“ပြီးတော့ ဘာဖြစ်သွားလဲ?”
“ပြီးတော့?”
သူစဉ်းစားသည်။ “မြေအောက်ရထားဘူတာက လူကြပ်နေတယ်။ သူနဲ့ကျွန်တော်က သိပ်မရင်းနှီးဘူးဆိုတော့လည်း ဘူတာထဲဝင်ဖို့ တန်းစီပြီး လမ်းခွဲလိုက်ကြတာပဲ…. အိုး၊ တစ်ခုတော့ရှိတယ်”
“ကျွန်တော့်ရဲ့ တင်ပြချက်မှာ ပြဿနာရှိလို့ မြေအောက်ရထားပေါ် ရောက်တာနဲ့ ကြီးကြပ်ရေးမှူးက ဖုန်းဆက်ပြီး သူဌေးက မကျေနပ်ကြောင်းပြောတယ်။ ပြန်ပြင်ဖို့ ကုမ္ပဏီကို ချက်ချင်းပြန်လာခဲ့ပါတဲ့။ တကယ်လို့မလာရင် ပစ္စည်းတွေထုပ်ပိုးပြီး မနက်ဖြန် အလုပ်ထွက်ရမယ်တဲ့”
“ကျွန်တော် အဲ့ဒီတင်ပြချက်ကို ညပေါင်းများစွာ မအိပ်ပဲလုပ်ခဲ့ရတာ”
“အဲ့တင်ပြချက်ကို မတင်သွင်းခင်အထိလည်း ထပ်ခါတလဲလဲ လုပ်ခဲ့ရတာကို အခုတော့ ပြန်စရတော့မယ်…”
အိုဒိုက်က စကားပြောရင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကုတ်လိုက်သည်။ ကျဲနေသော ဆံပင်အနည်းငယ်က သူ့လက်ထဲတွင် မတော်တဆ ပါလာ၏။
ကြားရတာ တကယ်စိတ်မကောင်းစရာပါပဲ။
ခံစားချက်ကင်းမဲ့သော ရှန်ဂျီပင်လျှင် သနားသွားရသည်။
ထိုအချိန်တွင် system၏အသံသည် ရုတ်တရက် ထွက်ပေါ်လာ၏။
“ချောင်ဖန်
_ အမျိုးသား
_ အသက် သုံးဆယ့်ကိုးနှစ်
_ မြို့ပြနေထိုင်သူ
_ ID 0106848792332
_ Evergreen ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသူ
_ Block အမှတ် 1802၊ မင်ဒီဥယျာဉ် မြို့ပြင်လူနေရပ်ကွက်တွင် နေထိုင်သူ
_ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိပြီး သားအကြီးဆုံးက ကိုးနှစ်၊ အငယ်ဆုံးသမီးက သုံးနှစ်”
“လွန်ခဲ့သောလတုန်းက သူ့ဇနီး ရှောင်လီက ကူးစက်ရောဂါရှိကြောင်းတွေ့ရှိခဲ့ပြီး ကျောက်ကပ်အစားထိုးကုသမှုအရေးပေါ်လိုအပ်နေခဲ့တယ်။ မြို့တော်ရဲ့တင်းမာမှု အခြေအနေကြောင့် ချောင်ဖန်က မြို့တော်စည်ပင်ဆေးရုံမှာ ကျောက်ကပ်အစားထိုးခွဲစိတ်ဖို့ ငွေကြေးများစွာသုံးစွဲခဲ့ပြီးတော့ ခွဲစိတ်မှုကို ဒီနေ့ပြုလုပ်ဖို့ စီစဉ်ထားတယ်”
“သူက ဘဏ်အမျိုးမျိုးကနေ ချေးငွေတွေရယူခဲ့ပေမယ့် ချေးငွေတွေက ခွဲစိတ်မှုကုန်ကျစရိတ်ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိခဲ့ဘူး။ လွန်ခဲ့တဲ့တစ်လက သူရဲ့အကောင့်မှာ ပုံမှန်မဟုတ်တဲ့ ငွေကြေးစီးဆင်းမှုတွေရှိခဲ့တယ်။ ပြည်သူ့လုံခြုံရေးတပ်ရဲ့ စုံစမ်းစစ်ဆေးမှုအပြီးမှာ သူက မြို့တော်အပြင်ဘက်ကို ကူးစက်မှုတားဆီးကာကွယ်ရေးနဲ့ ကုသရေးဆေးပြားတွေ မှောင်ခိုတင်သွင်းရာမှာ ပါဝင်ပတ်သက်နေကြောင်း အတည်ပြုခဲ့ပြီးတော့ ပြည်သူ့လုံခြုံရေးတပ်က သူ့ကို ချက်ခြင်းဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့တယ်”
“အမှုကို သူ မြေအောက်ရထားပေါ်တက်ပြီး ငါးမိနစ်အကြာ ယနေ့ ညနေ ၆:၁၂မှာ ဖွင့်ခဲ့တယ်။ ပြည်သူ့လုံခြုံရေးတပ်က မြေအောက်ရထားဘူတာမှာ လုံခြုံရေးအကာအရံတွေနဲ့ သူထွက်မပြေးနိုင်စေဖို့ တပ်ဆင်ထားပြီးတော့ ချောင်ဖန် ရထားပေါ်မှဆင်းတာနဲ့ ချက်ချင်း အဖမ်းခံရမှာ ဖြစ်တယ်”
“ရောဂါပိုးကာကွယ်ရေးနဲ့ ကုသရေးဆေးတို့ကို ရောင်းချခြင်းက ကြီးလေးတဲ့ရာဇ၀တ်မှုဖြစ်တယ်။ မြို့တွင်းနေထိုင်သူတွေက တစ်လလျှင် ဆေးပြားသုံးဆယ်ကို အခမဲ့ရနိုင်ပေမယ့် ၎င်းတို့ကို လွတ်လပ်စွာမရောင်းချနိုင်ဘူး။ ဆေးဝါး မှောင်ခိုရောင်းဝယ်မှုမှာ နေထိုင်သူတစ်ဦးကို တွေ့ရှိတာနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းပြီး မြို့ထဲကနေ နှင်ထုတ်ခြင်း ခံရလိမ့်မယ်”
ရှန်ဂျီ : “မင်း ဒီအချက်အလက်တွေကို ဘယ်ကရခဲ့တာလဲ?”
Systemက ပြန်ဖြေသည်။ “ငါက မြို့ရဲ့ သတင်းအချက်အလက် စီမံခန့်ခွဲမှုစနစ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့တာ။ မြို့လူဦးရေရဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းဒေတာတွေကို ငါသိတယ်”
“ကျန်တဲ့ တစ်ရာခိုင်နှုန်းက ဘာလို့လဲ?”
Systemသည် အဆင်မပြေစွာ ပြန်ဖြေ၏။ “အဲ့အပိုင်းက အရမ်းမြင့်မားတဲ့အဆင့်အနေနဲ့ ခွဲခြားထားပြီးတော့ အထူးကွန်ရက်တစ်ခုမှာ သိမ်းဆည်းထားတာ။ ငါဝင်ဖို့ နည်းလမ်းမတွေ့သေးဘူး။ ငါလုပ်ခဲ့မယ်ဆိုရင်တောင်မှ အန္တရာယ်ရှိတယ်။ အဲဒါကို လောလောဆယ် အာရုံမစိုက်ပဲ နေလိုက်ရအောင်”
“Evergreenကုမ္ပဏီက အိုဒိုက်နဲ့ ချောင်ဖန်ဆိုတဲ့ ဝန်ထမ်း နှစ်ဦးပဲ လက်ရှိမြေအောက်ရထားလိုင်း 1 မှာရှိကြောင်း မြူခိုးများမပေါ်လာမီ မြေအောက်ရထားဘူတာက စောင့်ကြည့်မှတ်တမ်းဗီဒီယိုကနေ ငါ အတည်ပြုထားတယ်။ရရှိနိုင်တဲ့ အချက်အလက်များအပေါ်အခြေခံပြီးတော့ ချောင်ဖန်က မြူခိုးဖန်တီးသူဆိုတဲ့ ဖြစ်နိုင်ခြေက 98.57% ရှိတယ်”
“သူက ငါတို့ရဲ့ပစ်မှတ်လို့ ပြောလို့ရတယ်”
ရှန်ဂျီ: “အင်း”
သူ၏ညာလက်သည် ယခုအချိန်တွင် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သေးသောကြောင့် ဓားကို ဘယ်လက်ဖြင့် ကိုင်လိုက်၏။ သို့သော် လက်တွေ့တွင် သူ၏ဘယ်လက်နှင့် ညာလက်ကြား ကွာခြားမှုမရှိပေ။မည့်သည့်လက်နှင့်ပင် ကိုင်စေကာမူ သူ့ဓားသည် နှေးမည်မဟုတ်ပေ။ ပို၍သာ မြန်ပေလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ ရှန်ဂျီသည် ဓားကို ကျွမ်းကျင်စွာကိုင်နိုင်သောကြောင့်ပင်။ပြီးတော့ သူအိမ်ပြန်ပြီးညစာစားချင်နေပြီဖြစ်သည်။
ရှန်ဂျီသည် အိုဒိုက်ကိုကြည့်ကာ နောက်ဆုံးမေးခွန်းကို မေးလိုက်သည်။
“ပြော ချောင်ဖန်ရဲ့ အလုပ်စားပွဲက ဘယ်မှာလဲ?”