Chapter 2
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 2 - ( အိမ်မှ ကြိုဆိုခြင်း)
ရှန်ဂျီသည် နွေးထွေးစွာပြုံးလိုက်သည်။
ဇန်လင် ပြန်လာမည့်အကြောင်းကို နေ့လည်ကပင် ကော်ဖီဆိုင်မှ ကြိုသိခဲ့သော်လည်း ဇန်လင့်ထံမှ အလည်ခရီးကနေ ပြန်လာတော့မည်ဟူသောစာရသောအခါ ပို၍ကျေနပ်သွားရသည်။
သူ စာတစ်ဆောင်ပြန်ပို့လိုက်၏။ “အိမ်ကနေ ကြိုဆိုပါတယ်၊ နေ့လည်စာရော စားပြီးပြီလား”
ဇန်လင်ကလည်း စာပြန်ခဲ့သည်။ “ ဟင့်အင်း၊ မစားရသေးဘူး”
ရှန်ဂျီ: “ညကျရင် သိုးသားစွပ်ပြုတ်သောက်ကြမလား။ပြီးတော့ ကြက်သွန်မြိတ်နဲ့ရောထားတဲ့ ကြက်ဥမွှေကြော်ရောပဲ။မင်းရော ဘယ်လိုသဘောရလဲ”
ဇန်လင်ဘက်မှ မိနစ်ဝက်ခန့် တိတ်ဆိတ်နေပြီးမှ စာပြန်လာခဲ့သည်။
“ကောင်းပါပြီ”
မိနစ်အနည်းငယ်ကြာသွားပြီးနောက် စာတစ်စောင်က တစ်ခြားဘက်မှ ဝင်လာခဲ့သည်။
“ ကိုယ် မင်းကို လွမ်းတယ် ….”
ရှန်ဂျီသည် ရေခွက်အသစ်ကိုယူကာ ရေတစ်ကျိုက်သောက်ချလိုက်သည်။ထိုနောက် နီရဲသောနှုတ်ခမ်းပေါ်တွင် တင်ကျန်ခဲ့သော ရေစက်ကလေးများကို လျှာဖြင့်သပ်လိုက်၏။ ထို့နောက် သူ၏ရှည်သွယ်နူးညံ့လှသောလက်ကလေးများကို ဖုန်းမျက်နှာပြင်တွင်တင်တာ “ငါရော မင်းကိုလွမ်းတယ်…”
Systemရဲ့အသံသည် တိတ်ဆိတ်သွားရသည်။
ဖုန်းမျက်နှာပြင်ပေါ်ရှိ “စွမ်းရည်ရှိသော လက်တွဲဖော်” နှင့် “ချစ်စဖွယ်ကလေးလေး” တို့ကြားရှိ စကားဝိုင်းကို ကြည့်မိလိုက်ရာ system သည်သူ၏ အမှန်တကယ်မရှိသောမျက်နှာကိုပင် အေးစက်သော ခွေးစာများဖြင့် တရစပ်ထိုးနှက်နေသကဲ့သို့ ခံစားလိုက်ရကာ နုနယ်သော နှလုံးသားကို ရက်စက်စွာ နင်းချေခံရသလိုရှိလေသည်။
Systemက ” ရှန်ဂျီရေ ချစ်စဖွယ်ကလေးလေး ဆိုတဲ့ နာမည်ပြောင်က မင်းကိုယ်တိုင်ပေးထားတာတော့မဟုတ်ဘူးမလား”
မက်ဆေ့ချ် အက်ပ်(app)ရှိ မျက်နှာနီမြန်းကာရှက်ရွံနေသောကြောင်ပုံကို ကြည့်မိလိုက်ရာ systemမှာ လုံးဝတိတ်ဆိတ်သွားရတော့၏။
Systemသည် ရှန်ဂျီလိုလူက ပို့လိုက်တာ ချစ်စရာကောင်းနေတဲ့ ကြောင်ပုံတဲ့လား။ဤချစ်စရာကောင်းသော ကြောင်ရုပ်သည် ရှန်ဂျီ ၏အမူအရာ ၊လေသံတို့နှင့် လိုက်ဖက်ရန် ခဲယဉ်းလှသည်။
“ချစ်စဖွယ်ကလေးလေး “ဟူသောနာမည်ပြောင်ကိုဘယ်သူကများပေးခဲ့ပါသလဲ။ System မှာစဉ်းစား၍ပင်မရတော့ပါ။ ခန့်မှန်းချက်အရ ရှန်းဂျီ၏အရပ်သည် အနည်းဆုံး 1.8 မီတာရှိရာ ဘယ်လိုတောင်”ချစ်စဖွယ် ကလေးလေး”လို့ ခေါ်ရတာလဲ။ တော်တော်လိုက်ဖက်တယ်!
“အဲဒါ ငါမဟုတ်ဘူး”
ရှန်းဂျီက ” အဲ့နာမည်က ငါတို့အချင်းချင်းဖုန်းတွေလဲသုံးကြတုန်းက သူပေးထားတာ ”
Systemမှာ ရှန်းဂျီပြောသော”သူ” ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းလည်းဆိုတာကို ဆက်မမေးချင်တော့ပေ။ သူတို့လူငယ်စုံတွဲကြားက စိတ်ဝင်စားစရာ လျို့ဝှက်ချက်များအကြောင်းကိုလည်း သိအောင် မကြိုးစားချင်တော့ပါ။ အွန်လိုင်းပေါ်သို့ ခုနှစ်နှစ်လောက် နောက်ကျပြီးမှ ရောက်လာရသည့်အပြင် ကမ္ဘာကြီးကို ကယ်တင်ဖို့ လုံးဝ စိတ်မဝင်စားပဲ သူ့လက်တွဲဖော်နဲ့ နေ့တိုင်း တိတ်တဆိတ် ဖြုန်းတီးနေသောသူက သူ၏အရှင်တဲ့လား။သူသည် အဘယ်အရာကို လုပ်ဆောင်နိုင်တော့မည်နည်း။သူသည် သေးငယ်သော၊ သနားစရာကောင်းသော၊ အထီးကျန်သော အကူအညီမဲ့စနစ်တစ်ခုမျှသာ ဖြစ်နေတော့သည်။
Systemသည် ဘောလုံးတစ်လုံးကဲ့သို့သာ ကိုယ့်ကိုယ်ကိုယ်ကျုံ့ပြီး တိတ်ဆိတ်နေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ဇန်လင် ပြန်ရောက်လာတော့မည်။ ယနေ့ညတွင် ရှန်ဂျီသည် မြေအောက်ရထားစီးရသော အိမ်အပြန်လမ်းတွင် သိုးသားနှင့် ကြက်သွန်မြိတ်များဝယ်ရန်အတွက် စူပါမားကတ်ကိုဝင်မည်ဟု ဆုံးဖြတ်ထားသည်။သူသည် အလုပ်ပြီးသောအခါ စတီဗင်ကိုဝင်ရောက် နှုတ်ဆက်လိုက်သည်။ စတီဗင်က သူ့ကို ပြုံးပြပြီး
“မင်းမိန်းမပြန်လာပြီလား မင်းအရမ်းပျော်နေတာပဲ”
ရှန်ဂျီတွင် ချစ်ရသူရှိကြောင်း သုတေသနအဖွဲ့အစည်းက လူတော်တော်များများ သိကြသော်လည်း ဘယ်သူဘယ်ဝါမှန်း အတိအကျမသိကြပေ။စတီဗင်သည်ပင် ယခင်က မေးဖူးခဲ့သော်လည်း ရှန်ဂျီက မပြောပြခဲ့ပါ။ တကယ်က ဇန်လင်ကို လူသိမခံလို၍မဟုတ်ပေ။
ပြီးတော့ ဇန်လင်သည် အဖွဲ့အစည်းအတွင်းသာမက အခြားနေရာများတွင်ပါ ထင်ရှားကျော်ကြားသူတစ်ယောက် မဟုတ်လော။ ဇန်လင်၏ချစ်သူသည် လူအများ၏ အာရုံစိုက်မှုကိုခံရပေလိမ့်မည်။ ရှန်ဂျီသည် မလိုအပ်ဘဲ အာရုံစူးစိုက်ခံရမှုကို သဘောမကျပေ။
ရှန်ဂျီက ” သေချာတာပေါ့ ”
” အင်း ဒီညနေ ငါကအိမ်မှာ ထမင်းချက်ဖို့ရှိတာ ဆိုတော့ ကော်ဖီဆိုင်ကို မသွားတော့ဘူး”
စတီဗင်က ” ကောင်းပြီလေ။ ဒါနဲ့ မနက်ဖန်မနက် အတွက် ခွင့်ယူပေးထားရအုံးမလား?”
ရှန်ဂျီသည် ခတ္တမျှစဉ်းစားလိုက်ပြီး “ အင်း အဲ့ဒါဆို အားလပ်ရက် သုံးရက်လောက်ခွင့်ယူပေးထားအုံး။ အရင်က တမင်မယူခဲ့တဲ့ခွင့်ရက်တွေကို ခုတော့သုံးလို့ရပြီပဲ”
စတီဗင်က လွန်စွာအံ့ဩသင့်သွားပုံပြ၍ “တကယ်ကြီးလား သုံးရက်တောင် မင်းလိုအလုပ်ဂျပိုးကလေ?”
ရှန်ဂျီက ပြန်ဖြေခဲ့သည်။ “တစ်ကယ်ပြောတာ၊ အဲဒါအမှန်ပဲ”
မြေအောက်ရထားဘူတာသည် ရှန်ဂျီ၏အလုပ်ဋ္ဌာနနှင့် မလှမ်းမကမ်းတွင်ဖြစ်ပြီး အလုပ်မှ ခြေလှမ်းအနည်းငယ်မျှလှမ်းရင်ပင် ရထားဘူတာသို့ရောက်နိုင်ပေသည်။
ရှန်ဂျီသည် ဘူတာရုံသို့ဝင်လိုက်စဉ်မှာပင် အလွန်အေးမြလှသောလေက သူ့ထံသို့ ဝင်ရောက်လာသည်ဟု ခံစားလိုက်ရသည်။ ခြောက်နာရီထိုးပြီးဖြစ်ပြီး အလုပ်မှ အစောဆုံးထွက်ခဲ့သဖြင့် ရထားဘူတာတွင် ရထားစောင့်နေသူများ မရှိပဲ ပကတိရှင်းလင်းလျက်ရှိသည်။ ဤနေရာသည် မြို့၏ဗဟိုချက်နေရာဖြစ်သည်။ သူ အလုပ်လုပ်သောဋ္ဌာနနည်းတူ မြူခိုးလေ့လာရေးဋ္ဌာနကလည်း ဝန်ထမ်းများကိုအစားအသောက်၊ နေရာထိုင်ခင်း၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းရေး ၊ဖျော်ဖြေရေး နယ်ပယ် စသည်ဖြင့် ခံစားခွင့်အားလုံးကို အလုပ်နေရာတွင် တစ်ပါတည်းတွဲ၍ ပေးထားသည်။ ထို့ကြောင့် လေ့လာသူများနှင့် သုတေသနဝန်ထမ်းတို့မှာ အားလပ်ရက်မိသားစုနှင့် တွေ့ဆုံရန် အပြင်ထွက်သည်မှလွဲ၍ ကျန်အချိန်များတွင်အလုပ်ထဲ၌သာ နေတတ်ကြသည်။
ရှန်ဂျီသည် မြေအောက်ရထားလမ်း ဥမင်တစ်လျှောက် လမ်းလျှောက်လာစဉ် ဥမင်၏နံရံတစ်လျှောက်တွင် စွမ်းအင်လူသားတို့၏ သူရဲကောင်းရုပ်ပုံများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် ရှန်ဂျီတို့အဖွဲ့အစည်း၏ ဒါရိုက်တာတစ်ယောက်ဖြစ်သော ရှီချန်းလည်း ပါဝင်ပေသည်။
ရှီချန်းသည် အဖြူရောင်ယူနီဖောင်းကုတ်အင်္ကျီ ကို ဝတ်ဆင်ထား၏။သူသည် အရပ်ရှည်ပြီး မျက်နှာသွင်ပြင်မှာ ခွဲစိတ်ပြုပြင်ထားသကဲ့သို့ပင် ချောမောပြေပြစ်လှသည်။သူသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း အသက်နှစ်ဆယ်၊ သုံးဆယ်ရှိ လူငယ်တစ်ယောက်နှင့် တူ
ပေသည်။သူ့နောက်တွင် “S.C” ဟူသောစာလုံးကို ထင်ရှားစွာ ရိုက်နှိပ်ထားပြီး ပိုစတာ၏ ခေါင်းစီးမှာ “မြို့ကိုကယ်တင်ပေးခဲ့သောတီထွင်မှု – ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ကုသဆေး”ဖြစ်သည်။သူတစ်ယောက်ထဲပုံဘေးတွင် သူနှင့်အခြားသူများ တွဲရိုက်ထားသော အခြားဓာတ်ပုံတစ်ပုံရှိ၏။ ရှီချန်းသည် သုတေသနဝတ်စုံ၏ အိတ်ကပ်ထဲတွင် လက်တစ်ဖက်ကိုထည့်ထားကာ အခြားလက်တစ်ဖက်သည် သူ့ဘေးမှ ရွှေရောင်ဆံပင်ကောက်ကောက်ရှိသော လူငယ်တစ်ယောက်၏ ပခုံးကို ဖက်ထားခဲ့သည်။ထိုလူငယ်သည် တောက်ပသော အပြုံးနှင့် ထူးထူးခြားခြား ချောမောသော အသွင်အပြင်ရှိ၏။ ရှန်ဂျီသည် အဝေးကို မကြည့်မီ ထိုပိုစတာကို ခေတ္တမျှ တစ်ချက်ကြည့်လိုက်သည်။
ဘူတာရုံရှိအချိန်ဇယားတွင် ရထားသည် နောက် ၇ မိနစ်အတွင်းရောက်ရှိလာမည်ဖြစ်သည်။ရှန်ဂျီ သည် ရထားလမ်းဘေးမှ နေရာလွတ်တစ်ခုတွင် ရထားအလာကို ရပ်စောင့်လျက်ရှိပြီး ထိုစဉ် သူ၏ပုံရိပ်မှာ ရှေ့တည့်တည့်ရှိ ဖောက်ထွင်းမြင်နေရသော မှန်တွင်သွား၍ ထင်နေ၏။
“သူ ဒီလောက်ထိ ချောမောလိမ့်မယ်လို့ ထင်တောင်မထားဘူး”
အချိန်အတော်ကြာတိတ်ဆိတ်သွားခဲ့သော systemသည် ရုတ်တရက် အသံထွက်လာခဲ့၏။
ရှန်ဂျီက “ဒါက သာမန်ပါပဲ”
ရှန်ဂျီ၏မျက်နှာအမူအရာမှာ အမြဲတမ်း ကွဲပြားခြားနားနေတတ်သည်။ မှန်တံခါးပေါ်မှ ရောင်ပြန်ဟပ်နေသော မျက်နှာသည် အေးစက်သော ရှုခင်းပန်းချီကားတစ်ချပ်ကဲ့သို့ လှုပ်ရှားမှုမရှိပေ။ သို့သော် သူ၏ အိတ်ကပ်ထဲမှ လက်က မျက်ကပ်မှန်ဘူးကို ဆော့ကစားနေ၏။။ဆိုလိုတာက သူတစ်ခုခုကို တွေးနေတာဖြစ်သည်။ system၏ လျှို့ဝှက်ဆန်းကြယ်သော ရုတ်တရက်ပေါ်လာခြင်းနှင့်ပတ်သက်၍ ရှန်ဂျီသည် အချက်နှစ်ချက်ကိုစဉ်းစားမိခဲ့သည်။ ပထမအချက်မှာ systemသည် သူ့အမြင်ဖြင့်သာ ကမ္ဘာကြီးကို စောင့်ကြည့်နိုင်သည်။ ဒုတိယအနေဖြင့် system သည် သူ့ဝိညာဉ်ရဲ့ မူလအစကို သိဟန်မတူပေ။ မဟုတ်လျှင် သူ့ကို “ကမ္ဘာကိုကယ်တင်ပါ” ဟုလည်း တိုက်တွန်းနေမည်မဟုတ်ချေ။
ခဏတာတိတ်ဆိတ်သွားပြီးနောက် systemသည် စကားစမြည်ပြန်လည်ပြောလာခဲ့သည်။
Syetemက “ရှန်ဂျီ မင်းတောင် ဒီလောက်ရုပ်ချောတာ။ မင်းရဲ့လက်တွဲဖော်ကလည်း ရုပ်ချောပြီး အရည်အချင်းရှိတဲ့သူပဲ ဖြစ်ရမယ် ဟုတ်တယ်မလား”
System သည် လမ်းတစ်လျှောက်တွင်”စွမ်းရည်ရှိသော လက်တွဲဖော်”နဲ့ “ချစ်စဖွယ်ကလေးလေး” တို့၏ကြားမှ ဆက်ဆံရေးကို တွေးတောနေမိသည်။ရှန်ဂျီ၏ လုပ်ဖော်ကိုင်ဖက်က သူ့ဇနီး ပြန်လာပြီလားဟု မေးသည်ကို ကြားခဲ့ရပြီး ရှန်ဂျီကိုယ်တိုင်ကလည်း မငြင်းဆိုခဲ့ပေ။
“မိန်းမ” ဆိုလျှင် နူးညံ့ပြီး သိမ်မွေ့သောဇနီးပင်ဖြစ်ရမည်။ ရှန်ဂျီကဲ့သို့ ခပ်ချောချောကောင်လေး၏ဇနီးက ကြမ်းတမ်းခက်ထန်သော ဇနီး မည်သို့ဖြစ်နိုင်မည်နည်း။ “စွမ်းရည်ရှိသောလက်တွဲဖော်”သုံးနှုန်းခြင်းသည် ရိုးရှင်းလှသော နာမည်ပေးမှုတစ်ခုသာ ဖြစ်နိုင်ပါသည်။သူ ထင်ထားသလိုမျိုး လုံးဝမဟုတ်တာ သေချာ၏။
Systemက ” ရှန်ဂျီ မင်းနဲ့ မင်းမိန်းမက ဆက်ဆံရေးကောင်းပုံရတယ်နော်။ မင်းရဲ့ပျော်ရွှင်မှုနဲ့ အနာဂတ်မျိုးနွယ်အတွက်ပဲဖြစ်ဖြစ် ကမ္ဘာကြီးကို ကယ်တင်တာက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ သေချာလေး ပြန်စဉ်းစားပါအုံး”
ရှန်ဂျီက ” အင်း သူကလည်း ကိုယ်ဝန်ဆောင်ချင်မှာတော့မဟုတ်ဘူး”
Systemက အလျင်မြန်ပဲ ပြန်ဖြေလိုက်သည်။ “ ဒါလည်းအဆင်ပြေပါသေးတယ်။ မင်း ဇနီး ကိုယ်ဝန်ဆောင်ပြီး မသက်မသာဖြစ်မှာကို စိုးရိမ်ရင်၊ ငါ့မှာ မနာကျင်မှုစေတဲ့ ဆေးတွေရှိတယ်။ နာကျင်မှုမရှိပဲ ကလေးမွေးဖို့ ငါအာမခံနိုင်တယ်”
ရှန်ဂျီက ” အဲ့ဒါကြောင့် မဟုတ်ဘူး။ အငှားကိုယ်ဝန်ဆောင်တာက တရားမဝင်လို့”
System: ????
“ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတာကရှိသင့်တဲ့ အခြေခံကျင့်ဝတ်ပဲလေ။ ပြီးတော့ မင်းလေ့လာဖို့အတွက် လက်ရှိဥပဒေစာတမ်းကိုရော ဝယ်ပေးရအုံးမလား?” ဟု ရှန်ဂျီက ပြောလိုက်သည်။
“ မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်”system သည် ရှန်ဂျီ၏ စိတ်အခြေအနေကလွဲ၍ အကုန်လုံးကို နားလည်နိုင်ခဲ့ပါသည်။
ရှန်ဂျီသည် ရထားကို ဆက်လက်စောင့်ဆိုင်းနေခဲ့၏။
ရထားဆူညံသံများနှင့်အတူ ရထားသည် ဘူတာရုံ လိုင်းနံပါတ် ၁ သို့ ရောက်ရှိလာပြီး ရှန်ဂျီသည် ဘူတာရုံထဲသို့ ဝင်လာခဲ့သည်။ မြေအောက်ရထားထဲတွင် ထိုင်ခုံအလွတ်များစွာရှိ၏။သို့သော် သူသည် ထောင့်ဆုံးတစ်နေရာတွင် ဖုန်းကိုထုတ်ကာ ထိုင်ချလိုက်သည်။ သူ၏ ဆက်သွယ်မှုအက်ပ်(app)တွင် စာအသစ်များရောက်မနေသည်မှာ အံ့သြစရာတော့မဟုတ်ပေ။သူ၏ချစ်သူသည် အမြဲတိတ်ဆိတ်နေတတ်သူတစ်ဦးဖြစ်ပြီး စိတ်ခံစားမှုများကို အပြုအမူတို့ဖြင့်သာ ပိုမိုဖော်ပြတတ်သည်။ ထို့ကြောင့် ရှန်ဂျီသည် Wild WoodFish ဟုခေါ်သော Rhythm Master နှင့် Electronic Woodfishတို့ ပူးပေါင်းထားသည့်ဂိမ်းကို ကစားနေလိုက်သည်။ နားကြပ်ကိုတပ် သီချင်းတစ်ပုဒ်ကိုဖွင့်လိုက်ပြီးနောက် ဂိမ်းကိုစတင်ခဲ့သည်။ ဂီတသံနှင့်အတူ သူ၏ လက်ချောင်းသွယ်သွယ်များသည် ဖုန်းမျက်နှာပြင်ပေါ်တွင် မြန်ဆန်စွာ လှုပ်ရှားနေကြသည်။
Systemက ” ရှန်ဂျီ မင်းလက်တွေရဲ့အလိုအလျောက် တုန့်ပြန်မှုက တော်တော်မြန်တာပဲ”
ရှန်ဂျီ က “အလေ့အကျင့် ကြောင့်လေ”
System နည်းနည်းစပ်စုချင်မိသည်။ “သုတေသနအဖွဲ့အစည်းမှာ အလုပ်လုပ်ဖို့အတွက် ဒီလောက်မြန်တဲ့ တုံ့ပြန်မှုမျိုး လိုအပ်လို့လား”
System : ” အော်သိပြီ မင်းစာတမ်းတွေရေးပြီး တင်ပြဖို့လိုလို့ လေ့ကျင့်နေတာမလား။ တကယ်လို့လိုအပ်ရင် ငါစာတမ်းရေး လက်ထောက်တောင် လုပ်ပေးနိုင်တယ်။ မင်းရာထူးတိုးဖို့ အာမခံ….”
ရှန်ဂျီက ” မဟုတ်ဘူး ဂိမ်းဆော့နေတာက ငါ့လက်တွဲဖော်ဒီမှာ ရှိမနေလို့ပဲ”
System သည် အသံရုတ်တရက်ရပ်သွားပြီး ကိုယ့်အမှားကိုသိလိုက်သည်။ မဆင်မခြင်ပြောမိ ခြင်းကြောင့် မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
“မင်းရဲ့အမှားတွေကနေ သင်ခန်းစာယူဖို့ ငါမပြောခဲ့ဘူးလား။ မင်းအမှားတွေကနေ သင်ခန်းစာယူဖို့ မပြောခဲ့ဘူးလား” system သည် ကိုယ့်ဘာသာကိုယ် ပြန်လည်ဆုံးမလျက်ရှိသည်။
မြေအောက်ရထားသည် လျင်မြန်စွာ ရွေ့လျားနေပြီး ရှန်ဂျီသည်လည်း ဂိမ်းကိုဆက်လက်ကစားနေခဲ့၏။
သူစီးလာသော ရထားတစ်စင်းလုံး တိတ်ဆိတ်နေပြီး စကားစမြည်ပြောဖို့ဝေးစွ လူတစ်ဦးနှင့်တစ်ဦးကြားတွင် အနည်းဆုံး တစ်မီတာအကွာအဝေးရှိခြင်းသည် ယခုခေတ် လူတို့၏စည်းမျည်းသဖွယ်ပင်ဖြစ်နေခဲ့သည်။
သို့သော် မြေအောက်ရထားသည် မြို့တွင်းသို့ ရောက်သောအခါ အဆိုပါတိတ်ဆိတ်မှုမှာပျက်စီးသွားရသည်။မြို့တွင်းတွင် အဆင်မြင့်နည်းပညာပြတိုက်၊ အခြေခံစက်မှုဇုန်နှင့် တက္ကသိုလ်နယ်မြေတို့တွင် ဘူတာသုံးခုရှိသည်။
အဆင့်မြင့်နည်းပညာဆိုင်ရာ ကုမ္ပဏီများနှင့် စက်မှုအခြေစိုက်စက်ရုံများတွင် အစားအသောက်နှင့်နေရာထိုင်ခင်းများ ပေးမထားသောကြောင့် ဝန်ထမ်းများသည် သူတို့၏ လုပ်ငန်းခွင်နှင့် မြို့ကြားတွင် နေ့စဉ် အသွားအပြန်လုပ်နေရ၏။ အလုပ်ဆင်းပြီးနောက် အလုပ်သမားအုပ်စုကြီးသည် ဘူတာရုံသို့ အပြေးလာကြသည်။ အများစုမှာ နှစ်ယောက်သုံးယောက် အုပ်စုဖွဲ့များဖြစ်ပြီး စကားပြောရယ်မောနေကြ၏။ မှန်ချပ်တံခါးများမှတဆင့် မြေအောက်ရထားဘူတာရုံအပြင်ဘက်တွင် ရပ်နေသော လူတန်းရှည်ကြီးကို မျက်စိတဆုံးမြင်နေရသည်။
အားလုံးက စည်းစနစ်တကျ တန်းစီနေကြပြီး ရထားစောင့်ရသော်လည်း ပကတိပျော်ရွှင်သောမျက်နှာအမူအရာများဖြင့် စောင့်လျက်ရှိကြသည်။ မြေအောက်ရထား စတင်ရွေ့လျားလာသည်နှင့် ရထားအတွင်းမှလူများ၏ စိတ်အေးလက်အေး စကားစမြည်ပြောဆိုသံများနှင့် အဆက်မပြတ်ဖုန်းမြည်သံများကြားရတော့သည်။
“ကလင် ကလင် ကလင်”
“မင်္ဂလာပါ သူဋ္ဌေးလား?”
” ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကောင်းပါပြီ…ဒီည အလုပ်အမြန်ပြီးအောင် ကြိုးစားပါ့မယ်…စောစော အနားယူပါ…”
“ကလင် ကလင် ကလင်”
“ဒီည ကိုးနာရီမှာ အရေးပေါ် အစည်းအဝေး ရှိတာပေါ့။ ဟုတ် နားလည်ပါပြီ..အချိန်မှီ လာမှာပါ..”
“ကလင် ကလင် ကလင်”
“အစီအစဉ်က မှားနေတာလား။ ငါ အလုပ်ကို ချက်ချင်းပြန်ဖို့လိုတာလား။ကောင်းပြီ ကောင်းပြီ… ”
“ငါ နောက် ရထားကိုစောင့်ပြီး ပြန်လာခဲ့မယ်…”
သူတို့အားလုံးသည် လူမှုပတ်ဝန်းကျင်တွင် ယဉ်ကျေးပြီး သဟဇာတဖြစ်ကြသည်။ရှန်ဂျီသည် ထောင့်စွန်းနားကထိုင်ခုံကို တမင်ရွေးခဲ့သော်လည်း ရထားတွင် ထိုင်ခုံအများကြီးမရှိတော့သောကြောင့် သူ၏ဘေးတွင် တစ်စုံတစ်ယောက်ကို မလွှဲမရှောင်သာထိုင်ခွင့်ပြုလိုက်ရသည်။ရှန်ဂျီသည် ဘေးနားကလူကို မျက်လုံးထောင့်မှသာ လှမ်းကြည့်လိုက်ပြီး ဂိမ်းကို ဆက်ဆော့နေ၏။
ထိုအချိန် Systemက သတိပေးလာသည်။ “ရှန်ဂျီ မင်းဘေးမှာ ထိုင်နေတဲ့သူက ဝတ္တုထဲက ဇာတ်ဆောင် ချန်ရှူးရှူးလေ မင်းမသိဘူးလား”
ရှန်ဂျီ: “အိုး..”
System က “ဝတ္ထုကို မင်းဖတ်ပြီးပြီလေ သူ့ကို မှတ်မိသင့်တယ်”
ရှန်ဂျီသည် သူ့ခြေရင်းသို့ ပြုတ်ကျခဲ့သော ဝတ္ထုရှည်ကို မှတ်မိပါ၏။ သူ့ဘဝထဲမှာ စာအုပ်အကောင်းများ သိပ်မရှိတော့တာမို့ စူးစမ်းချင်စိတ်ဖြင့် လှန်ကြည့်ရုံသာကြည့်ခဲ့တာဖြစ်သည်။ရှန်ဂျီက အကြောင်းအရာတွေကို ပြန်လည်စဉ်းစားလိုက်ပြီး “စာအုပ်က အရမ်းထူတယ်။ ဇာတ်ကွက်တွေကလည်း အကွဲကွဲအပြားပြားနဲ့ ပြီးအောင်တောင် မဖတ်ခဲ့ရသေးဘူး”
System: …..
System သည် သူ၏ဆိုးဝါးလှစွာသော ကံကြမ္မာကိုသာ လက်ခံလိုက်ပြီး ဇာတ်ဆောင်ကို စတင်မိတ်ဆက်လိုက်သည်။
“ဇာတ်ကောင် ချန်ရှူးရှူးက အသက် 15နှစ် ၊ အဲ အခုတော့ 22 နှစ်ဖြစ်ပြီပေါ့။ အထက်တန်းကျောင်းမှာ သူရဲ့ထူးခြားစွမ်းအင် ကို သတိပြုခံရတဲ့နောက် ရှင်းလင်းရေးအဖွဲ့ ‘Dawn’ မှာပါဝင်ပြီး ကမ္ဘာကြီးကိုကယ်တင်တဲ့အထက်တန်းကျောင်းသားအနေနဲ့ ဘဝကိုစတင်ခဲ့တယ်။ ဒါနဲ့ သူဘယ်လိုဒီမှာရှိနေတာလဲ?”
ချန်ရှူးရှူးမှန်း သိသာလွန်းလှသည်။
ချန်ရှူးရှူးသည် ယူနီဖောင်းအဖြူကို ဝတ်ထားသော အလုပ်သမားများကြားတွင် သူ တစ်ဦးတည်းသာ အပေါ်အင်္ကျီကို ကြယ်သီးမတပ်ပဲ အောက်ခံမိန်းကလေးကာတွန်းပုံတီရှပ်ကို လှစ်ဟထားခဲ့သည်။သူ၏နဖူးအလယ်တွင် လျှပ်စီးကြောင်းအမာရွတ်တစ်ခုရှိပြီး သူ၏ အညိုရောင်ဆံပင်များက ဖြူကောင်၏ အဆူးများကဲ့သို့ ထိုးထောင်နေ၏။ သူ၏အာရုံများကို ဖုန်းထဲရှိ anime ဇာတ်ကားတွင်နစ်မြုပ်ထားပြီး ရံဖန်ရံခါ တခစ်ခစ်ရယ်လိုက်သေးသည်။စာအုပ်ထဲမှ သူ့အသက် 15 နှစ်အရွယ်တုန်းက ဖော်ပြထားသောပုံနှင့် ယခုပုံသည် ဝတ်စုံဂျာကင်ကလွဲ၍ သိပ်မကွာခြားပါပေ။
ရှန်ဂျီ၏အကြည့်ကို သူအာရုံခံစားမိလိုက်ချိန်တွင် ချန်းရှူးရှူးသည် ရှေ့သွားကလေးများပေါ်အောင်ပင်ရယ်ကာ ရှန်ဂျီအား နှုတ်ဆက်လာခဲ့သည်။
“ဟေး… အကိုကြီး နေကောင်းလား? ဒီလိုမျိုး တွေ့ဆုံရတာ ကံကြမ္မာကြောင့်ပဲ။ ငါတို့ တစ်ယောက်ကို တစ်ယောက်ခင်လို့ရမလား”
Systemက ” စကားမစပ် သူက ရုပ်တော့ချောသားပဲ။ မင်းဘေးမှာ တမင်လာထိုင်တာဖြစ်မယ်ရှန်ဂျီ”
“ကျွန်တော်က နည်းပညာပြတိုက်ကအလုပ်သင်ချန်ရှူးရှူးပါ။ ဒီနေ့က ပထမဆုံး အလုပ်သင်နေ့လေ။ ကံကောင်းလို့ အမှားအယွင်းတော့ ကြီးကြီးမားမားမရှိခဲ့ဘူး။ ဒါနဲ့ အစ်ကိုက ဒီဝတ်စုံနဲ့ ဆိုတော့ သုတေသနဌာနမှာ အလုပ်လုပ်နေတာလား။ မိုက်လိုက်တာနော် ကျွန်တော်တို့ ဒီနှစ် သုတေသနဌာနမှာတော့ အလုပ်သင်နှစ်ယောက်ပဲ ရှိသေးတယ်။ အဲ့အလုပ်က ခက်ခဲလွန်းလို့ကျွန်တော်ဆို အနားကပ်လို့တောင်မရဘူး”
System: ” သူလိမ်ပြောနေတာ ရှန်ဂျီ ။ သူ့မှာ IQ 250တောင် ရှိတယ်။ သုတေသနဋ္ဌာနကို ဝင်လိုက်တာက သူ့အတွက် ကိတ်မုန့်စားသလို လွယ်ကူရဲ့သားနဲ့ သုတေသနဋ္ဌာနကိုမဝင်တာ သူစိတ်မဝင်စားလို့ပဲနေမှာသိလား”
ရှန်းဂျီက “ငါမင်းကို မသိဘူး ပြီးတော့ တိတ်တိတ်နေတဲ့လူတွေကို ငါ ပိုကြိုက်တယ်”
ချန်းရှူးရှူး: “…”
ချန်ရှုးရှူးသည် အနည်းငယ်အူတူတူဖြစ်သွားရကာ ပါးစပ်ကိုလက်ဖြင့် ဇစ်ပိတ်ဟန် လုပ်လိုက်၏။မကြာမီတွင် မြေအောက်ရထားသည် နောက်ထပ်ဘူတာရုံနှစ်ရုံကို ဖြတ်သွားကာ ခရီးသည်များလည်း ပိုများလာခဲ့သည်။
တက္ကသိုလ်ဘူတာတွင် ခတ္တရပ်ပြီးနောက် ရထားသည် မြို့တွင်းမှ မြို့ပြင်သို့ ခရီးစတင်ခဲ့သည်။
ဤလမ်းသည် ရှည်လျားလှပြီး မြေအောက်ရထား၏အရှိန်ဖြင့်ပင် ဆယ်မိနစ်ကျော် ကြာလိမ့်မည်။
System သည် ခဏတုံ့ဆိုင်းနေပြီး စကားပြောသင့်မပြောသင့် စဉ်းစားလျက်ရှိသည်။
Systemက ” ငါသတိပေးသင့်တယ်ထင်တယ်…”
ထိုစဉ် ရထားနောက်ဘက်မှ စူးစူးဝါးဝါးအော်သံက ရုတ်တရက်ထွက်ပေါ်လာပြီးနောက် ခရီးသည်များ၏ ထိတ်လန့်တကြား အော်သံများ ဆက်လက်ထွက်ပေါ်လာခဲ့သည်။
“မြူတွေ မြူတွေ”
“ရထားထဲမှာ ဘာလို့ မြူတွေရှိနေတာလဲ”
“မြူတွေဝင်လာတယ် ပြေး ပြေး”