Chapter 3
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 3 - ( မိမိတစ်ဦးပိုင်မြေသို့ ပြန်လည်အခြေချခြင်း )
ထိတ်လန့်တုန်လှုပ်နေသော ခြေသံများနှင့်အတူ လူများသည် ကျောကုန်းကို မီးလောင်နေသော မျောက်အုပ်စုကဲ့သို့ ရှေ့ကိုဦးတည်ကာသာ အပြေးအလွှားသွားနေကြသည်။ သို့သော်လည်း ရွေ့လျားနေသော မြေအောက်ရထားတွဲမှာ အလုံပိတ်ဖြစ်၍ ထွက်ပြေးရန် နေရာမရှိချေ။
မကြာမီပင် ဥမင်အဆုံးမှ မြူမှုန်များသည် အရှိန်ပြင်းပြင်းဝင်ရောက်လာကာ ရထားတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။လူများသည် မြူခိုးတွေကြားထဲတွင် ပိတ်မိနေပြီး မည်သူ့ကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ချေ။သို့သော် သူတို့၏ နှလုံးခုန်သံများကိုတော့ ကြားနေရပါသေးသည်။
ထိုအချိန်မှာပဲ System၏ အသံထွက်လာခဲ့သည်။
မစ်ရှင်အသစ် – မြေအောက်ရထားလိုင်း 1 ရှိမြူမှုန်များကို ဖယ်ရှားရန်
မစ်ရှင်ဆုလာဘ်- လူသစ်ဆုလာဒ် ထုပ်ပိုးမှုအသစ်
ရှန်ဂျီက ထိုင်ခုံတွင်ထိုင်နေသည်မှာ လှုပ်ပင်မလှုပ်ချေ။ သူ့ဖုန်းရှိဂိမ်းက level6666တွင် ရပ်သွားသည်ကိုကြည့်ပြီး ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။Sysetmသည် ပဟေဠိဖြစ်၍နေသည်။
system: “ရှန်ဂျီ မင်းဘာလို့မထသေးတာလဲ။ မြူတွေဝင်နေတာ မင်းသိလား”
ရှန်ဂျီ: “ဘာလို့ ထရမှာလဲ”
System: ” -.- ”
ရှန်ဂျီ ဂိမ်းကိုပိတ်လိုက်ပြီး ဖုန်းကိုဖွင့်ကာ ဒေသန္တရသတင်းကြေညာမှု အပ်ပ်(app)တွင်အသံသွင်းလိုက်သည်။
“တွက်ချက်မှုအရ မြို့တွင်းရှိ မြူမုန်တိုင်းများကို ဖြေရှင်းရန် ပျမ်းမျှအချိန်သည် ဆယ်မိနစ်ကြာမည်ဖြစ်ပြီး သာမန်လူများအတွက် အကောင်းဆုံးနည်းလမ်းမှာ တစ်နေရာရာတွင်လုံခြုံစွာနေပြီး မြို့တော်ကာကွယ်ရေးတပ်မှ ကယ်ဆယ်ရေးများကို စောင့်ဆိုင်းရန်ဖြစ်ပါတယ်”
“နှင်းကပ်ဆိုး”
ဤသည်မှာ လူသားများက သူတို့အပေါ်တွင်ကျရောက်နေသော ပျက်ကပ်တစ်ခုကို ပေးထားသောအမည်ဖြစ်သည်။အေဒီ 2044 ခုနှစ် Mတိုင်းပြည်တွင် ပထမဆုံးမှတ်တမ်းတင်ထားသော နှင်းကပ်ဆိုးကြီးသည် နိုင်ငံအတွင်း လူဦးရေအများဆုံးကို ပျက်စီးစေခဲ့သည်။ထို မြူခိုးမြူငွေ့များသည် ပျောက်ကွယ်မသွားပဲအချိန်အကြာကြီး ဆက်လက်ပြန့်ပွားနေမှုကြောင့် သုံးနှစ်အကြာပြီးတွင် နိုင်ငံ M ဟာ နျူကလီးယားလက်နက်ကို အသုံးပြုခဲ့ရ၏။
လူတို့၏သမိုင်းတွင် တစ်ချိန်က ထွန်းလင်းတောက်ပခဲ့သောမြို့သည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော် အရာအားလုံးသည် ထိုနေရာတွင် အဆုံးသတ်မဟုတ်ပေ။ အစသာဖြစ်သည်။ အနှစ်သုံးဆယ်ကျော်ကြာအောင် မြူမှုန်များ ဆက်လက်ကျဆင်းလာကာ ကမ္ဘာ၏ သုံးပုံနှစ်ပုံသည် ဆင်းသက်နယ်မြေများ ဖြစ်လာပြီး မြူခိုးများဖုံးလွှမ်းကာ ဂြိုလ်သားများနှင့် လွှမ်းမိုးသွားခဲ့သည်။ကမ္ဘာ့လူဦးရေသည် လေးပုံသုံးပုံအထိ ကျဆင်းသွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများသည် အခြေစိုက်စခန်းများတွင် စုရုံးကြပြီး မျိုးပွားရန်နှင့် ရှင်သန်ရန် ရုန်းကန် ကြရသည်။
ကပ်ဘေး၏အဆင့်ကို F မှ SSS အထိ ခွဲခြားထားပြီး မြူအရောင်များနှင့် ပတ်သက်၍ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာနှင့် ခရမ်းရောင်ဟူ၍ ရှိသည်။A အဆင့် မြူကပ်ဆိုးကြီး ပေါ်ပေါက်လာခြင်းသည် လူဦးရေသောင်းနှင့်ချီရှိသောမြို့တစ်မြို့ကို ချက်ချင်းပြိုလဲစေနိုင်ပြီး ထိုနေရာတွင် ဂြိုလ်သားမျိုးစိတ်တို့ ကြိီးစိုးလာကြသည်။
ရှန်ဂျီ ယခုနေထိုင်ရာမြို့ကို အသက်ရှင်ကျန်ရစ်သူများက “ဧဒင်” ဟုခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤမြို့ကို တည်ဆောက်ပြီးချိန်မှစ၍ တစ်ခါမှ မပြိုလဲခဲ့ဘဲ စည်းစနစ်နှင့် ယဉ်ကျေးမှုကို မြင့်မားစွာ ထိန်းသိမ်းထားနိုင်ခဲ့သောကြောင့် ဖြစ်သည်။”ဧဒင်” တွင်နေထိုင်သူများအတွက် ကယ်ဆယ်ရေးကို စောင့်ဆိုင်းနေခြင်းက အမှန်တကယ်ရွေးချယ်မှုကောင်းတစ်ခုဟု ဆိုနိုင်ပါသည်။
System: ” ရှန်ဂျီ မင်းဝတ္ထုက အကြောင်းအရာတွေကို သေချာဖတ်ခဲ့ရင် မြို့ကာကွယ်ရေးတပ်က ယုံကြည်လို့မရဘူးဆိုတာ မင်းသိမှာပါ ”
Sysetmက ခေတ္တအသံတိတ်သွားခဲ့ရသည်။ ထို့အပြင် မြူခိုးများအတွင်းမှ အချိန် 10 မိနစ်သည် ပြင်ပကမ္ဘာမှ အချိန် 10မိနစ်နှင့်မတူပေ။တစ်နာရီအတွင်း ဂြိုလ်သားများရောက်လာကာ ထိုလူအားလုံးကိုအပိုင်းပိုင်း လုပ်ပစ်နိုင်လေသည်။ သို့သော် ရှန်ဂျီကတော့ အေးအေးဆေးဆေးပင်။
“တီ တီ တီ”
ရုတ်တရက် ရထားပေါ်ရှိလူတစ်ဦး၏ ဖုန်းသည် မက်ဆေ့ချ်အကြောင်းကြားချက်များနှင့်အတူ အသံမြည်လာခဲ့၏။ရှန်ဂျီ ဆက်သွယ်ရေးအက်ပ်ကို ဖွင့်လိုက်သောအခါ ထိပ်ဆုံးတွင် “စွမ်းရည်ရှိသော လက်တွဲဖော်” ဟုပေါ်နေဆဲ ဖြစ်သော်လည်း “Happy Workers”ဟုအမည်ပေးထားသော အုပ်စုစကားပြောဝိုင်းသည် ဒုတိယနေရာတွင်ရှိနေခဲ့သည်။ အဖွဲ့တွင်းရှိ လူအရေအတွက်သည် လျင်မြန်စွာ တိုးလာပြီး မိနစ်ဝက်အကြာတွင် နံပါတ် 1444 ၌ရပ်သွား၏။
စိုစွတ်ပြီး အေးစက်သောမြူခိုးများက ရထားပေါ်ကို ဖြတ်သန်းသွားခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသောလေထုသည် ရထားတစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့၏။ ရှန်ဂျီ သည် သူ့ဖုန်းတွင် ပေါ်လာသည့် group chat ကို စိုက်ကြည့်ကာ သက်ပြင်းချပြီး တိုးတိုးလေးပြောလိုက်သည်။
“ညစာ နောက်ကျတော့မှာပဲ”
System: ” -.- ”
..………
တစ်ဖက်တွင်…
ကုတ်အကျီအဖြူဝတ် ဆရာဝန်များနှင့် သူနာပြုများသည် ပြေးလမ်းတွင် ကမန်းကတန်း ပြေးလွှားနေကြသဖြင့် ခြေသံများ ဆူညံလျက်ရှိ၏။လေယာဉ်သည် အပျက်အစီးများကြား အနိဋ္ဌာရုံ မြေပြင်ပေါ်တွင် ပျံသန်းလျက်ရှိသည်။ယနေ့တွင် ဆင်းသက်နယ်မြေ ပင့်ကူအိမ်ကို ပြန်လည်သိမ်းယူရရှိခဲ့သော ကယ်ဆယ်ရေးအဖွဲ့ “Dawn” အဖွဲ့ဝင်များသည် လေယာဉ်ပေါ်တွင် အနားယူပြီး ပြန်လည်ကျန်းမာနေကြပြီ။သူတို့၏ ပြည်တော်ပြန်ခရီးစဥ်ပင်။
ဆရာဝန်သည် ဆေးရည်ကို ထိုသူ၏လက်မောင်းထဲသို့ ထိုးသွင်းထားပြီးဖြစ်သော်လည်း လက်မောင်းကိုဖုံးအုပ်ထားသော အဖြူရောင်အကြေးခွံများသည် ရွေ့လျားနေဆဲဖြစ်သည်။ထူးဆန်းပြီးတွန့်လိမ်နေသော အချွန်အတက်များသည် သွေးကြောမှသွေးများထွက်သကဲ့သို့ ထူးဆန်းစွာ လက်မောင်းမှ ထွက်လာနေခဲ့သည်။
ဆရာဝန်က သူ၏လက်ထဲမှ ရောဂါစစ်ဆေးကိရိယာကိုကြည့်ပြီး သက်ပြင်းချကာ “မင်းအခြေအနေက သိပ်မကောင်းဘူး”
ထိုသူကလက်ကို ဝှေ့ယမ်းပြီး “ဆေးပမာဏ တိုးပေးပါ”
သူနာပြုဆရာမသည် ဆေးပုလင်းကိုယူဆောင်လာပြီး ဆေးပမာဏကို ချိန်ညှိကာ ဆေးထိုးပေးလိုက်၏။
“ငါတို့ရောက်တာ ဘယ်လောက်ကြာပြီလဲ” ဆေးထိုးနေသောသူနာပြုအား ထိုသူက မေးလိုက်သည်။
“လေယာဉ်က မြို့ကို ၁ နာရီ ၃၂ မိနစ်အတွင်း ရောက်ရှိဖို့ မျှော်လင့်ရတာပဲ။ ဒါပေမဲ့ မင်းရောဂါမတည်ငြိမ်ရင် မြို့ထဲကို ဝင်ခွင့်မပြုဘူး”
“ငါတို့ နောက်ထပ် နှိမ်နင်းဆေးတွေ မသုံးနိုင်တော့ဘူး။ကျန်တာကို မင်းကိုယ်တိုင်ဖြေရှင်း ရလိမ့်မယ်”
ထိုလူသည် တိတ်ဆိတ်နေပြီး အပေါက်ဝမှနေ၍ တိမ်များကို ငေးကြည့်နေ၏။အသွင်ပြောင်းစနစ်သည် သူ့ပခုံးများအထိပျံ့နှံ့သွားပြီး အသားထဲမှ ပန်းပွင့်များပွင့်လာကဲ့သို့ သူ၏ကိုယ်ပေါ်တွင်ချောက်ချားဖွယ်အချွန်အတက်များ ထွက်ပေါ်လာနေခဲ့သည်။
ဆရာဝန်သည် ရောဂါတိုင်းတာရေးကိရိယာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရ၏။
၉၄၊ ၉၄.၅၊ ၉၅…
“ဒေါက်တာ စိတ်လျှော့ပါအုံး မလောပါနဲ့”
သူ့ဘေးမှ ရှင်းလင်းရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြုံးပြီး အားပေးလိုက်၏။
“ခေါင်းဆောင်ရဲ့ ဗီဇပြောင်းလဲမှုနှုန်း 90 ကျော်သွားတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။အရင်အဖွဲ့ဆရာဝန်က သူ့အနေနဲ့ ကြာကြာမနေရတော့ဘူးလို့တောင် ပြောခဲ့တာ။အခုဆို ခုနစ်နှစ်ရှိပြီ သူနေကောင်းနေတုန်းပါပဲ”
ဆရာဝန်က ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်ကို တစ်ဖြည်းဖြည်းလျှော့ချလိုက်သည်။
ဇန်လင်ကဲ့သို့ အားကောင်းသူတစ်ဦးအတွက် ထိုပြောင်းလဲမှုတန်ဖိုးသည် သတ်မှတ်အဆင့်ကို ကျော်သွားသည်နှင့် လေယာဉ်ပေါ်ရှိလူတိုင်း ဒုက္ခရောက်ကြမည်ဖြစ်သည်။ ဤလေယာဉ်တင်မကဘဲ အနီးနားရှိမြို့များ၊ လူသားများနှင့် သက်ရှိသတ္တဝါများအားလုံး ဘေးဥပါဒ်မှ လွတ်မြောက်နိုင်မည်မဟုတ်တော့ချေ။ နောက်ဆုံးနှိမ်နင်းဆေးကို သူ့လက်မောင်းထဲသို့ ထိုးသွင်းလိုက်သော်လည်း ဇန်လင်၏ ဗီဇပြောင်းလဲမှုလက္ခဏာများ သိသိသာသာ လျော့ပါးသွားခြင်းမရှိပေ။
ထိုအချိန်တွင် ဇန်လင်သည် သူ၏တိုက်ခိုက်ရေးဝတ်စုံ၏ အတွင်းအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။သူသည် ပြောင်းလဲစပြုနေသောလက်ကို အသုံးပြုပြီး ထိုအရာဝတ္တုကို ဆုပ်ကိုင်လိုက်ရာ သူ့၏လက်မောင်းတွင် အနည်းငယ်တုန်သွားခဲ့သည် ။
ဆရာဝန်: “ဇန်လင်အတွက် ဒါက အတော်လေးကို ခက်ခဲမှာပဲ။ပြောင်းလဲသွားတဲ့ ခြေလက်တွေကို ထိန်းချုပ်ဖို့က ခက်ခဲတယ်။ သတ္တုလိုမာကြောတဲ့အရာပဲဖြစ်ဖြစ် ပျက်စီးလွယ်တဲ့လူ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ် တစ်ခုခုကို အဲ့ဒီလက်နဲ့ဆို ချေပစ်လိုက်လို့ရတယ်”
သို့သော် ဇန်လင်က ထိုပစ္စည်းကို ကြေမွမသွားစေရန် ထိန်းချုပ်နိုင်ခဲ့သည်။သူသည် ဤကိစ္စနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာရှိပုံလည်းရသည်။နာကျင်မှုကိုမေ့ထားရန်၊ခန္ဓာကိုယ်ပေါ်တွင်ဆူးများထွက်ပေါ်နေခြင်းကို ရှောင်ရန်၊ ထိုအရာကိုဆုပ်ကိုင်ရန် သူ၏ အနည်းငယ်ပျော့ပျောင်းသော လက်ချောင်းများကို အသုံးပြုကာ ယူဆောင်လာပြီး ခေါင်းငုံ့ကာ ထိုအရာကို နမ်းလိုက်လေသည်။
ဆရာဝန်မှာ အံ့အားသင့်သွားချေ၏။ဇန်လင်၏ တိုက်ခိုက်ရေး မြင်ကွင်းများကို သူမြင်ဖူးခဲ့ပြီး ဂြိုလ်သားများ၏ နှလုံးသားကို လှံတို့ဖြင့်အကြိမ်ကြိမ် သူ ထိုးခဲ့ဖူး၏။တိုက်ပွဲတွင် သူ၏ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များကို မြင်တွေ့ခဲ့ရသော်လည်း ယခုကဲ့သို့ နူးညံ့လှသည့် အမူအရာမျိုးကိုတော့ တခါမှ မမြင်ဖူးချေ။
ဇန်လင် ကိုင်ဆောင်ထားပြီး နမ်းလိုက်သည့်အရာသည် အလွန်လက်ရာမြောက်ပြီး လှပသော ငွေရောင်အိတ်ဆောင်နာရီတစ်လုံးဖြစ်သည်။ဇန်လင် ပုံမှန်သုံးနေကျအရာတစ်ခုတော့ မဟုတ်နိုင်ပါ။အလွန် သပ်ရပ်လှပ၏။ ရှုပ်ထွေးပွေလီနေသောပုံစံများကို အကွေ့အကောက်များသော မျဉ်းကြောင်းများဖြင့် ထွင်းထုထားခဲ့သည်။ ဇန်လင်၏ ပါးလွှာသောနှုတ်ခမ်းဖြူဖျော့ဖျော့သည် ငွေရောင်အိတ်ဆောင်နာရီပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။ထို့နောက် သူ၏ တင်းမာနေသောမျက်နှာသည် တဖြည်းဖြည်း လျော့ပါးလာသည်ဟု ခံစားလိုက်ရပြီး ဇန်လင်၏ အခုပုံစံမှာ လှောင်အိမ်ထဲတွင် သူ့ကိုယ်သူ သော့ခတ်နေသော သားရဲတစ်ကောင်နှင့်တူချေ၏။
လေယာဉ်သည် နှင်းဖုံးတောင်တန်းများပေါ်မှ ပျံသန်းသွားကာ လူတို့၏ ဆူညံမှုများမရှိသော စိမ်းလန်းသောသစ်ပင်များ၏ နောက်မှထွက်ပေါ်လာသည်။ဇန်လင်၏ပြောင်းလဲမှုတန်ဖိုးသည် 96၊ 95၊ 94 နီးပါးမှ 88 အထိ ကျဆင်းလာခဲ့ပြီး နောက်ဆုံးတွင် သူသည် ဘေးကင်းသောအတိုင်းအတာတစ်ခုတွင် တည်ငြိမ်သွားတော့သည်။
အကယ်၍ ရှင်းလင်းရေး အဖွဲ့ဝင်တစ်ဖွဲ့သည် လေယာဉ်ပေါ်တွင် အနားယူနေခြင်းကြောင့်သာ မဟုတ်ပါက ဆရာဝန်သည် ဆေးပညာဆိုင်ရာ အံ့ဖွယ်တစ်ခုဟု ထအော်ပေလိမ့်မည်။ ပုံမှန်အားဖြင့် ထူးခြားစွမ်းအင်အသုံးပြုသူတစ်ဦးသည် ရောဂါပြန့်ပွားမှုတန်ဖိုး ၉၅ ထက်ကျော်လွန်ပါက သေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ ဇန်လင်သည် အောင်မြင်စွာဖြတ်ကျော်နိုင်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း ရှင်းလင်းရေးအဖွဲ့ဝင်များမှာ ဤအဖြစ်အပျက်ကို ကျင့်သားရနေပုံရသည်။ယခုကဲသို့ အခိုက်အတန့်မှာပင် အဖွဲ့သားနှစ်ယောက်ဟာ ထိုင်ခုံမှာ ငိုက်မျဉ်းပြီး အိပ်ပျော်နေကြပြီ။ဆရာဝန်သည် ထိုနေရာတွင်ရပ်ပြီး ပြုံလိုက်၏။
“ပြောင်းလဲမှုတန်ဖိုး တည်ငြိမ်သွားပါပြီ။ ဂုဏ်ယူပါတယ်။ မင်းတို့ရဲ့မြို့ကို ဘေးကင်းစွာ ပြန်သွားနိုင်ပြီး လူတွေရဲ့ရဲ့ ကြိုဆိုမှုကို ခံယူနိုင်ပါပြီ”
ဤအချိန်၌ လေဆိပ်တွင် ကြိုဆိုသူများနှင့် ပြည့်ကျပ်နေလောက်ပြီး အများစုမှာ ဇန်လင်၏ ပရိသတ်များပင်ဖြစ်လိမ့်မည်။ကမ္ဘာပျက်ခေတ်တွင် စွမ်းအင်ကြီးမားသောပုဂ္ဂိုလ်သည် မရေမတွက်နိုင်သောလူများ၏ လေးစားချစ်ခင်ခြင်းကိုခံရသည်မှာ မထူးဆန်းပါပေ။
“ကံမကောင်းစွာနဲ့ လာကြိုနေကြတဲ့လူတွေကတော့ ထပ်ပြီးစိတ်ပျက်သွားရတော့မှာပဲ။ ခေါင်းဆောင်က ဒီတစ်ခါလည်း တိတ်တိတ်ကလေး လစ်ထွက်သွားအုံးမှာ သေချာတယ်”
သူ့ဘေးနားရှိ ရှင်းလင်းရေး အဖွဲ့ဝင်တစ်ဦးက ရယ်မောကာပြောလိုက်သည်။
” သူ့မိန်းမက ညစာစားဖို့ အိမ်မှာစောင့်နေတာလေ ”
ဆရာဝန်သည် စပ်စုချင်မိသွားခဲ့သည်။ ဇန်လင်တွင် သာမန်လူသားလက်တွဲဖော်တစ်ယောက်ရှိတယ်ဆိုတာ သူကြားဖူး၏။သို့သော် ထိုလူ၏ နာမည်၊ ပုံပန်းသဏ္ဍာန်နှင့် ပတ်သက်၍ ဘာမှ မသိရချေ။ဇန်လင်က သူ့ကိုသိပ်ကာကွယ်လွန်း၏။သို့သော် ပြင်ပကမ္ဘာမှလူများသည် ထိုအကြောင်းကို အမြဲပင် မှန်းဆနေကြသည်။အမှန်တွင် လူအများစုက ထူးခြားစွမ်းအင်အသုံးပြုသူများနှင့် သာမန်လူသားများ ပေါင်းစပ်မှုကို ကောင်းကောင်းလက်မခံလိုပေ။ထိုသူတို့နှစ်ဦးကြားတွင် ကိုယ်ခန္ဓာအရွယ်အစားနှင့် ကြံ့ခိုင်မှုမှာ သိသာစွာ ခြားနားတတ်သည်။
အထူးသဖြင့် အဆင့်မြင့်ထူးခြားစွမ်းအင်ကိုအသုံးပြုသူများနှင်အတူနေရန်မှာ သာမန်လူသားများအဖို့ လွန်စွာခဲယဥ်းလှချေသည်။စွမ်းအင်လူသားတို့မှာ အင်အားအနည်းငယ်မျှဖြင့်ပင် သာမန်လူသားများကို အလွယ်တကူ ချေမွနိုင်သည့်အတွက် သူတို့ကို ထိတွေ့ရန် အဆင်မပြေနိုင်ပေ။ သုတေသနအဖွဲ့အစည်းကလည်း စွမ်းအင်လူသားအချင်းအချင်း ထိမ်းမြား လက်ထပ်ခြင်းကိုသာ အားပေး၏။စာရင်းဇယားများအရ မိဘနှစ်ပါးစလုံးသည် စွမ်းအင်လူသားများဖြစ်ပါက စွမ်းအင်လူသားမျိုးဆက်ရရန် အခွင့်အလမ်း ပိုများပေသည်။
ယခုခေတ်တွင် သူရဲကောင်းများစွာလိုအပ်လျက်ရှိသည်။စွမ်းအင်အသုံးပြုသူများသည် ကမ္ဘာကြီးဆက်လက်တည်မြဲခြင်း၏ နောက်ကွယ်မှ အဓိကခလုတ်တစ်ခုပင်။သာမန်လူအများစုသည် ဂီယာများကြားမှ ချောဆီကဲ့သို့ သို့မဟုတ် မြေကွက်လပ်များရှိ ဖုန်မှုန့်များကဲ့သို့ပင် သိပ်အသုံးမဝင်လှပါ။
ဇန်လင်သည် အလွန်အစွမ်းထက်ပြီး အန္တရာယ်များလွန်း၏။ထိုကြောင့် သူ၏လက်တွဲဖော်သည် လုံလောက်သော စွမ်းအားရှိဖို့လိုပေသည်။ထိုမျှမက ထိုလက်တွဲဖော်သည် ဓားသွားကိုပတ်ရစ်ထားသည့် ဓားအိမ်ကဲ့သို့ပင် ဇန်လင်၏စွမ်းအင်များကိုလည်း ကောင်းစွာထိန်းချုပ်နိုင်ရပေမည်။သို့သော်ဇန်လင်၏လက်တွဲဖော်မှာ သာမန်လူတစ်ဦးသာမက နူးညံ့လှသော ကိန္ဒရီငှက် သကဲ့သို့သိမ်မွေ့ပြီး လှပသောပန်းအိုးကလေးသကဲ့သို့ပင်ဖြစ်သည်ဟု ကောလဟာလများထွက်ပေါ်လျက်ရှိနေ၏။
ဇန်လင်သည် သူ၏ချစ်သူကို ကာကွယ်စောင့်ရှောက်နိုင်ရန် အခက်အခဲများစွာကို ကြံ့ကြံ့ခံခဲ့ရသည်။ ထူးခြားစွမ်းအင်ရှိသူများသည် ဘဝတစ်လျှောက်လုံးတွင် မြူခိုးများဝင်ရောက်မှုကဲ့သို့ကော ကိစ္စရပ်များကို လည်းကောင်း၊ သန္ဓေပြောင်းခြင်း၏ညှဉ်းပန်းခြင်းဒဏ်ကိုလည်းကောင်း ခံနိုင်ရည်ရှိကြရသည်။ထိုကဲ့သို့သောလူတစ်ယောက်၏ စိတ်အခြေအနေကို ခန့်မှန်းရခက်သည်မှာတော့အမှန်ပင်။
ဇန်လင်၏ စိတ်အခြေအနေသည် အမြဲ ကောင်းမွန်မနေနိုင်ချေ။ယခုပင် သူရဲ့ပြောင်းလဲမှုမှုအဆင့်မှာ 88 ဖြစ်ပြီး အတော်လေးမြင့်နေပေပြီ။ဒီထက်ပိုတိုးလာပါက မြို့ကိုပါထိခိုက်လာနိုင်သည့်အတွက် သူ့ကိုမြို့ထဲတွင်နေထိုင်ခွင့်ပေးမည်မဟုတ်တော့ပေ။ဆရာဝန်က အနည်းငယ်ရှုပ်ထွေးသောအမူအရာဖြင့် တွေးနေမိသည်။ယခုလိုစွမ်းအားကြီးသောသူကို မြို့က မဆုံးရှုံးစေချင်လိုပါ။
ဒေါက်တာ: “မင်း စိတ်ကိုအနားပေးလို့ရတဲ့နေရာတွေကို သွားလေ့ရှိလား ဇန်လင်။ ထိရောက်မှုရှိတဲ့ ကုထုံးတချို့ကို ငါတွေ့ထားတယ်။ ပြောပြပေးရမလား”
“ရပ် ရပ်လိုက် ဒေါက်တာ။ ခေါင်းဆောင်က အဲဒီနေရာတွေကို ဘယ်တော့မှ မသွားဘူး” အနီးအနားရှိ အဖွဲ့သားတစ်ဦးက ဝင်ပြောလာသည်။
“အဲ့ဒါဆို ဒေါက်တာရော အဲ့လိုအပန်းဖြေနေရာတွေကိုသွားရင် ဒေါက်တာ့လက်တွဲဖော်က ကြည်ဖြူမှာလား”
“ဟင်?”
ဆရာဝန်က နောက်ကျမှ သဘောပေါက်သွားပြီး မျက်နှာက တဖြည်းဖြည်း နီရဲလာခဲ့သည်။
“အဲဒါက စိတ်ပိုင်းဆိုင်ရာ ပြေလျော့စေတဲ့ ကုထုံးပဲဟာကို သူကဘာလို့ စိတ်ဆိုးရမှာလဲ”
“အဲ့ဒီနေရာတွေထဲကတစ်ခုကိုတောင် ကျွန်တော့်လက်တွဲဖော် မိတ်ဆက်ပေးထားတာလေ”
အဖွဲ့ဝင်က ဘာမှထပ်မပြောတော့ချေ။ဇန်လင်သည် အိတ်ဆောင်နာရီကို သေသေချာချာယူလိုက်ပြီး သူ့နှလုံးသားနှင့် အနီးဆုံးသော အိတ်ကပ်ထဲတွင် ထည့်လိုက်သည်။ပြတင်းပေါက်မှ တစ်ဖက်သို့ ငုံ့ကြည့်လိုက်ပြီး သူ၏မြင်ကွင်းအဆုံးတွင် မြို့၏ပုံသဏ္ဌာန်ကို တရွေ့ရွေ့ မြင်နေရချေပြီ။စက်နာရီ၏ မှိန်ဖျော့ဖျော့သံသည် အိပ်ကပ်ထဲတွက် ပဲ့တင်ထပ်ကာ သူ့စိတ်ထဲတွင် ထိုအသံကို တိတ်တဆိတ် ရေတွက်နေလိုက်သည်။
5402 ကြိမ်ရေတွက်ပြီးနောက်တွင် မြို့တော်သို့ ပြန်ရောက်ခဲ့လေပြီ။သူ၏နူးညံ့သိမ်မွေ့လှသော ချစ်သူလေးရှိရာ ကောင်းကင်ဘုံသို့ နောက်ဆုံးတော့ ချောချောမောမော ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။ ထူးကဲစွာလှပနေသော ညနေခင်းနေရောင်ကို ဓာတ်ပုံတစ်ပုံရိုက်ကာ တစ်စုံတစ်ယောက်ထံ ပို့ပေးလိုက်၏။ ဆယ်မိနစ်အကြာတွင် သူ၏အနီးတွင်ထိုင်နေသော အဖွဲ့ဝင်တစ်ယောက်သည် ဇန်လင်၏စိတ်မချမ်းမြေ့ အရိပ်အယောင်ကို ရုတ်တရက် သတိထားမိလိုက်သည်။
အဆင့်နိမ့်သော စွမ်းအင်အသုံးပြုသူများသည် ရာထူးကြီးသော စွမ်းအင်အသုံးပြုသူများ၏ အရိပ်အကဲကို အမြဲအကဲခတ်ကြသည်။ သမင်များက ကျားသစ်၏ အရိပ်အယောင်ကိုအာရုံခံသကဲ့သို့ ဒါမှမဟုတ် အိမ်ကြောင်တွေက ခြင်္သေ့တွေကို အာရုံခံသကဲ့သို့ပင်။
“ခေါင်းဆောင် ဘာများဖြစ်လို့ပါလဲ”
ဇန်လင်သည် မှောင်နေသေးသော ဖုန်းကို ငုံ့ကြည့်ကာ “သူက ငါ့ကို စာမပြန်ဘူး”
ဇန်လင်ပြောသော ‘သူ’ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းသည်ကို အဖွဲ့ဝင်တိုင်း သိပါသည်။
“လူတိုင်းက တစ်ခါတလေ အလုပ်ရှုပ်တတ်တာပဲ။ ခေါင်းဆောင် အလုပ်များနေတဲ့အချိန်မှာ ဖုန်းကို လျစ်လျူရှူမိသလိုပေါ့”
ဇန်လင်: “ဒါက မတူဘူး”
” တစ်ခါတရံမှာ ကျွန်တော်တို့ဟာ ကိစ္စရပ်တွေကို လက်တွေ့ကျကျစဥ်းစားဖို့ လိုပါတယ်ခေါင်းဆောင်။သူ အချိန်ပိုများဆင်းနေရလို့လား”
ဇန်လင်:“သူ အလုပ်ပြီးသွားပြီ။ ဒီည ငါတို့ သိုးသားဟော့ပေါ့နဲ့ ကြက်သွန်မြိတ်တွေရောထားတဲ့ ကြက်ဥမွှေကြော် ချက်စားကြဖို့ ပြောခဲ့တယ်”
ဤသည်မှာ ယနေ့ ဇန်လင်ပြောခဲ့သောစကားတို့တွင် အရှည်ဆုံးစကားပင်။ ဆရာဝန်သည် နားထောင်ရင်း တံတွေးပင်သီးကာ ချောင်းဆိုးသွားရလေသည်။ဇန်လင်၏ ထိုနူးညံ့သိမ်မွေ့သောလှသောကိန္နရီမလေးက သိုးသားဟော့ပေါ့နဲ့ ကြက်ဥမွှေကြော်ကဲ့သို့ အစားအသောက်တွေကို စားသတဲ့လား။
အဖွဲ့ဝင်: ” စူပါမားကတ်မှာစျေးဝယ်နေလို့ ဖုန်းကို မကြည့်မိတာရောမဖြစ်နိုင်ဘူးလား ခေါင်းဆောင်ဇန်”
ထိုအဖွဲ့ဝင်သည် ဇန်လင်၏ ညှိုးငယ်နေသော မျက်နှာအမူအရာကိုကြည့်ကာ ပုခုံးကိုပင်ဖက်ကာ အားပေးချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။သို့သော် စောနကလေးကပင် ထိုနေရာကပေါ်လာခဲ့သော အချွန်အတက်များကို ပြန်လည်မြင်ယောင်မိရာ သူ၏ ခေါင်းပြောင်ပြောင်ကိုသာ ပွတ်သပ်ပြီး ရယ်လိုက်ရသည်။
“စိတ်မပူပါနဲ့ ခေါင်းဆောင်ရဲ့မိန်းမက မြို့ထဲမှာ ရှိနေတာကလွဲလို့ ဘာဖြစ်နိုင်အုံးမှာလဲ”