Chapter 5
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 5 - ( အဖွဲ့အစည်း၏ထိပ်ဆုံးမှ ဆားနယ်ခံထားရသည့်ငါးလေး )
ရှန်ဂျီသည် လေလုံပေါင်းအိုးဝယ်ရန်အတွက် မြေအောက်ရထားကို ပြန်လည်ထွက်စေချင်နေပြီ ဖြစ်သည်။
တကယ်တမ်း ပထမဦးစားပေးအနေဖြင့် သူလုပ်ရမည့်အရာမှာ အရှေ့က မြူမှုန်များကို ကိုင်တွယ်ဖြေရှင်းရန်ပင်ဖြစ်သည်။ ရှန်ဂျီသည် မြို့တွင်းရှိ မြူမှုန်များကိုဖြေရှင်းရန် ပျမ်းမျှအချိန်ဆယ်မိနစ်ဟု တွက်ချက်ခဲ့သော်လည်း အရေးပေါ်အစီအမံများကို ထည့်သွင်းစဥ်းစားရန် လိုအပ်လာခဲ့သည်။လူ့ခန္ဓာကိုယ်သည် နုနယ်သည့်အတွက် ကြမ်းတမ်းသော ကိုင်တွယ်မှုကို မခံနိုင်ပေ။
ဥပမာ- လူတစ်ယောက်၏ ခေါင်းပြုတ်သွားလျှင် ပြန်ဆက်၍မရနိုင်ပါ။တစ်ဖက်တွင်လည်း ရထားတွဲပေါ်မှ မည်သူမျှပထမဆုံး မထွက်ဝံ့ကြပေ။တစ်စုံတစ်ယောက်သည် သူ၏အိတ်ထဲမှ “မြူခိုးထဲတွင် ရှင်သန်ရေး” လမ်းညွှန်စာအုပ်ကို တုန်တုန်ယင်ယင် ထုတ်ယူလိုက်၏။ဤစာအုပ်များကို မြို့တော်၌ သတင်းစာများထဲတွင် ထည့်ကာ လစဥ်ဖြန့်ဝေခဲ့သောကြောင့် လူတိုင်းတွင် တစ်အုပ်စီရှိနေကာ မြူခိုးများနှင့် ကြုံတွေ့နေရသည့်သူများအတွက် အရေးပေါ်လုပ်ဆောင်ရမည့် တုံ့ပြန်ဆောင်ရွက်မှုများကို အသေးစိတ် ရေးသားထား၏။
[ မြူခိုးတွေ ကြုံတဲ့အခါ မထိတ်လန့်ပါနဲ့။ ထိတ်လန့်ခြင်းက ကူးစက်မှုတန်ဖိုး လျင်မြန်စွာ တိုးလာစေနိုင်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ မရောက်လာမီ မိမိကိုယ်မိမိ ကယ်ဆယ်နိုင်အောင် ကြိုးစားပါ။ မတူညီသော မြူခိုးအမျိုးအစားများအလိုက် ကွဲပြားသောကယ်တင်ရေးနည်းလမ်းများကို ရွေးချယ်ပါ။ မြူခိုးများကို ကိုင်တွယ်ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ စည်းကမ်းများကို လိုက်နာရန်ဖြစ်ပါတယ်။စည်းမျဥ်းများကို လိုက်နာခြင်းသည်မလွဲမသွေ ရှင်သန်နိုင်လိမ့်မည်ဟု မဆိုလိုပါ။ သို့သော် ၎င်းတို့ကို မလိုက်နာပါက အလျင်မြန်ဆုံးသေဆုံးခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။သတ္တိနဲ့ မျှော်လင့်ချက်ကို ဘယ်တော့မှမစွန့်လွှတ်ပါနဲ့။လူသားမျိုးနွယ်၏ အနာဂတ်အတွက် ရှင်သန်ပါ]
“ရှင်သန်ပါ”
ရှန်ဂျီသည် ဤစကားလုံးကို အလွန်သဘောကျသွားရသည်။ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းသော၊ အဆုံးမရှိဟုထင်ရသော အမှတ်တရများထဲတွင် ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦးသည် သူ့၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ “အသက်ရှင်နေပါ” ဟုပြောခဲ့ပုံက သူ့အာရုံထဲတွင်စွဲ မြဲလျက်ရှိသည်။
ဒါပေမယ့် အဲ့ဒါက ကြာခဲ့ပါပြီ။ အလွန်ကြာခဲ့ပြီဖြစ်၍ ထိုအဘိုးအို၏ပုံသဏ္ဍာန်ကို မှတ်မိရန်အတွက်ပင် ခက်ခဲနေခဲ့သည်။
စာအုပ်၏နောက်မှ စာရင်းပြုစုထားသောစာရေးဆရာများအမည်ကိုလည်း သတိရမိသည်။ဇန်လင်အပါအဝင် စာရေးဆရာတစ်ရာကျော်၏လက်ရေးဖြင့် ရေးထားသော စာအုပ်ငယ်ကို မြူခိုးထိန်းချုပ်ရေးစင်တာ၊မြူခိုးရှင်းလင်းရေးစင်တာနှင့်မြို့တော်ကာကွယ်ရေးတပ်တို့မှ ပူးပေါင်းဖြန့်ချီထားခြင်းဖြစ်သည်။ ဇန်လင်ဟူသောအတွေးလေးကပင် ရှန်ဂျီကို ပြုံးမိသွားစေခဲ့သည်။ဇန်လင်၏ညာဖက်လက်သည် သန္ဓေပြောင်းလဲသွားသောကြောင့် သူ၏လက်ရေးသည် ကောက်ကွေးနေ၏။ စာအုပ်ထဲမှ ဤလက်မှတ်သည် ရှန်ဂျီက ဇန်လင်၏လက်ကိုကိုင်ကာ ရေးထိုးထားခဲ့ခြင်းဖြစ်သည်။ မျဉ်းကြောင်းများသည် ဖြောင့်တန်းချောမွေ့နေကာ အနားသတ်တွင် အနည်းငယ် ကောက်ကွေ့သွားသော်လည်း အလုံးစုံ သပ်ရပ်ပေသည်။ စာအုပ်ကိုကြည့်၍ ကျေနပ်သွားကာ ထိုယောက်ျား၏မျက်နှာကို စိတ်ထဲမှနမ်းရှုံ့လိုက်သည်။ထို့နောက်တွင် သူစာတစ်ကြောင်းရေးလိုက်၏။
စာရေးသူ မှတ်ချက်: ရေးသားချက်များဖြင့်ဖော်ပြထားပါက ဆင်ဆာဖြတ်မည်မဟုတ်သောကြောင့် ဖန်သားပြင်တွင် ပုံရိပ်ထင်သောနည်းလမ်းကို အစားထိုးအသုံးပြုသင့်သည်။
“….”
“ပထမ စည်းမျဉ်းက အလုပ်ရုံမှာ ကောင်းကောင်းထိုင်ပြီး ဘယ်ကိုမှမလှည့်ဖို့ ပြောထားတယ်။ဒါပေမယ့် ဒါက ငါတို့ရဲ့တကယ့်အလုပ်ရုံလား”
အဖြူရောင်ဝတ်ထားသော အလုပ်သမားတစ်ယောက်သည် တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပထမဆုံးစကားပြောဆိုလိုက်၏။
“ဟိုမှာ ထိုင်ခုံတွေထင်တယ်”
ဝတ်စုံဖြူအမျိုးသမီးတစ်ဦးသည် အဝေးမှ စက်ယန္တရားများအနီးတွင်ရှိသော ထိုင်ခုံတန်းတစ်ခုအား လက်ညှိုးထိုးကာပြလိုက်၏။ တကယ်က စက်ယန္တရားများအနီးတွင် ဝန်ထမ်းများအတွက်ထိုင်ခုံများရှိကြောင်း လူအများ သတိပြုမိပြီးဖြစ်သည်။
ဒါက “အလုပ်ရုံ” ဆိုတာလား!
တတိယနှင့် စတုတ္ထစည်းမျဉ်းများတွင် ဖော်ပြထားသော “ကြီးကြပ်ရေးမှူး” နှင့် “သူဌေး”တို့သည် မည်သည့်အချိန်တွင် ပေါ်လာမည်ကို မည်သူမျှမသိကြပေ။ အချိန်သည် အဓိကဖြစ်ပြီး မှန်ကန်သောအလုပ်ရုံကို ရှာဖွေခြင်းသည် ထိပ်တန်းဦးစားပေးပင်။ သို့သော်ယခုအထိ မည်သူမျှ မလှုပ်ရှားရဲကြသေးပေ။
မြူမှုန်ကပ်ဆိုးနှင့်ပတ်သက်၍’စည်းမျဥ်း’ဟူသော အမျိုးအစားမှာ ထူးခြားလှ၏။သို့သော် အဆင့်မှားယွင်းသွားပါက ဘေးအန္တရာယ်ကျရောက်စေနိုင်ပေသည်။မြို့တော်ရှိ ရာထူးကြီးသူသူတစ်ဦးက “မြူနှင်းကပ်ဆိုးမှရှင်သန်ရေး” လမ်းညွှန်စာအုပ်တွင် ပြောခဲ့ဖူးသည်။
“စည်းကမ်းများသည် အသက်ကယ်သူများဖြစ်သကဲ့သို့ သေမင်း၏ထောင်ချောက်ထဲသို့လည်းဆွဲခေါ်သွားနိုင်သည်။ စည်းမျဉ်းများကို ယုံကြည်ပါ။သို့သော်အလုံးစုံ မယုံပါနှင့်”
“ဂူနင်အန် မြို့တော်ကာကွယ်ရေးအဖွဲ့ချုပ် ”
ဖတ်ရတာလျှာတောင်လိပ်တယ် ဘယ်လိုကြီးလဲ!
ထိုစာကို ဖတ်ပြီးသောလူတိုင်းသည် တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပြီး အတွေးများကလည်း ရှုပ်ရှက်ခတ်သွားကြသည်။လူအုပ်ထဲမှ လူတစ်ယောက်သည် ပထမဆုံးပြေးထွက်သွား၏။ထိုသူသည် အင်မတန် ထွားကျိုင်းလှပြီး သူ၏ သန်စွမ်းသော ကြွက်သားများသည် ဝတ်စုံအောက်မှ ဖုထွက်နေကာ ရဲရင့်သောဝက်ဝံအညိုတစ်ကောင်ကဲ့သို့ပင်။သူသည် ရှေ့မှ အတားအဆီးမှန်သမျှကို ဖြတ်ကျော်ရန် အဆင်သင့်ဖြစ်နေ၏။
နောက်တစ်စက္ကန့်ခန့်အကြာတွင်ထိုလူသည် တစ်စုံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။သူသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းစာမျှ ယိမ်းယိုင်သွားပြီး သူ့မျက်လုံးများထဲတွင် ကြယ်လများပင်ပေါ်၍နေတော့သည်။
“အိုးး”
သို့သော်လည်း ထိုသူ၏ရှေ့တွင် ဘာတစ်ခုမျှအထင်အရှားရှိမနေချေ။
“မင်း ဘာဖြစ်သွားတာလဲ?”
တစ်စုံတစ်ယောက်က သူ့အနားကို ကပ်ကာမေးလာသည်။
“မဖြတ်နိုင်ဘူး မမြင်ရတဲ့ အတားအဆီးတစ်ခု ရှိနေသလိုပဲ!”
“ဒါပေမယ့် အလုပ်ရုံတွေဆီသွားဖို့ ဖြတ်မှဖြစ်မယ်”
“နောက်တစ်ခေါက်ထပ်ပြီး ဖြတ်ကြည့်မလား။ ဒါမှမဟုတ် နောက်ထပ် လမ်းကြောင်းတစ်ခုခု ရှိမရှိ ကြည့်မလား”
“ငါတို့ တစ်ခုခုကို မြန်မြန်အဖြေရှာဖို့လိုတယ်။ စစ်ဆေးရေးမှူးတွေ ဘယ်အချိန်လာမယ်ဆိုတာ ဘယ်သူမှလည်းမသိဘူး”
လူအများ အထိတ်တလန့်ဖြစ်သွားကြသည်။ ထို့နောက် အသံလွှင့်ကိရိယာမှခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာ၏။ခေါင်းလောင်းသံပြီးနောက် နူးညံ့သိမ်မွေ့သော အမျိုးသမီး၏အသံသည် စပီကာမှတဆင့် ထွက်ပေါ်လာခဲ့သည်။
“လေးစားအပ်ပါသော ဝန်ထမ်းများ၊ အလုပ်စရန် အချိန်ကျရောက်ပြီဖြစ်ပါတယ်။ ကျေးဇူးပြုပြီး မိမိ၏သက်ဆိုင်ရာရာထူးများတွင် လုံ့လစိုက်ထုတ်၍ ထမ်းဆောင်ပါ။စစ်ဆေးရေးမှူးများသည် သုံးမိနစ်အတွင်း ကင်းလှည့်ခြင်းကို စတင်ပါမယ်”
သုံးမိနစ်!
ဖရိုဖရဲဖြစ်နေသော မြူခိုးများကြားသို့ မြို့တော်ကာကွယ်ရေးတပ်က ရောက်လာမည်မဟုတ်တော့ချေ။
Bang Bang Bang!
ပြန်လည်ကောင်းမွန်သွားသည့် ရဲရင့်သည်အညိုရောင်ဝက်ဝံနှင့်တူသော ထိုသူ၏မျက်လုံးများသည် နီရဲသွားကာ ဘေးနားရှိ နံရံကို အပြင်းအထန် ထိုးဖောက်သံများ ပေါ်ထွက်လာသည်။ ပတ်ဝန်းကျင်မှ လူအများသည်လည်း ထို ပိတ်ဆို့ခြင်းကို ဖြတ်ကျော်ရန် နည်းအမျိုးမျိုးသုံးကာ ကြိုးစားနေကြ၏။
အချို့က 360 ဒီဂရီ လှည့်ကန်ခြင်းကို အသုံးပြုကြသည်။ အချို့က အတားအဆီးများကို အခြားတစ်ယောက်၏ ဂုတ်ပေါ်မှနေ၍ကျော်တက်ရန် ကြိုးပမ်းနေကြသည်။ ထို့အပြင် သူမ၏ Chanel အိတ်ကို ဥက္ကာပျံသံတူကဲ့သို့အသုံးပြုကာ နံရံကိုဖျက်နေသော ဝတ်စုံဖြူဝတ်ဆင်ထားသော အမျိုးသမီးပင် ရှိသေး၏။
“အရမ်း အသက်ဝင်တာပဲ” ရှန်ဂျီ တွေးလိုက်သည်။
သူသည် ကမ်းခြေတွင် ပြားပြားဝပ်နေသော ဆားနယ်ခြင်းခံထားရသော ငါးတစ်ကောင်ကဲ့သို့ သူ့ရှေ့မှမြင်ကွင်းကို မလှုပ်မယှက် ကြည့်နေခဲ့သည်။ဘာလဲ သူကသေရမှာ မကြောက်ဘူးလား!
System- […]
Systemသည် ရှန်ဂျီတွင် တစ်ခုခုမှားနေသလို ခံစားရ၏။ ရှန်ဂျီသည် သုတေသနအဖွဲ့အစည်းတွင် ဆားနယ်ခံထားရသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သလိုပင် မြူခိုးထဲတွင်လည်း ထိုအတိုင်းပင် ရှိနေခဲ့သည်။ကမ္ဘာကြီးပြိုကျပြီး သေခြင်းတရားကိုရင်ဆိုင်ချိန်တွင်လည်း ရှန်ဂျီ သည် ဤအတိုင်းပဲဆက်နေအုံးမှာလား ဆိုသည်မှာ တွေးလို့ပင်မရနိုင်ချေ။
တကယ်လို့ ကမ္ဘာပျက်တဲ့နေ့ကို ရှန်ဂျီမမြင်လိုက်ရဘူးဆိုရင် ဒီနေ့မြူတွေကြားမှာ ပိတ်မိပြီးသေသွားလို့ပဲ။ သူက အခုထိ လှုပ်ကိုမလှုပ်တာ! ဘယ်လိုပဲ ဖြစ်ဖြစ် ငါ့ရဲ့တစ်ဦးတည်းသော အရှင်သခင်ဆိုတော့ သူ့ကို ကာကွယ်ပေးရမှာပဲ!
System: ” ဆုအနေနဲ့ရမယ့် လက်ဆောင်အသစ်က ကောင်းတယ်နော် ရှန်ဂျီ။သိတယ်မလား မင်း မြူခိုးလေးတွေကို ဖယ်နေသရွေ့ အဲ့ဒီလက်ဆောင်ရနေမှာလေ။မင်းအတွက် တကယ်ကိုအကျိုးရှိစေမယ့် သဘောတူညီချက်တစ်ခုပဲ”
Systemက အဆက်မပြတ်ကြိုးစားနေပေမယ့် အသုံးမဝင်ခဲ့ပါ။ ရှန်ဂျီ သည် လှုပ်ပင်မလှုပ်ပေ။
System: ” -.- ”
လူအများစုသည် နည်းလမ်းပေါင်းများစွာကို ကြိုးစားခဲ့ကြသော်လည်း အလုပ်မဖြစ်ပေ။မမြင်နိုင်သော နံရံတစ်ခုသည် လမ်းကိုပိတ်ဆို့ထားပြီး လူများသည် စည်သွပ်ဗူးထဲတွင်ရှိသော ဆာဒင်းငါးများကဲ့သို့ ပိတ်လှောင်ခံနေရသည်။
“အားလုံးပဲ စိတ်အေးအေးထားကြရအောင်။”
ထိုအချိန်တွင် မျက်မှန်တပ်ထားသော အမျိုးသားတစ်ယောက်သည် “ကျွန်တော်က မြူနှင်းလေ့လာရေးဌာနက လေ့လာသူပါ။ အခု မြူတွေပျံ့နှံ့နေတာကို အားလုံး မြင်တယ်နော်။မြူနှင်းအရောင်က အဖြူနဲ့ပန်းရောင်ပါ။ ဒါဟာ အနိမ့်ဆုံးအဆင့် မြူနှင်းတွေပေါ်လာခြင်းကို ညွှန်ပြနေတယ်”
သူသည် မျက်မှန်အနေအထားကို ပြင်လိုက်ပြီး
“အတွေ့အကြုံကိုအခြေခံပြီးပြောရရင် သာမန်လူတွေတောင် ဒီအဆင့်နိမ့် မြူမှုန်များကို ချေမှုန်းဖို့ တတ်နိုင်သေးတာပဲ။ကျွန်တော်တို့ စည်းလုံးနေသရွေ့ အဖြေရှာတွေ့မှာ သေချာပါတယ်။ဒီလူအုပ်ကြီးထဲမှာ ထူးခြားစွမ်းအင်အသုံးပြုသူရှိခဲ့ရင် ပိုအဆင်ပြေမယ်။ ဥပမာ အဆင့် 9..”
ထွားကျိုင်းလှသော ထိုသူက ကျယ်လောင်သောအသံနှင့် “ကျွန်တော်က သဘာဝအမျိုးအစား အဆင့် 9က ထူးခြားစွမ်းအင်အသုံးပြုသူဖြစ်ပြီး ‘အားဖြည့်စွမ်းပကား’ ဆိုတဲ့ စွမ်းရည်ရှိပါတယ်။ ဒါပေမယ့်ဒီတံတိုင်းကို မချိုးနိုင်ဘူး!”
ဝတ်စုံဖြူဝတ်ဆင်ထားသောအမျိုးသမီးက သူမ၏အိတ်ကို ပွေ့ပိုက်ကာ နံရံကိုတစ်ဒုန်းဒုန်း ဆောင့်နေ၏။သူမ၏မျက်နှာမှာ ဖြူဖျော့လျက်ရှိသည်။
“အနိမ့်ဆုံး မြူမှုန်ဖြစ်နေရင်တောင် သာမန်လူတွေရဲ့ ရှင်သန်မှုနှုန်းက 39% ပဲ ရှိတယ်။ ငါ့ရဲ့အပေါင်စာချုပ်က ဒီနေ့မှ အပြီးအစီးဆပ်လိုက်ရတာ။ ပြီးတော့ ခုနကပဲ KFC ဆိုင်ကနေ ကြက်ကြော်မှာထားသေးတယ်။ တကယ် မသေချင်သေးဘူး”
မျက်မှန်သမားက ထိုစကားကြောင့် ဆို့နင့်သွား၏။
39%! တကယ်မှန်တဲ့ ရာခိုင်နှုန်းပဲ!
အနိမ့်ဆုံးမြူခိုးတွေကပင် သာမန်လူများအတွက် ကြောက်စရာကောင်းသော အခက်အခဲများ ဖြစ်စေနိုင်သည်။ပြီးတော့ သူ… သူသည် မြူနှင်းလေ့လာရေးအဖွဲ့တွင် အလုပ်လုပ်နေသော်လည်း သူသည် သာမန်လူသားတစ်ယောက်သာဖြစ်သည်။ သဘာဝဘေးဒဏ်ကို သာမန်ပြည်သူတွေက ဘာများလုပ်နိုင်မတဲ့လဲ!ထို့အပြင် အဆင့်9 ထူးခြားစွမ်းအင်အသုံးပြုသူများပင် ဤတံတိုင်းကို မဖြတ်ကျော်နိုင်ခဲ့ချေ။
လေ့လာသူတစ်ဦးအနေဖြင့် ထူးခြားစွမ်းအင်အသုံးပြုသူများနှင့် ဂြိုလ်သားများမှာ လွန်စွာကွဲပြားကြောင်း ကောင်းစွာသိရှိထားပေသည်။ အဆင့်9သည်ပင် ဂြိုလ်သားများ၏စွမ်းအားကို မယှဉ်နိုင်ပေ။အနိမ့်ဆုံးအဆင့်ရှိ ဂြိုလ်သားများသည်ပင် အဆင့်9ထူးခြားစွမ်းအင်အသုံးပြုသူများထက် များစွာပိုမိုအားကောင်းကြပြီးတစ်ခါတစ်ရံတွင် အဆင့်8 ထူးခြားစွမ်းအင်အသုံးပြုသူများကပင် ဂြိုဟ်သားတို့အား ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ထိုစွမ်းအင်တို့မှာ ကိုယ်ပိုင် သန္ဓေပြောင်းလဲမှု အဆင့်ဖြင့်သာ ဆုံးဖြတ်ခြင်းဖြစ်သည်။လူသားများသည် ဂြိုလ်သားများထက်မွေးရာပါ အားနည်းချက်ရှိသည်မှာ အမှန်ပင်။
“ဆရာက စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ လေ့လာသူဆိုတော့ ဒီလိုအဖြစ်အပျက်တွေကို အများကြီးတွေ့ဖူးခဲ့မှာပဲ။ကျေးဇူးပြုပြီး ကူညီနိုင်မယ့် နည်းလမ်းစဉ်းစားပေးပါ ”
မိခင်တစ်ယောက်သည် သူ့ကလေးကို လက်ဆွဲကာ သူ့ထံပြေးလာခဲ့၏။ သူမသည် ပိတ်ရက်တွင် သူ့သားနှင့်အတူ တက္ကသိုလ်နယ်သို့ အလည်အပတ်လာခဲ့ခြင်းဖြစ်ပြီး အိမ်အပြန်လမ်းတွင် ဤအခြေအနေနှင့် ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
မျက်မှန်တပ်ထားသော လေ့လာရေးအဖွဲ့ဝင်သည် ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်သည်။
” စိတ်မပူပါနဲ့ ကျွန်တော် တစ်ခုခုတော့ တွေးလို့ရမှာပါ..”
System: ” ရှန်ဂျီ တစ်မိနစ်တောင်ကုန်သွားပြီ မေးလို့ရမလား။မင်းက စိတ်ကူးယဥ်အိပ်မက် ထဲကို ရောက်နေတာလား။ဒါမှမဟုတ် တကယ်တွေးနေတာလား ”
ရှန်ဂျီ : “သူတို့တွေ ရိုက်ရထုရတာ ငြီးငွေ့သွားရင် ခဏလောက်ထိုင်ပြီး အနားယူနိုင်မယ်လို့ ထင်တယ်”
“….”
နေရာပြောင်းသွားသော်လည်း ရှန်ဂျီထိုင်နေဆဲပင်။ခုံမရှိပဲလေပေါ်တွင်ထိုင်နေသော်လည်း သူ၏ကိုယ်ဟန်အနေအထားမှာ တည်ငြိမ်နေကာ လက်များကို ချိတ်ထားသည့် ခြေထောက်နှစ်ဖက်ပေါ်တွင် တင်ထား၏။ကျောကလည်း သဘာဝကျစွာ မတ်မတ်ထိုင်နေသည်မှာစိတ်အေးသက်သာစွာပင်။ သူ့ကိုမြင်သော မည်သူမဆို စကားနှစ်ခွန်းသာ ပြောနိုင်မည်ဖြစ်သည်။
“ကြော့ရှင်းတယ်”
“သိပ်ကို ကြော့ရှင်းတယ်”
ချန်ရှုးရှူးသည်ကား သူ့အတွက် လက်ခုပ်ပင်တီးပေးချင်သွားရသည်။သူသည် မြူခိုးများထွက်ပေါ်လာစဥ်က ရထား၏ရှေ့ပိုင်းကိုပြေးသွားရန်ကြံပြီးနောက် သူ့ဘေးမှ လှပသောအမျိုးသားကို ရုတ်တရက် သတိရမိသွားခဲ့သည်။မြူခိုးများကြားတွင် လှပသော ထိုလူ၏မျက်လုံးလေးများမှာဝိုင်းစက်ကာ ကြောက်ရွံ့ထိတ်လန့်ခြင်းနဲ့အတူ အားကိုးရာမဲ့ဖြစ်နေမည့်ပုံကို တွေးမိသည်။
ချန်ရှုးရှူးသည် သူ့စိတ်ကိုပြင်ဆင်လိုက်ပြီး သိမ်မွေ့နေမည့်လက်ကလေးကို ဆုပ်ကိုင်ရန် လက်ကိုနောက်ပို့လိုက်သည်။သို့သော် သူ့လက်ကို မထိရသေးခင် မြူခိုးများဦးစွာရောက်လာခဲ့သည်။ဆွဲဆောင်မှုရှိတဲ့ အလှတရားဟာ အမျိုးသားတွေကို ကြွေကျစေတယ်! ချန်ရှုးရှူး သည် ကောင်းစွာ ကြီးပြင်းလာသော်လည်း ပြဿနာများစွာရှိနေဆဲဖြစ်သည်။သူ ရှန်ဂျီကို ကြည့်လိုက်၏။ရှန်ဂျီသည် လေပေါ်တွင် ထိုင်နေသကဲ့သို့ သူ၏အောက်၌ခုံကဲ့သို့သော အထောက်အပံ့မရှိပေ။ဟမ်…ချန်ရှုးရှူး သည် သူ၏ မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်မိသည်။လေပေါ်ထိုင်နေတာတောင် လှပတဲ့အဲ့လူရဲ့ ကိုယ်ဟန်အနေအထားက ကြည့်ကောင်းလိုက်တာ သိပ္ပံနည်းကျမဟုတ်တာတောင်လေ!
ချန်ရှူးရှူးသည် ခေတ္တ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာဝပ်ချလိုက်ပြီး ထိုသူ၏ရှေ့ရှိ နေရာကိုလျှောက်ရန် မြူနှင်းများကြားတွင် စမ်းတဝါးဝါးဖြင့် ကြိုးစားနေလိုက်သည်။
ထူးဆန်းသည်မှာ သူသည် မည်သည့်အရာကိုမျှထိမထားသော်လည်း သူ့လက်ပေါ်မှဆွဲငင်အားတစ်ခုသည် အမှန်တကယ်ပင် အကူအညီဖြစ်ချေသည်။
“မထိုင်ဘူးလား” ရှန်ဂျီက ပြောလိုက်သည်။