Chapter 8
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 8 - ( စွမ်းအင်များကို အလဟသ ဖြုန်းတီးခြင်း )
အသံလွှင့်စက်မှာ တဖန်ပြန်၍ငြိမ်သွား၏။
အော်ဟစ်သံ…
အဝေးမှ ထူးဆန်းသောအသံများကို ခပ်တိုးတိုးကြားလိုက်ရသည်။
တီးတိုးတီးတိုး ပြောနေကြသောလူများ ခေတ္တငြိမ်သက်သွားကြ၏။
“ငါတို့ဒီလိုထိုင်နေတာ တကယ်ရော အဆင်ပြေ ပါ့မလား?”
ထိုအတွေးသည် လူတိုင်း၏ စိတ်ထဲတွင်ရှိနေလောက်သည်။ပြီးနောက် မြေအောက်ရထားတွင် ထိုင်ခုံများမှာ စည်းမျဉ်းများတွင်ပါရှိသောရာထူးများအတွက် ဖြစ်သည်ဟူသော အယူအဆမှာလည်း လူတို့၏ ထင်ကြေးများသာဖြစ်ပေသည်။
ရှန်ဂျီသည် သူ့လက်များကို ဂျယ်လ်ဖြင့် ဂရုတစိုက် ပွတ်သပ်လျက်ရှိ၏။
အရက်ပြန်ပါဝင်သော ပိုးသတ်ဆေးဂျယ်လ် 60မီလီမီတာပုလင်းကို တစ်ဝက်သာအသုံးပြုခဲ့ပေမယ့် ထိုအရာက သူ့ကိုသက်တောင့်သက်သာ ဖြစ်လာစေခဲ့သည်။
ပိုးသတ်ဆေးဂျယ်လ်သည် ရှန်ဂျီကို ဤရထားတွဲတွင် နောက်ထပ်ဆယ်မိနစ်ခန့် နေနိုင်စေရန် ကူညီပေးထားခဲ့သည်။
ထို့နောက်တွင် ရှန်ဂျီသည် အိပ်ကပ်ထဲသို့ ဂျယ်ဘူးကို သေချာပြန်ထည့်လိုက်ပြီး သူ၏ မျက်ခုံးများကို ဖြေလျှော့လိုက်သည်။
သို့သော် မျက်မှန်တပ်ထားသည့်အမျိုးသားမှာ မငြိမ်မသက်ဖြစ်စပြုလာတော့သည်။
“… စည်းကမ်းနံပါတ် (၃) မှာ စစ်ဆေးရေးမှူးတွေက ရထားတစ်စီးစီကို လှည့်ပတ်ပြီး စစ်ဆေးမယ်လို့ ပြောထားတယ်။ ဒါပေမယ့် နာခံမှုရှိရှိ အလုပ်လုပ်နေသရွေ့ငါတို့အပြစ်ပေး မခံရဘူးမလား”
ထိုသူက ဖုန်းကိုကြည့်ကာ ခပ်မြန်မြန်ရေရွတ်လိုက်သည်။ “ဟန်ဆောင်လို့ရတယ်ဆိုတာကရောဘာလဲ ရွေးချယ်ခွင့်လား”
သူ၏ဘေးတွင်ထိုင်နေသော အမျိုးသမီးသည် မိန်းကလေးတစ်ယောက်နှင့်အတူ သူ့ကို စိုက်ကြည့်နေ၏။
“ ငါတို့ဘာဆက်လုပ်သင့်လဲ ?”
ထိုသူက လေးနက်စွာတွေးပြီး ပြောလိုက်သည်။
“လောလောဆယ်မှာ အလုပ်အကြောင်းအရာနဲ့ ပတ်သက်ပြီး သတိထားစရာ မရှိဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေမှာ ဝီရိယရှိရှိလုပ်ရမယ်။ ဒါမှမဟုတ်ရင် အပြစ်ပေးခံရမယ်လို့ပြောထားတယ်။ ဒါကြောင့် အခုလုပ်ရမယ့်အရာက အလုပ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ အာရုံစိုက်ပြီး အဖြေရှာဖို့ပဲ”
အလုပ်တွင်ပါဝင်သည့် အကြောင်းအရာများကို မသိဘဲ အလုပ်လုပ်နေဟန် ဟန်ဆောင်၍ မရသည့်အပြင် သူတို့သည် အလုပ်ရုံများတွင် မှန်ကန်စွာထိုင်နေသော်လည်း စစ်ဆေးရေးမှူးများ၏ ကြီးကြပ်မှုကို မလွန်ဆန်နိုင်ပေ။
System: “ရှန်ဂျီ မင်းရော ဒီအလုပ်ကို ဘယ်လိုထင်လဲ?”
ရှန်ဂျီသည် ပြန်မဖြေခင် ခဏလောက်စဉ်းစားလိုက်သည်။
ရှန်ဂျီ: “လက်လျှော့လိုက်ခြင်း”
System : “အဲဒါကို ပြောတာ မဟုတ်ဘူးလေ။ စည်းမျဉ်းစည်းကမ်းတွေထဲက အလုပ်ရဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး စဉ်းစားမိတာ တစ်ခုခုရှိလားလို့?”
ရှန်ဂျီ: “ဘာမှမရှိဘူး! အလုပ်ဆိုတာ တသမတ်တည်းရှိတာမှ မဟုတ်ပဲ ပြောင်းလဲနေနိုင်တယ်။ ဒါပေမဲ့ လက်လျှော့လိုက်တယ်ဆိုတာက တသမတ်တည်း ဖြစ်နိုင်တဲ့အရာလေ မပြောင်းလဲဘူး”
System: “…”
ရှန်ဂျီ၏ စကားများသည် ထူးဆန်းစွာ အဓိပ္ပါယ်ရှိပုံရသည်။ System သည်ပင် ထိုစကားများကို ယုံကြည်လုနီးပါးပင်။
ထိုအချိန်တွင် သူတို့အရှေ့တွင်ထိုင်နေသော မိန်းကလေးမှ ထအော်လိုက်၏။
“ဟိုအပေါ်က ဘာကြီးလဲ?”
ကြိတ်စက်များဖြင့် ဖုံးအုပ်ထားသော သံမဏိစက်တစ်စင်းကို လူမြင်ကွင်းမှနေ၍ သူတို့အားလုံး လှမ်းမြင်လိုက်ရသည်။
ထိုစက်သည် လူသုံးယောက်စာ အမြင့်လောက်ရှိကာ အကျယ်မှာ နှစ်မီတာကျော်လောက်ရှိမည်ဟု ခန့်မှန်းရသည်။ တောက်လျှောက်လည်ပတ်နေသော စက်သွားများဖြင့် ဝိုင်းရံထားသော ထိုစက်သည် ထူးဆန်းသော ဆူညံသံများကို ထုတ်လွှင့်လျက်ရှိပေသည်။
မိန်းကလေး၏ ငယ်သံပါအောင်အော်သံကြောင့် ထိုစက်သည် လမ်းကြောင်းပြောင်းသွားကာ လူထုဆီသို့ဦးတည်လာခဲ့၏။
မိန်းမကြီးက ကြောက်ရွံ့စွာ မေးလိုက်သည်။
” ဆရာ အဲ့ဒါကရော အမြင်အာရုံလှည့်စားမှုပဲလား!”
“မဟုတ်လောက်ဘူး… အဲ့ဒါ စစ်ဆေးရေးမှူးဖြစ်လောက်တယ်”မျက်မှန်နှင့်လူက ပြန်ဖြေလိုက်သည်။
စည်းမျဉ်းများမှာ စစ်ဆေးရေးမှူးသည် လူ ဖြစ်သည်ဟု အတိအကျမပြောခဲ့ချေ။
ထိုစက်သည် လူထုကြီးသို့နီးကပ်လာပြီး တုန်ခါသံမှာလည်း လျှပ်စစ်လွှဆယ်စင်းသည် ပိုက်များကို အဆက်မပြတ်ဖြတ်နေသောအသံကဲ့သို့ပင် နားကွဲလုမတတ် ကျယ်လောင်လှချေ၏။
မရေမတွက်နိုင်သော ကြိတ်ဘီးများက တုန်လှုပ်ချောက်ချားဖွယ်ရာ ရှေ့တိုးနောက်ဆုတ် လည်ပတ်နေ၏။ထိုအရာတို့သည် သက်မဲ့အရာဝတ္ထုများဖြစ်သော်လည်း အပြင်းထန်ဆုံးသားရဲများထက်ပင် ပို၍ကြောက်စရာကောင်းနေခဲ့သည်။ ဖြတ်တောက်စက်၏ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားလျှင် သတ္တုတစ်ခုကိုပင်အစိတ်စိတ်အမွှာမွှာ ကွဲကြေစေနိုင်၏။ကွဲကြွေသွားသော အစိတ်အပိုင်းများက စက်၏ လည်ပတ်နေသော စုပ်ခွက်ထဲသို့ စုပ်ယူသွားခံရသဖြင့် ထိုစက်သည် သဲလွန်စပင်မရှိဘဲ အရာဝတ္တုတစ်ခုကို ဖျက်စီးနိုင်လေ၏။
System: ” ရထားတွဲနေရာလွတ်က 10 × 2.7 × 2 ရှိပြီးတော့ စစ်ဆေးရေးမှူးစက်ရဲ့ခန့်မှန်းထုထည်က 3 × 2 × 2 ဖြစ်မယ်ဆိုရင် ဘေးကင်းဧရိယာကိုတွက်ကြည့်လိုက်ရင် ရှန်ဂျီနေတဲ့ ဧရိယာဟာ သတ်မှတ်ထားသော ဘေးကင်းရေးဇုန်အတွင်းမှာရှိတယ်လို့ စည်းမျဉ်းများအရ သတ်မှတ်လို့ရတယ် ”
System: ” ပထမမေးခွန်းကို မှန်ကန်စွာဖြေဆိုနိုင်သည့်အတွက် ဂုဏ်ယူပါတယ်။ မြေအောက်ရထားရှိ မူလထိုင်ခုံများသည် အမှန်တကယ်ပင် စည်းကမ်းချက်တွင်ပါသော အလုပ်ရုံများဖြစ်ပါတယ်။ ယခု ဒုတိယမေးခွန်းမှာ-အလုပ်လုပ်ရာတွင် မည်သည့် ကိုယ်ဟန်အနေအထားသည် သင့်လျော်မည်နည်း”
” ဖော်ရွေစွာဖြင့် သတိပေးချက်- စာမျက်နှာများကိုလှန်ပြီး ကိုးကားချက်အဖြေများကို ကြည့်ရှုရန် system အား ထိပါ”
စစ်ဆေးရေးမှူးစက်၏ အကျယ်သည် လမ်းပေါ်တွင်သာ နေရာယူထားပြီး ဘေးနှစ်ဖက်ရှိ ထိုင်ခုံများသည် လူများအတွက် ဘေးကင်းရာနေရာများဖြစ်သည်။သို့သော် စက်ကြိတ်ဘီးများသည် ဘေးကင်းသည့်အတိုင်းအတာကို ကျော်လွန်သည်အထိ ကြီးမားကာ တစ်စုံတစ်ယောက်၏မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်သို့ အချိန်မရွေး ပြုတ်ကျသွားနိုင်လေသည်။
ထို “စစ်ဆေးရေးမှူး”စက်သည် အမြင်အာရုံလှည့်စားခြင်း ဟုတ်မဟုတ်ကို အတည်ပြုရန် လျိုယန်ဆင်းကဲ့သို့ မည်သူမှလည်း မစမ်းသပ်ရဲကြပေ။
လူတိုင်း၏ နောက်ကျောတွင် အေးစက်လှသောချွေးများကျ၍ လာ၏။
ထိုစစ်ဆေးရေးမှူးစက်သည် ရှေ့ဆုံးတွင်ထိုင်နေသော မိန်းကလေးနားကို ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။ဘီးကြိတ်သံများကလည်း ဆူညံလျက်ရှိ၏။ သုံးမီတာ၊ နှစ်မီတာ…
မိန်းကလေး၏မျက်နှာသည် စက္ကူကဲ့သို့ဖြူဖတ်သွားကာ သူတို့အဖွဲ့၏ဗျူဟာမှူးဖြစ်သည့် မျက်မှန်တပ်ထားသူ အမျိုးသားဆီသို့ ထိတ်လန့်တကြား လှည့်ကြည့်လိုက်၏။
ထိုလူက အံကြိတ်ကာ မိန်းကလေးကိုပြောလိုက်သည်။
“ငုံ့၊ ခေါင်းကို ငုံ့ထားလိုက်။ တစ်ခုခုကို အာရုံစိုက်ပြီး လုပ်နေသလို ဟန်ဆောင်လိုက်။ လက်တွေကိုစားပွဲပေါ်တင်ထားသလိုနေ အနီးစပ်ဆုံးတွက်ချက်ရရင် မြေပြင်ကနေဘယ်လောက်အမြင့်လည်းဆိုတော့…”
မျက်မှန်တပ်ထားသူသည် အဝေးမှ စက်ယန္တရားဆီသို့ ခက်ခက်ခဲခဲ စိုက်ကြည့်လိုက်သော်လည်း သူ့လိုအဝေးမှုန်သမားအတွက် ခန့်မှန်းရန်မလွယ်ကူပေ။
ကောင်းပြီ။ ထိုအရာသည် မှန်းဆပြီးလုပ်ရမည့် အရာမှန်သော်လည်း အပြင်မှ စက်ယန္တရားများနှင့် ဆက်စပ်နေပေသည်။အပြင်လောကကဲ့သို့ ထိုစက်များဘေးတွင် မထိုင်နိုင်ကြသော်လည်း လေဟာနယ်ထဲမှစက်တို့၏ တည်ရှိမှုသည် လုံးဝအဓိပ္ပါယ်မရှိခြင်းတော့မဟုတ်ပေ။ သူတို့၏ အလုပ်အကြောင်းအရာသည် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများနှင့်ဆက်စပ်ပေသည်။ဥပမာ ဝက်အူများကျပ်ရသော အလုပ်လည်းဖြစ်နိုင်သည်။ထိုမှတဆင့် လုပ်ငန်းခွင်အတွင်းမှရှိသင့်သောကိုယ်ဟန်အနေအထားကို ကောက်ချက်ချနိုင်သည်။ အလုပ်သမားတို့သည်သေချာပေါက် ကိုယ်ကို ကိုင်းရမည်။ ခေါင်းကို ငုံ့ရမည်။ အလုပ်အတွက် တစ်ခုခုကို ကိုင်ထားရမည်။ခန္ဓာကိုယ်ကို ကိုင်းရန်နှင့် ခေါင်းကိုငုံ့ရန် မှာ လွယ်ကူသော်လည်း ဘာမှမရှိသောလေထဲတွင် တစ်စုံတစ်ခုကိုကိုင်ထားသည့်ပုံကို မည်ကဲ့သို့ဟန်ဆောင်နိုင်မည်နည်း။
ကိုယ်ဟန်အနေအထား အနည်းငယ်လွဲချော်နေသော ခြေလက်တို့ကိုပင်လျှင် ထိုစက်၏ဘီးများက ဖြတ်တောက်ပစ်နိုင်ပေသည်..။
ယုတ္တိဆန်စွာတွေးရလျှင် လက်၏အမြင့်သည် ထိုစက်များ၏အလုပ်စားပွဲအမြင့်နှင့် အတူတူပင်ဖြစ်သင့်သည်။သို့သော် မည်သူက အကြည့်တစ်ချက်ထဲဖြင့် တိကျလှသောအမြင့် အတိုင်းအတာကို ခန့်မှန်းနိုင်မည်နည်း။
ထိုစည်းကမ်းကိုသတ်မှတ်ထားသူသည် လူတို့ကို လွယ်လွယ်ကူကူ မဖြတ်သန်းနိုင်စေရန် ပြုလုပ်ထားခြင်းဖြစ်ရမည်။သို့မဟုတ် ဤစည်းမျဉ်းတို့သည် သေချာပြင်ဆင်ထားသော သေမင်းထောင်ချောက်တစ်ခုပင်ဖြစ်ချေ၏။
“0.679မီတာ”
ထိုအချိန်တွင် ကောင်းကင်တေးသွားကဲ့သို့ ငြိမ့်ညောင်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။
မျက်မှန်တပ်ထားသူက ရုတ်တရက်လှည့်ကြည့်လိုက်ရာ ထောင့်စွန်းမှာထိုင်နေသော လူနှစ်ယောက်ထဲမှ တစ်ယောက်၏အသံ ဖြစ်ကြောင်းတွေ့လိုက်ရသည်။
ထိုသူတွင် ဖြူကောင်နှင့်တူသော ဦးခေါင်းရှိပြီး ချောမောသော ရုပ်သွင်တစ်ခု ရှိသည်။ သူ၏ဘေးတွင် ထိုင်နေသောလူငယ်သည် သုတေသနအဖွဲ့အစည်း၏ အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားကာ ရှည်လျားသောဆံပင်ကို တစ်ဝက်စည်းပြီး တစ်ဝက်ကိုချထား၏။ ထိုသူ၏ကျော့မော့လှသည့်ပုံစံသည် အင်တာနက်ပေါ်တွင် လှပသောမျဉ်းကွေးများနှင့် စေ့စေ့စပ်စပ်ဖန်တီးထားသော ကျော်ကြားသူများ၏ သုံးဖက်မြင်ပုံနှင့်ပင် ခွဲမရအောင်တူချေသည်။
ထိုသူနှစ်ယောက်တို့သည် ထိုင်ခုံများကို ပထမဆုံးရလိုက်ကြသူများဖြစ်ကြသည်။သူတို့တွင် ဖုံးကွယ်ထားသောစွမ်းရည်များရှိနေသလား!မျက်မှန်နှင့်အမျိုးသားသည် စဉ်းစားနေရန်အချိန်မရှိပေ။
0.679m …စစ်ဆေးရေးမှူးစက်သည် ကိုယ်ဟန်အနေအထားကို မီလီမီတာအရလိုက်၍ တိုင်းတာသည်အထိ တိကျသည်ဖြစ်စေ မတိကျဖြစ်စေ သူတို့တွင် တွေဝေနေရန် အချိန်မရှိပေ။ သူသည် လက်မောင်းအမြင့်တိုင်းတာခြင်း စနစ်ကိုကျင့်သုံးလိုက်သည်။သူ၏ မူလလက်မောင်းအမြင့်မှာ 65 cm ဖြစ်ပြီး 2cm ထပ်ပေါင်းလျှင်..
“ဒီအမြင့်ပဲ မင်းရဲ့လက်ကို ဒီလောက်ထိအပေါ်မြှောက်လိုက်”
မျက်မှန်နှင့် အမျိုးသားသည် သူ၏လက်မောင်းကိုမြှောက်ပြကာ ညွှန်ကြားလိုက်သည်။
ထိုမိန်းကလေး၏ မျက်လုံးများတွင် မျက်ရည်များဝဲနေပြီး မျက်နှာမှာလည်းစက္ကူကဲ့သို့ဖြူဖျော့လျက်ရှိသည်။သူမသည် ထိုအမျိုးသား၏ ညွှန်ကြားချက်အတိုင်း လေးမီတာ ငါးမီတာခန့်မှန်းကာ လက်ကိုလိုက်မြှောက်သော်လည်း လက်အမြင့်မှာ မတူချေ။
ဤသည်ကိုမြင်လျှင် ထိုအမျိူးသား၏ဘေးမှ အမျိူးသမီးတစ်ယောက်က အကြံရသွားခဲ့သည်။သူမ၏ညာဘက်လက်ကို ထိုအမျိုးသား၏လက်အမြင့်အတိုင်း မြှောက်လိုက်၏။ထိုမှတဆင့် ထိုအတိုင်းအတာအတိုင်း ကူးယူကာ သူမ၏ ဘယ်ဘက်လက်ကိုလည်းမြှောက်လိုက်သည်။ မိမိဘေးမှ ခရီးသည်အား ထိုနည်းအတိုင်းထားရှိရမည့် လက်အမြင့်ကို ကူးယူစေလိုက်၏။
” မြန်မြန်လုပ် ဒီအမြင့်အတိုင်း ဟိုမိန်းကလေးဆီရောက်အောင် မြန်မြန်လုပ်ကြပါ”
သူမ၏လက်နှင့် ထိနေသောဘေးမှ ခရီးသည် သည် ပထမတွင် အနည်းငယ်တွေဝေသွား၏။ထိုနောက်မှ သဘောပေါက်သွားရကာ ထိုအမျိူးသမီး၏ လက်မြှောက်ထားသော အမြင့်အတိုင်း သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်၏။
” မြန်မြန် လုပ်ကြပါ”
ရထားတွဲပေါ်မှ ခရီးသည်များသည် လက်ဆင့်ကမ်းပြိုင်ပွဲ ကစားနေကြသကဲ့သို့ပင် လက်မြှောက်ရမည့်အကွာအဝေးကို တစ်ယောက်ထံမှတစ်ယောက် ကူးယူလိုက်ကြသည်။ စစ်ဆေးရေးမှူးစက်သည် မိန်းကလေးထံသို့ရောက်လုနီးပါးအချိန်တွင် သူမသည်လည်း သူမဘေးမှ ခရီးသည်၏လက်နှင့် ထိမိသွား၏။မိန်းကလေးသည် ဖုန်းကို ကောက်ကိုင်လိုက်ကာ သူမ၏လက်ကို ထိုအတိုင်းအတာအတိုင်းမြှောက်ထားလိုက်သည်။ထို့နောက်သူမသည် တုန်တုန်ယင်ယင်နှင့် ခေါင်းငုံ့ကာ အလုပ်လုပ်နေဟန် ဟန်ဆောင်လိုက်၏။
မရေမတွက်နိုင်သော စက်သွားများသည် သူမ၏ ဦးခေါင်း၊ လည်ပင်းနှင့် ခါးတစ်ဝိုက်တို့တွင်ရစ်ဝဲနေကြသည်။ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်၏ စက်ဆုပ်စရာကောင်းလှသည့်လက်တို့သည် လူသားများဆီသို့ ချဥ်းကပ်နေသကဲ့သို့ပင်။ထိုမိန်းကလေးသည် တုန်ရီနေကာ ကြွက်သားများကိုပင် မလှုပ်ဝံ့ဘဲ နှုတ်ခမ်းကို ဖိကိုက်ထားရ၏။
သုံးမီတာရှည်သော စက်သွားသည် သူမအနားမှ ဖြည်းညှင်းစွာ ဖြတ်သွားခဲ့ပြီး သူမ၏ဖုန်းအား ဖြတ်ချလိုက်၏။တစ်ဝက်က မြေပြင်ပေါ်သို့ ပြုတ်ကျကာ ကျန်တစ်ဝက်ကို စက်၏ စုပ်ခွက်ဖြင့် စုပ်ယူလိုက်သည်။သို့သော် မိန်းကလေးမှာ ထိခိုက်မှုမရှိဘဲ ကျန်ရှိနေခဲ့သည်။
စစ်ဆေးရေးမှူးသည် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး အလုပ်ရုံရှိလူတိုင်းသည် ထိုစိစစ်ခြင်းကို ခံကြရ၏။
System: “0.679 မီတာ၊ ရှန်ဂျီ အဲဒါကို ဘယ်လိုတွက်လိုက်တာလဲ?”
ရှန်ဂျီနှင့် ချန်ရှူးရှူးတို့၏ထိုင်ခုံသည် ထောင့်ဆုံးပိုင်းတွင်ရှိနေကြသဖြင့် စစ်ဆေးရေးမှူးစက်က စစ်ဆေးရန် ရောက်မလာသေးပေ။ system က အနည်းငယ် အံ့ဩစွာ မေးလိုက်၏။
အရာဝတ္တုများ၏ အတိုင်းအတာကို စင်တီမီတာဖြင့် တိကျစွာမြင်နိုင်သော လူတစ်ယောက်၏ သာမန်မျက်စိမှာ ချီးကျူးစရာဖြစ်သည်မှာ မှန်ပါ၏။ သို့သော် ဤမျှအကွာအဝေးကို မီလီမီတာဖြင့် အတိအကျဖော်ပြနိုင်ခြင်းမှာသာမန်လူတစ်ယောက်၏ စွမ်းရည်အနေဖြင့်မဖြစ်နိုင်ချေ။
System သံသယဝင်လာ၏။
ရှန်ဂျီ: ” သေချာတာပေါ့။ ငါမြင်တယ်လေ”
ထို့နောက် systemသည် ရှန်ဂျီ၏ မျက်လုံးထဲမြင်ကွင်းနယ်ပယ်ကို စူးစမ်းစွာကြည့်လိုက်သည်။ရှန်ဂျီ၏မျက်လုံးထဲတွင် ဒေတာမျက်နှာပြင်ကို ဖြန့်ကျက်ထား၏။ လင်းလက်သောအစိမ်းရောင်ဒေတာကြိုးများဖြင့် ကမ္ဘာကြီးတစ်ခုလုံး၏ မြင်ကွင်းကို ချိတ်ဆက်ထားကာ အသုံးပြုထားသောနည်းပညာမှာလည်း ခေတ်မီလွန်း၏။
System: “အဟက် ရှန်ဂျီ မင်းမျက်လုံးထဲမှာ ဘာဖြစ်နေတာလဲ?”
ရှန်ဂျီ : “AR ပုံရိပ်ဖော်စနစ်”
Systemသည် ထိတ်လန့်တုန်လှုပ်သွား၏။ “မင်းမျက်လုံးထဲမှာ AR ပုံရိပ်ဖော်စက်ကို တပ်ထားတာလား”
ရှန်ဂျီက မငြင်းပဲ ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေလိုက်သည်။
“အင်း ငါက နည်းနည်း အရောင်တွေကို မခွဲတတ်လို့ တပ်ထားတာ”
ထိုနည်းပညာသည် ရာစုနှစ်တစ်ခုနီးပါးရှိနေပြီဖြစ်သော်လည်း စက်ပစ္စည်းများ၏ သုံးရလွယ်ကူမှုသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကစိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေလျက်ပင်ဖြစ်သည်။
2044 ခုနှစ် ကမ္ဘာပျက်ကပ်ဖြစ်ပွားချိန်တွင် ဤနည်းပညာသည် လုံးဝရပ်တန့်သွားခဲ့ပြီး ထိုအချိန်မှစ၍ အသုံးနည်းသွားခဲ့သည်။
ထို့နောက်တွင် AR ၏ရည်ရွယ်ချက်မှာ အီလက်ထရွန်နစ်နည်းဖြင့် ပေါင်းစပ်ဖန်တီးထားသောပုံများဖြင့် လက်တွေ့မြင်ကွင်းကို လှပစေရန်ဖြစ်သည်။သို့သော် လက်တွေ့မြင်ကွင်းများပျောက်ဆုံးလုနီးချိန်တွင်မူ လှပသည်ဖြစ်စေ မလှပသည်ဖြစ်စေ AR နှင့်မသက်ဆိုင်တော့ပေ။
Systemသည် ဤအရာများကို နားလည်နေရခြင်းမှာ သူအနည်းငယ်စပ်စုထားခဲ့သော ဗဟုသုတအချို့ကြောင့်ဖြစ်သည်။
ယခုအခါ AR ဖွံ့ဖြိုးတိုးတက်မှု၏ အကြီးမားဆုံးစိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သော “အလွယ်တကူသယ်ယူနိုင်မှု” ဟူသောအခက်အခဲကို ရှန်ဂျီက ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်ခဲ့သည်။ရှန်ဂျီသည် AR တွက်ချက်မှုပုံစံအား သူ၏မျက်လုံးများတွင် ထည့်သွင်းထားသည်ကိုပင် ကျန်လူများရုတ်တရက် သတိမထားမိနိုင်ပေ။သူသည် ထိုပုံစံကို မျက်လုံးတွင် တိုက်ရိုက်မတပ်ဆင်ထားပဲ မျက်ကပ်မှန်နှင့် ဆင်တူသည့် ကိရိယာတစ်ခုဖန်တီးကာ တပ်ဆင်ထားခြင်း ဖြစ်နိုင်သည်။
ထို့အပြင် AR ၏အကူအညီဖြင့် ပြသထားသောပုံများသည် ရှန်ဂျီ၏အရောင်မခွဲခြားနိုင်ခြင်းကို အကူမညီမပေးနိုင်ချေ။ သို့သော် AR ဖွံ့ဖြိုးတိုးတက်မှု၏ ဒုတိယအကြီးမားဆုံးစိန်ခေါ်မှုဖြစ်သော လက်တွေ့နှင့် တည်မြဲခြင်းပြသနာတို့ကိုလည်း ပြီးပြည့်စုံစွာဖြေရှင်းကာ AR စနစ်ကို သူ့အတွက်အသုံးဝင်အောင် ပြုပြင်ဖန်တီးနိုင်ခဲ့၏။
နိဂုံးချုပ်အားဖြင့် ယခုခေတ်မတိုင်မီအချိန်ကဆိုလျှင် ရှန်ဂျီ၏တီထွင်မှုသည် သူ့အားအဆုံးမရှိသော မူပိုင်ခွင့် အခကြေးငွေများရရှိစေနိုင်ကာ အောင်မြင်သူတစ်ယောက်အဖြစ် တွန်းပို့ပေးနိုင်မည် ဖြစ်သည်။ကံမကောင်း အကြောင်းမလှစွာဖြင့် ယခုအချိန်မှာ ကမ္ဘာပျက်ခေတ်သို့ ရောက်ရှိ နေလေပြီ။
Systemသည် စိတ်လှုပ်ရှားလျက်ရှိသည်။
“ဒါက ဉာဏ်ကြီးရှင် တီထွင်မှုတစ်ခုပဲ!”
“ဒီလောက်ဉာဏ်ကောင်းတဲ့သူက ဖိနှိပ်ရေးကိရိယာပုံစံတွေလုပ်ပြီး ကိုယ့်စွမ်းရည်တွေကို ဖြုန်းတီးနေတာမဟုတ်ဘူးလား!”
System: “ရှန်ဂျီ မင်းက ဋ္ဌာန1 မှာရှိတဲ့ အမြင့်ဆုံးဓာတ်ခွဲခန်းမှာ တိုက်ခိုက်ရေး အရိုးစုတွေကို သုတေသနလုပ်သင့်တာ။မင်း သေချာပေါက် ရာထူးတိုးပြီး အောင်မြင်မှာပဲ”
ရှန်ဂျီက ပေါ့ပါးစွာ တွေးလိုက်သည်။ ဤခန္ဓာကိုယ်၏မူလပိုင်ရှင်သည် ပါရမီရှင်တစ်ယောက်ပင်။ဉာဏ်မကောင်းလျှင် သုတေသနအဖွဲ့အစည်းကို ဝင်၍မရချေ။
“ကံမကောင်းစွာပဲ ပါရမီရှင်က ခေတ်မှားပြီး မွေးဖွားလာခဲ့ရတယ်လို့ !”
စစ်ဆေးရေးမှူးစက်သည် ရှန်ဂျီနှင့် နီးလာချေပြီ။
သူ့အနီးသို့ ချဉ်းကပ်လာသည့် လျင်မြန်စွာ လည်ပတ်နေသောစက်သွားကို ရှန်ဂျီ ကြည့်လိုက်သည်။သူ၏နားထဲတွင် စက်၏ဆူညံသောအသံများ ပဲ့တင်ထပ်နေပြီး မျက်လုံးများကို ပိတ်ထားလိုက်ရသည်။
သူ့ခန္ဓာကိုယ်မှသွေးများ လျင်မြန်စွာ စီးဆင်းနေ ကြသည်။သူ့ကို အကောင်အထည်မမြင်ရသော အရာတစ်ခုက နှစ်ရှည်လများ ဖမ်းချုပ်ထားပြီး အရိပ်တစ်ခုသည် သူ၏နောက်သို့ လိုက်ကာ သူ့ကိုခေါ်နေသည်ဟု ခံစားနေရသည်။
သေချာတာကတော့ ဤခေါ်ဆိုမှုကို သူသည် စက်ဆုပ်ခြင်းမရှိပေ။ သို့သော် သူ ဇန်လင်ကိုသူတွေးမိသွားသည်။
ဇန်လင်သာ ရှိနေပါက သူ့အခြေအနေ ပိုကောင်းလိမ့်မည်ဖြစ်သည်။
အနည်းဆုံးတော့ ငါ့လည်ပင်းကို လွှဓားမထိစေချင်ဘူး!
Systemသည် အစက ချီးကျူးနေခြင်းကို ရပ်တန့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
System: “ရှန်ဂျီ !!! မြန်မြန်ငုံ့လိုက်!!!!”