Chapter 3
“ဒေါက်တာ ကျွန်တော်အခုခေါင်းကိုက်နေတယ်.. ဘာကိုမှမမှတ်မိဘူး..ဘယ်လိုလုပ်ရမလဲ.. ကျွန်တော့မှာ ဘယ်လိုရောဂါမျိုးရှိနေတာလဲ ဘာလို့ဆေးရုံကို ရောက်နေရတာလဲ”
သူသည် စင်္ကြံ၏အဆုံးဆီသို့ ပြေးသွားလိုက်သည်..ထိုနေရာ၌ လေးလံသောသတ္တုတံခါးတစ်ခုရှိနေပြီ သူထိုတံခါးကိုဖွင့်လိုက်သော်လည်း နည်းနည်းမှမပွင့်သွားပါချေ
တံခါးကို သော့ခတ်ထားလေရာ သူ့အတွက် ထွက်လမ်းမရှိပေ
သူ့နောက်မှာ ဆရာဝန်က ရုတ်တရက် ရပ်တန့်သွားသည်
“တကယ် မမှတ်မိဘူးလား”
ထိုဆရာဝန်၏အမေးစကားသံက ထွက်ပေါ်လာ၏
“တစ်ခုမှ မမှတ်မိဘူး!”
လော့ယွီသည် နောက်သို့လှည့်လိုက်ရသည်.. ယခုအချိန်တွင် သူသည် ထိုဆရာဝန်နှင့် တံခါးကြားထဲတွင် ညှပ်နေလေ၏.. သူက သနားစရာကောင်းအောင် တံခါးကိုကျောမှီလိုက်ပြီး သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အလွန်နာနေသည့်ပုံ ဟန်ဆောင်လိုက်သည်
“အိုး! ကျေးဇူးပြုပြီး ဒေါက်တာရေ ဓားကိုချပြီး ကျွန်တော့ကို အရင်ကူညီဖို့ အာရုံစိုက်သင့်တယ်မဟုတ်လား..ကျွန်တော့ကို မှတ်ဉာဏ်ပြန်ရအောင် ကူညီပေးနိုင်ရင် ကျွန်တော်ဘာမဆိုလုပ်ပေးပါ့မယ်”
သူ အခုနေ အာရုံလွဲအောင်မလုပ်နိုင်ရင် သေတော့မှာပဲ
လော့ယွီသည် လိပ်ပြာတောင်ပံများကဲ့သို့သော သူ၏မျက်တောင်များကို အတင်းပွတ်သပ်၍ မျက်ရည်ကျအောင် လုပ်ဆောင်လိုက်သည်.. ခဏအကြာ သူ့မျက်လုံးများ နီရဲလာကာ မျက်ရည်တစ်စက်က သူ့ပါးပြင်ပေါ်သို့ လျှောကျလာပြီးနောက် သူ့ လည်ပင်းအောက်ထိပါ တစ်ဖြေးဖြေးလိမ့်ဆင်းသွား၏
ဒေါက်တာက လော့ယွီနဲ့ တစ်မီတာအကွာလောက်မှာရပ်နေပြီး သူ့ ကိုသံသယနဲ့ စောင့်ကြည့်နေသည်
စင်္ကြံရှိ အခြားအခန်းများမှ ထွက်လာသည့် ခြေလှမ်းသံများကို သူကြားနေရသည်
သူဆက်လက်စောင့်ကြည့်ချင်သေးသော်လည်း အပြင်ဘက်ရှိအခြေအနေကို တံခါးကြားမှမြင်လိုက်ရသောကြောင့် သူ၏လုပ်ရပ်ကိုရပ်တန့်လိုက်သည်
ဒေါက်တာသည် သူ့အိတ်ကပ်ထဲရှိ ပန်းသီးကိုထုတ်ယူလိုက်ပြီး လော့ယွီကိုသေချာစိုက်ကြည့်လိုက်သည်..ပြီးလျှင် သူက ထိုပန်းသီးကို အခွံနွှာပြီး ဓားဖြင့်ထိုးစိပ်လိုက်လေ၏
“ဘယ်ဘက်မှာရှိတဲ့ အခန်းကိုအရင်သွား လိုက်ပါ..ငါ မင်းကို စစ်ဆေးပေးမယ်”
လော့ယွီ- …. သူ့ရဲ့ရည်ရွယ်ချက်ရှိရှိလုပ်ပုံကြီးက
လော့ယွီသည် ပန်းသီးကို စိုက်ကြည့်နေရင်း သူ့ခေါင်းကကြိမ်းလာသလိုခံစားလိုက်ရသည်
သို့သော် အခြားရွေးချယ်စရာမရှိသဖြင့် ဆရာဝန်၏ညွှန်ကြားချက်များကိုသာ လိုက်နာနိုင်ခဲ့သည်
အသက်ပြင်းပြင်းရှူရင်း ထလိုက်ကာ ဦးနှောက်စကင်န် စစ်ဆေးသည့်စက်ရှိနေသော ဘယ်ဘက်အခန်းထဲသို့ ဝင်လိုက်ရသည်
လော့ယွီစက်၏အရှေ့တွင်ထိုင်လိုက်သည်.. သူ၏မျက်လုံးများမှာ မျက်ရည်များကင်းစင်နေပြီး ကြည်လင်နေ၏
သူ့ကိုသတ်ရန် ဆရာဝန်၏ စိတ်အားထက်သန်ပုံကြောင့် ဒီအပြိုင်ကမ္ဘာတွင်သူ၏သေဆုံးမှုနှင့်တစ်ခုခုဆက်စပ်နေဟန်ရသည်
လော့ယွီက အေးအေးဆေးဆေးပင် ဒီကမ္ဘာနှင့် ပေါင်းစပ်လိုက်ပြီဖြစ်သည်
သူ၏မှတ်ဉာဏ်ဆုံးရှုံးမှု စမ်းသပ်ချက်ကအလုပ်ဖြစ်ပုံရသည်
သူမှတ်ဉာဏ်ပျောက်သွားကြောင်း အဖြေထွက်လာသောအခါ ဒေါက်တာ၏လူသတ်လိုရိပ်သည် သိသိသာသာလျော့နည်းသွား၏
ထိုအခြေအနေကြောင့် မူရင်းကိုယ်က သေစေ လောက်သည့် လျှို့ဝှက်ချက်ကြီးကြီးမားမားတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်နိုင်သည်ဟု သူကောက်ချက်ချလိုက်သည်
ဒေါက်တာဒွန်း ဝင်လာသောအခါ လော့ယွီသည် ချက်ချင်းပင်နာကျင်ကိုက်ခဲနေဟန်ဖြင့် သူ့ခေါင်းကိုဆုပ်ကိုင်လိုက်သည်
ဒေါက်တာသည် ဘာမှမပြောပဲ တိတ်တဆိတ်ပင် စက်ကိုထပ်မံဖွင့်လိုက်ပြန်သည်
ငါးမိနစ်လောက်ကြာသောအခါ သူက ဖန်သားပြင်ကိုစိုက်ကြည့်ရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ရေရွတ်လိုက်၏
“သူတကယ်ပဲ မှတ်ဥာဏ်တွေပျောက်ဆုံးသွားပြီလား”
လော့ယွီ၏မသိနားမလည်ပဲ မေးခွန်းထုတ်နေဟန်ပေါ်သောအကြည့်ကိုမြင်လျှင် ဒေါက်တာဒွန်းက ချောင်းတစ်ချက်ဆိုးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြန်ဖြေပေးလိုက်သည်
“လူနာလော့ယွီက မမြင်ရတဲ့ဦးနှောက်ဒဏ်ရာတစ်ခုခုကြောင့် မှတ်ဉာဏ်တွေကိုဆုံးရှုံးသွားတဲ့ပုံပဲ.. မင်းရဲ့ အရင်ကမှတ်ဉာဏ်တွေကို ပြန်မရနိုင်တော့မှာစိုးရတယ်”
လော့ယွီ- ‘…..’ ကြင်နာတတ်တဲ့ ဆရာဝန်ကောင်းတစ်ယောက်လိုဟန်ဆောင်နေပေမယ့် ဒီဒေါက်တာက စိတ်ထဲမှာပြုံးပျော်နေတယ်ဆိုတာ ငါသေချာပေါက်ပြောနိုင်တယ်
လော့ယွီက စိတ်ပျက်အားငယ်ဟန်ဖြင့် မျက်နှာကိုအောက်ချ၍ အကြည့်လွှဲလိုက်သည်
“ကျွန်တော်က ဘာလို့များ ကံမကောင်းနိုင်ရတာလဲ.. ဒီလိုပုံမျိုးနဲ့ ကျွန်တော်ဘယ်လိုနေရမှာလဲ”
ဆရာဝန်က သူ့ကို စိတ်သက်သာရာရစေရန်ပုခုံးကိုခပ်ဖွဖွပုတ်ပေးလာသည်
“စိတ်မပူပါနဲ့.. မင်းရဲ့အခြေအနေကို မင်းရဲ့ ကျောင်းအတိုင်ပင်ခံကိုရှင်းပြပေးမယ်.. သူတို့ မင်းကို အစကနေပြန်စဖို့ကူညီပေးမယ်ဆိုတာ သေချာပါတယ်.. လာ ငါ မင်းကိုလိုက်ပို့ပေးမယ်”
လော့ယွီက လေကိုခပ်ပြင်းပြင်းရှူရှိုက်ရင်း ခေါင်းညိတ်ပြပြီးနောက် အခန်းထဲက ထွက်လိုက်ပြီး ဆရာဝန်နောက်သို့လိုက်သွားသည်
ဆရာဝန်သည် စင်္ကြံအဆုံးတွင်ရှိသော လေးလံသည့်သတ္တုတံခါးကိုဖွင့်လိုက်သည်
မှတ်ပုံတင် ကောင်တာရှေ့တွင် လူများဖြင့်စည်ကားနေပြီး ဆေးရုံမှတ်ပုံတင်ခန်းမ အပြင်ဘက်တွင် အတန်းလိုက်ရှည်လျားစွာ တန်းစီနေကြသည်
ဆေးရုံလေထုအတွင်းတွင် ကလေးငိုသံများ၊မိဘများ၏ချော့မော့နေသောအသံများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ တိုင်ပင်နေသောအသံများဖြင့် စည်ကားဆူညံလျှက်ရှိသည်
သူ၏ နှလုံးသားထဲရှိ သေခြင်းတရားနှင့်ရင်ဆိုင်ခဲ့ရ၍ကြောက်ရွံ့ထိတ်လန့်မှုများသည် ယခုအခါ အသက်ဝင်လှသော ဆူညံသံများကြောင့် လျော့ပါးသွားလေသည်
ဒါပဲ အခုတော့ သူသေခါနီးအခြေအနေကနေလွတ်သွားပြီ
သတ္တုတံခါးကို ဖြတ်လျှောက်လိုက်ရင်း သူ့ လက်ဖဝါးတွင် ချွေးများရွှဲနေသည်ကို သတိထားမိလိုက်သည်
အခုလောလောဆယ် သူ့ရဲ့ဦးစားပေးအလုပ်က အဆောင်ကိုပြန်ပြီးအိပ်နိုင်ဖို့ပဲ
သူသည် ယနေ့၏အိပ်စက်ခြင်းတာဝန်ကို ဦးစွာပြီးမြောက်ရန်လိုအပ်သည်
လော့ယွီသည် ဆေးရုံနံရံပေါ်တွင်ချိတ်ထားသော ဒစ်ဂျစ်တယ်နာရီကို တစ်ချက်ကြည့်လိုက်သည်
[နံနက် ၀၂:၅၄]
🌠🌠🌠🌠🌠