Chapter 1
မကြာသေးခင်က ထျန်ကျောင်းရွာတွင် ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့သည်။ ညစာစားချိန်ပြီးနောက် လူတို့သည် အုပ်စုလိုက် အုပ်စုလိုက်စုဝေးလျက် တီးတိုး တီးတိုးဖြင့် အတင်းအဖျင်းပြောနေကြသည်။ ပထမ အတင်းအဖျင်းမှာ ဖန်မျိုးနွယ်မှ ဖန်ဟွိုက်၏ စေ့စပ်ပွဲ ဖျက်သိမ်းသည့် ကိစ္စပင်။ ထိုသို့ ဖျက်သိမ်းပြီးမကြာလိုက် သူ မြစ်ထဲမှကယ်တင်ခဲ့သော အဝတ်အစား အစုတ်စုတ်အပြတ်ပြတ်နှင့်လူကြောင့် သူ၏ ဂုဏ်သိက္ခာလည်း လုံးဝပျက်စီးသွားလေသည်။
“သနားစရာပဲ၊ အခုဆို သူ့ကို ဘယ်သူကမှ လက်ထပ်မှာ မဟုတ်တော့ဘူး”
ဤစကားကိုကြားပြီး လူတချို့မှာ ထိန်းမထားနိုင်ဘဲ ခိုးခိုးခစ်ခစ် ရယ်ကြတော့၏။ “မသိရင် အရင်ကတော့ လက်ထပ်ခွင့်တောင်းတဲ့သူ ရှိသလိုလိုနဲ့၊ညီအစ်ကိုဟွိုက်ရဲ့ ပုံကိုလည်းကြည့်ပါဦး ကျွတ် ကျွတ်… ပညာရှင်စာမေးပွဲအောင်တာနဲ့ ချန်းရှုဘက်က စေ့စပ်ပွဲချက်ချင်းဖျက်လိုက်တာလည်း အံ့ဩစရာ မရှိပါဘူး။”
“ပွင့်ပွင့်လင်းလင်းပြောရင် ချန်မျိုးနွယ်ကလည်း ကောင်းနေတာတော့ မဟုတ်ပါဘူး၊ အရင်က သူတို့လည်း အကူအညိီအတွက် ဖန်မျိုးနွယ်ကို မှီခိုခဲ့ရတာပဲ။ အခု မြစ်ကိုဖြတ်ပြီးတော့ တံတားကိုဖျက်လိုက်တာပေါ့ကွာ”
သို့သော် နောက်တစ်ယောက်တွင်မူ မတူသည့် အမြင်ရှိနေ၏။ သစ်သီးကိုစားရင်း သူပြောသည်မှာ “ချန်မျိုးနွယ်ကိုချည်း အပြစ်တင်လို့ မရဘူး။ ချန်းရှုက အခုဆို ပညာရှင် ဖြစ်နေပြီ၊ နောက်ဆို သူက နိုင်ငံတော်စာမေးပွဲဖြေရတော့မှာ၊ တစ်နေ့နေ့ ခရိုင် ပညာရှင်ဖြစ်လာမလားဆိုတာ မသိနိုင်ဘူးလေ”
လူတွေ ဖန်ဟွိုက်အကြောင်းပြောဆိုတိုင်း ခေါင်းရမ်းသက်ပြင်းချကြသည်ချည်း။
“သူက ယောက်ျားအများစုထက် ပိုသန်မာတယ်၊ သန်မာတဲ့ ကြွက်သားစိုင်တွေနဲ့ ကောအာမှဲ့ကလည်း မှိန်နေတာဆိုတော့ ဘယ်သူက သူ့ကို ယူချင်မှာလဲ”
ကြားရသည်မှာ မနှစ်မြို့စရာကောင်းသော်လည်း ဒါဟာ အမှန်တရားပဲဖြစ်သည်။ လူတိုင်းက တညီတညွတ်တည်း ခေါင်းညိတ်ထောက်ခံကြ၏။
ထိုအချိန်၌ သန်မာကြံ့ခိုင်သည့်ဖန်ဟွိုက်မှာမူ ညစာချက်ပြုတ်နေပြီး အပြင်ဘက်ရှိစကားသံများကို သတိမပြုမိချေ။
ထိုစဉ် တောက်ပသောအပြုံးမျက်ဝန်းအစုံက သူ့အား စူးစူးစိုက်စိုက် ငေးကြည့်နေလေ၏။ ကျောက်ယွင်ချွမ်က လျှောက်ဝင်လာသည်။
“ညီအစ်ကိုဟွိုက် ဘာကူညီပေးရမလဲ”
မေးခွန်းသာဆိုပေမဲ့ သူ၏လက်ကတော့ ဟင်းသိးဟင်းရွက်များကို ဂရုတစိုက် လှီးချွတ်နေလေပြီ။
ဖန်ဟွိုက်တစ်ယောက်ရှက်သွေးဖြန်းပြီး အကြည့်ချင်းမဆုံဘဲ “အခုမှ နေကောင်းခါစကို နားသင့်တယ်”
ဟဟ
ကျောက်ယွင်ချွမ်က ခပ်ဟဟရယ်မောသည်။ သူ၏အနာဂတ်ဇနီးလောင်းက သူ့အတွက်စိုးရိမ်ပေးနေသည်တဲ့_ ပျော်စရာကောင်းလှ၏။
ဤကမ္ဘာသို့ ကျောက်ယွင်ချွမ်ရောက်လာသည်မှာ လွန်ခဲ့သော သုံးရက်ကဖြစ်သည်။ ကားဘရိတ်ပေါက်၍ မြို့တော်ကျုံးထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။ သူ၏ပါးစပ်နှင့် နားတို့ထဲ မြစ်ရေတို့ ဒလဟောဝင်လာပြီး ဒီခါတော့ ငါသေတော့မှာပဲဟု ထင်လိုက်သည်နှင့် တောင့်တင်းသန်မာသည့် ရင်အစုံက သူ့အား ပွေ့ဖက်လာသည်။
သည်နှစ်များအတွင်း မည်သူနှင့်မျှ သူ နီးနီးကပ်ကပ်မနေဖူးပေ။ ထို့ကြောင့် မိန်းမောနေဆဲဖြင့် ထိုရင်ဘတ်ကို လှမ်းညှစ်လိုက်၏။ ဟမ်… အရမ်းကောင်းတာပဲ…
မျက်လုံးထပ်ဖွင့်ကြည့်လျှင် သူ ဤနေရာသို့ ရောက်နေပြီဖြစ်သည်။ အကြောင်းအရာများကို ညှိယူလက်ခံနိုင်သော သူ၏အရည်အချင်းနှင့်တောင်မှ အခြေအနေမှန်ကို သိမြင်ရန် သူ့အတွက် သုံးရက်လောက် အချိန်ယူခဲ့ရသည်။ တခြားကမ္ဘာဆီခရီးသွားခြင်းက ကြောက်စရာတော့မကောင်း_ ဤကမ္ဘာတွင် ထိတ်လန့်စရာကိစ္စမှာ အမျိုးသားများသည် ကောအာဟုခေါ်သော အမျိုးသားတချို့အား တရားဝင်လက်ထပ်နိုင်သည်တဲ့။ ကလေးတောင်မွေးနိုင်သည်တဲ့။
မည်သို့သော အံ့ဖွယ်ဘဝပါနည်း။ ပျော်လွန်း၍ လက်ခုပ်လက်ဝါးပင် ထတီးလိုက်ချင်သည်။
သူဟာ အမြဲတမ်း ယောက်ျားတွေကိုပဲ သဘောကျသည့်လူ။ ထို့ကြောင့် သူ၏ခေတ်သစ်ကမ္ဘာတွင် တွယ်တာစရာ မရှိခဲ့ပေ။ သို့ဖြစ်၍ တွန့်ဆုတ်ခြင်း မရှိဘဲ ဤကမ္ဘာတွင်သာ အပြီးတိုင် အသက်ရှင် နေထိုင်ရန် ဆုံးဖြတ်လိုက်တော့၏။
ကျောက်ယွင်ချွမ်နှင့် ဖန်ဟွိုက်တို့သည် အပြောအဆို အဆက်အဆံသိပ်မရှိလှပေမဲ့ ရက်အနည်းငယ်အတွင်း ဖန်မျိုးနွယ်၏အခြေအနေကို သူ လုံးလုံး နားလည်သဘောပေါက်သွားလေသည်။
ယခု ချက်ပြုတ်နေသော ညီအစ်ကိုဟွိုက်တွင် အချိုးကျနသောမျက်နှာ၊ သွယ်လျသောခါးနှင့် ခြေတံရှည်များရှိကာ ၁.၈မီတာကျော်လောက် အရပ်အမောင်းရှိသည်။ ရင်အုပ်မှာ ကျယ်ပြန်ကြံ့ခိုင်၍ တကယ်ကို ကျောက်ယွင်ချွမ်၏ စိတ်ကူးထဲက ယောက်ျားတစ်ယောက်ပင်။
ဒါ တကယ်ကိုဆိုးလွန်း၏။ သည်လိုအချိန်ကူးပြောင်းခြင်း၌ အပိုယောက်ျားပါရလိမ့်မည်ဟု သူ့အား မည်သူကမျှပြောမပြကြချေ။
အကြည့်တစ်ချက်က မလုံလောက်သဖြင့် နောက်တစ်ခါ ခိုးကြည့်မိသည်။
သူစိမ်းယောက်ျားတစ်ယောက်၏အကြည့်ကို အာရုံခံမိရကား ဖန်ဟွိုက်တစ်ယောက် သူ၏သည်းခံနိုင်သည့် အတိုင်းအတာသို့ရောက်လာပြီဖြစ်သည်။ သူ၏ဂျုံရောင်အရေပြားပေါ်တွင် ပန်းနုရောင်ဖျော့ဖျော့ပေါ်လာပြီး နားရွက်ထိပ်တို့ နီတက်နေသည်များ ချက်ချင်းသွေးထွက်တော့မလိုပင် ထင်ရသည်။ အံကိုအသာကျိတ်၍ သူမေးလိုက်၏။ “ဘာကြည့်နေတာလဲ”
ထိုအခါ ကျောက်ယွင်ချွမ်က ခပ်ဟဟရယ်လျက် ဘွင်းဘွင်းရှင်းရှင်းပြောချသည်။ “မင်းက ကြည့်ကောင်းလို့”
ထိုစကားကြောင့် ဖအေဖြစ်သူမွေးဖူးသော အမဲလိုက်ခွေးအား ဖန်ဟွိုက် သတိမရဘဲမနေနိုင်။ ထိုခွေးလေးသည်လည်း ထိုလူလို မျက်လုံးရွဲများဖြင့် လူအား လိုက်ကြည့်ရသည်ကို သဘောကျသည်။
ဖန်ဟွိုက်ကတော့ သူ့ကိုယ်သူ သတိရှိနေသည်။ သူဟာ ရွာ၌ ရုပ်အဆိုးဆုံး ကောအာအဖြစ် သတ်မှတ်ခံထားရသဖြင့် လူတိုင်းက တချို့မှာစိတ်ပျက်သောအကြည့်၊ တချို့က သနားသောအကြည့် စသည်ဖြင့် ထူးဆန်းစွာ ကြည့်ကြသည်။
“အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့” ဟု သူ ရေရွတ်လိုက်သည်။
“အဓိပ္ပါယ်မရှိတာမပြောရပါဘူး၊ မင်းက တကယ်ကြည့်ကောင်းတာ” ကျောက်ယွင်ချွမ်ကလည်း အခိုင်အမာဆို၏။ ထပ်လောင်းပြောသည်မှာ “မင်းက ကိုယ်မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ၊ သံသယဝင်စရာကို မလိုဘူး”
နာမည်ကျော်အနုပညာရှင်ထက်တောင်မှ ပိုကြည့်ကောင်းသေးသည်။
ဖန်ဟွိုက်ကတော့ ထိုစကားလုံးများအား ကျောက်ယွင်ချွမ်ဆီသို့သာ ပြန်ပေးလိုက်ချင်၏။ ကျောက်ယွင်ချွမ်ဟာ အမှန်တကယ် ချောမောသည့် ယောက်ျားတစ်ယောက်ဆိုသည်မှာ ထင်ရှား၏။ ဖန်ဟွိုက်မှာ ပညာမသင်ခဲ့ရသဖြင့် အလှအပကို ဖော်ကျူးရန် စကားလုံးအလှပဒေသာများကို မဖန်တီးတတ်ချေ။သို့သော် သူ့အတွက်တော့ ကျောက်ယွင်ချွမ်ဟာ ကောင်းကင်ဘုံက အမတတစ်ယောက်ထက်ပင် သာ၍ မင်သက်စရာကောင်းလွန်း၏။
ခဏအကြာ၌ ဖန်ဟွိုက်၏မိခင် ပိုင်ကွေ့ဟွားသည် အိမ်သို့ရောက်ရှိလာပြီး တစ်နေကုန် သက်ပြင်းလေးတွဲတွဲကြီးများသာ ချနေတော့၏။ သူမ၏ ကောအာလေးမှာ ဖအေနှင့်တူပြီး မြင့်မား ကြံ့ခိုင်လွန်းကာ ကောအာအများစုရှိသင့်သော ပျော့ပျောင်းနူးညံ့မှု အလှတရားတို့ ကင်းမဲ့လို့နေ၏။ နောက်ဆုံး သားဖြစ်သူအတွက် လက်ထပ်ပွဲစီစဉ်ခဲ့သော်ငြား ချန်မျိုးနွယ်ဘက်က လက်ထပ်ပွဲကိုဖျက်လိမ့်မည်ဟု ဘယ်သူထင်မည်နည်း။ ကျေးဇူးတရားမသိတတ်သည့် လုပ်ရပ်ပင်။
ယခုဆို သူမလည်းအသက်ကြီးပြီ၊ ဖန်ဟွိုက်၏အခြေအနေဟာလည်း မကောင်း၊ လက်တွဲဖော်ရှာဖို့ကလည်း အတော်လေး ခက်ခဲနေပြီဖြစ်သည်။ သည်ကနေ့လည်း ရွာထဲရှိ အောင်သွယ်တော်များ၏အိမ်တိုင်းဆီ တစ်အိမ်ဝင် တစ်အိမ်ထွက်သွားခဲ့ပေမဲ့ လှည့်ပြန်လာရသည်ချည်း။
သူမ အိပ်ပြန်ရောက်တော့လည်း ကျောက်ယွင်ချွမ်ကိုမြင်ပြီး သက်ပြင်းရှည်ကြီးမှာ ပိုလို့ လေးတွဲလာတော့သည်။ သည် ဝန်ထုပ်ဝန်ပိုးကြီးကိုလည်း သူမ မေ့တော့မလို့။ ဖန်ဟွိုက်၏ စိန်ခေါ်မှုများပြီးသား အိမ်ထောင်ရေးအလားအလာမှာ ပိုလို့ဆိုးဝါးလာ၏။ သူမ ခေါင်တရမ်းရမ်းသာလုပ်ပြီး ဘာမျှမပြောဘဲနေဖို့သာ ရွေးချယ်လိုက်သည်။
ညစာအတွက်မူ ပြောင်းဆန်ပြုတ်အပြင် ဖန်ဟွိုက်တစ်ယောက် ဟင်းသီးဟင်းရွက်အချို့ကို မွှေကြော်နေ၏။ သခင်လေးတစ်ယောက်ကဲ့သို့ ကျောက်ယွင်ချွမ်၏ အတော်လေး ညင်သာနူးညံ့သောအသွင်အပြင်ကို ပြန်မြင်ယောင်မိတော့ ဟင်းရွက်ကြော်ထဲသို့ ဝက်ဆီတစ်ဇွန်း ထပ်ထည့်လိုက်လေ၏။
ဒါဟာ မခမ်းနားမထည်ဝါပေမဲ့ အထူးသဖြင့် ရွာထဲရှိလူအများစုမှာ ဆင်းရဲလွန်း၍ ညစာတောင်မစားနိုင်ကြကြောင်း စဉ်းစားလိုက်ပါက အင်မတန်ကို ကောင်းလွန်းလှသည်။
ဖန်ဟွိုက်၏ဖခင် ဖန်တာ့ရှန်က အနည်းငယ်သာစား၍ မည်းမှောင်သော မျက်နှာထားနှင့် ထိုင်နေ၏။ ခြေထောက်တစ်ဖက်မှာကျောက်ပတ်တီးစီးထားရဆဲဖြစ်ကာ ဘေးဘက်ရွှေ့၍ ဆေးတံဖွာနေသည်။
ပိုင်ကွေ့ဟွားမှာတော့ တစ်နေကုန်လျှောက်ပြေးနေရသဖြင့် မောပန်းနေလေပြီ။ သူမက ဆန်ပြုတ်နှစ်ဇွန်းလောက်မျိုချလိုက်ရင်း “လောင်ရှန်းကျီရွာမှာ မုဆိုးဖိုတစ်ယောက်ရှိတယ်၊ သူ့ဇနီးကဆုံးသွားတော့ ရှစ်နှစ်အရွယ်သားလေးကို သူပဲ ပျိုးထောင်ပေးနေတာ၊ ဒါပေမဲ့ အမေစုံစမ်းကြည့်ရသလောက်တော့ သူက လူကောင်းတစ်ယောက်ပါ၊ အခွင့်သင့်ရင် သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်”
ကျောက်ယွင်ချွမ်၏ မျက်လုံးတို့ မယုံကြည်ခြင်းများဖြင့် ပြူးကျယ်သွားလေ၏။
သူ၏အနာဂတ် ဇနီးလောင်းကို တစ်ယောက်ယောက်က ခိုးယူသွားတော့မည်။ သူ ဘယ်လိုသည်းခံရမည်နည်း။ သူ့ကို ရန်စသည့်လူမှန်သမျှ လူယုတ်မာပဲဖြစ်သည်။
“အမေ… အဲ… အဒေါ်!” ဟုခေါ်ပြီး ကျောက်ယွင်ချွမ်တစ်ယောက် ကိုယ်ကိုမတ်၍ စတင်ပြီး စိတ်အားထက်ထက်သန်သန်ဖြင့် သူ့ကိုယ်သူ အကြံပြု(ဈေးဗန်းခင်း)တော့သည်။ “အဒေါ် ကျွန်တော့်ကို ကြည့်ပါ၊ ကျွန်တော် အသက်နှစ်ဆယ်၊ ဆေးတံမသောက်၊ အရက်မသောက်၊ တစ်ခါမှလည်း အိမ်တွင်းအကြမ်းမဖက်ဖူးပါဘူး”
“ဒီလိုခေတ်မှာ ကျွန်တော့်ဘက်က ဘာမှပေးစရာမရှိပေမဲ့ ခွန်အားတော့ရှိပါတယ်၊ လယ်လုပ်၊ ထင်းခုတ်၊ ချက်ရေးပြုတ်ရေးလည်းရပါတယ်!”
“တခြားယောက်ျားတွေ လုပ်နိုင်တာမှန်သမျှ ကျွန်တော်လည်း လုပ်နိုင်ပါတယ်၊ သူတို့မလုပ်နိုင်တဲ့ ကိစ္စတွေဆိုလည်း ကျွန်တော်က နည်းလမ်းရှာပြီး လုပ်မှာပါ”
“ကျွန်တော်က ကလေးရှိတဲ့မုဆိုးဖိုထက်တော့ ကျိန်းသေပေါက် ပိုကောင်းတဲ့ ရွေးချယ်စရာပါပဲ!”
“အဲဒါကြောင့် ညီအကိုဟွိုက်က ကျွန်တော့်ကို လက်ထပ်ပါလားဟင်”
ပြောလည်းပြောလိုက်လေလျှင် ဖန်ဟွိုက်၏မျက်နှာမှာ ချက်ချင်း ရဲတွတ်သွား၏။ သူ့မှာ ရှက်လွန်း၍ စကားပင်မပြောနိုင်တော့ဘဲ ခေါင်းငုံ့ပြီး ဆန်ပြုတ်သာ သောက်နေလိုက်လေသည်။
ပိုင်ကွေ့ဟွားလည်း ကျောက်ယွင်ချွမ်ကို အကဲခတ်၏။ တကယ်လည်း ဟိုမုဆိုးဖိုထက် ပိုကောင်းသည်။ တစ်ခဏတော့ သူမ ေပျာ်သွား၏။ သို့သော် သူမစိတ်ထဲ နောက်ထပ်အတွေးတစ်ခုဝင်လာရကား ချက်ချင်း မျက်နှာပြန်မည်းသွားလေသည်။
“မင်းမှာ လယ်လေးတစ်ဧကတောင်မရှိတာ၊ ငါ့သားက မင်းကိုလက်ထပ်လိုက်ရင် သူ ဘယ်လိုနေရမလဲ၊ အနည်းဆုံးတော့ ဟိုမုဆိုးဖိုမှာက လယ်ရှိသေးတယ်”
ထင်သည့်အတိုင်း လက်ဖွဲ့ပစ္စည်းမပါသည့်အချစ်ဟာ လျော့ရဲရဲ သဲပုံလေးကဲ့သို့၊ လေတစ်ချက်ဝှေ့လိုက်သည်နှင့် လွင့်ပါသွားနိုင်သည်။
ဒါပေမဲ့ သည်ကိစ္စတွေဟာ တကယ့်ပြဿနာများမဟုတ်။ သူ့မှာ လက်ထပ်ယူဖို့ နည်းမရှိလျှင် သူကပဲ ထိုအိမ်၏မျိုးနွယ်အမည် ခံလိုက်မည်။
“ကျွန်တော်ကပဲ ဒီအိမ်ရဲ့ သားမက်လုပ်တော့မယ်”
သူထိုသို့ပြောလိုက်သည်နှင့် လူတိုင်း၏အမူအရာများပြောင်းလဲကုန်ကာ သူ့ဘက်လှည့်ကြည့်လာကြသည်။
ပိုင်ကွေ့ဟွားဆိုလျှင် ဆန်ပြုတ်တောင်သီးသည်။
ကျွတ် ကျွတ် ကျွတ်… အစားအသောက်တွေဖြုန်းတီးမိပြီ၊ သို့သော်လည်း သူမ ဂရုမစိုက်အား။
“မင်း..မင်းဆိုလိုတာက ငါတို့ရဲ့ မျိုးနွယ်ဝင်သားမက်လုပ်မယ်လို့လား”
ပိုင်ကွေ့ဟွား၏အသံမှာ ကွဲအက်အက်။ မျိုးနွယ်ဝင်သားမက်လုပ်ခြင်းဟာ လေးစားစရာကိစ္စတစ်ခုမဟုတ်မှန်း သူမ သိသော်လည်း ကျောက်ယွင်ချွမ်ဟာ ကသိကအောက် လုံးဝဖြစ်သွားပုံမရ။ တကယ်တော့ ပြုံးပြုံးကြီးတောင်လုပ်နေသေးသဖြင့် ထိုအပြုံးကို ဖုံးကွယ်လို့ပင် မရလောက်ချေ။
“ဟုတ်ကဲ့ မျိုးနွယ်ဝင်သားမက်ပါ”
ယခု သူတို့ နားကြားမှားနိုင်စရာအကြောင်းမရှိ။ သို့သော်ငြားလည်း ကျောက်ယွင်ချွမ် တစ်ခုခုများကြံနေသလားဟုလည်း သူတို့တွေ သံသယဝင်မိကြသည်။ ထိုအမူအရာကို သတိထားမိသောအခါ ကျောက်ယွင်ချွမ်က “ညိအစ်ကိုဟွိုက်ကို မြင်မြင်ချင်း ကျွန်တော် ချစ်မိသွားပါတယ်၊ ကျွန်တော့်မှာ မိဘတွေ မရှိတော့ နောက်ဆို အဒေါ်နဲ့ ဦးလေးက ကျွန်တော့်ရဲ့မိဘတွေပါပဲ၊ အဒေါ်တို့နားမှာပဲနေပြီး ညီအစ်ကိုဟွိုက်ကို ချစ်ခင်မြတ်နိုးရင်း ကူညီစောင့်ရှောက်သွားပါ့မယ်”
ဖန်ဟွိုက် ထွက်ပြေးချင်မိသည်။ ဒီလူ မည်မျှ ရဲတင်းလိုက်သနည်း။ သူ့မိဘများရှေ့ ထိုသို့ပြောရဲဆိုရဲရှိခြင်းဟာ အင်မတန် ကြောက်စရာကောင်းလှ၏။
ဖန်တာ့ရှန်က ချက်ချင်းသဘောမတူသော်လည်း လူကြီးနှစ်ယောက်၏ စိတ်လှုပ်တရှားအမူအရာကို ကျောက်ယွင်ချွမ် ထိုးဖောက်မြင်နိုင်သည်။
“အရင်ဆုံး စားကြတာပေါ့”
သူ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ မနေနိုင် မထိုင်နိုင် ကော့တက်သွား၏။
ကျောက်ယွင်ချွမ်အတွက်တော့ သူ့အသက်အားကယ်တင်ခဲ့သည့်ကျေးဇူးကို နွားလိုရုန်း၍ဖြစ်စေ၊ ခန္ဓာကိုယ်ကိုပေး၍ဖြစ်စေ ဆပ်သွားဖို့ ဆုံးဖြတ်ထားမိသည်။ ကျိန်းသေ ထိုသို့ဖြစ်အောင်လုပ်ချင်သည်။