Chapter 3
ရွာသည် မြို့နှင့် ဆယ်မိုင်ကျော်လောက်ဝေးသဖြင့် တစ်နာရီခန့်ကြာအောင် လမ်းလျှောက်ရသည်။ ငွေပိုငွေလျှံရှိသူများက ရွာအဝင်မှနေ၍ နွားလှည်းငှားစီးကြသည်။ တစ်ယောက်လျှင် ငွေတစ်ပြားကျသင့်၏။ ကုန်စည်များပါလာပါက ပိုက်ဆံထပ်ပေးရသည်။ ဖန်ဟွိုက်ကတော့ လမ်းလျှောက်သွားနေကျဖြစ်သော်လည်း ယခု သူ့နောက်မှ ထပ်ကြပ်မခွာလိုက်နေသည့် နူးညံ့ညင်သာသော ကျောက်ယွင်ချွမ်ကို တစ်ချက်လှည့်ကြည့်မိသည်။ ပြီး “နွားလှည်းစီးရအောင်!”
ကျောက်ယွင်ချွမ် မသိမသာ စိတ်လှုပ်ရှားသွား၏။ “ကောင်းသားပဲ!”
အရင်က သူ တစ်ခါမျှ နွားလှည်းမစီးဖူးပေ။ သူတို့နှစ်ယောက်အပြင် အထုပ်တစ်ထုပ်ပါသောကြောင့် စုစုပေါင်း ပိုက်ဆံသုံးပြားကျသည်။
ထိုအချိန်၌ နွားလှည်းပေါ်တွင် လူများစွာရှိနေပြီဖြစ်ကာ ထိုလူတို့သည် သူတို့နှစ်ယောက်အား ခိုးကြည့်ကြ၏။ တချို့ဆိုလျှင် ပြောရဲဆိုရဲပင် ရှိလာသည်။ “ညီအစ်ကိုဟွိုက် ဒီနေ့ ဘာကြောင့် နွားလှည်းစီးတာတုန်း”
ဖန်မျိုးနွယ်သည် သက်သောင့်သက်သာရှိသောဘဝကိုပင် ခုံမင်၏။ ဖန်တာ့ရှန်သည် အမဲလိုက်ကျွမ်းကျင်ပြီး ပိုင်ကွေ့ဟွားနှင့် ဖန်ဟွိုက်နှစ်ယောက်လုံးက အလုပ်ကြိုးစားကြသည်။ မိသားစုမြေကိုလည်း ကောင်းစွာဂရုစိုက်ကြပြီး လွန်ခဲ့သောနှစ်အနည်းငယ်က ထိုမြေပေါ်တွင် နှစ်ထပ်အုတ်အိမ်ဆောက်ခဲ့ကြသည်။ သူတို့အား မနာလိုမဖြစ်သည့် ရွာသားဟူ၍ မရှိခဲ့ပေ။ သို့သော်ငြား အရင်လအနည်းငယ်က ဖန်တာ့ရှန်တစ်ယောက် အမဲလိုက်ရင်း တောင်ပေါ်မှ လိမ့်ကျကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်။ အသက်ကယ်ရန် ငွေများစွာ သုံးလိုက်ရပေမဲ့ ဖန်တာ့ရှန်၏ခြေထောက်တို့မှာ မသန်မစွမ်းဖြစ်သွားရှာသည်။ ပြန်ကောင်းလာလျှင်တောင် အလုပ်ကြမ်းလုပ်နိုင်မည်မဟုတ်တော့ချေ။ အရင်က သူ့အား မနာလိုခဲ့ကြသောလူတို့မှာ ယခု သနားနေကြပြန်ပြီး ထေ့လုံး ငေါ့လုံးများနှင့်တောင် မှတ်ချက်ပြုကြသေးသည်။
ဖန်ဟွိုက်အား သရော်ခြင်းက သူတို့၏ဘဝကို ပိုကောင်းသွားစေသည်ဟု ထင်နေကြဟန်တူသည်။ ဖန်ဟွိုက်က နဖူးမှ ချွေးစတို့ကို သုတ်လျက် “ဒီနေ့က နေအရမ်းပူလို့လေ”
“အဲဒီလိုလား” အမျိုးသမီးတစ်ယောက်၏ မျက်ဆံလုံးတို့မှာ ပြေးလွှားနေပြီး ကျောက်ယွင်ချွမ်ရှေ့ရှိအထုပ်ကိုကြည့်ပြီးနောက် ပြုံး၍ဆိုသည်မှာ “မြို့ထဲ ရစ်ငှက်သွားရောင်းမလို့လား၊ ဟွိုက်အာက တကယ်အရည်အချင်းရှိတာပဲ၊ ရွာထဲက ဘောက်ျားတွေထက် ပိုပြီးသန်မာတယ်!” ဟူ၍ ဆက်ပြီးလည်း “ယောက်ျားတစ်ယောက်ရဲ့ ကြံ့ခိုင်တဲ့ ကိုယ်ဟန်လည်းရှိတယ်”
သည်လိုခေတ်မျိုးတွင် ဖန်ဟွိုက်၏အလှတရားကို အသိအမှတ်မပြုမှန်းသိသော ကျောက်ယွင်ချွမ်က ခနိုးခနဲ့ရယ်လျက် “ကျွန်တော်တို့ရဲ့ ဟွိုက်အာက ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ရတော့ အလိုလိုသန်မာပြီးသားလေ၊ ဒါပေမဲ့ မရီးကတော့ ခင်ဗျားရဲ့ေယာက်ျားကို အာဟာရတွေ များများကျွေးသင့်တယ်နော်၊ သူ့မှာ ဝါးနုချောင်းလေးလို ပိန်လှီနေလိုက်တာများ၊ လေနဲ့ လွင့်ပါသွားမလားတောင် မှတ်ရတယ်”
ဒါဟာ နောက်ပြောင်သလိုနှင့် နာနာနှက်ခြင်း မဟုတ်ပါလား။ ထိုသို့နည်းလမ်းမျိုးကိုတော့ လူတိုင်းသိပါသည်။ သို့သော် နူးညံ့ရည်မွန်ပုံရသော ကျောက်ယွင်ချွမ်ဟာ ဆူးများသည့် နှင်းဆီခိုင်ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားချေ။ သူ့စကားက အရှိုက်ထိလွန်း၍ သေနိုင်လောက်သည်။
ထိုအခါ အမျိုးသမီး၏ မျက်နှာပေါ်မှ အပြုံးဟာ အေးခဲသွားပြီး ခြောက်တီးခြောက်ကပ်ရယ်လျက် “တို့လူက အမဲလိုက်နိုင်တဲ့ ဟွိုက်အာလိုမျိုးမှ မဟုတ်တာ”
ဖန်ဟွိုက် အမဲလိုက်နိုင်သည်မှာမှန်၏။ ဒါပေမဲ့ ဖန်တာ့ရှန်၏ မတော်တဆမှု ဖြစ်ပြီးနောက် ပိုင်ကွေ့ဟွားသည် သူမ၏သားအား တောကြီးမျက်မည်းထဲသို့ သွားခွင့်မပြုတော့ပေ။ သူမ၏ တစ်ဦးတည်းသောသားလေးဖြစ်၏။ တောနက်နက်ထဲသို့ မသွားရသော်ငြား ဖန်ဟွိုက်ကတော့ အနီးအနားရှိတောင်ကုန်းများပေါ်သို့ အမဲလိုက်ထွက်လေ့ရှိသည်။ မိသားစုအခြေအနေက သိပ်မကောင်းသဖြင့် ကြက်နှင့်ယုန်ကို အမဲလိုက်ခြင်းက ဝင်ငွေအား တစ်နည်းတစ်ဖုံ တိုးလာစေသည်။
ထိုစဉ် ကျောက်ယွင်ချွမ်၏ မျက်လုံးတို့ လတ်ခနဲဖြစ်သွားပြီး ခေါင်းညိတ်ပြကာ “ဒါပေါ့ ဟွိုက်အာက အထင်ကြီးစရာကောင်းတယ်”
ဖန်ဟွိုက်: “…” သူ့မှာယဉ်ကျေးပြနေသည်ကို ဒီလူဟာ ဘာကြောင့် အတည်ကြီး လုပ်နေရသနည်း။
သို့သော် ကျောက်ယွင်ချွမ် သူ့အားချီးကျူးပုံကိုရော၊ မျက်လုံးတောက်တောက်များနှင့် အကြည့်ခံရသည်ကိုပါ ဖန်ဟွိုက် သဘောကျသည်။ ချက်ချင်းဆိုသလို သူ၏ဂျုံရောင်အရေပြားပေါ်တွင် ပန်းသွေးရောင်ဖျော့ဖျော့လေး ဖြတ်ပြေးသွားသည်။
“မဟုတ်တာတွေ မပြောပါနဲံ!”
“မဟုတ်တာပြောနေတာမှ မဟုတ်တာ” သူကျိန်ပါသည်။ သူ့နှုတ်မှ ထွက်ကျလာသည့် စကားတစ်လုံးချင်းစီဟာ ရိုးသားပါ၏။
“မင်းက တကယ်အထင်ကြီးစရာကောင်းတယ်၊ အမဲလိုက်၊ လယ်စိုက်၊ရေကူးနိုင်တယ်၊ ပြီးတော့ ကြည့်လို့လည်းကောင်းတယ်လေ”
လူအုပ်ကြီး: “….”
လူအုပ်ကြီးမှာ ကျောက်ယွင်ချွမ်ကို မယုံနိုင်စွာ ကြည့်လာကြ၏။ လူကကြည့်ကောင်းပေမဲ့ သူ၏ဝေဖန်မှုကတော့ မဟုတ်သေး။ ၁.၈မီတာအရပ်အမောင်းနှင့်လူတစ်ယောက်ကို ကြည့်ကောင်းသည်ဟု မည်သို့ ယူဆရမည်နည်း။
လုံးဝကို ဘောက်ျားပီသသည်ထက် ပီသလွန်းနေသည်မဟုတ်ပါလား။ သူတို့တွေ ဘာတွေးနေသည်ကို ကျောက်ယွင်ချွမ်မသိပေ။ အခုနေတော့ သူ ဖန်ဟွိုက်နှင့် ရေသွားကူးချင်တာပဲသိသည်။ ထိုမြင်ကွင်းဟာ ကျိန်းသေပေါက် အသက်ရှူမှားလောက်စရာဖြစ်နိုင်၏။ ဖန်ဟွိုက်၏ ရင်အုပ်ကြွက်သားများကို ပြန်မြင်ယောင်ကြည့်တော့ သူ တံတွေးမျိုချမိသည်။ ဝမ်းဗိုက်ကြွက်သားများကို တွေးမိတော့လည်း မျိုချမိပြန်၏။
ဖန်ဟွိုက်၏ ငှက်ကလေးဆိုရင်ရော!
သေစမ်း!
လည်ချောင်းထဲမှ မီးခိုးများအူထွက်လာသလိုပင် ခံစားလိုက်ရသည်။ တစ်ဖက်ရှိဖန်ဟွိုက်မှာမူ တစ်ဖက်မှ တောက်လောင်နေသော အကြည့်ကြောင့် အလွန်အမင်းရှက်လာရကား ကျောက်ယွင်ချွမ်ကိုပင် မျက်လုံးလှန်မကြည့်ရဲတော့ချေ။
ကျောက်ယွင်ချွမ်ဘက်က ဖန်ဟွိုက်အားကာကွယ်ပေးနေသည်ကိုမြင်ပြီး လူတို့၏ စူးစမ်းလိုစိတ်မှာ ပိုလို့မြင့်တက်လာကြသည်။
“ဟွိုက်အာက တော်တယ်၊ မင်း သူ့ကို သဘောကျလား”
ဒါဟာ ရဲတင်းသည့် မေးခွန်းပင်။ ကျောက်ယွင်ချွမ်က သဘောကျသည်ဟုပြောလိုက်လျှင် ဖန်ဟွိုက်၏သိက္ခာကို ချလိုက်သလိုဖြစ်လိမ့်မည်။ သဘောမကျဘူးဟုပြောပြန်လျှင်လည်း ဟွိုက်အာ၏ မျက်နှာကို ဖြတ်ရိုက်သလိုဖြစ်ဦးမည်။ ပြီးတော့လည်း ဒါဟာ သူပြောချင်သည့် စကားမဟုတ်။
“ဟွိုက်အာက တကယ်တော်တော့ သူ့ကိုသာလက်ထပ်လို့ရမယ်ဆိုရင် အရင်ဘဝက ကုသိုလ်ကြောင့်ပဲဖြစ်လိမ့်မယ်” အရင်ဘဝကတင်မဟုတ်၊ ရှစ်ဘဝ ကုသိုလ်ကံများကြောင့်တောင်ဖြစ်နိုင်သည်။
ကျောက်ယွင်ချွမ် သူ့ကိုယ်သူ နှိမ့်ချထားသည်။ တိုက်ရိုက်အဖြေမပေးပေမဲ့ သူ၏ရပ်တည်မှုကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်နိုင်၏။
ခွီး!!! စူးရှသည် လှောင်ရယ်သံတစ်ခုက ထွက်ကျလာသည်။ “ကုသိုလ်ကံတဲ့လား၊ သူ့လိုလူမျိုးနဲ့လေ၊ သူ့ကိုလက်ထပ်ချင်တဲ့သူရှိတာပဲ တော်ပါသေးတယ်”
ထိုစကားပိုင်ရှင်ဟာ ချန်းရှု၏အမေ ချန်းရှစ်ဖြစ်သည်။ အသံလာရာဆီကြည့်မိလျှင် ဝံ့ဝံ့ကြွားကြွားဝတ်စားထားသည့် အမျိုးသမီးတစ်ယောက်ကို တွေ့၏။ အထည်မှာ အကောင်းကြီးမဟုတ်သော်လည်း လယ်သမားအများစုဝတ်နေကျ ဖျင်ကြမ်းထည်တော့ မဟုတ်ပေ။
မျက်နှာတွင် မျက်နှာချေပုတ်ထားပြီး နှုတ်ခမ်းဆေးဆိုးထားသေး၏။ ဒါပေမဲ့ အသားက မည်းသည်။ မျက်နှာချေသည် သူမ၏ နဂိုအသားအရေကို ဖုံးကွယ်မပေးနိုင်သည့်အပြင် နှုတ်ခမ်းဆိုးဆေး နီရဲရဲကြီးက မြင်ရသူကို လန့်သွားစေ၏။ မည်သို့ပင်ကြည့်ပါစေ တစ်နေရာရာက အထာမကျဖြစ်နေသကဲ့သို့။
ချန်းရှစ်က လူတိုင်းကို စိတ်ပျက်လက်ပျက်လိုက်ကြည့်ပြီး သူမ၏မောက်မာမှုမှာ မဖုံးကွယ်ထားနိုင်လောက်အောင် ထင်ရှားပေါ်လွင်နေလေ၏။ မကြာသေးခင်ကမျ သူမ၏သားဖြစ်သူသည် စာမေးပွဲအောင်၍ ပညာရှင်ဖြစ်လာကာ ယခုဆို စန်ယွမ့်ဝေဟူသည့် လူချမ်းသာမိသားစုနှင့် စေ့စပ်ကြောင်းလမ်းရန် ညှိနှိုင်းနေလေပြီ။ သို့ဖြစ်၍ သူမ ခေါင်းမော့လျှောက်နိုင်၏။
လမ်းကျဉ်းလေးထဲ၌ ရန်သူများ လာတွေ့ကြသည်။ဘယောက္ခမနှင့် ယခင်ချွေးမလောင်းလျာတို့ မျက်နှာချင်းဆိုင်မိကြပြီ။ လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားကာ အရှုပ်တော်ပုံဇာတ်ထုပ်ကြီး မည်သို့ဖြစ်သွားမလဲဟု စောင့်စားလျက်ရှိကြ၏။ စိတ်မကောင်းစရာမှာ ပွဲကြည့်ရင်း စားစရာမရှိခြင်းပေ။
လှည်းပေါ်သို့ ချန်းရှစ် စောစောရောက်မလာသဖြင့် နွားလှည်းပေါ်တွင် ကုန်စည်ထုပ်များသာ နေရာယူထားကြသည်။ သူမသည် မခဲမကျေစွာ ဝမ်ဖုလန်၏နေရာကိုထိုးပြ၍ နှုတ်ခမ်းတစ်လန်ပန်းတစ်လန်ဖြင့် “ဘေးဖယ်၊ ငါ အဲဒီမှာထိုင်မယ်!”
ဝမ်ဖုလန်ဟူသည် ကြင်နာသဘောကောင်းပြီး မည်သူနှင့်မျှ အငြင်းအခုံမလုပ်ဟု တစ်ရွာလုံးကသိကြသည်။ အလကားသက်သက် ကျိုးကြောင်းမဆီလျော်စွာ နေရာဖယ်ခိုင်းသည်ကိုတောင် လေသံအေးအေးဖြင့်သာ တုံ့ပြန်သည်။ “ဒီမှာ ငါအရင်ထိုင်တာ၊ ထိုင်ချင်ရင် နောက်တစ်ခါ စောစောလာပေါ့”
ထိုအခါ ချန်းရှစ်တစ်ယောက် ပေါက်ကွဲတော့၏။ “ငါ့သား ဘယ်သူလဲဆိုတာရော သိရဲ့လား၊ ရွာမှာတစ်ယောက်တည်းရှိတဲ့ ပညာရှင်ဟဲ့၊ နောက်ဆို ခရိုင်ပညာရှင်၊ နိုင်ငံတော်ပညာရှင်ဖြစ်လာဖို့ စာမေးပွဲဖြေတော့မှာ၊ ငါ့ကို စော်ကားပုတ်ခတ်နိုင်မယ်လို့ ထင်နေတာလား!”
မကြာသေးခင်ကမှ ချန်းရှစ်တစ်ယောက် မောက်မာရိုင်းစိုင်းလာရာ လူအများစုမှာ သူမ၏အမူအကျင့်ကို မနှစ်မြို့ကြတော့ချေ။
“အခုထိ အောင်သေးလို့လား”
“ဟုတ်သားပဲ၊ ဘာဖြစ်နေတာလဲ”
“အချိန်ပဲလိုတော့တာ၊ နင်တို့တွေ မနာလိုနေကြတာမဟုတ်လား”
သားဖြစ်သူနှင့်ပတ်သက်ပါက ချန်းရှစ်တစ်ယောက် ဂုဏ်ယူမဆုံးပေ။ “ငါ့သားက အရည်အချင်းရှိလို့ သေချာပေါက် စာမေးပွဲအောင်မှာလို့ ဆရာကပြောတယ်၊ ပထမတန်းစား အရာရှိတောင် ဖြစ်နိုင်တယ်တဲ့လေ”
လူအုပ်ကြီး၏ အမူအရာမှာ မည်းမှောင်သွားလေ၏။ သူတို့အားလုံး လယ်သမားများဖြစ်ကြကာ ပညာရှင်ဆိုသည်နှင့် အလိုလို လေးစားကြသည်။
သို့သော် ချန်းရှစ်၏ပြောပုံဆိုပုံကိုတော့ သူတို့တွေ သည်းမခံနိုင်ကြချေ။ ဆင်းရဲသားဟာ စိုးစဉ်းမျှ ချမ်းသာလာသည်နှင့် အမောက်ထောင်တော့၏။ “ပြီးတော့လည်း ငါ့သားက စန်ယွမ့်ဝေဆီက မျက်နှာသာ ရထားပြီးသား” ချန်းရှစ်၏အသံမှာ ပို၍ ကျယ်လောင်လာကာ “မကြာခင်ပဲ မြို့တော်က မိန်းကလေးနဲ့ လက်ထပ်တော့မှာ”
ပြောပြီးသည်နှင့် ဖန်ဟွိုက်ကို အထင်သေးဟန်ငုံ့ကြည့်ပြန်၏။ “ခြေထောက်ရွှံ့ပေနေတဲ့ လယ်သမားဆင်းရဲသားထက်တော့ သာသေးတာပေါ့”
ကျောက်ယွင်ချွမ်ဟူသည် အမြဲတမ်းသတိရှိနေပြီး တော်ရုံဝင်မပါတတ်သည့် လူစားမျိုး။ သို့သော် ယခု သူ၏အနာဂတ်ဇနီးလောင်းမှာ ပစ်မှတ်ထားခံနေရသည်။ အနာဂတ်ဇနီးလောင်းဟာလည်း ဇနီးပင်။ သူ ဘာကြောင့်သည်းခံရမည်နည်း။ မခံနိုင်ပါ။ သူဟာ လိပ်နင်ဂျာမဟုတ်။ “ဟွိုက်အာရေ တစ်ခုခုစော်မနံဘူးလား” ပြောရင်း ကျောက်ယွင်ချွမ်၏ လှပသော မျက်ခုံးတန်းများ ကျုံ့ဝင်သွားသည်။ ထို့နောက် တမင်သက်သက် နှာခေါင်းပိတ်ပြလျက် “တစ်ယောက်ယောက်တော့ အပုပ်အစပ်တွေ အန်ချနေပြီ”
သူထိုသို့ပြောလိုက်လျှင်ပဲ လူအုပ်ကြီးမှာ ဝေါခနဲ ပွဲကျသွားလေ၏။
“ဝိုး ကျောက်ယွင်ချွမ်ရဲ့ စကားလုံးတွေကတော့ ချွန်ထက်နေရောပဲဟေ့”
ဤတွင် ချန်းရှစ်၏မျက်နှာကြီးမှာ ဒေါသကြောင့် ပို၍ ညိုပုပ်လာပြီး “အခု နင် ဘယ်သူ့ကိုပြောနေတာလဲ”
“ဟုတ်သားပဲ၊ ဒီကနေ အနံ့ထွက်နေတာကိုး”
“နင်…နင်…နင်…” ချန်းရှစ်တစ်ယောက် ကျောက်ယွင်ချွမ်အား လက်ညှိုးငေါက်ငေါက်ထိုးလျက် “ငါ့သား ဘယ်သူဆိုတာရောသိရဲ့လား”
“ခင်ဗျားသားက ဒီလောက်နာမည်ကြီးနေတာ၊ ဘယ်သူက မသိဘဲနေမှာလဲ”
ထိုစကားကိုကြားတော့ ချန်းရှစ်မှာ ဘဝင်ပိုခိုက်ပြီး နှာမှုတ်၍ “နင်သိတော့ ကောင်းတာပေါ့”
“ခင်ဗျားသားက သစ္စာဖောက်၊ ကျေးဇူးကန်းတဲ့နေရာမှာ နံပါတ်တစ် ပိုင်းလုံးကောင် ချန်းရှုလေ!”
ပညာရေးကြောင့်ငွေကုန်သည်။ အရင်ကဆိုလျှင် ချန်မျိုးနွယ်အား ဖန်မျိုးနွယ်က ဖေးမကူညီခဲ့သည်။ သို့သော် ချန်မျိုးနွယ်သည် ကျေးဇူးကန်းဝံပုလွေမျိုးဖြစ်ရကား ဖန်မျိုးနွယ်တွင်ပေးစရာလည်းမရှိ၊ သူတို့၏သားလည်း စာမေးပွဲအောင်သွားလေလျှင် ကျောခိုင်း၍ မသိကျိုးကျွံပြုခဲ့ကြ၏။ ထိုအကြောင်းကို တစ်ရွာလုံးသိကြသည်။
“နင်…နင်….နင်…”
“နင်…နင်..နင်…ဆိုတာကြီးကို ရပ်လိုက်ပါတော့ အဒေါ်ရယ်၊ ဒီအသက်အရွယ်နဲ့ ဒေါသထွက်တာ ကျန်းမာရေးအတွက်မကောင်းဘူးနော်၊ ဂရုစိုက် ဂရုစိုက်၊ လေတွေဘာတွေ ဖြတ်ကုန်မှဖြင့်”
အားးး!!!! ရင်ခေါင်းထဲမှ အဆုတ်များပင် ပေါက်ထွက်တော့မည်ဟု ချန်းရှစ် ခံစားနေရသည်။ သည်လူ၏စကားများမှာ ထက်ရှလွန်း၏။ ကြွက်သတ်ဆေးထက်ပင် အဆိပ်ပြင်းလှသည်။