Chapter - 1
- Home
- All Mangas
- ခွေးဖြစ်ပြီး ရန်သူတော်ကြီးအိမ်မှာ ကပ်နေရတဲ့ငါလေး
- Chapter - 1 - ငါ့ကို အိမ်ခေါ်သွား
၁။ ငါ့ကိုအိမ်ခေါ်သွား။
“Dark Blue” စားသောက်ဆိုင်ကို မြို့ရဲ့ချောင်ကျကျ ထောင့်တစ်နေရာမှာ ဖွင့်လှစ်ထားတယ်။
ရုတ်တရက်ထွက်ပေါ်လာတဲ့ ကျယ်ကျယ်လောင်လောင် ဆွဲငင်အူသံက စားသောက်ဆိုင်ရှေ့က ထွက်ခွာမဲ့ ဧည့်သည်ကို နှုတ်ဆက်နေတဲ့ ၀န်ထမ်းနှစ်ယောက်ကို အလန့်တကြား ထခုန်သွားစေတယ်။ တံခါးရှေ့ လူသွားလမ်းပေါ်မှာ လှဲနေတဲ့ အနှီသနားစရာ အဖြူရောင်ခွေးလေးကို သူတို့ မှင်သက်ပြီး ကြည့်လိုက်ကြတယ်။
ကြည့်ရတာ သူ့အကြိုက်ဆုံးအရိုး ပျောက်သွားလို့ ဖြေမဆည်နိုင်ဖြစ်နေပုံပဲ။
ခွေးဖြူလေး ‘နင်ယန်’ ဟာ အမှန်တကယ်ကိုပဲ မျှော်လင့်ချက်မဲ့နေတယ်။
သူက တကယ့်ခွေးမဟုတ်ဘူး။ အချက်ကျကျပြောရရင် ‘နင်ယန်’ က နာမည်ကျော် အဆိုတော်၊ စူပါစတားတစ်ယောက် အပြင် ‘Morning Star’ ဖျော်ဖြေရေးကုမ္ပဏီရဲ့ ဆက်ခံသူတစ်ယောက်လည်း ဖြစ်တယ်။
သူဘာလို့ ရုတ်တရက်ကြီး ခွေးတစ်ကောင်အဖြစ် ပြောင်းသွားတာလဲ။ ဘာလို့ မြေကြီးပေါ်မှာ စိတ်ဓာတ်ကျပြီး ငိုနေတာလဲ။ လွန်ခဲ့တဲ့ နှစ်နာရီခွဲအချိန်ကို ပြန်သွားကြည့်ကြမယ်။
.
အရင်နှစ်လလုံးလုံး နင်ယန် အိမ်မှာ အနားယူနေခဲ့တယ်။ သီချင်းအသစ်အတွက် စိတ်ကူးစိတ်သန်းရလာဖို့နဲ့ စိတ်လက်ပင်ပန်းတာတွေကနေ ခေတ္တခဏ အနားပေးဖို့ပါ။
‘အနားယူတယ်’ လို့ ပြောပေမဲ့ တစ်ချိန်လုံးချည်း အိမ်ထဲမှာပဲ မနေနိုင်ဘူးလေ။ အဲ့တော့ တစ်ခါတစ်လေ ရုပ်ဖျက်ပြီး မြို့အနှံ့လျှောက်သွားတယ်ဆိုပါတော့။
ဒီနေ့လည်း ခါတိုင်းလိုပဲ ဦးထုပ်ဆောင်း၊ Mask တပ်ပြီး အပြင်ထွက်လာတယ်။ ပြီးတော့ ဘတ်စ်ကားတစ်စီးပေါ် ခုန်တက်လိုက်တယ်။ မြို့တစ်၀က်လောက် ပတ်မောင်းပြီးလို့ မြို့ရဲ့အကြီးဆုံးပန်းခြံကိုရောက်လာတဲ့အထိ သူ ရည်ရွယ်ရာမဲ့ ထိုင်နေတုန်းပဲ။
‘နင်ယန်’ များများစားစား မစဥ်းစားတော့ဘူး။ ပန်းခြံထဲ အပျင်းပြေလမ်းလျှောက်ရင် ကောင်းမယ်လို့ တွေးပြီးတဲ့နောက် ဘတ်စ်ကားပေါ်က ဆင်းလိုက်တယ်။
နာရီ၀က်လောက် ပန်းခြံထဲမှာ လှည့်လည်လျှောက်သွားပြီးနောက် သူ မောပန်းလာတယ်။ ဒါကြောင့် အနားယူဖို့ရာ ရေကန်ဘေးက ထိုင်ခုံရှည်ပေါ် ထိုင်ချတယ်။
‘နင်ယန်’ မျက်တောင်တစ်ချက်အခတ်မှာ ‘ဂျွက်’ခနဲ အဆစ်မြည်သံတစ်သံ ကြားလိုက်တယ်။ အသိပြန်၀င်လာလို့ သူ့ကိုယ်ပိုင်အမွှေးထူထူခြေဖဝါးကို ငုံ့ကြည့်လိုက်ချိန်မှာ သူဟာ ခွေးတစ်ကောင်အဖြစ် ပြောင်းလဲပြီးနေပြီမှန်း သိလိုက်ရတယ်။
သူ အိပ်မက်, မက်နေတာဖြစ်မယ်လို့ပဲ ‘နင်ယန်’ အထင်ရောက်မိတယ်။ ကြောင်ပြီးရပ်နေတာ အချိန်အတော်ကြာအောင်ပဲ။ မျက်လုံးကို မှိတ်ပြီး ထိုင်ခုံအောက်ခြေနဲ့ ခေါင်းကို ဆောင့်တယ်၊ နာရီ၀က်လောက်ကြာအောင် သူ့ကိုယ်သူ ငြင်းဆိုမှုတွေ လုပ်တယ်။
ဒါပေမဲ့ ဘာတစ်ခုမှ အရာမထင်ဘူး။ သူဟာ မမျှော်လင့်ဘဲ ခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီ။ ဒါ အမှန်တရားပဲ!
နင်ယန် ထိတ်လန့်ပြီး စိတ်တွေလည်း ထွေပြားနေတယ်။ ရေကန်ထဲခုန်ဆင်းရ ကောင်းမလားလို့လည်း တဒ်ဂလေး တွေးမိသေးတယ်။
ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့အသက်ရှင်ချင်စိတ်ကလေးက အဲ့အတွေးကို တားဆီးလိုက်တယ်။ သူ သူ့မျက်ရည်တွေကို မြိုသိပ်ပြီး ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် ထားတယ်။ တစ်ခုခု စဉ်းစားဖို့လိုနေပြီ။ သူ ‘ခွေး’ ဖြစ်သွားရင်တောင် ‘လေလွင့်ခွေး’ တော့ အဖြစ်မခံနိုင်ဘူး။
ဒါပေမဲ့ မြို့ရဲ့တစ်ခြားတစ်ဖက်မှာရှိတဲ့ သူနေတဲ့တိုက်ခန်းကို ပြန်သွားဖို့က နည်းလမ်းမရှိဘူး။ လမ်းတွေကို မှတ်မိလောက်ရတဲ့အထိ သူဉာဏ်ကောင်းမနေဘူးလေ။ တကယ်လို့ သူပြန်သွားနိုင်မယ်ဆိုဦး၊ သူ့တိုက်ခန်းက လမ်းဘေးခွေးတစ်ကောင်ကို ၀င်ခွင့်ပြုမှာတဲ့လား။
အချိန်ကြာကြီး ခေါင်းခဲအောင် စဉ်းစားပြီးတဲ့နောက် သူ အတွေးပေါက်သွားတယ်။
သူ့မန်နေဂျာ တစ်ဖြစ်လဲ သူ့၀မ်းကွဲအစ်ကို ‘နင်ယွဲ့’ က ဒီနေ့ C မြို့တော်ကို သွားရမှာ။ သူ မသွားခင် ပန်းခြံနားက စားသောက်ဆိုင်မှာ တစ်ယောက်ယောက်နဲ့ ညစာစားဖို့ချိန်းထားတယ်။
အချိန်ကိုကြည့်ရင် သူတို့မစားရသေးမှာ လုံး၀သေချာတယ်!
စိတ်ထဲမှာ အစီအစဉ်ချပြီးတဲ့နောက် နင်ယန်ရဲ့ မျှော်လင့်ချက်ရောင်ခြည်လေး ပြန်သန်းလာတယ်။
.
သူ ကျင်းတစ်ကျင်း တူးပြီး သူ့ရဲ့ အကျီအ၀တ်အစားနဲ့ ဆဲလ်ဖုန်းကို ကျင်းထဲမြုပ်နှံတယ်။ သူ့အတွက် ဆဲလ်ဖုန်းက အသုံးမ၀င်တော့ဘူးလေ။ သူ့လက်ဖဝါးတွေနဲ့ ဖုန်းမျက်နှာပြင်ကို မထိနိုင်လို့တော့ မဟုတ်ဘူး။ သူ သူ့လက်ဖဝါးတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးလို့ပဲ။
စကရင်ကို သူ့လက်နဲ့ ဖွင့်ဖို့ အချိန်အကြာကြီးယူခဲ့ပေမဲ့ အဆုံးမှာတော့ “ခဲလေသမျှ သဲရေကျ” ခဲ့ရတယ်။ ဘက်ထရီ ကုန်သွားတယ်တဲ့လေ!
ဖုန်းကို ပါးစပ်နဲ့ကိုက်သွားပြီး သူ့၀မ်းကွဲအစ်ကိုကို ရှာဖို့ကလည်း ယုတ္တိမဆန်လွန်းဘူးမလား။ တကယ်လို့ လမ်းမှာ သူခိုးတွေနဲ့တွေ့ပြီး သူ့ဖုန်းကိုလုဖို့ တိုက်ခိုက်လာကြမယ်ဆိုရင် သူပဲ အထိနာရမှာ။ အဲ့တော့ ဖုန်းကိုမြုပ်လိုက်တာ ပိုကောင်းမယ်လို့ သူတွေးတယ်။
ဖုန်းလဲ မြုပ်ပြီးသွားရော၊ သူ့ရဲ့နောက်ခြေနဲ့ ကျင်းကိုပြန်ဖို့တယ်။ ပြီးတော့ ကျင်းနားတစ်ပတ်ပတ်တယ်။ အဲ့ဒီနောက် ပန်းခြံထဲကနေ ပြေးထွက်သွားတော့တယ်။
ပန်းခြံကနေ စားသောက်ဆိုင်ကို လမ်းလျှောက်ရင် မိနစ် ၂၀ လောက်က အသာလေးပဲ။ ဒါပေမဲ့ နင်ယန်က ခြေလေးချောင်း သတ္တဝါလေ။ သူ့အတွက် အဲ့ကိုရောက်ဖို့ ၁၀ မိနစ်စွန်းစွန်းပဲ ပြေးလိုက်ရတယ်။
ဖြစ်ချင်တော့ သူရောက်သွားတဲ့အချိန် သူ့၀မ်းကွဲညီက မောင်းထွက်ပြီးသွားပြီ။ ဓာတ်ဆီနံ့တွေပဲ လေထုထဲ ကျန်ရစ်လို့နေတယ်။ သူ့မှာဖြင့် အသက်လေးတောင် ၀အောင် မရှုရသေးဘူး။
နင်ယန် နေရာမှာတင် မေ့လဲချင်သွားတယ်။ မချိတင်ကဲ ဆွဲငင်အူပြီး မြေကြီးပေါ် ပစ်လှဲချလိုက်တယ်။
အဲ့ခဏမှာ သူ့ခံစားချက်တွေက သောင်းပြောင်းထွေလာ ရှုပ်ထွေးနေပြီး သူ့ဦးနှောက်ကလည်း ဗလာဖြစ်နေတယ်။ သူ ဘယ်သူလဲ၊ ဘာဆက်လုပ်ရမလဲ၊ အဆုံးစွန် သူ အခု ဘယ်မှာရှိနေလဲ ဆိုတာတောင် မသိတော့ဘူး။
သူ အချိန်မှီရောက်မလာနိုင်ခဲ့ဘူး။ သူ့၀မ်းကွဲအစ်ကိုကလည်း ထွက်သွားပြီ။ ဒီတစ်ဝိုက်မှာ သူနဲ့သိတဲ့သူ ဘယ်သူမှ မရှိဘူး။ သူ ဘယ်သွားသင့်လဲ။
သူ့မိဘနှစ်ယောက်လုံးက C မြို့မှာ။ သူ့၀မ်းကွဲအစ်ကိုကလည်း လေဆိပ်ကိုပဲ တန်းတန်းသွားလောက်တယ်။ အပြန်လက်မှတ်တောင် မဖြတ်ပဲနဲ့လေ။ သူကိုယ်၌ကလည်း တိုက်ခန်းကို ပြန်မသွားနိုင်ဘူး။
သူ လမ်းဘေးခွေးဖြစ်ဖို့ ကံကြမ္မာပါလာတာများလား??
အဲ့အတွေး တိုက်စားသွားချိန်မှာ နင်ယန် ငိုချင်သွားတယ်။ သူ ကြို့ထိုးတက်လာပြီး အသံစူးစူးရှရှနဲ့ စတင်မြည်ကြွေးပါတော့တယ်။
.
၀န်ထမ်းနှစ်ယောက်ဟာ မှန်တံခါးကိုဖြတ်ပြီး နင်ယန် ဘက် ကြည့်လာကြတယ်။ အဲ့ဒီနောက် သူတို့ရှေ့ကို လူရိပ်တစ်ခု ဖြတ်လျှောက်သွားတယ်။
၀န်ထမ်းနှစ်ယောက်ထဲက တစ်ယောက်က အလောတကြီးလာပြီး တံခါးကို ကမန်းကတန်း တွန်းဖွင့်ပေးတယ်။ အဲ့နောက် ၀န်ထမ်းနှစ်ယောက်လုံးက လေးစားသမှုနဲ့ ကိုယ်ကိုညွှတ်ပြီး-
” လာရောက်သုံးဆောင်ပေးတာ ကျေးဇူးတင်ပါတယ်။ နောက်လည်း ထပ်လာခဲ့ပါဦး”
ဧည့်သည်က ယဉ်ယဉ်ကျေးကျေးနဲ့ သူတို့ကို ခေါင်းပြန်ငြိမ့်ပြတယ်။ ပြီးတော့ သူ့ဦးထုပ်ကို အောက်ဆွဲချပြီး ဆိုင်ထဲက ထွက်သွားတယ်။
၀န်ထမ်းနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေကြတယ်။
အဲ့ဒီလူ ဘယ်သူမှန်း သူတို့ကောင်းကောင်း သိတယ်လေ။
ဒီဆိုင်ကို နာမည်ကြီးဆယ်လီ တော်တော်များများ လာနေကျမို့ ဒါက သူတို့အတွက် မထူးဆန်းတော့ဘူး။ သူတို့စိတ်လှုပ်ရှားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက သူတို့ဟာ အဲ့လူရဲ့ အမာခံပရိသတ် ဖြစ်နေလို့ပါ။
‘အဲ့ဒီလူ’ ဆိုတာ ‘လင်းရုန်’ ပဲ!
” အရမ်းခန့်တယ်နော်! “
၀န်ထမ်းမလေးက အနီရောင်ပြေးတဲ့ မျက်နှာနဲ့ ခပ်တိုးတိုးပြောတယ်။
အမာခံပရိတ်သတ်ဖြစ်တဲ့ ၀န်ထမ်းကောင်လေးကလည်း ခေါင်းတဆတ်ဆတ် ညိတ်ပြီး ထောက်ခံတယ်။
လင်းရုန်က ထသွားထလား အနက်ရောင် ဟူဒီလက်ပြတ်နဲ့ ဂျင်းဘောင်းဘီကို တွဲ၀တ်ထားတယ်။ လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လို့ အခြားတစ်ဖက်က အစာသွပ်စက္ကူတစ်ဘူး[1] ကိုင်ထားတယ်။ ဒီတိုင်းလေးတောင် သေလောက်အောင် ခန့်ချောနေတုန်းပဲ။
အရပ်ရှည်တဲ့အပြင် ခန္ဓာကိုယ်အချိုးအစားကလည်း တောင့်တင်းတယ်။ တစ်ချက်ကြည့်ရုံနဲ့ ဖုထစ်နေတဲ့ သူ့ကြွက်သားတွေကို မြင်နိုင်တယ်။
သူက Mask အနက်ရောင် တပ်ထားတယ်။ ဒါပေမဲ့ သူ့ရဲ့ အေးစက်ပြီး ညို့ယူမှုအပြည့်နဲ့ မျက်၀န်းတွေကို ဆုံလိုက်တဲ့ ဘယ်လူတစ်ဦးတစ်ယောက်ကမှ တောင့်ခံနိုင်မှာတော့ မဟုတ်ဘူး။
သူက ခန့်ညားတဲ့အပြင်ကို နူးညံ့သိမ်မွေ့ပုံ ပေါ်တယ်။ သူ သရုပ်ဆောင်မလုပ်တာ နှမြောဖို့ကောင်းတယ်လို့ လူတွေက မှတ်ချက်ချတယ်။ ဒါပေမဲ့လို့ သူက ဂီတမှာပဲ စိတ်နှစ်ထားတဲ့သူ။ သူ့ရဲ့ သစ္စာရှိပရိသတ်အများစုကလည်း ဂီတအပေါ်ထားတဲ့ သူ့ရဲ့ပေးဆပ်မှုကို တခဲနက် အားပေးကြတယ်။
နိုင်ငံတစ်၀ှမ်းကျော်ဇောတဲ့ ပြည်သူချစ် တေးသံရှင် ‘လင်းယန်’ ရဲ့ သားတစ်ယောက်အနေနဲ့ ဒီလို နှိမ့်နှိမ့်ချချနေပြီး ကိုယ့်အရည်အချင်းနဲ့ကိုယ် ကြိုးစားတက်လှမ်းတာဟာ အတုယူဖွယ်ကောင်းလှတယ်။ ဒီအချက်က သူဟာ အေးစက်စက်ပြုမူတတ်ပေမဲ့… ဘာလို့ လူအမြောက်အမြားက အရူးအမူးဖြစ်ကြတာလဲ ဆိုတာရဲ့ အဖြေပဲ။
ခြုံပြောရရင် အဲ့ဒီလို ‘လင်းရုန်’ ကို နှုတ်ခွန်းဆက်ခွင့်ရတာဟာ ၀န်ထမ်းနှစ်ယောက်အတွက်တော့ မူးမေ့သွားဖို့ လုံလောက်လွန်းတယ်။
.
တစ်ဖက်မှာလည်း လင်းရုန်က စားသောက်ဆိုင်ကနေ ထွက်ထွက်ချင်း သူ့မန်နေဂျာဆက်လာတဲ့ ဖုန်းကိုကိုင်လိုက်တယ်။ သူ လမ်းလျှောက်နေရင်း လမ်းမပေါ် အကြောဆန့်နေတဲ့ ညစ်ညစ်ပတ်ပတ် ခွေးဖြူလေးတစ်ကောင်ဆီ အကြည့်ရောက်သွားတယ်။
သူက လေသံအေးနဲ့ ဆိုတယ်။
” အကိုလု”
နင်ယန် စိတ်ပျက်လက်ပျက်ဖြစ်နေတုန်း သူ့ရဲ့ အထက်မှာ ရင်းနှီးတဲ့ အသံတစ်သံကြားလိုက်တယ်။ သူ တစ်စက္ကန့်လောက် ငြိမ်သက်သွားတယ်။ သူ့ရဲ့ နားရွက်ကို လက်ဖဝါးနဲ့ အသာကုတ်ပြီး၊ မတ်မတ်ထိုင်တယ်။ ပြီးတော့ ထွက်ခွာသွားတဲ့လူကို ကြည့်ဖို့ ကိုယ်ကိုလှည့်လိုက်တယ်။
သူကြည့်နေတဲ့သူက ဖုန်းပြောရင်း ကားပါကင်ထဲ ၀င်သွားတယ်။
‘နင်ယန်’ သူ့ရဲ့ နောက်ကျောပုံစံနဲ့တင် သိလိုက်တယ်။ လင်းရုန် !
သူ အံ့အားသင့်ပြီး ငေးနေမိတယ်။ အဲ့တစ်ယောက်က ဘာလို့ ဒီမှာရှိနေတာလဲ?
အင်းလေ… ဒီစားသောက်ဆိုင်က ဖျော်ဖြေရေးနယ်ပယ်မှာ အဆယ်အသွယ်များတာကိုး။ လင်းရုန်ဒီမှာရှိနေတာ မဆန်းပါဘူး…
ခဏ…. ခဏလေး နေပါဦး…
နင်ယန် နှာတစ်ချက်ရှုံ့တယ်။ သူ့မျက်လုံးအစုံက တောက်ပလို့နေတယ်။
သူသိတဲ့ တစုံတယောက်! သူရင်းနှီးတဲ့ လူတစ်ယောက်!
လင်းရုန်က သူအမုန်းတီးဆုံး ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့အပြင် ရေခဲရိုက်မျက်နှာနဲ့ ခံစားချက်မဲ့ လူသားတစ်ယောက် ဖြစ်နေတယ်…. ဆိုသော်ငြား အနည်းဆုံးတော့ အဲ့လူက သူသိတဲ့လူပဲလေ!
နင်ယန် အသက်ရှူချောင်သွားတယ်။ နတ်ဘုရားက တံခါး ပိတ်လိုက်ပေမဲ့ ပြတင်းပေါက်လေးတော့ ဖွင့်ပေးရှာသား။
သူ့ညီ၀မ်းကွဲ ထွက်သွားပေမဲ့ သူ့ပြိုင်ဘက်က ဒီမှာရှိနေတယ်လေ။ သူ ကယ်တင်ခံရနိုင်ပါသေးတယ်။
ခွေးဖြူလေးရဲ့ မျက်လုံးဟာ အမှောင်ထဲမှာ မီးမောင်းထိုးထားသလို အတောက်ပကြီး တောက်ပလာတယ်။
.
သူ ယိုင်တိယိုင်တိုင်နဲ့ ကိုယ်ကိုလှည့်ပြီး ပါးစပ်ကိုဖွင့်လို့ ဂရုတစိုက်နဲ့ ရှေ့ကိုခိုးကြောင်ခိုးဝှက် သွားတယ်။
လင်းရုန် သူ့ကားနားရောက်တော့ သူ့နောက်ကနေ တစ်ခုခုလာနေမှန်း ခံစားသိနဲ့ တုန်တက်သွားတယ်။ သူ့မန်နေဂျာနဲ့ စကားပြောရင်းတန်းလန်း သူ့ရဲ့ ညာဘက်ခြေထောက်ပေါ်မှာ အလေးချိန်တစ်ခုစီးသလို ခံစားလိုက်ရတယ်။
သူနောက်လှည့်ပြီး ခွေးဖြူလေးကို အံ့အားသင့်စွာနဲ့ ဆိတ်ဆိတ်ကြည့်တယ်။ ခုနက လမ်းပေါ်မှာ မျှော်လင့်ချက်ပျက်သုန်းပြီး ခြေလက်ကားယားထိုင်နေတဲ့ခွေးက အခု သူ့ဘောင်းဘီအောက်စကို ဆွဲထားတယ်။
ခွေးလေးက သူနဲ့အကြည့်ဆုံသွားတော့ အမြီးနှံ့ပြီး မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်လုပ်လို့ သူ့မျက်လုံးဝိုင်းဝိုင်းတွေနဲ့ အပြစ်ကင်းစင်တဲ့သူလို ကြည့်လာတယ်။
မန်နေဂျာက ‘လင်းရုန်’ စကား ဆက်မပြောဘဲ ရပ်နေလို့ မရေမရာနဲ့ ခေါ်လာတယ်။
” မြောင်ကော” ( T/N လင်းရုန် ငယ်နာမည်)
Mask အောက်ကနေ လင်းရုန် ပါးစပ်ဟမိသွားတယ်။ ပြီးမှ နှုတ်ခမ်းပြန်စေ့ပြီး စကားတစ်ခွန်းမဆိုဘဲ သူ့ညာခြေကို အသာအယာ မ,တယ်။
ခွေးဖြူလေးက အံတင်းတင်းကြိတ်ပြီး သူ့ရဲ့ အပြစ်ကင်းစင်ပြီး ဝိုင်း၀န်းတဲ့ မျက်လုံးလေးနဲ့ ဆက်ကြည့်နေတယ်။
လင်းရုန် ပြောစရာစကား ပျောက်ရှလွန်းလို့ ခွေးလေးကို ဒီတိုင်း ငေးနေမိတယ်။ အဆုံးမှာ သက်ပြင်းမှုတ်ထုတ်ပြီး-
” လွှတ် “
နင်ယန်:…….
နှလုံးသားမဲ့လိုက်တာ !
သူ့ဖန်တွေ အလေးအနက် ပြောတာကျ သူက အပြင်ပိုင်းသာ အေးစက်တာပါ၊ အတွင်းနှလုံးသားလေးက နွေးထွေးလွန်းပါတယ်ဆို။ အလိမ်အညာတွေ ! လုံ၀မနွေးထွေးတဲ့အပြင် အတွင်းရော အပြင်ပါ အေးခဲနေတာကို။
နင်ယန် စိတ်ထဲမှာ ဆဲဆိုလိုက်ပေမဲ့ ဘောင်းဘီအောက်စကိုတော့ တင်းတင်းကြပ်ကြပ် ကိုက်ဆွဲထားတယ်။
ဒီအခွင့်အရေးကြီးကို လက်လွှတ်မိရင် နောက်ထပ်ဘာတွေ တန်းစီပြီး ဖြစ်လာဦးမှာလဲဆိုတာ ဘယ်သူသိမှာတဲ့လဲ။ အဲ့တော့ သူ ဒီလူ့ကို ဘယ်တော့မှ ပေးမသွားနိုင်ဘူး!
အခုချိန်မှာ နင်ယန်တစ်ယောက် လေကိုတစ်၀ကြီး ရှူသွင်းလိုက်တယ်။ အဲ့တော့မှ တခြားအတွေး တွေးဖို့ အားအင်တွေပြည့်လာတယ်။ အထူးသဖြင့် သူ့ကို မနာလိုစေတဲ့အချက်တွေ အကြောင်းပေါ့။
သူက ခွေးတစ်ကောင် အဖြစ်ပြောင်းသွားတဲ့အချိန် သူ့ရှေကလူကျ…အနံ့ခံအာရုံအရ သေချာပေါက် ဆိုင်ထဲမှာ ကျောက်ပုဇွန်လုံးဟင်း[2] စားလာတာ။ ပြီးတော့ အခုလည်း လက်ထဲမှာ ဘဲကင်ထည့်ထားတဲ့ အစာသွပ်စက္ကူဘူးနဲ့။
‘နင်ယန်’ဖြင့် ဒီနေ့ အိမ်ကနေ ထွက်လာကတည်းက ဘာမှမစားရသေးဘူး။ ဗိုက်ဆာလွန်းလို့ သူ့အစာအိမ်က သူ့ကိုယ်သူတောင် ပြန်စားနေပြီ။
ဒီလိုနှိုင်းယှဉ်လိုက်တော့ နင်ယန် သူ တကယ် ကျဉ်းထဲကျပ်ထဲရောက်နေမှန်း ပိုသိလာရတယ်။ သူ့မျက်၀န်းတွေက မျက်ရည်အပြည့်နဲ့ ရွှန်းစိုလုနီးပါး ဖြစ်သွားတယ်။
သူ ဒုက္ခရောက်ရင် လင်းရုန်လည်း အဲ့လိုပဲဖြစ်ရမယ်! ဘာကိစ္စပဲရှိရှိ သူ့ကို ဖက်တွယ်ထားရမယ်!
‘နင်ယန်’ ဟာ သူ့ရဲ့သွားစွယ်တွေနဲ့ တစ်ဖက်လူရဲ့ဘောင်းဘီစပေါက်ထွက်လုမတတ် ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လိုက်တယ်။
‘လင်းရုန်’ မန်နေဂျာက မမျှော်လင့်ဘဲ ” လွှတ် ” ဆိုတဲ့ စကားလည်းကြားရော ဇဝေဇဝါနဲ့ ပြန်မေးတယ်။
” အာ… ငါ့ကို ပြောတာလား”
” မဟုတ်ဘူး”
လင်းရုန်က ပြောပြီး ခဏရပ်လိုက်တယ်။ ပြီးမှ သူ ဆက်ပြောတယ်။
” ခွေးတစ်ကောင်ကို”
” မင်းခွေးကိုက်ခံရတာလား”
မန်နေဂျာက ရုတ်တရက်ကြီး အာမေဋိတ်သံပြုပြီး မေးလာတယ်။
” တကယ်တော့… မဟုတ်ဘူး”
လင်းရုန်က တိတ်တဆိတ်ပြန်ဖြေပြီး သူ့ခြေထောက်ကို မြောက်လိုက်ပြန်တယ်။ ခွေးလေးက ခေါင်းမာမာနဲ့ သူ့ဘောင်းဘီကို တွယ်ကပ်နေတုန်း။ လွှတ်ပေးတာထက် သေလိုက်တာက ပိုကောင်းမယ်လို့ ဆုံးဖြတ်ထားသလားပဲ။
” အဲ့တော့ ဘာဆက်ဖြစ်သွားလဲ၊ ခွေးက ဘာလုပ်လိုက်လို့လဲ”
မန်နေဂျာက အဆက်မပြတ် မေးနေတယ်။
” အဲ့လို… မဟုတ်ဘူး”
လင်းရုန် ခဏရပ်လိုက်တယ်။ သူ့မျက်လုံးကို မှေးကျဉ်းပြီး နောက်ထပ် စကားဆက်ပြောဖို့ကို ငြင်းဆိုတယ်။
” အကိုလု၊ ကျွန်တော်လုပ်စရာရှိသေးတယ်။ အိမ်ရောက်မှ ပြန်ခေါ်လိုက်မယ်”
ဖုန်းချပြီးနောက်မှာ လင်းရုန် သူ့ခြေထောက်ကို အလွတ်ပေးဖို့ ကြိုးစားတာကို လက်လျှော့လိုက်တယ်။ အဲ့အစား ခွေးလေးကို အေးအေးသက်သာကြည့်ဖို့ ကိုယ်ကို ငုံ့ကိုင်းတယ်။
လင်းရုန်ရဲ့ အကြည့်က ပိုပြီးနက်ရှိုင်းလာတယ်။
သူ့ဖန်တွေ အမြဲပြောတာရှိတယ်။ လင်းရုန်မျက်လုံးထဲမှာ ကြယ်တွေ ကိန်းအောင်းနေတယ် တဲ့။ ဒါပေမဲ့ နင်ယန် အဲ့မျက်လုံးတွေနဲ့ ဆုံတိုင်း တစ်ယောက်ယောက်က နှလုံးကို လာညစ်ထားသလို ခံစားရတယ်။
အဲ့လိုတွေးပြီးတဲ့နောက်မှာ တစ်ဖက်သားရဲ့ အကြည့်တွေကြောင့် နင်ယန် သူတွေးမိတာကို နောင်တရသွားတယ်။ အကြောင်းက လင်းရုန်ရဲ့ မျက်၀န်းဟာ လက်ခနဲဖြစ်သွားပြီး သူ့ရဲ့စိတ်သဘောကို ပြောင်းမဲ့ အရိပ်အယောင်တွေ့တာကြောင့်လေ။ နင်ယန် ခုန်ဆွ ခုန်ဆွလုပ်ပြီး သူ့ခေါင်းနဲ့ တစ်ဖက်လူရဲ့ ခြေထောက်တိုက်မိတဲ့အထိ လူးလှိမ့်လိုက်တယ်။
ကောင်းပြီလေ… ငါ ချစ်ဖို့ကောင်းအောင် လုပ်ပြမယ်!
နင်ယန် တိတ်တဆိတ်တွေးလိုက်တယ်။ အဲ့လိုလုပ်မှ သူ့ကို အိမ်ခေါ်သွားမှာကိုး။
ဒါပေါ့။ ‘နင်ယန်’ က ချစ်ဖို့ကောင်းအောင် သရုပ်ဆောင်တဲ့နေရာမှာ မတော်ပါဘူး။ ဒါပေမဲ့ သူလုပ်တဲ့အပြုအမူပေါ်တော့ ယုံကြည်ချက်အပြည့်ရှိတယ်။ ဒါကြောင့် သူ့ခြေထောက်တွေ လေထဲမြောက်တဲ့အထိ လှိမ့်ပြီး သူ့လက်ဖဝါးတွေကို ရင်ဘတ်ဆီ နီးနီးကပ်ကပ် စုစည်းလိုက်တယ်။ ပြီးတော့ သူ့ရဲ့ အမွေးဖွာတဲ့ ဗိုက်လေးကို လှစ်ဟပြတယ်။
နင်ယန် သူ့အမြီးကို နှံ့လို့ တစ်ဖက်လူကို သဘောတကျ ကြည့်တယ်။ ဒီကမ္ဘာပေါ်က ဘယ်သူမှ သူ့ရဲ့ချစ်စရာ ဗိုက်ကလေးကို ခုခံနိုင်မှာမဟုတ်ဘူးလို့ သူတွေးတယ်။
လင်းရုန် သူ့ကို တိတ်တဆိတ်ပဲ ကြည့်နေတယ်။
မထိရောက်ဘူးလားဟ။
နင်ယန်: ….
ဒီလောက်လေးနဲ့ ရမှာမဟုတ်ဘူးလို့ သိလိုက်တဲ့ခဏ နင်ယန် တွေဝေသွားတယ်။ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ပြီး ညီးသံတိုးတိုးလေးပါ ထပ်ပေါင်းလိုက်တယ်။
အသံလေးက ညင်သာပြီး စွဲမက်စရာကောင်းလွန်းတယ်။ ဒီအသံကြားလိုက်ရတဲ့ ဘယ်သူမဆို အရည်ပျော်သွားလိမ့်မယ်။
ဒါပေမဲ့ လင်းရုန်ကတော့ မလှုပ်မယှက် ရှိနေတုန်းပဲ။ သူ့မျက်နှာမှာ ဘာခံစားချက်မှ မပေါ်ဘူး။
နင်ယန် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်တယ်။ တစ်ဖက်လူရဲ့ ခြေထောက်ကို ဂရုတစိုက် တွယ်ချိတ်ပြီး မျှော်လင့်ချက်အပြည့်နဲ့ မျက်တောင်လေး ပုတ်ခတ်ပြီး ကြည့်ပြန်တယ်။
လင်းရုန် သူ့မေးစေ့သူ ဖွဖွလေး ကုတ်လိုက်တယ်။
နင်ယန် တစ်ဖက်လူရဲ့ ခြေထောက်ကို ရိုရိုကျိုးကျိုးနဲ့ အထပ်ထပ် အခါခါ ပွတ်သပ်တယ်။
လင်းရုန်ကြည့်ရတာ အပြန်ပြန် အလှန်လှန် စဉ်းစားနေပုံပဲ။
နင်ယန် အမျက်ချောင်းချောင်း ထွက်လာတယ်။
လင်းရုန်! ဒါတောင်မှ မင်းက လူတဲ့လား? လူသားတစ်ယောက် တဲ့လား? မင်းကိုယ်မင်း ပြန်ကြည့်ဦး! ဘယ်လိုတောင် တုပ်တုပ်မလှုပ်ဘဲ နေနိုင်တာလဲ? ဒါကို ချစ်ဖို့ကောင်းတယ်လို့ ဘယ်လိုဖြစ်ပြီး မထင်နိုင်ရတာလဲ?
နင်ယန် သူ့ခေါင်းထဲမှာ ပယ်ပယ်နယ်နယ် ဆဲပြီးပြီးချင်း လက်တစ်စုံက သူ့ပေါ်ရောက်လာပြီး မြေကြီးပေါ်ကနေ သူ့ကို မ, ယူသွားတယ်။
နင်ယန် အံ့အားသင့်ပြီး ထဟောင်တယ်။ ဘာဖြစ်သွားမှန်း နားလည်လိုက်ချိန်မှာ သူ လင်းရုန်ရဲ့ မျက်လုံးနဲ့ တစ်ပြေးညီဖြစ်တဲ့အထိ ချီမြောက်ခံရပြီးပြီ။
ဒီလူ့မျက်နှာက တကယ်ချောတာပဲ။ လင်းရုန်ကို သူ့ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပေမဲ့လို့ ဒီတစ်ခုတော့ သူ ၀န်ခံရမယ်။
ဒါပေမဲ့ လင်းရုန် က အေးတိအေးစက်နိုင်လွန်းတယ်။ သူက ရေခဲရိုက်အလှလိုပဲ။
နင်ယန်နဲ့ လင်းရုန်က ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ကြတာ။ သူတို့နှစ်ယောက် တွေ့ဆုံဖို့ အခွင့်အရေးများတာ မှန်ပေမဲ့ ကုမ္ပဏီမှာဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်တဲ့ ပွဲတွေမှာပဲဖြစ်ဖြစ် တွေ့ရင်တောင် သူတို့က စကားအများကြီး မပြောကြဘူး။
အခုမတော့ ဒီလူက အတော်ကြာတဲ့အထိ သူ့ကို အထောက်အောက် စုန်ဆန်ကြည့်ပြီး လေပြေအေးနဲ့ ပြောလာတယ်။
“ငလိမ်လေး”
နင်ယန်: …..
ရှက်ရွံ့သွားတဲ့ ခွေးလေးရဲ့ မျက်နှာက ဒေါသတွေနဲ့ တွန့်ကျုံ့သွားတယ်။
တစ်ဖက်လူရဲ့ မျက်၀န်းမှာတော့ တရင်းတနှီးစနောက်တဲ့ပုံမျိုး ဖျတ်ခနဲ လက်သွားလေရဲ့။
အဲ့နောက် နင်ယန်ရဲ့ ကမ္ဘာကြီးဟာ တိမ်းစောင်းသွားတယ်။ အကြောင်းကတော့ လင်းရုန် သူ့ကို လက်တစ်ဖက်နဲ့ပွေ့ချီပြီး ပါကင်ထိုးထားတဲ့ ကားဆီ ဦးတည်လိုက်လို့ပါ။
နင်ယန် အံ့ဩတကြီး မျက်တောင်ခတ်မိတယ်။ ပြီးတော့ စိတ်လှုပ်ရှားသွားတယ်။
သူ အောင်မြင်သွားတာလား? ဒီ အကြင်နာတရားကင်းမဲ့တဲ့ လင်းရုန်ကို သူ့အိမ်ခေါ်သွားဖို့ ဖြားယောင်းနိုင်လိုက်တာလား။
—–