Chapter - 2
- Home
- All Mangas
- ခွေးဖြစ်ပြီး ရန်သူတော်ကြီးအိမ်မှာ ကပ်နေရတဲ့ငါလေး
- Chapter - 2 - နှာဘူးခွေးလေး
၂. နှာဗူးတဲ့ ခွေးလေး။
အဟုတ်ပဲ။ နင်ယန်တစ်ယောက် သူ့ရဲ့ ကလိမ်ကကျစ်ကျတဲ့ လုပ်ငန်းကြီးကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီ။
ကားရဲ့နောက်ခုံမှာ သူ ထိုင်လိုက်ပြီးတဲ့နောက် မျက်နှာက ကျေနပ်အားရလွန်းလို့ ပြုံးပန်းဝေနေလေရဲ့။
ဒီ ‘လင်းရုန်’ ဆိုတဲ့လူက အေးစက်သလိုလိုရှိပေမဲ့ အခုများတော့ ခွေးလေးတစ်ကောင်ကို အိမ်ခေါ်သွားတယ်။ “အပြောတစ်မျိုး၊ အလုပ်တစ်မျိုး” လုပ်တတ်တဲ့ လူစားမှန်း သိသာတယ်။
ပြောရရင် နင်ယန်ရဲ့ ချစ်စရာကောင်းနေမှုကြီးကို ဘယ်သူမှ မခုခံနိုင်မှန်း သူသိတာပေါ့။ ယောက်ျားလေးတွေတောင်မှပဲ!
ခွေးဖြူလေးဟာ အလွန်အကြူး ဂုဏ်မြောက်တဲ့ မျက်လုံးတွေနဲ့ ယာဉ်မောင်းထိုင်ခုံဘက်ကို ခဏခဏ ကြည့်လေ့ရှိတယ်။
မောင်းသူနေရာမှာ ထိုင်တဲ့လူကလည်း တစ်ချက်တစ်ချက် နောက်ကြည့်မှန်ကို ကြည့်လာတတ်တယ်။
မိနစ်နှစ်ဆယ်အကြာမှာ ရှုခင်းကောင်းတဲ့ အိမ်ယာ၀န်းထဲ ဝင်လာကြတယ်။
လင်းရုန် ဒီမှာနေမှန်း နင်ယန် မသိခဲ့ဘူး။ ဒါပေမဲ့ ဒီ၀န်းမှာနေတာ လင်းရုန်တစ်ယောက်တည်းတော့ မဟုတ်ဘူး။ တခြား နာမည်ကြီး ဆယ်လီတွေလည်း ဒီ၀န်းထဲမှာ သူတို့အပိုင် အိမ်တွေရှိကြပါတယ်။
.
မြေအောက်ကားပါကင်ထဲ ၀င်သွားတဲ့အခါ နင်ယန်ရဲ့ မျှော်လင့်ချက်တွေ ထိုးတက်လာတယ်။
လင်းရုန်ရဲ့အိမ် ဘယ်လိုမျိုးလဲဆိုတာ သူမသိဘူး။
သူက လင်းရုန် သူ့မိသားစုနဲ့ ခွဲပြီး ဒီမှာ တစ်ယောက်တည်းလာနေတယ် ဆိုတာလောက် သိထားတာ။
လင်းရုန်က အမြဲတမ်း ကိလေသာကင်းတဲ့ သူတော်စင်လို အေးတိအေးစက် ပြုမူပြီး လူတွေနဲ့လည်း နီးနီးကပ်ကပ် မရှိလှဘူး။ နင်ယန် တကယ်သိချင်သွားတယ်။ ဒီလူ သူ့အိမ်မှာလည်း ဒီလိုပဲနေမှာလား ဆိုတာကိုလေ။ အိမ်ထဲမှာတောင် အပြာကားမကြည့်ဘူးလို့တော့ လာမပြောနဲ့နော်!
သူ အဲ့လောက်ကြီးတော့ အေးစက်မနေလောက်ပါဘူး!
လင်းရုန် သူ့ကို ကားထဲက ခေါ်ထုတ်လာချိန်မှာ နင်ယန်ကတော့ သူ့အတွေးပုံရိပ်တွေကြောင့် စိတ်လှုပ်ရှားနေပြီ။ သူ့မျက်လုံးတွေကလည်း ၀မ်းပန်းတသာနဲ့ တလက်လက်ထနေတယ်။
လင်းရုန် သူ့လက်ထဲက ခွေးဖြူလေးကို ဖျက်ခနဲ ငုံ့ကြည့်လိုက်တယ်။
လော်ဘီထဲမှာ ဓာတ်လှေကား စောင့်နေတုန်း နင်ယန် သူ့ဟာနဲ့သူ တွေးနေတယ်။ သူ ဒီကနေ့ လင်းရုန်ရဲ့ မျက်နှာအစစ်အမှန်ကို တွေ့နိုင်ပြီ။
ဓာတ်လှေကားထဲ၀င်သွားပြီးတဲ့အခါ နင်ယန်တစ်ယောက် သူလူပြန်ဖြစ်တဲ့တစ်နေ့ လျှို့ဝှက်ချက်တွေကို ထုတ်မပြောဖို့ ကြောက်အားလန့်အားနဲ့ ခြေသလုံးဖက်ငိုနေမဲ့ လင်းရုန်ရဲ့ ပုံစံကို မြင်ယောင်ပြီး အူမြူးသွားတယ်။
ဟား ဟား ဟား!!!
.
လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ဟာ အခန်း ၁၅၀၁ ရှေ့မှာ မတ်တပ်ရပ်နေကြတယ်။ နင်ယန် စိတ်ထဲမှာ လင်းရုန်နဲ့ လိုက်လာတာ မှန်သွားပြီ လို့ တွေးမိတယ်။ နောင်လာမဲ့နေ့ရက်တွေကတော့ ပျော်စရာကောင်းနေတော့မှာပဲ။
လင်းရုန်ဟာ သော့ထုတ်ပြီး တံခါးကို ဖွင့်လိုက်တယ်။
အခန်းက ပိန်းပိတ်အောင် မှောင်မည်းနေတယ်။ လင်းရုန် အထဲ၀င်သွားပြီး ဧည့်ခန်းမီးဖွင့်လိုက်တယ်။
စက္ကန့်အနည်းငယ်အတွင်း စူးရှတဲ့အလင်းရောင်က ဧည့်ခန်းအနှံ့ ဖြန့်ကျက်သွားတယ်။ အလင်းစူးစူးကြောင့် နင်ယန် ရဲ့ မျက်နှာမှာ နှုတ်ခမ်းစွန်း တစ်ဖက်ကွေးတက်ပြီး ထူးဆန်းတဲ့ အပြုံးကြီး ပေါ်ပေါက်လာတယ်။
အဲ့နောက် သူ့အပြုံးကြီး အေးခဲသွားလေတယ်။
ဧည့်ခန်းအပြည့်ကပ်ထားတဲ့ ပိုစတာတွေကို ဘယ်လို တုံ့ပြန်ရမယ်မှန်း အချိန်အတိုင်းအတာတစ်ခု ကြာတဲ့တိုင်အောင် သူ မသိနေဘူး။
လင်းရုန် တကယ်ကြီး ကပ်ထားတာ။ ဘယ်နေရာကြည့်ကြည့် လူပုံပါတဲ့ ပိုစတာတွေချည်းပဲ။ နံရံတွေကို ပိုစတာနဲ့ လုပ်ထားသလားလို့တောင် ထင်ရတယ်။
နင်ယန် တအံ့တဩ ငေးပြီးနောက်မှာ ပိုစတာတွေကို ဂရုတစိုက် ကြည့်မိတယ်။
အဲ့နောက်မှာ သူ တောင့်တင်းသွားတယ်။
နေဦး! နံရံပေါ်က ဒီပိုစတာတွေအားလုံးက လူတစ်ယောက်တည်းရဲ့ ပုံတွေ။ ပြီးတော့ ပြီးတော့… အဲ့လူကို သူအရမ်း ရင်းနှီးနေတယ်။
ငှက်တောင်မွှေးလို ကော့ပျံနေတဲ့ မျက်လုံးအစုံ၊ သွယ်စင်းနေတဲ့ နှာတံလေး၊ ပြီးတော့ အဲ့မျက်နှာ သွယ်သွယ်ရော… ခန့်ညားပြီး လူငယ်ဆန်တဲ့ ရုပ်သွင်နဲ့….
ဒီပုံအားလုံးက သူလားဟ!?
နင်ယန် သတိလစ်တော့မလိုပဲ။
လင်းရုန် ဘာဖြစ်သွားတာလဲ? သူ့ရဲ့ သူတော်စင်ဖြစ်ဖို့ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ဒီပုံတွေကို အသုံးချတာလား?
လင်းရုန် ခွေးလေးကို ကြမ်းပြင်ပေါ်ချပေးပြီး မျက်နှာသေနဲ့ အိမ်တွင်းစီးဖိနပ်ကို လဲစီးလိုက်တယ်။ အိမ်ထဲ၀င်သွားပြီး အစာသွပ်ဘူးကို ထမင်းစားပွဲပေါ် တင်တယ်။
.
ခွေးဖြူလေးခမျာ အပေါက်၀မှာ ရုပ်တုကြီးလို ရှိနေဆဲပဲ။
လင်းရုန် အချိန်အတော်ကြာတဲ့အထိ ခွေးလေးကို လျစ်လျူရှူပြီး လက်ဆေးဖို့ ရေချိုးထဲ ၀င်သွားတယ်။
အဲ့အချိန်မှ နင်ယန်ဟာ သူ့ရဲ့တောင့်တင်းနေတဲ့ ခြေလက်တွေကို လှုပ်ရှားစေပြီး ပတ်ပတ်လည်ကို ငေးရင်း ဧည့်ခန်းထဲ ၀င်လာတယ်။
တကယ်ကြီး သူဟ! အဲ့ထဲက ပုံတွေအားလုံး သူပဲ!
နံရံပေါ်မှာ သူ့ရဲ့ မဂ္ဂဇင်းကာဗာတွေ၊ ကြော်ငြာဓာတ်ပုံတွေ၊ ဖျော်ဖြေပွဲက သူ့ရဲ့ပုံတွေ… ပုခုံးတစ်၀က်ထိ ရိုက်ချက်တွေ၊ ပြုံးနေတဲ့ပုံတွေရော၊ အထာကျကျပုံတွေရော ။ ဘုရားရေ! ရှပ်အကျီကြယ်သီးဖြုတ်ထားတဲ့ ကိုယ်တစ်ပိုင်းပုံတွေပါ, ပါသေးတယ်…။ ဒီပုံတွေအားလုံးက သူ့ပုံတွေတဲ့လား။
နင်ယန်ရဲ့ ကြောက်လန့်တကြား ငေးနေမှုကြီးဟာ ထမင်းစားပွဲပေါ်မှာ ရပ်တန့်သွားတယ်။ ခွက်တွေကအစ သူ့ပရိသတ်အတွက် ထုတ်ထားတဲ့ခွက်တွေ။
နင်ယန်ရဲ့ တည်ငြိမ်နေတဲ့စိတ်ကလေးဟာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့တယ်။ စက္ကန့်ပိုင်းအတွင်း သူ့နောက်က အမွေးတွေ ထောင်တက်သွားပြီး ကျောရိုးတစ်လျှောက် ကြက်သီးမွေးညင်း ထသွားတယ်။
ဘာတွေဖြစ်နေတာလဲ? ဘာလို့…. ဘာလို့ လင်းရုန်က သူ့ပုံတွေကို တစ်အိမ်လုံးအပြည့် ကပ်ထားတာလဲ?
သူ့နောက်က ခြေသံကြောင့် နင်ယန် အထိတ်တလန့် လှည့်ကြည့်လိုက်တယ်။ သူ့အတွေးထဲက လူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အိပ်ခန်းထဲ၀င်သွားလေရဲ့။
နင်ယန် ခဏရပ်နေပြီးမှ သတိလက်လွတ်နဲ့ အိပ်ခန်းထဲ လိုက်၀င်တယ်။
အိပ်ခန်းထဲမှာလည်း ပိုစတာတွေကပ်ထားတယ်။ လင်းရုန် ကုတင်ဘေးက စားပွဲပုဆီ လျှောက်သွားပြီး အဲ့ထဲကနေ အားသွင်းကြိုးထုတ်လိုက်တယ်။
ဒါပေမဲ့ ဒါက အဓိက မဟုတ်ဘူး။ အဓိကအချက်က ကုတင်ပေါ်မှာပဲ… ကုတင်ပေါ်မှာ လူ့တစ်ရပ်စာ ဖက်လုံးကြီးရှိတယ်။ ပြီးတော့ အဲ့ဒါက နင်ယန်ပုံကြီး!
.
ဖက်လုံးက ဘေးတစ်စောင်းလှဲထားတာမို့ မသိရင် နင်ယန်ကိုယ်တိုင် ကုတင်ပေါ်တက်အိပ်နေသလိုလို။
သူ့ပုံနဲ့ဖက်လုံးက လက်တွေကို နောက်ဘက်မှာ ယှက်ထားတယ်။ ပန်းစည်းကိုင်ထားတဲ့ လူတစ်ယောက်နဲ့တူတယ်။ သူ့မျက်နှာမှာ ရှက်ပြုံးလေးနဲ့။ အရမ်းကို အပြစ်ကင်းပြီး ကြည်စင်နေတဲ့ ရုပ်ကလေး။
နင်ယန်ကိုယ်တိုင်တောင် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ပြီး ဩချရတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီအရုပ်ကြီးက ကုတင်ဘေးမှာရပ်နေတဲ့ လင်းရုန်ကို အရှက်တရွံ့ကြည့်နေတဲ့ပုံ ဖြစ်နေတယ်။
နင်ယန် နောက်တစ်ခေါက် ရှော့ခ်ရသွားတယ်။
အခုချိန်မှာ ရှက်လွန်းလို့ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မလိုပဲ။
သေချာပေါက်… သူ ဒီအရုပ်ကို ကောင်းတဲ့နေရာမှာ သုံးတာမဟုတ်ဘူး။
လင်းရုန်… သောက်ကျိုးနည်း မင်းဘာဖြစ်သွားတာလဲ?
မင်း… ငါ့ကိုများ?
အဲ့နောက် လင်းရုန် ကိုယ်လုံးလှည့်လာတယ်။
အိပ်ခန်းတံခါး၀မှာ ကြောင်တိကြောင်တောင် ရပ်နေတဲ့ ခွေးဖြူလေးကို တွေ့သွားတယ်။ ခွေးလေးရဲ့ အကြည့်တွေနောက် လိုက်ကြည့်တော့ လူ့တစ်ယောက်စာရှိတဲ့ ဖက်လုံးကြီးဆီမှာ။
လင်းရုန် ဖက်လုံးဆီ အကြည့်ဆိုက်သွားတော့ သူ့မျက်နှာလေး ပျော့ပျောင်းသွားတယ်။
သူ့နှုတ်ခမ်းထောင့်ဟာ အနည်းငယ် ကော့ပျံသွားပြီး သူ့အိပ်ရာပေါ် တက်ထိုင်တယ်။ ဖက်လုံးကို ဆွဲယူပြီး တကယ့်လူတစ်ယောက်ကို ဖက်နေရတဲ့ပုံမျိုးနဲ့ ဖက်လုံးကို ဖက်တယ်။
လင်းရုန်ရဲ့ ဒီလိုနူးညံ့တဲ့ပုံကို နင်ယန် တစ်ခါမှ မတွေ့ဖူးဘူး။
.
နင်ယန် သူ့ကိုပဲ ဆက်ကြည့်နေလိုက်တယ်။ လင်းရုန်တွေ့သွားတော့ သူ့ကိုပြုံးပြပြီး လေသံချိုချိုနဲ့ ပြောတယ်။
” ယန်ယန်က ငါသဘောကျတဲ့သူလေ။ အရမ်းချောတယ်မလား”
နင်ယန်: ….
နင်ယန်: မား! ကျွန်တော့်ကို ဒီအရူးကောင်လက်ထဲကနေ လာကယ်ပါတော့…
နင်ယန် သူ့ခြေထောက်တွေ ခွေခေါက်ပြီး ကြမ်းပြင်ပေါ် လဲကျ တော့မတတ် ဖြစ်သွားတယ်။
.
ဆွဲဆွဲငင်ငင်အူသံနဲ့အတူ တံခါးကို လက်သည်းနဲ့ သည်းသည်းမည်းမည်း ကုတ်ခြစ်သံတွေဟာ တစ်ပြိုင်တည်း ထွက်ပေါ်လာတယ်။
ခွေးလေး နင်ယန်ဟာ အပြင်ထွက်ဖို့ရာ ကိုယ်ကိုကျုံ့ပြီး တံခါးကနေ တိုးထွက်လို့ အသည်းအသန် ကြိုးစားနေတာပါ။
ဒါပေါ့၊ တံခါးက ဘယ်ပွင့်လိမ့်မလဲ။ သူ့ကိုယ်ပေါ်ကို အရိပ်တစ်ရိပ် ကျရောက်လာတယ်။ နင်ယန် လှည့်ကြည့်လိုက်တော့ သူ့နောက်မှာ မတ်မတ်ကြီးရပ်၊ လက်ပိုက်ပြီး လေးလေးနက်နက်တွေးတောနေပုံရတဲ့သူကြောင့် မေ့လဲတော့မလိုပဲ။
နင်ယန် တကယ် မေ့မြောလုနီးပါးဖြစ်သွားတာ။
လင်းရုန် သူ့ပေါ်ကို ဒီလို တိတ်တိတ်ပုန်း ခံစားချက်ရှိနေမယ်ဆိုတာမျိုး သူ့ ဆယ်သက်၊ ဆယ်ကမ္ဘာတောင် မတွေးခဲ့ဖူးဘူး။
သူအဲ့လိုမတွေးတာကလည်း ကျိန်းသေပေါက် အကြောင်းပြချက်ရှိတယ်။ သူတို့နှစ်ယောက် တွေ့လိုက်တိုင်း တစ်ဖက်လူက ရုပ်တည်ကြီးနဲ့ နေပြီး ဘာခံစားချက်မှ မပြဘူးလေ။
သူအဲ့လိုနေလို့လည်း လူတော်တော်များများက သူ့ကို ကြိုက်ကြတယ်… ဆိုပေသိ ခန်းလုံးပြည့် ကပ်ထားတဲ့ ပိုစတာတွေ၊ နေရာအနှံ့ ပြန့်ကျဲနေတဲ့ သူ့ပုံနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေနဲ့ အိပ်ရာပေါ်က အဲ့ဖက်လုံးကြီးတွေက။
အရူး! လင်းရုန်က တကယ့် အရူးအကြီးစား!
သူသာ ကြိုသိခဲ့ရင် ဒီအရူးကောင်နဲ့ တစ်မိုးအောက် တူတူနေရဖို့ လိုလိုချင်ချင် ကြိုးစားခဲ့မှာမဟုတ်ဘူး။
နင်ယန်ရဲ့ စိတ်တိုမှုဒီဂရီဟာ အဆုံးစွန်ထိ မြင့်တက်သွားတယ်။ သူ ဆွေးဆွေးမြည့်မြည့်နဲ့ကို ဆွဲအူလိုက်တယ်။
ဒါပေမဲ့ ဘီလူးခေါင်း ဆောင်းထားတဲ့ အဲ့လူကတော့ နေရာမှာပဲ မတ်တပ်ရပ်နေတယ်။ ဘာခံစားချက်မှ မရှိတဲ့ မျက်နှာနဲ့ ပြောလာတာက:
” မင်းက ငါနဲ့အိမ်ပြန်လိုက်ချင်တဲ့ တစ်ဦးတည်းသောသူပဲ”
နင်ယန်: ( ဆွဲဆွဲငင်ငင်နဲ့ အူ)
လင်းရုန်: ” မင်း င့ါဘောင်းဘီကို ကိုက်ခဲထားတာ….”
နင်ယန်: (ဆက်အူနေတုန်း)
လင်းရုန်: ” မင်း တာ၀န်ယူရမယ်”
နင်ယန်: ( ပိုလို့တောင် ဆွဲအူ)
လင်းရုန် မျက်ခုံးတွန့်ပြီး ခွေးလေးကို ငြိမ်ငြိမ်သက်သက် ကြည့်လိုက်တယ်။
နင်ယန် အူရတာကြာလာတော့ သူ့ဗိုက်ထဲမှာ သံစုံတီးဝိုင်းသံတွေ ဆူညံလာတော့တယ်။ လင်းရုန် လှည့်ထွက်သွားတယ်။ ပြန်လာတော့ သူ့လက်ထဲမှာ ဘဲကင်ပန်းကန်နဲ့။ ပန်းကန်ကို နင်ယန်ရှေ့ ချပေးလာတယ်။
နင်ယန် ကြို့တက်သွားပြီး အနံ့အရသာပြည့်စုံမဲ့ ဘဲကင်ပန်းကန်ကို ငေးကြည့်တယ်။ အရိုးတွေတောင် နွံထားပြီးသားဟ။
လင်းရုန် ညင်ညင်သာသာနဲ့ပြောလိုက်တယ်။
” ဒီမှာ ဘာမှမရှိဘူး။ ညစာအတွက် ဒါပဲ စားထားလိုက်”
နင်ယန် မလှုပ်မယှက် နေနေတုန်းပဲ။ ပြီးမှ အသိပြန်၀င်လာတယ်။
လင်းရုန် စကားထပ်မပြောတော့ဘဲ မတ်တပ်ထရပ်ပြီး ရေချိုးခန်းထဲ ၀င်သွားတယ်။ ရေသွားချိုးဖို့ဖြစ်လိမ့်မယ်။
နင်ယန် အခု ဧည့်ခန်းထဲမှာ စိတ်ပျက်ပျက်နဲ့ နံရံပေါ်က ပိုစတာတွေကို ကြည့်လိုက်တယ်။ တစ်ပုံချင်းစီက သူ့ကို ပြာကျစေတယ်။
ဒါပေမဲ့ သူ လုံး၀ မလွတ်မြောက်နိုင်တော့ဘူး။
နင်ယန်ရဲ့ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားပြီ။
လင်းရုန်က သူ့ကိုကြိုက်နေတယ်…
သူ အရင်က ဒီအတွေးမျိုး ယောင်လို့တောင် စိတ်ကူးထဲ ထည့်ဖူးတာမဟုတ်ဘူး။
သူတို့နှစ်ယောက်က ပြိုင်ဘက်တွေဖြစ်တာမို့ သူ လင်းရုန်ကို အမြဲတမ်း မျက်မုန်းကျိုးနေခဲ့တာ။ ပြီးတော့ စပြီးလိုက်ပြိုင်တဲ့ သူက လင်းရုန်ပဲလေ။
.
နင်ယန် အတိတ်က ဖြစ်ရပ်တွေကို ပြန်စဉ်းစားကြည့်တယ်။ ပြီးတော့ သူ့ဘာသာ ရေရွတ်တယ်။ ဒါတွေအားလုံး လင်းရုန် သူ့ကို အထင်သေးပြီး ကြည့်ခဲ့ရာက စတာပဲ။
ဒီတစ်လျှောက်လုံး နင်ယန် သူ့ခြေလက်တွေ မလှုပ်ရှားနိုင်ခဲ့ဘူး။ သူ့ဗိုက်ထဲက တဂွီဂွီမြည်သံကို သတိထားမိတဲ့အခါမှ သူ သေလောက်အောင် ဗိုက်ဆာနေမှန်း သိတော့တယ်။ အဲ့ကျမှ ဘဲကင်ကို အားပါးတရ စားလိုက်တယ်။
ဟေး! Dark Blue စားသောက်ဆိုင်ရဲ့ ဘဲက အသေ ကောင်းတယ်ရော။ လင်းရုန်မှာ တရိစ္ဆာန်လေးတွေကို ချစ်တဲ့ စိတ်အခံတော့ ရှိသား။ သူ့ကို ဘဲခြေထောက်နှစ်ချောင်းလုံး ပေးတာပဲ ကြည့်လေ။
စဉ်းစားကြည့်ရင် လင်းရုန်က ဘဲကင်တစ်ကောင်လုံး မှာစားတာ ဖြစ်မယ်။ ဒီခြေထောက်တွေက အစားအကြွင်းအကျန်နဲ့ မတူဘူး။ ဆိုလိုတာက ဒီစားသောက်ဆိုင်က ဘဲကင်ကိုကြိုက်လို့ တကူးတက မှာစားတာ။ ဒါဆို သူတို့နှစ်ယောက်စားတဲ့ အရသာချင်း တူတယ်ပေါ့။
မဖြစ်ရဘူး! သူနဲ့ အဲ့အရူးကောင်နဲ့ကြားမှာ ဘယ်ဟာမှ မတူရဘူး!
နင်းယန် စိတ်လေးလေးနဲ့ တွေးလိုက်တယ်။
တစ်၀က်လောက်လည်း စားပြီးရော၊ ရေချိုးခန်းတံခါး ပွင့်လာတယ်။
နင်ယန် မော့ကြည့်ပြီး ပလုတ်ပလောင်းနဲ့ စားနေတဲ့ ဘဲသားအိအိလေးကို လည်ချောင်းတစ်လျှောက် မြိုချလိုက်တယ်။ သူ့အကြည့်တွေက လင်းရုန်ပေါ်မှာ စွဲကပ်နေတုန်း။
အိမ်မှာနေတဲ့ လင်းရုန်က အရမ်းကို သာမန်ကာ လျှံကာ ရှိလွန်းတယ်။ အထပ်မြင့်တိုက်ခန်းမှာနေပြီး မှန်ပြတင်းပေါက် [1] ရှိတဲ့ ဧည့်ခန်းမှာ ရပ်နေတာတောင် ဓာတ်ပုံခိုးရိုက်ခံရမှာကို တစိုးတစိမှ မစိုးရိမ်တဲ့ပုံပဲ။ ပြတင်းအပြင်ဘက်မှာ တစ်ခြားအဆောက်အဦးတွေ မရှိလို့လည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့လည်း ဆံပင်စိုလက်စနဲ့ ညအိပ်ဘောင်းဘီအနက်ကြီး ၀တ်ပြီး လျှောက်သွားနိုင်တာပေါ့။
ရေစက်ရေပေါက်တွေက လင်းရုန်ရဲ့ ဆံပင်ဖျားကနေ တွဲခိုပြီး လည်တိုင်တစ်လျှောက် စီးကျနေတယ်။ အဲ့နောက် အောက်ပိုင်းကို ဆက်စီးသွားတယ်။
အပေါ်ပိုင်း အကျီဗလာဖြစ်နေတဲ့ သူ့ခန္ဓာကိုယ်က ရင်အုပ်ကျယ်ကျယ်၊ ခါးသိမ်သိမ်လေး။ ကြွက်သားတွေလည်း အမြောင်းလိုက် ထင်းနေရော။ ပေါင်မုန့်ရှစ်ခုက သူ့ကိုယ်ပေါ်မှာ အဖုလိုက်။ ခပ်လျော့လျော့ ၀တ်ထားတဲ့ ညအိပ်ဘောင်းဘီရဲ့ ခါးအောက်ပိုင်းမှာ V လိုင်းသဏ္ဌာန် ကြွက်သားတွေက တစ်၀က်တစ်ပျက် လှစ်ဟလို့။
နင်ယန် သူ့ရှေ့က ခန္ဓာကိုယ်ကို မနာလိုစွာနဲ့ ကြည့်တယ်။
လင်းရုန်က သူ့ဆံပင်ကို ရေခြောက်အောင် ခပ်ကြမ်းကြမ်း သုတ်လိုက်တယ်။ နောက်လှည့်လိုက်တော့ သူ့ကို တည့်တည့်ကြီး ကြည့်နေတဲ့ ခွေးလေးနဲ့ အကြည့်ချင်းဆုံသွားတယ်။
သူ မီးဖိုချောင်ထဲ၀င်သွားပြီး နို့တစ်ခွက် ယူထုတ်လာတယ်။ ပြီးတော့ နင်ယန်ရှေ့ ချလိုက်တယ်။
” ကံကောင်းလို့ အိမ်မှာ ဆိတ်နို့ ကျန်နေသေးတယ်”
လင်းရုန် နင်ယန်ခေါင်းကို သပ်လိုက်တယ်။ သူစကားပြောလိုက်တိုင်း သူ့အသံက တိုးညင်းလွန်းတယ်။
” ခွေးတွေက နွားနို့မသောက်နိုင်ဘူးမလား”
နင်ယန် သူ့ကို မျက်စောင်းထိုးလိုက်တယ်။ ပြီးမှ ကိုယ်ကိုညွှတ်ပြီး ဆိတ်နို့ကို အရသာခံတယ်။ ဆိတ်နို့ တကယ် အရသာရှိပါတယ်။
လိမ်လိမ်မာမာနဲ့ ဆိတ်နို့သောက်နေတဲ့ ခွေးလေးကို ကြည့်ပြီး သူ ရေမချိုးခင်ကထက် သက်တောင့်သက်သာရှိပုံပေါ်နေတာကြောင့် လင်းရုန် မျက်၀န်းဟာ အပျော်တွေနဲ့ ပြည့်သွားလေတယ်။
လက်တစ်ဖက်နဲ့ သူ့ပါးကိုအုပ်ကိုင်ပြီး ခွေးလေးကို ငေးကြည့်နေလိုက်တယ်။ သူ့အတွေးရေယာဉ်ဟာလည်း လွင့်မျောနေတယ်။
ဆိတ်နို့ကို တဗျက်ဗျက်မြည်အောင် လျှာနဲ့လျက်သောက်နေတဲ့ နင်ယန်ဟာ လုံး၀ဥဿုံ ပျော်ရွှင်နေတယ်။ သူ့ဘေးက လူက ငြင်ငြင်သာသာ ပြောလာတယ်။
” ဒီနို့နံ့က ယန်ယန့်ကိုယ်သင်းလိုပဲ”
နင်ယန် သီးသွားပြီး ချောင်းထဆိုးတယ်။
ဘာပြောတာလဲ? ငါ့ရဲ့ ဘယ်နားက နို့နံ့ထွက်လို့လဲ? မင်းကြီးတော် အိပ်မက်ထဲမှာပဲ တူနေလိုက်!
အားးးးးးးးးးး !!!!! ဒီအရူးက အရူးတကာ့ အရူးထိပ်ခေါင်ကွ!
.
စိတ်ကျေနပ်စရာကောင်းတဲ့ စားသောက်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ နင်းယန် စိတ်တည်ငြိမ်လာတယ်။
လင်းရုန်က လိင်စိတ်တိမ်းညွှတ်မှု လွဲမှားနေတဲ့ အရူးကောင် ဆိုပေမဲ့လည်း အခုချိန်မှာ နင်ယန်က ခွေးဖြစ်နေတာလေ။ လင်းရုန် သူ့ကို အရူးအမူးစွဲလမ်းပြီး ချစ်ပြရင်တောင် ကိစ္စမရှိပါဘူး။ သူ လမ်းပေါ်က ကောက်လာတဲ့ ခွေးလေးက သူသဘောကျနေတဲ့ ယန်ယန် ဖြစ်တယ်ဆိုတာကို သူ ဘယ်လိုနည်းလမ်းမှာ သိနိုင်မှာမဟုတ်ဘူး။
အဲ့တော့ နင်ယန် ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းမှာ မဟုတ်တော့ဘူး။
နင်ယန် အလေးအနက် တွေးလိုက်တယ်။
အရူးကောင် ‘လင်း’ ရဲ့အိမ်မှာ ကပ်နေရပြီဆိုတော့လည်း သူ လေလွင့်ခွေးတစ်ကောင် မဖြစ်တော့ဘူးပေါ့။ သူ့ ဒီပုံစံနဲ့ ကြမ်းတမ်းတဲ့ လောကကြီးထဲ အသက်ရှင်နေထိုင်ဖို့ တကယ် ယုံကြည်ချက်မရှိဘူး။
အဲ့တော့ နောက်ပိုင်း သူဘာဆက်လုပ်ရမလဲ… ဖြေးဖြေးချင်း အချိန်ယူရမယ်။
နင်ယန် တစ်ခဏတာ စိတ်ဓာတ်ကျသွားတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျတယ်ဆိုတာမျိုးက ဘာအကူအညီမှ ပေးတာမဟုတ်ဘူး။ သူ အချိန်တိုအတွင်း စိတ်ပြန်တင်းလိုက်တယ်။
အကောင်းဘက်ကတွေးရင်၊ သူ ‘လင်းရုန်’ အိမ်မှာ သိုသိုဝှက်ဝှက် နေလိုက်တာက အဲ့အရူးကောင်ရဲ့ နေထိုင်မှုပုံစံကို မြင်နိုင်မဲ့ အခွင့်အရေးပဲလေ။
နင်ယန် အဲ့လိုလည်း တွေးလိုက်ရော သူ့မျက်လုံးက ပြန်တောက်ပလာတယ်။
ခွေးဖြူလေးဟာ လင်းရုန်နားမှာ တဝဲလည်လည်လုပ်ပြီး ရွှန်းလဲ့နေတဲ့အကြည့်နဲ့ ကြည့်နေတုန်းမှာ လင်းရုန်က သူ့သူငယ်ချင်း ‘တိမွေးကု’ ဆရာ၀န်ဆီ ဖုန်းဆက်လိုက်တယ်။
တစ်ဖက်က ခပ်မြန်မြန်ပဲ ဖုန်းကိုင်လာတယ်။ လင်းရုန် ကူရှစ်ကို အဖြစ်အပျက် အကျဉ်းချုံးပြောပြတယ်။
ကူရှစ်ဆိုတာ တိုင်းသိပြည်သိ ‘တိမွေးကု’ ဆရာ၀န်တစ်ယောက်ပါ။ လင်းရုန် သူ့ကို ခွေးလေးတစ်ကောင် အိမ်ခေါ်လာတဲ့အကြောင်း ပြောပြတော့ သူ တော်တော်လေး အံ့အားသင့်ရတယ်။ ယုံတောင် မယုံနိုင်တဲ့အထိပဲ။ ဘာလို့လဲမေးရင် လင်းရုန်က ဘယ်သောအခါမှ တိရစ္တာန်တွေကို စိတ်၀င်တစားမရှိဖူးဘူးလေ။
” မင်း သူနဲ့ ရက်ပိုင်းလောက် နေပေးလိုက်။ ကာကွယ်ဆေးထိုးဖို့နဲ့ ကျန်းမာရေးစစ်ဆေးဖို့က တစ်ပတ်အတွင်း ခေါ်လာရင် ရပြီ”
အဲ့နောက် ကူရှစ် သူ့ကို မေးလိုက်တယ်။
” ခွေးက မင်းကိုကြောက်တဲ့ပုံပေါ်လား”
လင်းရုန် နောက်လှည့်ပြီး ခွေးဖြူလေးကို ကြည့်တယ်။
ဘယ်လိုဖြစ်သွားမှန်း သူလည်းမသိဘူး။ ဒါပေမဲ့ ခွေးလေးက သူ့ရဲ့အကြောက်တရားတွေကို သူ့ကိုယ်သူ ယုံကြည်မှုအဖြစ် ပြောင်းလဲလိုက်ပုံပဲ။ အခုဆို သူ့အကြည့်က ကျေနပ်ရိပ်သန်းနေတယ်။ ဘာကျေနပ်စရာရှိလဲဆိုတာ လင်းရုန် မသိပေမဲ့ပေါ့။
အတန်ကြာ တိတ်ဆိတ်ပြီးနောက်မှာ လင်းရုန် ၀န်ခံလိုက်တယ်။
” သူက ငါ့ဘောင်းဘီစကို လွှတ်မပေးတဲ့သူ တစ်ယောက်ပဲ”
နင်းယန် : (မာန်ဖီလိုက်)
လင်းရုန် : ” ခွေးက မာန်ဖီပြတယ်”
ဖုန်းတစ်ဖက်က ကူရှစ် စိတ်ရှုပ်ထွေးသွားတယ်။
ဘောင်းဘီစကို ဆွဲပြီး အလွှတ်မပေးတာလား?
လူတွေကို လိုက်ဆွဲတတ်တဲ့ လမ်းဘေးခွေးတော့ သူမြင်ဖူးတယ်။ ဒါပေမဲ့ ဒီလို အရှက်မရှိ အတင်းတွယ်ကပ်တတ်တဲ့ ခွေးမျိုး အခုမှ ကြားဖူးတာပဲ။
သူ ခြောက်ကပ်ကပ် ရယ်လိုက်တယ်။ ပြီးတော့ ဆက်ပြောတယ်။
” ဘာကိစ္စရှိရှိ သူနဲ့ တစ်ပတ်လောက် နေပေးလိုက်ပေါ့။ ဒါပေမဲ့ ဂရုလည်းစိုက်ဦး။ ရေချိုးပေးဖို့ အလောမကြီးနဲ့။ အသားကျတဲ့အထိ အရင်စောင့်”
ကူရှစ် ပေးတဲ့အကြံအားလုံးကို လင်းရုန် ခေါင်းတညိတ်ညိတ်နဲ့ လိုက်မှတ်တယ်။
ဖုန်းပြောပြီးသွားတော့ သူ နင်ယန်ဆီ သွားပြီး သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချတယ်။ သူ့မျက်နှာကို ခွေးနဲ့နီးအောင် ရှေ့တိုးလို့ နှာခေါင်း တရှုံ့ရှုံ့နဲ့နေတယ်။
အနံ့အသက်မဆိုးပါဘူး။
လင်းရုန် တွေးလိုက်တယ်။
နင်ယန်မှာတော့ သူ့မျက်လုံးအကြည့်တွေကို လင်းရုန်ဆီ ဦးတည်ပြီး သူ့လက်ဖဝါးတွေကို သတိလက်လွတ် ဆန့်မိသွားတယ်။
သူ့လက်ဖဝါးဟာ အရှေ့တည့်တည့်ကလူရဲ့ ရင်ဘတ်ပေါ်ကို ကျရောက်သွားလေတယ်။
လင်းရုန် ကြောင်အသွားတယ်။ ခွေးတစ်ကောင် နဲ့ လူတစ်ယောက်ဟာ အချင်းချင်း မျက်တောင်မခတ် စိုက်ကြည့်နေကြတယ်။
လင်းရုန် : “…….”
လင်းရုန်: ” နှာဗူးလိုက်တဲ့ ခွေးလေးပါလား”
နင်ယန်: ????
လင်းရုန် ခွေးရဲ့ခေါင်းကို ပွတ်သပ်ပြီး: ” မင်းကို ဆဲ့ဆဲ့ လို့ခေါ်
မယ်”
(T/N – ‘နှာဗူးတယ်’ ဆိုတဲ့စကားလုံးကို နှစ်လုံးထပ်ပြီး ခေါ်တာပါ။ ဥပမာ- ‘ဗူးဗူး’ ဆိုတာမျိုးပေါ့)
နင်းယန်: ???
သောက်ကျိုးနည်း???
လဲသေလိုက် လင်းရုန် ! ငါပြောမယ်… တစ်နေ့ ငါ မင်းကို ရအောင်သတ်မှာ….
(စာရေးသူမှာ ပြောစရာရှိတယ်)
စာရေးသူ: ဒီအခန်းရဲ့ ထိပ်စည်းအတွက် ယန်ယန့် ကို ဂုဏ်ပြုပါတယ်။