Chapter - 3
- Home
- All Mangas
- ခွေးဖြစ်ပြီး ရန်သူတော်ကြီးအိမ်မှာ ကပ်နေရတဲ့ငါလေး
- Chapter - 3 - ငါက ရိုးရိုးခွေး မဟုတ်ဘူး။
၃. ငါက ရိုးရိုးခွေးမဟုတ်ဘူး။
‘ဆဲ့ဆဲ့’ လို့ နာမည်အသစ်ရသွားတဲ့ ခွေးလေး တနုံ့နုံ့နဲ့ ဒေါဒေါသထွက်နေတုန်း လင်းရုန်ကလည်း သူ့ဘာသာ အလုပ်ရှုပ်နေတယ်။
အရင်ဆုံး သူ့မန်နေဂျာကို ဖုန်းပြန်ခေါ်တယ်။ နင်ယန် စကားအစွန်းအစတစ်ချို့ ကြားပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်း လင်းရုန် အလုပ်အားမှန်း သိလိုက်ရတယ်။ သူ အလုပ်နားထားတာဖြစ်နိုင်တယ်။ သူ့မန်နေဂျာဖြစ်တဲ့ လုမင်ရဲ့ လေသံက လင်းရုန်ကို အရမ်း ဂရုစိုက်မှန်း ပေါ်လွင်တယ်။
ဖုန်းပြောပြီးသွားတော့ လင်းရုန် ည၀တ်အကျီ ၀တ်တယ်။ အဲ့နောက် ပြောင်သလင်းခါအောင် သောက်ပြီးဖြစ်တဲ့ ဆိတ်နို့ပန်းကန်ကို ယူပြီး ပန်းကန်ဆေးစင်မှာ ဆေးတယ်။
လင်းရုန်ရဲ့အိမ်မှာ ခွေးနဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယ ဘာတစ်ခုမှ မရှိမှန်း သိသာတယ်။ လင်းရုန် စောင်တစ်ထည် ထုတ်လာပြီး ဧည့်ခန်းထောင့်မှာ ဖြန့်တယ်။ အဲ့နောက် အလေးအနက်နဲ့ :
” ဒီညတော့ ဒီမှာပဲအိပ်လိုက်”
‘ဆဲ့ဆဲ့’ ဆိုတဲ့နာမည်နဲ့ ပတ်သက်ပြီး နင်ယန် စိတ်တိုနေတုန်းပဲ။ သူ အဲ့လူဆီက ဘာမှနားမထောင်ချင်ဘူး။
နင်ယန် ဗိုက်ထဲရောက်သွားတဲ့ ဘဲကင်ရဲ့ အကြီးဆုံးအပိုင်း အမှုန့်မှုန့် အညက်ညက် ကျေသွားတဲ့ အချိန်လောက်မှာ အပြင်မှာရှိနေသေးတဲ့ ဘဲကင်ကို လင်းရုန် ရေခဲသေတ္တာထဲ ထည့်လိုက်တယ်။
ပြီးသွားတော့ တဘက်အစိုတစ်ထည်ယူပြီး ဖုန်အလိမ်းလိမ်းထနေတဲ့ နင်ယန်ကို သုတ်ပေးတယ်။ ရိုးရိုးသားသားပြောရရင် သူ ဒီလိုညစ်ပတ်နေတာက လင်းရုန် သူ့ကို အိမ်ခေါ်သွားဖို့ မြေကြီးပေါ်လှိမ့်ပြီး ကြိုးစားလိုက်ရတာကြောင့်ပဲ။
နောက်ဆုံးအနေနဲ့ လင်းရုန် အဲကွန်းကို ဖွင့်တယ်။ ခြောက်ဘူးတွဲပါတဲ့ ဘီယာဗူးကို ယူထုတ်ပြီး ဆိုဖာပေါ်ထိုင်ရင်း တီဗီဖွင့်တယ်။
မှန်ပြတင်း လိုက်ကာကို ဆွဲပိတ်တဲ့အပြင် ဧည့်ခန်းမီးပါ ပိတ်ပစ်တာကြောင့် လင်းရုန် ဟို* ရုပ်ရှင်ကြည့်ဖို့ အခန်းကို အမှောင်ချတာဖြစ်မယ်လို့ နင်ယန် ထင်လိုက်တယ်။ ဒါပေမဲ့ တီဗီဖန်သားမှာ ပေါ်လာတာက နင်ယန်ရဲ့ဖျော်ဖြေပွဲဗီဒီယိုဖြစ်နေတယ်။
နင်ယန် ဧည့်ခန်းထောင့်မှာ ထိုင်ပြီး စိတ်ကောက်နေတုန်း ရင်းနှီးတဲ့ အဖွင့်သီချင်းသံ ကြားလိုက်တာမို့ သူ့နားရွက်ဖျား လှုပ်ခတ်သွားတယ်။
တအောင့်နေတော့ သူထပြီး ခြေသံဖွဖွနင်းလို့ တိတ်တဆိတ် သွားချောင်းတယ်။
ဗီဒီယိုက မနှစ်တစ်နှစ်က ကျင်းပတဲ့ သူ့ရဲ့ဖျော်ဖြေပွဲပါ။ ပွဲထဲမှာ ကွင်းလုံးပြည့် လူပင်လယ်ကြီးရယ်၊ မျက်စိကျိန်းအောင် ထိန်လင်းနေတဲ့ မီးရောင်တွေရယ်။
အဖွင့်သီချင်းဆိုဖို့အတွက် အထူးချုပ်လုပ်ထားတဲ့ အဖြူရောင်၀တ်စုံအပြည့်ကို နင်ယန် ၀တ်ထားတယ်။ သူ့ဖန်တွေဆို သူ့ကို ‘တော်၀င်မင်းသားလေး’ လို့တောင် တင်စားခဲ့သေးတယ်။ ‘မင်းသားတစ်ပါး’ လို အရှိန်အဝါအပြည့်နဲ့ စန္ဒယားတီးနေတဲ့ သူ့ပုံက ကျက်သရေရှိလွန်းနေတယ်။
နင်ယန် သူ့ကိုယ်သူကြည့်ပြီး ဘယ်ရှုထောင့်ကကြည့်ကြည့် ချောမောခန့်ညားနေတာပဲလို့ တွေးလိုက်တယ်။ ပြီးတော့ ဆိုဖာပေါ်ထိုင်နေတဲ့လူကို အကဲခတ်တယ်။
လင်းရုန်ရဲ့အကြည့်က တီဗီကနေ မခွာတော့ဘူး။
နင်ယန်ရဲ့ အမြီးလေး မြောက်တက်သွားတယ်။
အာ… ဆွဲဆောင်မှုရှိလွန်းနေတာကိုက ငါ့အပြစ်ပါကွာ…
ဒါပေမဲ့ ဒီလိုရေခဲတုံးကြီးက ငါလေးရဲ့ ဆွဲဆောင်မှုမှာ နစ်မြောပျော်၀င်သွားလိမ့်မယ်လို့ လုံး၀ မထင်ထားခဲ့ဘူး။
ဖျော်ဖြေပွဲကိစ္စကြောင့် နင်ယန် သူ့ရဲ့ ‘ဆဲ့ဆဲ့’ အကြောင်း ခဏ မေ့သွားတယ်။ မှိန်ပျပျအလင်းရောင်အောက်မှာ လင်းရုန် စုဆောင်းထားတဲ့ပိုစတာတွေကို ကြည့်ပြီး သူအတွေးကမ္ဘာထဲ ရောက်သွားလေတယ်။
နင်ယွဲ့ ဒါမှမဟုတ် သူ့မိဘတစ်ယောက်ယောက်ကများ ဖုန်းဆက်လာရင် သူဖုန်းပိတ်ထားမှန်း သိမှာပဲ။
ဒါပေမဲ့ နင်ယန်မှာ ရက်ပိုင်းလောက် ဖုန်းပိတ်ထားတတ်တဲ့ ဉာဉ်ကလေးရှိတယ်။ သူ အိမ်မှာနားနေရင် အလုပ်ကလူတွေ ခဏခဏ နှောင့်ယှက်ကြလွန်းလို့ အဲ့လိုလုပ်ထားရတာ။ ဒီအကျင့် မကောင်းမှန်းသိပေမဲ့ သူမဖျောက်နိုင်ဘူး။ အခုတော့ နောင်တရနေပြီ။ သူ့ဖုန်းပိတ်ထားမှန်း သိကြရင်တောင် တစ်ခုခုမှားနေမှန်း ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး။
ရက်တော်တော်ကြာတဲ့အထိ ဖုန်းခေါ်မရရင်တော့ သူပျောက်နေမှန်း သိကြမှာပါ။
ဒါပေမဲ့လို့ လူပျောက်တိုင်ရင်တောင်….
သူအသွင်ပြောင်းသွားတာကို ရိုက်ထားတဲ့ ကင်မရာများ ရှိပါ့မလား။
ပြောရခက်တယ်။
တကယ်လို့ ရိုက်မိတယ်ထား၊ သူ့မိသားစုတွေ့သွားတာက ကိစ္စမရှိပေမဲ့ တခြားလူတွေ တွေ့သွားရင်တော့….
အများကြီးတွေးတောပြီးတဲ့အခါ နင်ယန် သက်ပြင်းချလိုက်တယ်။
သူ့မှာ ဒီဖြစ်ရပ်ကြီးကို ကိုင်တွယ်နိုင်စွမ်းမရှိဘူး။ ခွေးတစ်ကောင်ဖြစ်နေတဲ့အတွက် လုပ်နိုင်တာမရှိသလို ဘယ်မှလည်း မသွားနိုင်ဘူး။ နင်ယွဲ့ ဘယ်ချိန်မှ ပြန်လာမယ်ဆိုတာရယ်၊ သူ့မိဘတွေ သူ့ကို ဘယ်ချိန်မှ ရှာတွေ့မယ်ဆိုတာရယ်က တကယ် ပြောရခက်တယ်။
တစ်ခုတည်းသော အခွင့်အရေးက လင်းရုန်ပဲ။ နောက်လာမဲ့ ကိစ္စတွေကို သူ မထိန်းချုပ်နိုင်ရင်တောင် လင်းရုန်ကတစ်ဆင့် သူ့မိသားစုနဲ့ တွေ့ဖို့ ကြိုးစားလို့ရပါသေးတယ်။ ပြောရရင် လင်းရုန်က နင်ယန်ရဲ့အဖေ ကုမ္ပဏီက အနုပညာရှင်တစ်ယောက်ပဲဟာ။
နင်ယွဲ့နဲ့ သူ့မိဘနှစ်ပါးရဲ့ ပုံရိပ်တွေဟာ တစ်ဖြတ်ပြီးတစ်ဖြတ် ခေါင်းထဲ၀င်လာတယ်။ တစ်ဆင့်ချင်းသွားမှ ရမယ်လို့ နင်ယန် အသံတိတ် တွေးလိုက်တယ်။
ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ “နောင်ခါလာ နောင်ခါဈေး” တဲ့။
အကယ်၍ သူတွေးထားသလို အလုပ်မဖြစ်ရင်တောင်….
နင်ယန် ဆိုဖာပေါ်က လူကို ငဲ့ကြည့်တယ်။
နိဂုံးချုပ်ကတော့ နင်ယန် ထောင့်တစ်နေရာမှာ ပျင်းရိပျင်းတွဲ ထိုင်ပြီး သူ့ခံစားချက်ကို အပြောင်းအလဲဖြစ်အောင် ကြိုးစားလိုက်တယ်။
နင်ယန်က အကြာကြီးစိတ်ရှုပ်ခံတဲ့သူမဟုတ်ဘူး။ အခုချိန်မှာ လုပ်နိုင်တာ မရှိရင် ခဏ ဘေးခေါက်ထားလိုက်မယ်။
သူအသော့ကလေးပြေးပြီး လင်းရုန်ခြေထောက်နား သွားထိုင်တယ်။
တီဗီထဲ ဈာန်၀င်နေတဲ့ လင်းရုန်က သူ့ကို အကြည့်လေးတစ်ချက်တောင် မစွန့်ကြဲဘူး။
ဘီယာကို တစ်ငုံချင်းသောက်ပြီး အကြည့်တွေက တီဗီပေါ်မှာပဲ သံမှိုစွဲထားတယ်။ နားလည်ရခက်တဲ့ မျက်၀န်းတွေဟာ သူ့မင်းသားလေးရဲ့ ပုံရိပ်တွေနဲ့ပဲ ပြည့်နေတယ်။
နင်ယန် သူ့ကို စူးစိုက်ပြီး ကြည့်တယ်။ သူ့နှလုံးသားလေး အရှိန်ပြင်းပြင်းနဲ့ ခုန်တာကို ခံစားမိသွားတယ်။
ချီးပဲ! ထပ်ပြီးတော့လား!
လင်းရုန်နဲ့ အကြည့်ဆုံတိုင်း သူ့နှလုံးသားက ဒီလိုပဲ တင်းတင်းကြပ်ကြပ်ကြီး ခံစားရတယ်။
ဒီတစ်ခေါက်က စားသောက်ဆိုင်ရှေ့မှာ လင်းရုန် သူ့ကို ကြည့်တုန်းက ဖြစ်လာတဲ့ ခံစားချက်နဲ့ မတူကွဲပြားတယ်။
‘အဲ့တုန်းကလင်းရုန်’ က ခွေးဖြူလေးကို ကြည့်နေတာ။
‘အခုလင်းရုန်’ က ‘နင်ယန်’ ကို ကြည့်နေတာ။
နင်ယန် သူ့နှလုံးကို လက်ဖဝါးနဲ့ အုပ်ကိုင်လိုက်တယ်။ ဘယ်ဟာက ဒီလိုဖြစ်စေလဲဆိုတာ သူသိသွားပြီ။
လင်းရုန် သူ့ကိုကြည့်လာတိုင်း သူ့မျက်၀န်းတွေက
ချစ်ရည်ရွှန်းလဲ့နေသလိုပဲ လို့ သူထင်ခဲ့ဖူးတယ်။
အတိတ်တုန်းက လက်မခံနိုင်ခဲ့ပေမဲ့ အခု သူ့ခန္ဓာကိုယ်က ဒါကို တုံ့ပြန်နေပြီ။
ငါ့နှယ်ကွာ…
နင်ယန် သူ့အမြေးကို ဝှစ်ခနဲ မြောက်ယမ်းလိုက်တယ်။
.
မနက် ၂ နာရီထိုးတဲ့အထိ ဖျော်ဖြေပွဲ ကြည့်ပြီးသွားတော့ လင်းရုန် ကိုယ်လက်မျက်နှာ သန့်စင်ပြီး အိပ်ခန်းထဲ၀င်သွားတယ်။ နင်ယန်က ဧည့်ခန်းထဲမှာ လှဲအိပ်တယ်။
တစ်နေကုန် စိတ်မောကိုယ်မော ဖြစ်သွားလို့ထင်ပါရဲ့၊ တစ်ရေးမှမနိုးဘဲ အိပ်ပျော်သွားလိုက်တာ အိပ်မက်တောင်မမက်ဘူး။
နောက်နေ့မနက် နိုးလာတော့ သူ့ရဲ့ ဖြူဖွေးနေတဲ့ အမွေးနဲ့ ခြေလက်တွေကိုကြည့်ပြီး နင်ယန် စိတ်ဓာတ်ကျသွားတယ်။
ကြာကြာအားမငယ်လိုက်ရဘူး၊ သူ့သခင်ရဲ့ အိပ်ခန်းတံခါး ပွင့်လာတယ်။
တစုံတရာအတွေး၀င်လာတဲ့နောက် သူ့မျက်လုံးအစုံ ၀င်းလက်သွားပြီး သခင့်အိပ်ခန်းထဲ ကတိုက်ကရိုက် ပြေး၀င်တယ်။
လင်းရုန် ကိုယ်လက်သန့်စင်ဖို့ အသွား သူ့နောက်က ဖြတ်သွားတဲ့ ခွေးဖြူလေးကြောင့် စိတ်ထဲ မေးခွန်းထုတ်မိတယ်။
‘ဘာဖြစ်တာလဲ?’
အိပ်ခန်းထဲ ၀င်သွားတဲ့ နင်ယန်က သူ့ပုံနဲ့ ဖက်လုံးကြီး အကောင်းပကတိအတိုင်း ရှိမရှိ သေချာအောင် စစ်ဆေးဖို့ အိပ်ရာပေါ် ခုန်တက်တယ်။
လင်းရုန် နောက်ကြောင်းပြန်လှည့်ပြီး ခွေးလေးနောက်ကနေ အိပ်ခန်းထဲလိုက်၀င်တယ်။ ပြီးတော့ မတ်တပ်ရပ်လျက်သား ခွေးလေးကို ကြည့်တယ်။
ခွေးပေါက်ရဲ့ နောက်ခြေထောက်တွေက ကြမ်းပြင်ပေါ်ထောက်ထားပြီး သူ့ရဲ့ ရှေ့ခြေနှစ်ချောင်းက ကုတင်စွန်းမှာ ကုပ်ကပ်လို့ ဖက်လုံးကို အနံ့ခံဖို့ရာ ဖြည်းဖြည်းချင်း ရှေ့တိုးသွားတာကို သူတွေ့တယ်။
အနံခံပြီးသွားတော့ နင်ယန်က လင်းရုန်ကို စူးစူးစိုက်စိုက် လှည့်ကြည့်တယ်။
တော်သေးတာပေါ့။ ဒီနှာဗူးကောင် သူ့စိတ်သူထိန်းပြီး ဖက်လုံးကို မထော်မနှမ်းတွေ မလုပ်လို့။
နင်ယန် သူ့လက်ဖဝါးတွေကို ကုတင်ပေါ်က ချရင်း စိတ်သက်သာရာရစွာနဲ့ တွေးတယ်။
ရေချိုးပြီးသွားတော့ လင်းရုန် အကျီလဲပြီး အပြင်ထွက်သွားတယ်။
နင်ယန် သူ့မိသားစုနဲ့ ဆက်သွယ်ဖို့ အခုထိ နည်းလမ်းရှာမတွေ့သေးဘူး။ ဒါပေမဲ့ လောလောဆယ် သူ ရေချိုးခန်းထဲ ၀င်ဖို့လိုနေပြီ။ ဆိတ်နို့တစ်ပန်းကန်လုံး သောက်ပြီးကတည်းက အခုထိ အပေါ့မသွားရသေးဘူးလေ။
ဘာပဲနေနေ လင်းရုန်က အပြင်ထွက်သွားပြီမို့ နင်ယန် အနေနဲ့ သူ့သခင် အမြန်ပြန်လာဖို့ပဲ ဆုတောင်းယုံရှိတော့တယ်။
ကံကောင်းလို့ လင်းရုန် နှစ်နာရီအတွင်း ပြန်ရောက်လာတယ်။ လက်ထဲမှာလည်း အိတ်ကြီးအိတ်ငယ် သယ်ထားသေးတယ်။
အိတ်အကြီးနဲ့ဟာက ခွေးအိပ်ရာဖြစ်ဖို့များတယ်။ ကျန်တဲ့ သေးသေးမွှားမွှားအထုပ်တွေတော့ ဘာတွေမှန်း နင်ယန်လည်း မသိဘူး။
သူသိတာက လင်းရုန် မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတယ်။ ပြန်ထွက်လာတော့ ခွေးစာထည့်တဲ့ တကယ့်ပန်းကန်လုံးအစစ်ကို နင်ယန်ရှေ့ ချပေးတယ်။
ပန်းကန်ထဲမှာ ခွေးစာအပြည့်ပဲ။
နင်ယန်: “…….?.”
အားတက်သရောနဲ့ လင်းရုန်:” စားကြည့်ဦး”
နင်ယန် လန့်သွားတယ်။
ဒီကောင် သူ့ကို တကယ်ကြီး ခွေးစာ စားခိုင်းနေတာလား? အိပ်မက်,မက်နေလိုက်!
အဲ့ဘက် နည်းနည်းမှ မကြည့်ဘဲ သူခေါင်းလှည့်လိုက်တယ်။
လင်းရုန် သူ့လက်အပြည့် ခွေးစာယူပြီး နင်ယန် ပါးစပ်နား တေ့တယ်။
နင်ယန် တစ်ချက်ကလေးမှမကြည့်တဲ့အပြင် သူ့ခေါင်းကို တခြားဖက် လှည့်ပြန်တယ်။
လင်းရုန် (အသံနှိမ့်ပြီး) : ” လုပ်ပါ၊ စားကြည့်စမ်းပါ”
နင်ယန်: ‘ မစားဘူး! ငါ… နင်ယန် ဘယ်တော့မှ ခွေးစာ စားမှာမဟုတ်ဘူး!”
ဒါပေမဲ့ လင်းရုန် သူ့ကို စားဖို့တိုက်တွန်းနေတာမို့ အစားအသောက်ဘက် လှည့်ပြီး အနံ့ခံသလို လုပ်လိုက်တယ်။
လင်းရုန် မျက်နှာ ရွှင်ပျသွားတယ်။ ဒါပေမဲ့ ခွေးဖြူလေးက ခေါင်းရမ်းတဲ့အပြင် ပျို့တက်လာတယ်။
လင်းရုန်: …..
ခွေးဖြူလေးက နောက်တစ်ခေါက်ထပ်ပြီး အနံ့ခံဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ပျို့ယုံတင်မက ခလုတ်ပါတိုက်ပြီး မြေကြီးပေါ်ပစ်လှဲချတယ်။
ခွေးဆိုးလေးဟာ မေ့လဲချင်ယောင်ဆောင်လိုက်တယ်။
လင်းရုန်: ” ……”
သူ ဖုန်းယူပြီး နံပါတ်တစ်ချို့နှိပ်တယ်။
ကူရှစ်ဖက်က ဖုန်းကိုင်တော့ လင်းရုန် တည်တည်ငြိမ်ငြိမ်နဲ့ မေးတယ်။
” ဆဲ့ဆဲ့ ခွေးစာနံ့ရပြီး အန်တော့မလိုဖြစ်တယ်”
ပဟေဠိဆန်တဲ့ လေသံနဲ့ ကူရှစ်က ပြန်မေးတယ်။
” အရင်ဆုံး… ဆဲ့ဆဲ့က ဘယ်သူလဲ”
လင်းရုန်: ” ငါ့ခွေး”
နင်ယန်: (အူလိုက်)
ကူရှစ်: ” ကန့်ကွက်တဲ့ အသံများ ကြားလိုက်သလားလို့”
သူ့သူငယ်ချင်းရဲ့ ထူးဆန်းတဲ့ နာမည်ပေးပုံကြောင့် ကူရှစ် ချွေးပျံသွားတယ်။ ခုန လင်းရုန် ခွေးစာလာ၀ယ်တုန်းက သူ့ခွေးနာမည်မပြောလိုက်ဘူး။ ဒါကြောင့် နာမည်က တစ်မူထူးဆန်းနေမယ် လို့ သူ မထင်လိုက်တာ။
စဉ်းစားတာတွေ ခဏဘေးချိတ်ပြီး မေးလိုက်တယ်။
” သူ အန်သေးလား”
လင်းရုန်: ” မအန်ဘူး။ ပျို့ပဲပျို့တာ။ မေ့တောင်လဲသွားသေးတယ်။ သေတော့ မသေဘူး”
ခွေးပေါက်လေး မျက်လုံးဖွင့်ပြီး ခိုးကြည့်တာကို တွေ့တော့ လင်းရုန်မျက်နှာ အေးတိအေးစက် ပြန်ဖြစ်သွားတယ်။ ခွေးလေးရဲ့ခေါင်းကို သူ့လက်ချောင်းထိပ်နဲ့ ခေါက်တယ်။
ခွေးလေးက ‘ မင်းဘာတတ်နိုင်သေးလဲ’ ဆိုတဲ့ ပုံစံမျိုးနဲ့ ကြည့်လာတယ်။ ပြီးတော့ သူ့အမြီးကို တဖျက်ဖျက်နဲ့ ကြမ်းပြင်ပေါ် ပုတ်တယ်။ စိတ်ကြီး၀င်နေတဲ့ပုံမျိုးနဲ့လေ။
လင်းရုန်ပြောတာ နားထောင်ပြီးတဲ့ ကူရှစ်: “……”
ဝိုး… ဒီခွေးက ဟန်ဆောင်ပန်ဆောင်လည်း လုပ်တတ်သေးတယ်? သူတကယ် တော်လွန်းတာပဲ။
အစာမစားချင်တဲ့ အိမ်မွေးခွေးတွေကို တွေ့ဖူးပေမဲ့ ဒီလောက် ဒရမ်မာချိုးတဲ့ ခွေးမျိုး သူ မမြင်ဖူးဘူး။
ဒီခွေးရဲ့ အရင်ပိုင်ရှင်က သူ့ကို မကောင်းတာတွေချည်း ကျွေးခဲ့လို့များလား?
လင်းရုန် သူ့လက်ထဲခွေးစာကို အနံ့ခံကြည့်လိုက်တယ်။ ပြီးတော့ ကူရှစ်ကို မေးတယ်။
” တစ်ခြားအနံ့နဲ့ ခွေးစာမျိုး မရှိဘူးလား။ ဒီတစ်ခုက အနံ့တော်တော်ပြင်းတယ်”
ကူရှစ်: “…….”
အသံတိတ်သွားပြီး နည်းနည်းကြာမှ ပြန်တုံ့ပြန်နိုင်တယ်။
” အင်း… ငါတို့မှာ အမဲသားအနံ့နဲ့ဟာမျိုး ရှိတယ်။ တကယ်လို့ မင်း၀ယ်သွားတာကို သူမစားနိုင်ဘူးဆိုရင် အမဲသားအနံ့နဲ့ ဟာကို အစားထိုးကြည့်ပေါ့”
ဟုတ်ပါတယ်လေ… နေ့ချင်းညချင်းတော့ ဘယ်ပြောင်းလဲပါ့မလဲ။ ခွေးလေး ကျင့်သားရဖို့ သူတို့ အချိန်ပေးဖို့လိုအပ်တယ်။
လင်းရုန် ခွေးလေးကို ကုန်အောင်စားဖို့ မတိုက်တွန်းတော့ဘူး။ အဲ့အစား ပန်းကန်ကို မသိမ်းဘဲ ဒီတိုင်းထားလိုက်တယ်။
ဒါပေမဲ့ နင်ယန် ဗိုက်ဆာနေပြီ။ သူ့ဗိုက်ထဲမှာ အသံတွေကို စုံလို့။
ခွေးစာ မစားဖို့ ဆုံးဖြတ်ထားတဲ့ နင်ယန်ဟာ လင်းရုန်ဘယ်သွားသွား နောက်ကနေ တကောက်ကောက် လိုက်နေတော့တယ်။ လင်းရုန်ကို အနိုင်ပိုင်းနိုင်လို့ ၀င့်ကြွားတဲ့ပုံမျိုး သူ လုပ်နေပေမဲ့ တကယ်တမ်း သူ့ဗိုက်ထဲက တဂွီဂွီမြည်တဲ့အသံကို လင်းရုန် ကြားသွားအောင် လုပ်နေတာ။
လင်းရုန် သက်ပြင်းချပြီး အရှုံးပေးလိုက်တယ်။ ဝက်အူချောင်းတစ်ချို့ ကျန်နေသေးတာကိုပဲ မိုးနတ်မင်းကို ကျေးဇူးတင်ရမယ်။ သူ နည်းနည်းစီဖဲ့ပြီး နင်ယန်ကို ကျွေးတယ်။
ဆာလောင်မှုကို ဖြည့်သိပ်ပြီးနောက်မှာ နင်ယန် ကျေနပ်သွားတယ်။
ခွေးလေးရဲ့အုပ်ထိန်းသူဖြစ်တဲ့ လင်းရုန်က သူ့ရဲ့ ဒုတိယလုပ်ငန်းကို စတင်ကိုင်တွယ်တယ်။
ခွေးလည်ပတ် တစ်ခုထုတ်လာပြီး သူပြောတာက –
” လာခဲ့၊ ငါ မင်းကို သေးတည်ဖို့ အပြင်ခေါ်သွားမယ်”
နင်ယန်: “…….???? ”
သူ တကယ့်ခွေးတွေလိုမျိုး အပြင်မှာ ချီးပါ၊ သေးပေါက် မလုပ်နိုင်ဘူး!
ဒါကြောင့် လင်းရုန် သူ့ကို လည်ပတ် ပတ်ပေးဖို့ လုပ်တိုင်း နင်ယန် ခေါင်းရှောင်ထွက်သွားတယ်။
လင်းရုန် ခဏ စဉ်းစားလိုက်ပြီးမှ သူ လေးလေးနက်နက် ပြောတယ်။
” ဆဲ့ဆဲ့၊ မင်းက တခြားခွေးတွေထက် ပိုတော်မှန်း ငါသိပါတယ်။ ငါ့စကားနားထောင်ပြီး အပြင်သွားရအောင်ပါ။ မင်း အိမ်ထဲမှာ ကိစ္စရှင်းရင် အနံ့အသက်မကောင်းဖြစ်ကုန်မှာပေါ့”
‘ ဆဲ့ဆဲ့’ အခေါ်ခံလိုက်ရတဲ့ နင်ယန် ဟာ အကြီးအကျယ် ဒေါသထွက်သွားတယ်။ သူ့ဘာသာ စိတ်ထဲမှာ တွေးလိုက်တယ်။
ငါ ညစ်ပတ်အောင် မလုပ်တတ်ဘူး! ပြီးတော့ ငါက နံဟောင်မနေဘူး!
တကယ်တော့ နင်ယန် ရေချိုးခန်းထဲသွားရင် ဖြစ်လာမဲ့ ပြဿနာကို သူတွေးကြည့်ပြီးပြီ။
ဘာပဲဖြစ်ဖြစ်၊ ထူထဲနေတဲ့ မြက်ပင်ရိုင်းတွေကြားမှာ ကိစ္စရှင်းဖို့ဆိုတာ သူ့အတွက် လုံး၀မဖြစ်နိုင်ဘူး။ အိမ်ထဲမှာ သေးပန်းဖို့ ဝေးသေး။ သူ ခွေးတစ်ကောင်ဖြစ်သွားရင်တောင် လူစိတ်တော့ ရှိသေးတယ်။ ကိုယ့်ကိုယ်ကို လေးစားသမှုနဲ့ လူကျင့်၀တ်တွေကို လိုက်နာနေဦးမှာပဲ။
ဒီပြဿနာကြီး ပြေလည်ဖို့ – နောက်လုပ်မဲ့ သူ့အပြုအမူအတွက် သူ့ဘေးကလူ သူ့ကို သံသယ၀င်သွားမယ်ဆိုရင်တောင်…….. ဂရုမစိုက်ဘူး။ ဒါတွေကို ခေါက်ထားလိုက်။
ခွေးဖြူလေးဟာ လင်းရုန်ကို ကြည့်တယ်။ နောက်တော့ တလှုပ်လှုပ်နဲ့ ရေချိုးခန်းထဲ ပြေးသွားတယ်။
လင်းရုန် ကြောင်နေပြီးမှ ချီတုံချတုံနဲ့ ခွေးနောက် လိုက်သွားတယ်။ သူ့မျက်နှာမှာတော့ ဖော်ပြလို့တောင်မရတဲ့ ခံစားချက်တွေ ရောပွမ်းလို့။
ခွေးလေးနားရောက်တော့ အိမ်သာရှေ့ထိုင်ပြီး သူ့ကို ကြည့်နေတာကို တွေ့သွားတယ်။
သူ့နဖူးမှာ ဒီစာတန်းကပ်ထားသလိုပဲ။
” ငါ့ကိုချီလိုက်”
လင်းရုန်: “……”
သူ အေးခဲသွားတယ်။
နင်ယန်: ‘ဝုတ်!
အဲ့မှာ ရပ်မနေနဲ့ဟ! မြန်မြန်လုပ်.. ငါ ထွက်ကျတော့မယ်!
လင်းရုန်စိတ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေပြီ။ သူ ဖုန်းယူပြီး ကူရှစ်ကိုတောင် ဖုန်းဆက်မေးချင်လာတယ်။
နင်ယန်: ဝုတ် ဝုတ် ဝုတ်!!!
စိတ်ညစ်ဖို့ကောင်းလိုက်တာ! မြန်မြန်လုပ်လို့!
.
လင်းရုန် မျက်နှာမှာ အရောင်မျိုးစုံ ဖြတ်ပြေးသွားတယ်။
သူ ခွေးလေးကို ကယုကယင် ကောက်ချီပြီး အိမ်သာ ဘိုထိုင်မှာ တင်ပေးလိုက်တယ်။ အဲ့နောက် သူထွက်သွားသင့်၊ မသွားသင့် ဝေခွဲမရဖြစ်လာတယ်။
အဲ့အချိန်ကို အခွင့်ကောင်းပြီး ခွေးလေးက သူ့ခြေထောက်လေးချောင်းလုံးကို အိမ်သာထိုင်ခုံပေါ်တင်လိုက်တယ်။ ပြီးတော့ သူ့ကိုယ်ကို လှည့်ပြီး လင်းရုန်ကို ထွက်သွားဖို့ အချက်ပြတယ်။
လင်းရုန် သူ့စိတ်ထဲမှာ လွန်ဆွဲနေပြီးတဲ့နောက် ထွက်မသွားဖို့ ဆုံးဖြတ်လိုက်တယ်။
ခွေးလေးက ဘိုထိုင်ပေါ်တင်ထားတဲ့ သူ့ခြေထောက်တွေကို အပြည့်အ၀အာရုံစိုက်ပြီးတဲ့နောက် သူ့မျက်နှာကလည်း ရုပ်တည်ကြီးဖြစ်လာတယ်။
သူ့ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပြီး ဖြေးဖြေးချင်း ဖြေးဖြေးချင်း ဂရုတစိုက်နဲ့ ထိုင်ချတယ်။ ပြီးတော့ သူ့တင်ပါးကို မြောက်လိုက်တယ်။
ဘာလို့လဲတော့ မသိပေမဲ့ ဒီအနေအထားနဲ့ဆို ပိုပြီး မြဲမြဲရပ်နိုင်မယ်လို့ ခံစားရတယ်။
နင်ယန် သူ့တင်ပါးကို မြောက်လိုက်ပြီးနောက်မှာ စိတ်သက်သက်သာသာနဲ့ သက်ပြင်းချလိုက်တယ်။ နောက်ဆုံးတော့ သူ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ခဲ့ပြီ။ အဲ့နောက် သူ့ကို စိုက်ကြည့်နေတဲ့သူရှိမှန်း အာရုံခံမိသွားတယ်။
လှည့်ကြည့်လိုက်တော့ သူ့ဘေးမှာ သူ့ကို တည့်တည့်ကြည့်ပြီး အံ့အားတသင့် ငေးနေတဲ့လူကို
တွေ့တယ်။
နင်ယန် မျက်ဆန်လှန်ပြီး သူ့ကို ဟောင်လိုက်တယ်: ” ဝုတ်”
အဲ့ကောင် စလာပြန်ပြီ။ ထွက်သွား! လာကြည့်မနေနဲ့!
(စာရေးသူမှာ ပြောစရာရှိတယ်)
နင်ယန်: ဒီ ‘အိမ်သာပြဿနာဖြေရှင်းခန်း’ အတွက် အဲ့အရူးကောင် ငါ့ကို တစ်ခုခုမှားတယ်လို့ထင်လည်း ငါ ဂရုမစိုက်ဘူး။
စာရေးသူ: အဲ့တော့ နင်က ဘာကိုဂရုစိုက်တာလဲ၊ ဟင် ??