Chapter - 4
- Home
- All Mangas
- ခွေးဖြစ်ပြီး ရန်သူတော်ကြီးအိမ်မှာ ကပ်နေရတဲ့ငါလေး
- Chapter - 4 - သူ ငါ့ကို မကြိုက်ဘူး
၄. သူ ငါ့ကို မကြိုက်ဘူး။
သူ ဘာပြောဖို့ကြိုးစားနေတယ်ဆိုတာ လင်းရုန် နားမလည်မှာစိုးလို့ သေချာသွားအောင် နင်ယန် အဆက်မပြတ်ဟောင်လိုက်တယ်။
ဘာမှလည်း မလုပ်ရသေးပဲနဲ့ ခွေးက ဘာလို့ အဆက်မပြတ်ဟောင်နေတာလဲ ဆိုတာကို သဘောပေါက်ဖို့ လင်းရုန် အချိန်အကြာကြီး ယူလိုက်ရတယ်။ ပြီးတော့မှ တွန့်ဆုတ် တွန့်ဆုတ်နဲ့ ရေချိုးခန်းထဲက ထွက်သွားတယ်။
နင်ယန် သူ့ရဲ့ခြေထောက်တွေပေါ်ကို အာရုံပြန်စိုက်တယ်။
ဘိုထိုင်ပေါ် ဟန်ချက်ညီညီ ရပ်နိုင်ဖို့ လက်ဖျားခါလောက်တဲ့ Acrobatic Skill [1] မျိုး ရှိဖို့လိုတယ်။
ခြေထောက်တွေက မြဲသလိုရှိပေမဲ့ တုန်ရီနေတယ်လို့လည်း ခံစားရတယ်။ အဲ့တော့ သူ အန္တရာယ်ကင်းကင်း ကိစ္စရှင်းချင်ရင်၊ သူ့ရဲ့နှုန်းကို ဒီထက်ပိုပြီး မြှင့်မှရမယ်။
ဧည့်ခန်းထဲ ၀င်သွားတဲ့ လင်းရုန်က သူ့ပါးသူ ခပ်ဖွဖွ ကုတ်တယ်။ မျက်မှောင်ကြုံ့ပြီး နောက်ကို နှစ်လှမ်းလောက် ပြန်ဆုတ်တယ်။
သူ့သူငယ်ချင်းကို ဖုန်းဆက်မေးဖို့ လုပ်ပြီးမှ မမေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ “ရှာဖွေရေး၀က်ဘ်ဆိုဒ်” ထဲ ၀င်ပြီး စာတစ်ကြောင်း ရိုက်တယ်။
” ခွေးတွေက ဘိုထိုင်မှာ သူတို့ဘာသာ အပေါ့သွားနိုင်လား?”
မြောက်များစွာသော လင့်ခ်တွေနဲ့ ဗီဒီယိုတွေ တက်လာတယ်။ အဲ့ထဲမှာ သူတို့ဘာသာ ဘိုထိုင်ပေါ် ခုန်တက်ပြီး အပေါ့သွားတဲ့ ကြောင်တွေရဲ့ ဗီဒီယိုတွေမှ အများကြီးပဲ။
လင်းရုန် မျက်မှောင်ပြေသွားတယ်။ ဒါပေမဲ့ နောက်မေးခွန်းတစ်ခု ခေါင်းထဲ၀င်လာတယ်။
တွေးနေရင်းနဲ့ ရေချိုးခန်းထဲက အသံကို နားစွင့်တယ်။ အဲ့နောက် သူ့အမူအရာ ပြောင်းသွားတယ်။
တော်တော်ကြာအောင် စဉ်းစားပြီးသွားတော့ တရွေ့ရွေ့နဲ့ ဖြေးဖြေးချင်း စက်ြန်ထောင့်ဆီ သွားတယ်၊ ခေါင်းပြူပြီး ရေချိုးခန်းဘက်ကို ချောင်းလိုက်တယ်။
ခွေးပေါက်လေးက သူ့တင်ကို မြောက်ထားလိုက်တာ မိုးထိလုမတတ်ပဲ။
ခွေးလေးလည်း အရမ်းမြင့်တယ် ခံစားလို့နေမယ်၊ သူ့တင်ပါးကို ဖြေးဖြေးချင်း နှိမ့်လိုက်တယ်။
ခွေးပေါက်ရဲ့ အမွေးတွေက နှင်းတမျှ ဖွေးဆွတ်လို့နေတယ်။ သူ့နားရွက်က မျက်နှာထက်စာရင် နည်းနည်းကြီးတယ်။ ပြီးတော့ ထောင်ထောင်မတ်မတ်ကလေး။
မျက်လုံးတွေက မိန်းကလေးတစ်ယောက် eye liner ဆွဲထားတာနဲ့တူတယ်။ [2] သူ့မျက်တောင်မွှေးတွေကလည်း ဖြူဖွေးနေတာပဲ။ တကယ်လို့ မင်းကိုသာ စိုက်ကြည့်မနေဘူးဆိုရင် မျက်လုံးလေးတွေ လှလိုက်တာ လို့ မင်း တပ်အပ်ပြောနိုင်လိမ့်မယ်။
မျိုးစပ်ထားတဲ့ ခွေးဆိုပေမဲ့ မြေခွေးနဲ့လည်း နည်းနည်း ဆင်တယ်။ ပြီးတော့ သူ့အမြီးက ဖွာပြီးထူထဲတယ်။
စတွေ့တွေ့ချင်းတော့ သူ့ကို နာခံပြီး အနေအထိုင်တတ်တဲ့ ခွေးလေးလို့ မင်း ထင်လိမ့်မယ်။
ဒါပေမဲ့ အဲ့ဒါက စတွေ့တွေ့ချင်းပဲ….
—–
အဲ့ခဏမှာ လိမ်မာပြီး နာခံတတ်တဲ့ ခွေးပေါက်လေးက သူ့တင်ပါးကို လေထဲမြောက်လိုက်တယ်။ လုံး၀န်းပြီး အမွေးထူတဲ့ တင်လုံးလုံးတွေဟာ လင်းရုန် ရဲ့အာရုံကို ဖမ်းစားသွားတယ်။
လင်းရုန် မျက်လုံးမှေးပြီး ကြည့်လိုက်တယ်။
နောက်ဆုံးတော့ နင်ယန် ကိစ္စရှင်းပြီးသွားပြီ။ သူ့အမွေးတွေကို အားပါးတရ ခါထုတ်တယ်။ ပြီးတော့ သူလာပြီဆိုတဲ့အကြောင်း အိမ်ထဲက နှာဗူးကောင်ကို အသိပေးဖို့ အသံစူးစူးကလေး လွှင့်တယ်။
သူ့ခေါင်းကိုလှည့်လိုက်တော့ မမျှော်လင့်ဘဲ စက်ြန်ထောင့်ကနေ ပြူကြည့်နေတဲ့ လူတစ်ယောက်ကို တွေ့တယ်။
ဘယ်ကတည်းက ချောင်းနေမှန်းမသိတဲ့ အဲ့လူက သူ့ပါးသူ ကုတ်ပြီး နင်ယန် ကို ကြောင်ကြည့်နေတယ်။
နင်ယန်: “…….”
သူ့ ဒေါသတွေ ပေါက်ကွဲသွားတယ်။
အရှက်မရှိလိုက်တာ! ဒီလောက် နှင်ထုတ်တာတောင် မသွားတဲ့အပြင် တိတ်တိတ်ကလေး ချောင်းကြည့်နေသေးတယ်!
ခွေးလေး ဒေါသထွက်တာကို သိတော့ လင်းရုန် ချောင်းအသာဟန့်လိုက်တယ်။ မျက်နှာတည်နဲ့ ခွေးဆီသွားပြီး သူ့ကို ပွေ့ယူတယ်။ အိမ်သာသုံးစက္ကူတစ်ရွက် ယူပြီး ခွေးရဲ့ တင်ပါးကို သုတ်ပေးတယ်။ အဲ့နောက် အိမ်သာရေ ဆွဲချတယ်။
ဒေါသတကြီးနဲ့ နင်ယန်: “ဝူး…. ဝူးးးးးးးးး”
ကြီးမားတဲ့ လက်ဖဝါးတစ်ဖက် နင်ယန် ကိုယ်ပေါ် ရောက်လာပြီး သူ့အမွေးတွေကို သပ်ပေးတယ်။
နင်ယန်ဒေါသထွက်ထွက်နဲ့ ဆက်ငြီးနေတုန်းပဲ။
အံ့ဩဖို့ကောင်းတာက လင်းရုန် နင်ယန်ကို အောက်မချပေးဘူး။ ဧည့်ခန်းသွားတဲ့ တစ်လျှောက်လုံး သူ့ကို ပွေ့ချီသွားတယ်။ ဆိုဖာပေါ်ထိုင်ပြီး နင်ယန်ကို သူ့ပေါင်ပေါ် တင်တယ်။ ပြီးတော့ သူ့ခေါင်းလေးကို ပွတ်ပေးတယ်။
ကျယ်ပြန့်တဲ့လက်ဖဝါးဟာ သင့်တင့်တဲ့အားနဲ့ နင်းယန်ရဲ့ အမွှေးတွေကို ဖွပေးနေတယ်။ အရမ်း သက်တောင့်သက်သာ ရှိလွန်းတယ်။
နင်ယန် မျက်လုံးကျဉ်းပြီး ပေါင်ပေါ်မှာ လှဲအိပ်လိုက်တယ်။ ဟွန်းကနဲ အသံပြုလို့ သူ့ကိုတယုတယ သပ်နေတဲ့လူကို စောင်းကြည့်တယ်။
လင်းရုန် ခွေးလေးကို ငုံ့ကြည့်ပြီး မရယ်ဘဲမနေနိုင် ဖြစ်သွားတယ်။
သူ့ရယ်သဲ့သဲ့က နင်ယန်အတွက် နည်းနည်းတော့ ထူးထူးဆန်းဆန်းနိုင်တယ်။
ဒီကောင်က လူများရှေ့မှာသာ ရေခဲတုံးလိုနေတာ။ တစ်ယောက်တည်း ရှိတဲ့အချိန်တော့ ရယ်တတ်သားပဲ။
ပြီးတော့ သူ့ကို ကြိုက်နေရက်နဲ့ အပြင်မှာတွေ့ရင် မျက်နှာထား တင်းတင်းနဲ့ပဲ ကြည့်တာ ဘာလို့လဲ။
လင်းရုန်ကတော့ နင်ယန် ဘာတွေးနေမှန်း မသိပါဘူး။
သူ့အတွေးနဲ့သူ ရယ်ပြီးတဲ့နောက်မှာ နင်ယန်ရဲ့ ခေါင်းလေးကို ထပ်ထိတယ်။ ပြီးတော့ အစောပိုင်းက သူသိချင်နေတဲ့ ကိစ္စကို မေးတယ်။
” ဆဲ့ဆဲ့၊ မင်းမှာ ပိုင်ရှင်ရှိဖူးလား”
နင်ယန် ကြောင်သွားတယ်။ ဘာလို့ အခုချိန်မှ ဒီမေးခွန်း မေးရတာလဲ။
လင်းရုန်က အဖြေသိချင်လို့ မေးတယ်ရယ်မဟုတ်ပါဘူး။ အဲ့တော့ သူ ပွတ်သပ်ရင်း စကားဆက်လိုက်တယ်။
” အိမ်သာ ဘယ်လိုသွားရမလဲ မင်းသိတယ်။ ဒါက တစ်ယောက်ယောက် မင်းကို သင်ပေးထားလို့.. ဟုတ်တယ်မလား?”
နင်ယန်: “…….”
လင်းရုန် သူ့ရဲ့အေးစက်နေတဲ့လက်ဖျားတွေနဲ့ နင်ယန်ရဲ့ မေးစေ့ကို ပွတ်ပြီး ဆက်မေးပြန်တယ်။
” မင်းကို ပျောက်သွားတာလား ဒါမှမဟုတ် စွန့်ပစ်လိုက်တာလား”
နင်ယန်…. အရမ်းခံစားရတဲ့ပုံမျိုး ဟန်ဆောင်လိုက်တယ်။
ဖြစ်နိုင်ချေမရှိတာတွေကို ယုတ္တိကျတဲ့အချက်အလက်တွေနဲ့ ဖုံးကွယ်ထားလိုက်။ တခြားအတွေး မတွေးစေနဲ့။
” သခင်အဟောင်း” ရဲ့ အကြောင်းပြောပြီးတော့ လင်းရုန် ခွေးဖြူလေးကို စကားထပ်မပြောတော့ဘူး။ သူ့ဘာသာ အတွေးထဲ နစ်မြောနေလိုက်တယ်။ ဆက်ပြီး ညင်ညင်သာသာ သပ်ပေးနေတာကြောင့် သူတို့နှစ်ယောက်ကြားက လေထုက တဖြေးဖြေး နွေးထွေးပြီး သက်တောင့်သက်သာ ရှိလာတယ်။
နင်ယန် မျက်လုံးမှိတ်ပြီး ဇိမ်ခံနေလိုက်တယ်။ ဒါကြောင့် တစ်ဖက်လူ သူ့ကို သတိလက်လွတ်ငေးနေတာကို မသိလိုက်ဘူး။
လင်းရုန် သတိ၀င်လာတော့ သူ ခွေးလေးရဲ့ တင်ပါးကို ငေးနေမိမှန်း သိသွားတယ်။ သူ့လက်ကို အကြိမ်ကြိမ် အဖန်ဖန် ဆုပ်လိုက် ဖြန့်လိုက်လုပ်ပြီး ကိုယ့်ကိုယ်ကို တားနေပေမဲ့ အာရုံလွှဲလို့ မရတာကြောင့် လက်ကို မြောက်လိုက်တယ်။
နင်ယန် သူ့နားရွက်ကို ခေါင်းပေါ် စိတ်လွတ်ကိုယ်လွတ် ဖြန့်တဲ့အခိုက် ရုတ်တရက်ကြီး သူ့တင်ပါး အညစ်ခံလိုက်ရတယ်။
” ! ”
မျက်လုံးဖွင့်ပြီး ခေါင်းစောင်းလို့ တစ်ဖက်လူကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်တယ်။
တစ်ဖက်လူက သူနဲ့အကြည့်ဆုံသွားတော့ နောက်တစ်ခေါက် ထပ်ညစ်လာပြန်တယ်။
နင်ယန်: ” !!! ”
သူ မယုံနိုင်လွန်းလို့ မတ်တပ်ရပ်ပြီး အဲ့လူကို ငေးနေမိတယ်။
လင်းရုန် ချောင်းဟန့်ပြီး အသံတိုးတိုးနဲ့ ပြောတယ်။
” မင်းက Corgi[3] မျိုးနဲ့ စပ်ထားတာထင်တယ်…. နော်? ”
နင်ယန်: “……”
မင်းပဲ Corgi !
သူ ပြန်ထိုင်ချပြီး သူ့ရဲ့ တင်ပါးကို ဝှက်လိုက်တယ်။ ပြီးတော့ ခေါင်းမော့ပြီး အသက်ရှူထုတ်တယ်။
တစ်ဖက်လူက သုံးစက္ကန့်လောက် ငေးနေပြီးမှ… ခွေးကို မြောက်ချီပြီး ကျေနပ်အားရတဲ့မျက်နှာနဲ့ သူ့တင်ပါးကို နောက်တစ်ခေါက် ထပ်ညစ်ပြန်တယ်။
နင်ယန် : ” ဝူး… ဝူး…. !!!!!! ”
နှာဗူးထိပ်ခေါင် အရူးကောင်! ငါ့တင်လေးကို လွှတ်လိုက်စမ်း!
.
တော်တော်ကြာတဲ့အထိ ညစ်ပြီးသွားတော့ လင်းရုန် ကျေနပ်သက်ပြင်းချလိုက်တယ်။ နင်ယန် ကတော့ တစ်နေရာမှာပဲ သွားပုန်းနေလိုက်ချင်တော့တယ်။
ဒီကောင် သူ့ပေါ် ဘာလို့ ညင်ညင်သာသာနဲ့ ဆက်ဆံနေတာလဲဆိုတာ နင်ယန် သိသွားပြီ။ ဖင်ညစ်ချင်တဲ့ အကြံဆိုးနဲ့ လုပ်နေတာကိုး။
မိမစစ် ဖမစစ်ကောင်!!
သူ့ကို ကြမ်းပြင်ပေါ် ချလည်းချလိုက်ရော နင်ယန် အခန်းထောင့်ကို ပြေးသွားပြီး လင်းရုန်ကို သတိအနေထားနဲ့ စောင့်ကြည့်နေလိုက်တယ်။
ဒါကိုမြင်သွားတဲ့ လင်းရုန်က သူ့အမှားသူ သိသွားတာကြောင့် ခွေးလေးကို ရိုးရိုးသားသားနဲ့ ပြန်တောင်းပန်တယ်။
” တောင်းပန်ပါတယ်။ ငါ စိတ်မထိန်းနိုင်လို့…”
နင်ယန် မာန်ဖီလိုက်တယ်။
တောင်းပန်ဖို့ အချိန်နှောင်းသွားပြီ။ နှာဗူးတကာ့ နှာဗူးကောင်ရဲ့!
လင်းရုန် ထပ်ပြောချင်သေးပေမဲ့ သူ့သူငယ်ချင်းဆီက ဖုန်း၀င်လာတာကြောင့် နင်ယန် ကို ပြေရာပြေကြောင်း အကြည့်ပို့ပြီး မီးဖိုခန်းထဲ၀င်လို့ ဖုန်းကိုင်လိုက်တယ်။
နင်ယန် သူ့နားရွက်ကို ထောင်ပြီး နားစွင့်တယ်။
တစ်ယောက်ယောက်က ညစာစားဖို့ လာတော့မှာလား?
သူ တစ်၀က်တစ်ပျက်ပဲ နားထောင်တာမို့ အကုန်လုံးတော့ မကြားလိုက်ဘူး။ လင်းရုန် ပြန်ထွက်လာတာမြင်တော့ သူ့တင်ပါးကို ဝှက်ပြီး လျှာနဲ့လျက်လိုက်တယ်။
မညစ်ရ မနေနိုင်လောက်အောင် ချစ်ဖို့ကောင်းတဲ့ တင်ပါးလေးရှိတာ ငါ့အပြစ်မဟုတ်ဘူး!
လင်းရုန် ခွေးလေးကို ဘယ်လောက်ပဲ ပြန်ချော့ချော့ ခွေးလေးက ညနေစောင်းတဲ့အထိ သူ့နားကို ကပ်မလာဘူး။ သူ့အမှားသူ ပြန်ဆင်ခြင်မိတဲ့အတွက် ခွေးလေးကို ကတိက၀တ်ပြုလိုက်တယ်။
” ငါ ကျိန်ရဲတယ်။ နောက်တစ်ခါ မင်းတင်ပါးကို ထပ်မကိုင်တော့ဘူး”
နင်ယန် သူပေးတဲ့ ကတိကို ဂရုမစိုက်ဟန်နဲ့ နှာမှုတ်လိုက်တယ်။
ဒီနှာဗူးအကြီးစားက သူ့တင်လုံးလုံးတွေရဲ့ ဆွဲဆောင်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ သူခံစားရတယ်။
.
ညနေ ၆ နာရီ၀န်းကျင်လောက်မှာ အိမ်ရှေ့ခေါင်းလောင်း မြည်လာတယ်။ တံခါးဖွင့်လိုက်တော့ အိမ်ရှေ့မှာ လူနှစ်ယောက် မတ်တပ်ရပ်လျက်သား။
နင်ယန် သူတို့နှစ်ယောက်လုံးကို လုံး၀သိတယ်။ တစ်ယောက်က ထိပ်တန်းအနုပညာရှင်ဖြစ်တဲ့ ကျန်းမို ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ သခင်လေး ကျန်းရှောင်နင် ဖြစ်တယ်။ နှစ်ယောက်လုံးက လင်းရုန်ရဲ့ အရင်းနှီးဆုံး မိတ်ဖက်ဆွေဖက်တွေ။
အခုချိန်မှာ နင်ယန် တွေးမိတာ တစ်ခုပဲ ရှိတယ်။ သူ နံရံတွေကို ကြောင်တက်တက်နဲ့ ကြည့်လိုက်တယ်။
စဉ်းစားကြည့်ရင်၊ နံရံမှာ ဒီလိုပိုစတာကြီးတွေ ကပ်ထားပြီး အိမ်မှာလည်း ဧည့်သည်တွေ ၀င်ထွက်သွားလာလုပ်နေတာကို၊ လင်းရုန်…. သူ နည်းနည်းမှ မရှက်ဘူးလား။
ကျန်းမိုနဲ့ ကျန်းရှောင်နင်က လင်းရုန်အကြောင်းကို အတွင်းကျကျ သိတဲ့အပြင် ခဏခဏ ဒီလိုလာဖူးလို့ မထူးဆန်းတော့တာ ထင်တယ်။ ပိုစတာတွေ တွေ့တာတောင် ဘာမှ မဖြစ်တဲ့အပြင် အိမ်ထဲ၀င်လာပြီး အသံကျယ်ကျယ်နဲ့ ပြောတယ်။
” ဘယ်က ခွေးပေါက်လေးလဲ? ”
လင်းရုန် ဖိနပ်ချွတ်ပြီး သူ့သူငယ်ချင်းတွေကိုလည်း အိမ်တွင်းစီးဖိနပ် လဲစီးဖို့ လှမ်းပြောတယ်။ သူတို့မေးတာကြားတော့ ဧည့်ခန်းထဲက ဆိုဖာနောက်မှာ ပုန်းနေတဲ့ ခွေးဖြူလေးကို ကြည့်လိုက်တယ်။
“……” လင်းရုန် လေသံအေးအေးနဲ့ ပြန်ဖြေတယ် ” ဆဲ့ဆဲ့”
” ဆဲ့ဆဲ့? ”
အိမ်စီးဖိနပ် လဲပြီးသွားတဲ့ ကျန်းရှောင်နင်က ခပ်ဟဟရယ်ပြီး မေးတယ်။
” သူ့နာမည်လား? ဘယ်စကားလုံးရဲ့ ‘ဆဲ့’ လဲ? ”
လင်းရုန် ပြောမယ်လုပ်ပြီးမှ ခွေးလေးကို စွေကြည့်လိုက်တယ်။ ပြီးတော့ ချောင်းတစ်ချက်ဟန့်ပြီး တစ်နေရာကို အကြည့်လွဲလို့ ပြန်ဖြေတယ်။
” ဘယ် ‘ ဆဲ့’ ဖြစ်ဖြစ်”
နင်ယန်: “…….”
ငါ့ခံစားချက်ကို သိပြီလား? အဲ့ကြောင့် ဘာလို့ ‘ ဆဲ့ဆဲ့’ လို့ နာမည်ပေးခဲ့တာလဲလို့…..?
ကျန်းရှောင်နင် ဧည့်ခန်းထဲ၀င်ပြီး ခွေးလေးကို စူးစမ်းလိုက်တယ်။ ပြီးတော့ နည်းနည်းလေး မြူးထူးလာတယ်။
ကျန်းရှောင်နင်တို့ကို စိတ်ထဲကနေ တိတ်တိတ်ကလေး ဟောင်နေမှန်း ခွေးပေါက်ရဲ့အမူအရာကို ကြည့်ပြီး ပြောလို့ရတယ်။ လိမ်မာလိုက်တဲ့ ခွေးပါလား!
” သူလည်း ခွေးထီးပဲဟ! ”
ကျန်းရှောင်နင် ရှေ့တိုးပြီး ခွေးလေးရဲ့ အမွေးကို မကြောက်မရွံ့ သပ်လိုက်တယ်။ နင်ယန် ဇဝေဇဝါနဲ့ ငေးနေတုန်း အဲ့လိုပြောလာတာမို့ ဟောင်ဖို့တောင် အချိန်မရလိုက်ဘူး။
မင်းပဲ ခွေးထီးနေလိုက်!!
ကျန်းမိုလည်း လာပြီး ခွေးလေးကို တအံ့တဩမေးတယ်။
” မင်း သူနဲ့ ဘယ်လိုလိုက်လာတာလဲ?”
လင်းရုန် ခွေးလေးကို ထပ်ကြည့်တယ်။
နင်ယန်ကလည်း သူ့ကို ပြန်ကြည့်တယ်။
လင်းရုန် မျက်လွှာချပြီး ပြန်ဖြေတယ်: ” ချစ်ဖို့ကောင်းတယ်ထင်လို့ ခေါ်လာလိုက်တာ”
နင်ယန် ကျေနပ်ပြီး သူ့အမြီးကို ယမ်းလိုက်တယ်။
ဒီကောင်ကတော့ကွာ…
သူ့သူငယ်ချင်း လင်းရုန်တစ်ယောက် ခွေးလေးကို ဆက်ဆံပုံက စိတ်၀င်စားဖို့ကောင်းတယ်လို့ ကျန်းရှောင်နင် ထင်တယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့ သူလည်း မသိဘူး။ ခွေးလေးကို မြူပြီးသွားတော့ သူ ထရပ်ပြီး မီးဖိုချောင်နံရံတွေကို ဝေ့ဝဲကြည့်တယ်။
” အယ်… ပိုစတာတွေ ပိုများလာတာလား? ”
ဒါကိုကြားလိုက်တဲ့ နင်ယန် က သူ့လက်ဖဝါးတွေကို ကြမ်းပြင်နဲ့ ပွတ်လိုက်တယ်။ သူ့စိတ်ထဲမှာလည်း ရှက်သလိုလို ဖြစ်လာတယ်။
လင်းရုန်မှာတော့ နှုတ်ခမ်းစွန်းလေး ကွေးတက်သွားပြီး သူ့မျက်နှာက ရှိသမျှ အကြောအချဉ်တွေအားလုံး ပျော်ရွှင်သမှုနဲ့ ဖြေလျော့နေတယ်။
နင်ယန် ရှက်နေတာကို ရပ်ပြီး အသိစိတ်၀င်လာတဲ့အထိ သူ့ရှေ့က လူကို ကြည့်တယ်။
ဟမ့်…. သောက်ရူးကောင်!
.
လူသုံးယောက်က စားပွဲမှာ ဝိုင်းထိုင်လို့ အဲကွန်းဖွင့်ပြီး ဟော့ပေါ့ စားကြတယ်။ ကျန်းရှောင်နင်နဲ့ ကျန်းမိုကအကြောင်းကိစ္စမယ်မယ်ရရ မရှိဘဲ ဒီတိုင်း လက်ဆုံစားဖို့ အလည်သက်သက် လာလည်ကြတာ။
ဟော့ပေါ့အနံ့ကြောင့် နင်ယန် ဗိုက်ဆာလာတယ်။ စိတ်ပျက်ပျက်နဲ့ ကြမ်းပြင်ပေါ် လှဲအိပ်ပြီး စားပွဲဝိုင်းက အသံတွေကို နားထောင်နေလိုက်တယ်။
ပြောရရင် သူလည်း အရင်တုန်းက ထူးဆန်းတယ်လို့ ခံစားဖူးတယ်။
လင်းရုန်နဲ့ သူက အပြင်မှာ အကျွမ်းတ၀င်မရှိတဲ့အပြင် သူ့စိတ်ထဲမှာလည်း လင်းရုန်ကို ပြိုင်ဘက်တစ်ယောက်လိုပဲ သတ်မှတ်ထားတာ။ Weibo မှာလည်း သူ လင်းရုန်ကို ဘယ်လောက်မျက်မုန်းကျိုးနေမှန်း မတော်တဆ ဖော်ပြမိသေးတယ်။
သူ ဘာလို့အဲ့လိုလုပ်မိမှန်း သူ့ကိုယ်သူတောင် မသိဘူး။ ဒါပေမဲ့ လင်းရုန်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ကျန်းမိုနဲ့ ကျန်းရှောင်နင်က သူ့ကို သူတို့သူငယ်ချင်းရဲ့ ပြိုင်ဘက်လို သဘောမထားတဲ့အပြင် တွေ့လိုက်တိုင်း ပြုံးပြတတ်သေးတယ်။
ဒါက ယဉ်ကျေးမှုအရ ပြုံးပြနှုတ်ဆက်တာနဲ့မတူဘူး။ တွေ့တိုင်း ပြုံးပြနေရအောင် သူတို့ဘာဖြစ်နေတာလဲလို့ နင်ယန် ခေါင်းခြောက်ဖူးပေမဲ့ အဖြေမရှာနိုင်ခဲ့ဘူး။ ခုတော့ နားလည်သွားပြီ။
ဘာလို့လဲဆိုတော့ သူတို့ သူငယ်ချင်းကြီးက နင်ယန်ကို ကြိုက်နေလို့လေ!
ဟိုဟိုဒီဒီတွေးနေတုန်း စကားဝိုင်းမှာ သူ့နာမည်ပြောတာကို ကြားလိုက်တယ်။ သူခဏလေး တန့်ပြီး နားရွက်ထောင်လို့ သေချာကြားရအောင် အာရုံစိုက်တယ်။
ကျန်းရှောင်နင်: ” ဒီနှစ်ပတ်အတွင်း ချုံရှင်း မွေးနေ့ပွဲ လုပ်မယ်ကြားတယ်၊ မင်း သိထားလား လင်းရုန်? ”
လင်းရုန် စားတာရပ်ပြီး ခေါင်းညိတ်ပြတယ်။
နင်ယန် နဲ့ ဟေးချုံရှင်း က ရင်းနှီးကြတယ်။ အရင်းနှီးဆုံးရယ် လို့ မဟုတ်ပေမဲ့ ချုံရှင်းရဲ့ အဖေက ဂြိုဟ်တုချန်နယ် တစ်ခုရဲ့ အထက်အရာရှိ ဖြစ်တာမို့ မကြာခဏတော့ အပြင်တူတူထွက်လေ့ရှိတယ်။
သူတို့ ဘာလို့ ချုံရှင်းအကြောင်းပြောနေကြတာလဲ လို့ နင်ယန် တွေးနေတုန်း ကျန်းရှောင်နင်က အသံခပ်အုပ်အုပ်နဲ့ ပြောလာတယ်။
” အဲ့နေ့ကျရင် သူ နင်ယန်ကို ဖွင့်ပြောဖို့ လုပ်ထားတယ်တဲ့”
နင်ယန်: “…….????? ”
သောက်ကျိုးနည်း!
သူ လန့်ဖျန့်ပြီး မတ်မတ်ရပ်လိုက်တယ်။ ပြီးတော့ စားပွဲနားက လူသုံးယောက်ကို ကြည့်တယ်။
စကားကောင်းနေတာကြောင့် ဘယ်သူမှ သူ့ကို အာရုံမစိုက်မိကြဘူး။
ပြောလို့လည်းပြီးရော ကျန်းရှောင်နင်နဲ့ ကျန်းမိုက လင်းရုန်ရဲ့မျက်နှာအရိပ်အကဲကို အကဲခတ်နေကြတယ်။
” အဲ့ဒါ တကယ်ဖြစ်လောက်မယ်နော်။ ဟေးချုံရှင်း ရဲ့ သူငယ်ချင်းနှစ်ယောက်က အဲ့ကောင်ကို ကူညီနေကြတာ။ ပြောပုံအရ ပွဲအကြီးကြီးလုပ်မယ်တဲ့၊ လူသိရှင်ကြား ချစ်ခွင့်ပန်တဲ့ ပွဲမျိုးကွာ”
ကျန်းရှောင်နင် မာန်ပါပါနဲ့ ပြောတယ်။
နင်ယန် တော်တော် လန့်နေပြီ။
ဘာတွေဖြစ်နေတာလဲ?
ဟေးချုံရှင်းက ချစ်ခွင့်ပန်မယ်? သူ့ကို?
လူမှားနေတာ မဟုတ်ဘူးလား?
သူနဲ့ ဟေးချုံရှင်းက တစ်ယောက်နဲ့တစ်ယောက် သိတာ နှစ်နှစ်နီးပါးရှိပြီ။ သူ အဲ့ကောင်ကို နည်းနည်းလေးမှ စိတ်ခံစားချက် မရှိဘူး။
ခွေးဖြစ်တဲ့ နှစ်ရက်အတွင်း သိရတာက လင်းရုန်တင် မဟုတ်ဘူး၊ ဟေးချုံရှင်းကြီးကပါ သူ့ကို ကြိုက်နေတာတဲ့လား။ ရုတ်တရက် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာတယ်၊ အထူးသဖြင့် လူပျိုတွေ??
နင်ယန် ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒါပေမဲ့ လင်းရုန် ဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ သူ သိချင်တယ်။
လင်းရုန် မျက်နှာငုံ့ထားပြီး သူ့မျက်နှာမှာ ဘာခံစားချက်မှ မရှိသလိုပဲ။
ကျန်းမိုနဲ့ ကျန်းရှောင်နင် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးမှ ကျန်းရှောင်နင်က ချီတုံချတုံနဲ့ –
” သူ လုပ်နိုင်မယ်လို့ ငါမထင်ဘူး။ ငါပြောတာ ဘက်လိုက်သလို ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ နင်ယန်က ဟေးချုံရှင်း လို လူမျိုးကို မကြိုက်လောက်ဘူးလို့ ထင်တယ်”
နင်ယန် မြန်မြန်ဆန်ဆန် ခေါင်းညိတ်လိုက်တယ်။
သူ ဟေးချုံရှင်းကို တစ်စက်ကလေးတောင် မကြိုက်ပါဘူး။ သူတို့က ဒီတိုင်း သူငယ်ချင်းတွေပဲ။
ကျန်းရှောင်နင် ဆက်ပြောတယ်: ” မင်းကိုကြည့်၊ ဟေးချုံရှင်းတောင် လက်ဦးမှုယူနေပြီ။ မင်းက ဘာလို့ မကြိုးစားကြည့်တာလဲ? အဝေးကနေကြည့်ပြီးပဲ ရောင့်ရဲနေတော့မှာလား?
နင်ယန် တိတ်ဆိတ်နေတဲ့ လင်းရုန်ကို ကြည့်လိုက်တယ်။ သူ့နှလုံးသားလေးက တဒုတ်ဒုတ်ခုန်နေတယ်။ သူ တံတွေးတစ်ချက် မြိုလိုက်တယ်။
နောက်ဆုံး လင်းရုန် နှုတ်ခမ်းဖွင့်လာတယ်။
သူပြောတာက: ” ယန်ယန်….သူ…ငါ့ကို မကြိုက်ဘူး”
ကျန်းရှောင်နင် မျက်မှောင်ကြုတ်သွားတယ်။
” မင်းအရင်ကလည်း ဒီလို ပြောဖူးသားပဲ။ ဒါပေမဲ့ မကြိုးစားဘဲနဲ့ ဘယ်လိုသိမှာလဲ… သူက ”
လင်းရုန် ခေါင်းမော့ပြီး သူ့သူငယ်ချင်းနှစ်ယောက်ကို ကြည့်တယ်။ ပြီးတော့ တစ်လုံးချင်း ပြောတယ်။
” ယန်ယန်…ကိုယ်တိုင် ပြောတာ။ ငါ့ကို မကြိုက်ဘူးလို့”
ကျန်းရှောင်နင်နဲ့ ကျန်းမို နှစ်ယောက်လုံး တောင့်တင်းသွားတယ်။
နင်ယန် ရောပဲ။
လင်းရုန် စကားကုန် ပြောပြီးသွားတော့ မျက်လွှာချပြီး ဟေ့ာပေါ့ ဆက်စားတယ်။
အခန်းရဲ့လေထုက တိတ်ဆိတ်တဲ့ဘက် ရောက်သွားတယ်။ ကျန်းမိုနဲ့ ကျန်းရှောင်နင်လည်း ဒီကိစ္စကို ခုမှ ကြားဖူးပုံရတယ်။
သူတို့ ထပ်ပြီး မေးကြည့်ချင်ပေမဲ့ လင်းရုန် ဆီက အဖြေမရမှာ သိတာကြောင့် ဆက်မမေးတော့ဘူး။ ဘယ်လိုတုံ့ပြန်ရမှန်း မသိတာနဲ့ ဒီတိုင်းပဲ ထိုင်နေကြတယ်။
တအောင့်နေတော့ သက်ပြင်းချပြီး အစားပဲ ဆက်စားကြတယ်။
တိတ်ဆိတ်နေတဲ့ လေထုအောက်မှာ နောင်တ တပွေ့
တပိုက်နဲ့ ဝေခွဲမရဖြစ်နေတဲ့ ခွေးလေးရဲ့ မျက်နှာကို ဘယ်သူမှ မမြင်မိလိုက်ဘူး။
သူ… လင်းရုန်ကို ဘယ်တုန်းက အဲ့လို ပြောလိုက်တာလဲ?
လုံး၀ မမှတ်မိတော့ဘူးရော?
———-
စာရေးသူမှာ ပြောစရာရှိတယ်: နင်ယန်: အရမ်းချစ်ဖို့ကောင်းနေတာလည်း အပြစ်ပဲ။