Chapter - 5
- Home
- All Mangas
- ခွေးဖြစ်ပြီး ရန်သူတော်ကြီးအိမ်မှာ ကပ်နေရတဲ့ငါလေး
- Chapter - 5 - ခွေးဖြစ်တာတောင် ဆွဲဆောင်မှုရှိလွန်းတဲ့ ငါလေး
၅. ခွေးဖြစ်တာတောင် ဆွဲဆောင်မှုရှိလွန်းတဲ့ ငါလေး။
သေချာပေါက် နင်ယန် က မှတ်ဉာဏ်ပျောက်ဆုံးနေတာ မဟုတ်တဲ့အတွက် နည်းနည်းလေး အားထုတ်ပြီး စဉ်းစားလိုက်တဲ့နောက်မှာ ရှက်စရာကောင်းတဲ့ အတိတ်ဖြစ်ရပ်ကို ပြန်မှတ်မိသွားတယ်။
အဲ့ကိစ္စက Weibo မှာ ဖြစ်ခဲ့တဲ့ ‘မတော်တဆမှု’ နဲ့ ဆက်စပ်တယ်။
နင်ယန်မှာ လူသိရှင်ကြား သိတဲ့ Weibo အကောင့်အပြင် သူ့စိတ်ကို လွှတ်ပေးဖို့ နောက်ထပ် အကောင့်တုတစ်ခုလည်း ဖွင့်ထားတယ်။ သူ ကြိုက်တဲ့ပို့စ်တွေကို အဲ့အကောင့်တုနဲ့ like လုပ်တာတို့၊ ကွန်မန့် ပေးတာတို့ လုပ်တတ်တယ်။ ဖန်တရာတေ တဲ့ ရိုမန့်ဇာတ်လမ်းတွေလိုပေါ့၊ သူ အဲ့အကောင့်နှစ်ခုကို မှားပြီး သုံးမိတယ်လေ။ ဒါကြောင့်ပဲ အဲ့အဖြစ်ဆိုးကြီး ပေါ်ပေါက်လာခဲ့တာ။
အဲ့ညက သူအရက်မူးပြီး Weibo မှာ ဟိုဟိုဒီဒီကြည့်နေတုန်း လင်းရုန်အကြောင်း ပြောထားတဲ့ မန့်တစ်ခု တွေ့သွားတယ်။ သူ ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး အရူးတစ်ယောက်လို အော်ရယ်ရင်း အဲ့ဒီ ကွန်မန့်ကို ‘လက်မ’ ပေးတယ်။ ပြီးတော့ အိပ်ပျော်သွားတယ်။
နောက်တစ်နေ့ သူ နိုးလာတော့ ” Hot Search” မှာ သူ့နာမည်နဲ့ Trend တွေ အများကြီး၀င်ပြီးလို့ နင်ယွဲ့ က အဲ့ Trend တွေအားလုံး ကျသွားအောင် လုပ်ထားခဲ့တယ်။
ပြီးတော့ နင်ယန်ရဲ့ Weibo အကောင့်ထဲ ၀င်ပြီး အဲ့ like ကို ပြန်ဖြုတ်ပစ်တယ်။
အဲ့ဒီလို ပြဿနာတွေ ရှင်းခဲ့ပေမဲ့ နင်ယွဲ့က သူ့ကို အဲ့အကြောင်း တစ်လုံးတစ်ပါဒမျှ မဟခဲ့ဘူး။
ဒါပေမဲ့လို့ နင်ယွဲ့ မပြောပြလည်း နင်ယန်ရဲ့ သူငယ်ချင်းတွေ Weibo မှာ တင်ထားတဲ့ပို့်စ်အရ အဲ့အကြောင်းကို သိသွားခဲ့ရတာပဲ။
မန့်ကို လိုက်ခ် ပေးထားတဲ့ Screenshot တွေနဲ့ အဲ့အောက်က ကွန်မန့်တွေကို တွေ့လိုက်ရချိန်မှာတော့ နင်ယန် ရှက်လွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေချင်သွားတယ်။
သူ မူးမူးရူးရူးနဲ့ ‘လက်မ’ ပေးထားတဲ့ ကွန်မန့်ရဲ့ ပို့စ်က တကယ်တော့ လင်းရုန်ရဲ့ ဖန်တစ်ယောက် တင်ထားတာ။
တင်ထားတဲ့ ပို့စ်: လင်းရုန်က မျက်နှာထားတည်တည်နဲ့၊ ပြီးတော့ စကားနည်းတဲ့အပြင် အေးတိအေးစက်လည်း နေသေးတယ်။ ဒါကို ဘာဖြစ်လို့ လူတွေက သူ့ကို ကြိုက်ကြတာလဲ? သူ့ရဲ့ *ကားမောင်းစွမ်းရည်ကြောင့်လား? ( ခွေးမျက်ထောင့်ကပ် အီမိုဂျီ) [1]
[ *ကားမောင်းစွမ်းရည် – အိပ်ရာပေါ် စွမ်းဆောင်နိုင်စွမ်း]
နင်ယန်သာ ကျိုးကြောင်းဆက်စပ်ပြီး တွေးနိုင်ခဲ့မယ်ဆိုရင်, ဒီ ပို့စ်ရဲ့ နောက်ဆုံးကြောင်းဖြစ်တဲ့ ‘ ကားမောင်းစွမ်းရည်ကြောင့်’ ဆိုတဲ့စကားက – ရှိုးတစ်ခုမှာ လင်းရုန်ရဲ့ သူငယ်ချင်း စနောက်ပြီး ပြောဖူးတဲ့ ဟာသသက်သက်ပဲ ဆိုတာ သူ သိခဲ့မှာ။
အဲ့တုန်းက လင်းရုန် ရဲ့ဖန်တွေကြားမှာ ဒီစာသားက ရေပန်းစားခဲ့တယ်လေ။
နင်ယန် သာ အရက်သောက်မထားခဲ့ရင် အဲ့ပို့စ်အောက်မှာ စိတ်လှုပ်ရှားတကြီး ရေးထားတဲ့ ဖန်တွေရဲ့ ဒီလို မန့်မျိုးကိုလည်း တွေ့ခဲ့လိမ့်မယ်။
” လင်းရုန် ကားမောင်းတာကို လိုက်ဖ်ပါဖော်မန့်စ်နဲ့ ကြည့်ချင်တယ်” ( ပါးနှစ်ဖက်ရဲတက် အီမိုဂျီ)
” ကားမောင်းရင်း ငါ့ကို အေးတိအေးစက် ကြည့်နေမဲ့ သူ့မျက်နှာလေး! ”
” သူ့ရဲ့ Abs တွေရော!!” (ပုံနှင့်တကွ)
” သူ ကားမောင်းတာ ဘယ်လောက် ကျွမ်းလိုက်မလဲ? ငါမသိပေမဲ့ သူလက်တွေ့ပြမှာကို လိမ်လိမ်မာမာနဲ့ ထိုင်စောင့်နေမယ်! ”
….
ကံမကောင်းစွာနဲ့ နင်ယန်က အရက်မူးနေခဲ့တာကြောင့် ပထမဆုံး ကွန်မန့်ကိုပဲ မြင်ပြီး လိုက်ခ် ပေးခဲ့တယ်။
သူ့သူငယ်ချင်းတွေ ကောင်းမှုနဲ့ သူ ‘လက်မ’ ပေးတာကို လူတွေ သိသွားတော့ အကုန်လုံး အုန်းအုန်းကြွကြွ ဖြစ်ကုန်ရော။
လင်းရုန်ဖန်တွေက အဓိပ္ပာယ်နှစ်ခုထွက်တဲ့ ကွန်မန့်မျိုး ပေးကြတာ အသိသာကြီး! ဒါကို နင်ယန်က ဘာလို့ လိုက်ခ် ပေးတာလဲ? ဘာလဲ? ဘာသဘောနဲ့လဲ?
ခုခေတ်လူတွေက အရမ်းပွင့်လင်းမြင်သာ ရှိလာကြပြီ။ ပြီးတော့ လိင်တူလက်ထပ်တာလည်း ခွင့်ပြုထားသေးတယ် မလား။ အနုပညာလောကမှာလည်း အဲ့လိုအတွဲတွေ များမှန်း သိပါတယ်။ အဲ့တော့ နင်ယန်ယန် ပုန်းမနေဘဲ မင်းကိုယ်တိုင် ထွက်လာပြီး ရှင်းပြစမ်းပါ။ ဘာသဘောနဲ့ အဲ့လိုလုပ်တာလဲလို့!
လင်းရုန် ဖန်တွေဆို အံ့ဩပြီး လန့်သေမတတ်ပဲ။ နင်ယန် က သူတို့အိုင်ဒေါရဲ့ ကားမောင်းစွမ်းရည်ကို ကြည့်ချင်တယ်!!
နင်ယန် ဖန်တွေလည်း လန့်ရတာပါပဲ။ ယန်ယန် ဘာဖြစ်နေတာလဲ?
ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာကြတာမှာ နှစ်ဖွဲ့ကွဲသွားတယ်။ ‘နင်ယန်က လိုင်းမတက်တာကြာလို့ သူ ဒီဟာသအကြောင်းကို မသိတာပါ။ အဲ့ကြောင့် လက်မ ပေးလိုက်တာ’ ဆိုတာက တစ်ဖွဲ့၊ ‘မဟုတ်ဘူး သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ရှိကိုရှိတယ်’ ဆိုတာက တစ်ဖွဲ့။
ဘယ်လိုပဲဆိုဆို လူတွေက သူ လင်းရုန်ကို ကြိုက်နေတယ် ဆိုတဲ့သဘောရောက်အောင် စမြဲစလာကြတယ်။ အဲ့တော့ သူမူးပြီး အိပ်ပျော်နေတဲ့ ညက HS ၀င်သွားတဲ့ Trend တွေကို ဖတ်မယ်ဆိုရင် :
” နင်ယန် က လင်းရုန် ကားမောင်းတာကို ကြည့်ချင်”
” နင်ယန်က လင်းရုန်ရဲ့ ဖန် တင်တဲ့ပိုစ့်ကို လိုက်ခ်ပေး”
” နင်ယန်/ လင်းရုန် ရဲ့ ရိုဆန်မှု”။
…..
အဲ့လို အရှက်တကွဲ အကျိူးနည်းခဲ့ရတဲ့ နေ့ကို နင်ယန် ပြန်မမှတ်မိချင်ဘူး။
နောက်တစ်နေ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီ တက်ရတော့ လင်းရုန်လည်း အဲ့ပွဲမှာ ရှိနေခဲ့တယ်။
သူ လင်းရုန် နဲ့ အကြည့်ဆုံသွားတဲ့အခိုက် စိတ်ငြိမ်အောင် ကြိုးစားခဲ့ပေမဲ့ သူ့မျက်နှာကြီး ပေါက်ထွက်မတတ် ခံစားခဲ့ရတယ်။
ပတ်ပတ်လည်က လူတွေကလည်း သူတို့နှစ်ယောက်ကို တိတ်တဆိတ် အကဲခတ်နေကြတယ်။
နင်ယန် သူတို့ရဲ့ ခိုးခိုးခစ်ခစ်ရယ်နေတဲ့ မျက်နှာတွေကို မမြင်ချင်ဘူး။ အချစ်ဒရမ်မာကြည့်နေရသလို စောင့်ဆိုင်းနေတဲ့ သူ့တို့မျက်လုံးတွေရော!!
သူ အကြီးအကျယ် စိတ်ပျက်သွားတဲ့အပြင် အရမ်းလည်း ရှက်သွားတယ်။ တစ်ကိုယ်လုံး ချွေးတွေ နစ်နေတဲ့အထိ စိတ်တွေလည်း လှုပ်ရှားနေတယ်။
ဒါပေမဲ့ တစ်ဖက်လူက သူ့ကို ဆက်တိုက် ငေးနေပြီး နူးနူးညံ့ညံ့ ပြုံးပြလာတယ်။ ဒါက လင်းရုန် သူ့ကို ပြုံးပြတဲ့ ပထမဆုံးအကြိမ်နဲ့ တစ်ပွင့်တည်းသော အပြုံးပဲ။
သူ့အပြုံးက နင်ယန်ကို ပိုလို့တောင် စိတ်လှုပ်ရှားစေတယ်။
သူ အခုဘယ်လိုခံစားနေရတယ်ဆိုတာ ပြောပြလို့တောင်မရဘူး။
နင်ယန်ရဲ့ နှလုံးသားလေး မြေမြုပ်ခံလိုက်ရသလို တစ်နေရာရာကနေ မြေကြီးကို ခြစ်ထုတ်တဲ့ အသံမျိုးတောင် သူကြားရတယ်။ ဒါပေမဲ့ သူ့ရဲ့ ပရမ်းပတာဖြစ်နေတဲ့ အတွေးတွေက အဲ့အသံ ဘာကြောင့်ကြားရသလဲ ဆိုတာကို စဉ်းစားဖို့ အချိန်တောင် မပေးဘူး။
လူတွေအားလုံး ပြောတာက လင်းရုန်က အရမ်း အေးတယ်။
စကားလည်း အများကြီးမပြောသလို အရမ်းလည်း တိတ်တိတ်ဆိတ်ဆိတ် နေလွန်းတယ်။ သူ့ရဲ့ အမိုက်စား ရှိုးပွဲတွေမှာတောင် မျက်နှာပေါ် ဘာခံစားချက်မှ မပြဘူး။
ဒါပေမဲ့ အခုသူပြုံးပုံက ကင်မရှာရှေ့ဆို ဘယ်တော့မှ မပြုံးတတ်တဲ့ လူ နဲ့ မတူဘူး။
လင်းရုန်ဖန်တွေဟာ ရှားပါးလှတဲ့ ဒီအခြေအနေလေးကို အမိအရ ဓာတ်ပုံရိုက်ခဲ့ကြတယ်။ အိမ်ရောက်ရင်တော့ ဒီပုံတွေကို အပြန်ပြန် အလှန်လှန် ကြည့်ကြလိမ့်မယ်။
ဒါပေမဲ့ အဲ့နေ့မတိုင်ခင်ထိ နင်ယန် သူ့ဆီကနေ ဒီလို ရှားရှားပါးပါး အပြုံးမျိုး မမြင်ဖူးခဲ့ဘူး။
သူတို့နှစ်ယောက်တည်း ရှိနေတဲ့အချိန်တိုင်း လင်းရုန် သူ့ကိုဆက်တိုက်ကြည့်နေတယ်လို့ နင်ယန် ခံစားမိပေမဲ့ သူအထင်မှားတာဖြစ်မယ်လို့ပဲ တွေးခဲ့တယ်။
လူရှေ့သူရှေ့မှာ အဲ့ရေခဲတုံးသာ သူ့ကို ပြုံးပြခဲ့ရင် ဘယ်လို ပြန်တုံ့ပြန်သင့်လဲ ဆိုတာမျိုး သူ စဉ်းတောင် မစဉ်းစားဖူးဘူး။
အခုတော့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို တစ်ဖက်လူက ပြုံးပြနေပြီ။
ခံစားချက်က ဘာနဲ့တူလဲ ဟုတ်လား?
ဖော်ပြနိုင်တဲ့ စကားလုံးမရှိဘူး။
နင်ယန်ရဲ့ နှလုံးက တသိမ့်သိမ့် ခုန်နေတယ်။ သူ ဖရိုဖရဲနိုင်တဲ့ ဒီအခြေအနေကြီးမှာ ဆက်ပြီးမရှိချင်တော့ဘူး။ အပြုံးတစ်ပွင့် လက်ခံရပြီးနောက်မှာ သူ အသံနှိမ့်ပြီး အရှက်တရွံ့ ပြောလိုက်တယ်။
” ငါ… ငါ မနေ့တုန်းက လိုက်ခ်ကို မတော်တဆ နှိပ်မိသွားတာ၊ အရက်သောက်ထားလို့! ”
တစ်ဖက်လူက သူ့ကို နူးညံ့ညင်သာတဲ့ အကြည့်နဲ့ပဲ ဆက်ကြည့်နေတယ်။ နှုတ်ခမ်းဟပြီး တစ်ခုခု ပြောတော့မယောင်နဲ့။
နင်ယန် သူ့ မျက်နှာကြီး ပို ရဲတက်လာတာမို့ : ” အထင်မလွဲနဲ့၊ ငါ မင်းကို မကြိုက်ဘူး! ”
လင်းရုန် တောင့်တောင့်ကြီးရပ်ပြီး သူ့ကို ကြည့်လာတယ်။
သူ့အပြုအမူကြောင့် နင်ယန် ရဲ့ နှလုံးသားလေး အဆက်မပြတ် ခုန်တက်သွားတယ်။ သူ အကြည့်လွဲပြီး ဒီစကားကို တိုးတိုးရွတ်တယ်။
” ငါက မိန်းကလေးပဲ ကြိုက်တာ! ”
အဲ့နောက် သူလှည့်ထွက်ပြီး ပြေးသွားခဲ့တယ်။
…..
မိန်းကလေးတွေကို တကယ် ကြိုက်လား၊ မကြိုက်လား နင်ယန် သူ့ကိုယ်သူ မသိဘူး။ သူ ဒီမေးခွန်းမျိုး တစ်ခါမှ မစဉ်းစားကြည့်ဖူးဘူး။ ဒါပေမဲ့ အဲ့တုန်းက ရှက်ပြီး ပူထူနေတာကြောင့်ရယ်၊ သူ့ကိုယ်သူ စိတ်ခွန်အားပေးဖို့ရယ်ကြောင့် အဲ့စကား ပြောခဲ့တာ။
ဒါပေမဲ့… ဒါပေမဲ့ သူက ဒီတိုင်း ဝေ့ဘိုက ကိစ္စကိုပဲ ရှင်းပြဖို့ ကြိုးစားခဲ့တာပါ။ အဲ့တာက လင်းရုန် ချစ်ခွင့်ပန်တာကို ငြင်းတဲ့သဘောနဲ့ ” ငါ မင်းကို မကြိုက်ဘူး” လို့ ပြောတာမဟုတ်ဘူးလေ။ အဲ့လို လုံး၀မဟုတ်ဘူးလေ!!
ဒါပေမဲ့ လင်းရုန်က အဲ့စကားကို အတည်ပေါက်ကြီး ယူနေတယ်? ပြီးတော့ သူက မှတ်ထားလိုက်သေးတယ်?
အဲ့တုန်းက သူ စနောက်ပြီး ပြောခဲ့တာ မဟုတ်ပေမဲ့… သူ အတည်ပြောခဲ့တာ ဆိုပေမဲ့… ဒါပေမဲ့…
နင်ယန် သူ ဘာတွေးနေတယ်ဆိုတောင် မသိတော့ဘူး။ အကြည့်ကို နေရာတိုင်း ဝေ့လွဲပစ်ပြီး သူ့မျက်နှာမှာ ပေါ်လာတဲ့ ခံစားချက်တွေကို ဖုံးဖို့ကြိုးစားလိုက်တယ်။
ဘာကြောင့်မှန်းတော့ မသိပေမဲ့ သူတွေးလေလေ နောင်တပိုရလေလေ ဖြစ်လာတယ်။
ကျန်းမိုနဲ့ ကျန်းရှောင်နင်တို့ နှစ်ယောက် ဟေးချုံရှင်း အကြောင်းလည်း ပြောပြီးရော ဟော့ပေါ့စားပြီး အိမ်ပြန်သွားကြတယ်။
အဲ့ဒီနောက် လင်းရုန်က စားပြီးသား ပန်းကန်တွေကို ဘေစင်မှာ ဆေးတယ်။ သူ့နားတစ်ဝိုက်က လေထုက တော်တော်လေး စိတ်ဓာတ်ကျစရာကောင်းတယ်။
ဟေးချုံရှင်း ရဲ့ မွေးနေ့ပွဲကို နင်ယန် ဘယ်နည်းနဲ့မှ သွားနိုင်မှာမဟုတ်မှန်း သူ့ကိုယ်သူ သိပေမဲ့… အဲ့သုံးယောက်က မသိကြဘူး။ အဲ့နှာဗူးကောင်က သိမနေဘူး…။
သူ့ရှေ့က လူရဲ့ လေထုက နင်ယန်ကို သက်တောင့်သက်သာ မရှိစေဘူး။
နင်ယန် နောက်ပြန်လှည့်ပြီး ဧည့်ခန်းထဲ သွားဖို့ လုပ်ပေမဲ့ စိတ်မဖြောင့်ဘူး။ အဆုံးမှာတော့ မီးဖိုချောင်ထဲ ၀င်သွားလိုက်တယ်။ လင်းရုန်ဘေးမှာ ထိုင်ပြီး သူ့ကို မော့ကြည့်တယ်။
လင်းရုန်ရဲ့ ခပ်နက်နက် ဆံပင်တွေဟာ သူ့နဖူးပေါ် ဝဲကျနေတယ်။ စွဲမက်စရာကောင်းတဲ့ သူ့မျက်၀န်းနက်တွေက အခုချိန်မှာ ဗလာသက်သက်ဖြစ်နေတယ်။ သူ့တင်ပါးကို ညစ်ဖို့ချောင်းနေတဲ့လူ၊ တစ်နေ့လုံး လိုက်စနေတဲ့လူက အခုတော့ နင်ယန်ကို ချောင်ထိုးထားပြီ။
လင်းရုန်ရဲ့ တစ်ကိုယ်လုံးဟာ အထီးကျန်မှုတွေနဲ့ပဲ ပြည့်နှက်နေတယ်။
ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ နင်ယန်တောင် လင်းရုန်ရဲ့ ဒီပုံစံကို ကြည့်ပြီး သနားဂရုဏာသက်မိတယ်။
ပြောရရင်… ဒါတွေအားလုံးက သူ့ဘာသာ နင်ယန်ကို တစ်ဖက်သတ်ကြိုက်နေလို့ ခံစားနေရတာလေ!
ဒါပေမဲ့ ဒီလူက နင်ယန် ရဲ့ စား၀တ်နေရေးကို ထောက်ပံ့ပေးတဲ့သူ ဖြစ်နေတယ်။ သူ လူသား နင်ယန် အဖြစ်နဲ့ လင်းရုန်ကို ဘာမှမလုပ်ပေးနိုင်ရင်တောင် အခု ခွေးဖြစ်နေတဲ့အချိန်လေး နည်းနည်းလောက် ကောင်းပေးလိုက်လည်း ကိစ္စမရှိလောက်ပါဘူး။
နင်ယန် ထူးထူးဆန်းဆန်း တွေးလိုက်တယ်။
….
ပန်းကန်တွေ ဆေးပြီးသွားလို့ လက်ကို ခြောက်အောင်သုတ်ပြီး မီးဖိုချောင်ထဲကနေ လင်းရုန် ထွက်လာတဲ့အချိန် မီးဖိုချောင်အ၀မှာ ထိုင်နေတဲ့ ခွေးလေးကြောင့် သူ အံ့အားသင့်သွားတယ်။
ခွေးလေးက ‘လည်ပတ်’ ကို သူ့ပါးစပ်မှာ ခဲပြီး လင်းရုန်ကို မေးငေါ့ပြတယ်။ သဘောက:
” ဘာစောင့်နေတာလဲ? သွားမယ်လေ!”
——-
တဖြည်းဖြည်း မှောင်ရိပ်သန်းလာတော့ လမ်းမီးတွေ ထိန်ထိန် လင်းလာတယ်။
ဒီအချိန်က ၀န်းထဲမှာ နေထိုင်တဲ့သူတွေ အပျင်းပြေ လမ်းလျှောက်ထွက်တဲ့အချိန်မျိုး မဟုတ်ဘူး။ ဒါကြောင့် သူတို့ တစ်လမ်းလုံးမှာ Jogging [2] လုပ်နေတဲ့သူ တစ်ယောက်စ နှစ်ယောက်စပဲ တွေ့တယ်။
နင်ယန်က ရှေ့ကနေ ဦးဆောင်ပြီးသွားတယ်။ လက်ထဲမှာ လည်ပတ်ကြိုးကိုင်ထားတဲ့ လင်းရုန်က ခွေးလေးနောက်ကနေ လိုက်တယ်။ သူတို့နှစ်ယောက်လုံး ခပ်ဖြည်းဖြည်းပဲ လမ်းလျှောက်ကြတယ်။ ညခင်းလေပြေ နုထွေးထွေးဟာ အနောက်ဘက်ကနေ သဲ့သဲ့လေး တိုက်လာတယ်။ နင်ယန် သူ့နောက်က လူရဲ့ သီချင်းညည်းသံကို ကြားလိုက်တယ်။
လင်းရုန်က နင်ယန်ရဲ့ သီချင်းကို ညည်းနေတယ်!
နင်ယန် သူ့အမြီးကို ယမ်းလိုက်တယ်။
တအောင့်အကြာမှာ ရင်းနှီးတဲ့ မျက်နှာတစ်စုံဟာ သူတို့ရှေ့ကနေ လျှောက်လာတယ်။ အနုပညာလောကရဲ့ သမ္ဘာရင့် ဝါရင့် စုံတွဲတွေဖြစ်တဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်ရေးဆရာမ တို့ စုံတွဲပါ။
သူတို့က Bichon[3] နဲ့ အတူ လမ်းလျှောက်ထွက်လာကြတာ။ ဒီခွေးမလေး Bichon က သူ့ဟာနဲ့သူတော့ နာမည်ကြီးပါတယ်။ ‘ရန်ရန်’ လို့ အမည်ရပြီး သူမရဲ့ သခင်နှစ်ယောက်က သူမပုံတွေ အမြဲတင်လေ့ရှိတာမို့ ပရိတ်သတ်အချစ်တော်လေး ဖြစ်လာတယ်။
လင်းရုန် ခွေးပေါက်လေးနဲ့အတူ လမ်းလျှောက်ထွက်တာမြင်တော့ သူတို့စုံတွဲ အံ့ဩသွားကြတယ်။ လင်းရုန်ကို လှမ်းခေါ်ပြီး သူ့ဆီ လျှောက်လာတယ်။ ဒါပေါ့၊ ရန်ရန်က သူတို့ထက်တောင်မှ စိတ်လှုပ်ရှားနေသေးတယ်။ သူမရဲ့ လည်ပတ်ကို တရွတ်တိုက် ဆွဲပြီး အရှေ့ကို ပြေးလို့ သူ့သခင်တွေကို နောက်မှာ ချန်ခဲ့လေရဲ့။
နင်ယန် မှာ ဒီခွေးမလေးနဲ့ပတ်သက်ပြီး စိတ်ခံစားချက် ကောင်းမနေဘူး။ သေချာပေါက်ကို သူတို့တွေ လင်းရုန်နားရောက်လာတော့ ရန်ရန်က နင်ယန်ကို နှာခေါင်းရှုံ့ပြတယ်။
နင်ယန် လင်းရုန် နောက်မှာ ပုန်းလိုက်တယ်။ အခြေအနေက ရှုပ်ထွေးထွေး ဖြစ်လာတယ်။
ချီးပဲ! ခွေးတွေကအစ ငါ့ကို ချစ်တယ်! ငါက တစ်မိုးအောက် တစ်ယောက်ဖွား အချစ်ခံရဖို့ မွေးဖွားလာတာပဲ!
နာမည်ကြီး ဇာတ်ညွှန်းဆရာမက အံ့အားသင့်စွာနဲ့ :
” အယ်… ဘယ်တုန်းက ခွေးမွေးလိုက်တာလဲ? နည်းနည်းတောင် ကြီးနေပြီရော်၊ ဘာလို့ အရင်တုန်းက မတွေ့မိတာပါလိမ့်? ”
” မနေ့က တွေ့တာပါ၊ သူက လမ်းဘေးခွေးလေ”
လင်းရုန်က သူ့ရဲ့ စီနီယာကို ယဉ်ယဉ်ကျေးကျေး ပြန်ဖြေတယ်။
” လမ်းမှာ တွေ့လို့ အိမ်ခေါ်လာလိုက်တာ”
” အာ! ခေါ်လာသင့်တယ်။ ခွေးလေးက ချစ်စရာလေး! ”
ဇာတ်ညွှန်းဆရာမက ကိုယ်ညွှတ်ပြီး ခွေးလေးရဲ့ ခေါင်းကို ပွတ်လိုက်တယ်။
ဒါရိုက်တာက ရယ်ပြီး မေးတယ် : ” ခွေးရဲ့ နာမည်က ဘာတဲ့လဲ?”
လင်းရုန် ချောင်းဟန့်ပြီး သူ့နှုတ်ခမ်းကို ကာပြောတယ်: ” ဆဲ့ဆဲ့ ပါ”
တော်သေးတယ်။ ဒါရိုက်တာက ဘယ်စကားလုံးရဲ့ ‘ဆဲ့’ လဲ လို့ မေးမလာဘူး။ အဲ့အစား သူပါ ထိုင်ချပြီး ခွေးလေးကို သပ်ပေးတယ်။ သူ့ဇနီးကလည်း ဘေးကနေ တစ်ချိန်လုံး ‘ဆဲ့ဆဲ့’ ‘ဆဲ့ဆဲ့’ နဲ့ ပါးစပ်က မချတော့ဘူး။
ပွတ်သပ်ပေးနေတာ ဇိမ်ခံလို့ကောင်းတာမို့ နင်ယန် မြေပေါ်ထိုင်ချလိုက်တယ်။ ခွေးမလေးကတော့ သူ့သခင်တွေ သူ့ကို လျစ်လျူရှုထားလို့ နင်ယန်ကို မကျေမနပ်နဲ့ နှာရှုံ့ပြနေတယ်။ ပြီးတော့ သူ့သခင်တွေဘေးမှာ ဝေ့ဝဲခုန်ပြီး အဆက်မပြတ် ငြီးပြလေရဲ့။ နင်ယန် စိတ်ထဲကနေ အားနာနာနဲ့ တောင်းပန်လိုက်တယ်။
ဆောရီးပါ။ ငါက အရမ်း ပေါ်ပြူလာဖြစ်လွန်းတယ်…
အဲ့ခဏမှာပဲ လင်းရုန် ကိုယ်ကိုင်းပြီး ခွေးမလေးရဲ့ ခေါင်းကို ပွတ်ပေးနေတာ သူတွေ့လိုက်ရတယ်။ ပြီးတော့ လင်းရုန် က ‘ရန်ရန့်’ ကို ပြောတယ်။
” ခုနကလို မလုပ်သင့်ဘူး၊ ဆဲ့ဆဲ့ မင်းကို လှောင်လိမ့်မယ်”
နင်ယန် : “…….”
မင်း အားပြန်ပြည့်ပြီလား??
နောက်တစ်ခေါက် ထပ်ပြောကြည့်လိုက်စမ်း!
နင်ယန်ရဲ့ စိတ်တိုတဲ့ပုံလေးက ဇာတ်ညွှန်းဆရာမကို ရယ်မောသွားစေတယ်။
” အို့… သူ မင်းကို စိုက်ကြည့်နေတယ်။ တစ်ယောက်ယောက်ကို သ၀န်နေသလိုပဲ”
လင်းရုန် လှည့်ကြည့်လာတယ်။
ခွေးဖြူလေးက သူ့ကို သေမတတ် စိုက်ကြည့်နေတယ်။
……
ဝါရင့် စီနီယာစုံတွဲနဲ့ လမ်းခွဲပြီးနောက်မှာ နင်ယန် ဒေါပွပွနဲ့ ရှေ့ကို လျှောက်သွားတယ်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးသွားတော့ သူ့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ခံစားရတယ်။ ခေါင်းလှည့်ကြည့်တော့ သူ့နောက်က လူရဲ့ နှုတ်ခမ်းထောင့် ပင့်တက်သွားတာကို တွေ့တယ်။
ရီချင်နေတာကို အောင့်ထားတဲ့ပုံမျိုး သူမြင်လိုက်တယ်လို့ လာမပြောနဲ့နော်…
ဘာများ ဂုဏ်ယူစရာရှိလို့ သူက အဲ့လိုဖြစ်နေတာလဲ? !
နင်ယန် သူ့မျက်လုံးကို မှေးကျဉ်းပြီး နှစ်လှမ်းလောက် ရှေ့တိုးလျှောက်လိုက်တယ်။ မြေကြီးကိုမကြည့်ဘဲ သွားမိတဲ့ ရလဒ်ကတော့ ကျောက်ခဲတစ်လုံးကို ခြေချော်နင်းမိပြီး မျက်နှာနဲ့ လမ်းမနဲ့ မိတ်ဆက်သွားတာပဲ။
လင်းရုန် ဆွံ့အပြီး ရပ်တန့်သွားတယ်။
အဲ့နောက် သူ့ဆီကနေ ‘ခွီ’ ကနဲ ရယ်သံ ထွက်လာတယ်။
နင်ယန် : “……”
လင်းရုန်ရဲ့ တကယ့်အစစ် ရယ်သံကို သူ အခုမှ ပထမဆုံး ကြားဖူးတာ။
သူ ခပ်မြန်မြန်ပဲ ပြန်ထပြီး နောက်ကလူကို ကြည့်တယ်။ စိတ်ဆိုးလွန်းလို့ သူ့မျက်နှာတောင် ပူဖောင်းတစ်လုံးလို ဖောင်းနေပြီ။
လင်းရုန် သူ့နှုတ်ခမ်းကို ကာလိုက်ပေမဲ့ အပြုံးတွေက မျက်နှာမှာ ထင်းနေတယ်။
လင်းရုန်: ” ဆဲ့ဆဲ့၊ မင်းက အရမ်း ရူးမိုက်လွန်းတယ်”
နင်ယန် ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်မတတ်ပဲ!
သူ့ရှေ့ကလူရဲ့ မျက်လုံးလေးက လခြမ်းလေးလို ကွေးသွားတယ်။
” ဒါပေမဲ့ ချစ်စရာကောင်းတယ်”
နင်ယန် တုန်တက်သွားတယ်။
ခွေးပေါက်လေးနဲ့ လူ
တစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။
နည်းနည်းကြာတော့ ခွေးပေါက်လေးက သူ့ခေါင်းကို ငုံ့ပြီး နားရွက်တွေကို အောက်ညွှတ်လိုက်တယ်။
ဟမ့်…!
————-
T/N
2. Jogging – ရွရွကလေးပြေးပြီး လေ့ကျင့်ခန်းလုပ်တာ။