Chapter - 6
- Home
- All Mangas
- ခွေးဖြစ်ပြီး ရန်သူတော်ကြီးအိမ်မှာ ကပ်နေရတဲ့ငါလေး
- Chapter - 6 - ခွေးစာ
၆. ခွေးစာ။
နာရီ၀က်ကျော်လောက် လမ်းလျှောက်ပြီးသွားတော့ နှာဗူးကောင်ရဲ့ စိတ်ခံစားချက် ပြန်ကောင်းလာပုံရတယ်။
ဒါပေမဲ့ အိမ်ရောက်လို့ နင်ယန် သူ့ကို အိမ်သာ သွားဖို့ခေါ်တော့ ပါးစပ်ကြီးဟပြီး ကြည့်တယ်။
အပြင်မှာ လုံး၀ ကိစ္စမရှင်းဘူးလို့ ပြောထားတယ်လေ။ အဲ့လိုလုပ်ဖို့ စိတ်ကူးတောင်မယဉ်နဲ့။
နင်ယန် သူ့ခေါင်းကို မော့ပြီး မာနတစ်ခွဲသားနဲ့ တွေးတယ်။
ညဆယ်နာရီ၀န်းကျင်မှာ.. လင်းရုန် ဆိုဖာပေါ် နေရာပြန်ယူတယ်။ ဒီည သူကြည့်တာက နင်ယန်ပါတဲ့ ရသစုံရှိုးတစ်ခုပါ။
နင်ယန်ကတော့ လင်းရုန် အရမ်းအားအားယားယား နေနိုင်လွန်းတယ် လို့ ထင်တယ်။ ပြီးတော့ အိမ်မှာနေရင်လည်း တက်တက်ကြွကြွ မရှိဘူး။
ဧည့်သည်ခန်းတစ်ခန်းကို ဂီတခန်းအဖြစ် ပြုပြင်ထားတာ သူတွေ့ပေမဲ့ လင်းရုန် က အဲ့အခန်းထဲ ခြေတစ်လှမ်းတောင် မချဘူး။
သူ အလုပ်နားတယ်ဆိုတာ တိုက်ခန်းထဲမှာပဲ အောင်းပြီး နင်ယန် ကို ထိုင်ကြည့်ဖို့လား?
လင်းရုန် ကြည့်တဲ့အပိုင်းက နင်ယန် အိမ်မှာနေပြီး အနားမယူခင် နောက်ဆုံး ရိုက်ကူးခဲ့တဲ့အပိုင်းပါ။ Outdoor မှာ ရိုက်ရတဲ့ ရှိုးဖြစ်ပြီး ကစားနည်းက ဧည့်သည်တွေကို မစ်ရှင်ပေးပြီး အချင်းချင်း ပြိုင်ခိုင်းတဲ့ ပုံစံမျိုး။
နင်ယန်ကတော့ သူ ရသစုံရှိုးတွေမှာ တော်တယ်လို့ ကိုယ့်ကိုယ်ကို ထင်တယ်။ သူ ဆိုဖာဘေးမှာ ထိုင်ပြီး အမြီးလေး ယမ်းလို့ တီဗီဖန်သားပေါ်က သူ့ကိုယ်သူ သဘောတကျကြည့်တယ်။
နင်ယန် သူ့ဘေးကလူကို အမှတ်တမဲ့ဆိုသလို ခဏတိုင်း ကြည့်ဖြစ်တယ်။
ရှိုးမှာ သူ အရူးလုပ်တဲ့အပိုင်း ပြတော့ လင်းရုန်ရဲ့ နှုတ်ခမ်း မဆိုစလောက်လေး ပင့်တက်ပြီး ပြုံးစစဖြစ်လာတယ်။
ခဏအကြာမှာတော့ ရှိုးမှာပါတဲ့ ဧည့်သည်တွေရဲ့ ရယ်သံက ကျယ်ကျယ်လောင်လောင်နဲ့ ထွက်လာတယ်။ နင်ယန် မကြည့်ဘဲ သိလိုက်တယ်။ အဲ့အပိုင်းက သူ့ကို လှည့်စားဖို့ကြိုးစားတဲ့ အသင်းဖော်ကို သူ သစ္စာဖောက်ခဲ့တဲ့ အပိုင်း။
သူ့အသင်းဖော်က အနုပညာလောကမှာ သူ့ထက်စီနီယာကျပေမဲ့ နင်ယန် သူ့ကို လုံး၀ အရူးလုပ်နိုင်ခဲ့တယ်။ အသင်းသားတွေဖြစ်တဲ့ တခြားစီနီယာတွေလည်း အံ့ဩပြီး ထအော်ခဲ့ကြတယ်။
လင်းရုန် မအောင့်နိုင်ဘဲ ရယ်သံသဲ့သဲ့ ထွက်လာတယ်။
နင်ယန် အံ့အားသင့်သွားတယ်။
သတိပြန်၀င်လာတော့ သူ့လက်ဖဝါးကို ရင်ဘတ်ပေါ် အုပ်တင်လိုက်တယ်။
ဟုတ်ပါပြီ… ဟုတ်ပါပြီ… ဒီလူက တစ်ယောက်တည်းနေရင် အရယ်အပြုံးများပါတယ်။
နင်ယန် တီဗီဘက်ကို ပြန်လှည့်ကြည့်တယ်။
အဆုံးမှာတော့… သူ နားလည်သွားပြီ။
အရင်က သူ လင်းရုန်ကို ‘ရေခဲတုံး’ လို့ ခေါ်ခဲ့ပေမဲ့၊ ထင်လည်း ထင်ခဲ့ပေမဲ့ လင်းရုန်က အဲ့လောက်ကြီး အေးစက်နေတာ မဟုတ်ဘူး ဆိုတာကိုပေါ့။
သူ သိတဲ့လင်းရုန် ဒါမှမဟုတ် လူတွေသိတဲ့ လင်းရုန်နဲ့ တကယ့် အစစ် ‘လင်းရုန်’ က အရမ်းကွာခြားတယ်။
အဲ့လိုဖြစ်ရတာကလည်း လင်းရုန်ရဲ့ပုံစံက ခံစားချက်မဲ့ပြီး အေးစက်စက်နိုင်လို့ ဖြစ်နိုင်တယ်။ ဒီတိုင်းနေရင် တကယ့် ‘ရေခဲမင်းသား’ နဲ့တူတယ်… ဆိုပေသိ တကယ်တမ်းကျတော့ လင်းရုန်က အရာရာကို လိုက်ပြီး ဂရုစိုက်တတ်တဲ့သူ မဟုတ်တဲ့အပြင် တုံ့ပြန်သမှုမပြုရုံပဲ။
ဒါဖြင့် လင်းရုန်က ‘အေးစက်စက်နှလုံးသားပိုင်ရှင်’ မဟုတ်ဘူးဆိုရင် ဘာလို့ အရင်တုန်းက နင်ယန်နဲ့ ဆုံလိုက်တိုင်း ပြုံးမပြခဲ့တာလဲ??
နင်ယန် သူ့လက်ဖဝါးနဲ့ ကြမ်းပြင်ကို သတိလက်လွတ် ပွတ်တယ်။
တကယ်လို့ လင်းရုန်သာ သူ့ကို အဲ့ထက်ပို ပြုံးပြခဲ့ရင်.. အဲ့လိုဆိုရင် သူ…
. . .
နင်ယန် အေးခဲသွားတယ်၊ သူ့ခေါင်းကို သွက်သွက်ခါတယ်။
ဘာ… ဘာတွေ စဉ်းစားနေတာလဲ?
ပိုပြုံးပြရင် ဘာဖြစ်မယ်…?
အဲ့ကောင်က အရင်စပြီး သူ့ကို အထင်သေးခဲ့တာနော်။ အဲ့လိုပြောတာကိုလည်း နားနဲ့ဆက်ဆက်ကြားခဲ့တာ။
နင်ယန် အတိတ်အကြောင်းတွေကို ပြန်မစဉ်းစားဖို့ အတင်းကြိုးစားလိုက်တယ်။ သူ ဒေါသထွက်ပြီး ထွက်သွားချင်ပေမဲ့ အခုချိန်မှာ ခွေးတစ်ကောင်ဖြစ်နေတယ်။ ပြီးတော့ လင်းရုန် ဘာလို့ အဲ့လိုပြောခဲ့တာလဲ ဆိုတာ သူမမေးရဲဘူး။ မေးမယ်ထား၊ သူ လူအဖြစ်မပြောင်းနိုင်ဘူးလေ!
. . .
C မြို့တော်၊ ‘Morning Star’ ကုမ္ပဏီ ထိပ်ဆုံးထပ်။
စီးကရက်ခဲရင်း စကားပြောနေကြတဲ့ လူနှစ်ယောက်။ တစ်ယောက်က နင်ယန်အဖေဖြစ်တဲ့ ’ Morning Star’ ကုမ္ပဏီ ဥက္ကဌ နင်ကျောက်ရုန်၊ နောက်တစ်ယောက်က ကုမ္ပဏီရဲ့ အထက်အလုပ်ဆောင် အရာရှိ။
နင်ကျောက်ရုန်… စီးကရက်ငွေ့ကို မှုတ်ထုတ်ပြီး အလုပ်ဆောင်အရာရှိ နဲ့ ရယ်ရယ်မောမော စကားပြောတယ်။ ပြောနေရင်း သူ့ဘေးမှာထိုင်တဲ့ နင်ယွဲ့ ဘက်လှည့်မေးတယ်။
” ဘယ်လိုလဲ? အဲ့ကောင်လေး ဖုန်းမကိုင်ပြန်ဘူးလား?”
နင်ယွဲ့ မျက်မှောင်ကျုံ့ပြီး ပြန်ဖြေတယ်: ” ဖုန်းစက်ပိတ်ထားတယ်”
” ဒီကလေးဟာလေ… အဲ့အကျင့်ဆိုးကို မဖျောက်နိုင်သေးဘူး”
နင်ကျောက်ရုန် သူ့လက်ကိုယမ်းပြီး : ” ထားလိုက်၊ ရှိပါစေတော့။ ငါတို့ စကားပြန်ဆက်ရအောင်”
သက်လတ်ပိုင်း လူကြီးနှစ်ယောက်က ရှေးဟောင်းပစ္စည်းစုဆောင်းရှာဖွေတဲ့အကြောင်းတွေပဲ ဆက်ဆွေးနွေးကြတယ်။
တကယ်တော့ နင်ကျောက်ရုန်က A မြို့မှာရှိတဲ့ သူ့သားကိုကျောက်စိမ်းတွေ သွားကြည့်ဖို့ ခေါ်ချင်တာ။ နင်ယန် အကြိုက် ရှိ၊ မရှိ မေးရင်းနဲ့ပေါ့။ အခုတော့ အတင်းအကျပ်ခိုင်းရမဲ့ပုံပေါ်တယ် – အဲ့ကလေးက နည်းနည်းမှ စိတ်၀င်တစားမရှိဘူးလေ။
အလုပ်ဆောင် အရာရှိကြီးက နင်ကျောက်ရုန်ကတစ်ဆင့် နင်ယန် အကြောင်း ကြားဖူးထားတယ်။ ဒီသခင်လေးက အိမ်မှာ အနားယူတဲ့အချိန် ဖုန်းပိတ်ထားတတ်ကြောင်း၊ သူ့ဆီသွားလည်ရင်လည်း မကြိုက်တဲ့အကြောင်းတွေကိုလေ။ ကိုင်တွယ်ရခက်တဲ့ လူငယ်တစ်ယောက်ပဲလို့ သူတွေးလိုက်တယ်။
အလုပ်ဆောင်အရာရှိက သူ့ခေါင်းကို ခပ်ဖြည်းဖြည်းယမ်းရင်း ပြောတယ်: ” နင်ယန် အဲ့အကျင့်ကို ပြောင်းသင့်ပြီ”
” ဟုတ်တယ်မလား? ဒါပေမဲ့ သူက သုံး၊လေး ရက်လောက် ဖုန်းစက်ပိတ်ပြီးနေတာ”
နင်ကျောက်ရုန်က သက်ပြင်းချပြီး : ” မင်းရဲ့သားဆို မင်းကို ထောက်ထားတတ်တယ်”
” ကျွန်တော့်သားက လူကြီးတွေစကား နားထောင်လွန်းတယ်။ သူ့ကိုယ်ပိုင် အမြင်ကို မရှိဘူး”
အလုပ်ဆောင် အရာရှိကြီးက ရယ်ပြီးပြောတယ်။
ဘေးမှာထိုင်နေတဲ့ နင်ယွဲ့က ပြန်စာမလာမှန်း သိနေတဲ့ ဖုန်းကို မက်ဆေ့ ရိုက်ပို့တယ်။
သက်ပြင်းငွေ့ငွေ့ချပြီး မျက်လုံးကို ပွတ်တယ်။
ကောင်းပြီလေ… ရက်နည်းနည်းလောက် ထပ်စောင့်လိုက်မယ်။
ဘာမှ ဆိုးဆိုးရွားရွားဖြစ်မနေလောက်ပါဘူး။
နင်ယွဲ့ ခေါင်းငုံ့ပြီးစဉ်းစားတယ်။
သူ၊ အန်ကယ်နင် နဲ့ နင်ယန်က သွေးသားတော်စပ်* ကြတယ်။
သူတို့ထဲက တစ်ယောက်ယောက် အန္တရာယ်ရှိရင် သေချာပေါက် သူတို့တွေ တစ်ခုခုတော့ အာရုံခံမိမှာပါ။ အဲ့ ခေါင်းမာတဲ့ကလေးရဲ့ အကျင့်ဆိုးကို သည်းညည်းခံနေရတဲ့အကြောင်းရင်းကလည်း ဒီအချက်ကြောင့်ပဲ။
အဲ့ကလေးကိုယ်တိုင်က သူဟာ သွေးနှောလူသားဖြစ်တယ်ဆိုတာကို သိမနေရင်တောင်ပေါ့။
…..
နောက်တစ်ရက်မှာ လင်းရုန် ကူရှစ်ဆီကို ခွေးစာလဲဖို့ သွားတယ်။ နင်ယန်က သူ မနေ့က၀ယ်လာတဲ့ ခွေးစာကို တစ်စက်မှ မထိလို့လေ။
နင်ယန် တစ်ယောက်တည်း အိမ်မှာကျန်ခဲ့တာကြောင့် အရမ်းပျင်းပြီး ငြီးငွေ့လာတယ်။ ပြီးတော့ သူ တကယ်ပဲ အိပ်ပျော်သွားတယ်။ နိုးလာတော့ လင်းရုန် ပြန်ရောက်နေပြီ။ သူ့ရှေ့မှာ ဒုတိယအကြိမ်အနေနဲ့ ခွေးစာပန်းကန် ချထားပြန်တယ်။
နင်ယန်: “……”
ငါမစားချင်ဘူးလို့ ပြောထားတယ်လေ!
မနေ့ကလိုပဲ သူ မနှစ်မြို့ဟန်နဲ့ ခေါင်းလှည့်လိုက်တယ်။
” ဒါက နောက်တစ်မျိုး။ ဒီတစ်ခုက အရသာရှိတယ်”
လင်းရုန် နင်ယန်ရဲ့ခေါင်းကို ပွတ်သပ်တယ်။
နင်ယန် ရှောင်ထွက်လိုက်တယ်။ သူ မစားဘဲ ထွက်သွားဖို့ တွေးလိုက်ပေမဲ့ တစ်ဖက်လူက နောက်ကလိုက်ပြီး အတင်းစားခိုင်းနေမှာလည်း စိုးတယ်။ ဒါကြောင့် နောက်တစ်ခေါက် ဒရမ်မာထပ်ချိုးဖို့ ကြိုးစားလိုက်ချိန်မှာပဲ သူ့ရှေ့ကလူက ပန်းကန်ထဲကနေ ခွေးစာနည်းနည်းယူပြီး သူ့ပါးစပ်ထဲသူ ထည့်တယ်။
နင်ယန်: “…..”
သူ လန့်ပြီး ဒီတိုင်းကြောင်ရပ်နေတယ်။
လင်းရုန်က နင်ယန်ရှေ့မှာတင် ခွေးစာစားပြပြီး တည်တည်ငြိမ်ငြိမ်နဲ့ : ” ကြည့်၊ ငါစားပြီးပြီ။ အရသာကောင်းတယ်”
ငုပ်တုပ်မေ့နေတဲ့ ခွေးနဲ့ လူ ဟာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်နေကြတယ်။
လင်းရုန် ခေါင်းငုံ့ပြီး နောက်ထပ် ခွေးစာတစ်ချို့ ယူတယ်။
နင်ယန် : ရပ်လိုက်တော့! အဲ့လောက်ထိလုပ်ပြဖို့ မလိုဘူး!
နင်ယန် ကြောင်ကြည့်နေတုန်းမှာပဲ လင်းရုန်က ခွေးစာတွေကို ဒုတိယအကြိမ် မျိုချတယ်။
နင်ယန်ကို ခွေးစာ စားစေချင်လို့ ဒီလိုလုပ်ပြတာလား မဟုတ်လည်း သူ့ဘာသာ ခွေးစာစားရတာ စွဲလမ်းလို့ လင်းရုန် ဒီလို လုပ်တာလား သူ မသိဘူး။ ဒါပေမဲ့ ခါတိုင်း မျက်နှာတည်နဲ့လူက အခုကျ အပြုံးရိပ်လေး သန်းနေတယ်။ ပြီးတော့ တတိယအကြိမ်အဖြစ် ခွေးစာကို နှိုက်လိုက်ပြန်တယ်။
နင်ယန်ရဲ့ ခွေးပေါက်မျက်နှာလေး အရောင်မျိုးစုံ ဖြတ်ပြေးသွားတယ်။ သူ ချီတုံချတုံနဲ့ ပန်းကန်ရှေ့ တစ်လှမ်း တိုးလျှောက်တယ်။ ခေါင်းငုံ့ပြီး ခွေးစာကို အနံ့ခံတယ်။
ဒီ.. ဒီနေ့ယူလာတဲ့ခွေးစာရဲ့ အနံ့က တကယ်ကောင်းလို့လား?
လင်းရုန် သူ့ကို ကြည့်ပြီး ခွေးစာကို ကိန္ဒြေရရနဲ့ စားပြတယ်။
နင်ယန်: “……”
ဟုတ်ပါပြီ၊ ဟုတ်ပါပြီ… မင်း ဒီလောက်လုပ်ပြနေမှတော့ ငါ ကြိုးစားကြည့်ပါ့မယ်။
သူ ခေါင်းငုံ့ပြီး ခွေးစာကို လျှာနဲ့လိပ်ယူတယ်။ ပြီးတော့ ပါးစပ်ထဲထည့်တယ်။ ဂရုစိုက်ပြီး ဖြေးဖြေးချင်း ဝါးတယ်။
အင်း… ဒီတစ်ခုက တကယ် အရသာရှိသားပဲ။
ခွေးလေးတစ်ကောင်နဲ့ လူတစ်ယောက်ဟာ မှန်ပြတင်းနားမှာ ထိုင်ပြီး ပန်းကန်အပြည့်နဲ့ ခွေးစာကို တစ်ယောက်တစ်လှည့် မျှစားနေကြတယ်။ ဘယ်သူက ဘယ်သူ့ထက် ပိုစားတယ် ဆိုတာပြောလို့တောင်မရဘူး။
အချိန်တွေ ကုန်သွားတော့ လင်းရုန် တစ်ခုခုကို သတိရသွားတယ်။ တိမွေးကုဆေးခန်းကနေ ၀ယ်လာတဲ့ အမဲသားအနံ့နဲ့ ခွေးစာထုပ်တွေကို အိတ်ထဲက ထုတ်တယ်။ သူမနေ့က ခွေးစာထုပ်တွေ အ၀ယ်များပြီး အိမ်မှာထားဖို့တောင် မဆံ့တော့ဘူး။ ဒါကြောင့် ဒီနေ့တော့ နည်းနည်းပဲ ၀ယ်ခဲ့တယ်။
လင်းရုန် ခွေးစာတစ်ထုပ်ကို ဖောက်ပြီး အထဲက ခွေးစာကို လက်ထဲထည့်လို့ အနံ့ခံတယ်။ ပြီးတော့ အရသာမြည်းဖို့ နှုတ်ခမ်းဟတယ်။
အငမ်းမရစားနေတဲ့ ခွေးလေးက ခွေးစာ စားဖို့လုပ်နေတဲ့ လူကို မော့ကြည့်ပြီး ဟောင်လိုက်တယ်။
” ဝုတ်! “
လင်းရုန်ရဲ့လက် လေထဲမှာ တန့်သွားတယ်…. ခွေးလေးနဲ့ နှစ်စက္ကန့်လောက် အကြည့်ချင်း ဖလှယ်ပြီးသွားတော့ လင်းရုန် သူ့လက်ထဲက ခွေးစာတွေကို ပန်းကန်ထဲ ထည့်လိုက်တယ်။
ခွေးလေးက နှာမှုတ်ပြီး နားရွက်တွေကို ရမ်းလို့ ခေါင်းငုံ့ပြီး ဆက်စားတယ်။
သူ့ရှေ့က လူရဲ့ မျက်နှာမှာ အပြုံးနုနုလေး ဖြစ်တည်သွားတာ ခွေးလေး မမြင်လိုက်ဘူး။
. . .
နင်ယန်… တစ်ပန်းကန်လုံး ပြောင်အောင် စားပြီးသွားတော့ သူ့ကိုယ်သူ တစ်ခုခုလွဲနေမှန်း ခံစားမိလိုက်တယ်။ ဒါပေမဲ့ ဗိုက်အင့်ပြီဖြစ်တာမို့ အတွေးလွန်မနေတော့ဘူး။
လင်းရုန်က အသန့်ကြိုက်တဲ့ လူစားရယ်ပါ။ နင်ယန် စားလို့ပြောင်သွားတဲ့ ပန်းကန်ကို ကိုယ်တိုင် ယူဆေးတဲ့အပြင် အ၀တ်တွေပါ လျှော်လိုက်သေးတယ်။
လင်းရုန် သူ့ဖုန်းကို ဧည့်ခန်းထဲက စားပွဲပု [1] ရဲ့အစွန်းမှာ တင်ထားတယ်။ ဖုန်းထဲ အသိပေးချက်၀င်လာတာမို့ နှစ်ချက်လောက် ဆက်တိုက်မြည်လာတယ်။ နင်ယန် ဖုန်းထားတဲ့ဘက်ကို အကြည့်ရောက်သွားတယ်။ လင်းရုန်ရဲ့ဖုန်းက လျှို့ဝှက်စာလုံးခံမထားတာကြောင့် အခုထိ ပွင့်လျက်သားဖြစ်နေတယ်။
နင်ယန် နှလုံးသားလေး လှုပ်ရှားသွားတယ်။
သူ့မိသားစုက အခုထိ သူ ပျောက်နေမှန်း သိဦးမှာ မဟုတ်ဘူး။ လတ်တလောအခြေအနေအရ လုပ်နိုင်တာဘာမှမရှိမှန်း နင်ယန် ကောင်းကောင်းသိတယ်။
ဒါပေမဲ့ အခု ဖုန်းကိုတွေ့တော့၊ နင်ယန် အမှတ်ရသွားတယ် – သူ ခွေးအဖြစ် စပြောင်းတုန်းက ဖုန်းသုံးနိုင်ခဲ့တယ်။ သူ့လက်ဖဝါးတွေကို သုံးဖို့ အားထုတ်ရုန်းကန်ခဲ့ရတယ် ဆိုပေမဲ့ပေါ့။ တကယ်လို့သူသာ လုံ့လထုတ်ပြီး နည်းနည်းလောက် ထပ်လေ့ကျင့်လိုက်ရင် သူ့ရဲ့ ဖုန်းသုံးနိုင်တဲ့စကေးက ဒီထက်ပို မြင့်သွားနိုင်တယ်။
အဲ့တော့ သူ့လက်ဖဝါးတွေကို ကောင်းကောင်း ထိန်းချုပ်ပြီး ဖုန်းသုံးနိုင်ခဲ့မယ်ဆိုရင် သူ့မိဘတွေကိုလည်း မက်ဆေ့ခ်ျပို့နိုင်လိမ့်မယ်။
ဒီအခြေအနေကြီးကို မက်ဆေ့ချ်တစ်ကြောင်းတည်းနဲ့ ဘယ်လိုရှင်းပြရမလဲဆိုတာ နင်ယန်လည်းမသိဘူး။ ပြီးတော့ လင်းရုန်ဖုန်းနဲ့ ပို့လိုက်ရင် သူ့အဖေက အတည်မှတ်ပါ့မလား။ တစ်ယောက်ယောက်က လင်းရုန် ဖုန်းကို ခိုးပြီး လူကြီးကို လာနောက်နေတယ်လို့ပဲ တွေးလိုက်လိမ့်မယ်။
ဒါပေမဲ့ အခုမှ မကြိုးစားကြည့်ရင် နောက်ထပ် အခွင့်အရေးရဖို့ မလွယ်ဘူး!
လင်းရုန်ရဲ့ ဖုန်းထဲမှာ Morning Star ဥက္ကဌရဲ့ ဖုန်းနံပါတ်တော့ ရှိကောင်းပါရဲ့၊ ဘာပဲဖြစ်ဖြစ် နင်ယန်ရဲ့အဖေပဲဟာ။ ဟုတ်တယ်မလား?
နင်ယန် ရေချိုးခန်းဘက်ကို တစ်ချက်ကြည့်ပြီး သူ့ရှေ့ခြေနှစ်ချောင်းကို စားပွဲပုပေါ်တင်တယ်။
သူ့နောက်ခြေနှစ်ချောင်းကို ကြမ်းပြင်မှာ မတ်မတ်ရပ်နိုင်အောင် ကြိုးစားထိန်းပြီး သူ့လက်ဖဝါးနဲ့ ဖုန်းကိုပွတ်ဖို့ရာ အကြိမ်ကြိမ် အခါခါ အားစိုက်ရုန်းကန်တယ်။
ခွေးတစ်ကောင်အတွက် မတ်မတ်ရပ်နိုင်ဖို့က မလွယ်ကူလှဘူး။
သူ ဖုန်းနံပါတ်စာရင်းကို အထက်အောက်လှန်လှောမွှေပြီး သူ့အဖေရဲ့နာမည် ရှာတွေ့ဖို့ တော်တော် ကြိုးစားလိုက်ရတယ်။ အဲ့နောက် သူ့မျက်လုံးလေး တောက်ပသွားတယ်။
အခုလောလောဆယ်တော့ စာမပို့ဖို့ နင်ယန် ဆုံးဖြတ်ထားတယ်။ ဒီတိုင်း သူ့လက်ကို ဘယ်လောက် ထိန်းချုပ်နိုင်ပြီလဲ ဆိုတာ သိချင်လို့ စမ်းနှိပ်ကြည့်ရုံတင်။
ဒါပေမဲ့ ထင်ထားတာထက် ဖုန်းသုံးရတာက ပိုပြီးလွယ်ကူနေတယ်။ စိတ်လှုပ်ရှားလွန်းလို့ သူ ပတ်၀န်းကျင်ကို ခဏမေ့သွားတယ်။ ဖုန်းစကရင်ကို လက်နဲ့ တတောက်တောက်နှိပ်ပြီး မက်ဆေ့ခ်ျဘောက်စ် ထဲ ၀င်လိုက်တယ်။
အဲ့အချိန်မှာပဲ လင်းရုန် ရေချိုးခန်းထဲက ထွက်လာပြီး ဒီမြင်ကွင်းကို တွေ့သွားတယ်။ အံ့ဩပြီး ဒီတိုင်းရပ်ကြည့်တယ်။ နောက်တော့ မျက်မှောင်ကြုံ့ပြီး ခေါ်တယ်: ” ဆဲ့ဆဲ့? “
နင်ယန်တစ်ယောက် လန့်ဖြန့်သွားလေတယ်!
——-
စာရေးသူမှာ ပြောစရာရှိတယ်: နင်ယန်: ငါ့ကို ထူးဆန်းတဲ့မှော်စွမ်းအင်တစ်မျိုးနဲ့ ညှို့ထားတယ်ထင်တယ်။ ခွေးစာက အရမ်း စားလို့ကောင်းတယ်ရော!
လင်းရုန် : စိတ်သက်သာရာရစွာနဲ့ ဖွဖွလေး ပြုံး။
.