Chapter 10
Chapter 10
အခုလက်ရှိမှာ သူသွေးပင်လယ်နှလုံးကျင့်စဉ်ကို မကျင့်ရသေးတာမလို့ သူ့ဒေါသကိုထိန်းချုပ်လို့ရသေးတာ ဖြစ်သည်။ ဒါပေမယ့် ထိန်းချုပ်နိုင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုတော့ရှိသည်။ အကယ်၍ သူ့ဒေါသတွေကိုသာ အပြင်ကိုမဖွင့်ထုတ်ပါက ကြာလာရင် ကြီးမားတဲ့အကျိုးဆက်တစ်ခုခုဖြစ်လာလိမ့်မည်။
ရွှီဇီရုန်သည် သူ၏သည်းခံနိုင်မှုနဲ့ပတ်သက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားကာ မျက်လုံးကိုအသာလေးဖွင့်လိုက်သည်။ သူက ရွှီဇီယန်ရဲ့ အံ့ဩစရာဆိုတာကို သိပ်ပြီးတော့မမျှော်လင့်ပေမယ့် သူအနည်းငယ်တော့သိချင်မိသည်။
သူမျက်လုံးဖွင့်လိုက်သည့် အချိန်မှာတော့——
ချီးပဲ!——သူ့ပါးစပ်ကနေ ဆဲဆိုသည့်စကားလုံးများ ထွက်ကျလာတော့သည်။
အပန်းရောင်နံရံ၊ အပန်းရောက်မျက်နှာကျက်၊ ပြီးတော့ သူအိပ်နေတဲ့အိပ်ရာကုတင်နဲ့ သူခြုံထားတဲ့စောင်ကလည်း အပန်းရောင်အနု၊အရင့်ပုံစံတွေနဲ့။
မက်မွန်ပန်းရောင်၊ပန်းရောင်အဖျော့၊ရွှေရောင်သန်းနေသည့်ပန်းရောင်ဖြင့် အရောင်အကုန်လုံးက မျက်စိစူးအောင် တောက်ပလွန်းနေပြီး အခန်းငယ်လေးအတွင်းမှာ အရောင်မျိုးစုံရောယှက်နေသည်။ လက်ရှိရာသီဥတုအရ ပြတင်းပေါက်မှာ ချိတ်ဆွဲထားသည့် ချူလုံးလေးတွေကတောင် ငွေရောင်သန်းနေသည့်အပန်းရောင်ဖြစ်နေသည်။
——လေတိုက်လာတာကြောင့် ချူလုံးလေးတွေက ညင်ညင်သာသာလှုပ်ရှားလာပြီး တချွင်ချွင်နဲ့မြည်နေ၏။
ထိုအချိန်တွင် ရွှီဇီရုန်သည် သူများတွေပြောကြသလို—— ‘လုပ်ရဲရင် ခံရဲရမယ်’ ဆိုတဲ့စကားအတိုင်း အခုတော့သူပြောခဲ့တဲ့စကားကြောင့် သူ့ကိုယ်သူပြန်ခံနေရပြီ။
ချီးပဲကွာ!!
သွေးမိစ္ဆာဘုရင်ကြီးရဲ့ မိစ္ဆာစံအိမ်က အမြဲတမ်း မည်းနက်နေတဲ့အနက်ရောင် မဟုတ်ရင် သွေးလိုနီရဲနေတဲ့အနီရောင်ပဲ ဖြစ်ရမှာ အဲ့ဒါကို ဘာလို့မိန်းမငယ်လေးတွေကြိုက်တဲ့ အပန်းရောင်ကို ဒီအခန်းမှာလာခြယ်ထားရတာလဲ??!!
ဟိုသောက်ခွေးကောင်ရွှီဇီယန် သူ့ကိုအနိုင်ကျင့်ချင်လို့ပဲ ဖြစ်ရမယ်!!! ဒီလိုအရာကိုတမင်လုပ်ထားတာပဲ ဖြစ်ရမယ်!!!
သွေးမိစ္ဆာသခင်ကတော့ ထိုအချိန်တုန်းက ရွှီဇီယန်ကို စိတ်အနှောက်အယှက်ပေးချင်လို့ အပန်းရောင်ကြိုက်တယ်လို့ သူကိုယ်တိုင်ပဲပြောခဲ့တာကို မသိချင်ယောင်ဆောင်နေပြီး အပန်းရောင်ကို ရွှီဇီယန်ကတမင်လုပ်ခိုင်းလိုက်တာဟု၍ ရွှီဇီယန်ခေါင်းပေါ်သာအပြစ်တွေ ဇွတ်ပုံချနေသည်။
ဘာလို့ဒီအရာမျိုးကို ကြံစည်မှာလဲ ဟုတ်လား? အဲ့ဒါကပြောစရာတောင်မလိုဘူး! ရွှီဇီယန်ကလွဲပြီး ဘယ်သူကများ ကြံစည်အုန်းမှာလဲ!!!
ရွှီဇီရုန်မျက်နှာဟာ သုန်မှုန်နေပြီး သူဒီအခန်းကိုမြင်နေရတာဟာ ခွေးမျက်ကန်းလိုမျက်လုံးတွေ ရှိပါစေလို့ ဆုတောင်းချင်စိတ်တောင်ပေါ်လာသည်။ သူအံကြိတ်လိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး သူလုံးဝမမေ့စေရဘူး။ နောက်ကျရင် သူ ရွှီဇီယန်ဆီကနေ အရာအားလုံးပြန်ယူရမည်!
ဒေါက် ဒေါက် ဒေါက်!
ရွှီဇီရုန် အံကိုကြိတ်ရင်း နောင်ကျရင် ရွှီဇီယန်ကို ဘယ်လိုနှိပ်စက်ရမလဲဆိုတာကို သူတွေးနေသည့်အချိန်၌ တစ်စုံတစ်ယောက်က ညင်သာစွာတံခါးလာခေါက်သည်။
ရွှီဇီရုန် ချက်ချင်းပင် အပြစ်ကင်းစင်သည့်မျက်နှာပုံစံသို့ပြင်လိုက်ပြီး ညင်သာစွာပြောလိုက်၏။
“ဝင်လာပါ”
“ဇီရုန် နိုးပြီလား?” ရွှီဇီရုန်က တံခါးဖွင့်ပြီး အထဲကိုလျှောက်လာသည်။ ရွှီဇီရုန်ဟာခုတင်ပေါ်မှာထိုင်နေပြီး အိပ်ရာခင်းနဲ့စောင်ကြားထဲ၌ရှိနေကာ သူ၏မျက်လုံးလေးတွေကလည်း နိုးတစ်ဝက်၊အိပ်တစ်ဝက်ဖြစ်နေတာကိုကြည့်လိုက်ရင်း ရွှီဇီယန်မပြုံးပဲမနေနိုင်ပေ။
ရွှီဇီရုန်ဟာစိတ်ထဲမှာတော့ တိတ်တဆိတ်ကျိန်ဆဲနေပြီး အပြင်ဘက်မျက်နှာမှာတော့ ရှက်ကြောက်နေသည့်ပုံစံဖြင့် ဆိုလိုက်၏။
“အခုလေးတင်မှ ထတာပါ”
ရွှီဇီယန်ကအနည်းငယ် ရယ်လိုက်ပြီး သူ၏ဆံပင်တွေကို ဖွလိုက်သည်။ ရွှီဇီယန်ပြောလိုက်၏။
“မင်းအခုမှနိုးလာလို့ ဘာမှရှက်စရာမလိုပါဘူး……မင်းကအခု မင်းရဲ့အိမ်မှာလေ အပြင်မှာမှမဟုတ်တာ”
ရွှီဇီရုန် သူ၏ခေါင်းကိုအသာလေး ငုံ့လိုက်ပြီး သူ့နှုတ်ခမ်းထောင့်ကအနည်းငယ် ကော့တက်သွားကာ ‘သူ့ရဲ့အိမ်တဲ့ ဟုတ်လား? ဟက်……သူ့မှာရှိတဲ့အိမ်ဆိုလို့ ရေခဲတမျှအေးစက်နေတဲ့ မိစ္ဆာစံအိမ်ပဲရှိတယ်၊ ရွှီအိမ်တော်က ဘယ်တော့မှ သူ့အိမ်ဖြစ်လာမှာမဟုတ်ဘူး။’
“ဇီရုန် ဒီအခန်းကိုသဘောကျရဲ့လား?” ရွှီဇီယန်က ရွှီဇီရုန်သရောပြုံးပြုံးနေတာကို မသိတာကြောင့် ညင်ညင်သာသာမေးလိုက်သည်။
ရွှီဇီရုန်ရဲ့အမူအရာက ခဏလေးအတွင်း ပျက်သွားပြီး သူအလျင်အမြန်မျက်နှာအမူအရာကို ပြင်လိုက်သည်။ သူက လုပ်ပြုံးပြုံးလိုက်ကာ ပြောလိုက်၏။
“ကျွန်တော်အရမ်းသဘောကျပါတယ်၊ ကျေးဇူးပါ ကိုကို”
“မင်းကငါ့ကို ကိုကိုလို့ခေါ်နေပြီးပြီပဲ၊ ဘာလို့အဲ့လောက်ထိ ယဉ်ကျေးပြနေတာလဲ!” ရွှီဇီယန်က ရွှီဇီရုန်ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ “မင်းရဲ့ကိုကိုရှိနေသရွေ့ ရွှီမိသားစုကဘယ်သူမှ မင်းကိုအနိုင်မကျင့်စေရဘူး…..အကယ်၍ တစ်ယောက်ယောက်က မင်းကိုလက်နဲ့ရွယ်လာခဲ့ရင် ကိုကို့ဆီလာပြောလာ…..ကိုကို မင်းအစား သင်ခန်းစာပေးပေးမယ်”
ထိုစကားကိုလည်းကြားရော ရွှီဇီရုန်မျက်ခုံးတွေ အနည်းငယ်မြင့်တက်သွားသည်။ သူအမေနဲ့အတူ မြို့ငယ်လေးမှာ နေထိုင်စဉ်အခါတုန်းက သူ့မှာအစ်ကိုတစ်ယောက်သာရှိခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲလို့ သူတွေးခဲ့ဖူးသည့်အချိန်ရှိသည်။ အခြားမိသားစုက အစ်ကိုတွေလို ကိုယ့်ညီလေးကို ဂရုစိုက်ကာကွယ်ပေးတဲ့ အစ်ကိုမျိုး သူရနိုင်ပါ့မလား?
နောက်တော့ သူအမေဆုံးသွားပြီး ရွှီရှောင်ကသူ့ကိုရှာတွေ့ပြီး ရွှီမိသားစုဆီခေါ်လာသည့် လမ်း၌ သူစိတ်ထဲတွင် ထိုမျှော်လင့်ချက်ကရှိနေသေးသည်။
ကံဆိုးချင်တော့ သူရွှီမိသားစုဆီရောက်ရောက်ချင်း ပထမဆုံးရွှီဇီယန်ဆီကနေ ရခဲ့တာတွေကတော့ ဆဲဆိုသည့်စကားလုံးတွေသာ ဖြစ်သည်။ သူရင်ထဲ၌ မျှော်လင့်တောင့်တခဲ့ရသည့် အရာအားလုံး တစ်စစီပျက်စီးသွားခဲ့ရသည်။
အခုပြန်လည်မွေးဖွားလာတော့ ဒီရွှီဇီယန်က အစ်ကိုတစ်ယောက်တာဝန်ကို ကျေပွန်အောင်လုပ်ပေးမယ်တဲ့လား? သနားစရာပဲ ရွှီဇီယန်အမြင်မှန်ရဖို့ အချိန်လွန်သွားပြီ။ အရင်အချိန်ကဆိုရင်တော့ သူဒီကိစ္စကို မျှော်လင့်ချက်ထားချင် ထားနေဦးမှာ။ ဒါပေမယ့် အရင်ဘဝက သူတွေ့ကြုံခဲ့ရတဲ့ အရာတွေကြောင့် အဲ့လိုမျိုခံစားချက်တွေကို သူစွန့်ပစ်လိုက်တာ ကြာလှပြီ။
သူ့စိတ်မှာသရော်ပြုံးပြုံးနေပေမယ့်လည်း ရွှီဇီရုန်မျက်နှာကတော့ ပန်းချီကားတစ်ချပ်လို လိမ္မာရေးခြားရှိသည့်ကလေးပုံစံအတိုင်းပဲ။ သူခေါင်းမော့လိုက်ပြီး သူ၏လှပပြီးဝိုင်းစက်နေသည့်မျက်လုံးလေးဖြင့် ကြည့်ကာ အလွန်ချစ်စရာကောင်းလှသည်။
“အင်း…….ကျွန်တော်သိပါပြီ ကိုကို”
ဖြူစင်ပြီးတော့ အလွန်လှပသည့် ကလေးက ဒီလိုမျိုးအူအသည်းတွေယားစေလောက်သည့် စကားလုံးတွေလာပြောနေမှတော့ သေချာပေါက် ရွှီဇီယန်နှလုံးသားကြီးက အရည်ပျော်ပြီပေါ့။ ရွှီဇီရုန်၏လက်တစ်ဖက်ကိုဆွဲကာ ရွှီဇီယန် တစ်ဖက်လူရဲ့ပါးကို ဖိနမ်းလိုက်သည်။
“ဇီရုန်က အရမ်းချစ်စရာကောင်းတာပဲ! ကိုကို မင်းကိုအရမ်းသဘောကျပဲကွာ~”
ဒီအချိန်၌ ရွှီဇီရုန်မျက်ခုံးတွေက တစ်ဖန်မြင့်တက်သွားပြန်သည်။ အရင်ကတစ်ခါ အနမ်းခံရဖူးပြီးပြီဆိုတော့ အခုတစ်ခါကတော့ သူအနည်းငယ်တည်ငြိမ်နေသည်။ အခုရွှီဇီယန်ဟာ သူစကားနားထောင်တွေ နာခံသည့်အကြည့်တွေ အပြုအမူတွေနဲ့ပတ်သက်ပြီး ဘာမှပြောဆိုခြင်းမရှိဘူးဆိုတာ သူသိသွားပြီ။ သူလိမ်လိမ်မာမာနေပြသရွေ့ ရွှီဇီယန်ကို သူဒီလိုအကြည့်တွေနဲ့ကြည့်နေသရွေ့ ရွှီဇီယန်က သူ့ကို သူ၏နှလုံးသားကြီး ထုတ်ပေးမတက် ချစ်ပြနေမှာပဲ။
သူ့ပါးကိုနမ်းတယ် ဟုတ်လား? ကိစ္စမရှိပါဘူးလေ။ သူ့ရဲ့မှတ်စုစာအုပ်ထဲမှာ အကုန်မှတ်ထားတယ်။ နောက်ကျမှ အခွင့်အရေးရရင်ရသလို အကုန်လုံးပြန်ဆပ်ရမယ်မှတ်။
“အာ……ငါမေ့တော့လို့!” ရွှီဇီယန်က ရွှီဇီရုန်ကိုလွှတ်လိုက်ပြီး သူ့ခေါင်းသူခေါက်ကာ ဆိုလိုက်၏။
ရွှီဇီရုန်လည်း အနည်းငယ်နောက်ဆုတ်လိုက်သည်။ သူအခု ရွှီဇီယန်၏ကြင်နာပြသည့် အပြုအမူတွေကို သည်းခံနိုင်ပေမယ့် ပိုနည်းလေပိုကောင်းလေပဲ။ မဟုတ်ရင် အခြားတစ်ယောက်၏ အပြုအမူမှန်သမျှကို လိုက်မှတ်နေရတာက စိတ်ရှုပ်စရာပဲ။
“ညစာစားဖို့အချိန်နီးနေပြီပဲ……ခြေလက်သန့်စင်လိုက်ဦး၊ ပြီးရင်အတူတူသွားကြတာပေါ့”
“ဟုတ်ကဲ့” ရွှီဇီရုန်က နာခံစွာပြန်ဖြေလိုက်ပြီး ကုတင်ပေါ်မှဆင်းလာသည်။
သူအခုဝတ်ထားသည့်အဝတ်တွေက သူမအိပ်ခင် ရွှီဇီယန်သူ့အတွက် ရွေးထားပေးတာပဲဖြစ်သည်။ အဝတ်တွေကနွေးပြီးတော့ ဝတ်လို့ကောင်းသည်။ ပြီးတော့ ထိုအဝတ်တွေနဲ့ အိပ်လိုက်တာတောင် သူနေရခက်တွေ ဘာမှမခံစားရဘူး။
သူခြေလက်သန့်စင်ပြီးနောက် သူ့အိပ်ခန်းက ပရိဘောဂပစ္စည်းမျိုးစုံတွေကို သတိပြုလိုက်မိသည်။
သူပထမဆုံးမျက်လုံးဖွင့်တော့ အခန်းကဘာလို့အပန်းရောင်ဖြစ်နေရတာလဲ ဆိုသည့်အကြောင်းမှာပဲ အာရုံရှိနေမိသည်။ အခြားအရာတွေကို သူအထူးတလည် သတိမပြုမိလိုက်ဘူး။
ပတ်ပတ်လည်ကိုဝေ့ကြည့်လိုက်ပြီး သူ့မျက်ခုံးအနည်းငယ်မြင့်တက်သွားသည်။ ပရိဘောဂပစ္စည်းတွေနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာတော့ မဟုတ်လောက်ဘူး။ ဒါပေမယ့် ဒီပရိဘောဂပစ္စည်းတွေက အလွန်ကောင်းလွန်းသည်။ အဲ့ဒါက သာမန်အဆင့်ထက်ကို ပိုလွန်းသွားပြီ။
ရွှီဇီရုန်က သူ့အကြည့်နဲ့တင် ဒီအခန်းထဲမှာ ဘယ်လောက်ထိကောင်းတဲ့အရာတွေရှိလဲဆိုတာ သူပြောနိုင်သည်။
အခန်းထောင့်မှာ အရေးမပါသလို တင်ထားသည့် အိုးထဲ၌စိုက်ထားသည့်အပင်က တတိယအဆင့်စိတ်ဝိညာဉ်စွမ်းအင်တွေကို စုစည်းပေးသည့်စိတ်ဝိညာဉ်မြက်ပင်တွေပဲ။ အဲ့ဒီစိတ်ဝိညာဉ်စွမ်းအင်စုဆောင်းပေးသည့် စိတ်ဝိညာဉ်မြက်ပင်တွေက စိတ်ဝိညာဉ်စွမ်းအင်ကို ဖြေးဖြေးချင်း စုယူပေးသည်။ အကယ်၍ အဲ့မြက်ပင်တွေကို တစ်ယောက်ယောက်ရဲ့အခန်းထဲမှာ ထည့်ထားပါက အဲ့မြက်ပင်တွေက ထိုအခန်းပိုင်ရှင်ရဲ့စွမ်းရည်ထဲကို စိတ်ဝိညာဉ်စွမ်းအင်တွေ ကူပြီးတော့စုဆောင်းပေးလိမ့်မည်။
စားပွဲခုံမှာတင်ထားသည့် ပန်းအိုးထဲကအပင်က ဒုတိယအဆင့် လေးရာသီနွေဦးအပင်တွေ။ ထိုအပင်ရဲ့စွမ်းရည်ကတော့ အပင်နာမည်အတိုင်းပဲ အခန်းရဲ့အပူချိန်နဲ့စိုထိုင်းမှုကို ထိန်းချုပ်ပေးပြီးတော့ အခန်းအတွင်းရှိလူကို လေးရာသီလုံး သက်သောင့်သက်သာဖြစ်စေမယ့် ရာသီဥတုအခြေအနေမျိုးလုပ်ဆောင်ပေးသည်။
ဒီနှစ်ခုနဲ့တင် စိတ်ဝိညာဉ်စွမ်းအင်က တော်တော်ကုန်လောက်သည်။ ပြီးတော့ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီအရာတွေက ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကျင့်ကြံမယ့်လူအတွက် ထားထားပေးခြင်းဆိုတာ သိသာသည်။ ရွှီဇီရုန်ဟာသူကိုယ်သူ သူငါ့ကိုလှည့်စားနေတာပဲ လို့မပြောနိုင်တော့ပေ။
ရွှီဇီရုန် ကုတင်ပေါ်၌ထိုင်နေပြီး ရွှီဇီယန်ကိုပြုံးကာစိုက်ကြည့်နေရင်း သူ့အကြည့်တွေထဲမှာ စိတ်ရှုပ်ထွေးမှုတွေပါဝင်နေသည်။ သူအရင်က တွေးခဲ့မိတာက ရွှီဇီယန်အကြောင်းကို တစ်ဖက်လူရဲ့အရိုးတွေကအစ သိတယ်ပေါ့။ ဒါပေမယ့် အခုသူရှေ့ကရွှီဇီယန်ဟာ သူတွေးထားတာနဲ့ တစ်ခြားစီဖြစ်နေသည်။
သူက——ရွှီဇီယန်ရော ဟုတ်ရဲ့လား?
သူ့အကြည့်တွေကို တိတ်တဆိတ်ဖုံးကွယ်လိုက်ပြီး ရွှီဇီရုန်ခေါင်းမော့ကာ တစ်ဖန်ရှက်ကြောက်တတ်နေသည့် ကလေးငယ်ပုံစံပြင်လိုက်သည်။
“ကိုကို ကျွန်တော်အဆင်သင့်ဖြစ်ပြီ”
“ကောင်းပြီ ဒါဆို ကိုကိုတို့သွားကြတာပေါ့”
ရွှီဇီယန် ပုံမှန်အတိုင်းပဲ ရွှီဇီရုန်လက်ကိုဆွဲကာ အဓိကအိမ်တော်ရဲ့ ညစာစားခန်းဆီသို့ ဦးတည်လိုက်သည်။
ရွှီဇီရုန်စိတ်ထဲ၌ သံသယဖြစ်မှုတွေ ရှိနေသောကြောင့် လမ်းလျှောက်နေရင်း ရွှီဇီယန်ကို သေချာအကဲခတ်စောင့်ကြည့်နေသည်။
သူ့ရဲ့ခြေလှမ်း၊ သူ့ရဲ့ကိုယ်နေဟန်ထား၊ သူ့ရဲ့အမူအကျင့်တွေက သူမြင်ရသလောက်ကတော့ ဘာမှသံသယဖြစ်စရာမရှိဘူး။ အရာအားလုံးက သူ့မှတ်ဉာဏ်ထဲကအတိုင်းပဲ။
မတူတာဆိုလို့ အဲ့ဒီအနက်ရောင်မျက်ဝန်းတွေပဲ မတူတာ။
သူ့အရင်ဘဝက ရွှီဇီယန်ဟာ သူ့ကိုမြင်လိုက်တိုင်း အမြဲတမ်း မနှစ်သက်မှုတွေ အမုန်းတရားတွေနဲ့ပဲ ကြည့်နေတာ။ တစ်ခါတစ်ရံဆို သူ့မျက်ဝန်းထဲမှာ သတ်ချင်နေသည့်အရိပ်အယောင်ကိုတောင် မြင်ရသည်။
ဒါပေမယ့် အခုဘဝက ရွှီဇီယန်ကျတော့ သူ့မျက်လုံးထဲမှာ သတ်ချင်နေသည့် အရိပ်အယောင်တစ်ခုမျှ မတွေ့ရဘူး။ အမြဲတမ်းပြုံးနေပြီးတော့ အလိုလိုက်ချစ်ပြနေတာပဲရှိသည်။
ရွှီဇီရုန်စဉ်းစားမရဖြစ်လာသည်။ သူအရင်ဘဝတုန်းက ရွှီမိသားစုဆီကို သူပထမဆုံးရောက်သည့်အချိန် ရွှီဇီယန်ကသူ့ကိုပြောခဲ့သည်။ သူ့အမေကရွှီရှောင်ရဲ့ငယ်ချစ်ဦးဆိုတာကို ရွှီဇီယန်အမေကသိသွားလို့ သူ့(ရွှီဇီယန်)အမေကသေသွားရတာတဲ့။
အစတုန်းကတော့ သူမသိခဲ့ဘူး။ ရွှီဇီယန် ဘာကြောင့်များ သူ့ကိုအနိုင်ကျင့်ရတာလဲပေါ့။ သူနည်းနည်းလောက်အရွယ်ရောက်လာသည့်အချိန်မှ နားလည်သွားသည်။ ရွှီဇီယန်၏အကြီးမားဆုံး အကြောင်းပြချက်ကတော့ ရွှီဇီယန်ဟာသူ့ကိုမုန်းနေလို့ပဲ။
အရင်ဘဝကရွှီဇီယန် သူ့ကိုမုန်းသည့်အကြောင်းကို တွေးကြည့်လိုက်ရင်း သူ့စိတ်ထဲမလှောင်ရယ်ပဲမနေနိုင်ဘူး။ ထောင်ချီနေသည့်အမှားတွေ အကုန်လုံးက ရွှီရှောင်ရဲ့အမှားတွေပဲ။ သူ့အမေသေဆုံးမှုအတွက် ဒေါသထွက်ချင်လည်းထွက်စရာပါပဲ ဘာလို့လည်းဆိုတော့ သူ့အမေဖြစ်သူကလည်း အိမ်ထောင်ရှိမှန်းသိလျက်နဲ့ မခွဲခွာနိုင်၊ ရွှီရှောင်ကလည်းဇနီးရှိလျက် တိတ်တိတ်ပုန်းချိန်းတွေ့ကြလို့ပေါ့။ အကယ်၍ ရွှီဇီယန်သာအမှန်တကယ် လက်စားချေချင်ခဲ့တယ်ဆိုရင် သူ့ရဲ့အကြီးမားဆုံးရန်သူက သူ့အဖေရွှီရှောင်ပဲ။ ဒါပေမယ့် ရွှီဇီယန်ကဘာမှမဟုတ်အားနည်းသည့် ပိုးကောင်းသာသာပဲ။ ပြီးတော့ သူ့အဖေကို သူမယှဉ်နိုင်မှန်း သူသိတယ်လေ၊ နောက်ပြီးတော့ သူ၏အနာဂတ်က သူ့အဖေရဲ့အနာဂတ်ပေါ် မူတည်နေသေးတယ်လေ။ ဒါကြောင့် သူ့ရဲ့ခါးသီးနေသည့်ခံစားချက်တွေကို ဘာအစွမ်းအစမှမရှိ ပြန်ပြီးလက်တုံ့မပြန်နိုင်သည့် ရွှီဇီရုန်အပေါ်ပုံချလိုက်ရော။
အကုန်လုံးကိုအကျဉ်းချုပ်လိုက်ရင်တော့ အားနည်းသည့်သူတွေက သူတို့ထက်ပိုအားနည်းသည့်သူတွေကို အနိုင်ကျင့်အသာစီးယူတတ်ကြပြီး သူတို့ထက်အားသာသည့်သူတွေကိုတော့ ကြောက်ကြသည်။ အကယ်၍ သူသာရွှီဇီယန်လိုမျိုး ထူခြားသည့်စွမ်းရည်ရှိပြီး ရွှီရှောင်ရဲ့ကာကွယ်ပေးမှုအောက်မှာရှိခဲ့ပါက ရွှီဇီယန်သူ့ကိုအနိုင်ကျင့်ရဲမှာမဟုတ်ဘူး။
အဲ့အရာတွေအားလုံးက အရင်ဘဝရွှီဇီယန်နဲ့ပတ်သက်ပြီး အတွေးပါပဲ။ ရွှီဇီရုန်ပိုပိုပြီးတွေးလေ သူ့အရှေ့ကရွှီဇီယန်က တစ်ခုခုတော့မှားနေပြီဆိုတာကို သူပိုပိုပြီးယုံကြည်လာလေပဲ။
အကယ်၍ အရင်ဘဝရွှီဇီယန်ရဲ့ အမူအကျင့်တွေနဲ့ တူတယ်ဆိုရင်တောင် အဲ့ဒါတွေကအချက်အလက်တွေသက်သက်ပါပဲ။ ရွှီဇီယန်သူ့ကိုမြင်လိုက်တိုင်း တစ်ဖက်လူရဲ့အကြည့်တွေမှာ မူမမှန်သည့်ဘာအမုန်းတရားမှ မတွေ့ရဘူး!
“ဟင်? ဇီရုန်ပြောချင်တာ တစ်ခုခုရှိလို့လား?”
ရွှီဇီရုန် သူ့အားကြည့်နေတာကို ရွှီဇီယန်သတိထားမိသွားပြီး သူ့ခေါင်းကိုငုံ့ကာမေးလိုက်၏။
ရွှီဇီရုန် သူ့မျက်ခွံတွေကို အောက်ကိုဖြည်းဖြည်းချင်းချလိုက်ရင်း ညင်သာပြန်ပြောလိုက်သည်။
“ဘာမှပြောစရာမရှိပါဘူး……ဒီအတိုင်းပဲ…….ကိုကိုက ကျွန်တော့်အပေါ်အရမ်းကောင်းပေးလို့ပါ”
“ဟားဟား……အစ်ကိုဖြစ်သူက သူ့ညီလေးအပေါ်ကောင်းတာ သာမန်ပဲမဟုတ်ဘူးလား?”
ရွှီဇီယန် ပြုံးကာ ပြန်ဖြေလိုက်သည်။
ရွှီဇီရုန်ကပြုံးနေပြီး ဘာစကားမှတော့မပြောပေ။ ထိုအစား သူ့စိတ်ထဲမှာ တိတ်တဆိတ်ပြောနေတာကတော့ ‘အခြားညီအကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးကောင်းတာကတော့ သာမန်ဖြစ်စဉ်ဆိုတာ ဖြစ်နိုင်ပါတယ် ဒါပေမယ့် မင်းနဲ့ငါ့ကြားကဆက်ဆံရေးကတော့ ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူး’
လျှို့ရှန်အဆောင်နဲ့အဓိကအဆောင်နဲ့က အလွန်ဝေးသည်။ ရွှီဇီယန်ကတမင် သူ၏ခြေလှမ်းတွေကိုမမြန်ပဲ ညီအကိုနှစ်ယောက်သား အေးအေးဆေးဆေးပုံစံဖြင့် ညစာစားခန်းသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။
ရွှီဇီရုန်က ရွှီဇီယန်သွားသည့်အတိုင်း အနောက်ကလိုက်နေပြီး သူတို့လက်တွေကလည်းတွဲထားတာကြောင့် သူ့အနေနှင့်လမ်းတွေကို ကြည့်ဖို့မလိုပေ။
အရာအားလုံးဖြစ်ပြီးသားတွေဆိုပေမယ့် သူက ရွှီမိသားစုမှာ နှစ်ပေါင်းအကြာကြီးနေခဲ့တာ။ စိတ်မကောင်းစရာကတော့ ဒီအေးစက်လှသည့်မိသားစုက သူ့ကိုစစ်မှန်သည့်နွေးထွေးမှုလေးတစ်ခုတောင် မပေးခဲ့ကြဘူး။
Original Author’s Note : (◠‿◕)ရွှီဇီရုန်က သေးသိမ်လွန်းတယ်….သူ့စိတ်ထဲမှာပဲ မှတ်လေ့ရှိဒိုင်ယာရီကို သူ့အကိုကြီးတစ်ယောက်အတွက်ပဲ လုပ်ထားတာတဲ့…….
PS : ရွှီဇီယန်အမေက ရွှီမိသားစုမှာ လျှို့ဝှက်စွာသေဆုံးသွားတယ်ဆိုတာကို ကျွန်တော်သေသေချာချာ မရေးလိုက်မိဘူး။ အထက်ခေါင်းဆောင်တချို့ကလည်း ထိုကိစ္စကိုသိကြတာပါ။ အဖြစ်အပျက်ပြီးသွားတော့ သေသွားတာက သွေးရိုးသားရိုးမဟုတ်ဘူးဆိုပြီး ပတ်ဝန်းကျင်လူတွေက လျှောက်ဖွကြရော။ ဒါကြောင့် အခုလက်ရှိရွှီဇီယန်က သခင်လေးဆိုတဲ့အာဏာကိုသုံးပြီး အရင်ဘဝကလို ရွှီဇီရုန်ကို အခြားသူတွေလာအနိုင်ကျင့်မှာစိုးလို့ တားဆီးလိုက်တာပါ။