Chapter 12
Chapter 12
သူ့သားရဲ့စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပြီး ရွှီရှောင်အတော်လေး စိုးရိမ်ခဲ့ရသည်။ အဲ့ဒါကြောင့် အစကသူတွေးထားတာကတော့ ရွှီဇီယန်ရဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး သူအစီအစဉ်ဆွဲဖို့လိုပြီပေါ့။ ဒါပေမယ့် သူလုံးဝမမျှော်လင့်မိတာက ရွှီဇီရုန်ရောက်လာပြီးနောက် ရွှီဇီယန်၏အချိုးတွေက လုံးဝပြောင်းလဲသွားသည်။ ထိုအချက်က ရွှီရှောင်ကိုအလွန်အမင်း ကျေနပ်စေသည်။
ညစာစားခန်းထဲ၌ ကလေးများက သူတို့၏ကျင့်ကြံခြင်းပြဿနာတွေကို တွေးဆနေကြသည်။ အသက်နည်းနည်းကြီးသည့်ကလေးတွေက တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးတိုင်ပင်နေကြပြီး ရွှီရှောင်တစ်ယောက်တည်းကသာ မနှေးမမြန်သပ်ရပ်ကျနစွာ အစားကိုစားသောက်နေသည်။ သူကတစ်ခါတစ်ရံမှသာ အကြံဉာဏ်တစ်ချို့ကို ဝင်ပြောလေ့ရှိပြီး အားလုံးကလည်း သူ့အကြံပေးချက်ကို သဘောကျကြသည်။
ဒီအခန်းထဲ၌ ရှိသည့်သူတွေအားလုံးက ရွှီမိသားစုရဲ့အနာဂတ် ကျောထောက်နောက်ခံတွေပဲဖြစ်သည်။ အနာဂတ်မှာ သူတို့ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားလာပါက ရွှီမိသားစုကို သူတို့ပိုပြီးထောက်ပံ့နိုင်လိမ့်မည်။ ရွှီမိသားစုထဲက အဆင့်အမြင့်ဆုံးကျင့်ကြံသူတွေကလွဲရင် သူတို့တွေဟာ ရွှီရှောင်ရဲ့အကြံပေးချက်တွေကို ရခဲသည်။ ဘာလို့လဲဆိုတော့ သူကတွန့်တိုတာတော့မဟုတ်ပေမယ့် ရွှီမိသားစုရဲ့ခေါင်းဆောင်အနေနဲ့ အလွန်အလုပ်ရှုပ်လွန်းသည်။ ဘယ်သူမှလည်းဒီလိုမျိုး အသေးအဖွဲ့ကိစ္စလေးနဲ့ သူ့ကိုအစိတ်အယှက်မပေးရဲပါ။
ရွှီရှောင်ကအငယ်တွေကိုလည်း အကြံဉာဏ်တွေပေးနေပြီး ရုတ်တရက် သူရင်ထဲမှုလှုံ့ဆော်မှုဖြစ်သွားသည်။ သူကရွှီဇီယန်ကိုကြည့်လိုက်ပြီး မျက်လွှာကိုအနည်းငယ်ချလိုက်ရင်း “ဇီယန်၊ မင်းနောက်တစ်ဆင့်တက်သွားပြီလား?”
ထိုစကားလုံးတွေကြောင့် ညစာစားခန်းဟာ တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားသည်။ အားလုံးရဲ့အကြည့်တွေက ရွှီဇီယန်ပေါ်သို့ တစ်ဖန်ပြန်ရောက်သွားလေသည်။
ရွှီဇီယန်ကခေါင်းညိတ်လိုက်ပြီး တည်ငြိမ်သည့်အမူအရာဖြင့် “ဟုတ်ကဲ့၊ ကျွန်တော်နောက်တစ်ဆင့်တက်သွားပြီ အဖေ၊ ဒီနေ့မထင်မှတ်ဘဲ ကံကောင်းစွာ ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်သွားတယ်။”
ဟမ်……
ညစာစားခန်းထဲ၌ အသက်ရှူသံတွေဖြင့် ပဲ့တင်ထပ်နေသည်။
ရွှီဇီယန် ပဉ္ဓမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို တက်သွားတာ လဝက်ကျော်ပဲရှိသေးသည်။ ဒီလိုအချိန်တိုအတွင်းမှာ သူကဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုတက်သွားပြန်ပြီ။ မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောက အလွန်ကိုအဖိုးတန်ပါလား!
ရွှီရှောင်ကျေနပ်သွားပြီး သူ့မုတ်ဆိတ်မွှေးများကို ပွတ်သပ်လိုက်သည်။ သူ၏သားဖြစ်သူက သူမျှော်လင့်ထားတာထက်ကို စိတ်ကျေနပ်မှုရစေသည်။ ဒီလိုအချိန်တိုအတွင်း နောက်တစ်ဆင့် တက်ဖို့ဆိုတာ အလွန်ကိုရှားပါးသည့်ဖြစ်စဉ်ပဲဖြစ်သည်။
ကျင့်ကြံခြင်းနောက်တစ်ဆင့်တက်ဖို့ဆိုတာ ဝိညာဉ်သွေးကြောနဲ့ဆိုင်ပေမယ့် ကိုယ့်ရဲ့အသိစိတ်ဓာတ်၊ ကျင့်ကြံသူရဲ့စိတ်ခံစားချက်နဲ့လှုံ့ဆော်မှုကလည်း ပိုအရေးကြီးသည်။ ထိုအချက်ကို လူတိုင်းနားလည်ထားကြသည်။ သဘောပြောရမယ်ဆိုလျှင် ဒီလိုမျိုးတွေက ကိုယ့်ရဲ့သွေးသားတော်စပ်နေသူနဲ့ နီးကပ်နေလျှင်ဖြစ်တတ်လေ့ရှိကြသည်။
ရွှီရှောင်ကသူ့မုတ်ဆိတ်မွှေးကိုသာ ပွတ်သပ်နေလိုက်သည်။ ရွှီဇီယန်ရဲ့အပြုအမူတွေရယ်၊ ရွှီဇီရုန်အပေါ်မှာထားသောစိတ်သဘောထားတွေအားလုံးကို ဆက်စပ်ကြည့်မည်ဆိုလျှင် ရွှီဇီယန်ကအမှတ်မထင်ဘဲ နောက်တစ်ဆင့်တက်သွားတာလား။
ရွှီရှောင် သက်ပြင်းအရှည်ကြီးချလိုက်ပြီး သူ့စိတ်ထဲ၌ အနည်းငယ်ရှုပ်ထွေးသွားသည်။ ရွှီဇီယန်အမေသေသွားသည့်ကိစ္စက တကယ်တော့ မတော်တဆဖြစ်သည်။ သူကဇီယောင်(ရွှီဇီယန်အမေ)အပေါ်ခံစားချက်မရှိဘူး ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတော့ ရှိကြသည်။
ဇီယောင်ကို ရွှီဇီရုန်အမေအကြောင်း သွားပြောသည့် အစေခံကိုသူသတ်လိုက်ပြီးပြီ။ အစေခံကိုမသတ်ခင် အစေခံရဲ့ဝိညာဉ်ကို စစ်မေးလိုက်တော့ အမှန်တကယ်နောက်ကွယ်က ကြိုးကိုင်သူဟာ ရွှီဇီရုန်အမေ၊ သူ့အချစ်ဦးဖြစ်နေသည်။
အစေခံရဲ့ဝိညာဉ်ကိုမေးပြီး သိလိုက်ရသည့်ထိုအဖြစ်မှန်က သူယုံတောင်မယုံနိုင်ဘူး။ အဲ့ဒီနောက်တော့ သူသက်ပြင်းချဖို့သာတက်နိုင်တော့သည်။ တစ်ချိန်ကအပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည့် မိန်းကလေးက အခုတော့သူမစိတ်ထဲမှာ အလိုလောဘတွေနဲ့ ပြည့်နေပြီ။ အကယ်၍သူမသာလောဘမကြီးခဲ့ပါက ရွှီရှောင်လည်း သူမသေအောင်ဖိအားပေးခဲ့မိမှာမဟုတ်ဘူး။
ရွှီရှောင် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး ရွှီဇီယန်အားပြောလိုက်သည်။
“ခဏနေကျရင် ငါ့စာကြည့်ခန်းထဲလာခဲ့”
“ဟုတ်ကဲ့ပါ အဖေ” ရွှီဇီယန်ကလည်း လေးစားသမှုဖြင့် ပြန်ဖြေလိုက်သည်။
အမှန်အတိုင်းပြောရရင် ရွှီဇီယန် ရွှီရှောင်ကို သဘောမကျပါ။ ဘာကြောင့်လည်းဆိုတော့ ယောင်္ကျားတစ်ယောက်နေနဲ့ ကိုယ့်မိန်းမအပေါ်မှာလည်း သစ္စာမရှိဘူး။ အဖေတစ်ယောက်အနေနဲ့ ကိုယ့်သားဖြစ်သူကိုလည်း မကာကွယ်ပေးဘူး။ အကယ်၍ ရွှီဇီယန်သာရွှီရှောင်ကို အဆင့်သတ်မှတ်ပေးရမည်ဆိုလျှင် အဆင့်မပြောနဲ့ အောင်မှတ်တောင်မရဘူး။
ဒါပေမယ့် ရွှီရှောင်ရဲ့စိတ်နေသဘောထားက ရွှီဇီယန်နဲ့ ဘာမှမဆိုင်ပါဘူး။ ဘာတွေပဲဖြစ်နေဖြစ်နေ အချိန်တစ်ခုထိတော့ ရွှီရှောင်ကရွှီဇီယန်အပေါ် ကောင်းကောင်းဆက်ဆံမှာပဲ။ သူ့ရဲ့ရည်ရွယ်ချက်ပြည့်ဖို့က ရွှီရှောင်ကိုလိုအပ်တယ်ဆိုပေမယ့် သူ့အနေနဲ့အဖေတစ်ယောက်လို လက်ခံနိုင်ဖို့ကအလွန်ခက်ခဲသည်။
ရွှီရှောင်အရှေ့မှာ သူဘယ်လိုမျက်နှာထား,ထားရမလဲဆိုတာ စဉ်းစားလို့မရသေးဘူး။ အခုချိန်မှာ သူ့အနေနဲ့တစ်ဆင့်ချင်းသွားရမည်။
ညစာစားနေသည့်အချိန်အတွင်း ရွှီဇီရုန်ဟာစစားသည့်မှစားပြီးသွားသည်အထိ စကားတစ်လုံးမှမပြောပေ။ ကံကောင်းစွာဖြင့် သူ၏ရှက်တတ်မှုနဲ့ သူစိမ်းတွေကိုကြောက်နေတာက အောင်မြင်သွားသည်။ ရွှီဇီယန်ကသူ့ပန်းကန်လုံးထဲကို အသားမျိုးစုံထည့်ပေးနေပြီး သူ့ကိုစားပိုးနင်အောင်များ လုပ်နေသလားပဲ။ ဒီတစ်ခါထမင်းစားရတာ အနည်းငယ်တော့မြိန်သလိုရှိသည်။
ညစာစားပြီးနောက် ရွှီရှောင်ရှိသည့်စာကြည့်ခန်းသို့မသွားခင် ရွှီဇီယန်ကရွှီဇီရုန်ကိုအရင် ပြန်ပို့လိုက်သည်။
အဖေနဲ့သားဖြစ်သူတို့ဟာ စာကြည့်ခန်းထဲမှာ အနည်းငယ်ဆွေးနွေးနေကြပြီး ဆွေးနွေးလို့ပြီးသွားတော့ ရွှီရှောင်အလွန်အမင်းကျေနပ်သွားပြီး ရွှီဇီယန်ကိုထွက်သွားခွင့်ပြုလိုက်သည်။
သူတို့နှစ်ယောက်စကားပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ရွှီရှောင်ကအလွန်အမင်းကျေနပ်အားရသည်။ ရွှီဇီယန်ရဲ့စွမ်းရည်က ကြီးမားသည့်အခွင့်အလမ်းကိုဖမ်းဆုပ်လိုက်ပြီးဆိုတာ သိလိုက်ရတာက သူ့သားအပေါ်ရွှီရှောင်ပိုပြီး ယုံကြည်မှုရှိလာသည်။
ရှေ့လျှောက်ရွှီဇီယန်က ရွှီဇီရုန်ကို မြေတောင်မြောက်ပေးပြီး သူ့ရဲ့လက်ထောက်လုပ်ခိုင်းဖို့ ရည်ရွယ်ထားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရွှီရှောင်ဘာမှကန့်ကွက်စရာမရှိပါဘူး။ ပြီးတော့ ရွှီဇီရုန်ကလည်း သူ့သွေးသားဖြစ်သည်။ သူ့အချစ်ဦးရဲ့လုပ်ရပ်တွေကြောင့်သာ ရွှီဇီရုန်အရှေ့မှာ ချိုချိုသာသာမပြောပေမယ့် ရွှီဇီယန်ရဲ့လက်ထောက်လုပ်ခိုင်းဖို့ သူရည်ရွယ်ထားပြီးသားပါ။ ရွှီဇီယန်လောက်တော့အရည်အချင်းမရှိပေမယ့် သူ့သားတွေကို မလိုအပ်ဘဲသူမရက်စက်ပါဘူး။
သူ့အမြင်အရဆို ရွှီဇီရုန်ရဲ့စွမ်းရည်က သာမန်ပဲရှိပြီး အရမ်းလည်းငယ်သေးသည်။ ရွှီဇီယန်ဘက်ကလည်းလိုလိုလားလား မြေတောင်မြောက်ပေးရင် အနာဂတ်မှာ ရွှီဇီရုန်အစွမ်းထက်လာမှာပါ။
ပိုပြီးတော့အရေးကြီးတာက ရွှီဇီရုန်ဟာ အခုမှရှစ်နှစ်ပဲရှိသေးတာ။ ကလေးတွေကိုသင်ပေးရသည့် အကြီးမားဆုံးအကျိုးကျေးဇူးကတော့ သူတို့ကိုပညာသင်ပေးသည့် လူအပေါ်မိသားစုလိုဆက်ဆံတတ်ကြသည်။
ရွှီဇီရုန်ကသူ့အမေဖြစ်သူနဲ့ အတူနေခဲ့တယ်ဆိုပေမယ့် ရွှီမိသားစုမှာဆို ရွှီဇီရုန်ပိုပြီးတော့ နေလို့ကောင်းမယ်ဆိုတာ ရွှီရှောင်ယုံကြည်သည်။
ကလေးတွေက… အင်း… ကြားရတာတော့ နားခါးပေမယ့် သူတို့တွေကိုချော့ပြောရင် လိမ်လိမ်မာမာလိုက်နာကြသည်။ ဒီကလေးက အနည်းငယ်ကြောက်တတ်တာလည်းပါနေတာဆိုတော့ သူ့ကိုအလွယ်တကူထိန်းချုပ်လို့ရမှာပဲ။
ရွှီဇီယန်အတွက် ရွှီဇီရုန်ကလွဲပြီး အခြားခုတုံးရှိပါ့မလားလို့ သူစိတ်ပူခဲ့ရသည်။ ဒါပေမယ့် ဒီနေ့ရွှီဇီယန်၏အပြုအမူတွေကိုကြည့်ပြီး ထိုအစီအစဉ်ကိုလက်လျော့လိုက်သည်။
ဒီနေ့ရွှီဇီယန်၏အပြုအမူအတိုင်းဆိုလျှင် ခဏတော့ဘာခုတုံးမှလိုမည်မဟုတ်ပေ။ အကယ်၍နောက်အခါမှာလိုလာရင် အချိန်မနောက်ကျခင် အခြားတစ်ယောက်ကိုရှာထားရမည်။
ရွှီဇီယန်အလွန်စိတ်ကြည်နေသည်။ ဒီနေ့စာကြည့်ခန်းထဲမှာ ရွှီရှောင်ကသူ့ကိုအနာဂတ်အတွက် ပိုပြီးတော့ယုံကြည်သွားသလိုခံစားရသည်။
သူအဆင့်တတ်သွားတာက ရွှီဇီရုန်နဲ့ဆက်စပ်နေတယ်လို့ ရွှီရှောင်ဘာကြောင့်တွေးလည်းတော့ သူမသိပေမယ့် ရွှီဇီရုန်ကိုသူအနားထားဖို့ အခွင့်အရေးကြီးကို သူလက်လွတ်ခံရအောင် ငပိန်းမှမဟုတ်တာ။
ဘာလို့ဆိုတော့ သူကဇာတ်ကြောင်းအကုန်သိနေပြီး သူ့မှတ်ဉာဏ်ထဲကဟာတွေနဲ့ ဆက်စပ်လိုက်ပြီး သူအလျင်အမြန်ဆင်ခြေပေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူရုတ်တရပ်အပြုအမူပြောင်းသွားတာက ဒီနေ့အဆင့်တတ်သွားတာကြောင့်ဆိုပြီး လုပ်လိုက်သည်။
ရွှီရှောင်ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူဘာအကြံဉာဏ်မှထွက်မှာမဟုတ်ဘူး။ နောက်ဆုံးတော့ သူယုံဖို့လက်ခံရမှာပဲ။ ပြီးတော့ တစ်ဖက်လူကသူ၏ဆင်ခြေနဲ့ပတ်သက်ပြီး ဘာမှမရှာတွေ့ရင် ဘာပြဿနာကြီးကြီးမားမားမှ ဖြစ်စရာမလိုတော့ဘူး။
ဒီနေ့သူတို့နှစ်ယောက်ကြား အပြန်အလှန်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ပထမဆုံးခြေလှမ်းအဖြစ် ရွှီဇီယန်ဟာရွှီဇီရုန်ရဲ့ကံကြမ္မာကို ပြောင်းလဲလိုက်သည်။ နောက်ဆုံးပြောရမည်ဆိုလျှင် ရွှီမိသားစုကရွှီရှောင်လက်ထဲမှာသာရှိသေးသည်။ အကယ်၍ ရွှီရှောင်သာလက်မခံပါက ရွှီဇီရုန်နဲ့အတူရွှီမိသားစုကနေ ရွှီဇီယန်ထွက်သွားဖို့ကလွဲရင် သူဘာမှတတ်နိုင်မှာမဟုတ်ဘူး။
အခုတော့ဒီပြဿနာကြီးပြီးသွားပြီး နှစ်ဖက်စလုံးကလည်း အလွန်အမင်းပျော်ရွှင်သွားကြသည်။
ရွှီဇီယန်ကလည်း အခုရွှီရှောင်ရဲ့ထောက်ခံမှုကိုရပြီး ရွှီရှောင်ကလည်းရွှီဇီယန်ရဲ့ခွင့်လွှတ်ခြင်းကို ရတာကြောင့် နှစ်ဦးသားစလုံးကအလွန်ပျော်နေကြသည်။
ဒါပေမယ့် သူကရွှီရှောင်နဲ့စကားပြောတာ သိပ်မကြာလိုက်ဘဲ ကောင်းကင်ကလည်းမမှောင်သေးတာကြောင့် လျှို့ရှန်အဆောင်သို့ ပြန်လာသည်။ လမ်းတစ်လျှောက် လူတွေကသူ့ကိုတွေ့တိုင်း အရိုအသေပေးကြပြီး ရွှီမိသားစုမှာဆိုလျှင် သူ့ရဲ့အဆင့်အတန်းက အလွန်မြင့်သည်။
ဟမ်??
ရွှီဇီယန်ခြေလှမ်းတွေက ရုတ်တရပ်ရပ်သွားပြီး အလျင်အမြန် ပုံမှန်ပြန်ဖြစ်သွားသည်။
သူ့အရှေ့ကလေပေါ်ပေါလောပေါ်နေသည့် ကုဗတုံးကနေ အရိပ်တစ်ခုကို သူမြင်လိုက်ရပြီး မျက်တောင်တစ်ခပ်အတွင်းမှာပင် အရိပ်ကချက်ချင်းပျောက်သွားသည်။
လော့ဟွ သူအနားမှာရှိနေတုန်းက ထိုကုဗတုံးထဲကဝတ္ထုစာအုပ်ကို သူထုတ်ယူဖူးသည်။ ဒါပေမယ့် လော့ဟွဘာမှမမြင်ပုံကိုထောက်ရရင် ဒီဝတ္ထုစာအုပ်ကို ဒီကမ္ဘာကလူတွေအားလုံး မမြင်ရဘူးဆိုသည့် ကန့်သတ်ချက်ရှိမယ်လို့ သူထင်မိသည်။
ကုဗတုံးကိုပေါလောပေါ်အောင် ဘယ်လိုလုပ်ထားလည်းဆိုတာ သူအချိန်တော်တော်ကြာတွေးလိုက်ရသည်။ ကံမကောင်းစွာ သူဘာမှစဉ်းစားလို့မရပေ။ နောက်တော့ ပစ္စည်းတစ်ချို့ကို သူထည့်ကြည့်သေးသည်။ သေတ္တာကပစ္စည်းထည့်ဖို့ကလွဲရင် အခြားဘာမှရှာမတွေ့သေးပေ။ ပြီးတော့ကုဗတုံးကလည်းကြီးကြီးမားမား ဆန့်ပုံမပေါ်ဘူး။
ထိုကုဗတုံးလေးက လေပေါ်ပေါ့ပေါ့ပါးပါး ပေါလောပေါနေသည်။ ထိုအရာက သူ့မျက်စိကနေ ဖန်ခွက်လိုမျိုးဖောက်ထွင်းမြင်နိုင်စွမ်းရှိပုံရသည်။ ဒါပေမယ့် ဒီဖန်ကုဗတုံးက အရာအားလုံးနဲ့လုံးဝကွဲပြားသည်။ ရွှီဇီယန် ထိုအရာကို လှမ်းကိုင်ဖို့ကြိုးစားလိုက်တိုင်း ထိုအရာကသူ့လက်ကို ဖောက်ထွက်သွားပြီး ဘာမှမထိပေ။
သူထိုစာအုပ်ကို ထုတ်ချင်တယ်ဆိုမှ ထိုအရာကိုသူထိလို့ရသည်။ တစ်နည်းဆိုရလျှင် ဒီသေတ္တာဟာ ဒီကမ္ဘာကမဟုတ်လောက်ဘူး။ ၎င်းကတည်ရှိနေသော်လည်း ထိလို့မရပေ။
ဒါပေမယ့် အခုသူလူအရိပ်ကို သေတ္တာမျက်နှာပြင်ကနေမြင်လိုက်ရသည်။ လူတစ်ယောက်ရဲ့အရိပ်လို့ ပြောရင်မမှားနိုင်ဘူး။ သူမြင်လိုက်တာက လူတစ်ယောက်ရဲ့ရင်ဘတ်အရိပ်ဆို ပိုပြီးတော့မှန်ကန်လိမ့်မည်။
ထိုအရာကအလင်းပြန်တာဆိုပေမယ့် ရွှီဇီယန်ကတော့ သူ့မျက်စိသူယုံကြည်သည်။ ဒီလိုအခြေအနေမှာ လူတစ်ယောက်က သူ့ကိုနောက်ယောင်ခံလိုက်နေသည်။ သူကထိုလူကိုမမြင်လိုက်ပေမယ့် သေတ္တာ၏မျက်နှာပြင်ကနေတော့ ထိုလူရဲ့အရိပ်ကိုမြင်လိုက်သည်။
သူ၏မှတ်ဉာဏ်ထဲကအရဆိုရင် ရွှီမိသားစု၌ တိတ်တဆိတ်ပညာသင်ပေးထားသည့် အလွန်တော်တဲ့ကိုယ်ရံတော်တွေရှိသည်။ ဒါပေမယ့် လျှို့ဝှက်ကိုယ်ရံတော်တွေဟာ သူတို့ကာကွယ်ပေးရမယ့်သူရဲ့အနားမှာပဲ အမြဲရှိနေပြီး သူတို့ရဲ့တည်ရှိမှုတွေကို ဖုံးကွယ်ထားကြသည်။ ရွှီဇီယန်ဟာ ဒီလိုအခြေအနေမျိုးကို မကြုံသေးဖူးဘူး။
သူကဖြေးဖြေးချင်းတစ်ဖက်သို့ ဂရုမစိုက်ဟန်လှည့်လိုက်သည်။ အခြားလူတွေအမြင်မှာတော့ ရွှီဇီယန်ဟာ သဘာဝရှုခင်းတွေကို ကြည့်နေသည့်ပုံစံဖြစ်သည်။ ဒါပေမယ့် လျှို့ဝှက်ကိုယ်ရံတော်ကတော့ အမှောင်ထဲကနေ သူ့အားမြင်လိုက်ပြီလားဆိုပြီးတော့ ထူးဆန်းသည့်ခံစားချက်တွေရနေသည်။
လျှို့ဝှက်ကိုယ်ရံတော်ကခေါင်းရမ်းလိုက်သည်။ ဒါမဖြစ်နိုင်ဘူး၊ ရွှီဇီယန်ကအခုမှ ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲရှိသေးတာ။ သူ့ရဲ့တည်ရှိမှုကို သိဖို့ဆိုတာမဖြစ်နိုင်ဘူး။ ထိုလူမသိတာက ရွှီဇီယန်မျက်လုံးတွေဟာ ကစားနေပြီး သူ့အကြည့်တွေဟာ ထိုလူပုန်းသည့်နေရာသို့ရောက်လာပြီး ခတ္တရပ်သွားသည်။
ရွှီဇီယန် သူရှာလိုသည်ကို တွေ့သွားသောအခါ သူ့ကိုယ်ကိုလှည့်လိုက်ပြီး သွားလိုရာနေရာသို့သွားနေရင်း သူ့မျက်ခုံးအနည်းပင့်သွားသည်။
ရွှီရှောင်ကသူ့သားအပေါ်အလွန်ကောင်းတာပဲ။ လျှို့ဝှက်ကိုယ်ရံတော်တောင် စေလွှတ်ထားသေးသည်။ ထိုကိုယ်ရံတော်က သူ့ကိုကာကွယ်ဖို့လား၊ စောင့်ကြည့်ဖို့လားဆိုတာ သူဖြေးဖြေးချင်းဖော်ထုတ်ရမည်။
ထိုလျှို့ဝှက်ကိုယ်ရံတော် ကိုယ်ထင်မပြသရွေ့ ရွှီဇီယန်မြင်ပြီးပြီဆိုတာကို ထုတ်ပြောရအောင် သူအဲ့လောက်ထိမတုံးဘူး။ သူတစ်ချက်မျှသာပြုံးလိုက်ပြီး ထိုအပြုံးက လျှို့ဝှက်ကိုယ်ရံတော်ကိုမျက်ခုံးလှုပ်သွားစေသည်။
“ဇီရုန်၊ မင်းအဆင်ပြေရဲ့လား?” ရွှီဇီယန် အသာလေး တံခါးခေါက်လိုက်သည်။ သူကကြုံသလို ရွှီဇီရုန်အခန်းထဲကို ဝင်မသွားဘူး။ ဘာလို့လဲဆိုတော့ ရွှီဇီရုန်ကရှစ်နှစ်အရွယ်ပဲရှိသေးလို့ဖြစ်သည်။