Chapter 15
Chapter 15
ချီးပဲ! သူလှည့်စားခံလိုက်ရပြီ!
ရွှီဇီရုန်မျက်နှာဟာ ရုတ်ချည်း မည်းမှောင်သွား၏။
သူ့အပေါ်ဖိအားထားသည့် ဖိအားကသိပ်တော့မများပေမယ့် သူ့လိုမျိုးရှစ်နှစ်အရွယ်ကလေးအတွက်တော့ အလွန်လေးလွန်းသည်။ အကယ်၍သူသယ်နိုင်သည်ဆိုရင်တောင် ငါးပေါင်ဝန်းကျင်လောက်ပဲရမည်။ ဒါကအရမ်းကြီးပေါ့နေတာလဲ မဟုတ်ဘူး၊ လေးလွန်းနေတာလဲမဟုတ်ဘူး။ ဒီလောက်ဖိအားကတော့ သာမန်လူတောင်ခံနိုင်သေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူလိုကလေးခန္ဓာကိုယ်အရွယ်အား ဒီလိုမျိုးဖိအားနဲ့ တောင်တက်ခိုင်းတယ်ဆိုတော့ ‘နည်းနည်းပင်ပန်းတယ်’ ဆိုသည့်စကားနေရာမှာ ‘အရမ်းပင်ပန်းတယ်’ ဆိုသည့်စကားလုံးကို ပြန်အစားထိုးရလိမ့်မည်။
ရွှီဇီရုန်ဟာသူအောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း သူ့စိတ်ထဲကမှတ်စုစာအုပ်ထဲမှာ ရွှီဇီယန်အကြောင်းကို ရေးမှတ်လိုက်သည်။ သူကသူ၏လက်မောင်းများနှင့် ပုခုံးများသက်သောင့်သက်သာ ရှိနေရန် ပြင်လိုက်သည်။ ထို့နောက် သူဟာ သူ့ကိုယ်ပေါ်ကဖိအားနဲ့အတူ တောင်ပေါ်သို့ပြန်တက်ပြန်သည်။
ထုံးကျောက်လှေကားထစ်တွေ တစ်ထစ်ပြီးတစ်ထစ်တက်ပြီးနောက် ရွှီဇီရုန်၏ခြေထောက်တွေဟာ တဖြေးဖြေး လေးလံလာသည်။
ချွေးတွေကလည်း သူ့နဖူးပေါ်ကနေ စီးကျလာ၏။ အစတုန်းက သူတွေးထားတာကတော့ တောင်တက်တာဟာ ဘယ်လောက်မှအင်အားစိုက်စရာမလိုဘူးပေါ့။ သာမန်ခရီးကိုလမ်းလျှောက်သလောက်လွယ်လွယ်လေးပဲပေါ့။ ဒါပေမယ့်အခုတော့ ထင်ထားသလို လွယ်လွယ်ကူကူမဟုတ်ခဲ့ဘူး။
သူဟာအရင်တုန်းကလို ဘာမဆိုလုပ်နိုင်သည့် သွေးမိစ္ဆာသခင်မဟုတ်ဘူးဆိုတာ သူမေ့သွားသည်။ သူကအခုမှရှစ်နှစ်အရွယ်ပဲရှိသေးတာ။ မနေ့ကစိတ်ဝိညာဥ်စွမ်းအင်တွေကို လွယ်လွယ်ကူရခဲ့ပေမယ့် သူကအခုမှအားနည်းသည့် ကလေးအရွယ်ပဲရှိသေးသည်။
တစ်လှမ်းပြီးတစ်လှမ်း…………
ရွှီဇီရုန်၏အနီရောင်နှုတ်ခမ်းလေးဟာလည်း သွေးရောင်တောင်မရှိတော့ပါ။ သူဟာခါးကိုကိုင်းထားကာ ဖိအားကိုခံနိုင်အောင် လုပ်နေရပြီး ချွေးတွေကလည်း သူ့မျက်လုံးထဲတွေရော တစ်ကိုယ်လုံးရွှဲရွှဲစိုနေသည်။
သူ့အမြင်အာရုံဟာဝေဝါးလာပြီး တောင်ထိပ်နဲ့ပိုဝေးသလို ခံစားနေရသည်။ သူဘာလို့ဒါကိုဆက်ပြီးလုပ်နေရတာလဲဆိုတာ သူ့ကိုယ်သူတောင်နားမလည်နိုင်ပါ။ အခုလက်ရှိသူ၏စွမ်းရည်နဲ့ လေ့ကျင့်ရေးကွင်းကို မဝင်နိုင်ရင်တောင် ရွှီဇီရုန်ကသွေးပင်လယ်နှလုံးကျင့်စဉ်ကို သူ့ဟာသူလေ့ကျင့်လို့ရသည်။
သူစိတ်ထဲကအသံတစ်ခုက သူ့ကိုပြန်မေးနေ၏။
‘ဘယ်ကအစ်ကိုလဲ? ဘာလို့ရွှီမိသားစုမှာ အလကားအချိန်ဖြုန်းနေရတာလဲ? သူတို့တွေကမင်းခြေဖဝါးအောက် တစ်နေ့ရောက်လာမှာပဲ။ မင်းတကယ်ရှာသင့်တာက လုံခြုံတဲ့နေရာပဲ။ ယုန်တွေကိုသတ်ပြီး ကျင့်ကြံရင် မင်းပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ဝင်သွားလိမ့်မယ်။ မင်းစွမ်းအားကြီးသွားတဲ့အချိန်ကျရင် ရွှီမိသားစုကလူတွေအာလုံးဟာ အိမ်မွေးတိရိစ္ဆာန်သာသာပဲရှိတာ။ မင်းကြိုက်တဲ့အချိန် သူတို့ကိုသတ်လို့ရပြီ။’
ရွှီဇီရုန်၏တွေးတောနေသောမျက်နှာလေးဟာ တည်ကြည်သွားသည်။ သူ၏သိမ်မွေ့လှသည့်မျက်နှာလေးက လှပပြီးတော့ထက်မြက်သည့်ပုံစံဖြစ်သွားသည်။
သူကအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး မှုန်ဝါးဝါးဖြစ်နေသည့်မျက်လုံးဖြင့် တောင်ထိပ်သို့ကြည့်လိုက်ပြီး သူ့ရင်ထဲအလိုမကျမှုများ ဖြစ်လာသည်။
အရင်ဘဝကသူဒီနေရာကို လာဖို့အခွင့်အရေးမရခဲ့တာဆိုတော့ ထားပါတော့။ အခုဘဝ၌ရွှီဇီရုန် အခွင့်အရေးရခဲ့ပြီ။ သူဒီစမ်းသပ်ချက်လေးကို မခံနိုင်တာနဲ့ လက်လျော့လိုက်ရတော့မှာလား?
အဲ့လိုသာအရှုံးပေးရမယ်ဆိုရင် သူ့ကိုယ်သူအထင်သေးမိမှာအမှန်ပဲ! ဘာလို့လဲဆိုတော့ အရှုံးပေးချင်သည့်လူကသာ အလကားသက်သက် အချိန်ဖြုန်းတာလို့ သူသတ်မှတ်ထားလို့ပဲ!
သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး ရွှီဇီရုန်ဟာအသက်ကိုပြင်းပြင်းရှူထုတ်ရင်း မျက်လုံးတွေကိုပြန်ဖွင့်လိုက်သည်။
သူဟာနှိပ်စက်ခံရသည့်ဒဏ်တွေကြောင့် အသန်မာဆုံးဖြစ်လာခဲ့သည်။ ဒီတောင်တက်တာလောက်ကတော့ သူဘာလို့ခံနိုင်ရည်မရှိရမှာလဲ?
တစ်လှမ်းပြီးတစ်လှမ်း လေးလံပြီးနှေးကွေးသည့် ခြေလှမ်းတွေက တောင်ထိပ်သို့ တရွေ့ရွေ့တက်လာလေသည်။ ရွှီဇီရုန်မသိသောအခြားနေရာမှာတော့ ရွှီဇီယန်ဟာ မျက်နှာဝါဝါတုတ်ခိုင်လှသည့် လူတစ်ယောက်နဲ့ သွေးအေးတိုက်ပွဲရင်ဆိုင်နေရသည်။
“ဘာကြောင့်လဲ?” ရွှီဇီယန်ပုံစံကအရမ်းကို ဒေါသထွက်နေ၏။ ဒီတောင်ထိပ်တက်နိုင်ဖို့ဆိုတာ မလွယ်မှန်းသူသိပေမယ့် ရွှီဇီရုန်ကိုဖိထားသည့်ဖိအားက သူထင်ထားတာထက်ပိုများနေသည်။
မျက်နှာဝါဝါနဲ့တုတ်ခိုင်လှသည့်လူက ရွှီဇီယန်ကိုတစ်ချက်ကြည့်လိုက်ပြီး “သခင်လေးကမေ့နေပြီနဲ့တူတယ်။ ဒီအချက်ကစည်းမျဉ်းထဲမှာပါတယ်လေ။”
“ဘာစည်းမျဉ်းလဲ!” ရွှီဇီယန်က ဒေါသတကြီးအော်လိုက်သည်။ မူလရွှီဇီယန်နဲ့ဒီလူကြားက ဆက်ဆံရေးဟာအဆင်မပြေပါ။ ဒါကြောင့်ဒီလူကတမင် သူ့အားလက်တုံ့ပြန်တာလားလို့ တွေးလိုက်မိသည်။
တုတ်ခိုင်လှသည့်လူ၏မျက်နှာက တစ်စက်မှမပြောင်းလဲဘဲ ထိုအစားရယ်လိုက်သေးသည်။
“သခင်လေးက သခင်ကြီးရဲ့သားဖြစ်တာကြောင့် အံ့ဩစရာကောင်းတဲ့စွမ်းရည်ရှိတာပေါ့။ နောင်ကျရင်လဲ သခင်လေးက ကြီးမားတဲ့ကျင့်ကြံခြင်းဂိုဏ်းတွေမှာ တပည့်သွားခံရမှာလေ။ ဒီလိုလေ့ကျင့်ရေးကွင်းမျိုးက သခင်လေးလိုလူကို စမ်းသပ်နေပါ့မလား။ ဒါပေမယ့် ဒီရွှီဇီရုန်ကသခင်လေးလောက် စွမ်းရည်မှမရှိတာ။ ရွှီမိသားစုရဲ့စည်းမျဉ်းအရ အပြင်ကနေကလေးတစ်ယောက်ကိုခေါ်လာပြီးတော့ ရွှီမိသားစုရဲ့လေ့ကျင့်ရေးကွင်းထဲဝင်ဖို့ဆိုရင် ဖိအားနှစ်ဆခံနိုင်မှ အရည်အချင်းရှိတယ်လို့ သတ်မှတ်ရလိမ့်မယ်။”
“ဒါပေမယ့် သူကအခုမှရှစ်နှစ်ပဲ ရှိသေးတာလေ။” ရွှီမိသားစုမှာ ဒီလိုမျိုစည်းကမ်းချက်ရှိမှန်း ရွှီဇီယန်မှတ်မိလိုက်သည်။ ဒါပေမယ့် ထိုစည်းကမ်းက ဆယ်နှစ်အရွယ်ကလေးတွေ အတွက်ပဲဖြစ်တာလေ။
မျက်နှာဝါဝါနဲ့တုတ်ခိုင်လှသည့်လူက သူ့အားမကြည့်ခင် စကားလုံးအချို့ကိုပြောလိုက်သည်။ “ဒါဆိုလည်း သူဆယ်နှစ်ပြည့်မှ သခင်လေးသူ့ကို ဒီခေါ်လာခဲ့ပေါ့။”
ရွှီဇီယန် ပိုပိုပြီးဒေါသထွက်လာသည်။ ဒီနှစ်ဆိုသူကဆယ့်နှစ်နှစ်ပြည့်ပြီဖြစ်ပြီး ရွှီဇီရုန်ကတော့ရှစ်နှစ်သာရှိသေး၏။
သူအသက်ဆယ့်ငါးနှစ်ပြည့်ရင် ရွှီမိသားစုကိုပံ့ပိုးပေးသည့် လျှိုကွမ်းဂိုဏ်းတွင် တပည့်သွားခံရမည်ဖြစ်သည်။ သူ့စွမ်းရည်နဲ့ဆိုရင် လျှိုကွမ်းဂိုဏ်းမှာ တပည့်သွားခံလို့ရပေမယ့် ရွှီဇီရုန်ဟာ ထိုအချိန်မှဆယ့်တစ်နှစ်ပဲရှိအုန်းမှာ။ အကယ်၍ သူဟာအသက်ဆယ်နှစ်မှာမှ ကျင့်ကြံခြင်းစမယ်ဆိုရင် သူ၏တြိဝိညာဉ်သွေးကြောနဲ့ နေ့နေ့ညညကျင့်ကြံရင်တောင် အလွန်ဆုံးတတိယချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုပဲ ရောက်နိုင်မှာ။ ဒီလောက်ကျင့်ကြံခြင်းအဆင့်လောက်နဲ့ လျှိုကွမ်းအဆောင်ကလက်ခံမှာ မဟုတ်လောက်ဘူး။
အကယ်၍သူတို့က ရွှီဇီရုန်ကိုသူနဲ့အတူ ခေါ်သွားခွင့်မပြုဘူးဆိုရင် ရွှီဇီရုန်တစ်ယောက်ထဲကျန်ခဲ့ပြီး အိမ်တော်ကအခြားကလေးတွေ အနိုင်ကျင့်မှာကိုလည်း သူစိတ်ပူမိသည်။ အဲ့လိုသာဖြစ်သွားခဲ့ရင် ရွှီဇီရုန်ကနောက်တစ်ကြိမ် သွေးမိစ္ဆာပြန်ဖြစ်သွားရင် သူဘယ်လိုလုပ်ရမလဲ?
အရင်ရွှီဇီယန်လိုမျိုးပဲ ရွှီဇီရုန်ကိုသူသတ်ပစ်ရမှာလား။ သူလျှိုကွမ်းဂိုဏ်းမှာ သိုင်းပညာသင်နေတုန်း ရွှီမိသားစုဘယ်လိုဖြစ်သွားပြီဆိုတာ သူကြားရမှာလား?!!
အဲ့လိုအဖြစ်မခံနိုင်ဘူး! သူရွှီမိသားစုကနေထွက်သွားတာနဲ့ ရွှီဇီရုန်ကိုသူ့အနားခေါ်ထားပြီး သူ့ညီလေးကိုလူလိမ်လူညာတွေဆီကနေ ကာကွယ်ပေးရမည်။
အဲ့ဒါအားလုံးထက် စိတ်နေသဘောထားအရဆို ရွှီအဖေကိုလည်း ယုံလို့မရဘူး။
ရွှီဇီယန်မျက်နှာဟာဖြူဖပ်ဖြူရော်ဖြစ်လာသည်။ ဒီမျက်နှာဝါဝါတုတ်ခိုင်သည့်လူက စည်းမျဉ်းအကြောင်းပြောလိုက်ပြီဆိုတော့ ဘာမှလုပ်လို့မရတော့ဘူး။ ရွှီဇီယန်ဟာဒေါသထွက်နေတယ်ဆိုရင်တောင် သူစည်းကမ်းကိုတော့ မချိုးဖောက်ပါ။ ရွှီဇီယန်ဟာတောင်ထိပ်ပေါ်သို့ တစ်လှမ်းချင်းတက်နေသည့် ရွှီဇီရုန်ကို အကူအညီမဲ့စွာကြည့်နေရပြီး သူ့စိတ်ထဲ၌ဆုတောင်းဖို့တာ တတ်နိုင်တော့သည်။
ရွှီဇီရုန်၏ခြေထောက်နှစ်ဖက်စလုံး တောင်ထိပ်ပေါ်ရောက်သည်နှင့်တစ်ပြိုင်နက် ရွှီဇီယန်ကလည်းချက်ချင်းပြေးထွက်သွား၏။ သူဟာ လဲကျမလိုဖြစ်နေသည့် ရွှီဇီရုန်ကိုယ်ကိုပွေ့လိုက်ပြီး ရွှီဇီရုန်၏ကိုယ်ကို ခေါင်းအစခြေအဆုံးစစ်ဆေးပြီးမှသာ သူသက်ပြင်းချနိုင်သည်။
ရွှီဇီယန်ကခေါင်းလှည့်လိုက်ပြီး မျက်နှာဝါဝါနဲ့လူအား တင်းမာသောမျက်နှာထားဖြင့် ကြည့်လိုက်သည်။ “အခုသူဝင်လို့ရသွားပြီမလား?”
မျက်နှာဝါဝါနဲ့လူကလည်း မျက်နှာသေဖြင့် “သူကတုန်းရှန်းလှေကားကို လျှောက်နိုင်မှတော့ သူအခုလေ့ကျင့်ကွင်းထဲ ဝင်လို့ရပါပြီ။”
ရွှီဇီယန်အံကြိတ်လိုက်၏။ ‘ဒါစည်းကမ်းပဲ’ဆိုပြီး ပြောနေသည့်ဒီလိုလူမျိုးတွေကို သူသေလောက်အောင်မုန်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် နေရာအများစုမှာတော့ ကိုယ့်ဘဝကိုရပ်တည်နိုင်ဖို့ ဒီလိုလူမျိုးတွေလိုအပ်ကြသည်။
သူကသတိရတစ်ချက်၊မရတစ်ချက်ဖြစ်နေသော ရွှီဇီရုန်ကိုပွေ့လိုက်ပြီး ရှေ့ကတဲလေးထဲသို့ မြန်မြန်ပြေးသွားသည်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးကွင်းကနေ ဒဏ်ရာရလာရင် ကုသပေးဖို့ ရွှီမိသားစုကနေ နာမည်ကြီးသည့်ဆေးဆရာတစ်ယောက်ကို ခေါ်ထားပေးသည်။
ရွှီဇီယန်ထွက်သွားပြီးနောက် မျက်နှာဝါဝါနဲ့တုတ်ခိုင်သောလူက ခန့်မှန်းရခက်စွာ မျက်ခုံးတွေကျဉ်းမြောင်းသွားသည်။
ဒီသခင်လေးကပြောပြလို့မရအောင် စွမ်းရည်ရှိပေမယ့် သူကအရမ်းဆရာကြီးလုပ်လွန်းသည်။ ပြီးတော့ သူ၏အဆင့်အတန်းကို အသုံးချပြီး လေ့ကျင့်ရေးကွင်းကို မကြာခဏမလာတာလည်းရှိသည်။ လေ့ကျင့်ရေးကွင်းမှာလည်း မျက်နှာဝါဝါနဲ့လူ၏သင်ကြားမှုတွေကို လိုက်နာလေးစားတာ အလွန်ရှားသည်။
ဒါပေမယ့် ဒီနေ့ရွှီဇီယန်၏အပြုအမူတွေက မျက်နှာဝါဝါနဲ့တုတ်ခိုင်သည့်လူ——ရွှီမော့ကို အနည်းငယ် အံ့ဩသွားစေသည်။ အရင်တုန်းကဆိုရင် ဒီသခင်လေးကမိဘစကားလည်းမနာခံဘူး။ သူ့အားပြန်ခံပြောသည့်လူတွေကိုလည်း ဆဲဆိုလေ့ရှိသည်။ ဒီတစ်ခါတော့ သူ့အားသဘောမကျသလို စိမ်းစိမ်းဝါးဝါးကြည့်တာကလွဲရင် ဘာမှမပြောသွားဘူး။ အဲ့ဒါကသူ့ကို——တော်တော်လေး စိတ်ရှုပ်ထွေးစေသည်။
အကယ်၍ရွှီဇီယန်သာ ရွှီမော့တွေးနေတာကို သိသွားမယ်ဆိုရင် သူ့စိတ်ထဲမှာပြောနေမိလိမ့်မည်။
‘ခင်ဗျားကြီးဟာကို ဆဲရအောင် လာမလုပ်နဲ့………..’
‘ရွှီဇီရုန်ကအရမ်းပင်ပန်းပြီး အားနည်းသွားလို့ မေ့သွားတာပါ’ဆိုသည့်စကားကို သမားတော်ဆီကကြားမှ ရွှီဇီယန်သက်သာရာရသွားတော့သည်။
ဒါကသူတို့ရဲ့လေ့ကျင့်ရေးကွင်းကိုလာသည့် ပထမဆုံးရက်ပဲရှိသေးသည်။ အကယ်၍ ရွှီဇီရုန်သာရွှီမိသားစု၏လေ့ကျင့်ရေးကွင်းကို မသွားချင်တော့ဘူးဆိုရင် ပြဿနာတတ်လိမ့်မည်။ ဝတ္ထုထဲမှာ ရွှီဇီရုန်ကမကျေနပ်ချက်တွေ၊ မယုံကြည်မှုတွေ၊ အလွန်များတယ်လို့ ဖော်ပြထားတာ သူမှတ်မိသေးသည်။ ဒါပေမယ့် အဲ့ဒီဝတ္ထုက ပိုင်ဟွအမြင်ဘက်ကနေပြထားတာမလို့ ရွှီဇီယန်မှတ်ဉာဏ်လောက်တော့ ယုံကြည်လို့မရမှန်း သူနားလည်သည်။ ဘာလို့လဲဆိုတော့ ဒီကလေးငယ်စဉ်ဘဝက အရမ်းနာကျင်ခံစားခဲ့ရတာဆိုတော့ သူဒီလိုမျိုးသွေးမိစ္ဆာဖြစ်သွားတာကလည်း အံ့ဩစရာမရှိပါဘူး။
“ကိုကို?” ရွှီဇီရုန်မျက်လုံးဖွင့်လာပြီး သူ့မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ချစ်စရာကောင်းအောင် ရွှီဇီယန်ကိုစိုက်ကြည့်နေသည်။
အမှန်တကယ်တော့ သူအဲ့လောက်ထိအားမနည်းပါ။ တောင်ထိပ်တက်ရင်း ဖိထားသည့်ဖိအားက လေးလံပေမယ့် သူ့ခံနိုင်ရည်ကိုတော့ မကျော်သေးပါဘူး။ သူတောင်ထိပ်ကိုရောက်သည့်အချိန်၌ ရွှီဇီယန်စိတ်ပူနေသည့်မျက်နှာအား တွေ့လိုက်ရသည်။ ရွှီဇီယန်က ဘာလို့အဲ့လိုပုံစံမျိုးဖြစ်နေလဲဆိုတာ သူနားမလည်ပေမယ့် အဲ့မြင်ကွင်းက သူ့စိတ်ကိုတုန်လှုပ်သွားစေပြီး သူမျက်လုံးများလည်းပိတ်ကျသွားတော့သည်။
ဒါပေမယ့် သူတွေးထားသလို အေးစက်သည့်မြေပြင်နဲ့မထိသွားဘဲ နွေးထွေးသည့်လက်မောင်းတွေက သူ့ကိုပွေ့ထားပြီး သူ့ကိုယ်ကိုချီမကာ ဆေးပင်ရနံ့တွေရှိသည့် အခန်းထဲသို့ ခေါ်ဆောင်သွားခြင်းခံရသည်။
ရွှီဇီရုန်ဟာထိုခံစားချက်ကြောင့် တစ်မျိုးဖြစ်နေ၏။ ဘာကြောင့်လဲဆိုတော့ အချိန်ကြာမြင့်စွာ သူ့နှလုံးသားကအေးစက်နေခဲ့ပြီး ရုတ်တရက် နွေးထွေးသည့်ခံစားချက်ကို ခံစားမိလိုက်ခြင်းကြောင့်ဖြစ်သည်။
အဲ့ဒါကအရမ်းထူးဆန်းတာပဲ။ အရင်ဘဝတုန်းက သူဆယ်စုနှစ်ကြာအောင်နေခဲ့တာတောင် သူဟာ နွေးထွေးမှုတစ်စုံတစ်ရာကိုမျှမရခဲ့ဘူး။ ဒါပေမယ့် အခုတော့သူကထိုနွေးထွေးမှုမျိုးကို သူ၏ရန်သူဆီကနေရတယ်တဲ့လား။
သူ့ရင်ထဲ၌ သူ့အားနည်ချက်သူဖော်ထုတ်မိလို့ လှောင်ပြောင်လိုက်သည်။ သူတကယ်ပဲကလေးစိတ်ဖြစ်သွားတာလား? သူ့အတွက်ဘာမှအရေးမပါသည့် ဒီနွေးထွေးမှုလေးကို သူတောင့်တနေမိတာလား။
“ဇီရုန် မင်းအဆင်ပြေရဲ့လား? ဇီရုန်သက်သောင့်သက်သာမဖြစ်တဲ့ နေရာရှိလား?” ရွှီဇီယန်ကလူငယ်အရွယ်ဆိုရင်တောင် သူ့အသံကပြတ်သားလေ့ရှိသည်။ အခုတော့သူ၏အသံကနူးနူးညံ့ညံ့လေးဖြစ်နေသည်။
“ကျွန်တော််အဆင်ပြေပါတယ်။” ရွှီဇီရုန်ခေါင်းခါလိုက်ရင်း သူ့စိတ်ထဲ၌ စိတ်ရှုပ်ထွေးမှုတွေ ပေါ်ပေါက်လာသည်။ သူကစပ်စုချင်သည့်ပုံစံမျိုးဖြင့် ရွှီဇီယန်အားမေးလိုက်၏။ “ကိုကို၊ ကျွန်တော်တောင်ပေါ်တက်တော့ ကျွန်တော့်ကိုယ်ကြီးက လေးလာတာ အဲ့ဒါဘာဖြစ်တာလဲ?”
“ဟ…ဟ” ရွှီဇီယန် အနည်းငယ်ရယ်မောလိုက်ပြီး “အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ မင်းကတုန်းရှန်းလှေကားကို လျှောက်ခဲ့ရလို့ အဲ့ဒါကအလွန်စွမ်းအားရှိတဲ့ လက်နက်တစ်မျိုးလေ။”
ရွှီဇီရုန်မျက်ခုံးက ရုတ်တရက်ကျုံ့သွားပြီး : ‘စွမ်းအားရှိတဲ့ လက်နက်တစ်မျိုး?!! ရွှီမိသားစုမှာဒီလိုလက်နက်မျိုးရှိမှန်း သူ့အရင်ဘဝက ဘာလို့မသိခဲ့ရတာလဲ??’
“အဲ့ဒီစွမ်းအားရှိတဲ့လက်နက်က အလွန်စွမ်းအားကြီးတာလား?” ရွှီဇီရုန်ကချက်ချင်း စပ်စုချင်သည့်ကလေး ပုံစံဖြင့်မေးလိုက်သည်။ ရွှီမိသားစုကပစ္စည်းတွေအများကြီး ဝှက်ထားခဲ့လို့ သူလုံးဝမသိခဲ့ရတာဖြစ်မည်။
အရင်ဘဝက သူရွှီမိသားစုကိုသုတ်သင်ပြီးတော့ ထိုဆီကနေကောင်းသည့်အရာအားလုံး သူသိမ်းယူခဲ့သည်။ သူရှာတွေ့ခဲ့တာ ကျင့်ကြံခြင်းလက်နက်အနည်းငယ်ပါပဲ။ အစတုန်းကသူတွေးခဲ့တာက ရွှီမိသားစုဟာသိပ်ပြီး သန်မာမှုမရှိတော့ ပစ္စည်းကောင်းတွေလည်းမရှိဘူးပေါ့။ ဒါပေမယ့် အခုပုံစံအတိုင်းဆိုရင် အဲ့လိုဖြစ်ပုံမပေါ်ဘူး…………
မအံ့ဩတော့ပါဘူး………..
ရွှီဇီရုန်ရုတ်တရက် သဘောပေါက်သွားသည်။ သူရွှီမိသားစုကို မသုတ်သင်မီအချိန်က ရွှီဇီယန်ရဲ့ကျင့်ကြံခြင်းအဆင့်တွေက နှေးလည်းမနှေးကွေးသလို အရမ်းကြီးလည်းမမြန်ဘူး။ သူတွေးမိခဲ့တာကတော့ တချို့တွေက အခွင့်အရေးကောင်းတွေရကြတယ်ပေါ့။ ဒါပေမယ့် အခုသူသိလိုက်ရတာက ရွှီဇီယန်ဟာ ရွှီမိသားစုမရှိတော့မှ ရွှီမိသားစု၏အဖိုးတန်ပစ္စည်းတွေကို ရသွားပြီး စွမ်းရည်တွေတိုးသွားတာပဲ။
“သေချာတာပေါ့။ ဒီစွမ်းအားရှိတဲ့လက်နက်က အလွန်စွမ်းအားကြီးတာပေါ့။” ရွှီဇီယန်ပြုံးလိုက်၏။ “ဒီစွမ်းအားရှိလက်နက်က ဖိအားအမျိုးမျိုးပြောင်းလဲလို့ရတယ်။ အဟန့် အဟန့်….. အဲ့အကြောင်းမပြောခင် ကိုကို မင်းကိုတောင်းပန်ပါတယ်။ ကိုကိုထင်ထားတာက ကိုကိုတို့နှစ်ယောက်စလုံး ဖိအားအတူတူခံရမယ်ထင်ပြီး မပြောပြမိလိုက်ဘူး။ အဲ့ဒါကနည်းနည်းတော့ သက်သောင့်သက်သာမရှိပေမယ့် အရမ်းကြီးတော့အားနည်းအောင်မလုပ်ပါဘူး။ ရွှီမိသားစုကစည်းမျဉ်းထုတ်ထားတယ်တဲ့။ မင်းလိုအရွယ်ဘယ်လိုကလေးမဆို ဖိအားနှစ်ဆခံနိုင်မှ လေ့ကျင့်ရေးကွင်းထဲ ဝင်လို့ရမယ်တဲ့။”