Chapter 16
Chapter 16
ထိုအကြောင်းကိုပြောပြီးနောက် ရွှီဇီယန်အနည်းငယ် ရှက်ရွံ့သလိုခံစားရ၏။ အမှန်တကယ်တော့ သူကဟာသလုပ်ချင်ရုံသက်သက်ပါ။ ဘာလို့လဲဆိုတော့ ညီအစ်ကိုနှစ်ယောက်ကြားမှာ ဟာသအကြောင်းတွေပြောတာက သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ပိုပြီးကောင်းမွန်လာစေမယ်လို့ သူထင်မိလို့ပဲဖြစ်သည်။ ရွှီဇီရုန်ကတကယ့်ကို စိတ်ဓာတ်မာကြောပြီးတော့ အလွန်တည်ငြိမ်သည့် ကလေးတစ်ယောက်ဖြစ်သည်။ ရယ်စရာတွေများများပြောကာ သူ့ရဲ့စိတ်ကိုပျော်ရွှင်အောင်လုပ်ပြီး သူလမ်းမှားမသွားအောင် ကာကွယ်ခြင်းတစ်မျိုးပဲဖြစ်သည်။
ထိုအတွေးကအလွန်ကောင်းတယ်ဆိုပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ပုံစံကပြောင်းပြန်ဖြစ်နေသည်။ ရွှီဇီရုန်တောင်ထိပ်ကို ရောက်အောင်တက်လာပြီး အားနည်းပြီးချွေးတွေရွဲနေသည့် ကိုယ်အားသူပွေ့လိုက်ရသည့်အချိန်ကို ရွှီဇီယန်တွေးမိလိုက်တိုင်း ဒေါသထွက်လာသည်။
ငါ့ရဲ့ညီလေးက ဒီလောက်လိမ်မာပြီး ဒီလောက်ချစ်စရာကောင်းတာ ဟိုအဘိုးကြီးရွှီမော့က မစာမနာအလေးကြီးသယ်ခိုင်းရတာလဲ?! နူးညံ့တယ်ဆိုတဲ့ အဓိပ္ပါယ်ကို သူနားမလည်ဘူးလား?!
ရွှီဇီရုန်ကထိုအရာကိုကြားပြီးနောက် အနည်းငယ်ပြုံးကာ “ကိုကိုတောင်းပန်စရာမလိုပါဘူး။ ကျွန်တော်ဒီအပေါ်ကို ရောက်လာခဲ့ပြီမလား?”
“အမ်… ပြောရမယ်ဆိုရင် ဇီရုန်ကအရမ်း သန်မာတာပဲ! အခြားကလေးတွေဆိုရင် ဆယ်နှစ်အရွယ်မှ လေ့ကျင့်ရေးကွင်းကို ဝင်ရတာ။ ဇီရုန်ကရှစ်နှစ်အရွယ်ထဲနဲ့ ဝင်နိုင်သွားပြီ!” ရွှီဇီယန်က ရွှီဇီရုန်ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး သူကချီးကျူးဖို့ နည်းနည်းလေးမှ တွန့်တိုမနေခဲ့ဘူး။
သူ့ရဲ့မှတ်ဉာဏ်တွေနဲ့ စာအုပ်ထဲကအရဆိုရင် နောင်ကျရင် ရွှီဇီရုန်ကစွမ်းအားမရှိသည့် သာမန်လူတစ်ယောက်မဖြစ်နိုင်တော့ဘူးဆိုတာ ရွှီဇီယန်သေချာသိသွားပြီ။ ဘာလိုပဲဖြစ်ဖြစ် သွေးပင်လယ်နှလုံးကျင့်စဉ်ကို သူမကျင့်ရင်တော့ သူ့ညီလေးဖြစ်သူက ဘဝကိုပျော်ပျော်ရွှင်ရွှင်နေလို့ရပြီ။
ထပ်ပြောရရင် ရွှီဇီရုန်သာသွေးပင်လယ်နှလုံးကျင့်စဉ်ကိုမကျင့်ပါက သွေးစုပ်ပိုးကောင်အမေကြီးကိုဖမ်းဖို့ သူ့သွေးကိုအသုံးချစရာမလိုတော့ဘူး။ အနာဂတ်မှာ သွေးစုပ်ပိုးကောင်ကိစ္စဖြစ်လာရင်တောင် ရွှီဇီရုန်နဲ့ဘာမှသက်ဆိုင်မှာ မဟုတ်တော့ဘူး။
ရွှီဇီယန်က ကယ်တင်ရှင်လည်းမဟုတ်သလို မြင့်မြတ်သည့်လူလည်းမဟုတ်ပါဘူး။ သူလိပ်ပြာမလုံဘူးလို့ခံစားရရင်တောင် အခြားတစ်ယောက်ရဲ့သွေးကို အသုံးချပြီး သွေးစုပ်ပိုးကောင်အမေကြီးကို တိုက်ခိုက်မယ့်အစား သူရဲကောင်းဝင်လုပ်ချင်သည့်ကောင်တွေကိုပဲ တာဝန်ပေးလိုက်မယ် —— ပိုင်ဟွလိုကောင်မျိုးလိုပေါ့။
သူဘယ်တော့မှ ဘယ်လိုအဆက်အသွယ်မျိုးကိုမှ မလုပ်ဘူး —— အဟွတ် အဟွတ် အဲ့လိုခွေးမျိုးနဲ့ပေါ့။
ပိုင်ဟွကိုဒီနာမည်မျိုးတပ်တာက နည်းနည်းဆိုးတယ်ဆိုတာ ရွှီဇီယန်သိသည်။ အခြားလူတွေဘယ်လိုတွေးလဲဆိုတာတော့ သူမသိဘူး။ ဒါပေမယ့်ဘယ်လိုကိစ္စတွေပဲရှိနေရှိနေ အဲ့လိုလူမျိုးနဲ့ သူလုံးဝအဆက်အသွယ်လုပ်မှာမဟုတ်ဘူး။
ရွှီဇီယန်အတော်ကြာကြာ ချီးကျူးပြီးနောက် ရွှီဇီရုန်အနည်းငယ် ရှက်လာသည်။ သူကရှက်ရွံ့စွာ သူ့ခေါင်းကိုလက်ဖြင့်ထိလိုက်ပြီး ရှက်စရာအမူအရာမျိုးကို ဖော်ပြလိုက်သည်။ ဒါပေမယ့် သူ့စိတ်ထဲမှာကတော့ ရွှီမိသားစုဟာ သူအရင်ဘဝကသိခဲ့သည့် ရွှီမိသားစုထက်ပိုပြီး လျှို့ဝှက်ချက်တွေများနေတာကို တွေးနေလေသည်။ ထိုအကြောင်းအရာကြောင့် သူဒီနေရာမှာ ပိုကြာကြာနေရဦးမည်။
ပြီးတော့ အခြားလူတွေရဲ့အခြားလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ထက် သူစိတ်ထဲမှာ တကယ်သိချင်နေသည့် သူ၏လျှို့ဝှက်ချက်ကတော့ သူ့အရှေ့ရွှီဇီယန်ပဲဖြစ်သည်။
ဒီရွှီဇီယန်ဟာ သူ့ကိုအလိုလိုက်ပြီး တကယ်ဂရုစိုက်တာပဲလားဆိုတာ ရွှီဇီရုန်တကယ်သိချင်မိသည်။
ရွှီဇီရုန်အားဂရုစိုက်ပေးရန် သမားတော်အားမှာကြားပြီးနောက် ရွှီဇီယန်ထွက်သွားတော့သည်။
ဘာလို့လဲဆိုတော့ ဒီနေ့ပထမနေ့အဖြစ် ရွှီဇီရုန်ကတောင်ထိပ်ရောက်အောင် တက်လာခဲ့ရတာကြောင့် ဒီနေ့လေ့ကျင့်ရေးအတွက် ဘာမှလုပ်စရာမလိုတော့ပါ။
ဒါပေမယ့်ရွှီဇီယန်အတွက်တော့ မဟုတ်ပေ။ မူလရွှီဇီယန်ကတော့ အကြောင်းမျိုးမျိုးပြပြီး လေ့ကျင့်ရေးကိုမလာပေမယ့် ရွှီဇီယန်ကတော့မလုပ်ချင်ပါ။ အခုလက်ရှိသူ့မှာ မူလရွှီဇီယန်ရဲ့မှတ်ဉာဏ်ပဲရှိသေးတာကြောင့် သူ၏မန္တန်နဲ့ လူတွေကိုကြောက်လန့်အောင်သာ လုပ်နိုင်သေးသည်။ ဒါပေမယ့် အကယ်၍ သူသာတစ်စုံတစ်ယောက်နဲ့ တကယ်တိုက်ခိုက်ရမယ်ဆိုရင် သူကခံရမည့်သူဖြစ်သွားလိမ့်မည်။
မူလရွှီဇီယန်၏စွမ်းရည်က သူ့လိုအရွယ်ကလေးတွေနဲ့ ယှဉ်ရင်အတော်ဆုံးဖြစ်လိမ့်မည်။ အကယ်၍ သူ၏စွမ်းရည်ကိုသာ မလျော့သွားစေချင်ဘူးဆိုရင် နေ့တိုင်းသူလေ့ကျင့်နေမှရမည်။
ပြီးတော့ အချို့အရာတွေက ကြည့်လိုက်ရင်သာ သာမန်လို့ထင်ရပေမယ့် လက်တွေ့လုပ်ကြည့်ပါက ‘သာမန်’ဆိုတာနဲ့ ပိုခက်နေတာကို တွေ့ရလိမ့်မည်။
မူလရွှီဇီယန်နဲ့ ဟိုမျက်နှာဝါဝါနဲ့တုတ်ခိုင်သည့်လူကြီး ကြားမှာ ဘာပြဿနာတွေရှိထားမှန်း သူမသိပေမယ့် ဒီနေ့လေ့ကျင့်ရေးကွင်းမှာ ထိုလူကြီးက ရွှီဇီယန်ကိုမရပ်မနား တောက်လျှောက်လိုက်ကြည့်နေသည်။ သူကရွှီဇီယန်၏လိပ်ပြာမလုံနေသည့် မျက်နှာကို လိုက်ကြည့်နေတာကြောင့် ရွှီဇီယန်သူ့ကိုယ်သူ ဘယ်လိုမျက်နှာထား ထားရမှန်းတောင်မသိဖြစ်သွားသည်။
တကယ်တော့ ရွှီမော့ကစိတ်ရှုပ်နေရုံသက်သက်ပါ။ သခင်လေးကအမြဲတမ်း လေ့ကျင့်ရေးကွင်းကို အထင်သေးလေ့ရှိတာ။ ဘာလို့ဒီကလူတွေနဲ့အတူ လာလေ့ကျင့်နေရတာလဲ?
သူ၏စွမ်းရည်ကြောင့် ရွှီမိသားစုကသူ့ကို မျှော်လင့်ချက်အကြီးကြီး ထားထားကြသည်။ မူလရွှီဇီယန်က ငြီးငွေ့ဖွယ်ကောင်းပြီး ခြောက်ကပ်နေသည့် ဒီနေရာကို အလွန်ရွံတာကြောင့် သူကဘယ်တော့မှ လေ့ကျင့်ရေးကွင်းကို မလာပါ။ ရွှီဇီယန်ကလည်း လေ့ကျင့်ရေးကွင်းမသွားတာတောင် သူ၏ကျင့်ကြံခြင်းအဆင့်က တိုးတက်နေတာကြောင့် ရွှီရှောင်ကလည်းဘာမှမပြောပေ။
ရွှီမော့ကသိချင်စိတ်ပြင်းပြစွာ ရွှီဇီယန်မျက်နှာကို စိုက်ကြည့်လို့နေ၏။ သခင်လေးကဘယ်အချိန်ထိ ဒီလိုမျိုးနေနိုင်မလဲဆိုတာ သူတကယ်သိချင်မိသည်။ နောက်တော့ တစ်ဖက်လူ၏အခြေခံအကွက်တွေကို တစ်ခါပြီးတစ်ခါကြည့်ပြီးတော့ ရွှီမော့ရဲ့ရွှီဇီယန်အပေါ်ထားသည့် ထင်မြင်ချက်တွေက ပြောင်းလဲသွားသည်။
ရွေ့သွားသည့်အကွက်တိုင်း၊ ပုံစံတိုင်းက အလွန်ကိုတိကျလှသည်။ သူ၏ကိုယ်နေဟန်ထားကလည်း မှန်ကန်ပြီးတော့ အမှားတစ်ခုမှမရှိအောင် သူ့ကိုယ်သူကြိုးစားနေသည်။ ရွှီဇီယန်၏အခုပုံစံက ပထမဆုံးလေ့ကျင့်ရေးကို စလုပ်ဖူးနေသည့်ပုံစံနှင့်တူနေသည်။
သူ့ကိုအချိန်အကြာကြီး ကြည့်နေပြီးနောက် ရွှီမော့ကအကြည့်တွေ လွဲသွားတော့သည်။ ထို့နောက်မှာတော့ လေ့ကျင့်ရင်းကွင်းတစ်ခုလုံး သူ့အသံတွေနဲ့ ပဲ့တင်ထပ်သွားတော့သည်။
“ရွှီဇီရှင်း မင်းဖင်ကိုလေထဲမြောက်ပြီး ဘာလုပ်နေတာလဲ? မင်းအကန်ခံချင်နေလို့လား?” ဆယ်ကျော်သက်ကောင်လေးဟာ အလျင်အမြန် သူ့ဖင်ကို အောက်ချလိုက်သည်။
“ရွှီဇီလင် မင်းရင်ဘတ်ကိုမတ်မတ်ထား၊ မင်းဗိုက်ကိုချပ်ထား၊ မင်းဗိုက်ကမြေကြီးပေါ်ပြုတ်ကျတော့မယ်။” ဝဝကစ်ကစ်ကောင်လေးဟာ အသက်ကိုအောင့်ကာ ဗိုက်ကိုချပ်လိုက်တော့သည်။
“ရွှီဇီလော့ အဲ့ဒီကလစ်တွေ မင်းခေါင်းပေါ်ကနေ ထပ်ပြုတ်ကျကြည့်၊ ငါမင်းဆံပင်ကိုညှပ်ပစ်မယ်!” သိမ်မွေ့ပြီးတော့လှပသည့် ဆယ်ကျော်သက်မိန်းကလေးဟာ သူမအောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမခေါင်းပေါ်က ကလစ်တွေကိုဖြုတ်လိုက်တော့သည်။
လေ့ကျင့်ရေးကွင်းတစ်ခုလုံး ရွှီမော့အသံသာကြားနေရသောကြောင့် ကလေးတွေအားလုံးက သက်ပြင်းချနေရတော့သည်။
ရွှီဇီယန်ကတော့ ရွှီမော့၏ဘာဝေဖန်မှုမှမရရှိပေ။ ဘာလို့လဲဆိုတော့ ရွှီဇီယန်၏ကိုယ်နေဟန်ထားက နည်းနည်းလေးမှအမှားမပါလို့ဘဲ ဖြစ်သည်။ ရွှီမော့ဟာ ရွှီဇီယန်ကို သဘောမကျပေမယ့် သူကမလိုအပ်ဘဲ တစ်ဖက်လူ၏အမှားကို အကြောင်းပြချက်မရှိဘဲ မရှာတတ်ပေ။ ဒါကြောင့် သူကရွှီဇီယန်ကို လျစ်လျူရှုထားလိုက်သည်။
လေ့ကျင့်ရေးကွင်း၌ လူတစ်ရာနီးပါးလောက်ရှိပြီး သူ့တို့နဖူးပေါ်ကနေ ချွေးအပြိုက်ပြိုက်ကျအောင် အားသွန်ခွန်စိုက်လေ့ကျင့်ကြရသည်။ သစ်သားအိမ်လေးဟာ လေ့ကျင့်ရေးကွင်းရဲ့ဘေးမှာရှိနေပြီး နူးညံ့သည့်ကောင်လေးတစ်ယောက်ဟာ ထိုလူတွေကိုကြည့်နေကာ သူ၏နှုတ်ခမ်းထောင့်က ကွေးနေပြီး လှောင်ပြုံးပြုံးနေသည်။
တော်တော်များတာပဲ……မိသားစုဝင်ကလူတွေက…….
ရွှီဇီရုန်၏နှုတ်ခမ်းဟာ အမည်ဖော်လို့မရသည့် အနေအထားဖြစ်သွားသည်။ လေ့ကျင့်ရေးကွင်းမှာ ရှိနေသည့်လူတွေအားလုံး တစ်ယောက်မကျန်ကို သူ့မှတ်ဉာဏ်ထဲကနေအကုန်သူမှတ်မိပြီးသား ဖြစ်သည်။ ကံမကောင်းချင်တော့ ထိုမှတ်ဉာဏ်တွေက ပျော်ရွှင်စရာမှတ်ဉာဏ်တွေတော့မဟုတ်ဘူး။ ထိုမိသားစုဝင်တွေကို သူတွေ့လိုက်ရတိုင်း သူခံစားခဲ့ရတာတွေကိုပြန်လှန် မြင်ယောင်မိပြီး သတ်ချင်စိတ်တွေပေါ်လာတော့သည်!
“ဘာမှစိတ်မညစ်ပါနဲ့။ မနက်ဖြန်ဆို မင်းသူတို့နဲ့အတူ လေ့ကျင့်ရေးဆင်းလို့ရပြီ။ ရွှီမော့ကိုလည်း အရမ်းကြီးမကြောက်ပါနဲ့။ သူကအော်ပဲအော်တာ။ တကယ်တော့သူကမင်းကို ကောင်းစေချင်ရုံသက်သက်ပါ။” နူးညံ့ပြီးကြင်နာတတ်သည့်အသံလေးက ရွှီဇီရုန်ကျောနောက်မှ ထွက်လာသည်။
ရွှီဇီရုန် အေးစက်စက်ရယ်လိုက်ပြီး သူ့မျက်နှာအမူအရာကို ပြန်ပြင်လိုက်၏။ အနောက်ကိုလှည့်လိုက်ကာ သူကအပြုံးချိုချိုပြီး “ကျေးဇူးပါ သမားတော်လျှို”
သမားတော်လျှိုက ကျော်ကြားသည့်သမားတော်ဖြစ်ပြီး ရည်မွန်သည့်သူတစ်ယောက်ဖြစ်သည်။ သူ၏အသက်ကနှစ်ဆယ်ဝန်းကျင်သာ ရှိသေးပေမယ့် သူ၏စွမ်းရည်က အခြားသမားတော်တွေထက် သာလွန်သည်။ ဒါကြောင့် ရွှီမိသားစုကသူ့ကို ကလေးတွေအားအနီးကပ်ကြည့်ရှုစောင့်ရှောက်ဖို့ ခေါ်ယူထားခြင်းဖြစ်သည်။
အမှန်တော့ကျင့်ကြံသူတွေအတွက်ဆိုရင် အကောင်းဆုံးကုသခြင်းက ဆေးလုံးတွေပင်ဖြစ်သည်။ ဒါပေမယ့် ထိုဆေးလုံးတွေက ဈေးကြီးတာကြောင့် သာမန်ဒဏ်ရာလောက်အတွက်ကို အသုံးပြုပါက ဖြန်းတီးရာကျပေလိမ့်မည်။ ဒါကြောင့် သမားတော်လျှိုကဒီနေရာမှာ တာဝန်ပေးခြင်းခံရပြီး ရွှီမိသားစုက ကလေးတွေ၏ဒဏ်ရာကိုကုသဖို့ ခေါ်ယူထားခြင်းဖြစ်သည်။
သူကရွှီဇီရုန်ကိုမသိပါ။ နူးညံ့ပြီးချစ်စရာကောင်းသည့် ကလေးတစ်ယောက်က ပြတင်းပေါက်အပြင်ကို ကြည့်နေတယ်လို့သာ သူမြင်လိုက်သည်။ သူတွေးလိုက်မိတာက ဒီကလေးဟာ အပြင်ကလေ့ကျင့်နေသည့်သူတွေကို ကြည့်ပြီးအားကျနေတယ်ပေါ့။ သူမကူညီနိုင်ပေမယ့် အနည်းငယ်နှစ်သိမ့်စကားတော့ ပြောလိုက်သည်။
ရွှီဇီရုန်ဟာ သမားတော်လျှိုအပေါ် ဘာမှန်းတီးမှမရှိပေ။ သမားတော်လျှိုကအလွန်ကြင်နာတတ်ပြီး အရင်ဘဝကလည်း သူ့ဒဏ်ရာတွေကို ကုသပေးဖူးသည်။ သမားတော်လျှိုက ကျင့်ကြံသူမဟုတ်တော့ နှမြောစရာကောင်းပေမယ့် သူ၏အမူအရာတွေက အလွန်တည်ငြိမ်သည်။ သူ၏ဖျောင်းဖျမှုတွေက အရာမဝင်သွားသည့်အပြင် ရွှီဇီယန်၏ဒေါသကိုပါ သွားဆွမိသည့်အတွက် သမားတော်လျှိုဟာ ဒီနေရာကနေ မောင်းထုတ်ခံလိုက်ရသည်။
သမားတော်လျှိုက ချစ်စရာကောင်းပြီး လိမ်မာသည့်ရွှီဇီရုန်ကိုကြည့်ပြီး မပြုံးဘဲမနေနိုင်ပါ။ သူကသကြားလုံးအချို့ကို ရှာတွေ့လိုက်ပြီး ရွှီဇီရုန်လက်ထဲသို့ ထည့်ပေးလိုက်သည်။
သူ့လက်ထဲသကြားလုံးတွေကို ကြည့်ပြီး ရွှီဇီရုန်မျက်လုံးထဲမှာ နွေးထွေးသည့်အရိပ်အယောင်တွေ ထင်လာသည်။ ထိုသကြားလုံးတွေက ဈေးပေါပြီးအရသာသိပ်မကောင်းဘူးဆိုပေမယ့် ရွှီဇီရုန်မကြိုက်သည့် ခံစားချက်မျိုးမရှိတာကြောင့် သကြားလုံးတစ်ခုကိုခွာကာ သူ့ပါးစပ်ထဲသို့ထည့်လိုက်သည်။
ချိုသည့်အရသာက သူ့ပါးစပ်ထဲပျံ့လာပြီး ရွှီဇီရုန်အားစိတ်မသက်မသာဖြစ်လာစေသည်။ သူသွေးမိစ္ဆာသခင်ဖြစ်တုန်းက သူ၏အဝတ်၊အစားအစာ၊နေအိမ် အားလုံးဟာ ထိပ်တန်းအရည်အသွေးတွေကြီးပဲ ဖြစ်သည်။ သူ့အတွက် ဒီဈေးပေါသည့်သကြားလုံးက ပထမဆုံးအတွေ့အကြုံဖြစ်လိမ့်မည်။
တိတ်တဆိတ် သကြားလုံးကို မျိုချလိုက်ပြီး ရွှီဇီရုန်အနည်းငယ်စိတ်ညစ်သွားသည်။ သူကလေးဘဝတုန်းက သကြားလုံးရရင် အရမ်းပျော်ရွှင်သွားတာကို အမှတ်ရသွားသည်။ ဒါပေမယ့် အရင်တုန်းကလည်း ဒီလိုသကြားလုံးကို သူစားဖူးပေမယ့် ကလေးဘဝတုန်းက ခံစားချက်ကတော့ ပျောက်ဆုံးသွားပြီးဖြစ်သည်။
ရွှီဇီရုန် သူ့ကိုယ်သူ ပျက်ရယ်ပြုလိုက်သည်။ တော်သင့်ပြီ၊ လူတိုင်းကလောဘကြီးကြတာပဲ။ သူကအကောင်းစား အစားအစာတွေကိုတောင် စားခဲ့ရသေးတာပဲ။ ဒီလိုသကြားလုံးက သူ့အတွက်ဘာမှမပြောပလောက်ဘူး။
ထိုခံစားချက်ကြီးကိုမုန်းပေမယ့် ကျန်ရှိသေးသည့်သကြားလုံးတွေကို ရွှီဇီရုန်ဆုပ်ကိုင်ထားဆဲဖြစ်သည်။ အဲ့ဒါကသကြားလုံးအရသာနဲ့ မဆိုင်ပါဘူး။ သူ၏အတိတ်ကမှတ်ဉာဏ်တွေကို ဆုပ်ကိုင်ထားသေးလို့ပဲ ဖြစ်သည်။
ရွှီဇီရုန် စကားသိပ်မပြောတာကြောင့် သမားတော်လျှိုက ဆေးစာအုပ်တစ်အုပ်ကို ပေးလိုက်သည်။ ထိုအရာကို သူ့အားပေးလာတာကိုကြည့်ပြီး ရွှီဇီရုန်အံ့ဩသွားသည့်ပုံစံဖြစ်သွားကာ သမားတော်လျှိုကလည်း အနည်းငယ်ရှက်သွားသည်။ အမှန်တကယ်တော့ သူကရွှီဇီရုန်အချိန်ကုန်စေဖို့ တစ်ခုခုလုပ်ပေးချင်ရုံပါ။ ဒါပေမယ့် သူမေ့သွားသည်။ ရှစ်နှစ်အရွယ်ကလေးက ပျင်းစရာကောင်းသည့်ဆေးစာအုပ်ကို ဖတ်ရတာကြိုက်မယ်တဲ့လား?
သူကဆေးစာအုပ်ကို ပြန်သိမ်းမည့်အချိန်၌ ရွှီဇီရုန်ကယူလိုက်မယ်လို့ သူမထင်မိပါ။ ရွှီဇီရုန်ကသူ့ကိုပြုံးပြလိုက်ပြီး “ကျေးဇူးပါ၊ သမားတော်လျှို ကျွန်တော်လည်းဘာမှလုပ်စရာမရှိတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့။”
ဒီကလေးကလိမ်မာရေးခြား အရမ်းရှိတာပဲလို့ သမားတော်လျှိုကတွေးလိုက်မိသည်။ သူက ရွှီဇီရုန်ခေါင်းကို ပုတ်ပေးပြီးနောက် အပင်တွေကို အမျိုးအစားခွဲဖို့ အလုပ်စားပွဲဆီ ထွက်သွားတော့သည်။
သမားတော်လျှိုထွက်သွားပြီးနောက် ရွှီဇီရုန်မျက်နှာက မျက်နှာသေဖြစ်သွားတော့သည်။ ဒီဆေးစာအုပ်က သမားတော်လျှိုအတွက်ကတော့ အသုံးဝင်သည့်အရာတစ်ခုဖြစ်ပေမယ့် ရွှီဇီရုန်လိုကျင့်ကြံသူအတွက်ကတော့ ဒီစာအုပ်ထဲမှာပါသည့်အရာတွေက သူ့ကိုဘာအကျိုးမှပြုမှာမဟုတ်ပါ။ ခုနကသူစာအုပ်ကို ယူလိုက်ရတာက သမားတော်လျှို အနေခက်သွားမှာစိုးလို့ပဲဖြစ်သည်။ ဒီစာအုပ်ကြီးကို အကျိုးမရှိပဲ အချိန်ကုန်ခံပြီး သူဖတ်မနေဘူး။
သူအချိန်ရတာနဲ့ သူ၏ကျင့်ကြံခြင့်အဆင့်တက်ဖို့ လေ့ကျင့်ရမည်။ မကြာခင် သူကပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို တက်ရဖို့နီးနေပြီဖြစ်သည်။
မနက်ခင်းလေ့ကျင်းရေးက မြန်မြန်ဆန်ဆန်ပြီးသွား၏။ ရွှီဇီယန်ကပြီးသွားသည်နှင့် ရွှီဇီရုန်အခန်းဆီသို့ ပြေးလာတော့သည်။
“ကိုကို” ဖြူစွတ်ပြီးနူးညံ့နေသည့် လက်ကလေးတွေက စာအုပ်ကိုကိုင်ထားပြီး သူကအာရုံစူးစိုက်စွာ ဖတ်နေသည်။ ရွှီဇီယန်လမ်းလျှောက်လာတာကိုတွေ့လိုက်သည့်နှင့် သူကချိုသာသည့်အပြုံးကို ထုတ်ဖော်လိုက်တော့သည်။