Chapter 17
Chapter 17
“အင်း… ဇီရုန်ကအရမ်းလိမ်မာတာပဲ။ တစ်နေရာရာနာနေသေးလား?” ရွှီဇီယန်က ဘေးကခုံတွင်ထိုင်ရင်း မေးလိုက်သည်။
ရွှီဇီရုန်ကခေါင်းခါလိုက်ရင်း “ကျွန်တော်အခုနေလို့ကောင်းသွားပါပြီ။” သူပြောလို့ပြီးတာနဲ့ အိပ်ရာပေါ်ကနေထလိုက်တော့သည်။
“ဒါဆိုကောင်းတာပေါ့။ ခနနေကျရင် ကိုကိုနဲ့အတူ ဇီရုန်အတွက် ကျင့်စဉ်စာအုပ်ရွေးဖို့ခေါ်သွားမယ် ဟုတ်ပြီလား?” ရွှီဇီရုန်တက်ကြွနေသည့်ပုံစံကိုကြည့်ပြီး ရွှီဇီယန်အိပ်ရာကို စတင်သိမ်းဆည်းတော့သည်။ စောင်ကိုသုံးခေါက်လောက်ခေါက်ချိုးပြီးနောက် သူခေါက်ထားသည့်စောင်က တိုဖူးတုံးပုံစံလေးဖြစ်နေသည်။
စောင်ကနူးညံ့တာကြောင့် သူခေါက်ထားသောစောင်က တိုဖူးတုံးနှင့်ပိုတူနေသည်။ ဒါပေမယ့် သူ၏လုပ်ကိုင်ပုံတွေကိုကြည့်ပြီး ရွှီဇီယန်ကသူ့ကိုယ်သူချီးကျူးဟန် ခေါင်းတညိတ်ညိတ်လုပ်နေသည်။ သူဒီဝတ္ထုထဲမရောက်ခင်က ဒီလိုအရာတွေကိုမလုပ်ရတော့တာ အချိန်အတော်ကြာနေတာတောင် သူ၏လုပ်ကိုင်နိုင်စွမ်းက သပ်ရပ်စနစ်ကျနေတုန်းပဲ!
ရွှီဇီရုန်၏မျက်လုံးဟာကျဉ်းမြောင်းသွားပြီး ရွှီဇီယန်ရဲ့အမူအရာကိုကြည့်နေသည်။ ရွှီဇီယန်ဆိုတာ ရွှီမိသားစု၏အရေးပါလှသည့် သခင်လေးတစ်ယောက်မှန်း သူသေချာသိသည်။ ဒါကြောင့် သူဟာဘာမှအလုပ်မှမလုပ်ရဘဲ ဇိမ်နဲ့နေသည့်သူက ဒီလိုမျိုးအောက်ခြေအလုပ် စောင်ခေါက်တာကို လုပ်တတ်တယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။
ပြီးတော့ ရွှီဇီယန်စောင်ခေါက်တာကိုကြည့်လိုက်ရင် သူကအချိန်အတော်တော်ကြာ ထိုအလုပ်ကိုလုပ်ဖူးနေသလိုနှင့်တူသည်။ ရွှီဇီရုန်ဘာမှစဉ်းစားလို့မရပေမယ့် ထိုသံသယရှိသည့်အချက်ကို သူ့စိတ်ထဲကမှတ်စုစာအုပ်လေးထဲမှာ မှတ်ထားလိုက်တော့သည်။
သူစောင်ခေါက်ပြီးနောက် ရွှီဇီယန်ကရွှီဇီရုန်အား ရွှီမော့ထံခေါ်သွားလေသည်။
လေ့ကျင့်ရေးကွင်းလာကြသည့် ရွှီမိသားစုကကလေးတွေအားလုံးဟာ ပထမဆုံးအနေဖြင့် သူတို့စိတ်ကြိုက် ကျင့်စဉ်စာအုပ်ကိုရွေးချယ်ရသည်။ ရွှီဇီရုန်တစ်ယောက်တည်း ခြွင်းချက်တော့မဟုတ်ပါ။ တောင်ထိပ်ကိုအောင်မြင်စွာတက်နိုင်ခြင်းကြောင့်သာဖြစ်သည်။
ဒီတစ်ခေါက်တော့ ရွှီမော့ကသူတို့နှစ်ယောက်ကို ဘာမှမပြောတော့ပေ။ သူကသူတို့နှစ်ယောက်အား တောင်အောက်မှာရှိသည့် စာကြည့်ဆောင်သို့ ခေါ်ဆောင်သွားသည်။
ထိုစာကြည့်ဆောင်က ရွှီမိသားစုရဲ့အိမ်တော်အတွင်းမှာတည်ဆောက်ထားတာမဟုတ်ဘဲ အလွန်ဝေးလံလှသည့်နေရာမှာတည်ဆောက်ထားခြင်းဖြစ်သည်။ အကယ်၍ထိုအရာကိုအဝေးကနေကြည့်ပါက ထိုအဆောက်အဦးကြီးဟာ သုံးထပ်ဆောင်ကြီးဖြစ်ကာ အလွန်ခေါင်လှသည့်နေရာမှာတည်ဆောင်ထားတာကြောင့် အလွန်ကြောင်တောင်တောင်နိုင်လှသည်။
အဲ့အရာကထူးဆန်းလှသည်။ အကယ်၍ အပြင်လူတွေ ရွှီမိသားစုဆီလာပါက ကျင့်စဉ်စာကြည့်တိုက်ကြီးကို ကာကွယ်ရခက်သည့်နေရာမှာ တည်ဆောက်ထားတာတွေ့ကြရင် အတော်ကိုအံ့ဩသွားကြမှာအမှန်ပင်။
ဒါပေမယ့် ရွှီမိသားစုရဲ့အကောင်းဆုံးကျင့်စဉ်စာအုပ်တွေကို ဒီလိုသာမန်နေရာမှာ ထားမှာမဟုတ်ဘူးဆို ရွှီဇီယန်သိသည်။ ဒီစာကြည့်တိုက်မှာရှိနေသည့် စာအုပ်တွေက သာမန်ကျင့်စဉ်စာအုပ်တွေသာ ဖြစ်ပြီးတော့ ဘယ်နေရာမှာမဆိုရှာတွေ့နိုင်သည့် အရာတွေဖြစ်ပြီး အစောင့်တွေကလည်း သိပ်ပြီးတော့မများချေ။
ဒီစာကြည့်တိုက်တံခါးစောင့်အဘိုးကြီးက အမှန်စင်စစ် ရွှေအမြုတေအဆင့်ကျင့်ကြံသူဆိုတာ ဘယ်သူထင်ထားမိမှာလဲ?
ရွှီမိသားစုကအပြင်ပန်းကသာ သာမန်ပုံစံဖြစ်နေပေမယ့် နောက်ကွယ်မှာနက်နဲလှသည့် လျှို့ဝှက်ချက်တွေရှိနေသည်………
ရွှီမိသားစုရဲ့ဘိုးဘေးဘီဘင်တွေက ရေရှည်အကျိုးအတွက် သေသေချာချာကြိုတင်စီစဉ်ခဲ့တာပဲလို့ ရွှီဇီယန် လေးနက်စွာအဆိုပြုလိုက်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ ရွှီဇီယန်ကထိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှလုပ်စရာမလိုသေးဘူး။ ပြီးတော့ သူကမူလရွှီဇီယန်၏မှတ်ဉာဏ်ကနေ ရွှီမိသားစုရဲ့လျှို့ဝှက်ရတနာနေရာကို သူသိထားတာကြောင့် ရွှီမိသားစုကအခုအချိန်မှာ ထိုနေရာကိုတူးဖော်ဦးမှာမဟုတ်သေးဘူး။ အခြားသူတွေရဲ့ဘိုးဘေးဘီဘင်တွေရဲ့အုတ်ဂူတွေကို သွားတူးဖော်ရလောက်အောင် သူအဲ့လောက်မတုံးသေးဘူး။
အယ်… မဟုတ်သေးဘူး… အခုထိုအုတ်ဂူတွေက သူ့ရဲ့ဘိုးဘေးဘီဘင်တွေရဲ့အုတ်ဂူတွေ ဖြစ်သည်။
ရွှီဇီယန်ကကြောင်တောင်တောင်အတွေးတွေ တွေးနေစဉ် ရွှီဇီရုန်ကသူ့အနောက်ကို တဖြည်းဖြည်းနီးကပ်လာသည်။ ဒါပေမယ့် ရွှီဇီရုန်ပုံစံကတည်ငြိမ်သည့်ပုံပေါက်ပေမယ့် သူ့စိတ်ထဲမှာတော့ အလွန်တုန်လှုပ်နေသည်။
ရွှီမိသားစု၏ကျင့်စဉ်စာအုပ်ဆောင်ကို သေချာပေါက် ရွှီဇီရုန်သိတာပေါ့။ ရွှီမိသားစုကိုသူချေမှုန်းစဉ် အချိန်တုန်းက ဒီစာကြည့်ဆောင်မှာအစောင့်လုပ်နေသည့် အဘိုးကြီးကသူ့ကိုအကြီးမားဆုံး ဒဏ်ရာရအောင်လုပ်ခဲ့သည့်သူဖြစ်သည်။
သွေးပင်လယ်နှလုံးကျင့်စဉ်ရဲ့ ထူးခြားစွာ စွမ်းရည်တတ်တာမြန်လို့တာပေါ့။ မဟုတ်ရင် သူထိုအဘိုးကြီးလက်ချက်ဖြင့် သေသွားမှာအမှန်ပင်။
သူ၏နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ရွှီဇီရုန်အနည်းငယ်ထိတ်လန့်နေသည်။ သူနောက်ထပ်ဘဝတစ်ခုကို ပြန်စဖို့အခွင့်အရေးနောက်တစ်ကြိမ် ပြန်လည်ရရှိပြီမို့ သူဘာအမှားမှမဖြစ်သွားစေချင်ဘူး!
သူတို့တွေစာကြည့်တိုက် အရှေ့သို့ရောက်ရှိသည့်အချိန်၌ ရွှီမော့ကတံခါးရှေ့မှာ ငိုက်နေသည့်အဘိုးကြီးကို ဦးညွတ်လိုက်လေသည်။ “လောင်လော်”
အိပ်မောကျနေသည့် အဘိုးကြီးမျက်လုံးတွေကပွင့်လာသည်။ ရွှီမော့ကိုမြင်တော့ သူကပြုံးသွားပြီး “ရှောင်မော့၊ ဘာကိစ္စရှိလို့လဲ?”
ရွှီမော့ကလေးလေးစားစား ပြန်ဖြေ၏။ “ဒီနေ့လေ့ကျင့်ရေးကွင်းကို လူသစ်ဝင်တဲ့သူရှိလို့၊ ကျွန်တော်တို့ဒီကိုလာပြီး သူ့အတွက် ကျင့်စဉ်စာအုပ် ရွေးဖို့လာခဲ့တာပါ။”
“အိုး” လောင်လော်ကခေါင်းညိတ်လိုက်ပြီး ရွှီဇီရုန်ရဲ့ခန္ဓာကိုယ်ကို ကြည့်နေသည်။ “မင်းရှစ်နှစ်အရွယ်နဲ့ လေ့ကျင့်ရေးကွင်းကို ဝင်နိုင်တာ မဆိုးဘူးပဲ။ အထဲဝင်သွားလေ… အာ”
သူကပြောလို့ပြီးတာနဲ့ သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ပြီး စာကြည့်တိုက်တံခါးကိုဖွင့်လိုက်ကာ တံခါးနားကဖုန်တွေပါ ပျောက်သွားသည်…………
“အဟွတ် အဟွတ်………ငါကအသက်ကြီးနေပြီဆိုတော့ ငါ့အရိုးတွေကလည်း သိပ်သုံးစားလို့မရတော့ဘူး။ ဒါကြောင့် ငါသန့်ရှင်းရေးမလုပ်တာတောင် အတော်ကြာနေပြီ။” လောင်လော်ကအနည်းငယ် မျက်နှာပူသွားသည်။ သူ့အင်္ကျီလက်တွေကို နောက်တစ်ခါဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ကဖုန်တွေအားလုံးဟာ အဝေးသို့လွှင့်သွားတော့သည်။
ရွှီမော့အကြည့်တွေကမပြောင်းလဲဘဲ ယခင်အတိုင်းသာတိတ်ဆိတ်နေသည်။ လောင်လော်က ရွှီမိသားစု၏အရေးပါသည့်ဧည့်သည် တစ်ယောက်ဖြစ်သည်။ သူဟာရွှီမိသားစု၏ဧည့်သည်ဆိုကတည်းက သူ့ရဲ့စွမ်းရည်က သာမန်မဟုတ်တာ သေချာတာပေါ့။ သူလိုမျိုး နဝမချီစွမ်းအင်စုဆောင်းမှုအဆင့်သာ ရှိသေးသည့်သူက ဒီလိုဧည့်သည်တစ်ယောက်ကို ဘယ်လိုလုပ် ပြန်ပြောရဲမှာလဲ? ဒါကြောင့် သူပါးစပ်ကိုပိတ်ထားရုံပဲပေါ့။
ရွှီဇီရုန်ကတံခါးပွင့်နေသည့် စာကြည့်တိုက်အခန်းကို ကြည့်နေသည်။ သူ့စိတ်ထဲ၌ သူထိုအရာတွေကို စိတ်မဝင်စားပေမယ့် သူ့မျက်နှာမှာတော့ စိတ်ဝင်စားနေသည့်အမူအရာကို ဖော်ထုတ်ထားသည်။ ပြီးတော့ ရှစ်နှစ်အရွယ်ပဲရှိသေးသည့်ကလေးတစ်ယောက်က ကျင့်စဉ်စာအုပ်ကို ကိုယ်တိုင်ရွေးရမှာဆိုတော့ သေချာပေါက် အလွန်ပျော်ရွှင်နေသည့်ပုံစံဖြစ်နေရမှာပေါ့။
သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ခဲ့သည့်သူ့လိုလူက အခြားကျင့်စဉ်ကိုပြောင်းလဲကျင့်ဖို့ မလွယ်ကူလောက်ဘူး။ ရွှီမိသားစု၏အရေးမပါသည့်စာကြည့်တိုက်ထဲမှာလည်း ကောင်းသည့်ကျင့်စဉ်တွေ ရှိမယ်လို့သူမထင်ဘူး။ အကယ်၍ ရွှီမိသားစုဆီမှာ ပထမတန်းစားကျင့်စဉ် စာအုပ်တွေရှိမယ်ဆိုရင်တောင် ဒီမှာတော့ထားထားမှာမဟုတ်လောက်ဘူး။
“ဟားဟား… လူကလေး၊ မင်းနာမည်ဘယ်လိုခေါ်လဲ… ဟင်?” လောင်လော်ကအသက်ကိုးဆယ်ကျော်ပြီဆိုပေမယ့် သူ့အမြင်အာရုံက သာမန်လူထက်ပိုကောင်းပေသည်။ ရွှီဇီရုန် သူစိတ်လှုပ်ရှားနေသည့် ပုံစံကိုဖော်ပြနေပေမယ့် သူကမျက်လုံးတွေက စိတ်ဝင်စားမှုမရှိတာကို လောင်လော်တွေ့နေရသည်။
“ကျွန်တော့်နာမည်က ရွှီဇီရုန်ပါ။” ရွှီဇီရုန် ညင်ညင်သာသာ ပြန်ဖြေလိုက်သည်။ ဒီအဘိုးကြီးလောင်လော်နဲ့ယှဉ်ရင် အရင်ဘဝကသူနေခဲ့ရသည့်သက်တမ်းက မပြောပလောက်တာမို့ သူ့အားကလေးလေးလို့ ခေါ်တာကို သူဘာမှပြန်မပြောမနေတော့ပါ။
“အိုး… ဒါဆို မင်းကိုဇီရုန်လို့ခေါ်တာပေါ့။” လောင်လော်ကဖော်ဖော်ရွေရွေပြုံးလိုက်သည်။ “မင်းကဘာလို့ ဒီလောက်ထိစိတ်လှုပ်ရှားနေရတာလဲ? မင်းကငါ့ကိုကြောက်လို့လား?”
ရွှီဇီယန်နဲ့ရွှီမော့က ရွှီဇီရုန်အား အံ့ဩဟန်ကြည့်လာကြသည်။ ဒါပေမယ့် ရွှီဇီရုန်ကတော့ မျက်နှာငယ်ပုံစံလေးဖြင့် “မ……မဟုတ်ပါဘူး။”
“ဟားဟား……..” လောင်လော်ကအားရပါးရ ရယ်မောလိုက်သည်။ “မင်းမကြောက်ဘူးဆိုရင်လည်း ဘာလို့ကျောက်ရုပ်လို ရပ်နေတာလဲ?”
ရွှီဇီရုန်ကသူ့အောက်နှုတ်ခမ်းကို အသာလေးကိုက်လိုက်သည်။ “အဲ့ဒါကဒီအတိုင်း………အဘိုးလော်က အရမ်းစွမ်းအားကြီးတယ်လို့ ထင်မိလို့ပါ။”
ရွှီဇီရုန်အဲ့လောက်ထိ သတိထားတတ်လိမ့်မယ်လို့ ရွှီဇီယန်မတွေးခဲ့မိဘူး။ သူကအခုမှကျင့်ကြံခြင်းတောင် မစရသေးသည့်ကလေးတစ်ယောက်အရွယ်ပဲရှိသေးတာ။ ဒါပေမယ့် သူကလောင်လော်ရဲ့စွမ်းအားအမှန်ကို ဖော်ထုတ်နိုင်သွားသည်။
အကယ်၍ သူ့မှာသာ မူလရွှီဇီယန်၏မှတ်ဉာဏ်တွေမရှိနေပါက ဒီသာမန်အဘိုးကြီးတစ်ယောက်က ရွှေအမြုတေကျင့်ကြံသူမှန်း သူလုံးဝတွေးမိမှာမဟုတ်ဘူး။
“အိုး?” လောင်လော်ကအံ့ဩသွားရ၏။ “မင်းကဒီအဘိုးကြီးကို စွမ်းအားကြီးတယ်လို့ ထင်တယ်ပေါ့… ဟုတ်လား?”
ရွှီဇီရုန်ကခေါင်းညိတ်ပြလိုက်သည်။
“ဘယ်လောက်ထိစွမ်းအားကြီးတယ်ထင်လဲ?” လောင်လော်က ဟာသ သဘောမျိုးဖြင့် သူ့အားစိတ်ဝင်တစားမေးလိုက်သည်။
ရွှီဇီရုန် ခဏလောက် တုံ့ဆိုင်းသွားသည်။ “တွေးမိသလောက်ကတော့………အဘိုးကအဖေ့ထက် ပိုပြီးစွမ်းအားကြီးတယ်။”
ဒီတစ်ခါမှာတော့ လောင်လော်ဟာ အလွန်အံ့ဩသွားရသည်။ ရွှီဇီရုန်အကြောင်းကို သူသိပြီးသားမို့ ဒီကလေးကသူ့ကို ရွှီရှောင်နဲ့နှိုင်းယှဉ်တာတော့ သိပ်မထူးဆန်းပါ။ သူ့ကိုဘယ်အရာကအံ့ဩသွားစေလဲဆိုတော့ ဒီကလေးသူ့ကို ရွှီရှောင်ထက်ပိုစွမ်းအားကြီးတယ်လို့ ဘယ်လိုများကောက်ချက်ချလိုက်တာလဲ?
ရွှီဇီယန်ကတော့ ဒီအဘိုးကြီးကရွှေအမြုတေကျင့်ကြံသူမှန်း သိပြီးသားမို့ သူ့မျက်နှာကတော့တည်ငြိမ်လျက်ရှိသည်။ ဒါပေမယ့် ရွှီမော့ကတော့ သူ့စိတ်ထဲ၌ တုန်လှုပ်နေပြီး သူ့မျက်နှာပေါ်မှာ အထင်းသားပေါ်လို့နေသည်။
ရွှီရှောင်အဆင့်ကို ရွှီမိသားစုကလူတိုင်း သိပြီးသားဖြစ်သည်။ ဒါပေမယ့် ဒီအထူးဧည့်သည်လောင်လော်က ရွှီရှောင်ထက်ပိုအစွမ်းကြီးမယ်လို့ သူတစ်ခါမှမတွေးဖူးဘူး။
ဒါဟာ အခွင့်အရေးသာဆိုရင်………..
ရွှီမော့စိတ်ထဲမှာ အတွေးသစ်တွေ ပေါ်လာတော့သည်။ အကယ်၍ သူသာရွှေအမြုတေကျင့်ကြံသူဆီကနေ အကြံပြုချက်ရရှိပါက အခြေခံကျင့်ကြံခြင်းအဆင့်ကို သူဝင်နိုင်သွားလိမ့်မည်။ အကြံပေးချက်တွေက အများကြီးမဟုတ်ဘဲ နည်းနည်းဆိုရင်တောင် အလုပ်ဖြစ်နိုင်သည်။
“ဟားဟား… ဇီရုန်ကအရမ်းအမြင်စူးရှတာပဲ။” လောင်လော်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ “ဝင်သွားလေ၊ စာကြည့်တိုက်ထဲမှာ အများစုက သာမန်စာအုပ်တွေဆိုပေမယ့် အဆင့်မြင့်စာအုပ်တွေလည်း တချို့တော့ရှိပါတယ်။ သွားပြီးတော့ရှာကြည့်လေ၊ မင်းသာကံကောင်းရင် အဲ့စာအုပ်တွေကို မင်းတွေ့မှာပါ။”
“အဘိုးလော် အကြံဉာဏ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။” ရွှီဇီရုန်က တလေးတစားပြန်ပြောလိုက်သည်။ ရွှီမိသားစုရဲ့စာကြည့်တိုက်ထဲမှာ သွေးပင်လယ်နှလုံးကျင့်စဉ်ထက် ပိုကောင်းသည့်ကျင့်စဉ်စာအုပ်ရှိမယ်ဆိုတာ သူလုံးဝမယုံဘူး။ ဒါပေမယ့် လောင်လော်ကဒီလိုပြောတယ်ဆိုတော့ သူအချိန်ခဏလောက် ရှာလိုက်လို့လည်း ဘာမှဖြစ်မသွားလောက်ပါဘူးလေ။
ရွှီဇီယန်အခုလက်ရှိကျင့်နေတာက မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောရှိသည့်လူတွေသာ ကျင့်ရသည့်အခြေခံကျင့်စဉ်စာအုပ်ပဲဖြစ်သည်။ သူ့အဖေရွှီရှောင်က လျှိုကွမ်းဂိုဏ်းကနေ တကူးတကသွားယူပေးခဲ့ခြင်းဖြစ်သည်။ ထိုကျင့်စဉ်စာအုပ်က လျှိုကွမ်းဂိုဏ်းအတွက်တော့ သာမန်ကျင့်စဉ်စာအုပ်ဆိုပေမယ့် ရွှီမိသားစုအတွက်တော့ အလွန်ကိုကောင်းမွန်သည့် ကျင့်စဉ်စာအုပ်ဖြစ်သည်။
ရွှီမိသားစုမှာ ရွှီဇီယန်နဲ့ကိုက်ညီသည့် ကျင့်စဉ်စာအုပ်မရှိပေ။ သို့ပေမယ့် လက်ရှိကျင့်စဉ်စာအုပ်က သိပ်ပြီးတော့ အစွမ်းမထက်ပေမယ့် အခြေခံကိုရအောင် လုပ်နိုင်ရင်ပင် အရမ်းကောင်းနေပြီဖြစ်သည်။
ရွှီဇီယန်ကဒီစာကြည့်တိုက်ကို ဝင်ခွင့်မရှိပါ။ ဒါပေမယ့် ရွှီဇီရုန်ဒုက္ခမရောက်အောင် သူ့ဘေးကနေ စာကြည့်တိုက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေ အကြံဉာဏ်တွေပေးချင်သေးသည်။
ရွှီဇီယန်စိတ်ထဲ၌ အကုန်တွေးပြီးသားဖြစ်သည်။ အကယ်၍ သူသာရွှီဇီရုန်ကို ဘယ်နားမှာဘာစာအုပ်ရှိတယ်ဆိုတာ ပြောလိုက်ရင် ရွှီဇီရုန်အတွက် အချိန်ကုန်တော့မည်မဟုတ်ပေ။ တကယ်တော့ ရွှီဇီရုန်အတွက်ဆို ဘယ်လိုပုံစံပဲလုပ်ရလုပ်ရ ရွှီဇီယန်အတွက်ကိစ္စမရှိပါဘူး။
ရွှီဇီယန်ရှင်းပြတာကို နားထောင်ပြီးနောက် ရွှီဇီရုန်ကစာကြည့်တိုက်ရဲ့ဖွဲ့စည်းပုံကို အခြေခံနားလည်သွားပြီဖြစ်သည်။ သူကရွှီဇီယန်ကို ကျေးဇူးတင်စကားဆိုပြီးနောက် စာကြည့်တိုက်ထဲသို့ ဝင်သွားတော့သည်။
စာကြည့်တိုက်ထဲမှာ စင်တွေကို အထပ်သုံးထပ်ဖြင့် ခွဲထားသည်။ ကျင့်ကြံခြင်းအဆင့်အလိုက် အထပ်များကို ခွဲခြားထားသည်။
ဒါပေမယ့် ရွှီဇီရုန်က ပထမဆုံးစတင်ကျင့်ကြံမှာဆိုတော့ ပထမအထပ်ကပဲ သူရွေးချယ်ခွင့်ရှိလေသည်။
ပထမအထပ်ကစာအုပ်တွေအားလုံးဟာ အခြေခံအစွမ်းစာအုပ်တွေသာများသည်။ ဆန်းကျယ်သောရေကျင့်စဉ်စာအုပ်၊ မီးအကာအကွယ်ကျင့်စဉ်စာအုပ် အစရှိသဖြင့်ပေါ့။ ရွှီဇီရုန်ကထိုကျင့်စဉ်တွေကို တစ်ချက်သာကြည့်ပြီး အကြည့်လွှဲလိုက်သည်။
ဒီလိုကောင်းမွန်သည့်စာအုပ်တွေကို ကြည့်နေရတာက သူ့အချိန်ကိုပိုပြီးတော့ ကုန်စေသည်။ ဒါတွေအကုန်လုံးကို လိုက်ကြည့်ရမယ်လို့တော့ လာမပြောနဲ့။
သူကဖြေးဖြေးချင်း သူ့ရဲ့လက်ချောင်းတွေကို စာအုပ်အဖုံးပေါ်တွေကနေ တစ်အုပ်ပြီးတစ်အုပ်ဆီရွေ့သွားသည်။ ရွှီဇီရုန်တကယ်တော့ သူဘယ်စာအုပ်ကိုမှ မရွေးချင်ပါ။ ဒါပေမယ့် သူ့ရဲ့လက်ချောင်းကမဲမှောင်နေသည့် စာအုပ်တစ်အုပ်ပေါ် ထိမိလိုက်တော့ တစ်စုံတစ်ခုကိုခံစားလိုက်ရသည်။
သူလက်ချောင်းကစပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရ၏။ အံ့ဩစွာဖြင့် ရွှီဇီရုန်ထိုစာအုပ်ကို ယူကြည့်လိုက်သည်။
မဲမှောင်ပြီးပုံတုံးတုံးဖြစ်သည့် စာအုပ်အဖုံး၌ ဖုန်အလိပ်လိုက်တက်နေသည်။ စာအုပ်အဖုံး၌ ပြောထားတာကတော့ သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်စာအုပ်တဲ့။ ဒါပေမယ့် နူးညံ့ပြီးသစ်သားဒြပ်စင်အစွမ်းက သူနဲ့မဆိုင်မှန်း ရွှီဇီရုန်သိသည်။
သူကထိုစာအုပ်ညင်ညင်သာ ထုတ်ယူကြည့်လိုက်ပြီး ဖုန်တွေကိုဖယ်ရှားလိုက်သည်။ သူ၏လက်ချောင်းတွေဖြင့် ထိုစာအုပ်ကို ထိမိလိုက်ချိန်၌ နောက်တစ်ခါနာကျင်မှုကို ခံစားရပြန်သည်။
ရွှီဇီရုန်မျက်ဝန်းဟာ စိတ်ဝင်စားဟန်ဖြစ်ပေါ်လာသည်။ ရွှီဇီရုန်ကိုဆွဲဆောင်နိုင်သည့် စာအုပ်ဆိုတာ အလွန်ရှားပြီးတော့ သူ၏သွေးမိစ္ဆာအမြင်အာရုံနဲ့လည်း ထိုစာအုပ်ရဲ့ပုံစံအစစ်ကို ကြည့်လို့မရဘူး။ ထိုအကြောင်းအရာတွေနဲ့ပင် သူ့အာရုံကိုဖမ်းစားဖို့ လုံလောက်သည်။
သူ၏ဝိညာဉ်ချည်ကြိုးကိုသုံးကာ စာအုပ်ကိုစူးစမ်းဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့် သူလုံးဝမထင်ထားတာက စာအုပ်ထဲကိုဝင်တော့မည့်အချိန်တွင် သူ၏ဝိညာဉ်ချည်ကြိုးက ပြာအဖြစ်လောင်ကျွမ်းသွားတော့သည်။ ရွှီဇီရုန်မျက်နှာဟာ ရုတ်တရက်ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
“ပြင်းလိုက်တဲ့စွမ်းအားပါလား။” သူကစာအုပ်ကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေသည်။ ဒီစာအုပ်၌ ပုန်းကွယ်နေသည့်အရာက အလွန်စွမ်းအားမြင့်သည့် လျှပ်စစ်ဒြပ်စင်ပဲဖြစ်သည်။ မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောရှိသူတွေသာမဟုတ်ပါက ဒီစာအုပ်ထဲကို သူတို့၏ဝိညာဉ်တွေဝင်ဖို့ကြိုးစားသည့်သူတိုင်း သူတို့ဝိညာဉ်တွေဟာ ပြာအဖြစ်တောက်လောင်သွားလိမ့်မည်။