Chapter 19
Chapter 19
အခြားတစ်ယောက်ယောက်က သူ့အားအရင်လို လှည့်စားမှုမျိုးတွေလာလုပ်ရင် ပိုတောင်ကောင်းသေးသည်။ ရွှီဇီရုန်နှုတ်ခမ်းထောင့်က ကော့တက်သွားပြီ နတ်ဆိုးအပြုံးပြုံးလိုက်၏။ အခြေခံအားဖြင့် သွေးပင်လယ်နှလုံးကျင့်စဉ်ကိုကျင့်ကြံဖို့ လုံလောက်သည့်သွေးပမာဏကို ရရန်လိုအပ်သည်။ ဒီတော့စိတ်ဝိညာဉ်စွမ်းအင်တွေ များပြားနေသည့် ကျင့်ကြံသူတွေဆို ဘယ်လိုဖြစ်မလဲ?
“ဟုတ်ပြီ၊ ဒီနေ့အတွက် လေ့ကျင့်ရေးက ဒီလောက်ပဲ… မနက်ဖြန်ကျရင် တကယ့်ပြိုင်ပွဲ ကျင်းပမှာဖြစ်တဲ့အတွက် အားလုံးပဲကြိုတင်ပြင်ဆင်ထားကြပါ…” ရွှီမော့က ကျယ်လောင်စွာ ပြောလိုက်သည်။
အားလုံးက လေ့ကျင့်ရေးကွင်းအတွင်းကနေ ထွက်လာကြပြီး နှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့ဖြင့် တီးတိုးစကားပြောနေကြသည်။ ဒါပေမယ့် သူတို့မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ သူတို့ပြောနေသည့်အကြောင်းအရာအများစုက ရွှီဇီရုန်အကြောင်းကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
လေ့ကျင့်ရေးကွင်း၏ထောင့်နား၌ ဆယ်ကျော်သက်လူငယ်တစ်ယောက်က ရွှီဇီယန်ကို ကြည့်နေပြီးနောက် စိတ်မပါစွာ ရွှီဇီရုန်ဘက်သို့လှည့်ကာ ကြည့်လိုက်ပြီး
“ဟမ့်… ကလေကချေအဆင့်သာသာပဲ ရှိတာကို ရွှီဇီယန်က တော်တော်တုံးတာပဲ… ဒီလိုကလေကချေကောင်အပေါ် ကောင်းပြနေတာ သူ့ဂုဏ်သိက္ခာတွေတောင် ကျဆင်းသွားဦးမယ်…”
ထိုစကားကိုကြားသည့် သူ့အနောက်က ယောင်္ကျားလေးနဲ့ မိန်းကလေးက အထင်အမြင်သေးစွာ ကြည့်လာကြသည်။ ထိုလူငယ်လေးက ဆက်လက်ပြီးတော့
“သခင်ကြီးမှာ သားများများ မရှိတာကြောင့်လည်း ပါလိမ့်မယ်… ပြီးတော့ သူ့မှာကိုယ်လုပ်တော်တောင် သိပ်မရှိတာ…”
လူငယ်လေးက မျက်မှောင်ကြုတ်ကာ ဆက်လက်ပြောနေသည်။
“ပြောကြတာကတော့ အဲမိန်းမက သာမန်အဆင့်ပဲရှိတယ်တဲ့… အဲလိုမိန်းမမျိုးက ကိုယ်လုပ်တော်ဖြစ်ဖို့တောင် မတန်ဘူး… အဲလိုမိန်းမမျိုးဆီကနေမွေးတဲ့ကလေးက ဘာများကောင်းမှာမလို့လဲ? သူ့အမေသာ မသေသွားဘူးဆိုရင် သူဘယ်တော့မှ ရွှီအိမ်တံခါးကိုတောင် ဝင်ခွင့်ရမှာမဟုတ်ဘူး…”
“အဲဒါကဘာပြဿနာများ ရှိနေလို့လဲ?” သူ့အနောက်ဘက်က မိန်းကလေးဖြစ်သူဟာ မျက်နှာသေဖြင့် မေးလိုက်သည်။ “အဓိကအရေးကြီးတာက စွမ်းရည်ပဲ… တကယ်လို့ နင့်ရဲ့စွမ်းရည်က ရွှီဇီယန်ထက်များနေတယ်ဆိုရင် လေ့ကျင့်ရေးကွင်းကို ကလေကချေတစ်ယောက် ရောက်လာလည်း ဘာဖြစ်သွားမှာမလို့လဲ? တကယ်လို့ လေ့ကျင့်ရေးကွင်းကြီးကို နင်ဖျက်စီးလိုက်ရင်တောင် နင့်အဖေကနင့်ကို ကာကွယ်ပေးမှာပဲ…”
“မင်း!” ကောင်လေးရဲ့မျက်နှာဟာ အေးစက်သွားသည်။ “ရွှီဇီရွှမ်း… သွေးထိုးနေတာတွေ ရပ်လိုက်… ငါ့စွမ်းရည်ကသိပ်မကောင်းသေးပေမယ့် ငါ့အဖေက ဝိညာဉ်ကြောချဲ့ထွင်ခြင်းအဆင့်ကို ရောက်နေပြီ… မင်းအဖေက အခုမှ အခြေခံကျင့်ကြံခြင်းအဆင့်မှာ ရှိနေတုန်း… ဘယ်လိုအတွေးအခေါ်မျိုးနဲ့များ ငါ့ကိုလာပြောနေရတာလဲ?”
ကောင်မလေး၏မျက်ခုံးတွေ အောက်ကိုငိုက်စိုက်ကျသွားပြီး သူမ၏နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ လှောင်ပြုံးပြုံးလိုက်သည်။ “ရွှီဇီဟွမ်… နင့်အဖေက ဝိညာဥ်ကြောချဲ့ထွင်ခြင်းအဆင့်ကျင့်ကြံသူ ဖြစ်နေတော့ရော ဘာဖြစ်လဲ? ငါ့ရဲ့စွမ်းရည်က နင့်ထက်သာတယ်… ပြီးတော့ ကျင့်ကြံခြင်းအဆင့်တက်တဲ့အမြန်နှုန်းကလည်း နင့်ထက်သာတယ်… ဒီနေ့ ငါတို့ဆီမှာ ရွှီဇီရုန်တိုးလာရတာက သူ့ရဲ့တွေးခေါ်စဉ်းစားနိုင်စွမ်းရည်က အရမ်းမြင့်လို့ပဲ… ငါ့ယူဆချက်အရတော့ နင့်ရဲ့ဝေစုကတော့ အရင်ကထက် ပိုနည်းလာတော့မှာပဲ…” သူမပြောလို့လည်းပြီးရော နောက်လှည့်ကာထွက်သွားတော့သည်။
ထို့နောက်မှာတော့ ကောင်လေးဖြစ်သူဟာ ကောင်မလေးနောက်ကျောကို မည်းမှောင်စွာစိုက်ကြည့်နေပြီး ကျိန်ဆဲလိုက်သည်။ “အောက်တန်းစားမ… မင်းတစ်ယောက်ထဲမှာပဲ စိတ်ဝိညာဉ်သွေးကြောနှစ်မျိုးရှိတာမဟုတ်ဘူး… ငါကမင်းထက်ညံ့တယ်ဆိုတော့ရော ဘာဖြစ်လဲ?! တကယ်လို့ ရွှီဇီယန်က ရွှီဇီရုန်ကို ဆက်ပြီးအလိုလိုက်နေရင် မင်းဝေစုလည်းလျော့သွားမှာပဲ မဟုတ်ဘူးလား?”
သူတို့နှစ်ယောက်အနောက်၌ ရပ်နေသည့်လူငယ်လေးကတော့ ဘာမှဝင်မပြောဘဲ ခေါင်းသာငုံ့နေသည်။ ဒီကောင်လေးပဲဖြစ်ဖြစ် ဟိုကောင်မလေးပဲဖြစ်ဖြစ် သူတို့တွေဘာပဲပြောပြော သူဘာမှဝင်မပြောနိုင်ဘူး။ ရွှီမျိုးနွယ်စုက ကလေးတွေထဲမှာ သူကအားအနည်းဆုံးဖြစ်နေသည်။ သူ့အဆင့်နဲ့ ဒီလေ့ကျင့်ရေးကွင်းမှာရှိနေဖို့ ဒီကလူငယ်တွေနဲ့ မိန်းမငယ်လေးတွေကို သူလိုအပ်တာကြောင့် မျက်နှာချိုသွေးပြီး အမြင်ကြည်အောင်နေသည်။
ရွှီမော့ကြေညာပြီးနောက် ဒီနေ့လေ့ကျင့်ရေးက ပြီးဆုံးသွားပြီး ရွှီဇီယန်ကရွှီဇီရုန်ကိုခေါ်ကာ တောင်ပေါ်ကနေ ဆင်းလာတော့သည်။
လေ့ကျင့်ရေးကွင်း၏ ကိစ္စတွေအားလုံးက ရွှီမော့၏လက်ထဲတွင်သာရှိသည်။ ပြောရရင် မနက်ဖြန်ပြိုင်ပွဲရှိမယ်လို့ သူကိုယ်တိုင်ပြောခဲ့တာဆိုတော့ သေချာပေါက်ပြိုင်ပွဲက ရှိလိမ့်မည်။
ထိုပြိုင်ပွဲကို တကယ့်တိုက်ပွဲလို့ခေါ်ပေမယ့် ကလေးအချင်းချင်း တိုက်ခိုက်ရမှာတော့ မဟုတ်ဘူး။ အဲဒါထက် သူတို့တွေက တောင်အနောက်ဘက်ကို သွားပြီးတော့ အမဲလိုက်ရမှာဖြစ်သည်။
ရွှီမိသားစုအိမ်တော်၏အနောက်ဘက်၌ အလွန်အဖိုးတန်သည့် တောအုပ်ကြီးရှိပြီး “နောက်တောင်ကြော” လို့ခေါ်ကြသည့် အပယိကအစွန်အဖျားမှာ ထိုတောအုပ်ကြီးရှိပေသည်။
အဲဒီတောအုပ်ကြီးက အလွန်ထူးဆန်းပြီးတော့ တောအုပ်ထဲ၌ အမျိုးစုံလင်သည့် တောကောင်တွေများစွာရှိသည်။ ထိုအထဲကမှ တချို့တောကောင်တွေမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိကြသည်။
ထိုတောအုပ်ကြီးကို မြစ်ကြီးသုံးစင်းနဲ့ အပိုင်းသုံးပိုင်း ဘာလို့ပိုင်းခြားထားလည်းဆိုတာတော့ ဘယ်သူမှမသိပေ။ ထပ်ပြောရရင် တောကောင်တွေဟာ ထိုတောအုပ်ထဲမှာ ငြိမ်းချမ်းစွာနေထိုင်ကြပြီး သူတို့စကျင့်စဉ်အဆင့်အလိုက် သူနေရာနဲ့သူနေကြသည်။ သူတို့တွေက သူတို့ထက်ကျင့်စဉ်မြင့်သည့် တောကောင်တွေ၏နေရာကို ခြေတစ်လှမ်းမျှ မလှမ်းရဲကြပေ။
ရွှီအိမ်တော်အနားက ထိုတောအုပ်သည် ချီစွမ်းအင်စုဆောင်းမှုအဆင့်သာရှိသည့် တောကောင်တွေသာရှိသည်။ ရွှီအိမ်တော်၏အနီးဆုံးနေရာမှာရှိနေသည့် တောကောင်တွေကတော့ ကျင့်စဉ်အနိမ့်စားတွေသာဖြစ်ကြသည်။ သူတို့တွေတောနက်ကြီးထဲကို မသွားသ၍ လေ့ကျင့်ရေးကွင်းက ကလေးတွေဟာ ပြိုင်ပွဲကို အေးအေးဆေးဆေး ယှဉ်ပြိုင်လို့ရပေသည်။
ဒုတိယမြစ်နဲ့ တတိယမြစ်ကြားမှာရှိနေကြသည့် တောကောင်တွေက အခြေခံကျင့်ကြံခြင်းအဆင့်ကနေ ဝိညာဥ်ကြောချဲ့ထွင်ခြင်းအဆင့်ရှိ တောကောင်များရှိကြသည်။ ရွှေအမြုတေကျင့်ကြံသူတွေသာ တတိယမြစ်၏အတွင်းဘက်ကို ဝင်ရဲကြသည်။
တောအုပ်ကနက်လေလေ၊ တောကောင်တွေ၏ကျင့်စဉ်က ပိုမြင့်လေပဲဖြစ်သည်။ ဒုတိယမြစ်ကိုကျော်ပြီးလို့ တောအုပ်၏အလည်မှာ အစွမ်းထက်သည့် တောကောင်တွေရှိတယ်လို့ ပြောကြသည်။
ရွှီအိမ်တော်၏လက်ရှိစွမ်းအားအရ အလယ်ကမြစ်ကြီးနှစ်စင်းထက်အလွန်ကို ဘယ်သူမှမသွားရဲကြပေ။ အစွမ်းထက်သည့်တောကောင်တွေဆိုတာကလည်း ကောလဟာလအရသာ တည်ရှိနေတော့သည်။
မနက်ဖြန်ပြိုင်ပွဲက သူ့အတွက်ဘယ်လောက်မှမခက်ခဲဘူးဆိုတာ ရွှီဇီယန်သိသည်။ ပြီးတော့ သူကလည်း ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်၌ ရှိနေတာကြောင့် တောနက်ထဲကိုသာ သူမသွားရင် သူ့အတွက်ဘာပြဿနာမှမရှိပေ။
ရှိနေသည့်ပြဿနာတစ်ခုကတော့ အရင်မိန်းမ၏ကလေးဖြစ်သည့် ရွှီဇီရုန်ကို သူကာကွယ်ဖို့ပဲဖြစ်သည်။ အခုလက်ရှိ၌ သူကကျင့်ကြံခြင်းအဆင့်ကို ဝင်စပဲရှိသေးတာ ပထမချီစွမ်းအင်စုဆောင်းမှုအဆင့်လောက်တောင် မရှိသေးပေ။ အကယ်၍ သူသာ တောအုပ်ထဲဝင်ပါက………
“ကိုကို……ဘာတွေတွေးနေတာလဲ?” ရွှီဇီရုန်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
“ဘာမှမဟုတ်ပါဘူး…” ရွှီဇီယန်ကလည်း သူ့အကျင့်အတိုင်း ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ရွှီမော့ အမြင်ကပ်တာ သူတစ်ယောက်ကိုပဲလေ။ ရွှီဇီရုန်ကိုတော့ ဘာမှမလုပ်လောက်ပါဘူး။ ပြီးတော့ ရွှီဇီရုန်၏လက်ရှိစွမ်းရည်အတိုင်းဆိုရင် တောအုပ်ထဲကိုသွားတာက သူ့ကိုယ်သူသေကြောင်းကြံနေတာနှင့် အတူတူပဲဖြစ်လိမ့်မည်။ ရွှီဇီရုန်၏ ပထမဆုံးကျင့်စဉ်စာအုပ်ကလည်း သစ်သားဒြပ်စင်စာအုပ်ကြီးဆိုတော့ တစ်ယောက်ယောက်ကပဲ သူ့ကိုကာကွယ်မှရမည်……….
ကာကွယ်ရမယ်!
ရွှီဇီယန်၏မျက်လုံးတွေ တောက်ပသွားသည်။
သူတစ်ယောက်တည်းသာဆိုရင် ရွှီဇီရုန်ဘာဒဏ်ရာမှမရအောင် ကာကွယ်ပေးနိုင်မယ်လို့ မထင်ပေ။ ဒါပေမယ့် မနက်ဖြန်ပြိုင်ပွဲက တစ်ယောက်ချင်းစီပြိုင်ရမယ်လို့ ရွှီမော့မပြောခဲ့ပေ။ အဲလိုဆိုတော့ ရွှီဇီယန် အခြားတစ်ယောက်ယောက်ကိုရှာပြီး သူတို့နဲ့အသင်းဖွဲ့လိုက်ရင်ရပေသည်။
အသင်းအဖွဲ့နဲ့သွားတာ ပိုပြီးအန္တရာယ်ကင်းသည်။ ပြီးတော့ အားလုံး၏ကျင့်စဉ်အဆင့်တွေက သိပ်ပြီးမှမမြင့်သေးကြတာ။ အသင်းအဖွဲ့မပါဘဲ တောအုပ်ထဲကိုတစ်ယောက်တည်းသွားပြီး တောကောင်ရှာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။ ရွှီဇီရုန်တစ်ယောက်ထဲ အထောက်အပံ့ကျင့်စဉ်ကို ကျင့်နေတာမဟုတ်တာ။ ရွှီအိမ်တော်က ကလေးတော်တော်များများကလည်း အထောက်အပံ့ကျင့်စဉ်ကို ကျင့်ကြတာပဲ။
အားလုံးကိုနားလည်သွားပြီးနောက် ရွှီဇီယန်က အသင်းဖွဲ့ရန် ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့် သူ့ဦးခေါင်းကိုလှည့်ကာ ရွှီဇီရုန်အားကြည့်လိုက်ပြီး
“မနက်ဖြန်ပြိုင်ပွဲအတွက် ကိုကိုတို့ အခြားသူတွေနဲ့ အသင်းဖွဲ့ဖို့လိုတယ်… ဒီနေ့ကောင်းကောင်းနားနော်… မနက်ဖြန် မင်းလုပ်ရမှာက မင်းကိုယ်မင်းကာကွယ်ဖို့ပဲ… ဟုတ်ပြီလား?”
ရွှီဇီရုန် ခေါင်းညိတ်လိုက်၏။ သွေးပင်လယ်နှလုံးကျင့်စဉ်က သူ၏ဝှက်ဖဲဖြစ်တာမို့ ဒီနေရာမှာ သူထုတ်သုံးလို့မဖြစ်ပေ။ နောက်ထပ် သူ၏အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်းကလည်း သူအခုမှစကျင့်တာမို့ အပင်တွေကို သူစေခိုင်းနိုင်ဦးမှာ မဟုတ်သေးပေ။ ထို့ကြောင့် ကိစ္စအားလုံးကို သူ့အစ်ကိုဖြစ်သူအား အပ်ထားလိုက်တာ ပိုကောင်းသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရွှီဇီယန်က သူ့ကိုကာကွယ်ပေးမယ်လို့ မပြောခဲ့ဘူးလား? ဒီတော့ မနက်ဖြန်ကျရင် တစ်ဖက်လူ၏ပုံစံကိုကြည့်ပြီး သူခန့်မှန်းလို့ရပေသည်။
ရွှီဇီရုန်၏ပုံစံက သာမန်အတိုင်းသာ ဖြစ်နေတာကြောင့် ရွှီဇီယန် ဘာမှမတွေးလိုက်တော့ပေ။ သူ့ညီငယ်လေး၏အခန်းကိုရောက်တော့ အပန်းရောင်ကြီးကိုမြင်လိုက်ပြီး သူ့မျက်စိကန်းမလိုတောင်ဖြစ်သွားရသည်။ ထို့ကြောင့် ပြောစရာရှိတာ မြန်မြန်ပြောပြီး ရွှီဇီယန်ထွက်သွားတော့သည်။
ရွှီဇီရုန်ဟာ သူ၏အပန်းရောင်အခန်းကိုစိုက်ကြည့်နေပြီး သူ့အမူအရာက အန္တရာယ်ပြုမည့် အရိပ်အယောင်ဖြစ်နေသည်။ ထို့နောက်မှာတော့ သူ့စိတ်ထဲကမှတ်စုလေးထဲမှာ စာတိုလေးကို တိတ်တဆိတ် ချရေးမှတ်လိုက်တော့သည်……….
နောက်နေ့မနက်စောစောတွင် ရွှီဇီရုန်က အလျင်အမြန်ထကာ မျက်နှာကိုလည်းမြန်မြန်သစ်ပြီး အဝတ်အစားလဲကာ သူ့အခန်းထဲမှ ထွက်လာတော့သည်။
သူ့အခန်းထဲက ထွက်လာတာနဲ့ သူဟာသက်ပြင်းအရှည်ကြီးချလိုက်တော့သည်။ ဒီလိုတစ်ခန်းလုံးအပန်းရောင်ကြီးကို အလှဆင်ထားတာက သူ့ကို ဒီလောက်ထိ စိတ်ဒုက္ခပေးလိမ့်မယ်လို့ တစ်ခါမှမတွေ့ခဲ့ဖူးပေ………
သူ့အခန်းဘေးဆီသို့ လျှောက်လာတော့ အခန်းဘေးမှာစောင့်နေသည့် အစေခံပြောင်းသွားလေသည်။ ဒီအစေခံအသစ်၏ရုပ်ရည်ကတော့ သာမန်ပဲဖြစ်သည်။ ဒါပေမယ့် သူမကပြုံးလိုက်ရင် အလွန်ချစ်စရာကောင်းသည်။ ထိုအပြုအမူကပင် အခြားလူတွေက သူမအနားကို ပိုကပ်ချင်ကြသည်။
ဒါပေမယ့် ထိုမိန်းမက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး အကြင်နာမဲ့လည်းဆိုတာ ရွှီဇီရုန်သာသိသည်။ အရင်ဘဝက သူမကမလိမ့်တစ်ပတ်နဲ့ သူ့ကိုမြွေတွင်းဆီ ခေါ်သွားဖူးသည်။ ရလဒ်ကတော့ ချောက်ကမ်းပါးပေါ်ကနေ ရွှီဇီယန် တွန်းချတာ ခံလိုက်ရသည်
သူအပေါ်ပြန်ရောက်တော့လည်း အဲမိန်းမက ဘာမှမသိသလိုနဲ့ သူ့ကိုလှည့်စားဖို့လုပ်ပြန်သည်။ သူမအတွက် ကံမကောင်းပေမယ့် သူက ပထမတစ်ခါသာ အရူးလုပ်ခံမည်၊ ဒုတိယအကြိမ်အထိ သူအရူးလုပ်ခံရလောက်အောင် အဲလောက်မတုံးသေးပေ။ ထိုသင်ခန်းစာကို သူခံလိုက်ရပြီးနောက် အရာအားလုံးကို သူနားလည်သွားတော့သည်။
သူမပထမဆုံး ရွှီဇီရုန်ကိုမြင်တော့ ဒီမိန်းမမျက်လုံးက အရောင်လက်သွားသည်။ ဒါပေမယ့် သူမကအလျင်အမြန် ဖုံးကွယ်လိုက်ပြီး ရွှီဇီရုန်အား သူမ၏ချစ်စရာအပြုံးလေးနဲ့ ပြုံးပြလိုက်သည်။ ဒီနေရာကို အခုမှအသစ်ရောက်လာသည့် ကလေးတစ်ယောက်ဆိုတော့ သူမအပြုံးလေးပြုံးပြလိုက်တာ ချဉ်းကပ်လို့ရနိုင်တယ်ဆိုတာ သူမသေချာသိပေသည်။
“မင်းက ဘယ်သူလဲ?” ရွှီဇီရုန်က မသိသလိုဟန်ဆောင်ကာ မေးလိုက်သည်။
“ဒီအစေခံမနာမည်က လော့ရှီလို့ခေါ်ပါတယ်…” လော့ရှီက သူ့အားအရိုအသေပေးကာ ဖြေကြားလိုက်သည်။
“အိုး…” ရွှီဇီရုန်က ခေါင်းတငြိမ့်ငြိမ့်လုပ်လိုက်ပြီး “ကိုကိုက အခုထိမနိုးသေးဘူးလား?”
“ဟုတ်ပါတယ်… သခင်လေးဇီရုန်၊ သခင်လေးက အခုထိ အိပ်နေတုန်းပါ…” လော့ရှီက ရိုးသားသည့် အသံလေးဖြင့် ပြန်ဖြေသည်။ သူမက ရွှီဇီရုန်အား သဘောကျနေသည့် အကြည့်ဖြင့် ကြည့်နေသည်။
“ဟင်……မင်းက ဘာလို့ငါ့ကို အဲလိုမျိုးလာကြည့်နေရတာလဲ?” ရွှီဇီရုန် ထိုအကြည့်ကိုမြင်လိုက်တော့ တစ်ချိန်က သူ့ကိုနွေးထွေးသည့်ပုံစံဖြင့် လှည့်စားခဲ့တာကြောင့် သူရုတ်တရက်ဒေါသထွက်သွားသည်။ ထို့ကြောင့် စိတ်မထိန်းနိုင်စွာ သူ့ပါးစပ်ကနေ ချက်ချင်းမေးလိုက်မိသည်။
လော့ရှီက ခဏလောက် တုံ့ဆိုင်းသွားပြီး အလျင်အမြန်ပြန်ဖြေသည်။ “ကျွန်မကို ခွင့်လွှတ်ပေးပါ… သခင်လေးဇီရုန်၊ ဒီအစေခံမရဲ့အိမ်မှာ ကျန်ခဲ့တဲ့မောင်လေးက သခင်လေးဇီရုန်နဲ့ ရွယ်တူလောက်ပါပဲ… ဒါကြောင့် ကျွန်မမောင်လေးကို သတိရသွားတာပါ…”
ရွှီဇီရုန် သူ့စိတ်ထဲ၌ သရော်လိုက်သည်။ ဒါကလည်း အလိမ်အညာပဲဖြစ်လိမ့်မယ်လို့ သူမှတ်ယူလိုက်သည်။ ပြီးတော့ လော့ရှီဆီမှာ မောင်မရှိဘူးဆိုတာ သူသိပြီးသားဖြစ်သည်။
“ရိုင်းစိုင်းလိုက်တာ!” ရွှီဇီရုန်၏မျက်နှာက တင်းမာသွားသည်။ “မင်းလိုအစေခံမရဲ့မောင်နဲ့များ ငါ့ကိုလာနှိုင်းတယ်… မင်းတော်တော်သတ္တိရှိလှချေလား!”
လော့ရှီပုံစံက အေးစက်သွားသည်။ ရွှီဇီရုန်ဆီကနေ ဒီလို အပြောခံရလိမ့်မယ်လို့ သူမတစ်ခါမှမထင်ခဲ့မိပေ။
“သခင်လေးဇီရုန်…………” သူမဘာမှမပြောနိုင်အောင် ပျာယာခက်သွားသည်။ ဒီအခြေအနေက သူမခန့်မှန်းထားခဲ့တာနဲ့ အလွန်ကိုကွဲပြားနေသည်!
“ငါက ရွှီမိသားစုရဲ့ဒုတိယသခင်လေး၊ မင်းရဲ့စာနာသနားနေတဲ့အကြည့်တွေကို ငါကဘာလုပ်စားရမှာလဲ?” ရွှီဇီရုန်က မာန်ပါပါမေးလိုက်၏။
“သခင်လေးဇီရုန်၊ ဒီအစေခံမ မလုပ်ရဲပါဘူး………” လော့ရှီဟာ အလွန်ကို ကြောက်လန့်တကြား ဖြစ်နေသည်။ သူမတစ်ကိုယ်လုံးက တုန်ယင်နေပြီး ဘုန်းခနဲမြည်အောင် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်သည်။
သခင်လေးက ဒုတိယသခင်လေးကို ဘယ်လောက်ချစ်လည်းဆိုတာ လျှို့ရှန်အဆောင်က ဘာလို့မသိဘဲနေရမှာလဲ? အကယ်၍ လော့ရှီသာ သူ့ကိုဒေါသထွက်အောင်လုပ်မိပါက သူမအဆုံးသတ်က ကောင်းမွန်မည်မဟုတ်ပေ။
“ဟွန့်!” ရွှီဇီရုန်က အေးစက်စက်သရော်လိုက်ပြီး ရွှီဇီယန်အခန်းထဲသို့ တံခါးဖွင့်ကာ ဝင်သွားတော့သည်။ တံခါးနားမှာ တုန်ရီစွာဒူးထောက်နေသည့်လော့ရှီကို သူချန်ထားခဲ့လိုက်ပြီး သူမကတော့ကြောက်လွန်းလို့ ခေါင်းတောင်မဖော်နိုင်အောင်ဖြစ်နေရှာသည်။
အခန်းထဲကအခြေအနေကတော့ ရွှီဇီရုန်ခန့်မှန်းသလိုပင်………………
ကုတင်ပေါ်၌ ကြီးမားသည့်စောင်နဲ့ လူးလိမ့်ကာအိပ်လို့နေသည်။ ခေါင်းကနေခြေထောက်ထိ ရွှီဇီယန်ဟာ စောင်ထဲမှာ နှစ်မြှုပ်နေလေသည်။ ဒါပေမယ့် ဆံပင်အမဲရောင်လေးဟာ အနည်းငယ်လစ်ဟာပြထားတာကြောင့် ဘယ်ဟာခေါင်း၊ ဘယ်ဟာခြေထောက်လည်းဆိုတာ သိနိုင်တော့သည်။ မဟုတ်လျှင် သူခေါင်းထားသည့်နေရာကို လိုက်ရှာနေရတာ တော်တော်အလုပ်ရှုပ်လိမ့်မည်။
“ကိုကို ထဖို့အချိန်တန်ပြီ!” ရွှီဇီရုန်က အပြုံးချိုချိုလေးဖြင့် ရွှီဇီယန်ပုခုံးကို လှုပ်ကာနှိုးသည်။
“အာ………..ငါခဏလောက် အိပ်ပါရစေဦး………” ရွှီဇီယန်ကမပီမသပြန်ပြောလိုက်ပြီး သူ့စောင်ထဲ၌ လူးလိမ့်နေပြန်သည်။
ထိုပုံစံကိုမြင်ပြီး ရွှီဇီရုန် စိတ်မပျက်ဘဲမနေနိုင်ပေ။ တစ်စုံတစ်ယောက်က ဒီအချိန်ထိအိပ်တာကို သူပထမဆုံးတွေ့ဖူးတာပဲဖြစ်သည်။
“ကိုကို ဒီနေ့ ကျွန်တော်တို့ ပြိုင်ပွဲရှိတယ်လေ…”
“အာ………ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ ဇီယွိရာ… အစ်ကိုခဏလောက် အိပ်ဦးမယ်…” ရွှီဇီယန်ကတွန့်လိမ်နေပြီး ဝိုးတိုးဝါးတားအသံဖြင့် ပြန်ပြောသည်။
ဇီယွိ?
ရွှီဇီရုန်၏မျက်လုံးတွေ အနည်းငယ် တွန့်ချိုးသွားသည်။ ရွှီမိသားစု၌ ဇီယွိဆိုသည့်နာမည်နဲ့လူကတစ်ယောက်ပဲရှိပြီး ထိုသူကလည်းမျိုးနွယ်စုခွဲမိသားစုကဖြစ်သည်။ ထပ်ပြောရရင် ဇီယွိဆိုသည့်လူကလည်း အသက်နှစ်ဆယ်ရှိနေပြီဖြစ်တာကြောင့် ရွှီဇီယန်ကသူ့ကိုယ်သူ ‘အစ်ကို’ ဆိုပြီး ပြောဖို့ဆိုတာမဖြစ်နိုင်ပေ။
သူ့စိတ်ထဲ၌ တိတ်တဆိတ်သံသယအဖြစ်သာ မှတ်ယူထားလိုက်တော့သည်။ ရွှီဇီရုန်ထပ်ပြီးတော့ စောင်ကိုဆွဲကာနိုးလေသည်။ “ကိုကိုအခုမထရင် ကျွန်တော်တို့နောက်ကျတော့လိမ့်မယ်! ကိုကိုက ကျွန်တော်ရဲ့ပထမဆုံးလက်တွေ့ပြိုင်ပွဲကို နောက်ကျစေချင်လို့လား?”
“အာ……….ဟုတ်သားပဲ………ဇီယွိကျောင်းနောက်ကျလို့မဖြစ်ဘူး!” ရွှီဇီယန်ဟာ သူ့စောင်ထဲကထွက်ကာ ထထိုင်လိုက်သည်။ သူပုံစံကအိပ်ချင်မူးတူးပုံစံဖြစ်နေပြီး သူ့ဆံပင်တွေကလည်း ကြက်မွေးပုံစံလို ရှုပ်ပွနေသည်။
ရွှီဇီရုန်တိတ်တဆိတ် သူ၏မှတ်စုစာအုပ်လေးထဲမှာ ‘ကျောင်း’ ဆိုသည့်စကားလုံးကို မှတ်ထားလိုက်ပြန်သည်။
“အမ်………ဒီတော့ ဇီရုန်ပေါ့ အာ…” ရွှီဇီယန်နောက်ဆုံးမှ အိပ်ချင်စိတ်တွေ ပျောက်သွားတော့သည်။ ရွှီဇီရုန်၏ဝိုင်းစက်နေသောမျက်လုံးတွေကို မြင်လိုက်ရပြီး အိုးမလံအုံပွင့်သွားသောကြောင့် သူဟာကုတင်ပေါ်ကနေဆင်းလာတော့သည်။
သူအရင်ကပြောခဲ့သလိုပဲ သူသေချာပေါက် ဒီညီငယ်လေးကိုဂရုစိုက်မှာလို့ပြောခဲ့ပေမယ့် အခုတော့ဒီညီငယ်လေးကပဲ သူ့ကိုမနက်တိုင်း ကုတင်ပေါ်ကနေလာနိုးနေရသည်။ ရှက်စရာကောင်းလိုက်တာ………………(≧▽≦)
သမ်းဝေလိုက်ရင်း ရွှီဇီယန်အဝတ်အစားတွေယူကာ သူ့ကိုယ်သူဝတ်ဆင်လိုက်သည်။ သူ့ဘေးမှာတော့ရွှီဇီရုန်က ‘ဇီယွိ’ဆိုသည့်စကားလုံးကို အရေးတကြီးတွေးတောနေသည်။
‘ဇီယွိ’ဆိုသည့်လူပုဂ္ဂိုလ်ကို သူရအောင်ရှာမယ်ဆိုရင် ရွှီဇီယန်ကဘာလို့ဒီလောက်ပြောင်းလဲသွားတယ်ဆိုသည့်အချက်ကို သူတွေ့ရလိမ့်မည်။
ရွှီဇီယန်၏အမူအရာက သွက်လက်မြန်ဆန်ပြီးသပ်ရပ်ပေသည်။ သူကအချိန်ခဏလေးအတွင်းမှာပင် ပြင်ဆင်လို့ပြီးသွားသည်။
သူတို့နှစ်ယောက်အပြင်သို့ထွက်လာချိန် လော့ရှီကတံခါးဘေးမှာမထသေးဘဲ ဒူးထောက်လျက်ရှိနေသေးသည်။ သူမဟာ ရွှီဇီယန်ကိုလည်းမြင်လိုက်ရော သူမအောက်နှုတ်ခမ်းကိုအသာလေးကိုက်လိုက်ပြီး သူမမှားသွားသည့်အမူအရာမျိုးကို သူမမျက်နှာ၌ဖော်ပြလိုက်သည်။
သူ့တံခါးဘေးမှာဒူးထောက်နေသည့် လော့ရှီကိုလည်းတွေ့ရော ရွှီဇီယန်အနည်းငယ်တုံ့ဆိုင်းသွားသည်။ “ဒီမှာဘာလုပ်နေတာလဲ?” ဒီလော့ရှီကဉာဏ်ပြေးတာကို သူမှတ်မိသေးသည်။ အဲဒါကို သူမကဘာလို့ဒီလိုဖြစ်နေရတာလဲ?
“သခင်လေး…………အဲ့ဒါအားလုံးက ဒီအစေခံမရဲ့အမှားတွေပါ… ကျွန်မ သခင်လေးဇီရုန်ကို ဒေါသထွက်အောင်လုပ်မိလိုက်တယ်…” လော့ရှီကအလျင်အမြန်ရှင်းပြလေသည်။
ရွှီဇီရုန်၏နှုတ်ခမ်းထောင့်က အမည်ဖော်မရသည့်အပြုံးကိုချိတ်ဆွဲလိုက်သည်။ ဒီကိစ္စကို ရွှီဇီယန် ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူကြည့်ချင်သေးသည်။
“ဇီရုန်ကိုဒေါသထွက်အောင်လုပ်တယ်… ဟုတ်လား?” ရွှီဇီယန်အနည်းငယ် အံ့ဩသွားသည်။ ရွှီဇီရုန်ကအခုမှ ရွှီမိသားစုကို ရောက်တာမကြာသေးဘူး။ ပြီးတော့ သူကသူစိမ်းတွေကိုလည်းကြောက်သေးတာကို အဲလိုမျိုးကလေးက အခြားလူကြောင့်ဒေါသထွက်မယ်တဲ့လား။ သူဘယ်လောက်ထိ ချစ်စရာကောင်းလည်းဆိုတာ ပြောမနေနဲ့တော့။ ဒါကြောင့် သူဒေါသထွက်တယ်ဆိုတာ မဖြစ်နိုင်ပါ။ လော့ရှီက ဘာတွေများပြောလိုက်လို့ ဇီရုန်ကဒေါသထွက်သွားတာလည်းဆိုတာကို ရွှီဇီယန်အတွက်တွေးဖို့အလွန်ခက်ခဲသည်။
လော့ရှီကိုတစ်ချက်ကြည့်ပြီး သူပြောလိုက်သည်က “အဲ့လိုဆိုရင်လည်း အိမ်တော်ထိန်းကို မင်းဒီနေ့ကစပြီး လျှို့ရှန်အဆောင်ကနေ ပြောင်းရမယ်ဆိုတာကို သွားပြောလိုက်…”
လော့ရှီမျက်လုံးတွေပြူးကျယ်သွားပြီး မယုံနိုင်စွာ ရွှီဇီယန်အား စိုက်ကြည့်လိုက်သည်။
အကြောင်းအရင်းကတော့ သူမဘက်ကနေ အရင်လက်ဦးမှုယူပြီး ဖြစ်ပျက်သွားသည့်အကြောင်းအရာကို ဘာရည်ရွယ်ချက်မှမရှိသလိုပုံစံဖြင့် တိုင်တန်းမယ်ပေါ့။ ဒါပေမယ့် သခင်လေးကဘာရှင်းပြချက်မှမပေးဘဲ သူမကို လျှို့ရှန်အဆောင်ကနေပြောင်းဖို့ပြောလိုက်သည်။ အရင်တုန်းက လော့ချီ ဒီနေရာကနေ ပြောင်းသွားရတော့ သူမဂုဏ်သိက္ခာဟာ အောက်သို့ထိုးဆင်းသွားပြီး အဝတ်လျှော်နေရာမှာအလုပ်လုပ်နေရသည်။ အကယ်၍ လော့ရှီလည်းပြောင်းခံရပါက……………
ထိုအကြောင်းကို သူမတွေးလိုက်ပြီး လော့ရှီမျက်နှာဟာ ဖြူစုတ်သွားသည်။ သူမခန္ဓာကိုယ်ဟာယိမ်းယိုင်လာပြီး မူးမေ့မလိုဖြစ်သွားသည်။
ရွှီဇီရုန် အလွန်အံ့ဩသွားသည်။ ရွှီဇီယန်က အကြောင်းအရာတွေကိုလျစ်လျူရှုပြီး လော့ရှီကိုချက်ချင်းအပြစ်ပေးလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
လျှို့ရှန်အဆောင်မှာ လော့ချီပြီးရင် လော့ရှီကဒုတိယနေရာမှာရှိတယ်ဆိုတာကို သူသေချာမှတ်မိသေးသည်။ ဒါပေမယ့် လော့ချီကလည်းပြောင်းသွားရပြီး အခုလော့ရှီကလည်း လျှို့ရှန့်အဆောင်ကနေ အဝေးကိုနှင်ထုတ်ခံလိုက်ရပြီဖြစ်သည်။ ဒီကိစ္စနှစ်ခုကိုကြည့်ပြီး ဒီရွှီဇီယန်နဲ့ အရင်ဘဝကရွှီဇီယန်က အလွန်ကိုကြီးမားသည့်ကွာဟမှုတွေရှိပြီး မတူညီသည့်လူနှစ်ယောက်ပုံစံဖြစ်နေသည်။ ရွှီဇီရုန် ထိုသံသယဖြစ်စရာအကြောင်းအရာတွေကို ဘယ်လိုမှစဉ်းစားမရတော့ပေ။
“သခင်လေး…………” လော့ရှီဟာရှင်းပြရန် သူမပါးစပ်ဟလိုက်သည်။
ဒါပေမယ့် ရွှီဇီယန်ကတော့ သူမပြောမယ့်အကြောင်းတွေကိုစိတ်ဝင်စားမှုမရှိပေ။ လော့ရှီ၏အပြုအမူနဲ့ လုပ်ဆောင်ပုံတွေကြောင့် အရင်ဘဝတုန်းရွှီဇီယန်နဲ့ သူမကျူးလွန်ခဲ့ဖူးသည်ဆိုတာကို သူသေချာမှတ်မိသေးသည်။ ဒါပေမယ့် ဒီဘဝမှာတော့ သူမကဘာမှမလုပ်ရသေးတာကြောင့် ပုံမှန်အတိုင်းပဲ သူကတော့ သူမအပေါ်တိမ်းညွတ်တော့မှာမဟုတ်ပေ။
ဒါပေမယ့် အခုတော့ သူမက ရွှီဇီရုန်အပေါ်အမှားကျူးလွန်တာကြောင့် ထိုအရာကရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ရွှီဇီယန်ကတော့ သူမကိုလျှို့ရှန်အဆောင်မှာ ဆက်မနေခိုင်းစေချင်တော့ပေ။ သူ၏အရင်ဘဝက မှတ်ဉာဏ်ထဲက အတွေ့အကြုံတွေကိုယူပြီး ရွှီဇီရုန်ကိုမကွေးအောင်လုပ်ရမည်၊ ပြီးတော့ ရွှီဇီရုန်ကိုကလေးဘဝတုန်းက အနိုင်ကျင့်ခဲ့သည့်သူတွေနဲ့ ခပ်ဝေးဝေးနေခိုင်းရမည်။
မူလဘဝက ရွှီဇီရုန်ကိုအနိုင်ကျင့်ခဲ့သည့်လူတွေဟာ ရွှီဇီယန်၏စေခိုင်းမှုကြောင့်သာဖြစ်သည်။ အခုတော့ ရွှီဇီရုန်အပေါ်ထားသည့် သူ၏သဘောထားတွေက ပြောင်းလဲသွားလေပြီ။ ဒါကြောင့် အခြားလူတွေ၏ သဘောထားတွေကလည်း ပြောင်းလဲမှာအမှန်ပင်။ အနိုင်ကျင့်ခဲ့ကြသည့် လူတွေကလည်း သူတို့မျက်လုံးထဲမှာ ရွှီဇီရုန်ကိုသဘောမကျသလိုဘဲ ကြည့်နေမှာ၊ အခြားဘာမှလုပ်လို့ရမှာမဟုတ်ချေ။
ရွှီဇီယန်က မြေပြင်ပေါ်မှာလဲကျနေသည့် လော့ရှီကိုလျစ်လျူကာ ရွှီဇီရုန်နဲ့အတူ ရွှင်ပျစွာထွက်သွားတော့သည်။ ဒီလောကကြီးမှာ အားနည်းသည့်လူတွေက အားကြီးသည့်လူတွေ နင်းချေတာခံရမှာအမှန်ပင်။ ဒါပေမယ့် လူအားလုံးကို လိုက်ကာကွယ်ပေးဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်ပေ။ ဒါကြောင့် သူကာကွယ်ချင်သည့်တစ်ယောက်တည်းသောလူကိုပဲ သူ့အနားမှာထားမှာဖြစ်သည်။
လေ့ကျင့်ရေးကွင်းဆီသို့ သွားရာလမ်းတစ်လျှောက်တွင် ရွှီဇီယန်က သူ့မှတ်ဉာဏ်ထဲကနေဆင်ခြင်သုံးသပ်ပြီး သိသင့်သည့်အကြောင်းအရာတွေကို ရွှီဇီရုန်အားပြောပြလေသည်။ ဒီနေ့ပြိုင်ပွဲမှာ ရွှီဇီယန်လည်း အကောင်းဆုံးလုပ်ဆောင်ရမည်။ အဲဒီနောက်မှာတော့ ယခု သူက အရင်ရွှီဇီယန်၏မှတ်ဉာဏ်ကို အသုံးပြုနေတယ်ဆိုပေမယ့် အရင်ရွှီဇီယန်အတိုင်းတော့ အရာအားလုံးကို သူလုပ်နိုင်မဟုတ်ချေ။
ရွှီဇီရုန်က ရွှီဇီယန်အလေးအနက်ပြောသမျှကို အပြုံးလေးဖြင့် နားထောင်လေသည်။ ထိုအချိန်မှာ သူ့စိတ်ထဲ၌ခံစားနေရသည့်ခံစားချက်ကို သူမရှင်းပြနိုင်ချေ။
ရွှီဇီယန် သူ့ကိုပြောပြနေသည့် အကြောင်းအရာတွေက အခုလက်ရှိသူ့အတွက် ဘာမှအကျုံးမဝင်ဘူး။ အကယ်၍ သူသာ တကယ့်ရှစ်နှစ်အရွယ်ကလေးတစ်ယောက်သာ ဖြစ်နေပါက ရွှီဇီယန်ပြောသမျှက သူသိထားသင့်သည့်အကြောင်းအရာများဖြစ်သည်။
အကယ်၍ သူသာ အရင်ရွှီဇီယန်ဖြစ်နေပါက ဟန်ဆောင်သက်သက်သာဖြစ်ပြီး အခွင့်အရေးကိုအသုံးချကာ ပြိုင်ပွဲအတွင်း၌ ရွှီဇီရုန်ကို တောအုပ်ထဲမှာတိတ်တဆိတ်ပစ်ထား၍ ရပေသည်။ ပြီးတော့ တောကောင်တွေများပြားသည့်တောအုပ်ကြီးထဲမှာ ဘာမဆိုဖြစ်သွားနိုင်သည်။ ဒါပေမယ့် ရွှီဇီယန်က သူ့ကိုအတည်ပေါက်ကြီး သိထားရမည့်အရာတွေကို အသေးစိတ်ရှင်းပြနေတော့ သူ့အား တောအုပ်ထဲမှာ ပစ်ထားဖို့အစီအစဉ်မရှိလောက်ဟု ရွှီဇီရုန်ယုံကြည်လိုက်တော့သည်။
သူ့စိတ်ထဲမှာ သက်ပြင်းအနည်းငယ်ချလိုက်ပြီး ဒီရွှီဇီယန်ကို ရွှီဇီရုန် ဘယ်လိုမှ နားမလည်နိုင်တော့ပေ။
“အားလုံးသေချာမှတ်မိရဲ့လား?”
“ကျွန်တော်မှတ်မိပါတယ်…” ရွှီဇီရုန်က လိမ်မာပြီးထက်မြက်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ “ကျွန်တော် ကိုကိုနောက်ကနေ ထပ်ကြပ်မခွာလိုက်ရမယ်…”
“အင်း… လိမ်မာတယ်… နောက်ပြီးတော့ မင်းပိုလုံခြုံအောင် ငါအခြားလူတွေကို ရှာလိုက်ဦးမယ်…” ရွှီဇီယန်က ရွှီဇီရုန်ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
လူနှစ်ယောက်က ကျောက်တုံးလှေကားတွေပေါ် တစ်ထစ်ချင်းတက်လာကြပြီး လျင်လျင်မြန်မြန်ပင် တောင်ထိပ်သို့ရောက်သွားတော့သည်။ လေ့ကျင့်ရေးကွင်း၏မြေကွက်လပ်၌ ရွှီမိသားစု၏ကလေးတွေ ဒါဇင်လောက်က သူ့အဖွဲ့နှင့်သူ စုဝေးနေကြသည်။ ကြည့်ရသလောက်တော့ တော်တော်များများက အသင်းဖွဲ့ပြီးသွားကြပြီဖြစ်မည်။
ရွှီဇီယန်ရောက်လာတော့ လူတော်တော်များများ မကြည့်ဘဲမနေနိုင်ကြပေ။ ရွှီဇီယန်က ယခုဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ရောက်ထားပြီဆိုတာကို လူတိုင်းကသိထားကြသည်။ အကယ်၍ သူတို့တွေသာ သူနဲ့အတူသွားပူးပေါင်းလိုက်ရင် ပိုပြီးတော့လုံခြုံပြီး စိုးရိမ်မှုလည်း လျော့နည်းလိမ့်မည်။
ရွှီဇီယန်သည် ကျော်ကြားပြီး ဘယ်အသင်းမဆို သူ့ကို လက်ခံမယ်ဆိုတာသိပေမယ့် သာမန်အသင်းမျိုးကိုတော့ သူမရွေးချင်ပေ။
အားလုံးကိုဂရုတစိုက်ကြည့်နေပြီး သူ့မှတ်ဉာဏ်ထဲကအကြောင်းအရာနဲ့သုံးသပ်ကြည့်ကာ ထောင့်နားမှာရပ်နေသည့်လူသုံးယောက်ကို အလျင်အမြန်ပင် သူရှာတွေ့သွားသည်။
သူက ရွှီဇီရုန်ကိုခေါ်သွားပြီး ထိုနေရာသို့လျှောက်သွားကာ ကောင်မလေးက သူမမေးခင်မှာပင် လှည့်ကြည့်လာသည်။
“ငါတို့တွေ… မင်းတို့အဖွဲ့နဲ့ ပူးပေါင်းလို့ရမလား?”
ကောင်မလေးကသူမခေါင်းကို ငုံ့ပြီးကြည့်လာတာကြောင့် ရ