Chapter 23
Chapter 23
ရွှီဇီဟွမ်ဟာအရမ်းမာနကြီးပြီး ရွှီဇီကျင်းကို အထင်သေးသောအကြည့်တွေဖြင့်သာကြည့်လေ့ရှိသည်။ ရွှီဇီယန်ကိုသူမြင်လိုက်ပြီးနောက် သူ၏အမူအရာတွေကိုထိန်းချုပ်လိုက်သည်။ နောက်ပြီးတော့ ရွှီမိသားစု၌အဆင့်အတန်းအမြင့်ဆုံးဖြစ်ပြီး အမွေဆက်ခံမယ့်သူကလည်းရွှီဇီယန်ဖြစ်ပြီး သူမဟုတ်ဘူးလေ။ သူ့စိတ်ထဲမှာရှိသည့် မကျေနပ်ချက်တွေကိုထုတ်ပြရအောင် ရွှီဇီဟွမ်အဲ့လောက်ထိမတုံးသေးဘူး။
ရွှီမိသားစု၏အိမ်ထောင်စုငယ်လေးတစ်ခုဖြစ်တာကြောင့် ကိုယ့်နေရာနဲ့ကိုယ်နေဖို့ သူ့အဖေကသူ့ကိုအမြဲပြောလေ့ရှိသည်။ ရွှီဇီယန်၏စွမ်းရည်က အလွန်ကောင်းမွန်တာမှန်ပေမယ့် ကျင့်ကြံခြင်းလောက,ကအလွန်ကိုကျယ်ပြန့်လှသည်။ ရှားပါးသည့်စိတ်ဝိညာဉ်သွေးကြောရှိတာက ရွှီဇီယန်တစ်ယောက်တည်းမှမဟုတ်တာ။ ပြီးနောက် ရှားပါးသည့်စိတ်ဝိညာဉ်သွေးကြောရှိသည့်လူတိုင်းက အောင်မြင်ကြလို့လား? ရွှီဇီဟွမ်သေချာလေ့ကျင့်ပြီးတော့ လျှိုကွမ်းဂိုဏ်းကိုဝင်လို့ရရင် သူ၏ကျင့်စဉ်တွေကလည်း ရွှီဇီယန်ထက်နည်းလာတော့မှာမဟုတ်ဘူး။
“နင်တို့တွေဒီမှာဘာလုပ်နေတာလဲ?” ရွှီဇီကျင်းက အနည်းငယ်မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ရွှီဇီဟွမ်၏ဆရာကြီးလုပ်သည့်ပုံစံနဲ့ အထက်စီးဆန်သည့်အပြုအမူတွေကို သူမတကယ်ကိုအမြင်ကပ်ပါသည်။
“ဘာမှမလုပ်ပါဘူး။ ဒီအတိုင်းဖြတ်သွားရုံပါ။” ရွှီဇီဟွမ်ကရွှီဇီကျင်းကို မကြည့်ဘဲပြန်ဖြေလိုက်သည်။ ထို့အစား သူ၏အကြည့်တွေဟာ ရွှီဇီယန်ကိုခေါင်းအစခြေအဆုံးကြည့်လို့နေသည်။
ရွှီဇီယန်မျက်ခုံးပင့်သွားပေမယ့် သူဘာစကားမှတော့ပြန်မပြောပါ။ နောက်ပြီးတော့ သူကဒီအသင်းကိုဝင်ခဲ့တာဖြစ်သည့်အတွက် အသင်းစည်းကမ်းကိုတော့ သူလိုက်နာဖို့လိုသည်။ ပြီးတာ့ ခေါင်းဆောင်ကိုယ်တိုင်က အားလုံးကိုဖြေရှင်းနေမှတော့ သူ့အနေနဲ့ဘာမှပြောစရာ အကြောင်းမရှိပါ။
ရွှီဇီယန်စကားမပြောတာကိုကြည့်လိုက်ပြီးနောက် သူကရွှီဇီကျင်းကိုပြန်လှည့်ကြည့်လိုက်သည်။ ရွှီဇီဟွမ်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး “မိန်းကလေးတစ်ယောက်ကို မင်းရဲ့အသင်းမှာခေါင်းဆောင်လုပ်ခိုင်းတယ်လား?”
ရွှီဇီယန်ကသူ့ပခုံးကိုတွန့်ပြလိုက်သည်။ သူက လူတန်းစားခွဲခြားသည့်သူမဟုတ်ဘူး။ သူတို့တွေဘာဖြစ်နေကြတာလဲ? ကျင့်ကြံခြင်းက အမျိုးသမီးတွေအတွက်ပိုခက်ခဲတာမို့ ဒီလိုဉာဏ်ကောင်းပြီး၊ ကျော်ကြားသည့်အမျိုးသမီးတွေက ပိုပြီးတော့ကောင်းမွန်သည့်နေရာမှာရှိသင့်တာမဟုတ်ဘူးလား? ဥပမာ- ရွှီဇီကျင်းလိုလူမျိုးပေါ့။ နောင်ကျရင် သူမကအလွန်သန်မာသည့်ကျင့်ကြံသူဖြစ်လာလိမ့်မည်။ ယခုသူမနဲ့အဆက်အဆံကောင်းကောင်းရှိတာက အနာဂတ်မှာသူ့အတွက် အကျိုးအမြတ်ကောင်းပဲဖြစ်သည်။ ╮(^▽^)╭
ရွှီဇီဟွမ်မျက်မှောင်ပိုကြုတ်သွားပြီး ရွှီဇီယန်ကိုသူ၏အကြည့်နဲ့တင်ပြောလိုက်သည် :’မင်းရဲ့ဂုဏ်သိက္ခာတွေပျက်စီးသွားပြီ။’
ရွှီဇီယန်ကတော့ဘာမှမသိသလိုသာ ဟန်ဆောင်နေလိုက်တော့သည်။ ဒီအကြည့်လောက်ကတော့ သူဒေါသထွက်မှာလည်းမဟုတ်သလို၊ နာကျင်မှာလည်းမဟုတ်လို့ သူဂရုမစိုက်ပါ။
ရွှီဇီကျင်းနှုတ်ခမ်းထောင့်က အမည်ဖော်မရသည့်အပြုံးပြုံးသွားပြီးနောက် သူမမျက်နှာပြန်တည်သွားလေသည်။ သူမကရွှီဇီဟွမ်ကို အေးစက်စက်ကြည့်လိုက်ကာ “ဒါဆိုနင်ဒီနေရာမှာ ဘာလုပ်နေသေးတာလဲ?”
ရွှီဇီဟွမ်၏မျက်နှာကအလွန်အမင်းကိုမဲမှောင်နေ၏။ ရွှီဇီကျင်းကို မီးတောက်နေသည့်အကြည့်နဲ့ကြည့်သွားပြီးနောက် သူကနောက်လှည့်ကာထွက်သွားတော့သည်။
သူ၏အဖွဲ့ကဆယ်ကျော်သက်ကောင်လေး၊ကောင်မလေးတွေကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူ့အနောက်သို့အမြန်ပြေးလိုက်သွားကြသည်။
အစကနေအဆုံး ရွှီဇီရုန်ဟာရွှီဇီယန်၏အပြုအမူတွေကို သေချာစောင့်ကြည့်နေသည်။ ရွှီဇီယန်၏သံသယဖြစ်စရာနောက်တစ်ချက်ကို သူရှာတွေ့သွားပြန်သည်။
ဒီရွှီဇီယန်သာ အရင်ဘဝကရွှီဇီယန်ဖြစ်နေပါက ရွှီဇီဟွမ်အကြည့်နဲ့ဆွပေးတာကို သူလုံးဝသည်းခံနေမှာမဟုတ်ဘူး။ ပြီးတော့ ဒီရွှီဇီယန်ကပိုပြီးတော့ပါးနပ်တယ်၊ ဒါမှမဟုတ်…………
သူ၏အမူအရာကအနည်းငယ်မဲမှောင်သွားသည်။ ရွှီဇီရုန်တွေးထားသမျှအရာအားလုံးဟာ အကုန်လွဲနေတာကြောင့် အဲ့ဒါကသူ့အတွက်ဘယ်လိုမှအဆင်မပြေဘူး။ ရွှီဇီယန်၏စိတ်ထားက အကောင်းဘက်ကိုပြောင်းလဲသည်။ အဲ့ဒါက သူ၏အစီအစဉ်တွေကို ပိုကောင်းမွန်စေမလား၊ ပိုဆိုးစေမလားဆိုတာ သူမတွေးတတ်သေးဘူး။
အရင်ဘဝတုန်းက ရွှီမိသားစု၏မျက်စိအောက်မှာပင် သူသွေးပင်လယ်နှလုံးကျင့်စဉ်ကိုကျင့်ကြံခဲ့သည်။ နောက်ပြီးတော့ ရွှီဇီယန်ကသူ့ကိုဘာကျင့်စဉ်မှာမထိတွေ့ခိုင်းခဲ့တာကြောင့် သူ၏အထင်သေးမှုတွေက သူ့အတွက်ကြီးမားသည့်အကြောင်းပြချက်ဖြစ်လာသည်။
အနိုင်ကျင့်ခံရသည့်သာမန်ကလေးလေးက အကြောက်တရားကင်းမဲ့စွာ ညသန်းခေါင်ကြီး ကြက်တွေကိုသတ်ပစ်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ နောက်တော့ တောအုပ်ထဲသို့အရဲစွန့်ကာ သူတိတ်တဆိတ်သွားပြီး တောကောင်တွေကိုသတ်ဖြတ်ပစ်လိုက်သည်။
ဘာကြောင့်လည်းဆိုတော့ အခြားလူတွေထက်နေ့ခင်းဘက်တွေ၌ အနိုင်ကျင့်ခံရတာကြောင့် ဘယ်သူမှသူ့ကိုဂရုမစိုက်ကြပေ။ အဲ့ဒါကြောင့် လေ့ကျင့်ဖို့အတွက် ရွှီဇီရုန်ကအချိန်တော်တော်များများရပေသည်။
ဒါပေမယ့် အခုသူ၏လက်ရှိအခြေအနေကို ကြည့်လိုက်ဦး။ ရွှီဇီယန်ဟာအမြဲတမ်းသူ့ကို သူ့(ရွှီဇီယန်)၏မျက်စိအောက်မှာပဲနေခိုင်းသည်။ ဒါကြောင့် အခုချိန်ထိဘယ်သူမှ သူ့ကိုအနိုင်မကျင့်ရဲကြပါ။ အဲ့ဒါကကောင်းတယ်ဆိုပေမယ့် သူတစ်ခုခုကိုလျှို့ဝှက်စွာလုပ်ဖို့ကအလွန်ခက်ခဲသည်။
နူးညံစွာသူ့နားထင်သူပွတ်လိုက်ပြီး သူ့စိတ်ထဲ၌ဖြစ်ပေါ်နေသည့်ဒေါသကို ရွှီဇီရုန်ဖိနှိပ်လိုက်သည်။ ထားလိုက်ပါတော့လေ။ ကြိုးစားရင်ဘာမှမဆိုဖြစ်လာနိုင်တာပဲ။ အရင်ဘဝက သူသွေးမိစ္ဆာသခင်ဖြစ်လာရတာဟာ သူ့အားအနိုင်ကျင်ခဲ့သည့်လူတွေကို စက်ဆုပ်ရွံရှာလို့ပဲဖြစ်သည်။ ဒီဘဝမှာကျတော့ ရွှီဇီယန်ကသူ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံလိမ့်မယ်လို့ သူမတွေးမိခဲ့တာကြောင့် အရင်ကနဲ့အကြီးကြီးကို ကွာခြားလွန်းလှသည်။
“ဇီရုန် ခေါင်းကိုက်လို့လား?” ရွှီဇီယန်ဟာ ရွှီဇီရုန်၏ပုံစံကိုသတိထားမိလိုက်ပြီး စိတ်ပူစွာမေးလိုက်သည်။
ရွှီဇီရုန်ခဏလောက်ကြောင်နေပြီးနောက် ခေါင်းကိုမော့ပြီးပြုံးပြလိုက်သည်။
“ကျွန်တော်အဆင်ပြေပါတယ်။”
ရွှီဇီရုန်ဘာမှမဖြစ်တာကို မြင်လိုက်ရတာကြောင့် ရွှီဇီယန်စိတ်သက်သာရာရသွားသည်။ အားလုံးဟာနောက်တစ်ကြိမ် နှစ်ခြမ်းကွဲမြက်ပင်အနောက်မှာပုန်းကြပြန်သည်။
အချိန်ခဏလောက်စောင့်ပြီးနောက် ဒီမြက်ပင်တွေဟာ သူတို့ကိုစိတ်မပျက်စေခဲ့ပါ။ စုစုပေါင်းကျောက်မာကြောင်လေးကောင်ကို သူတို့ဖမ်းမိခဲ့သည်———ရွှီဇီယန်မီးသွေးတုံးဖြစ်အောင်လုပ်ခဲ့သည့် အကောင်အပါအဝင်ပေါ့။ အဲ့ဒါနဲ့သူတို့အစီအစဉ်က ခန့်မှန်းထားသလိုပြီးဆုံးသွားလေသည်။
ကျောက်မာကြောင်လေးကောင်အနက် နှစ်ကောင်ကရွှီဇီယန်ကိုယ်တိုင် အမဲလိုက်ခဲ့တာဖြစ်သည်။ ဘာလို့လဲဆိုတော့ သူဟာပထမဆုံးအကောင်ကို မီးသွေးတုံးဖြစ်အောင်လုပ်လိုက်မိတာကြောင့် သူကအမဲလိုက်တာနဲ့ပတ်သက်ပြီးအတွေ့အကြုံရသွားကာ ဒုတိယအကြိမ်မှာတော့ သူကစိတ်ဝိညာဉ်စွမ်းအင်ကိုသာမန်လောက်သာထားပြီး ဖမ်းခဲ့တာကြောင့် ကျောက်မာကြောင်တစ်ကောင်ကိုတော့ဖမ်းမိလိုက်သည်။
ကျန်ရှိသည့်ကျောက်မာကြောင်နှစ်ကောင်ကိုတော့ ရွှီဇီကျင်းနဲ့ရွှီဇီရွယ်တို့ကဖမ်းခဲ့ကြတာဖြစ်သည်။
ကျောက်မာကြောင်အားလုံးဟာ ဒီနေရာ၌ရှိနေမှာမဟုတ်တာကြောင့် အခြားနေရာပြောင်းရန်သူတို့ဆုံးဖြတ်လိုက်ကြသည်။
ရွှီဇီရုန်ကတော့ရွှီဇီယန်အနောက်သို့ အပြုံးလေးနဲ့လိုက်လာပေမယ့် သူ့လက်ဖဝါးပေါ်၌ နီရဲနေသည့်သွေးစက်တွေရှိနေမှန်းဘယ်သူမှမသိပေ။ ထိုသွေးစက်တွေဟာ သူ့လက်ဖဝါးပေါ်၌လှည့်လို့နေသည်။ ထိုသွေးမျှင်လေးတွေဟာ ရွှီဇီရုန်၏သွေးပြန်ကြောထဲသို့ရောက်သွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ရောက်ရှိသွားလေသည်။
သူ၏လက်ထဲကသွေးဟာ ရွှီဇီယန်ဒုတိယအကြိမ်သတ်လိုက်သည့် ကျောက်မာကြောင်ဆီကသွေးဖြစ်သည်။ သူဒီလောက်သွေးပမာဏကို စုပ်ယူလို့ရသွားပြီဆိုတော့ မကြာခင် သူဟာပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုဝင်တော့မည်။
ရွှီဇီယန်က သူ့အားအန္တရာယ်ဖြစ်အောင်မလုပ်ဘူးဆိုတာကိုတော့ သူလုံးဝယုံကြည်နေသည်။ သူတို့လမ်းလျှောက်နေစဉ်အတွင်း ရွှီဇီရုန်ဟာထိုသွေးကို အခက်အခဲမရှိစုပ်ယူနိုင်လိုက်သည်။ သွေးစက်ကလေးတွေဟာ တဖြည်းဖြည်းကုန်လာပြီးနောက် ရွှီဇီရုန်၏စိတ်ဝိညာဉ်စွမ်းအင်ကတော့ တဖြည်းဖြည်းများပြားလာသည်။
“ဂရုစိုက်” သူတို့တွေထွက်ခွာဖို့ စုဝေးပြီးပြင်ဆင်နေသည့်အချိန်၌ ရွှီဇီလော်ကရုတ်တရက်အော်လိုက်သည်။ ချုံပုတ်ထဲကနေအမဲရောင်အရိပ်ကြီးဟာ သူတို့ကြားထဲကိုခုန်လာပြီး အင်အားအနည်းဆုံးရွှီဇီရုန်ကို ရုတ်တရက်တိုက်ခိုက်လာသည်။
ရွှီဇီယန်အလျင်အမြန်လှုပ်ရှားလိုက်သည်။ သူ့လက်ကိုဆန့်ထုတ်ကာ ခရမ်းရောင်မိုးကြိုးငါးခုကို ပစ်လွှင့်လိုက်သည်။ အမဲရောင်အရိပ်ကြီးဟာ နာကျင်မှုကြောင့်လေထဲ၌ပင်အော်ဟစ်လိုက်၏။ ထို့နောက် ၎င်းဟာဦးတည်ချက်ပြောင်းကာ ရွှီဇီရုန်ကိုခုန်အုပ်လေသည်။
ရွှီဇီယန်၏ရင်ထဲ၌အလွန်တုန်လှုပ်သွား၏။ သူဟာအခုလေးတင်မှ စိတ်ဝိညာဉ်စွမ်းအင်ကိုသုံးထားတာ။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ခရမ်းရောင်မိုးကြိုးငါးခုကို အခုလေးတင် သူ၏ခန္ဓာကိုယ်ကနေထုတ်ထားပြီးပြီ။ အခုသူ့ခန္ဓာကိုယ်က စွမ်းအင်ကုန်နေပြီဖြစ်တာကြောင့် ရွှီဇီရုန်ကိုအချိန်မှီကယ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ရွှီဇီရုန်၏မျက်နှာဟာ ရုတ်ချည်းပြောင်းလဲသွားသည်။ အရိပ်နဲ့အကောင်ဟာခုန်ထွက်လာပြီး သူ့ကိုပစ်မှတ်ထားလာသည်။ နောက်ပြီးတော့ လက်ရှိသူ၏စွမ်းအားနဲ့ခုခံဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
မီးခိုးရောင်တောကောင်ကြီးဟာ ၎င်း၏ပါးစပ်ကိုဖွင့်လာကာ ထိုပါးစပ်ထဲ၌ညစ်ပတ်သည့်အရည်တွေ တစ်စက်စီး,စီးကျနေသည်။ ထိုနီရဲနေသည့်မျက်လုံးတွေက ရွှီဇီရုန်၏ဦးနှောက်ထဲ၌ထင်ဟပ်နေပြီး ထိုတောကောင်၏ရှေ့လက်နှစ်ဖက်ဟာ ရွှီဇီရုန်၏ဦးခေါင်းကိုအချိန်မရွေးထိုးဖောက်လို့ရပေသည်။
ဦးနှောက်စားကြွက်ပဲ!
သူ၏မျက်နှာကိုမြင်လိုက်ကြပြီး အလွန်သန်မာသည့်တောကောင်ဆိုတာ အားလုံးကသဘောပေါက်သွားကြသည်။
ဒီတောကောင်ကတိတ်တဆိတ်ချဉ်းကပ်တာကို အလွန်ကျွမ်းကျင်သည်။ ထိုတောကောင်တွေဟာ ဦးနှောက်စားတာဖြစ်ပြီး အစွမ်းထက်ဆုံးနေရာကတော့ သူတို့၏ချွန်ထက်နေသည့် အရှေ့လက်သည်းပဲဖြစ်သည်။ ထိုလက်သည်းတွေဟာ လူတွေ၏ဦးနှောက်ကို သေစေနိုင်အောင်ဖောက်ထုတ်ပစ်နိုင်သည်။
ဒီဦးနှောက်စားကြွက်က တစ်စုံတစ်ယောက်ကို တိုက်ခိုက်ပြီဆိုရင် ဘယ်တော့မှထွက်မပြေးဘူး။ အကယ်၍ ထိုတောကောင်သာ ရွှီဇီရုန်ခေါင်းကိုပစ်မှတ်ထားထားပါက သူလွတ်မြောက်နိုင်ဖို့ ဘယ်လိုမှအခွင့်အရေးမရှိတော့ပါ။
ဇွပ်……………
သူအခုလေးတင်မှ ပြန်လည်မွေးဖွားလာတာကို သူဒီနေရာမှာပဲသေရတော့မယ်ဆိုပြီး ရွှီဇီရုန်တွေးလိုက်မိချိန်၌ပင် သူ၏မျက်စိအရှေ့သို့သွေးများစင်သွား၏။
ထိုတိုက်ခိုက်မှုကိုအရှေ့ကနေကာပြီး ဝင်ခံပေးလိုက်သည့်ရွှီဇီယန်ကြောင့် ရွှီဇီရုန်မျက်လုံးတွေကရုတ်တရက်ပြူးကျယ်သွားရသည်။ ဦးနှောက်စားကြွက်၏လက်သည်းတွေက တစ်ဖက်လူ၏ပခုံးကိုကုတ်ထားပြီး သွေးတွေလည်းနီရဲနေလေသည်။
“သတ်ကြ!” ရွှီဇီကျင်းအော်လိုက်သည်နှင့် ရွှီဇီရွယ်နဲ့ရွှီဇီလော်တို့ဟာ အားကုန်သုံးတိုက်ခိုက်ကြတော့သည်။
ဦးနှောက်စားကြွက်သည် ရွှီဇီယန်၏မိုးကြိုးကြောင့် ဒဏ်ရာရနေပြီးသားဖြစ်သည်။ ပတ်ပတ်လည်ကနေ ရွှီဇီကျင်းနဲ့အခြားနှစ်ယောက်ကဝိုင်းတိုက်ကြတာကြောင့် ထိုတောကောင်ကြီးကမြန်မြန်သေသွားတော့သည်။
ရွှီဇီရုန်ဟာမယုံကြည်နိုင်လောက်အောင် ရွှီဇီယန်ကိုစိုက်ကြည့်နေပြီး သူ၏မျက်နှာဟာ နာကျင်မှုကြောင့်ရှုံ့မဲ့နေပေမယ့် အားတင်းကာရုပ်ဆိုးဆိုးအပြုံးတစ်ခုကိုပြုံးပြလိုက်သည်။
“ဘာဖြစ်လို့လဲ? ဇီရုန် အဆင်ပြေတယ်မလား?”
“ဘာကြောင့်လဲ………” ရွှီဇီရုန်နှုတ်ခမ်းလှုပ်သွား၏။ အခုသူ၏စိတ်ထဲ၌ အရမ်းကိုရှုပ်ထွေးနေပြီး သူဘယ်လိုမှနားမလည်နိုင်တော့ဘူး။
ဘာလို့ရွှီဇီယန်ကသူ့ကိုကယ်ရတာလဲ? သူနားမလည်နိုင်ဘူး၊ သူလုံးဝကိုနားမလည်နိုင်တော့ဘူး!
“အားလားလား…………” ရွှီဇီယန်ညည်းညူလိုက်ပြီး ရွှီဇီရုန်ဘာပြောလိုက်လဲဆိုတာ သူသေချာမသိလိုက်ပါ။ ဒီကျင့်ကြံခြင်းလောကကြီးဟာ အလွန်ရက်စက်တယ်ဆိုတာသိထားပေမယ့် သူပထမဆုံးရသည့်ဒဏ်ရာက ဒီလောက်ဆိုးမယ်လို့သူမထင်ထားဘူး။ သူမှန်းထားတာနဲ့တခြားစီဖြစ်နေသည်။
ဒီအချိန်၌ သူ့ပုံစံကအလွန်ကိုစုတ်ပြတ်သပ်နေပြီဆိုတာ သူသေချာသိသည်။ အမဲလိုက်ရတာတွေခဏထားဦး၊ ရွှီဇီရုန်ကတောင် သူ့အားစကားမပြောနိုင်အောင်စိုက်ကြည့်နေမှတော့ သူ့ပုံစံဘယ်လိုဖြစ်နေလဲဆိုတာပြောစရာတောင်မလိုတော့ဘူး။
ဦးနှောက်စားကြွက်က သူ့ပခုံးနှစ်ဖက်ကိုဖောက်လိုက်တာကြောင့် သူ့သွေးတွေဟာ ရွှီဇီရုန်မျက်နှာသို့စင်သွားသည်။ အဲ့ဒါကြောင့် ဒီကလေးကသေလောက်အောင်ကြောက်နေတာဖြစ်မည်။
“မကြောက်နဲ့နော်… ဇီရုန် ကိုကိုအဆင်ပြေပါတယ်။” ရွှီဇီရုန်စိတ်သက်သာရာရအောင် သူကအလွန်နူးညံ့သည့်အသံဖြင့်နှစ်သိမ့်လိုက်ပေမယ့် အကျိုးသက်ရောက်မှုမရှိပေ။ ပြီးတော့ သူ၏ပခုံးကလည်း သွေးတွေစိမ့်ထွက်နေတာကြောင့် ဒီစကားကိုဘယ်လိုလုပ်ယုံကြည်မှာလဲ။
ရွှီဇီရုန်အလွန်တုန်လှုပ်နေသည်။ ရွှီဇီယန်အားသူစိုက်ကြည့်နေပြီး သူ(ရွှီဇီယန်)၏မျက်နှာဟာနာကျင်မှုတွေနဲ့ ရှုံ့မဲ့နေတာတောင် သူ့အားစိတ်သက်သာရာရစေဖို့နှစ်သိမ့်ပေးနေတာကြောင့် သူ၏စိတ်ထဲ၌မရှင်းပြနိုင်အောင်စိတ်လှုပ်ရှားသွားသည်။
ထိုစိတ်လှုပ်ရှား၊ပျော်ရွှင်မှုတွေက ဘယ်နေရာကနေရောက်လာလဲသူမသိပါ။ ပြီးတော့ သူ၏နှုတ်ခမ်းထောင့်၌ပေနေသောသွေးစကို သူ့လျှာနဲ့လျှက်ကာအရသာခံကြည့်လိုက်သည်။ ပူနွေးပြီး သံဓာတ်အရသာချိုချိုလေး…………အရသာရှိတယ်…………တစ်စုံတစ်ခုကိုလိုချင်စိတ်ပြင်းပြလာတယ်………
ရွှီဇီရုန်၏မျက်လုံးဟာသွေးနီရောင်ပြောင်းသွားပြီး ဒီသွေးဟာအလွန်ကိုထူးဆန်းပြီး စွဲမက်စရာကောင်းပေသည်။
သူ၏ညီငယ်လေးမျက်လုံးအရောင်ပြောင်းသွားတာကို သိနိုင်လောက်သည်အထိတော့ ရွှီဇီယန်၌အင်အားမရှိတော့ပါ။ သူ့ကိုစိတ်မရှိကြပါနဲ့၊ ဒီလူကတရုတ်ပြည်သူ့သမ္မတနိုင်ငံအလံအောက်မှာ အသက်ရှင်နေသည့်ကာလပတ်လုံးဘယ်တော့မှ ဒီလိုမျိုးဒဏ်ရာပြင်းပြင်းထန်ထန်မရဘူးလို့ပါ။ အကယ်၍ ကျင့်ကြံခြင်းခန္ဓာကိုယ်က သာမန်လူထက်ပိုအကြမ်းခံတယ်ဆိုပေမယ့် သူ၏ပခုံးနှစ်ဖက်လုံးကအပေါက်ဖြစ်နေတာဆိုတော့ သေလောက်အောင်နာကျင်ရတယ် သိရဲ့လား…………
ရွှီဇီယန်၏ပခုံးကလည်းဒဏ်ရာရနေပြီး သူ့ခန္ဓာကိုယ်မှာလည်း ဘာစွမ်းအင်မှမကျန်တော့တာကြောင့် သူသေလောက်အောင် မသက်မသာဖြစ်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ၏အစ်ကိုဆိုသည့်ဂုဏ်ပုဒ်ကလည်းရှိသေးတာကြောင့် နာကျင်မှုကိုတောင့်ခံထားကာ ရွှီဇီရုန်ကိုသူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ မြေပြင်ပေါ်တွင်ထိုင်ချလိုက်သည်။
ရွှီဇီရုန်၏ပုံစံဟာ သူဒဏ်ရာအကြီးအကျယ်ရသွားလို့ တုန်လှုပ်နေပုံရသည်။ ရွှီဇီယန်ဟာသူအားဖက်ထားလိုက်ပြီး သူ၏ကျောပြင်လေးကို ပွတ်သပ်ပေးကာ ‘သေလောက်အောင်လန့်သွားသည့်’ ကလေးလေးကို စိတ်သက်သာရာရအောင် သူအကောင်းဆုံးကြိုးစားနေသည်။
ရွှီဇီရုန်ကတော့ရွှီဇီယန်၏လက်မောင်းကြားထဲ၌ ငြိမ်ငြိမ်လေးနေကာ သူ၏ရှည်လျားလှသောမျက်တောင်မွှေးတွေက သူ့မျက်လုံးအောက်ကအမူအရာတွေကို ဖုံးကွယ်ထားသည်။
သူဟာဘယ်လိုမှအဓိပ္ပါယ်မရှိဘူးလို့ ခံစားနေရသည်။ သူ၏ရန်သူက သူ့နောက်ကျောကိုနူးနူးညံ့ညံ့လေးပွတ်ပေးနေတာဟာ အလွန်ကိုကိုးရိုးယားရားနိုင်လှသည်။ ပြီးတော့ ထိုနွေးထွေးမှုဟာ ရွှီဇီရုန်အားတစ်မျိုးလေးခံစားစေရတာကြောင့် သူမရုန်းဘဲနေနေခြင်းဖြစ်သည်။
ရွှီဇီယန်ဟာသူ၏ဒဏ်ရာကြောင့် မတိုက်ခိုက်နိုင်တော့ပါ။ ပြီးတော့ သူ၏ပခုံးကလည်း သွေးတွေစိမ့်ထွက်နေသေးသည်။ ပြောရရင် အခုချက်ချင်း သူဟာသူ၏အိတ်ထဲကဆေးကိုယူပြီး သူ့ဒဏ်ရာကိုကုသရမှာမဟုတ်ဘူးလား……………အဲ့ဒီအစား ကလေးတစ်ယောက်ကိုလာချော့နေသည်။