Chapter 25
Chapter 25
သူတို့တွေ ဆိုင်အနည်းငယ်ကို လျှောက်ပတ်ကြည့်ကြပြီးနောက် ရွှီဇီယန်က ရွှီဇီရုန်သုံးဖို့အတွက် ဆေးလုံးတွေကို ဝယ်ပေးလေသည်။ စိတ်ဝိညာဉ်ကျောက်တုံး သူ့အိတ်ထဲမှာ သုံးဖို့အလုံအလောက်ရှိသေးတာကြောင့် နှစ်ယောက်စလုံး ရွှီအိမ်တော်ကို ပြန်လာကြသည်။
ရွှီဇီရုန်က ရွှီဇီယန်သူ့အားဝယ်ပေးသည့်ပစ္စည်းများ ကိုမြင်ပြီး အလွန်အံ့ဩသွားသည်။ ဘာကြောင့်လဲဆိုတော့ ရွှီဇီယန်က ‘အစ်ကို’တစ်ယောက်အနေနဲ့ ဘယ်လိုတွေပံ့ပိုးပေးရမလဲဆိုတာသိနေတာကြောင့်ဖြစ်သည်။
သူကဆေးလုံးပစ္စည်းထုတ်တွေကို ကိုင်ကာ သူ့စိတ်ထဲမှာ အလွန်ကိုပျော်ရွှင်နေသည်။ အချစ်ခံရတယ်ဆိုတာ အလွန်ကိုပျော်စရာကောင်းတာပဲ သူ့အနားမှာဒီလိုမျိုး တစ်သက်လုံးရှိပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။
သူ့မျက်နှာကအပြုံးတွေ ပျောက်ကွယ်သွားပြီး ရွှီဇီရုန်ဟာ သူ့အရှေ့ကလူ၏ကျောပြင်ကိုကြည့်ကာ သူ့ရင်ထဲကဒေါသတွေပေါက်ထွက်တော့မလို ခံစားလာရသည်။
သူ့ခန္ဓာကိုယ်ဟာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မလိုဖြစ်လာပြီး ရွှီဇီရုန်မျက်လုံးတွေဟာ တဖြည်းဖြည်းနီမြန်းလာတော့သည်။
ချီးပဲ!
ရွှီဇီရုန်သူ၏ရင်ထဲမှာ ဖိနှိပ်ထားလိုက်သည်။ ဒေါသကဒီလိုရုတ်တရက်ကြီး ပေါက်ကွဲလာမယ်လို့ သူမထင်ထားဘူး။ ရွှီဇီယန်သာ သူ၏အခြားပုံစံကို ရှာတွေ့သွားပါက ပြဿနာတက်သွားနိုင်သည်။
“ဇီရုန်? တစ်ခုခုဖြစ်လို့လား?” ရွှီဇီရုန်ကလမ်းလျှောက်တာရပ်လိုက်တာကြောင့် ပုံမှန်အတိုင်း ရွှီဇီယန်အာရုံကိုဆွဲဆောင်သွားသည်။
“ကိုကို…………ကျွန်တော် နှမ်းစေ့လေးတွေကပ်ထားတဲ့ချိုချဉ်ထားချင်တယ်” ရွှီဇီရုန် သူ့ခေါင်းကိုငုံ့ထားကာ သူမျက်လုံးကို လုံးဝမဖော်ရဲပေ။
ထိုစကားကိုကြားတော့ ရွှီဇီယန်ပြုံးလိုက်သည်။ သူကအနားကဆိုင်တွေကို ကြည့်လိုက်ပြီး သူတို့နဲ့ မျက်စောင်းထိုးမှာ တွေ့လိုက်ရသည်။ နောက်ပြန်လှည့်ကာ သူရွှီဇီရုန်ကိုပြောလိုက်သည်။
“ဒီနေရာမှာပဲ ကိုကို့ကို ခဏစောင့်နေနော် ကိုကိုမင်းအတွက် သွားဝယ်ပေးမယ်”
ရွှီဇီရုန်ခေါင်းညိတ်ပြလိုက်ပြီး ရွှီဇီယန်ထွက်သွားသည်နှင့် သူ့ကျောနောက်ဘက်က လမ်းကြားထဲကို ဝင်သွားတော့သည်။
သူ၏ဒေါသတွေကို ရွှီဇီယန်အရှေ့မှာ ထုတ်ပြလို့မရဘူး!
ထိုအချိန်မှာ ရွှီဇီရုန်၏ခေါင်းထဲ၌ ထိုအတွေးတစ်ခုကိုသာ တွေးနေသည်။ ဒေါသကိုသူခဏခဏဖိနှိပ်ထားတာကြောင့် ကြာလာရင် အကျိုးဆက်ကဘာဖြစ်မလဲဆိုတာ သူမခန့်မှန်းနိုင်ဘူး။
သူကလမ်းကြားကို လိုက်ကြည့်လိုက်ပြီး လူသူကင်းမဲ့နေသည့် နေရာမျိုးကိုရှာလိုက်သည်။ အလျင်အမြန်ပင် ချောင်ကျကျနေရာကို ရွှီဇီရုန်ရှာတွေ့သွားသည်။
သူတိတ်တဆိတ် ထိုထောင့်နားကို သွားလိုက်ပြီး သူ၏သွေးမျက်လုံးတွေက တုန်ရီနေသည်။ ဒီနေရာမှာ အသက်ရှိသည့် သွေးအနံ့အသက်တွေ မရတာက သူ၏သွေးလိုချင်စိတ်ကို ပိုပြီးဖြစ်ပေါ်လာစေသည်။
“ရို့ အလွန်ကိုလှတဲ့ ညီငယ်လေးပါလား မင်းလမ်းပျောက်နေလို့လား?” ရွှတ်ရွှတ်နောက်နောက်နဲ့လူကြီးတစ်ယောက်က သူ့၏အရှေ့၌ရပ်ကာ မေးလာသည်။
ရွှီဇီရုန်ခေါင်းမော့ကြည့်လိုက်၏။ ရွှီဇီရုန်၏မျက်နှာကို ထိုလူမြင်လိုက်ပြီးနောက် ထိုလူရုတ်တရက်အံ့ဩသွားပြီး ထိုလူမျက်နှာဟာ လောဘကြီးပြီးတပ်မက်စိတ်တွေ ပြည့်နေသည့်အကြည့်မျိုးဖြစ်သွားလေသည်။
ရွှီဇီရုန်ဟာထိုလူကိုကြည့်လိုက်ရင်း သူ့နှုတ်ခမ်းထောင့်ကပြုံးသွားလေသည်။ သူ့အပြုံးကိုမြင်လိုက်သည့် ထိုလူဟာ ရွှီဇီရုန်ကိုကြည့်နေရင်း ပိုပြီးတော့စိတ်လှုပ်ရှားသွားသည်။
ဒါကလုံးဝကို………အချိန်ကိုက်ပဲ………ဒီလူနဲ့ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ ရွှီဇီရုန်မထင်ခဲ့မိဘူး………
ရွှီဇီရုန်၏သွေးမျက်လုံးဟာ ပိုပိုပြီးတောက်လာပြီး သူ့မျက်နှာကအပြုံးဟာလည်း ပိုပိုပြီးဆွဲဆောင်မှုရှိလာသည်။ သူ၏နီရဲနေသည့်နှုတ်ခမ်းကိုဖွင့်ကာပြောလိုက်၏။
“ဦးလေး………ကျွန်တော့်အိမ်ကို ပြန်မယ့်လမ်း ရှာမတွေ့တော့လို့………”
ညစ်ညမ်းသည့်အကြည့်နဲ့ ကြည့်နေသည့် ထိုလူရဲ့မျက်နှာဟာ တဏှာစိတ်ကိုတောင် မထိန်းနိုင်တော့ပဲ မေးလိုက်၏။
“ဒါဆို ဦးလေး မင်းအိမ်ကို လိုက်ပို့ပေးရမလား?”
“ကောင်းပြီလေ………” ရွှီဇီရုန်အပြုံးပြုံးချိုချိုဖြင့် ထိုလူရှေ့ကိုလျှောက်သွားသည်။
အမွှေးတိုင်တစ်တိုင်စာလောက် အချိန်ယူပြီးနောက် ရွှီဇီယန်ဟာ သူရှာနေသော မျက်နှာသေးသေးလေးကို တွေ့လိုက်လေသည်။ သူရွှီဇီရုန်ကို ပြန်ရှာတွေ့သွားပြီ။
ရွှီဇီယန်၏မျက်နှာ၌ စကားလေးလုံးကို ထင်ရှားစွာရေးကပ်ထားသလိုဖြစ်နေသည် : ‘ငါပန်းပွင့်နေတာမဟုတ်ဘူးနော်’
ရွှီဇီရုန်အပြစ်ရှိသလို ခေါင်းလေးငုံ့ကာ “ကျွန်တော်တောင်းပန်ပါတယ် ကိုကို”
“ဘာလို့ ဘာမှမပြောဘဲ ထွက်သွားရတာလဲ? ကိုကို မင်းကို ဘယ်လောက်စိတ်ပူနေရလဲသိရဲ့လား?!” ရွှီဇီယန်အလွန်ကို ဒေါသထွက်နေသည်။ သူချိုချဉ်လုံးဝယ်ပြီး ထွက်လာချိန် ရွှီဇီရုန်မရှိတော့ဘူးဆိုတာ သိလိုက်ရတော့ သူ့ဝိညာဉ်လွင့်မတတ် လန့်သွားရသည်။
ဒီမော့ရှင်းမြို့က ရွှီမိသားစု၏ထိန်းချုပ်မှုအောက်မှာရှိတယ်ဆိုပေမယ့် ဒီမြို့ထဲမှာ မကောင်းတဲ့နေရာတွေမှ အများကြီးရှိပေသည်။
အခြားမပြောနဲ့ဦး မူလရွှီဇီယန်က မကောင်းတဲ့ကောင်ကိုငှားပြီး ရွှီဇီရုန်ကို ဒီမြို့ရဲ့ထောင့်နားမှာ ထောင်ခြောက်ဆင်ခဲ့တာပဲကြည့်လေ။ သူ့ရဲ့ဂရုမစိုက်မှုကြောင့် သူ၏အဖိုးတန်ညီငယ်လေးသာ အဲ့လိုရွံစရာကောင်နဲ့ဆုံခဲ့ပါက သူအရမ်းကိုကြောက်သွားမှာအမှန်ပင်။
လူသတ်မှုတွေကို များများမြင်တွေခဲ့ရသည့်သူတွေက စိတ္တဇလူသတ်သမားတွေဖြစ်လာပြီး ထိုသို့ဖြစ်လာရသည့်အကြောင်းတွေကလည်း သူတို့ငယ်ရွယ်စဥ်အခါကပြုမူဆက်ဆံပုံတွေနှင့် ဆက်စပ်လေ့ရှိကြသည်ဆိုတာ ရွှီဇီယန်သိသည်။ ရွှီဇီရုန်ကလည်း စိတ္တဇလူသတ်သမား ဖြစ်ခဲ့ဖူးသည်။ အကယ်၍ ရွှီဇီရုန် လူလိမ်လူညစ်တွေနဲ့ မမျှော်လင့်ပဲတွေ့ပြီး တစ်ခုခုဖြစ်သွားပါက ထိုအခါကျရင် ရွှီဇီယန်အတွက် အလွန်နောက်ကျသွားလိမ့်မည်။
“ကိုကို………” ရွှီဇီရုန်ဟာသနားစရာကောင်းသည့်ပုံစံလေးလုပ်ကာ ရွှီဇီယန်အင်္ကျီလက်ကို ဆွဲထားသည်။ “ကျွန်တော်ဗိုက်ဆာတယ်……..”
ရွှီဇီယန်၏ဒေါသဟာ ဆပ်ပြာပူပေါင်းနှင့် အလွန်တူပြီး ချက်ချင်းပျောက်ကွယ်သွားလေသည်။
သူစားသောက်ဆိုင်တွေကို ကြည့်လိုက်, ရွှီဇီရုန်ကို ကြည့်လိုက်နှင့် ရုတ်တရက်အပြစ်ရှိသလို ခံစားလာရသည်။ ရွှီဇီယန်က ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့် ရှိနေပြီးသားမို့ တစ်နပ်လောက်စားလိုက်သည်နှင့် တော်ရုံဗိုက်မဆာပေ။ ဒါပေမယ့် ရွှီဇီရုန်ကအခုမှရှစ်နှစ်အရွယ်ပဲ ရှိသေးတာ ပြီးတော့ သူကအခုမှ ပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲရှိသေးသည်။ သူမနက်တုန်းက စားခဲ့သည့်အစာက အစာခြေဖျက်သွားလောက်ပြီဖြစ်တာကြောင့် ရွှီဇီရုန်အနေနဲ့ ဗိုက်ဆာတာ မဆန်းကျယ်ပေ။
“ဇီရုန် မင်းခေါက်ဆွဲစားချင်လား?” ရွှီဇီယန်မေးလိုက်၏။
ရွှီဇီရုန်ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူတို့တွေ ဘာပဲစားရစားရ သူဂရုမစိုက်ပေ။ သူကရွှီမိသားစုဆီမှာ အချိန်အကြာကြီး နှိပ်စက်ခံခဲ့ရတာလေ၊ ဗိုက်ဆာတယ်ဆိုသည့် ခံစားချက်က သူအတွက်ဘာမှမပြောပလောက်ဘူး။ ပြီးတော့ သူသနားစရာကောင်းအောင် သရုပ်ဆောင်လိုက်တာနဲ့ သူ၏’ကိုကို’ဖြစ်သူက သူ့အလိုကိုလိုက်လိမ့်မည်ဆိုတာ သူသိသွားသည်။ ဒီတော့ သူကလည်းထိုအားနည်းချက်ကိုပဲ အသုံးပြုရတာပေါ့။
အခုပဲကြည့် သူဗိုက်ဆာတယ်လို့ပြောလိုက်တာနဲ့ ရွှီဇီယန်မျက်နှာက အပြစ်ရှိသလိုဖြစ်သွားသည်။ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ရွှီဇီယန်က သူ့အတွက် သူကိုယ်တိုင်တကယ်ချက်မှာလားဆိုတာပဲ။ ဒီလိုပုံစံမျိုး နှစ်ပေါင်းတစ်ထောင်ကြာတောင် တွေ့ရမှာမဟုတ်ဘူး။
သနားကြင်နာတယ်၊ ဖော်ရွေတယ်ပြီးတော့ အခြေအနေကိုအကဲခတ်တာ တော်တယ်——— ရွှီဇီရုန်၏မှတ်စုစာအုပ်လေးထဲတွင် ‘ချက်ပြုတ်တတ်တယ်’ ဆိုပြီးတော့ ရွှီဇီယန်၏ထူးခြားတဲ့လက္ခဏာတွေကို ထပ်ပေါင်းထည့်လိုက်သည်။
ရွှီဇီရုန်ကို ရွှီအိမ်တော်သို့ အမြန်ဆုံးနည်းဖြင့် ခေါ်လာပြီး လမ်းတစ်လျှောက်၌ ရွှီဇီယန်ဟာ ‘ဂရုမစိုက်မိလေခြင်း’ဆိုပြီး သူ့ကိုယ်သူအပြစ်တင်လေသည်။
ဒီအချိန်က,ကလေးတစ်ယောက် ဖွံ့ဖြိုးစအချိန်ဖြစ်သည်။ ရွှီဇီရုန်အရပ်မထွက်ဘဲ အာဟာရဓာတ်တွေ ချို့တဲ့သွားရင် သူဘယ်လိုလုပ်မလဲ………အာ ပြောရရင် သူတကယ်အသုံးမကျတာပဲ။ ရွှီဇီရုန်အတွက် အာဟာရဖြစ်သည့် အသားတွေကျွေးဖို့ ရွှီဇီယန်မေ့နေလေသည်။
ရွှီဇီယန် လမ်းတစ်လျှောက်သွားနေစဉ် အသားဘယ်လောက်ကျွေးရမလဲဆိုတာ တွေးတောနေသည်။ လမ်းဘေးမှာ လူအများကြီးက ဝိုင်းအုံကြည့်နေတာ တွေ့လိုက်ရပြီး သူအကြည့်တစ်ချက်သာ ကြည့်လိုက်တော့သည်။
“ဘာဖြစ်တာလဲ?” သူကသိချင်စိတ်ဖြင့် ရှေ့တိုးပြီးသွားကြည့်မလို့ဘဲ ရှိသေးသည် လူတွေထဲက တစ်ယောက်ယောက် ပြောလိုက်သည့် စကားကြောင့် သူကရပ်လိုက်၏။
“ဒါကတကယ်မကောင်းတာပဲ! ဒီလိုအလကားလူက ဒီလိုဖြစ်သွားမယ်ဆိုတာ ငါသိသားပဲ” ခြင်းတောင်းထဲ ဟင်းသီးဟင်းရွက်အပြည့် ထည့်ထားသည့် အသက်လတ်ပိုင်းအဒေါ်က ပြောလေသည်။
“အာ အခြားလူတွေပြောကြတာတော့ ဒီလူက ရုပ်ပျက်ဆင်းပျက်သေသွားတာဆို ဘယ်လိုလူကများ သူ့ကိုဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ မသိဘူး” အဖွားအိုက ထိုမိန်းမ၏စကားကို ထောက်ခံကာ ပြောသည်။
အလတ်ပိုင်းအဒေါ်ကကျယ်လောင်စွာ ရယ်လိုက်ပြီး “ဟမ့် အကျင့်မကောင်းတဲ့ကောင် သေသွားတာပဲတန်တယ်! ခပ်ချောချောကောင်မလေးတစ်ယောက်ကို သူ့အိမ်ခေါ်သွားတာ ဟိုတစ်ခါက ငါတွေ့လိုက်တယ် နောက်တော့ အဲ့ကလေးမလေးကို ငါတစ်ခါမှပြန်မတွေ့ရတော့ဘူး သူပြောတာကတော့ သူကကောင်မလေးကို သူမရဲ့ဆွေမျိုးတွေဆီပို့လိုက်တယ်တဲ့ ဘယ်သူကယုံမှာလဲ!”
အဖွားအိုကရွံစရာအကြည့်ဖြင့်ကြည့်ကာ “လူတွေကအဲ့လိုပဲ သူတို့သေသွားတာလဲ ကောင်းတယ်! ဒါပေမယ့် အခြားလူတွေပြောတာ ငါကြားတာက သူ့ခန္ဓာကိုယ်က တစ်စစီဆုတ်ဖြဲခံထားရတာဆို မြေပြင်ပေါ်မှာ သွေးတွေပြန့်ကျဲနေတာကြောင့် အတော်ကြောက်စရာကောင်းတာပဲ!
ထိုစကားကိုကြားတော့ အသက်လတ်ပိုင်းအဒေါ်မျက်နှာဟာ ကြောက်ရွံ့သွားသည်။ သူမကခပ်တိုးတိုးမေးလိုက်၏။ “သူ့ကိုမုန်းတဲ့လူတွေ ဘယ်လောက်တောင်ရှိထားလဲမသိဘူး သူတို့တွေက အလောင်းအတိုင်းတောင် မထားခဲ့ဘူးဆိုတော့”
“ဘယ်သူသိမလဲ အဲ့မကောင်းတဲ့ကောင် ယုတ်မာတာခံထားရတဲ့သူ ဖြစ်ချင်ဖြစ်မှာပေါ့” အဖွားကြီးကကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
ထိုအမျိုးသမီးနှစ်ယောက်ဟာ သက်ပြင်းချကာ ကိုယ့်လမ်းကိုဆက်သွားကြတော့သည်။ ရွှီဇီယန်သူတို့တွေနဲ့ ခပ်နီးနီးမရပ်ရဲတော့ပဲ ရွှီဇီရုန်လက်ဆွဲကာ ထိုနေရာကနေ ထွက်လာတော့သည်။
ထိုအမျိုးသမီးနှစ်ယောက် ပြောနေကြသည့် ပုံစံအတိုင်းဆိုရင် သေသွားသည့်လူ၏ပုံစံကို သူပုံဖော်ကြည့်လို့ရပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းတဲ့လူတစ်ယောက်က အဲ့လိုသေသွားတာ ကောင်းပါတယ်လေ။ ရွှီဇီယန်၏သိချင်စိတ်တွေက ချက်ချင်းပျောက်ကွယ်သွားသည်။ သူ့ညီငယ်လေးကို သွေးအလိမ်းလိမ်းဖြစ်နေတဲ့မြင်ကွင်းမျိုးကို သူမမြင်ခိုင်းစေချင်ဘူး။ အကယ်၍ သူ့ညီလေးသာ လန့်သွားပါက ဒုက္ခရောက်သွားလိမ့်မည်။╮(^▽^)╭
ရွှီဇီယန်အမြန်ဆုံးနည်းဖြင့် ရွှီဇီရုန်နှင့်အတူ အိမ်ပြန်လာတော့သည်။ ဒါပေမယ့် သူ၏ညီငယ်လေးက ရုတ်တရက် ခေါင်းငုံ့လိုက်တာကို မသိလိုက်ပေ။ ရွှီဇီရုန်နှုတ်ခမ်းဟာ စိတ္တဇအပြုံးပြုံးနေပြီး သူ့မျက်လုံးတွေဟာ ပျော်ရွှင်ခြင်းတွေနဲ့ တောက်ပလျက်ရှိသည်။
သွေး၏အရသာ အကြောက်တရား၏အနံ့ ပြီးတော့ ထိုလူ၏လန့်နေတဲ့အကြည့်တွေက သူ့ကိုပျော်ရွှင်အောင်ပြုလုပ်ပေးသည်။
ဒါကပထမဆုံးတစ်ယောက်ပဲ………သူ့ကိုအနိုင်ကျင့်ခဲ့လူတွေအားလုံးကို တစ်ယောက်မကျန် သူဘယ်လိုမှခွင့်မလွတ်နိုင်ဘူး။
သူတို့နှစ်ယောက် လျှို့ရှန်အဆောင်ပြန်ရောက်တော့ ရွှီဇီယန်က ရွှီဇီရုန်အား အခန်းသို့ပြန်ရန်ပြောလိုက်သည်။ ရွှီဇီရုန်က သိမ်မွေ့သည့်ပုံစံပြောင်းသွားပြီး သူ့မျက်လုံးက မျှော်လင့်ချက်အပြည့်တွေဖြင့် ရွှီဇီယန်အားကြည့်ကာ
“ကိုကို ကိုကိုဟင်းချက်တာ ကျွန်တော်ကြည့်လို့ရလား?”
ရွှီဇီယန်အံ့ဩသွားသည်။ “မင်းက ဟင်းချက်တာ ဝါသနာပါလို့လား?” ဟင်းချက်သည့်ဝါသနာဟာ သူ့အဖေဖြစ်သူ သူ့အမေကို လိုက်ခဲ့စဉ်က နည်းလမ်းဖြစ်ပြီး သူနဲ့သူ့ညီဇီယွိကိုလည်း သင်ပေးခဲ့သည်! သူ့အဖေပြောခဲ့တာ ‘မင်းတို့တွေ မင်းတို့ချစ်ရသူရဲ့ နှလုံးသားကို လိုချင်ရင် ပထမဆုံး မင်းတို့ချစ်ရသူရဲ့ အစာအိမ်ကို အနိုင်ယူရမယ်’! သူ့အဖေအမြဲပြောလေ့ရှိတာက ‘ခေတ်မှီတဲ့လူတစ်ယောက်အနေနဲ့ မင်းကဟင်းချက်တတ်ထားသင့်တယ်’!
ဘယ်လိုပဲဖြစ်ဖြစ် သူဝတ္ထုစာအုပ်ထဲကို ရောက်သွားခဲ့တာတောင် သူ၏ဟင်းချက်လက်ရာက ကောင်းနေတုန်းဆိုတာ ရွှီဇီယန်သိသည်။ အခြားသူဘယ်လိုတွေးတွေး သူဂရုမစိုက်ပေမယ့် ရွှီဇီရုန်က သူဟင်းချက်တာကို ကြည့်ချင်တယ်ဆိုတော့ သူအနည်းငယ်အံ့ဩသွားရသည်။
ရွှီဇီရုန်ရှက်ရွံ့စွာပြုံးလိုက်ပြီး “ကိုကိုက ဒီနေ့ ကျွန်တော့်အတွက် ချက်ပြုတ်ပေးမှာဆိုတော့ နောင်အခါကျရင်ရော ကိုကို ကျွန်တော်အတွက် ချက်ပြုတ်ပေးလို့ရမလား”
ရွှီဇီယန်အား နောက်တစ်ခါ ဒီလိုချစ်စရာကောင်းတဲ့ညီလေးက သူ့စိတ်ကိုကမောက်ကမဖြစ်အောင် လုပ်သွားပြန်လေသည်။ သူကတစ်ဖက်လူကို အားရပါးရ ပွေ့ဖက်လိုက်တော့သည်။ ဒီကလေးကဇီယွိမဟုတ်တောင်မှ ဒီကလေးက ဇီယွိထက် ပိုပြီးချစ်ဖို့ကောင်းသည်။
ဇီယွိ အစုတ်ပလုပ်ကောင်…………乁║ ˙ 益 ˙ ║ㄏ
ရွှီဇီရုန်က ရွှီဇီယန်ဘေးမှာ ရပ်နေပြီးပြုံးနေပေမယ့် သူ့အင်္ကျီအောက်က လက်ကတော့ တင်းကြပ်စွာဆုပ်ထားသည်။
ထပ်ဖြစ်ပြန်ပြီ…………သူကနောက်တစ်ခါ အတိတ်ကိုလွမ်းဆွတ်ပြန်ပြီ!
ပြတ်ပြတ်သားသားမေးရရင် အဲ့ဒါဘယ်သူလဲ?! ဘယ်သူမလို့ ရွှီဇီယန်က အဲ့လောက်ထိ စိုးရိမ်ပြနေတာလဲ? ဟိုဇီယွိဆိုတဲ့ လူပုဂ္ဂိုလ်ပဲလား?
ရွှီဇီရုန်မျက်လုံးတွေဟာ အေးစက်သွားပြီး သွေးနီရောင်မျက်လုံးဖြစ်သွားလေသည်။ အကယ်၍ သူ ‘ဇီယွိ’ဆိုတဲ့ လူကိုရှာတွေ့ခဲ့ပါက ထိုလူကို နောက်ဘဝကူးအောင် သူပို့ပေးလိုက်မည်!
သူ့ကိုကိုစိတ်ပူသင့်တဲ့လူက သူတစ်ယောက်တည်းပဲ။ သူ့စိတ်ထဲမှာ အခြားလူတွေမရှိသင့်ဘူး!
ရွှီဇီရုန်၏မျက်နှာအခြေအနေကို ရွှီဇီယန်မသိပေ။ သူစားဖိုဆောင် သွားသည့် တစ်လျှောက်တွင် ရွှီဇီရုန်ကို ဟင်းချက်နည်းအခြေခံတွေ ပြောပြလေသည်။
ရွှီဇီရုန်တိတ်တဆိတ် သူ့ရှင်းပြနေတာကို နားထောင်နေပေမယ့် သူ့စိတ်ထဲမှာတာ့ အလွန်ကိုရှုပ်ထွေးနေလေသည်။ ကျင့်ကြံသူတွေထဲမှာ အခြေခံကျင့်ကြံခြင်းအဆင့်ထက် မြင့်သည့်ကျင့်ကြံသူတွေဟာ အစားမစားဘဲနေနိုင်ကြသည်။ အကယ်၍ သူတို့စားလျှင်လည်း စိတ်ဝိညာဉ်စွမ်းအင်ပိုတိုးစေသည့် မှိုများ၊ အပင်များသာ ဖြစ်ပေလိမ့်မည်။ ရွှီဇီယန်သူ့ကိုပြောပြနေသည့် အစားအစာအားလုံးက သာမန်အစားအစာများသာဖြစ်သည်။ အကယ်၍ အဲ့လိုအစားအစာတွေသာ များများစားပါက ခန္ဓာကိုယ်ထဲမှာ မသန့်ရှင်းမှုတွေ စုပုံလာပြီး ကျင့်စဉ်အဆင့်တက်နှုန်း နှေးကွေးသွားပေလိမ့်မည်။
ပျော်ရွှင်စွာ ဟင်းချက်နည်းအကြောင်း ပြောပြနေသည့် ရွှီဇီယန်ကိုသူစိုက်ကြည့်နေရင်း သူ၏သံသယဖြစ်မှုတွေ ပိုပြီးခိုင်မာလာလေသည်။
ရွှီဇီယန်စားဖိုဆောင်ကို ရောက်လာသောကြောင့် ရွှီမိသားစု၏စားဖိုမှူးတွေအကုန် လန့်သွားကြသည်။ သူတို့တွေကသာမန်လူတွေ ဖြစ်တာကြောင့် ရွှီမိသားစု၏ကျင့်ကြံသူတွေကို သူတို့ကြောက်ကြတာကတော့ သဘာဝပင်ဖြစ်သည်။
စားဖိုမှူးခေါင်းဆောင်သည် အရပ်မြင့်မြင့် သန်သန်မာမာ ယောင်္ကျားကြီးတစ်ယောက်ဖြစ်သည်။ သူကအဝတ်တစ်ခုဖြင့် သူနဖူးပေါ်ကချွေးကို သုတ်လိုက်ပြီး မဝံ့မရဲမေးလိုက်သည်။
“သခင်လေး ဒီကိုဘယ်လိုအကြောင်းကြောင့် ရောက်လာခဲ့တာလဲ?”
သူမေးလို့ပြီးတာနဲ့ သူ့၏စားဖိုမှူးတွေဘက်လှည့် အော်လိုက်တော့သည်။ “ပြောစမ်း! မင်းတို့ကောင်တွေထဲက ဘယ်သူက ဟင်းချက်တာကို ဂရုမစိုက်ဘဲလုပ်လိုက်တာလဲ?!”
စားဖိုမှူးအားလုံး စကားတစ်လုံးမျှ မပြောနိုင်ကြတော့ပေ။ သူတို့တွေက ရွှီမိသားစု၏အစေခံဖြစ်ကြပြီး သူတို့အသက်တွေကလည်း ရွှီမိသားစု၏လက်ထဲ၌သာ ရှိသည်။ သူတို့တွေထဲက အသက်မရှင်ချင်တဲ့သူကလွဲရင် ဘယ်သူကများ ဂရုမစိုက်လုပ်ရဲမှာလဲ?
Original Author’s Note :
╮(^▽^)╭ ရွှီဇီရုန်လေးကတော့ အရမ်းဆိုးတာပဲနော် သူ့ကိုကိုရဲ့ညီနဲ့တောင် သူကမဝေမျှပေးနိုင်ပါဘူးတဲ့။
PS : ရွှီဇီရုန်ကသူရဲ့ဒေါသကို ခဏလောက် ထွက်ပေါက်ရှာလိုက်ရင် အဆင်ပြေပါပြီ…………ပြောချင်တာကတော့ သူပုံစံကိုမသိနိုင်တော့ဘူးပေါ့…………╮(^▽^)╭