Chapter 26
Chapter 26
ထိုအရာကိုမြင်ပြီး ရွှီဇီယန်ပြုံးလိုက်မိသည်။ သူဒီနေရာကိုရောက်လာတာကြောင့် အားလုံးလန့်သွားကြမယ်ဆိုတာ သူသိပေမယ့် ဒီစားဖိုမှူးခေါင်းဆောင်က အတော်လေး စိတ်ဝင်စားစရာကောင်းလှသည်။ ထိုသူကစကားကို ခပ်ကြမ်းကြမ်းပြောပြီး အော်ငေါက်လိုက်ပေမယ့် အမှန်တော့ သူကသူ၏စားဖိုမှူးတွေကို ကာကွယ်ပေးချင်လို့ဖြစ်သည်။
ရွှီဇီယန်ကသူတို့အား သက်သာစွာနေရန် လက်ဝှေ့ယမ်းပြလိုက်သည်။
“စိတ်မပူပါနဲ့ ငါနည်းနည်းဗိုက်ဆာလာလို့ ငါစားစရာတစ်ခုခု လာလုပ်တာပါ”
ထိုစကားကိုကြားမှ တုတ်ခိုင်သည့်စားဖိုမှူးခေါင်းဆောင်ဟာ ပျော်သွားလေသည်။ သူဒီနေရာမှာ ပြဿနာလာရှာတာ မဟုတ်ဘူးဆိုတော့ တော်သေးတာပေါ့။ အကယ်၍ သူတို့တွေ သခင်လေးကြိုက်တဲ့အစားအစာသာ ချက်ကျွေးလိုက်ပါက သူတို့ဆုတောင်ရချင်ရဦးမှာ။
“ကျွန်တော်တို့ကို အားမနာပါနဲ့ သခင်လေး သခင်လေးစားချင်တာမှန်သမျှ သခင်လေးပါးစပ်ကသာပြောလိုက် ကျွန်တော်တို့ချက်ချင်းချက်ပြုတ်ပေးမယ်လို့ ကျွန်တော်အာမခံပါတယ်” တုတ်ခိုင်တဲ့လူကြီးဟာ သူ့ရင်ဘတ်သူပုတ်ပြကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုအသံက ရွှီဇီယန်နားကိုတောင် အူသွားစေသည်။
ဘုရားရေ ဒီလူရဲ့အသံက သာမန်မဟုတ်ဘူးပဲ။ ရွှီဇီယန်ကလက်ရှိ ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့် ရောက်နေသူဖြစ်သည်။ အကယ်၍ သူသာတစ်ဖက်လူအား ခုခံဖို့မပြင်ဆင်ထားဘူးဆိုရင် ထိုလူ၏အသံကို သူ့အမြင်နဲ့ကြည့်ပြီး ဒီတုတ်ခိုင်သည့်လူကြီး၏စွမ်းရည်ကို ခွဲခြားရန်မဖြစ်နိုင်ပေ။
ရွှီဇီယန်လျင်မြန်စွာ သူမှတ်ဉာဏ်ထဲ၌ ရှာဖွေလိုက်ပေမယ့် ကံမကောင်းစွာ ထိုလူ၏ပုံရိပ်ကို စွမ်းအားရှိသည့်ကျင့်ကြံသူအဖြစ် ဘယ်နေရာမှာမှရှာမတွေ့ဘူး။ အကယ်၍ ထိုလူ၏အသံသာ ဟိန်းသံကျင့်စဉ်ထဲကနဲ့ ကိုက်ညီတယ်ဆိုရင် အဲ့ဒါကသေလောက်အောင် အံ့ဩစရာကောင်းလိမ့်မည်။
ရွှီဇီယန် သူ့မေးစေ့သူပွတ်ကာ ထိုအကြောင်းကိုတွေးဆလိုက်သည်။
နောက်ပြန်ပြောရရင် ရွှီဇီယန် လျှိုကွမ်းဂိုဏ်းကိုဝင်သွားပြီးနောက် ရွှီဇီရုန်က ရွှီမိသားစုတစ်ခုလုံးကို သွေးချောင်းစီးအောင် လုပ်သွားသည့်အချိန်၌ သူအရာအားလုံးကို သင်ယူလို့မပြီးသေးပေ။ သူ့အတွက်ကျန်ခဲ့သည့်အရာတွေကတော့ အချိန်ကြာမြင့်စွာ ဖွက်ထားခဲ့သည့် ရတနာတစ်ချို့ပဲဖြစ်သည်။
ထို့နောက်မှာတော့ ရွှီဇီယန်ကတစ်ယောက်ထဲရုန်းကန်ခဲ့ပြီး သူ့လမ်းကြောင်းမှာလာပိတ်နေသည့် ကျင့်ကြံသူအားလုံးကို သတ်ဖြတ်ကာ သူ၏ခရီးစဉ်က သေမလိုအခြေအနေတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသည်။ ရွှီဇီယန်၏မှတ်ဉာဏ်ကို ကြည့်လိုက်ပြီးနောက် သူ၏ဦးနှောက်ဟာ ဘာမှမလှုပ်ရှားနိုင်အောင် ဖြစ်သွားရသည်။ ပြောရရင် ရွှီဇီယန်က အနာဂတ်မှာ ရွှမ်းယွိနယ်မြေရဲ့သူရဲကောင်းလေးယောက်ထဲက တစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရတာက ရွှီဇီယန်၏ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့လည်း သက်ဆိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် ထိုအကြောင်းအရာကြောင့် လက်ရှိရွှီဇီယန် အကြံတစ်ချို့ရရှိသွားသည်။
အကယ်၍ သူတို့တွေသာ တစ်ယောက်ချင်းဆီ တိုက်ခိုက်ကြမည်ဆိုရင် ထိုသူရဲကောင်လေးယောက်အနက် ရွှီဇီယန်ကစွမ်းအားအကြီးဆုံးဖြစ်လိမ့်မည်။ ဒါပေမယ့် သူတို့တွေ၏နောက်ခံအင်အားဆိုရင်တော့ လင်ရှောင်ထျန်၏ထျန်းယွီဂိုဏ်း ဒါမှမဟုတ် မော့ကျီးယွမ်၏မော့ယွိလုံစံအိမ် တို့က ရွှမ်းယွိနယ်မြေမှာ အင်အားအကြီးဆုံးအုပ်စုများ ဖြစ်ကြသည်။ ရွှီမိသားစုက နှိုင်းယှဉ်လို့မရအောင် အင်အားကျဆင်းသွားသည်။
ပြီးနောက် သူနှင့်ပိုင်ဟွ၏ ဆက်ဆံရေးကြောင့် လင်ရှောင်ထျန်နဲ့မော့ကျီးယွမ်က အင်အင်တင်တင်ဖြင့် ရွှီဇီယန်၏အဆင့်အတန်းကို အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ဒါပေမယ့် အခုရွှီဇီယန်ကတော့ သူတို့အုပ်စုထဲဝင်ဖို့ အစီအစဉ်မရှိဘူး။ ဒါကြောင့် သူ၏အနာဂတ်ကို သာမန်အတိုင်းပဲဖြစ်အောင် သူပြင်ဆင်ရမည်။
အကယ်၍ ရွှီမိသားစုကချေမှုန်းမခံရဘူးဆိုရင်တောင် ထျန်းယွီဂိုဏ်းနဲ့မော့ယွိလုံနန်းတော်ကို မှီဖို့အဝေးကြီးလိုသေးသည်။ ဒါကြောင့် အကယ်၍သူတို့နှစ်ယောက်သာ ဒီအုပ်စုနှစ်ဖွဲ့ကြောင့် ဒုက္ခရောက်ရင် ရွှီမိသားစုက သူနဲ့ရွှီဇီရုန်ကို ကာကွယ်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမသေချာဘူး။
ချဲကားပြောရရင် အကယ်၍ ဒီလိုအခြေအနေမျိုးဖြစ်လာပါက ရွှီရှောင်က သူတို့နှစ်ယောက်ကို ရွှီမိသားစုကနေ ထုတ်ပစ်,မပစ်ဆိုတာ ရွှီဇီယန်အနေနဲ့အာမမခံနိုင်ဘူး။ ပြီးတော့ ရွှီရှောင်၏စိတ်ထဲမှာ သူ့သားထက် မိသားစုတိုးတက်ဖို့က ပိုအရေးကြီးလိမ့်မည်။
အမှန်တော့ ရွှီဇီယန်ကမူလဝတ္တုထဲမှာ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ ပိုင်ဟွအပေါ် သူဘယ်လိုပဲထင်မြင်ပါစေ ဒီပိုင်ဟွ၏ကံကောင်းမှုတွေက အလွန်အမင်းကို သာမန်ထက်ပိုနေတာတော့ သူ့အနေနဲ့ဝန်ခံရမည်။ သူကဘေးအန္တရာယ်အမျိုးမျိုးကနေလည်း လွတ်မြောက်တယ် ဒါပေမယ့် သူ့ကိုဆန့်ကျင်သည့် သူတွေကျတော့ သေကုန်သည်။
ကံမကောင်းဆုံးကတော့ ထိုသေဆုံးသွားသည့်လူတွေထဲမှာ ရွှီဇီရုန်လည်းအပါအဝင်ဖြစ်သည်။ ပိုင်ဟွက မရေမတွက်နိုင်သည့် ရတနာတွေရရှိခဲ့ပြီး ရွှီဇီရုန်ကိုလည်း ဗီလိန်ဖြစ်အောင် လုပ်ခဲ့သည်။ နောက်ဆုံးတော့ ရွှီဇီရုန်ဟာ လောကတစ်ခုလုံးကို ဖျက်ဆီးခဲ့သည့် မိစ္ဆာအဖြစ်သတ်မှတ်ခံရပြီး သူ့ဝိညာဉ်ကလည်း တစ်စစီပြိုကွဲသွားသည်။
ရွှီဇီရုန်၏ကံကြမ္မာကို ဒီလိုပြန်ဖြစ်အောင် ရွှီဇီယန်ဘယ်တော့လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် သူကသူ့ကိုယ်ပိုင်အုပ်စုကိုဖွဲ့ပြီး ထျန်းယွီဂိုဏ်းနဲ့မော့ယွိနန်းတော်ကို ယှဉ်နိုင်အောင်လုပ်ရမည်။
သူကသူတို့အုပ်စုတွေကို မချေမှုန်းနိုင်ရင်တောင် အနည်းဆုံးတော့ သူတို့အုပ်စုတွေနဲ့ ဘာပြဿနာမှမဖြစ်အောင် သူအင်အားကြီးအောင်လုပ်ထားရမည်။ ရွှီဇီရုန်ကိုလည်း လွယ်လွယ်ကူကူနဲ့ မပျက်စီးသွားစေရဘူး! ရွှီဇီယန်၏ညီငယ်လေးတစ်ယောက်အနေနဲ့ အကယ်၍ သူလမ်းမှားသွားရင်တောင် အစ်ကိုတစ်ယောက်အနေနဲ့ သူပြန်ပြင်ပေးရမည်။ အပြင်လူတွေရဲ့ထင်မြင်ချင်တွေက ဆံပင်မွှေးလောက်တောင် အဆင့်မရှိဘူး!
ဟုတ်ပြီ! ရွှီဇီယန်၏အကျင့်က သူ့အတွက်အဖိုးတန်တဲ့ လူတွေအားလုံးကို ကာကွယ်ပေးဖို့ပဲ!!! အပြင်လူတွေဘာပဲပြောပြော သူဂရုမစိုက်ဘူး။ ပြီးတော့ ရွှီဇီရုန်ကလည်း သူခွင့်မလွတ်နိုင်သည့် အရာမျိုးတွေ မလုပ်သေးတာကြောင့် သူ၏ညီငယ်လေးကို သူအမြဲတမ်းကာကွယ်ပေးရမည်။
“ကိုကို?” ရွှီဇီရုန်က ရွှီဇီယန်၏အင်္ကျီလက်ကိုဆွဲကာ စားဖိုးမှူးခေါင်းဆောင်၏အပြုံးက အေးခဲသွားသည်ကို သတိပေးလိုက်သည်။
ရွှီဇီယန်ကသူ့အတွေးတွေ ဖယ်ထုတ်လိုက်ကာ ရှက်ပြုံးပြုံးလိုက်ပြီး သူပြန်ဖြေလိုက်၏။
“စိတ်မပူပါနဲ့ မင်းတို့လုပ်စရာရှိတာ သွားလုပ်ပါ ငါ့ဟာငါလုပ်တတ်ပါတယ်”
“ဘယ်လို!!” တုတ်ခိုင်တဲ့လူကြီးဟာ အလွန်ထိတ်လန့်သွားသည်။ နားကြားမှားလိုက်တာများလား? သခင်လေးက သူ့ဟာသူချက်ပြုတ်မယ်တဲ့လား? သခင်လေးက သူတို့ချက်ပြုတ်တာကိုများ အရသာမတွေ့လို့လား?
“သိပ်ပြီးတော့စိတ်ရှုပ်မနေပါနဲ့” ရွှီဇီယန်က စားဖိုမှူးခေါင်းဆောင်လန့်သွားတာကို မြင်လိုက်ပြီး စိတ်အေးအောင်ပြောလိုက်သည်။ “ငါကဇီရုန်အတွက် ခေါက်ဆွဲလုပ်ပေးမလို့ပါ ငါအခြားကြီးကြီးမားမားတွေ ထူးထူးခြားခြားတွေ မချက်ပြုတ်ပါဘူး”
“အိုး…………” တုတ်ခိုင်တဲ့လူကြီးဟာ သက်သာရာရသွားပြီး သူ့နဖူးပေါ်ကချွေးတွေကို သုတ်လိုက်လေသည်။ “သခင်လေးက ကျွန်တော်တို့ပဲလုပ်…………”
ရွှီဇီယန်လက်ဝှေ့ယမ်းလိုက်ကာ “အဆင်ပြေပါတယ် မင်းတို့လုပ်စရာရှိတာ လုပ်ကြပါ ငါလုပ်တတ်တယ်”
တုတ်ခိုင်တဲ့လူကြီးလည်း နောက်သို့ပြန်ဆုတ်သွားတော့သည်။ သခင်လေးကိုယ်တိုင်က သူ့အားဂရုမစိုက်ရန် ပြောမှတော့ သူတို့လည်း ပြန်မချေပရဲတော့ပေ။ စားဖိုမှူး၏အော်သံအောက်မှာပင် သူတို့၏အလုပ်တွေက ပြီးသွားတာကြောင့် အားလုံး၏အကြည့်တွေကဟာ သခင်လေး၏’ကိုယ်ပိုင်ချက်ပြုတ်နေသည့် လက်ရာ’ဆီသို့ တဖြည်းဖြည်းရွေ့သွားသည်…………
အများစုဟာ နားမလည်နိုင်မှုတွေ အားကိုးရာမဲ့ဖြစ်နေမှုတွေ သံသယဖြစ်စရာတွေ မျက်လုံးတွေနဲ့ ချက်ပြုတ်နေတာကို ကြည့်နေကြပြီး ရွှီဇီယန်ကခါးစည်းကိုယူကာ ခါလိုက်ပြီးနောက် သူ့ခါး၌စည်းလိုက်သည်။ ထို့နောက် သူကရေအနည်းငယ်နဲ့ ခေါက်ဆွဲလုပ်ဖို့ ဂျုံအနည်းငယ်ကို ရောလိုက်သည်။
သူ့လက်ကိုဆေးကြောပြီးနော် ရွှီဇီရုန်ကသူ့ဘေးမှာ တိတ်ဆိတ်စွာ ရပ်နေလေသည်။ ရွှီဇီယန်ချက်ပြုတ်တတ်မှန်း သူသေချာယုံကြည်လို့ ဘာစကားတစ်လုံးမျှမပြောချေ။ ဒါပေမယ့် ရွှီဇီယန်၏လုပ်ပုံကိုင်ပုံတွေက ကျွမ်းကျင်နေတာကြောင့် သူ့အနေနဲ့ မအံ့ဩပဲမနေနိုင်ဘူး။ ဂျုံတွေကိုညက်အောင်နယ်ခြင်း ဂျုံကိုဆွဲဆန့်ခြင်း ဂျုံတွေကိုခေါက်ဆွဲဖြစ်အောင် ဖြတ်တောက်ခြင်း နောက်ဆုံး ရွှီဇီယန်က ကြက်ဥကိုခွဲကာ အိုးထဲသို့ထည့် ပုံစံကအစ လျင်မြန်သွက်လက်ပြီး သပ်ရပ်လှသည်။
ရွှီဇီရုန်တောင်အံ့ဩသွားသည်ဆိုမှတော့ ကျန်တဲ့လူတွေကတော့ ကြက်သေတောင်သေသွားလောက်သည်!
သခင်လေးချက်ပြုတ်တတ်တယ်ဆိုတာက သူတို့ကိုအံ့ဩစေခဲ့ပေမယ့် သူဒီလိုကောင်းမွန်စွာ ချက်ပြုတ်တတ်တယ်ဆိုတာက သူတို့ကိုအလွန်ထိတ်လန့်သွားစေသည်။
လေထဲမှာပျံ့နှံ့လာသည့်အနံ့ကြောင့် ကြက်ဥနဲ့ခေါက်ဆွဲဟာ အလွန်ကိုအရသာရှိလိမ့်မည်ဆိုတာကို အားလုံးသိကြသည်။ ထိုအနံ့ကြောင့် တချို့စားဖိုမှူးတောင် သွားရည်မကျဘဲမနေနိုင်ပေ။
“ကိုကိုချက်ထားတာ စားကြည့်ကြည့်တော့မလား?” ခေါက်ဆွဲပေါ်မှာ အရွက်အနည်းငယ်နှင့် တန်ဆာဆင်ကာ ကြက်ဥလေးပါသည့် ခေါက်ဆွဲပန်းကန်ကို ရွှီဇီရုန်အရှေ့မှာ ချပေးလိုက်သည်။
ရွှီဇီယန်မျက်နှာဟာ အပြုံးတွေဖြင့်ဝေဆာနေပြီး သူ့စိတ်ထဲမှာ သူ့ကိုယ်သူချီးကျူးနေ၏။ သူကဝိညာဉ်ကူးပြောင်းလာတာတောင် သူ၏ချက်ပြုတ်စွမ်းရည်က လက်ရည်မကျသေးဘူးပဲ။ အနာဂတ်မှာ သူ၏ချက်ပြုတ်စွမ်းရည်က သူ၏ဇနီးကို ဆွဲဆောင်နိုင်လိမ့်မည်။ သူ၏ဇနီးဖြစ်မည့်သူက ဘယ်မှာလည်းဆိုတာ သူသေချာမသိသေးပေမယ့် ကြိုတင်ချက်ပြုတ်ကြည့်ထားတော့ ပိုကောင်းတာပေါ့။
ရွှီဇီရုန်ကသူ့အရှေ့မှာ ရှိနေသည့် ခေါက်ဆွဲပန်းကန်ကိုကြည့်လိုက်ရင်း သူ့မျက်နှာကမကြည့်မသာဖြစ်ပြီး စိတ်ရှုပ်ထွေးသွားသည်။ ခေါက်ဆွဲပေါ်မှာ အစိမ်းရောင်အရွက်တွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကလည်း အပေါ်မှာဖြူးထားသေးတယ် ဒါကသာမန်ခေါက်ဆွဲပဲဆိုတာ အလွန်ကိုသိသာလှသည်။ ဒါပေမယ့် ထိုအရာက သူ့အားတစ်ခုခုကို သဘောပေါက်သွားစေသည်။
ရွှီဇီရုန်ကသူ့တူကိုကိုင်ကာ အံ့ဩနေသည့်အကြည့်ဖြင့် ခေါက်ဆွဲကို အလုတ်ကြီးအလုတ်ငယ် စားတော့သည်။ ရွှီဇီယန်ကသူ့အား နင်သွားမှာစိုး၍ ဖြေးဖြေးစားဖို့ပြောနေပေမယ့် သူမကြားတာကြောင့် ရွှီဇီရုန်ကခဏလေးအတွင်း စားလိုက်တာ ပန်းကန်ပြောင်သွားတော့သည်။
စားလို့ပြီးသွားတော့ သူ့ပါးစပ်ကိုသုတ်ကာ သူ့၏ဗိုက်ဟာ နွေးထွေးစွာ ဗိုက်ပြည့်သွားလေသည်။ ရွှီဇီရုန်ခေါင်းမော့ကာ တောက်ပစွာပြုံးပြလိုက်ပြီး “ကိုကို့ခေါက်ဆွဲက အရမ်းအရသာရှိတယ်”
ရွှီဇီယန်မျက်နှာကြုတ်ကာ သူ့ခေါင်းကိုပုတ်ပေးလိုက်ပြီး လေးနက်စွာပြောလာသည်။
“အရသာရှိတယ်ဆိုလည်း အရသာရှိတယ်ပေါ့ ဘာလို့ဒီလောက်အမြန်ကြီး စားရတာလဲ? နင်သွားမှာမကြောက်ဘူးလား! မင်းကြိုက်တယ်ဆိုမှတော့ နောက်တစ်ခါကျရင်လည်း ကိုကို မင်းအတွက် ပြန်ချက်ပေးမယ်”
ရွှီဇီရုန်မျက်လုံးတွေတောက်ပသွားသည်။ “ကောင်းတာပေါ့ ဒါဆို နောက်တစ်ခါ ကိုကို ကျွန်တော့်ကိုပြန်ချက်ပြုတ်ပေးရမှာနော် အနာဂတ်မှာရော ကိုကို ကျွန်တော့်အတွက် ချက်ပြုတ်ပေးနိုင်မလား?”
“ကောင်းပြီလေ” ရွှီဇီယန်ဂရုတစိုက်ဖြေလိုက်သည်။ သူ၏အချက်အပြုတ်လက်ရာက ကမ္ဘာကျော်စားဖိုမှူးတွေလောက် မကောင်းဘူးဆိုတာ သူသိသည်။ ပြီးတော့ ချက်တဲ့အရသာတွေကလည်း အိမ်ထမင်းဟင်းလောက်သာရှိသည်။ ရွှီဇီရုန်ကလည်း လွဲရင် ဘယ်သူမှလည်း သူချက်တာကိုစားချင်မှာ မဟုတ်ဘူး။ ဒါကြောင့် ရွှီဇီရုန်က သူ့ကိုဒီလိုမေးခဲ့မှတော့ သူကလည်းဘယ်လိုလုပ်ငြင်းရက်မှာလဲ။
သူ၏အနာဂတ်ဇနီးလောင်းနဲ့တွေ့ပြီး သူအိမ်ထောင်ကျသည့်အခါကျရင် ရွှီဇီရုန်ကလည်း အရွယ်ရောက်နေလောက်ပြီ။ သူတို့ကလေးဘဝတုန်းက ပေးထားတဲ့ ကတိလေးကို ရွှီဇီရုန်အနေနဲ့ ဂရုစိုက်မှာ မဟုတ်ပါဘူးလေ။
ရွှီဇီယန်ပါးစပ်က ကတိပေးလိုက်ပြီးနောက် ရွှီဇီရုန်ပြုံးသွားပြီး သူ့မျက်လုံးဟာမှေးစင်းသွားသည်။
ကိုကို…………အကယ်၍ ကိုကိုသာကတိမတည်ခဲ့ရင် ပြန်ပေးဆပ်ရမယ့် အကျိုးဆက်တွေရှိတယ်နော်…………
သူတို့နှစ်ယောက်ခေါက်ဆွဲ စားပြီးနောက် စားဖိုဆောင်ကနေ ညီအကိုနှစ်ယောက်သား ထွက်လာကြတော့သည်။ မသွားခင် ရွှီဇီယန်ကတုတ်ခိုင်တဲ့လူကြီးကို ခေါ်ကာ စကားအချို့ပြောလိုက်သည်။ စားဖိုမှူးခေါင်းဆောင်၏မျက်နှာဟာ အံ့ဩသင့်သည့်ပုံစံဖြစ်သွားပြီး သူ့အားအလွန်အမင်းကို ကျေးဇူးတင်နေတော့သည်။ သူက ရွှီဇီယန်အားအပြင်သို့ လိုက်ပို့နေသည့်အချိန်အထိ စိတ်လှုပ်ရှားပြီး အသက်မရှုအောင်ဖြစ်နေလေသည်။
“ကိုကို ကိုကိုကဘာလို့ သူ့ကိုကျင့်ကြံသူ ဖြစ်ခိုင်းစေချင်တာလဲ?” ရွှီဇီရုန်ကအနည်းငယ် မသိသလိုမေးလိုက်သည်။ သူ့အတွက်တော့ ဒီလူကြီးကအချိန်ကုန်တာပဲ အဖတ်တင်လိမ့်မည်။ ရွှီဇီယန်၏အပြုအမူက သူ၏ဝေစုထဲကနေ သူ့အပေါ်ကောင်းတဲ့သူတွေကို ဝေငှာပေးတယ်ဆိုတာ ရွှီဇီရုန်နားလည်ပေမယ့် ရွှီဇီရုန်နားမလည်က အခြေခံကျင့်ကြံခြင်းအဆင့်ကိုတောင် မတတ်တဲ့လူကို သူကဘာလို့ကျင့်ကြံသူဖြစ်ခိုင်း စေချင်ရတာလဲ။
ရွှီဇီယန်ကအပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။
“ဇီရုန်အတွက်တော့ အနည်းငယ် ရှုပ်ထွေးနေလိမ့်မယ် ကိုကိုဘာလို့ မျိုးနွယ်စုခွဲမိသားစုကရွှီကလေးတွေကို မလိုချင်ရလဲ သိတယ်မလား?”
ရွှီဇီရုန်ခေါင်းညိတ်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှာ ရွှီမျိုးနွယ်စုခွဲက,ကလေးတွေအများကြီးဟာ ရွှီဇီယန်ဘေးမှာခစားနေကြပေမယ့် ကံမကောင်းချင်တော့ သူတို့အားလုံးဟာ သူသတ်တာကို ခံလိုက်ရသည်။
“ဇီရုန် မင်းသိထားရမှာက ရွှီမျိူးနွယ်စုခွဲက ကလေးတွေအားလုံးဟာ………သူတို့ကျင့်ကြံခြင်းအဆင့်ကို မြင့်တင်ပေးဖို့ အရင်းအနှီးတွေပေးတာက ရွှီမိသားစုပဲ ဒါကြောင့် သူတို့တွေ သစ္စာခံရင်လည်း ရွှီမိသားစုကိုပဲ သစ္စာခံကြမှာ ငါကရွှီမိသားစုကို ပုန်ကန်ချင်လို့ မဟုတ်ပါဘူး ဒါပေမယ့် ငါ့ကိုသစ္စာခံမယ့် လူတွေလည်း လိုအပ်တယ် အကယ်၍ ရွှီမိသားစုနဲ့ငါ့ရဲ့ကြားမှာ သဘောထားကွဲလွဲသွားရင် ငါ့ကိုသစ္စာရှိတဲ့ လူတွေကပဲ ငါ့ဘက်မှာရှိမှာ နားလည်ရဲ့လား?”
ရွှီဇီရုန်၏မျက်လုံးဟာ ဖျတ်ခနဲလင်းလတ်သွားသည်။ သူခေါင်းကိုဖြေးညင်းစွာ ညိတ်လိုက်ပြီး သူ့ရင်ထဲမှာတော့ ရွှီဇီယန်အပေါ် လေးစားစိတ်များ ပိုတိုးသွားသည်။
ရွှီမိသားစုကိုသစ္စာခံတာနဲ့ ရွှီဇီယန်ကိုသစ္စာခံတာက အလွန်ကို ကွဲပြားပေသည်။ ဘာကြောင့်လဲဆိုတော့ ရွှီဇီယန်က ရွှီမိသားစု၏အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။ အကယ်၍ တစ်နေ့ကျရင် ရွှီမိသားစုအကျိုးအတွက် ရွှီဇီယန်ကို စွန့်လွှတ်လိုက်ပါက ရွှီမျိုးနွယ်စုခွဲ ကလေးတွေက သူ့ဘက်ကိုပါမှာမဟုတ်ပေ။
ရွှီဇီယန်ကိုယ်တိုင် ကျင့်ကြံပေးရန် ကူညီပေးလိုက်သည့် လူတွေကသာ သူ့ကိုသစ္စာရှိကြလိမ့်မည်။ ဒီနည်းလမ်းက အရင်ဘဝက ရွှီဇီရုန်တွေးခဲ့သည့် နည်းလမ်းနှင့်တူပေသည်။
လက်တွေ့မှာတော့ ရွှီဇီယန်ဘာမှသိပ်မလုပ်ရသေးပေ။ စားဖိုမှူးခေါင်းဆောင် လော့လို့အမည်ရသည့် သူကိုမျှော်လင့်ချက် အချို့သာပေးလိုက်နိုင်သေးသည်။ စားဖိုမှူးလော့အား စိတ်ဝိညာဉ်သွေးကြောရှိမရှိဆိုတာ စမ်းသပ်ပေးမယ်ဆိုပြီး သူကတိပေးလိုက်သည်။
ရွှီမိသားစု၏အစေခံထက်စာရင် ရွှီဇီယန်ပေးလိုက်သည့် အခွင့်အရေးက သူ့ကံကြမ္မာကို ပြောင်းလဲစေနိုင်သည်။ ဒါကြောင့် သူဉာဏ်ကောင်းရင်တော့ ဒီအခွင့်အရေးကို သူလက်လွတ်ခံမှာမဟုတ်ဘူး။
သူတို့ညီအကိုနှစ်ယောက် လျှို့ရှန်အဆောင်ကို ပြန်ရောက်လာပြီးနောက် လေ့ကျင့်ရေးကွင်းလေးမှာ နှစ်ယောက်သား လေ့ကျင့်ရန်၊ကျင့်ကြံရန် ဦးတည်လိုက်တော့သည်။ ဒီနေ့သူတို့အတွက် နားရက်ဖြစ်ပေမယ့် ရွှီဇီယန်နဲ့ရွှီဇီရုန်ကတော့ နားခြင်းမရှိပေ။
ရွှီဇီရုန်၏စွမ်းအားကြီးမားလာချင်သည့် စိတ်ကလည်း အရူးတစ်ယောက်လိုဖြစ်နေပြီး ရွှီဇီယန်ကလည်းအနာဂတ်ကို ပြောင်းလဲချင်တာကြောင့် ပိုပြီးတော့ကြိုးစားပြီး ပိုပြီးတော့အနာခံရမည်။
တစ်ဖက်မှာကလည်း ခရမ်းရောင်လျှပ်စီးတွေ အခြားတစ်ဖက်မှာကလည်း အစိမ်းရောင်အလင်းတန်းတွေ ဖြစ်ပေါ်လျက်ရှိသည်။ လေ့ကျင့်ရေးကွင်းလေးထဲမှာ နှစ်ယောက်သားဟာ မတူတဲ့စိတ်ဝိညာဉ်စွမ်းအင် မတူညီတဲ့စွမ်းရည်တွေ ဖြစ်နေပေမယ့် အဝေးကနေကြည့်ရင်တော့ သူတို့နှစ်ယောက်ဟာ အလွန်ကိုအတွဲညီလွန်းလှပေသည်။
နောက်တစ်နေ့မနက်ရောက်တော့ လေ့ကျင့်ရေးကွင်းမှာ သင်ကြားဖို့ နှစ်ယောက်လုံးလာခဲ့ကြတော့သည်။ ရွှီမော့၏မျက်နှာကတော့ ခါတိုင်းလိုခပ်မာမာဖြစ်နေပေမယ့် အခြားသောရွှီမိသားစုက ကလေးတွေကတော့ ရွှီဇီယန်အပေါ် အမြင်ပြောင်းလဲသွားကြပြီး ခါတိုင်းနဲ့မတူ သိမ်မွေ့စွာဆက်ဆံပြောဆိုလာကြသည်။