Chapter 29
Chapter 29
ရွှီဇီယန်ကျောက်စိမ်းရောင်စာအုပ်ကို တွေ့သွားသည့်အချိန်တွင် သူမနေနိုင်အောင် စိတ်လှုပ်ရှားနေလေသည်။ သူ၏မူလအစီအစဉ်က ဝတ္ထုရဲ့ဇာတ်ကြောင်းကို သာမန်လေးသာပြောင်းလဲလိုက်ပြီး သူ့ကိုယ်သူစွမ်းအင်တိုးတက်အောင်လုပ်ကာ လျှိုကွမ်းဂိုဏ်းကိုဝင်မည်။ ဒီလောက်တန်ဖိုးကြီးသည့်အရာကြီးကို သူစောစောကြီးရှာတွေ့လိမ့်မယ်လို့ ထင်တောင်မထင်ခဲ့မိဘူး။
ဒီကျောက်စိမ်းရောင်စာအုပ်ထဲမှာ ရှိနေသည့်ကျင့်စဉ်တွေက အနည်းဆုံးတော့ ပထမတန်းစားအဆင့်မြင့်ကျင့်စဉ်ထဲ၌ ပါဝင်လောက်သည်ကို ရွှီဇီယန်ခန့်မှန်းမိသည်။ အထဲကကျင့်စဉ်တွေတင်မဟုတ်ဘူး အပြင်ကျောက်စိမ်းရောင်စာအုပ်ကပင် အလွန်အသုံးဝင်မှန်း ရွှီဇီယန်သိသည်။
ဒီကျောက်စိမ်းရောင်စာအုပ်ကြီး ဘယ်လောက်ဖုန်တက်နေလည်းဆိုတာ ကြည့်လိုက်တော့။ ထိုစာအုပ်ကကြည့်လိုက်ရင် ဟောင်းနွမ်းသည့်ပုံစံပေါက်နေပေမယ့် အမှန်တော့ ရွှမ်းယွိနယ်မြေ၏ အလွန်ရှားပါးလှသည့် မှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်ပဲဖြစ်သည်။ ထိုစာအုပ်ကတန်ဖိုးမဖြတ်နိုင်အောင် အဖိုးတန်တယ်ဆိုတာ ချဲ့ကားပြောတာမဟုတ်ပေ။
ဒီကျောက်စိမ်းစာအုပ်ဟာ အလွန်လေးပြီးတော့ စာအုပ်ကလည်းကြီးသည်။ ပြီးတော့ ပထမတန်းစားအဆင့်မြင့်ကျင့်စဉ်စာအုပ်တွေဟာ အလွန်စွမ်းအားကြီးကြသည်။ ဒါကြောင့် ဒီမှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်ထဲမှာရှိသည့် စွမ်းရည်နဲ့စွမ်းအင်တွေက အလွန်ကိုပြီးပြည့်စုံလှသည်။
တစ်နည်းပြောရရင်တော့ မှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်က ပထမတန်းစားအဆင့်မြင့်ကျင့်စဉ်စာအုပ်အားလုံးကို မှတ်တမ်းတင်ထားတာမဟုတ်ပေမယ့် အနည်းဆုံးတော့ ကျင့်စဉ်အားလုံး၏ ထိပ်တန်းစွမ်းရည်တစ်ခုလောက်ကိုတော့ မှတ်တမ်းတင်ထားသည်။
မှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်ကြီးကိုကိုင်ကာ ရွှီဇီယန်သူစိတ်လှုပ်ရှားနေတာကို ထိန်းချုပ်ဖို့တောင်ခက်ခဲပေသည်။ ပြီးတော့ သူ့အရင်ဘဝကလိုမဖြစ်အောင် ကာကွယ်ဖို့ သူကိုယ်သူသန်မာနေမှရမည်ဆိုသည့် ထိုအတွေးအခေါ်ဟာ ဒီကျင့်ကြံခြင်းလောကကြီးထက်တောင် ပိုအရေးကြီးပေသည်။ အကယ်၍ သူသာစွမ်းအားမကြီးပါက သူ့ရဲ့ဘဝကိုအာမခံနိုင်မှာမဟုတ်ပေ…………╮(╯_╰)╭
လူသတ်ပြီးအဖိုးတန်ရတနာကို ဘယ်လိုခိုးရမယ်၊ တစ်စုံတစ်ယောက်ကို ဘယ်လိုမျိုး အသံတိတ်သတ်ရမယ်၊ လက်စားချေဖို့အတွက် ဘယ်လိုသတ်ရမယ်…………အတိုချုပ်ပြောရရင် လူသတ်တယ်ဆိုတာက သာမန်ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။
ရွှီဇီယန်သူမသေချင်ဘူး။ မူလရွှီဇီယန်ပုံစံလိုမျိုးလည်း သူအသက်မရှင်ချင်ဘူး။ အကယ်၍ သူဒီဘဝမှာမသေရဘူးဆိုရင်တောင် သူချစ်ရသည့်သူကို အခြားသူနဲ့လည်းဝေမျှမှာ မဟုတ်သလို ကလေးတွေကိုလည်း အနိုင်ကျင့်မှာမဟုတ်ဘူး။
အကယ်၍တစ်ယောက်ယောက်ကသာ မသေချင်ဘူးဆိုရင် လောကကြီးရဲ့သဘာဝတရားနဲ့ ကိုက်ညီအောင် အသက်ရှင်နေထိုင်ရမှာပေါ့။ ဒီလိုလောကကြီးမှာ လုံခြုံစွာအသက်ရှင်နေဖို့ဆိုတာက အခြားသူတွေထက် ပိုသန်မာနေမှရလိမ့်မည်။ သူ့ပန်းတိုင်ကိုရောက်ဖို့ဆိုရင် မူလရွှီဇီယန်နဲ့နှိုင်းယှဉ်လျှင် သူအများကြီးကြိုးစားဖို့လိုသေးသည်။ ဘာလို့လဲဆိုတော့ မူလရွှီဇီယန်ကပိုင်ဟွနဲ့တွေ့ပြီး အခွင့်အရေးကောင်းတွေအများကြီးခဲ့လို့ပဲဖြစ်တာကြောင့် ထိုကံကောင်းခြင်းတွေက သူ့ကိုအသက်အန္တရာယ်မရှိအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ ဒါပေမယ့် ဒီဘဝမှာကတော့ ရွှီဇီယန်က ပိုင်ဟွအနောက်ကိုလိုက်မှာမဟုတ်ဘူး သူ့ခြေထောက်ပေါ်သူပဲရပ်တည်မှာဖြစ်သည်။
ထိုကျောက်စိမ်ရောင်စာအုပ်ကို ထိကြည့်လိုက်တော့ ရွှီဇီရုန်ခံစားခဲ့ရသလိုမျိုး နာကျင်မှုကို ရွှီဇီယန်မခံစားရပေ။ စာအုပ်ရဲ့အပေါ်ကဖုန်တွေကို ရှင်းလင်းကာ သူ၏ဝိညာဉ်ချည်မျှင်လေးဖြင့် စာအုပ်ထဲကိုဝင်ကြည့်လိုက်သည်။
ထိုစာအုပ်ထဲရွှီဇီရုန်ဝင်ရောက်တုန်းက သူ့၏ဝိညာဉ်ချည်မျှင်တွေဟာ တစ်စစီလောင်ကျွမ်းသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီဇီယန်ကတော့ရွှီဇီရုန်သူ့အား ပြောပြခဲ့သည့်အကြောင်းအရာကို သံသယမဝင်ပေ။ ထိုကျောက်စိမ်းရောင်စာအုပ်က ရူးလောက်သည့်မိုးကြိုးတွေ လျှပ်စစ်စီးတွေထုတ်ပေမယ့် ရွှီဇီယန်၏ဝိညာဉ်နဲ့ကျတော့ ရင်းနှီးနေသလိုဖြစ်နေသည်။
“အဲ့လိုဆိုတော့လည်း………” ရွှီဇီယန်သူ့မျက်လုံးကို ဖွင့်လိုက်သည်။ ကျောက်စိမ်းစာအုပ်ကို သူ၏ထိုးထွင်းသိမြင်နိုင်စွမ်းကို အသုံးပြုကာကြည့်လေသည်။
ဒီကျောက်စိမ်းရောင်စာအုပ်ရဲ့နောက်ကွယ်အကြောင်းအရာက ရွှီမိသားစုကျင့်ကြံသူမှာရှိသည့် လျှပ်စစ်စိတ်ဝိညာဉ်သွေးကြောနဲ့ ဆက်စပ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူကသူတို့မိသားစုရဲ့ရွှီမိသားစုကျင့်ကြံသူကနေ ဆင်းသက်လာတာမဟုတ်ပေမယ့် ရွှီမိသားစု၏အဓိကမျိုးနွယ်စုခွဲလူတွေက လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီလောက်က ကြီးမားသည့်နယ်မြေကဆင်းသက်လာကြသည်။
ကြီးမားသည့်နယ်မြေအတွင်းမှာ ရွှီမိသားစု၏အဓိကမိသားစုတွေဟာ သာမန်ထက်ကိုကြီးမားသည့်ကျင့်ကြံခြင်းအုပ်စုများဖြစ်သည်။ ထိုမိသားစုမှာ နတ်ဘုရားကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူရှိပြီး ထိုနေရာမှာ အမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူတွေလည်း များစွာရှိကြသည်။ ဒါကြောင့် စွမ်းအားကြီးမိသားစုဝင်တွေဟာ ထိုဒေသမှာရှိကြသည်ဆိုတာကို သူတို့ခန့်မှန်းနိုင်သည်။
အကယ်၍ ထိုမိသားစုကအလွန်ကြီးမားပါလျှင် ထိုနေရာမှာ မျိုးနွယ်စုခွဲတွေ ရှိနေမှာကလည်း အသေအချာပင်ဖြစ်သည်။ ဒါပေမယ့် တစ်ချို့သောမျိုးနွယ်စုခွဲတွေက အားနည်းကြတာကြောင့် အဓိကမိသားစုကိုပံ့ပိုးပေးဖို့အခွင့်အရေးမရတာကြောင့် ထိုသူတွေဟာရွေးချယ်စရာမရှိဘဲ ထိုဒေသကနေထွက်သွားရကာ အခြားသောနယ်မြေတစ်ခုကိုသွားရှာကြရသည်။
လက်ရှိရွှီမိသားစုပုံစံဟာ ထိုအချိန်ကရွှီမိသားစုဝင်ပုံစံတွေအတိုင်းဖန်တီးထားခြင်းဖြစ်သည်။ သူကမကောင်းသည့်ပစ္စည်းအချို့နဲ့ အဓိကမျိုးနွယ်စုခွဲတပည့်တွေနဲ့အတူ ဒေါသတကြီးထွက်ခွာလာခဲ့ရသည်။ ထို့နောက်မှာတော့ သူကရွှမ်းယွိနယ်မြေမှာ လှည့်လည်သွားလာနေရင်း သူကနယ်မြေတစ်ခုကိုလိုက်ရှာကာ တဖြည်းဖြည်းချင်း လက်ရှိရွှီမိသားစုပုံစံအတိုင်း တည်ထောင်လိုက်နိုင်ခြင်းဖြစ်သည်။
ပြီးတော့ ဒီကျောက်စိမ်းစာအုပ်ကလည်း ရင်းနှီးတဲ့ကျင့်ကြံသူမိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဒီစာကြည့်တိုက်ကို ဒီစာအုပ်ဘယ်လိုရောက်လာတာလဲ ပြီးတော့ ဒီစာအုပ်ကဘာလို့ ကျင့်စဉ်နိမ့်သည့် သစ်သားဒြပ်စင်အဖြစ်ပြောင်းလဲထားတာလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပေ။
ရွှီဇီယန်ထိုအကြောင်းကိုပြန်တွေးကြည့်လိုက်သည်။ မူလရွှီဇီယန်တွေ့ဆုံခဲ့သည့်လူတွေထဲမှာ အဲ့ဒီရွှီမိသားစုကအဓိကမျိုးနွယ်စုခွဲတွေမပါဘူး။ ဘယ်လိုလုပ်အဲ့ဒီလိုဖြစ်ရတာလဲ။ ဝတ္ထုထဲမှာပါတာဆိုလို့ ရွှမ်းယွိနယ်မြေပဲရှိတာ။ နောက်ပြီးတော့ အဓိကအရေးပါဆုံး ယောင်္ကျားနာမည်ကပိုင်ဟွပဲ ပြီးတော့ သူဘယ်လိုများ ရွှမ်းယွိနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ခဲ့တာလဲ။ ထို့နောက်မှာတော့ သူ့ရဲ့နှလုံးသားက’စကြာဝဠာကြီးလောက်ကျယ်သည့်’ပုံစံနဲ့ ရွှမ်းယွိနယ်မြေက စွမ်းအားကြီးသည့်ယောင်္ကျားလေးတွေကို လိုက်ဆွဲဆောင်သည်။ နောက်ဆုံးတော့ ပိုင်ဟွကဗီလိန်ကြီးကို သတ်လိုက်သည့်သူရဲကောင်းဖြစ်သွားပြီး သူကိုယ်တိုင်ဗီလိန်ကြီးကို ဖျားယောင်းတာကြမပါတော့ဘူးပေါ့———အဲ့ဒါအဝါရောင်စာအုပ်ပဲပေါ့!
ဟုတ်ပါတယ် ဒါကတော့ ဒီဝတ္ထုကို ရွှီဇီယန်ပေးသည့်မှတ်ချက်ပဲ။ သူ၏ထင်မြင်ချက်ကတော့ ထိုဝတ္ထု၏ဇာတ်ကြောင်းနဲ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ခဏတာမျှသာဖြစ်သည်။ ဖြစ်ပျက်သမျှအရာအားလုံးဟာ ပိုင်ဟွကောင်းကျိုးအတွက်ကြီးပဲ ဖြစ်သည်။ သူဆွဲဆောင်လိုက်တာနဲ့ ရှိသမျှအဖိုးတန်ရတနာအားလုံး ရသွားသည်။ ထိုအချက်ကို အသုံးချပြီး ယောင်္ကျားအားလုံးကိုဖြားယောင်းဖို့ဆိုတာက အရမ်းလွယ်လွန်းလှသည်။
အိုး ဟုတ်သားပဲ သူပြောဖို့မေ့နေတာ အဲ့ဒီမှာ ပိုင်ဟွကိုကြိုက်သည့် အဓိကဇာတ်လိုက်သုံးယောက်အပါအဝင် အခြားယောင်္ကျားများစွာလည်းရှိသေးသည်။ သူတို့တွေက ပိုင်ဟွအတွက်ဆိုရင် အသက်တောင်ပေးရဲကြသည်။ ပိုင်ဟွနဲ့သူအဖွဲ့တွေ သွေးမိစ္ဆာသခင်၏စံအိမ်ကို တိုက်ခိုက်ကြသည့်အချိန်တုန်းက သွေးမိစ္ဆာအကြီးအကဲကတောင် ပိုင်ဟွ၏’ဖြူစင်ပြီးကြင်နာမှု’တွေကို သဘောကျသွားသည်။ သူကလင်ရှောင်ထျန်နဲ့ကျန်သည့်အဖွဲ့သားတွေဆီ ပူးပေါင်းလိုက်ပြီး ပိုင်ဟွကိုမြေအောက်ခန်းက လွတ်ပေးလိုက်သည်။ တစ်နည်းပြောရရင် သွေးမိစ္ဆာသခင်၏စံအိမ်ထဲကို ဝင်ရောက်တာက သူတို့အတွက်အရမ်းမလွယ်ကူနေဘူးလား။
ပိုင်ဟွကသွေးမိစ္ဆာသခင်ရဲ့အကြီးအကဲကို ‘ပုံသွင်း’သည့်အခန်းက အိပ်ရာပေါ်မှာဖြစ်သည်။ အကယ်၍ထိုအကြီးအကဲသာ သွေးမိစ္ဆာသခင်ရဲ့လက်မှာ မသေခဲ့ပါက သူကထိုဝတ္ထုရဲ့ လေးယောက်မြောက်ဇာတ်လိုက်ဖြစ်လာနိုင်သည်။
ဒီဝတ္ထု၏အလွန်ညံ့လွန်းသည့် ဇာတ်အိမ်တွေကြောင့် ရွှီဇီယန်’ဟဟ’ပဲပေးလိုက်ချင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုကျောက်စိမ်းရောင်စာအုပ်ကြောင့် သူထိုအကြောင်းတွေကို သတိပြန်လည်သွားတာမို့ အကယ်၍ သူသာရွှမ်းယွိနယ်မြေမှာ ကောင်းကောင်းမနေရဘူးဆိုပါက အခြားတစ်နေရာသို့သွားပြီး အသက်ရှင်နေထိုင်သွားမယ်လို့သာ သူအမြဲတမ်းစဉ်းစားမိသည်။
ပြီးတော့ဝတ္ထုအဆုံးသတ်မှာ ပိုင်ဟွကအစွမ်းကြီးလာပြီး ရွှမ်းယွိနယ်မြေကို လွှမ်းမိုးချုပ်ကိုင်လိုက်တော့သည်။ ဒါပေမယ့် သူကတော့ထိုသူတွေနဲ့ အဆက်အဆံမလုပ်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုပေမယ့် ထိုသုံးယောက်စွမ်းအားကြီးလာမယ်ဆိုရင်တော့ သူ့အနေနဲ့အလိုက်အထိုက်တော့ နေပေးလိုက်မည်။
မည်သည့်ကိစ္စတွင်မဆို စကားလုံးအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့ကိုသူနိုင်အောင်လည်း မတိုက်နိုင်ဘူးဆိုတာနဲ့ သူထွက်ပြေးရမှာလား? အကယ်၍ ဒီလောကကြီးဟာ ဝတ္ထုထဲကပုံစံအတိုင်း ယူထားတာဆိုရင် သူအခုရွှီဇီရုန်ကို ဝတ္ထု၏ဗီလိန်နေရာကနေ ဆွဲထုတ်ပြီမို့ ပိုင်ဟွကရွှီဇီရုန်ကိုနောက်တစ်ခါ သတ်နိုင်လိမ့်မယ်လို့ သူလုံးဝအယုံအကြည်မရှိပေ။
သူကျောက်စိမ်းရောင်စာအုပ်ကြီးကိုကိုင်ကာ ရွှီဇီယန်တုံ့ဆိုင်းနေလေသည်။ အကယ်၍သာ သူဒီစာအုပ်ကြီးကို အပြင်သို့ယူသွားပါက ရွှီမိသားစုကသေချာပေါက် တွေ့သွားလိမ့်မည်။ တကယ်တော့ ဒီကျင့်စဉ်စာအုပ်ကို ရွှီမိသားစုအားမျှဝေပေးဖို့လည်း သူဝန်မလေးပေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစာအုပ်ကိုကြည့်တာနဲ့ သာမညစာအုပ်မဟုတ်ဘူးဆို မသိနိုင်ပေ။ အကယ်၍ ရွှီမိသားစုဆီမှာလျှပ်စစ်စိတ်ဝိညာဉ်သွေးကြော မရှိရင်တောင် ဒီကျောက်စိမ်းရောင်စာအုပ်ကို သူ့အားပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။ ထိုအစား ဒီကျောက်စိမ်းရောင်စာအုပ်ကို သူတို့တွေက ရတနာခန်းထဲ၌ထည့်ထားပြီး သူအသုံးပြုဖို့ ကူးယူထားသည့်စာအုပ်သာ ပေးလိမ့်မည်။
ရွှီဇီယန်ကူးထားသည့်စာအုပ်ကြီးနဲ့ မလေ့ကျင့်ချင်ပါ။ ကူးယူထားသည့်ကျင့်စဉ်စာအုပ်ကလည်း ဘာပြဿနာမှမရှိပေမယ့် မှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်အစစ်နဲ့ ကူးယူထားတာနဲ့မတူညီပေ။ ထိုစာအုပ်မှာ ကျင့်စဉ်တွေတင်ရှိသာမဟုတ်ပေ ကျင့်ကြံသူတွေ၏ ပုံရိပ်ထင်ကျန်ထားတာတွေလည်းရှိပေသည်။
ထိုပုံရိပ်ထင်ကျန်ထားတာတွေက သိပ်ပြီးတော့ စွမ်းအားမကြီးပေမယ့် ရွှီဇီယန်မှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်ထဲဝင်ပြီး ထိုလူပုံရိပ်ထင်ကျန်ထားတာတွေကို သူလေ့လာချင်ပေသည်။ ဒါမှ ပုံရိပ်ထင်ကျန်ထားသည့် လမ်းညွှန်မှုနဲ့ သူကျင့်ကြံလို့ရပေလိမ့်မည်။ ထိုသို့လေ့လာမှ အကျိုးသက်ရောက်မှု အလွန်ကြီးမားသည့် ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုအကြောင်းကို သူပိုပြီးနားလည်လာလိမ့်မည်။
ရွှီဇီယန်ကျောက်စိမ်းရောင်စာအုပ်ကို ကိုင်ထားရင်း သူ၏စိတ်ဝိညာဉ်ချည်မျှင်တွေဟာ လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်ကနေ လွတ်မြောက်လာပြီး သူခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။ ရွှီဇီယန်ဘာဖြစ်သွားတယ်ဆိုတာကို သဘောပေါက်သွားပြီး သူ့လက်ထဲ၌ကိုင်ထားသည့် ထိုစာအုပ်အားဝေမျှရန် သူပိုတွန့်ဆုတ်လာလေသည်။
ဒီကျောက်စိမ်းရောင်စာအုပ်ထဲမှာရှိသည့် လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်တွေက တဖြည်းဖြည်းသူ့ကိုယ်အတွင်းသို့ ဝင်ရောက်လိမ့်မည်။ လက်ရှိသူက၁၂နှစ်အရွယ်သာ ရှိသည့်ဆယ်ကျော်သက် တစ်ယောက် ပြီးတော့ ခန္ဓာကိုယ်ဖွံ့ဖြိုးစအရွယ်သာဖြစ်သည်။ သူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်အများကြီး ရှိနေပါလျှင် ကျင့်ကြံခြင်းအဆင့်တွေကိုအချိန်မတိုင်ခင် တက်ရောက်သွားလိမ့်မည်။ လူတွေအားလုံးကကျင့်စဉ်တူညီကြနေပေမယ့် သူတစ်ယောက်ထဲကသာ အားလုံးထက်တစ်မူထူးခြားပြီး ကျင့်စဉ်တွေကအရှေ့ကို ရောက်နေပါက ဘယ်လိုအကြောင်းပြချက်မျိုးနဲ့သူရှင်းပြလို့ရမှာလဲ။
ကျောက်စိမ်းရောင်စာအုပ်ကို သူ့လက်ပေါ်မှာ ကစားနေဟန်ဖြင့် ဒီစာအုပ်အားသူအပြင်ဘယ်လို ယူထုတ်ရမလဲစဉ်းစားနေကာ ရွှီဇီယန်စိတ်ပူလာလေသည်။ သူကရွှီမိသားစုရဲ့အတော်ဆုံး တပည့်ဖြစ်ပေမယ့် ဒီစာအုပ်ကကျင့်စဉ်မျိုးတွေ သူ့မှာမရှိသေးပေ။ သူထိုစာအုပ်ကို ခိုးယူသွားချင်ပေမယ့် တံခါးစောင့်လောင်လော်က သာမန်လူမဟုတ်ပေ။ လူတွေကိုထိုအဖိုးကြီးကို သာမန်တံခါးစောင့်ပဲလို့ပြောကြရင် အခြားလူတွေသာယုံချင်ယုံမယ် ရွှီဇီယန်တော့လုံးဝမယုံဘူး။
“ငါဘာလုပ်မလဲ အာ……” ရွှီဇီယန်ကသူ့လက်မနဲ့လက်ညှိုးကိုပွတ်နေလေသည်။ အဲ့ဒါကသူ့အလေ့အကျင့်ပင်ဖြစ်သည်။ သူကိုယ်သူခက်ခဲသည့်အခြေအနေတွေမျိုးတွေမှာဆိုရင် ပြဿနာကိုဖြေရှင်းဖို့ အမှတ်မထင်သူဒီလို အပြုအမူမျိုးလေ့ရှိကြသည်။
အချိန်ကတစ်ဖြည်းဖြည်းချင်းကုန်လာပြီး ဒါပေမယ့် စာကြည့်တိုက်ထဲ နေရမည့်အချိန်က အကန့်အသတ်ရှိပေသည်။ အချိန်ကသူထွက်သွားဖို့ နီးကပ်လာပြီး လောင်လော်မသိဘဲ ဒီစာအုပ်ကို သူဘယ်လိုအပြင်ထုတ်ရမလဲဆိုတာ ရွှီဇီယန်စဉ်းစားလို့မရသေးပေ။
ဒီနေရာမှာ အလွယ်တကူထည့်သွားလို့ရသည့် အိတ်လည်းမရှိပေ။ သူ၏ကျင့်ကြံခြင်းအဆင့်အနေနဲ့ သူအိတ်နဲ့ထည့်သွားရင်တောင် လောင်လော်ကသူ့အိတ်ထဲမှာ ဘာရှိလည်းဆိုတာ မရှာရင်တောင် စာအုပ်ကိုတော့ရှာတွေ့လိမ့်မည်။
ရွှီဇီယန်ကိုယ်မှာ ထိုစာအုပ်ဝှက်လိုက်ရင် ပိုတောင်ရယ်စရာကောင်းနေအုန်းမည်။ လက်တွေ့မှာတော့ ရွှေအမြုတေအဆင့်ကျင့်ကြံသူ အရှေ့မှာ ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်က ကလေးသာသာ သာဖြစ်ပြီး သူ့ဆီမှာလျှို့ဝှက်ထားသည့်ဘာစွမ်းရည်မှလည်းမရှိပေ။
သူ၏မျက်ခုံးကတွန့်ချိုးသွားပြီး ပိုပြီးတော့ကျဉ်းမြောင်းသွားသည်။ ရွှီဇီယန်ကောင်းကင်ပေါ်မော့ကြည့်လိုက်ပြီး သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ သူဝိညာဉ်ကူးပြောင်းလာပြီးနောက် သူ့မှာရွှေလက်ချောင်းတော့ရှိသင့်တာပေါ့! ဘာလို့သူ့မှာဘာမှမရှိတာလဲ?
အမ်………ရွှေလက်ချောင်း?!
ရွှီဇီယန်မျက်လုံးတွေ တောက်ပသွားသည်။ သူအစကနေအဆုံးထိ သူလျစ်လျူခဲ့သည့် သူ့အရှေ့၌ပေါလောပေါ်နေသည့်———ကုဗတုံးလေးကို သူတက်တက်ကြွကြွကြည့်လိုက်သည်။
အဟန့် အဟန့်………ရွှီဇီယန်အနည်းငယ်ရှက်သွားသည်။ သူအမြဲတမ်းထင်နေခဲ့မိတာက သူ၏ရွှေလက်ချောင်းက အချိန်ဖြုန်းပြီး အသုံးမဝင်ဘူး ပြီးတော့ အချိန်ပြည့် သူ့အရှေ့မှာလည်း ပေါလောပေါ်နေတယ်ပေါ့။ သူဒါကိုအသုံးပြုကာ အရင်ကပစ္စည်းတွေကိုဝှက်ခဲ့ပေမယ့် သူအသုံးမပြုတော့တာ အတော်ကြာနေပြီဖြစ်သည်။ ဒါကြောင့် အချိန်ခဏလောက် သူ့မှာဒီလိုအရာမျိုးရှိတယ်ဆိုတာ မေ့သွားခြင်းဖြစ်သည်။
တိတ်ဆိတ်စွာ ကျောက်စိမ်းစာအုပ်ကို အထဲ၌ထည့်လိုက်ပြီး ရွှီဇီယန် ကုဗတုံးလေးအား တောင်းပန်လေသည်။ တောင်းပန်ပါတယ် အကိုကြီးရွှေလက်ချောင်းရယ် ကျွန်တော်မျိုးရဲ့စိတ်ထဲမှာ သင့်ကိုစွမ်းအားနည်းတယ်လို့ ထင်ခဲ့မိတယ် ဒါကြောင့် အနာဂတ်မှာ စွမ်းအားကြီးနိုင်အောင် သင်လည်းလေ့ကျင့်ခန်းတွေ လုပ်သင့်တယ်!
(လေပေါ်ပေါလောပေါ်နေသောကုဗတုံး : ………)
ဒီကုဗတုံးနဲ့ ရွှီဇီယန်ဘာလုပ်ရမလဲဆိုတာ သူသိပေသည်။ ပြီးတော့ သူဝိညာဉ်ကူးပြောင်းလာတာ ဒီလောက်အချိန်အကြာကြီးရှိတာတောင် သူ့အရှေ့မှာ ကုဗတုံးရှိမှန်း ဘယ်သူမှမသိကြသေးပေ။
အခုကတော့ ကုဗတုံးထဲမှာ ခွေးကိုတောင်မျက်စိကန်းသွားနိုင်သည့် ဝတ္ထုစာအုပ်ရယ် မှောင်မိုက်အလင်းကျောက်စိမ်းစာအုပ်ရယ်သာ ရှိသည်………
ရွှီဇီယန်သူ့မေးစေ့သူပွတ်လိုက်သည်။ သူမျက်စိကပဲအမြင်မှားတာလား? ဒီနေ့ သူကုဗတုံးကို သေချာစစ်ဆေးကြည့်လိုက်သည်။ ဘာလို့လဲဆိုတော့ သူအချိန်အကြာကြီး လျစ်လျူရှုထားခဲ့လိုပဲဖြစ်သည်။ ဒါပေမယ့် သူခံစားနေမိတာက ကုဗတုံးက………ပိုပြီးတော့များကြီးလာတာလား?
ထားလိုက်ပါတော့လေ သူကဘာလို့ဂရုစိုက်နေရမှာလဲ? အဲ့ဒါကကုဗတုံးလေးပဲကို အကယ်၍ အဲ့ဒါကကြီးလာတယ်ဆိုရင်တောင် သူနဲ့ဆန့်မှာမလို့လား? အကယ်၍ အနာဂတ်မှာ သူစွမ်းအားကြီးလာရင် သူ့ကိုယ်ပိုင်မြေအောက်ခန်းဝယ်ကာ အခြားကျင့်ကြံသူတွေလို ကျင့်စဉ်တွေစာအုပ်တွေဖွက်ထားပြီး အစောင့်ထားရမည်။ ထိုအချိန်ရောက်ရင် ဒီကုဗတုံးလေးကလည်း တန်ဖိုးနည်းရာကနေ တစ်ခုခုတော့ဖြစ်လာမှာပါ။
ရွှီဇီယန်ကကျောက်စိမ်းစာအုပ်ကို သူ၏အိတ်ထဲမှထုတ်လိုက်ကာ မှောင်မိုက်အလင်းကျောက်စိမ်း၏မူလနေရာ၌ ပြန်ထားလိုက်သည်။ သူကဂရုတစိုက် ဖုန်တွေကိုခါလိုက်လေသည်။ ဒီကျောက်စိမ်းစာအုပ်ဟာ ဘယ်သူမှရှာမတွေ့ကြပဲ ဒီနေရာမှာရှိနေတာ အတော်ကြာပြီဖြစ်ပြီး ဒီနေရာကိုလာသည့် လူဘယ်နှစ်ယောက်ကိုများ ဘယ်လိုအရာတွေပြသသွားတာလဲ။ အခုလက်ရှိတော့ သူစာအုပ်တစ်အုပ်နဲ့ ထိုနေရာမှာ အစားထိုးရမည်။ ဒါပေမယ့် ထိုစာအုပ်ကို လူတွေရှာတွေ့သွားမှာလည်း သူမစိုးရိမ်ပေ။ ပြီးတော့ ဒီစာကြည့်တိုက်ထဲကို ဝင်ရသည့်လူအများစုက ရွှီမိသားစုကကလေးတွေ ဖြစ်ကြသည်။ အကယ်၍ တစုံတယောက်က အလွတ်ကြီးဖြစ်နေသည့် ကျောက်စိမ်းရောင်စာအုပ်ကို တွေ့သွားပါက သူတို့တွေတွေးကြရင်တောင်မှ တစ်ခုခုပျောက်သွားတယ်ဆိုပြီး ခဏတော့ရှာဖွေ့ကြလိမ့်မည်။
သူ၏ခြေရာလက်ရာတွေကို အစအနဖျောက်ကာ ရွှီဇီယန်နောက်တစ်ခါ သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်စာအုပ်ကို ရွေးလိုက်ပြန်သည်။ သူကောက်ယူလိုက်သည့်စာအုပ်ဟာ အပင်၏အနံ့ကိုအသုံးပြုကာ တစ်စုံတစ်ယောက်ကို ကုသခြင်းပဲဖြစ်သည်။ အသံတိတ်မိုးရေလမ်းလျှောက်ခြင်းနဲ့ဆိုရင် ကျင့်စဉ်စာအုပ်နှစ်အုပ်ဖြစ်သွားပြီးမို့ ဒီစာအုပ်က ရွှီဇီရုန်၏ကုသခြင်းစွမ်းရည်မှာ အနည်းငယ်တော့အထောက်အကူဖြစ်လိမ့်မည်။