Chapter 32
Chapter 32
ထိုနေရာမှာ ရပ်နေကြသည့် လူတွေအားလုံးဟာ ပြိုင်ဘက်တွေဖြစ်ကြသည်။ အကယ် မိန်းမစိုးဝမ့်က ထိုဆယ်ကျော်သက်ကို စိတ်အနှောင့်အယှက်ပေးလို့ သူ့ရဲ့သည်းခံနိုင်မှုတွေ ကုန်ဆုံးသွားကာ တိုက်ခိုက်လိုက်ပါက သူတို့ပြိုင်ဘက်က ရှုံးသွားသည့်အတွက် သူတို့တွေက ပျော်ရွှင်စွာ လက်ခုတ်တီးကြလိမ့်မည်။
ဒါပေမယ့် အတွင်းဂိုဏ်းတပည့်ဖြစ်ရန်အတွက် တန်းစီးနေကြသည့် ထိုလူတွေမသိတာကတော့ ဖာအန့်မြို့ထဲသို့ သူတို့ခြေချလိုက်တာနဲ့ သူတို့ရဲ့စမ်းသပ်စစ်ဆေးမှုတွေ စနေပြီဆိုတာကိုပင်။
“ဟီးဟီး ဒီနှစ်တပည့်တွေအားလုံးက သိပ်ကိုစိတ်ကျေနပ်ဖွယ်ကောင်းတာပဲ” လျှိုကွမ်းဂိုဏ်း၏ အဓိကခန်းမကြီးထဲ၌ လူ၁၂ယောက်ဟာ ကွဲပြားသည့်ပင်ကိုစရိုက်မျိုးစုံနဲ့ စုဝေးနေကြပြီး ရေမှန်ကနေ တန်းစီးနေကြသည့် လူတွေရဲ့အခြေအနေကို ကြည့်ရှုနေကြသည်။
ထိုလူတွေထဲကမှ ကျင့်စဉ်အနိမ့်ဆုံးဟာ ရွှေအမြုတေ နှောင်းပိုင်းအဆင့်သို့ ရောက်ထားပြီဖြစ်ပြီး အမြင့်ဆုံးတစ်ယောက်ကတော့ အမတဝိညာဉ်အခြေတည်စ အလယ်အလတ်ပိုင်းလောက်ရောက်ရှိထားပြီး ဖြစ်သည်။ အမတဝိညာဉ်အခြေတည်စ နှောင်းပိုင်းအဆင့်ထိရောက်ထားသည့် လူအများစုက ရွှမ်းယွိနယ်မြေကနေ အခြားနယ်မြေသို့ ထွက်ခွာရပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရပြီး နတ်ဘုရားကျင့်ကြံခြင်းအဆင့်ထိရောက်အောင် အခွင့်အလမ်းတွေ လိုက်ရှာဖွေရသည်။ ထို့အပြင် ဂိုဏ်းကိုစောင့်ရှောက်နေကြသည့် ဒဏ္ဍာရီလာသတ္တဝါတွေထက် ဒီနေရာမှာ စုဝေးနေကြသည့် လူတွေကသာ ရွှမ်းယွိဂိုဏ်း၏အဓိကအင်အား အစစ်ဖြစ်ပေသည်။
ထိုကျင့်ကြံသူတွေဟာ နှစ်ယောက်စု၊သုံးယောက်စုရပ်နေကြပြီး ရေမှန်ထဲကပုံရိပ်တွေကို ကြည့်ကာ သူတို့၏ထင်မြင်ချက်တွေကို မှတ်ချက်ပေးနေကြသည်။
“ဟန့် ဒီဝေ့မိသားစုကလူတွေက အရမ်းကိုထိန်းမနိုင်သိမ်းမနိုင် ဖြစ်ကြတာပဲ!” ဖြူရော်ရော်အသက်အလယ်အလတ်လူကြီးက မိန်းမစိုးဝမ့်၏ အပြုအမူတွေကိုကြည့်ကာ အေးစက်စက် သရော်လိုက်သည်။
ထိုသူနဲ့သိပ်မဝေးလှသည့်နေရာ၌ ပါးသိုင်းမွှေးတွေနဲ့ ခန္ဓာကိုယ်ကြီးမားလှသည့် လူတစ်ယောက်ရပ်နေသည်။ သူရဲ့မျက်နှာက ညီညာမှုမရှိဘဲ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားသည်။ ထိုလူက တစ်ဖက်လူ၏ စကားလုံးကို ကြားလိုက်တော့ ကျယ်လောင်စွာရယ်မောလိုက်ကာ
“မာနကြီးတယ်ဆိုတာ ပထမဆုံးအနေနဲ့ရှိရမယ့် စွမ်းရည်တစ်ခုပဲ! ပြီးတော့ ဒီဝေ့မိသားစုက,ကလေးက အဲ့ဒီစွမ်းရည်မျိုးရှိတယ်။” သူကသူ၏မျက်စံကို လည်လိုက်ရင်း “အသက်၁၆နှစ်၊ မီးကောင်းကင်စိတ်ဝိညာဉ်သွေးကြောကို ရရှိထားသူ၊ ဒါ့အပြင် သူကချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ပြီးသွားပြီ၊ အဲ့ဒါကို သူကနူးညံ့သလိုလို အားနည်းလိုလို လုပ်နေရင်တော့ သူမိုက်မဲလို့ပဲဖြစ်ရမယ်။”
အသက်အလယ်အလတ်လူကြီးက အေးစက်စွာပြုံးလိုက်ပြီး “ငါကတော့ ရှေ့လည်းမတိုး နောက်မဆုတ်တဲ့ ဒီလူငယ်လေးကို ပိုသဘောကျတယ်။ သူကလောကဝတ်ကိုလည်း သိတယ်။ ငါ့အမြင်ကတော့ ဝေ့ကလေးထက် သူကပိုတော်တယ်။”
ခန္ဓာကိုယ်ကြီးမားလှသည့် လူကြီးက ဂရုစိုက်ဟန်မရှိဘဲ “လောကဝတ်သိတယ်? အဲ့ဒါကဘာများ အသုံးဝင်မှာမလို့လဲ? ငါတော့မယုံဘူး၊ အကယ်၍ မင်းကအခြားတစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရသည်ဆိုပါစို့။ လောကဝတ်ကို သိနေတော့ရော အဲ့လူကမင်းကို ညင်ညင်သာသာရိုက်မှာတဲ့လား? အဲ့လိုတွေကြောင့်မို့ လောကဝတ်အကြောင်းကို သင်နေမယ့်အစား ငါတို့ကျင့်စဉ်ပိုတက်အောင် လုပ်တာမှကောင်းအုန်းမယ်။”
“မင်း!” အသက်အလတ်အလယ်လူကြီးက ဒေါသထွက်သွားသည်။ သူ့ရဲ့အချစ်ဆုံးနဲ့ အလိုလိုက်ဆုံး တပည့်ဖြစ်သူက အတွင်းဂိုဏ်း၏နောက်ဆုံးပြိုင်ပွဲမှာ ဝေ့ရင်းကိုရှုံးခဲ့သည်။ ဝေ့ရင်းက ဒီခန္ဓာကိုယ်ကြီးမားလှသည့်လူကြီး၏ တပည့်ဖြစ်သည်။ ထို့အပြင် ရှုံးသွားသည့် သူ့တပည့်ဖြစ်သူက အလွန်ရှက်သွားပြီး သုံးလလောက် အိပ်ရာထဲလဲသွားသည်။ အသက်အလယ်အလတ်လူကြီးက တစ်ဖက်လူ၏ အထက်စီးဆန်မှုတွေကို အလွန်ဒေါသထွက်သည်။ ဒါပေမယ့် သူကမှတစ်ဖက်လူအား နိုင်အောင်မတိုက်နိုင်မှတော့ သူသည်းခံပြီးတော့ သူဒေါသတွေကို မျိုချဖို့ပဲ တတ်နိုင်တော့တာပေါ့။
“ဟီးဟီး ကြည့်ရသလောက်ကတော့ ဒီနှစ်ရဲ့နံပါတ်တစ်အတွင်းဂိုဏ်းတပည့်ဖြစ်သူက ဒီဝေ့ချင်ဆိုတာ သေချာနေပြီ။” ဝေ့ရင်းနဲ့အလွန် ဆက်ဆံရေးကောင်းသည့် အကြီးအကဲတစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
“အဲ့လိုမျိုး ဖြစ်ချင်မှလည်း ဖြစ်နိုင်မှာပါ။” သာမန်ပုံစံသာရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဟာ သူမ၏တည်ရှိမှုက မှေးမိန်နေပြီး ရုတ်တရက်ဝင်ပြောလိုက်သည်။
“ကျွန်မကတော့ ဒီနွေဦးကြာပန်းလေးက တစ်ခုခုကိုနက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတယ်လို့ ခံစားမိတယ်။” ဘေးပတ်ပတ်လည်က လူတွေအားလုံးဟာ သူမအကြည့်အတိုင်း လိုက်ကြည့်လိုက်ကြသည်။ ရေမှန်ရဲ့အလယ်တည့်တည့်မှာ မိန်းကလေးတစ်ယောက်ဟာ လှပပြီးတော့ ဆွဲဆောင်မှုရှိသည့် အပြုံးမျိုးပြုံးကာ ရွှီဇီယန်အား စိတ်ဝင်တစားစိုက်ကြည့်နေကြသည်။
“ဟူမိသားစုကဒီကလေးကလည်း သာမန်မဟုတ်ပါဘူး။” ပိန်ပါးသည့် အသက်ကြီးကြီး အကြီးအကဲက ခပ်မာမာပြောလိုက်သည်။
ရေမှန်ကပုံရိပ်က ရုတ်တရက်ပြောင်းသွားသည်။ မည်းမှောင်နေသည့်အကြည့်နဲ့ ဆယ်ကျော်သက်လေးဟာ ထောင့်နားမှာ ရပ်နေသည်။ သူ့ရဲ့နှုတ်ခမ်းထောင့်က မဲ့ပြုံးပြုံးလိုက်ပြီး ဝေ့ချင်ကို အေးစက်စက်ကြည့်လိုက်သည်။ ထိုအချိန်မှာ သူတစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရေမှန်ရှိရာဘက်သို့ သူလျင်မြန်စွာကြည့်လိုက်သည်။
“အိုး ဒီကလေးရဲ့စိတ်ဝိညာဉ်က အလွန်စူးရှတာပဲ” အသက်ကြီးကြီး အကြီးအကဲက အံ့ဩစွာပြောလိုက်သည်။ အခြားလူတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထောက်ခံကြလေသည်။
ဒီနေရာမှာ ရှိနေကြသည့် လူအားလုံးဟာ မတူညီသည့် ထင်မြင်ချက်တွေ ရှိပေမယ့် ဒီနှစ်ရဲ့အတွင်းဂိုဏ်းတပည့်ဖြစ်လာမည့်လူတွေကို သူတို့အားလုံး အားရကျေနပ်မှုရှိကြလေသည်။ ဒီနေရာမှာ တပည့်လက်ခံဖို့ အချို့သောပြင်ဆင်မှုတွေကို လုပ်ဆောင်ပြီးဖြစ်သည်။ လျှိုကွမ်းဂိုဏ်း၏အဓိကခန်းမကြီးဟာ တဖြည်းဖြည်း ငြိမ်းချမ်းပြီးတော့ တည်ငြိမ်သွားလေသည်။
“အစ်မကြီးကျိုး? ဘယ်သူနိုင်မယ်လို့ အစ်မထင်လဲ?” အပန်းရောင်မက်မွန်ချန်ချွင်ကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးက သူမဘေးနားမှာရပ်နေသည့် အေးစက်ပြီးမာနကြီးသည့် အမျိုးသမီး နူးညံ့စွာမေးလိုက်သည်။ ထိုအမျိုးသမီးက ရေမှန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“အရည်အချင်းပြည့်မှီကြတဲ့ ဒီတပည့်တွေအားလုံးက အတော်လေးတော်ကြပါတယ်။ သူတို့တွေက ဘယ်သူတွေပဲဖြစ်နေပါစေ ထိပ်ဆုံးနေရာကိုရောက်ဖို့ သူတို့အားလုံးက တန်းညီအခွင့်အရေးရကြတာပဲ။”
မိန်းမပျိုလေးဟာ သူမလျှာထုတ်ပြကာ စလိုက်ရင်း “အစ်မကြီးက ပြောလိုက်ရင် အဲ့လိုကြီးပဲ အခြားဘာမှလည်းမပြောဘူး။”
အေးစက်ပြီးမာနကြီးလွန်းသည့် အမျိုးသမီးက အကူအညီမဲ့စွာပြုံးလိုက်ရင်း “အဲ့ဒီကလေးတွေက မကြာခင် ငါ့ရဲ့လျှိုကွမ်းဂိုဏ်း၏တပည့်ဖြစ်လာကြမှာ ထိပ်ဆုံးနေရာကို ဘယ်သူပဲရရ အဲ့ဒါတွေက ဘာမှကွာခြားတာမဟုတ်ဘူး။”
“ကွာခြားပါတယ်နော်” မိန်းမပျိုလေးက အသက်ကိုရှုထုတ်လိုက်ရင်း ညည်းညူလိုက်သည်။ ဒါပေမယ့် သူမမေးခွန်းအတွက် အဖြေကိုတော့ ဆက်မမေးတော့ပေ။
ဒီအကြီးအကဲတွေကတော့ ဂိုဏ်းထဲကို ဘယ်သူဝင်ရမလဲဆိုတာ အကြံပြုနေကြစဉ် ရွှီဇီယန်ကတော့ လျှောက်ထားပြီးသွားသည်နှင့် ရွှီဇီရုန်လက်ကိုဆွဲကာ ဈေးဝယ်ဖို့ထွက်လာတော့သည်။
ရွှီမိသားစုကနေ ထွက်ခွာလာပြီးနောက် ခဏလောက်အနားယူရန် သူရည်ရွယ်လိုက်သည်။ ဒါပေမယ့် သူ့ရဲ့အချက်အလက်တွေ ပေါ်သွားမှာလည်း သူစိုးရိမ်ပေသည်။ ထို့နောက်မှ ရွှီမိသားစုဟာ ရွှီဇီယန်အကြောင်းကို အပေါ်ယံလောက်သာ သိထားကြသည်ဆိုတာကို သူသဘောပေါက်သွားသည်။
ဒီနေရာမှာ သူ့ရဲ့အချက်အလက်တွေကို သိတဲ့သူတစ်ယောက်မှရှိမှာ မဟုတ်ဘူး။ ရွှီဇီယန်ဘာကြိုက်တယ် မကြိုက်ဘူးဆိုတာ ဘယ်သူမှမသိတာမို့ ဒီဝတ္ထု၏ဇာတ်ကောင်ကို ရွှီဇီယန် သူ့ဟာသူပြောင်းလဲလို့ ရပေသည်။
ပြီးနောက် သူစားဖိုဆောင်မှာ ဟင်းချက်တုန်းကလည်း ရွှီဇီယန်အဲ့ဒါနဲ့ပတ်သက်ပြီး အကြောင်းပြချက်ပေးဖို့ စီစဉ်ထားပြီးသားဖြစ်သည်။ ဒါပေမယ့် သူမထင်ထားမိတာက ရွှီရှောင်က သူ့အားဘာမှလာမမေးတာပဲ။ ပြီးတော့ သူ့ရဲ့ဘဝမှာ ကျင့်ကြံခြင်းလမ်းစဉ်ကလွဲရင် ဘာမှမရှိဘူးလားမသိဘူး။
ရွှီဇီယန်က အရင်ရွှီဇီယန်လုပ်ထားသည့် ကိစ္စတွေကို ရုတ်တရက်သူမျက်လုံးထဲ ပေါ်လာပြီး ဝမ်းနည်းရုံမှအပ သူဘာမှမတတ်နိုင်ပေ။ ကလေးတွေက လူတွေရဲ့ဂရုစိုက်မှုမရတော့ ပတ်ဝန်းကျင်ကလူတွေကို စနောက်ကြပြီး အာရုံစိုက်မှုရအောင် လုပ်ကြသည်။ ဒါပေမယ့် အရင်ရွှီဇီယန်၏အနိုင်ကျင့်မှုတွေထဲမှာ ရွှီဇီရုန်လည်းအပါအဝင်ဖြစ်သည်။ အစတုန်းကတော့ ရွှီဇီယန်က ရွှီဇီရုန်အား ဆူပြီးအနည်းငယ် ရိုက်သည်။ ဒါပေမယ့် ရွှီရှောင်က မလုပ်ဖို့ ဘာမှမပြောတာကို ရွှီဇီယန်သဘောပေါက်သွားပြီး သူ့ပုံစံကအရင်ကထက် ပိုဆိုးလာတော့သည်။
ပြီးတော့ အရင်ရွှီဇီယန်က ရွှီဇီရုန်အား နောက်ပြောင်ကျီစယ်ပြီး မြွေတွင်းထဲပစ်ချလိုက်လို့ တစ်ဖက်လူက သူ၏အသက်ဆုံးရှုံးတော့မလို ဖြစ်သွားရသည်။ အဲ့နောက်မှာတော့ ရွှီရှောင်က ရွှီဇီယန်အား တစ်ကြိမ်သာဆူလိုက်သည်။ အဲ့လိုအကြောင်းပြချက်တွေကြောင့် ထိုကိစ္စပြီးသွားသည့်နောက် ရွှီဇီယန်ကသူ့အား အနိုင်ကျင့်ရင်တောင် ရွှီဇီရုန်ပုံစံကတည်ငြိမ်သွားသည်။ ရွှီဇီယန်က သူအားတစ်ခုခု လုပ်တော့မည့်အချိန်၌ ရွှီမိသားစုကနေ ရွှီဇီရုန်ထွက်သွားတော့သည်။
ထို့နောက်မှာတော့ သူဘဝအခြေအနေ အဆိုးဆုံးမှာရှိနေသည့် အချိန်၌ ရွှီဇီယန်ကပိုင်ဟွနဲ့ အမှတ်မထင်တွေ့လိုက်ရသည်။ အရင်ရွှီဇီယန်က မြင်မြင်ချင်းချစ်သွားလိမ့်မယ်ဆိုတာ မအံ့ဩတော့ပါဘူး။ ပိုင်ဟွ၏စိုးရိမ်မှုတွေ ဂရုစိုက်မှုတွေကို အရင်ရွှီဇီယန် ရရှိခဲ့ပေမယ့် သူ့ရဲ့မိသားစုကိုတော့ ပြန်မရနိုင်တော့ဘူး။
ကံအားလျော်စွာ သူဝိညာဉ်ကူးပြောင်းလာတော့ ရွှီဇီယန်က ရင့်ကျက်နေပြီဖြစ်သည်။ ဒါကြောင့် ခံစားချက်မရှိသည့်အဖေဖြစ်သူနဲ့ ကောင်းမွန်စွာ စကားပြောနိုင်ခဲ့သည်။
“ဇီရုန် သွားကြစို့! ကိုကို မင်းကို အရသာရှိတာတွေ အများကြီးဝယ်ကျွေးမယ်!” ရွှီဇီယန်မျက်နှာက အပြုံးတွေအပြည့်ဖြင့် ပြောလိုက်သည်။
ဒီနှစ်အတွင်းမှာ ရွှီဇီရုန်ကလည်း တဖြည်းဖြည်းရင့်ကျက်လာသည်။ အခုတော့ သူကချောမောသည့် ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေပြီးဖြစ်သည်။
ဘာတွေဖြစ်ပျက်သွားလဲဆိုတာတော့ ရွှီဇီယန်လည်းမတွေးတတ်တော့ပေ။ ဒါပေမယ့် အစကအလွန်ရှက်တတ်သည့် ကလေးက အခုတော့ အလွန်ကိုအေးစက်စက်ပုံစံ ဖြစ်သွားသည်။ ရွှီမိသားစုကတပည့်တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်တိုင်း သူ့ရဲ့ပုံစံက အမြဲတမ်း အေးစက်စက်ကြီးသာ ဖြစ်နေသည်။ ရွှီဇီရုန်ပုံစံကလက်ရှိမှာ အေးစက်စက်အမူအရာရှိပေမယ့် ရွှီဇီယန်နဲ့ဆိုရင် အမြဲတမ်း ကလေးလိုပြုံးတတ်တယ် တစ်ခါတစ်လေတော့ မပြုံးဘူးပေါ့။ သူနဲ့အတူနေသည့်အချိန်အတွင်း သူကအမြဲတမ်း သူ့ကိုကိုဖြစ်သူကို လေးစားသည့်အကြည့်နဲ့ ကြည့်လေ့ရှိသည်။
ရွှီဇီယန်အား လေးစားသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည့် ရွှီဇီရုန်ကိုမြင်လိုက်ပြီးတော့ သူရင်ထဲ အဆုတ်ထဲ ကျောက်ကပ်ထဲအထိ ဒေါသထွက်နေသည့် အရာအားလုံးဟာ ငြိမ်သက်သွားတော့သည်။ ညီငယ်လေးက သူ့ကိုကိုကို ပြုံးပြသည့်အပြုံးလောက် ဘယ်အရာကများ ချစ်စရာကောင်းဦးမှာလဲ!
ဒီ’ကမ္ဘာကြီးတစ်ခုလုံးမှာ သူ့ကိုကိုက အကောင်းဆုံးပဲ’ဆိုသည့် သဘောထားမျိုး ဖြစ်အောင်ပြုလုပ်ထားသည့် ရွှီဇီယန်အလေးအနက်ဖြစ်နေသည့် ညီငယ်လေးဟာ တဖြည်းဖြည်းပိုဆိုးဝါးလာသည်။
သူ့စိတ်ထဲမှာ ဖြစ်နေပေါ်နေသည့် အသေးစားသူ့စိတ်လေးဟာ ရွှီဇီရုန်အား အလျော့မပေးချင်ဘူးလို့ အော်မြည်နေပေမယ့် အကယ်၍ သူ့စိတ်ထဲမှာ တစ်ခါတစ်ရံမှ ဖြစ်ပေါ်လာသည့် အသေးစားသူ့စိတ်လေးနဲ့ သူ့အနောက်ကို နေ့တိုင်းလိုက်ပါပေးနေသည့် ရွှီဇီရုန်နဲ့ဆိုရင် ရွှီဇီယန်၏အသေးစားစိတ်လေးက သေချာပေါက် ရွှီဇီရုန်ကို ယှဉ်ပြိုင်နိုင်သည့် ပြိုင်ဘက်မဟုတ်ဘူး……
“အာ ကောင်းပြီလေ! ကိုကိုက ကျွန်တော့်ကို ဘာစားဖို့ခေါ်သွားမှာလဲ?” ရွှီဇီရုန်၏မည်းမှောင်နေသည့် မျက်နှာဟာ ချက်ချင်းတောက်ပသွားပြီး ပြုံးလိုက်သည်။ နှစ်တော်တော်ကြာပြီးနောက် ကလေးတစ်ယောက်လို ပြုမူရသည့် သူ၏စွမ်းရည်က အလွန်ကိုကျွမ်းကျင်အဆင့် ရောက်နေပြီဖြစ်သည်။ ညအိပ်ချိန်ဆိုရင် သူ့ရဲ့စွမ်းရည်က ပိုကောင်းသေးသည်။ ရွှီဇီရုန် စိတ်ထဲမှာ သူ့ကိုယ်သူငြင်းပယ်နေသည်။ ကြီးကျယ်မြင့်မြတ်သည့် သွေးမိစ္ဆာသခင်ဟာ သူ့ကိုကို၏နွေးထွေးမှုကို အရမ်းစွမ်းလမ်းနေပြီဖြစ်ပြီး သူ့ကိုကိုက အခန်းခွဲအိပ်ဖို့ပြောလာရင် စိတ်ကောက်လိုက်ပြီး အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လို လိုလိုလားလား သရုပ်ဆောင်လိုက်မှာဖြစ်သည်။ အဲ့ဒါကအရမ်းရှက်စရာကောင်းပြီးတော့ အောက်တန်းကျလွန်းသည်!!!
ဒါပေမယ့် တစ်ခါတစ်လေကျရင် သူ့ကိုယ်သူ အထင်အမြင်သေးသလို ခံစားရပေမယ့် ရွှီဇီယန်၏နွေးထွေးသည့်အပွေ့အဖက်ကို သူမခွဲနိုင်မခွာရက် ဖြစ်မိသည်။ ရွှီဇီရုန် သူ့ရဲ့သွေးမိစ္ဆာသခင်ဂုဏ်ပုဒ်ကို နောက်တစ်ကြိမ် ဖယ်ထုတ်လိုက်ပြီး တစ်ဖက်လူ၏ပွေ့ဖက်မှုကို ရှက်ကိုးရှက်ကန်းပုံစံလေးဖြင့် ခံယူချင်မိပါသည်။
အဲ့လိုပုံစံမျိုးက ရွှီဇီယန်၏လက်ဖျားခါလောက်သည့် အအိပ်ကြမ်းပုံကို သူကြုံဖူးနေတာကြောင့်ဖြစ်ပေမယ့် အခုလက်ရှိမှာတော့ ရွှီဇီယန်က သူ့အား တစ်ညလုံး မလွတ်ဘဲဖတ်ထားတာကြောင့် မနည်းတောင်ခွာယူရသည်။ ရွှီဇီယန်ဘယ်လောက်ပဲလိမ့်လိမ့် ဘယ်လောက်ပဲသူ့ကိုဒုက္ခပေးပါစေ သူ့ရဲ့အနေအထားကို မရွေ့သွားအောင် ရွှီဇီရုန်အခုလက်ရှိမှာတော့ တည်ငြိမ်စွာဖြေရှင်းနိုင်သွားပြီဖြစ်သည်။
သူကသွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ရတာကြောင့် သူ့ရဲ့ခန္ဓာကိုယ် အပူချိန်အလွန်နည်းသည်။ ထိုအရာက သူ့အား ရွှီဇီယန်၏အနွေးဓာတ်ကို ပိုပြီးလိုချင်အောင် လှုံ့ဆော်ပေးသည်။
ဒီနွေးထွေးနဲ့ပွေ့ဖက်မှုက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို မီးဖိုထဲပေါင်းထားသလိုနှင့်တူသည်။ ပွေ့ဖက်မှုဟာ သက်သောင့်သက်သာရှိပြီး နွေးထွေးတာကြောင့် သူခန္ဓာကိုယ်မှာ စွဲကျန်နေသည်။ ထို့အပြင် လျှို့ရှန်အဆောင်က အစေခံတွေဟာ အခြားသောဆိုးဝါးလှသည့်အလုပ်တာဝန်ကို ရရှိလိုက်ကြသည်။ အဲ့ဒါကတော့ မနက်တိုင်း သခင်လေးနဲ့သခင်လေးဇီရုန်အား အိပ်ရာပေါ်ကနေ ဆွဲချပြီးနိုးရသည့် အလုပ်ပဲဖြစ်သည်…………
“ဇီရုန်? ဘာလို့စိုက်ကြည့်နေရတာလဲ?”
ရွှီဇီယန်နဲ့အတူရှိခဲ့သည့် သူ့ရဲ့မှတ်ဉာဏ်ထဲပုံရိပ်တွေကနေ ထွက်လိုက်ပြီး ရွှီဇီရုန်အနည်းငယ် ပြုံးပြလိုက်ကာ “ကျွန်တော်တို့ ဘာစားမလဲဆိုတာ ကိုကိုမပြောရသေးဘူးလေ”
“မစိုးရိမ်ပါနဲ့ ကိုကိုဒီနားတစ်ဝိုက်ကို မေးပြီးသွားပြီ။ ဖာအန့်မြို့ရဲ့ နာမည်အကြီးဆုံးဖြစ်တဲ့ စားသောက်ဆိုင်က ဒီကနေဘယ်လောက်မှ မဝေးဘူး။ ကိုကိုတို့ အကြာကြီး လမ်းမလျှောက်ပါဘူး။” ရွှီဇီယန်က အရမ်းကို စိတ်လှုပ်ရှားနေသည့် ပုံပေါက်နေသည်။
ရွှီဇီရုန်၏အမူအရာက သိသိသာသာထူးဆန်းနေပေမယ့် သူမျက်နှာပုံစံကို အလျင်အမြန်ပြန်ပြောင်းလဲလိုက်သည်။ အဲ့ဒီသရေစာတွေကို သူမကြိုက်ဘူး။ ဒါ့အပြင် ထိုအစားအစာတွေက ညစ်ပတ်တယ်လို့ သူအမြဲတွေးမိသည်။ ဒါပေမယ့် သူ့ကိုကိုကတော့ ထိုအစားအစာတွေကို အလွန်ကြိုက်သည်။ နောက်ပြီးတော့ ရွှီဇီယန်က အသစ်တစ်ခုခုကို တွေ့လိုက်တိုင်း ကလေးတစ်ယောက်က အဖိုးတန်ရတနာတွေ့သလို သူ့အတွက်ယူလာပေးလေ့ရှိသည်။
ရွှီဇီရုန်၏နှုတ်ခမ်းဟာ ကွေးသွားကာ အပြုံးတစ်ခုအားဖန်တီးလိုက်သည်။ ဒီနေ့သူတို့ ထိုစားသောက်ဆိုင်ကိုသွားပြီးရင် သူ့ကိုကိုဖြစ်သူက ထိုအရာတွေကို ဘယ်လိုလုပ်လဲဆိုတာ လေ့လာလိမ့်မည်မှာ သူသေချာပေါက်သိသည်။ ကျင့်ကြံသူတစ်ယောက်က ဟင်းချက်တယ်ဆိုတာ ထူးဆန်းတယ်လို့ သူထင်မိပေမယ့် သူ့ကိုကိုဖြစ်သူက ဝါသနာပါနေမှတော့ သူ့အနေနဲ့ ကန့်ကွက်မနေတော့ပေ။
အဲ့ဒါနဲ့ ရွှီဇီရုန်အနာဂတ်အတွက် တွေးဆလိုက်တာက အကယ်၍ သူ့ရဲ့သွေးမိစ္ဆာစံအိမ်ကို ပြန်လည်တည်ဆောက်ပြီးပါက ကျင့်ကြံခြင်းလောကမှာ ရှိနေသည့် ဟင်းချက်တော်တဲ့ စားဖိုမှူးတွေအားလုံးကို သူ့စံအိမ်ဆီ ပြန်ပေးဆွဲပြီး ခေါ်ထားရမလား? ဒါကဘာပြဿနာမှမရှိပေ။ သူ့ကိုကိုကလည်း သူ့အပေါ်ကောင်းနေမှတော့ သူကလည်းသူ့ကိုကိုအပေါ်ပြန်ကောင်းပေးတာက သဘာဝပင်ဖြစ်သည်။ ဒီဇာတ်လမ်းက သူတို့ညီအကိုနှစ်ယောက်ကြားထဲက ဇာတ်လမ်းသာဖြစ်ပြီး သူ့တစ်ဘဝလုံး ဒီလိုပုံစံဟန်ဆောင်နေရလဲ ကိစ္စမရှိပေ။
“ဟေ့! မင်း ဟုတ်တယ် မင်းပဲ!” သူတို့အနောက်ဘက်ကနေ မိန်းမပျိုတစ်ယောက်၏ မာဆတ်ဆတ်အော်သံကို ကြားလိုက်ရသည်။ ရွှီဇီရုန်၏မျက်နှာဟာ ပြန်ပြီးတော့ မည်းမှောင်သွားသည်။ ဒီဘဝသူအမုန်းဆုံး အရာကတော့ သူ့ကိုကိုနဲ့အတူတူ တစ်နေရာရာသို့သွားတော့မယ်ဆိုရင် ဒီလိုလာလာဖျက်သည့် လူတွေကိုအရမ်းအမြင်ကတ်သည်။ အဲ့ဒီတစ်စုံတစ်ယောက်က မိန်းမဖြစ်နေရင် ပိုတောင်အမြင်ကတ်သေးသည်။
“မင်းငါ့ကိုခေါ်တာလား?” ရွှီဇီယန် တစ်ဖက်လူအား သံသယဖြစ်စွာ မေးလိုက်သည်။ သူအခုအသက်၁၅နှစ်သာ ရှိသေးပေမယ့် သူ့ပုံစံက အလွန်ချောမောလှသည့် ယောင်္ကျားလေးတစ်ယောက် ဖြစ်နေလိမ့်မည်။ သူ့ခေါင်းကိုသေချာလှည့်ပြီး အော်လိုက်သည့်မိန်းကလေးအား ရွှီဇီယန်ကြည့်လိုက်သည်။ သူမကနူးညံ့ပြီး ဆွဲဆောင်မှုရှိသည့် ပုံစံမျိုးဖြင့် သူ့အားပြုံးလိုက်သည်။
“ဟုတ်တယ်ပေါ့၊ မင်းကိုခေါ်တာမဟုတ်ရင် ဘယ်သူ့ကိုခေါ်ရအုန်းမှာလဲ?” မိန်းကလေးက အနည်းငယ်ဒေါပွသွားသည်။ “ငါ့ကိုပြောပြစမ်းပါ၊ ဘာအတွက်ကြောင့် မင်းက ဒီလောက်မြန်မြန်ကြီး ထွက်သွားနေရတာလဲ? ငါမင်းအနောက်ကို ပင်ပင်ပန်းပန်းနဲ့ အကြာကြီးလိုက်နေတာ!”
ရွှီဇီယန်အံ့ဩသွားသည်။ သူလည်းအံ့ဩမှာပေါ့၊ သူမှအဲ့မိန်းကလေးကိုသိမှမသိတာ မဟုတ်ဘူးလား?
“ခင်ဗျားကဘယ်သူလဲ?” ရွှီဇီရုန်၏မျက်နှာဟာ ရေခဲတမျှအေးစက်သွားသည်။ ရွှီဇီယန်၏အလိုလိုက်မှုရယ် သူ့ရဲ့ကျင့်စဉ်အဆင့်ရယ်ကြောင့် ရွှီမိသားစုကဘယ်သူမှ သူ့အားလာမနှောင့်ယှက်ရဲကြပေ။ ရွှီဇီယန်အနားကို ကပ်ရတာ သူဘယ်လောက် သဘောကျလည်းဆိုတာကို ရွှီမိသားစုက ကလေးတွေအားလုံးက သိထားကြသည်။ သူတို့ညီအကိုနှစ်ယောက်ရဲ့ချစ်ခြင်းကို လာရှုပ်တဲ့လူတိုင်း သေတာထက်ကို ပိုဆိုးတဲ့ဘဝသို့ ရောက်သွားစေရမယ်!
ဒီဘဝမှာ သူ့ရဲ့နေထိုင်မှုပုံစံက မတူညီပဲတိုးတက်လာတာကြောင့် သွေးမိစ္ဆာသခင်ရဲ့ အချို့သောလက္ခဏာသွင်ပြင် အမှန်တွေကလည်း တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာလေသည်။ အတိုင်းအတာတစ်ခုအထိရောက်ရင် လူတိုင်းက ရွှီဇီရုန်ကို ရှောင်ဖို့ကြိုးစားကြလိမ့်မည်။ ရွှီဇီယန်တစ်ယောက်တည်းကသာ ရွှီဇီရုန်ကနူးညံ့ပြီးတော်သည့် ညီငယ်လေးဖြစ်တယ်ဆိုတာကို ဆက်ပြီးယုံကြည်လိမ့်မည်!