Chapter 37
Chapter 37
သူမအနားမှာရပ်နေကြသည့် လူများဟာ အနောက်သို့ဆုတ်သွားကာ သူမအားထိတ်လန့်သည့်အကြည့်တွေဖြင့် ကြည့်နေကြသည်။ ထိုနေရာ၌ရပ်နေကြသည့် လူအားလုံးဟာ မိသားစုမျိုးစုံ၊မျိုးနွယ်စုမျိုးစုံက လာကြသည့် လက်ရွေးစင်များဖြစ်ကြသည်။ ဒါကြောင့် သူတို့တွေ ထိုမြွေသေးသေးကို မြင်လိုက်ရသည့်အချိန်၌ ထိုအရာက အဆိပ်အရမ်းပြင်းပြီး မိစ္ဆာတောကောင်အမျိုးအစားဖြစ်သည်ကို အားလုံးကသဘောပေါက်သွားသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ အကိုက်ခံရပါက အဆိပ်ဖြေဆေးကို ချက်ချင်းရမည်ဆိုလျှင်တောင် သူတို့၏ခန္ဓာကိုယ်က အချိန်အတော်ကြာအောင် အားနည်းနေဦးမည်ဖြစ်သည်။ ထိုမိန်းကလေးပုံစံက ချစ်စရာကောင်းပေမယ့် မြွေအားထိန်းချုပ်နိုင်သည့် သူမ၏ကျွမ်းကျင်တဲ့အတတ်ပညာက သူမဘာအန္တရာယ်မှမဖြစ်တာကို သူမ၏အမူအရာကို ကြည့်တာနဲ့တင်ပြောနိုင်သည်။
“ပိယွင့် ငါဒီငတုံးနဲ့ အတူတူစာမေးပွဲမဖြေချင်ဘူး အကယ်၍ မင်းကိုသွားခိုင်းပြီးတော့ သူ့ကိုသွားကိုက်ခိုင်းလိုက်ရင် ပိုကောင်းမလား? အဲ့လိုဆိုရင် အဆင်ပြေသွားမယ်မလား?” မိန်းမငယ်လေး၏မျက်နှာဟာ အပြစ်ကင်းစင်ပြီး နုံအသည့်ပုံစံဖြင့် သူမကမြွေနဲ့အကြံဉာဏ် ဆွေးနွေးနေသည်။
ဘေးပတ်လည်က ကြည့်နေသူများကတော့ သူတို့၏အမူအရာတွေက အေးခဲနေကြသည်။ မိန်းမလေးအား ကြည့်နေကြသည့် သူတို့၏အကြည့်တွေက ရုတ်တရက်ပြောင်းလဲသွားကြသည်။ ဒီငယ်ရွယ်သည့်မိန်းကလေးက အလွန်အန္တရာယ်များသည်ဆိုတာ သံသယဖြစ်စရာမရှိပေ။
သူတို့၏ရင်ထဲမှာ ဒီမိန်းကလေးက အလွန်အန္တရာယ်များသည်ကို အမှတ်အသားပြုနေကြသည်။
“မင်း! မင်းစကားပြောတာလဲ?” လူဝဝကြီး၏ပုံစံက အရမ်းကိုဒေါသထွက်နေသည်။ သူအစကတွေးခဲ့တာက ဒီမိန်းကလေးက ချစ်စရာလေးပေါ့။ ဒါပေမယ့် သူမကဒီလိုစကားမျိုး ပြောလိမ့်မယ်လို့ သူတစ်ခါမှမတွေးခဲ့မိဘူး။ အဲ့ဒီအဓိပ္ပါယ်က သူမကသူ့ကို သိက္ခာချလိုက်တာပဲ!
“ကျွတ် ကျွတ် သူကတုံးအရုံတင်ဘယ်ကမလဲ သူကနားပါလေးနေတာကို သနားပါတယ်” မိန်းမငယ်လေးဟာ လှည့်တောင်မကြည့်ဘဲ သူမ၏မြွေကိုသာ ကြည့်နေပြီး ထိုစကားလုံးတွေကို ပြောလိုက်သည်။
မိန်းမငယ်လေး၏ပုံစံက သူမဘာမှမကြားသလိုသာနေနေသည်။ သူမဟာသူမ၏မျက်လုံးနဲ့လည်းမကြည့်သလို လူဝဝကြီးကသူမအားစွပ်စွဲနေတာကိုလည်း ဘာမှမမြင်ရသလိုသာရှိနေသည်။
ဗန်း!
လူဝဝကြီး၏လက်ကာ မိန်းမငယ်အား ထိလိုက်သည့် စက္ကန့်ပိုင်းအတွင်း သူ၏ခန္ဓာကိုယ်ဟာ အဝေးသို့လွှင့်ထွက်သွားသည်။ တည်ငြိမ်သည့်ပုံစံဖြင့် ရှေးအမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးဟာ ဖြေးညင်းစွာမျက်လုံးဖွင့်လာပြီး တည်ငြိမ်စွာပြောလိုက်သည်။
“ဒီနေရာမှာ ဘယ်သူ့ကိုမှ တိုက်ခိုက်ခွင့်မပြုထားဘူး”
ရှေးအမျိုးသားဝတ်စုံဝတ်ဆင်ထားသည့်ထိုအမျိုးသမီးအား ကြောက်လန့်သွားတာကြောင့် လူဝဝကြီးက တောင်းပန်သည့်ပုံစံဖြင့် မြေကြီးထိပြီး ခယဝယပြုလေသည်။ လျှိုကွမ်းဂိုဏ်း၏အဖွဲ့ဝင်တွေ လူသစ်တွေ၏အပြုအမူနဲ့ပတ်သက်ပြီး တာဝန်ရှိလိမ့်မယ်လို့ သူတစ်ခါမှမတွေးခဲ့မိပေ။ ဒါကြောင့် လူဝဝကြီးဟာ ထိုအခိုက်အတန့်၌ အလွန်ကြောက်လန့်သွားသည်။ သူရဲ့အပြုအမူက ထိုမိန်းမ၏စည်းကမ်းကို ဖောက်ဖျက်မိသွားမှာ အလွန်စိုးရိမ်ပေသည်။
လူဝဝကြီးမိသားစုနောက်ခံက ရွှီဇီယန်နဲ့အတူတူနီးပါးရှိသည်။ သူကဝေးလံလှသည့် ကျင့်ကြံခြင်းမိသားစုက ကလေးတစ်ယောက်သာဖြစ်သည်။ ဒါပေမယ့် သူကပညာအရည်အချင်းကို တန်းတူမတတ်ရောက်နိုင်ပေ။ ဒါကြောင့် ဒီနေရာမှာ တစ်ချို့လူတွေကို ဒေါသထွက်လို့မရဘူးဆို သူမသိတာဖြစ်သည်။
ပတ်ပတ်လည်ကလူတွေကတော့ လူဝဝကြီးအား လှောင်ပြောင်နေသည့် အကြည့်ဖြင့်ကြည့်နေကြတော့သည်။ ဒီနေရာမှာလာစောင့်နေသည့် ရှေးအမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် ထိုအမျိုးသမီး၏ စကားလုံးတွေက မိန်းမငယ်လေးအား ပြောခြင်းဖြစ်သည်ဆိုတာကို အားလုံးကသဘောပေါက်ကြသည်။ မိန်းမငယ်လေးက လူဝဝကြီးအား ပစ်လွှင့်ပြီးနောက် အနီးအနားမှာရှိနေကြသည့်လူအားလုံးက အပြာရောင်ကင်းမြီးကောက်ကို သူမလက်ထဲကနေ သူမအင်္ကျီလက်ထဲထည့်လိုက် မြင်လိုက်ကြသည်။
ကင်းမြီးကောက်က လူလက်လောက်တော့ မကြီးပေမယ့် သူ့ကိုယ်ကနေ အပြာရောင်ရောင်ခြည်တွေကို ထုတ်လွှတ်နေသည်။ ထိုအရာက အတော်ကိုအဆိပ်ပြင်းမယ်ဆိုတာ ဘယ်သူမှခက်ခက်ခဲခဲ ခန့်မှန်းစရာပင်မလိုပေ။ ဒါပေမယ့် အရယ်ရဆုံးအရာကဘာလဲဆိုတော့ ရှေးအမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးက ထိုမိန်းမငယ်လေးအား ကာကွယ်ဖို့လုပ်လိုက်သည်ဟု လူဝဝကြီးကထင်နေလေသည်။
ရွှီဇီယန်ကတော့ တိုက်ရိုက်ထုတ်လွှင့်နေသည့် ပြဇာတ်ကြီးကို အဝေးကနေသာ ကြည့်နေသည်။ ဒီမြင်ကွင်းက မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲကနဲ့ တစ်ထပ်တည်းကျပေသည်။ ထို့အပြင် လူဝဝကြီးက ပြိုင်ပွဲစပြီးမကြာမီ အလျင်အမြန်ပင် ဖယ်ထုတ်ခံရလိမ့်မည်။ ထို့အပြင် မိန်းမငယ်လေးကတော့ သူ့မှတ်ဉာဏ်ထဲကပုံစံအတိုင်းပဲ………အာ အရမ်းလည်းမာနကြီးသည်။
ရွှီဇီယန်က သူ့ဘေးမှာထိုင်နေသည့် ရွှီဇီရုန်အား တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သက်သောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။ သူ့ညီငယ်လေးကသာ အကောင်းဆုံးပဲ! ရွှီဇီရုန်က လိမ်မာပြီးတော့ ဂရုတစိုက်လည်းရှိသည်။ မိန်းမငယ်လေးနဲ့ နှိုင်းယှဉ်လိုက်ရင် သူ့ညီလေးကသေချာပေါက် ပိုသာလိမ့်မည်။
ခဏလောက် နားကြပြီးနောက် ကန့်သတ်ထားသည့် အချိန်ကကုန်ဆုံးသွားလေသည်———
လူသစ်တွေအား ကြိုဆိုဖို့ တာဝန်ရှိထားသည့် လျှိုကွမ်းဂိုဏ်းကထိုအမျိုးသမီးဟာ ဖြေးညင်းစွာမတ်တပ်ရပ်လိုက်ပြီး စူးရှသည့်အကြည့်ဖြင့် အားလုံးကိုကြည့်လိုက်သည်။
ထိုလူတွေဟာ သူမ၏အကြည့်ကိုမြင်လိုက်ပြီးနောက် သူတို့တွေကျောချမ်းသလို ခံစားလိုက်ရပြီး သူတို့၏ရင်ထဲမှာလည်း အေးစက်သလိုဖြစ်သွားသည်။ မာနကြီးကြသည့် လူတစ်ချို့ကတော့ ထိုအမျိုးသမီး၏တည်ငြိမ်သည့်အမူအရာနဲ့ပတ်သက်ပြီး ဘာမှမဖြစ်ကြပေ။ သူတို့အား လာကြိုဆိုသည့် လူပုဂ္ဂိုလ်က အဆင့်မြင့်အမကြီးများ ဖြစ်နေမလားလို့ သူတို့တွေးနေကြသည်။ ဒါပေမယ့် ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် ထိုအမျိုးသမီးကကျင့်ကြံသူဖြစ်ပြီး အနည်းဆုံး အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်လောက်ကို ရောက်နေလောက်ပြီဆိုတာ သူတို့အတည်ပြုလိုက်တော့သည်။
“မင်းတို့အားလုံး ဒီရောက်နေပြီဆိုတော့ ပြိုင်ပွဲစကြတာပေါ့” အမျိုးသားဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးက ခံစားချက်မရှိသည့်အမူအရာဖြင့် ပြောလိုက်ပြီးနောက် သူမကအဝါရောင်စာရွက်တွေ့အား ပြန့်ကျဲလိုက်သည်။ အဝါရောင်စာရွက်တွေက လေထဲ၌ပင် မီးလောင်သွားသည်။ မြင့်မားသည့်အသံအားထုတ်လွှတ်ပြီးနောက် ထိုအရာတွေဟာ ဖုန်အဖြစ်သို့ အလျင်အမြန်ပြောင်းသွားသည်။
ထိုအရာတွေအားလုံးကို အပြီးသတ်ပြီးနောက် အမျိုးသားဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးက လူအားလုံးကို စူးရှစွာပြန်ကြည့်လိုက်သည်။
“ဒီအချိန်ကနေစပြီး မင်းတို့တွေက လျှိုကွမ်းဂိုဏ်းရဲ့ အလားအလာရှိတဲ့တပည့်တွေဖြစ်သွားပြီ လာမယ့်စာမေးပွဲမှာ မင်းတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်တာကို တားမြစ်ထားတယ် အကယ်၍ တစ်ယောက်ယောက်ကသာ စည်းကမ်းဖောက်ဖျက်ခဲ့ရင် သူတို့တွေဖယ်ရှားခံရမယ်”
သူမပြောလို့ပြီးသွားသည်နှင့် ထိုအမျိုးသမီးဟာ လေပေါ်ပျံလိုက်သည်။ ရုတ်တရက် အမောက်ကအဖြူအနီပုံစံဖြင့် ကြိုးကြာတစ်ကောင်ပေါ်လာပြီး ထိုအမျိုးသမီးဟာ ကြိုးကြာနောက်ကျောပေါ် ခုန်တတ်လိုက်သည်။ အဲ့ဒီလိုနဲ့ ကြိုးကြာဟာလျင်မြန်စွာ ပျံသန်းရင်း ထိုအမျိုးသမီးအား သယ်ဆောင်သွားတော့သည်။
ကျန်ရှိနေကြသည့်လူတွေကတော့ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာကြည့်နေကြသည်။ ထိုအမျိုးသမီး၏အပြုအမူနဲ့ ဆိုလိုရင်းကို သူတို့နားမလည်ကြပေ။ ထိုအမျိုးသမီးက စာမေးပွဲနဲ့ပတ်သက်သည့် အချက်အလက်တွေ ဘာမှလည်းမပြောသွားပဲ သူတို့တွေက စာမေးပွဲကို ဘယ်လိုဖြေကြရမှာလဲ?
ဒါပေမယ့် သူတို့သံသယဖြစ်မှုတွေက ဘယ်လောက်မှမကြာလိုက်ပေ။ ထိုအမျိုးသမီးထွက်သွားပြီးနောက် သူတို့နဲ့အနည်းငယ် ဝေးလှသည့်နေရာကနေ ကျယ်လောင်သည့်အသံကြီးကိုကြားလိုက်ရသည်။
စာမေးပွဲဖြေဆိုသူအားလုံး၏ မျက်နှာဟာ ရုတ်တရက်ပြောင်းသွားလေသည်။ အော်သံက သူတို့နဲ့အလွန်ဝေးတယ်ဆိုတာ သိပေမယ့် ထိုအသံကြောင့် လူအများစုက တုန်လှုပ်သွားကြသည်။ ထိုကျယ်လောင်သည့်အသံကို ကြားလိုက်တာနဲ့ ၎င်းမိစ္ဆာတောကောင်က ဘယ်လောက်သန်မာလည်းဆိုတာ သူတို့ဆုံးဖြတ်လို့ရပေသည်။
ရွှီဇီရုန်အား လူအုပ်ထဲသို့ ဆွဲသွင်းလိုက်ပြီး ရွှီဇီယန်အလျင်အမြန်မတ်တပ်ရပ်လိုက်သည်။ ထိုကျယ်လောင်သည့်အသံကြောင့် လူတိုင်းဟာ ကောက်ကာငင်ကာ စုဝေးလာကြသည်။ ထိုသို့လုပ်တာက ဘာအကျိုးသက်ရောက်မှုမှမရှိဘူးဆိုပေမယ့် လူများများရှိလေ စွမ်းအားပိုကြီးလေဖြစ်ပြီး သူတို့သတ္တိပိုရှိလာလေဖြစ်သည်။
အမှန်တကယ်တော့ သူတို့ရဲ့စာမေးပွဲစစ်ဆေးသူ ရောက်လာပြီဆိုတာ ရွှီဇီယန်သိလိုက်ပြီး တောကောင်၏အသံကလည်း သူတို့ရဲ့စာမေးပွဲစစ်ဆေးသူ၏အသံသာဖြစ်သည်။ ဒါပေမယ့် သူဒီလျှို့ဝှက်ချက်ကို အစကတည်းကသိနှင့်ပြီးသားဆိုတာ ဘယ်သူ့ကိုမှမသိစေချင်တာကြောင့် အားလုံးနဲ့အတူတူ စုပေါင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ခဏလောက်အကြာမှာတော့ တောကောင်၏အသံဟာ သူတို့နှင့်ပိုနီးကပ်လာလေသည်။ တစ်ချို့လူတွေကတော့ လူစုလူဝေး၏အကူအညီမပါဘဲ အစွန်းနားမှာ ရပ်နေကြပေမယ့် သူတို့၏လက်နက်တွေကို သူတို့ထုတ်ထားကြပြီးဖြစ်သည်။
တောအုပ်၏သစ်ပင်ကြားထဲမှာ အားလုံးက ကြီးမားသည့် မိစ္ဆာတောကောင်ကြီးကို ဝိုးတိုးဝါးသားမြင်နေကြပြီးဖြစ်သည်။ အဲ့ဒါကြောင့် လူတွေဟာ သူတို့၏ရင်ထဲ တင်းကျပ်လာသလိုခံစားလာရသည်။ အဲ့ဒါက လျှိုကွမ်းဂိုဏ်း၏စာမေးပွဲပဲဖြစ်လိမ့်မယ်လို့ လူတိုင်းကတွေးလိုက်ကြတော့သည်။ ထိုမိစ္ဆာတောကောင်ကြီးသာ သာမန်အနေအထားမျိုးသာ ရှိနေပါက လူတိုင်းက တောကောင်ကြီးကို အစာအိမ်ဖောက်ထွက်သည်အထိ သေချာပေါက် အဆုံးသတ်ကြမှာဖြစ်သည်။
ဘုန်း!
ထိုအသံကြီးကြောင့် ရုတ်တရက် ဆယ်ကျော်သက်လေးတွေ၏ တင်းမာနေသည့်စိတ်ဟာ ပေါက်ထွက်တော့မလိုဖြစ်သွားကြသည်။ လူစုလူဝေးအကူအညီမယူကြသည့် အစွန်းအဖျားနားကလူတွေက ထိုမိစ္ဆာတောကောင်အား ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အမျိုးအစားမျိုးစုံ အပြုအမူမျိုးစုံဖြင့် တိုက်ခိုက်ကြတော့သည်။
သူတို့အားလုံးဟာ ချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိကြသူများ ဖြစ်ကြသည်။ သူတို့တိုက်ခိုက်မှုက အရောင်အသွေးစုံပြီး လှပစွာ မိစ္ဆာတောကောင်ကြီးအား တိုက်ခိုက်ကြတယ်ဆိုပေမယ့် သူတို့၏တိုက်ခိုက်မှုက ဘာအရာမှမထင်သွားပေ။
ဒါပေမယ့် သူတို့၏တိုက်ခိုက်မှုက မိစ္ဆာတောကောင်ကြီးအား ရန်စသလိုဖြစ်သွားပြီး ထိုအကောင် သူ့ပါးစပ်ကိုဖွင့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုတောကောင်ကြီးအရှေ့မှာ ရပ်နေကြသည့်သူများဟာ ရုတ်တရက် ငါးညှီနံ့ကြီးကို ရလိုက်တာကြောင့် သူတို့တွေပျော့ခွေသွားမလိုတောင် ခံစားလိုက်ရသည်။ ထို့ကြောင့် သူတို့၏အပြုအမူတွေက ပိုပြီးတော့အဆောတလျင်ဖြစ်လာပြီး တောကောင်ကြီးအား ထုရိုက်ချင်လာကြသည်။
“အားးးးး” တောကောင်ကြီးနဲ့ အရမ်းနီးကပ်နေသည့် ငယ်ရွယ်သည့်ကောင်လေးဟာ ကြောက်လန့်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်သည်။ ငယ်ရွယ်သည့်ကောင်လေး၏ ခေါင်းကိုကိုက်ဖို့ တောကောင်ကြီးဟာ ပါးစပ်ကိုနောက်တစ်ခါဖွင့်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ငယ်ရွယ်သည့်ကောင်လေးဟာ အလွန်ကြောက်လန့်သွားပြီး ပျော့ခွေသွားသည်။ သူကဘေးဘက်သို့ ပြိုလဲကျသွားပြီး သတိလစ်သွားတော့သည်။
“ဝါး!”
“အား!”
အခြားလူတွေထက် ထိုကောင်လေးက ကံမကောင်းဆုံးဆိုပေမယ့် ထိုနေရာမှာ အော်ဟစ်နေကြသည့် လူတော်တော်များများလည်း ရှိပေသည်။ လူအများစုကတော့ ထိုအသံတွေကြားပြီး လဲကျသွားကြသည်။ အဲ့လိုဖြစ်ပျက်နေသည့်အချိန်မှာပင် ကျင့်ကြံသူများစွာက အမဲရောင်ဝတ်စုံ အမဲရောင်မျက်နှာဖုံးတွေတပ်ကာ သူတို့ဘေးဘက်မှပေါ်လာကြတော့သည်။
“ကျွတ် ကျွတ် မင်းတို့တွေက ဒီအဆင့်လောက်ပဲရှိသေးတာများ အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့ စာမေးပွဲကို လာဖြေကြတယ်တဲ့လား?” အညိုရောင်အသားအရေရှိပြီး ဆံပင်အနီရောင်တဲ့လူက တောအုပ်အတွင်းက ဖြေးညင်းစွာ လမ်းလျှောက်လာကြသည်။ သူ၏ပါးစပ်က သိသိသာသာ လှောင်ပြုံးကို ချိတ်ဆွဲထားသည်။
သူက ဒါဇင် ဒါမှမဟုတ် ဒါဇင်ထက်များမည့် ဆယ်ကျော်သက်တွေအား ကြည့်လိုက်ပြီး လူအနည်းငယ်ကို လက်ညိုးထိုးပြလိုက်သည်။
“မင်း, မင်း ပြီးတော့ မင်း, မင်းတို့အမူအရာတွေကတော့ သိပ်မဆိုးဘူး” ထိုအရာကိုကြားပြီး အားလုံး၏အကြည့်တွေ ထိုသူညွှန်ပြသည့် လူတွေဆီ အာရုံရောက်သွားကြသည်။
သူညွှန်ပြလိုက်သည့် လူသုံးယောက်က ဝေ့ချင်၊ ဟူယွိထျန်နဲ့ ရှဟုန်လျန်တို့ဆိုတာ အံ့ဩစရာမရှိပေ။
သူကထိုသုံးယောက်အား ညွှန်ပြပြီးနောက် ဆံပင်နီနီ အသားညိုညိုနဲ့လူဟာ အမဲရောင်ကျင့်ကြံသူတွေဘက်သို့ နောက်တစ်ခါထပ်ပြီး ညွှန်ပြလိုက်လေသည်။ သူကစတင်ပြီး ကျယ်လောင်စွာ ရှင်းပြလေသည်။
“ဒီလူတွေအကုန်လုံးက မင်းတို့ရဲ့ ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေပဲ ဒီစာမေးပွဲမှာ သူတို့တွေအားလုံးက မင်းတို့ရဲ့ရန်သူတွေ ဒါပေမယ့် သူတို့တွေကချီစွမ်းအင်စုဆောင်းမှုအဆင့်အထိပဲ စွမ်းအားသုံးခွင့်ရှိတာမို့ မင်းတို့တွေစိတ်ချလို့ရပါတယ် သူတို့တွေသာ ချီစွမ်းအင်စုဆောင်းမှုအဆင့်ထက် ပိုသုံးခဲ့လျှင် သူတို့တွေရှုံးလိမ့်မယ်”
အမဲရောင်ဝတ်ဆင်ထားသည့်လူအားလုံးဟာ ဆယ်ကျော်သက်တွေအား အပြုံးအပြည့်ဖြင့် မလိုမုန်းထားကာ ကြည့်နေကြသည်…… သူတို့တွေ ဒီစာမေးပွဲကို ဖြေဆိုကြသည့်အချိန်တုန်းကလည်း သူတို့အထက်က ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေ၏ ပညာပေးမှုကို ခံခဲ့ကြရသည်။ အခုတော့ သူတို့လက်စားချေဖို့ အခွင့်အရေးရလာပြီ!
ထိုအချိန်အတောအတွင်း၌ပင် ကြီးမာလှသည့်အနက်ရောင်ကျားသစ်ကြီးဟာ အကြောက်တရားကြောင့် မေ့လဲသွားသည့် လူငယ်အား အဝေးသို့ရွေ့လိုက်သည်။ သူ၏မျက်လုံးထဲ၌ တလက်လက်တောက်နေသည့် အထင်သေးသည့်အပြုအမူတွေ ပါဝင်နေသည်။
အသားညိုညိုနဲ့လူက အေးစက်စက်နှာမှုတ်လိုက်ပြီး ထိုလူငယ်အားကြည့်လိုက်သည်။ “တကယ့်ကို သုံးစားမရတာပဲ” သူလက်ယမ်းပြလိုက်တာကြောင့် အမဲရောင်ကျင့်ကြံသူတစ်ယောက်က လူစုလူဝေးဘက်ကို ခုန်ကျော်လာခဲ့လေသည်။ ထို့နောက်မှာတော့ ——— သူက လူငယ်လေးကို နှစ်ချက်လောက် ရိုက်လိုက်လေသည်။
ဒီလူကအကြင်နာမဲ့ပြီးတော့ လျင်မြန်စွာ ပြုမူလိုက်သည်။ နှစ်ချက်လောက်ရိုက်ပြီးနောက် လူငယ်လေး၏မျက်နှာဟာ ဖူးရောင်သွားလေသည်။ ဒါပေမယ့် သူကဖြေးညင်းစွာထလာတော့သည်။
ဆံပင်နီနီ အသားညိုညိုလူက မျက်မှောင်ကြုတ်လိုက်သည်။ အမဲရောင်ဝတ်စုံနဲ့လူ၏ အပြုအမူရိုင်းလို့ သူကမပျော်မရွှင်ဖြစ်နေတယ်ဆိုပြီး စာမေးပွဲဖြေဆိုသူအားလုံးကထင်ထားကြပေမယ့် ထို့အစား သူတို့တွေ ဘယ်လိုမှ မခန့်မှန်းနိုင်သည့် စကားကို သူကပြောလာလေသည်။
“မင်းဘာလို့ သူမျက်နှာကိုရိုက်လိုက်တာလဲ? ငါတို့ သူ့ကိုအပြင်ပို့လိုက်ရင် အခြားလူတွေက မေးနေပြန်ဦးမယ်။ မင်းဘာလို့ သူ့ဗိုက်ကို မကန်လိုက်တာလဲ? ဘယ်လိုပဲဖြစ်ဖြစ် အဲ့နေရာကအဝတ်တွေနဲ့ ကာထားတာလေ!”
ဆယ်ကျော်သက်လူငယ်တွေ၏စိတ်ထဲမှာ လေစိမ်းတိုက်သလို ခံစားလိုက်ရသည်။ သူတို့တွေ၏အကြည့်တွေက ဆံပင်နီနီအသားညိုညိုလူအား စိုက်ကြည့်နေကြပေမယ့် သူတို့၏အကြည့်တွေထဲမှာကတော့ မကောင်းဆိုးဝါးတစ်ကောင်အား ကြည့်နေရသည့်အကြည့်နဲ့တူပေသည်။ အမဲရောင်ဝတ်စုံနဲ့လူဟာ သူမှားကြောင်းဝန်ခံသည့်အနေဖြင့် ဦးခေါင်းညွတ်လိုက်ပေမယ့် သူ၏မျက်နှာဖုံးက အောက်ကမျက်လုံးတွေကလည်း လိမ့်နေသည်။ သူတို့တွေးနေကြတာက ; ကျင့်ကြံသူဦးလေးရဲ့ကွေးကတော့ လူတွေကိုကြောက်အောင် လုပ်နေပြန်ပြီ!
ဆံပင်နီနီအသားညိုညိုနဲ့လူက လက်ဟန်အမူအရာတစ်ခုကို လုပ်လိုက်တာကြောင့် အမဲရောင်ဝတ်စုံနဲ့လူတွေက ချက်ချင်းခွဲထွက်ကြပြီး အတန်းနှစ်တန်းဖြစ်အောင် စီးလိုက်ကြသည်။ အမဲရောင်ဝတ်စုံနဲ့လူအရေအတွက်ဟာ စာမေးပွဲဖြေဆိုသူ လူအရေအတွက်နဲ့ ကိုက်ညီတာကြောင့် အမဲရောင်ဝတ်စုံနဲ့လူတွေက စာမေးပွဲဖြေဆိုသူတွေ တစ်ယောက်ချင်းစီတိုင်းကို တာဝန်ယူရလိမ့်မည်ဖြစ်သည်။
လူငယ်လေးကို နိုးလိုက်သည့် အမဲရောင်ဝတ်စုံနဲ့လူက ထိုအတန်းနှစ်တန်းဆီသို့ ပြန်ရောက်လာသည်။ တစ်ဖက်မှာတော့ ထိုလူငယ်လေးက ဝိုးတိုးဝါးတားဖြင့်သာ နိုးနေလေသည်။ ထို့အစား သူကပတ်ပတ်လည်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“မင်းကိုထုတ်ပယ်လိုက်ပြီ” ထိုစကားလုံးတွေပြောပြီးနောက် ဆံပင်နီနီအသားညိုညိုလူကြီးဟာ ထိုကောင်လေးအား ဘာကြောင့်ကျရှုံးတယ်ဆိုတာ ပြောမနေတော့ပဲ ကျန်သည့်ဖြေဆိုသူတွေဘက်သို့ လှည့်လိုက်သည်။
သာမန်လေသံဖြင့် သူပြောလိုက်သည့် စကားလုံးတွေကြောင့် ကျန်ရှိသည့်စာမေးပွဲဖြေဆိုသူတွေ ထိတ်လန့်ကုန်ကြသည်။ သူတို့စိတ်ထဲမှာ သိချင်နေသည်က ; သူကဒီအတိုင်းကြီးပဲ ဖယ်ထုတ်ပစ်မှာလား?
သူတို့တွေ၏စိတ်ထဲမှာ သံသယတွေပုန်းအောင်းနေသည်ဆိုတာ သူမြင်လိုက်ရပြီး ဆံပင်နီနီအသားညိုညိုလူကြီးက သူ့မျက်ခုံးကိုပင့်တင်လိုက်သည်။
“ဟုတ်တယ် ဒီတစ်ကျော့အတွက် ငါကမင်းတို့ရဲ့ စာမေးပွဲစစ်ဆေးသူပဲ မင်းတို့ငါ့ကိုဆဲဆိုနေကြမယ်ဆိုရင်တော့ မင်းအချိန်ပဲကုန်လိမ့်မယ် လျှိုကွမ်းဂိုဏ်းကိုဝင်ဖို့ မိစ္ဆာတောကောင်ကိုသတ်တဲ့ အားနည်းတဲ့တိုက်ပွဲမျိုးကို ဘယ်သူကများလုပ်မှာတဲ့လဲ”
လူတိုင်း၏စိတ်ထဲမှာ အနည်းငယ်တောင့်တင်းသွားကြသည်။ သူတို့တွေကအပြင်ဘက်မှာသာ တည်ငြိမ်နေကြပေမယ့် အားလုံး၏စိတ်ထဲမှာ ဘယ်လိုအစီအစဉ်မျိုးချရန် တွက်ချက်ပြီးစတင်တွေးတောနေကြသည်။
ဆံပင်နီနီအသားညိုညိုလူကြီးကလည်း သူတို့တွေကို သိပ်အာရုံမစိုက်ချေ။ ထို့အစား သူကသူ့၏လက်ညိုးကို ရွှီဇီယန်ဆီညွန်ပြလိုက်ပြီး သူ့လက်ချောင်းကိုကွေးလိုက်ရင်း ရွှီဇီယန်အားအပြင်သို့ ထွက်လာခိုင်းကာ သူကရွှီဇီယန်ကို တွေးဆနေသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ရွှီဇီယန်အကူအညီမဲ့စွာ သူ့နှာခေါင်းသူပွတ်လိုက်သည်။ ထိုသူက သူ့အား မြန်မြန်ရှာတွေ့သွားလိမ့်မယ်လို့ မထင်ထားဘူး။
ရွှီဇီယန်အပြင်ထွက်လာတာကို သူတို့တွေမြင်လိုက်ကြတော့ လူစုလူဝေးထဲက တစ်ချို့လူတွေက အံ့ဩသည့်အမူအရာမျိုး ဖြစ်နေကြသည်။ တစ်ချို့လူတွေကလည်း သူ့ရဲ့ကံဆိုးမိုးမှောင်ကျမှုကို ပျော်ရွှင်နေကြသည်။ ပြီးတော့ ဒီရွှီဇီယန်၏စွမ်းရည်က အလွန်ကောင်းသည်။ အကယ်၍ သူသာအထုတ်ခံရပါက သူတို့၏အဆင့်တွေလည်း အလိုအလျောက်အနည်းငယ် တက်သွားလိမ့်မည်။
လျှိုကွမ်းဂိုဏ်းကိုဝင်ခွင့်စာမေးပွဲ ဖြေဆိုကြသည့်သူတွေအားလုံးဟာ အဆင့်တက်လာတိုင်း ဆုပိုပိုရလိမ့်မည်ဖြစ်သည်။ ထိုဆုတွေက ထိပ်ဆုံးအဆင့်သုံးဆုနဲ့ ယှဉ်လို့မရပေမယ့် ဒီမှာရှိနေသည့် လူအားလုံးဟာ အထင်ကြီးလောက်သည့်စာရင်းထဲ သူတို့တွေပါဝင်ပြီးသားဖြစ်သည်။
ဖြစ်နိုင်တာက………ရွှီဇီယန်ကများ စာမေးပွဲကြီးကြပ်သူကို အပြစ်လုပ်ထားလို့လား?
ရွှီဇီယန်ထွက်လာသည့်ပုံစံကို ဝေ့ချင်ကအေးစက်စက်ကြည့်နေသည်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဝေခွဲမရဖြစ်နေ၏။
ရှဟုန်လျန်၏အကြည့်တွေက တွေဝေနေပြီး ဟူယွိထျန်၏အကြည့်တွေက အားရကျေနပ်စွာ အံဩနေသည်။ ဟူယွိထျန်အတွက်တော့ ရှဟုန်လျန်၊ဝေ့ချင်နဲ့ ရွှီဇီယန်တို့က သူ့ရဲ့ပြိုင်ဘက်များသာ ဖြစ်ကြသည်။ အကယ်၍ စာမေးပွဲမစခင် သူတို့ထဲကတစ်ယောက်သာ ပယ်ထုတ်ခံရပါက သူ့အတွက် အလွန်အထောက်အပံ့ကောင်းဖြစ်ပေလိမ့်မည်။