Chapter 45
Chapter 45
ချီးပဲ………သူက မူလရွှီဇီယန်မှတ်ဉာဏ်ထဲက ချီလျန်ရှစ်ရှုန်းမဟုတ်ဘူးလား? ဒီကောင်ကဘာလို့ ဒီနေရာမှာရှိနေရတာလဲ? မူလဝတ္ထုထဲကအရဆိုရင် ဒီနေရာမှာရပ်နေရမှာက အခြားရှစ်ရှုန်းတစ်ယောက်ဆိုတာ ရွှီဇီယန်သေချာမှတ်မိသည်။ ဒါဆိုရင် ဘာလို့ရုတ်တရက်ကြီး ချီလျန်ဟုန်ယွင်ပြောင်းသွားရတာလဲ?
ရွှီဇီယန်က ဒီလိုပုံစံပြောင်းသွားတာကို ဝေခွဲမရဖြစ်နေပြီး ရွှီဇီရုန်ကလည်း မဲ့ပြုံးပြုံးလိုက်သည်။ ဒီလိုရင်းနှီးနေသည့်အနံ့က……ဒါဆိုသူပဲဖြစ်နေပြန်ပြီလား ဟမ်?
ချီလျန်ဟုန်ယွင် ထိုညီအကိုနှစ်ယောက်အား မြင်လိုက်သည့်အချိန်တွင် သူ့မျက်ခုံးပင့်တက်သွားသည်။ အကျိုးဆက်အနေနဲ့ သူ့အပြုံးကို ပိုပြီးပြုံးလိုက်သည်။ အကယ်၍ သူ၏လက်ရှိပုံစံကို မရင်းနှီးသည့်သူတစ်ယောက်ကသာ သူ့ကိုမြင်လိုက်ပါက သူကဖော်ရွေပြီး ရည်မွန်သည့်ရှစ်ရှုန်းလို့ သူတို့တွေတွေးမိကြလိမ့်မည်။
ကံဆိုးစွာဖြင့်……
အခုသူနဲ့မျက်နှာချင်းဆိုင်နေရသည့် ရွှီဇီယန်နဲ့ရွှီဇီရုန်က အခြားသူတွေနဲ့ မတူညီကြပေ။ သူတို့နှစ်ယောက်က အကြောင်းပြချက် ကိုယ်စီဖြင့် ချီလျန်ဟုန်ယွင်အား သတိထားစောင့်ကြည့်နေကြသည်။
“ပထမစာမေးပွဲကို ဖြေဆိုအောင်မြင်တဲ့အတွက် ဒီကရှစ်တိနှစ်ယောက်ကို ဂုဏ်ယူပါတယ်” ချီလျန်ဟုန်ယွင်က အပြုံးဖြင့်ပြောလိုက်သည်။
ရွှီဇီယန်က အပြုံးဖြင့် ချီလျန်ဟုန်ယွင်အား အရိုအသေပေးလိုက်ပေမယ့် သူ့ရင်ထဲမှာတော့ အချက်ပေးသံများမြည်ဟီးနေသည်။
ဒီရှစ်ရှုန်းက နောက်ဆုံးမျိုးဆက်တပည့်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်သည်။ သူကမကောင်းသည့်လှည့်စားမှုတွေကြောင့် လူသိများသည်။ သူ့ကြောင့် အရေမတွက်နိုင်သည့် ရှစ်တိ၊ရှစ်မေ့တွေက လှည့်စားခံရသည်လို့ ပြောလေ့ရှိကြသည်။ ချီလျန်ဟုန်ယွင်က အရေးကြီးသည့်ကိစ္စတွေမှာတော့ ဘာမှမလုပ်ပေမယ့် ရွှီဇီယန်ကတော့ လှည့်ကွက်ထဲမရောက်ချင်ပါ။
“ဒီကရှစ်တိနှစ်ယောက် မင်းတို့ကပထမစာမေးပွဲကို ဖြေဆိုအောင်မြင်သွားပြီဆိုတော့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ကျောက်စိမ်းဆွဲပြားတွေ ငါ့လက်ထဲအပ်လိုက်ပါ”
ရွှီဇီယန်နဲ့ရွှီဇီရုန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့ရခဲ့သည့် ကျောက်စိမ်းဆွဲပြားတွေအားလုံးကို ထုတ်လိုက်သည်။
ချီလျန်ဟုန်ယွင် ထိုကျောက်စိမ်းဆွဲပြားတွေထဲမှ အစိမ်းအလင်းခပ်မှိန်မှိန်လေး ထွက်ပေါ်တာကို ကြည့်လိုက်ပြီး သူနာကျင်သလိုခံစားလိုက်ရသည်။ ပြီးတော့ ဒီအစိမ်းရောင်ကျောက်စိမ်းဆွဲပြားတွေထဲက တစ်ခုက သူ့ဟာ! ဒီအစိမ်းရောင်ကျောက်စိမ်းဆွဲပြားကြောင့် သူတစ်နှစ်ပတ်လုံး လေ့ကျင့်ရေးခန်းမမှာ အလုပ်ဆင်းရတော့မယ်………မိုးနတ်မင်းကြီးရေ! ကျွန်တော့်ကိုသာ သတ်လိုက်ပါတော့!
အဲ့လိုပျင်းစရာကောင်းသည့် အမှိုက်လိုနေရာမှာ အဲ့ဒီသက်ကျားအိုကြီးတွေနဲ့ နေရတာ သူ့ဘဝသေသွားတာနဲ့ အတူတူပဲ!
သူထိုအရာကိုတွေးလိုက်မိပြီးနောက် ချီလျန်ဟုန်ယွင်က ရွှီဇီရုန်အား စိုက်ကြည့်လိုက်ကာ အံကြိတ်လိုက်သည်။ ဒါပေမယ့် သူ့ပုံစံက ဒေါသလိုအမူအရာကို မပြောင်းသေးခင် ရွှီဇီယန်က သူ့မြင်ကွင်းအရှေ့၌ လာပိတ်လိုက်သည်။
ရွှီဇီယန်ကလည်း ချီလျန်ဟုန်ယွင်အား စိုက်ကြည့်နေသည်။ ဒီကောင်ကဘာဖြစ်နေတာလဲ? သူကဘာလို့ သူ့ညီလေးကို လာစိုက်ကြည့်နေရတာလဲ? အဲ့လိုကြည့်တာက ကလေးကြောက်သွားနိုင်တယ်ဆိုတာ သူမသိဘူးလား?
ပြီးတော့ ရင့်ကျက်ပြီးသားလူတစ်ယောက်က ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ကို ခြောက်လန့်နေတာ သူ့မှာသိက္ခာမရှိဘူးလား?
ရွှီဇီယန်၏လက်ရှိအမူအရာက ချီလျန်ဟုန်ယွင်အား အထင်သေးကြောင်းကို ထုတ်ဖော်နေသည်။ ထိုအရာက ချီလျန်ဟုန်ယွင်အား ဒေါသထွက်စေပြီး သူပါးစပ်ထဲက သွေးအန်မလိုတောင်ဖြစ်လာသည်။
အရိုးသားဆုံးပြောရရင် ချီလျန်ဟုန်ယွင် ရွှီဇီယန်အား မေးလိုက်ချင်သည်: မင်းညီလေးက ဒီလောက်ရက်စက်ပြီး ကြောက်စရာကောင်းတာကို မင်းညီလေးနဲ့ပတ်သက်ပြီး ထူးခြားတာဘာမှမခံစားရဘူးလား??!!
ရွှီဇီယန်က သူ့အား ချီလျန်ဟုန်ယွင်၏မြင်ကွင်းကနေ ကာပေးလိုက်တာကို ရွှီဇီရုန်တွေ့လိုက်ရတော့ သူ၏နှုတ်ခမ်းထောင့်က အပေါ်သို့ကွေးတက်သွားသည်။ ဒီခံစားချက်က ကာကွယ်ပေးခံရတယ်ဆိုသည့် ခံစားချက်ပဲ။ အဲ့ဒီခံစားချက်က အရမ်းမိုက်တာပဲ။
ချီလျန်ဟုန်ယွင်က နှစ်ခါလောက် ချောင်းဟန့်လိုက်ပြီး သူ၏မဲ့ရွဲ့နေသည့် အမူအရာကို ပြန်ပြင်လိုက်သည်။ ထို့နောက်မှာတော့ သဘာဝကျကျပုံစံဖြင့် သူပြောလိုက်သည်။
“ဟုတ်ပြီ ငါမင်းတို့အမှတ်တွေကို စာရင်းမှတ်ပြီးပြီ မင်းတို့ရဲ့နောက်ထပ်တာဝန်က လျှိုကွမ်းဂိုဏ်းရဲ့အဓိကဝင်ပေါက်ကို ခြောက်နာရီအတွင်း ဝင်ရမယ် ဒီလမ်းပေါ်ကနေ မင်းတို့သွားရ……ဟုတ်ပါပြီလေ ငါမပြောရင်တောင် မင်းတို့လမ်းကို မြင်မယ်လို့ ငါထင်ပါတယ် ဒါပေမယ့် ဒီလမ်းကနေလျှောက်ရတာနဲ့ ပတ်သက်ပြီး ငါမင်းတို့ကို သတိပေးရရင်တော့……လွယ်မှာမဟုတ်ဘူး”
သူစကားပြောလို့ပြီးသွားသည်နှင့် ချီလျန်ဟုန်ယွင်၏ခန့်ညားသည့် အမူအရာက သိသိသာသာပြောင်းသွားပြီး သူတို့ကံဆိုးမိုးမှောင်ကျတော့မှာကို ဝမ်းသာနေသည့်ပုံစံပြောင်းသွားသည်။
ရွှီဇီယန်အတော်လေး မှင်တက်သွားသည်။ ဒီရှစ်ရှုန်းကို သူဘာအပြစ်များကျူးလွန်မိထားလည်းဆိုတာ သူမမှတ်မိပေ။ ပြီးတော့ ဒီအမူအရာကြီးကလည်း ဘာအဓိပ္ပါယ်ကြီးလဲ?
“အား! ဟုတ်သားပဲ မင်းတို့က ဒီစာမေးပွဲကို ပထမနဲ့ဒုတိယနေရာရောက်တာဆိုတော့ မင်းတို့ရဲ့ခန္ဓာကိုယ်မှာ အထူးင်္ကေတကို သယ်သွားရမယ်” ချီလျန်ဟုန်ယွင်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ထို့နောက်မှာတော့ သူ၏ချန်ခွင်အိတ်ထဲကနေ လက်သန်းလောက်ထူသည့် ကြိုးအချို့ကို ထုတ်လာသည်။
အံ့ဩစွာဖြင့် ရွှီဇီယန် ချီလျန်ဟုန်ယွင်အား မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။ ဒါကမူလရွှီဇီယန် ဖြစ်ပျက်ခဲ့တာနဲ့ ကွဲပြားနေသည်။ ထို့အပြင် မူလရွှီဇီယန်၏ ပထမစာမေးပွဲ ရလဒ်ကလည်း သာမန်သာဖြစ်သည်။ အကယ်၍ ဒီလိုအတွေ့အကြုံကို ပထမဆုံးရောက်သည့် စာမေးပွဲဖြေဆိုသူ တစ်ချို့သာကြုံရတာဆိုရင် မူလရွှီဇီယန်၏ အတွေ့အကြုံတွေနဲ့ ကွဲပြားနေတယ်ဆိုတာ မထူးဆန်းတော့ပေ။
“ဒါဆိုရင်လည်း ဒီကရှစ်ရှုန်းကို ကျေးဇူးအများကြီးတင်ပါတယ်” ရွှီဇီယန်က ထိုကြိုးတွေကိုယူရန် လက်လှမ်းလိုက်သည်။ ဒါပေမယ့် ချီလျန်ဟုန်ယွင်က ရုတ်တရက် သူ့လက်ကိုပြန်ရုတ်သိမ်းသွားလိမ့်မယ်လို့ ရွှီဇီယန်မထင်ထားပေ။
ရွှီဇီယန်မျက်မှောင်ကြုတ်သွားပြီ “ရှစ်ရှုန်း ဒါကဘာအဓိပ္ပါယ်လဲ?”
ချီလျန်ဟုန်ယွင်က အလွန်ထက်မြက်သည့် ပုံစံမျိုးဖြင့် ပြုံးလိုက်ကာ ရှင်းပြလေသည်။
“ဒါကသာမန်ကြိုးမဟုတ်တာကြောင့် မင်းရဲ့ချန်ခွင်အိတ်ထဲ ထည့်လို့မရဘူး မင်းရဲ့ကိုယ်မှာချည်မှ တရားဝင်လိမ့်မယ် ဒါကြောင့် ဒီကြိုးကို မင်းရဲ့လက်မောင်းမှာချည်ချင်လား မင်းရဲ့ခြေထောက်မှာချည်ချင်လား?”
သူ့စကားတွေကြောင့် ရွှီဇီယန်ခေါင်းရှုပ်သွားသည်။ ဒါကသာမန်ကြိုးနှစ်ကြိုးလေးပဲ မဟုတ်ဘူးလား သူ့လက်မောင်းချည်ချည် သူ့ခြေထောက်ချည်ချည် ဘာဖြစ်သွားမှာမလို့လဲ?
ချီလျန်ဟုန်ယွင်အား သူ့လက်မောင်းမှာချည်လိုက်သည့် အဓိပ္ပါယ်ဖြင့် သူ့လက်အားထုတ်ပေးလိုက်သည်။ ဒါပေမယ့် ဘေးနားမှာရပ်နေသည့် ရွှီဇီရုန်က သူ့ကြိုးကိုဆွဲလုလိမ့်မယ်လို့ သူမထင်ထားပေ။
ရွှီဇီယန်ကသူ့လက်အား ထုတ်ပေးလာတာကို ချီလျန်ဟုန်ယွင်မြင်လိုက်ပြီး သူ့မျက်နှာပေါ်ကအပြုံးတွေက ပိုပြီးတော့ပျော်သွားသည်။ ရွှီဇီယန်၏လက်မောင်းကို သူကြိုးဖြင့်ချည်တော့မည့် အချိန်၌ ဘေးကညီငယ်လေးက ရုတ်တရက် ဆွဲလုလိုက်သည်။
ချီလျန်ဟုန်ယွင်: =_=
“အဲ့ဒါတွေကို ကျွန်တော်တို့နှစ်ယောက်ရဲ့ ခြေထောက်တွေမှာချည်လိုက်” ရွှီဇီရုန်ကအရှေ့တိုးလာပြီး ချီလျန်ဟုန်ယွင်အား ပြောလိုက်သည်။
ရွှီဇီရုန်က သူတို့ခြေထောက်တွေမှာချည်ဖို့ ဘာကြောင့်ပြောနေမှန်း ရွှီဇီယန်မသိပေမယ့် သူ့ညီလေးမှာ အကြောင်းပြချက်ရှိလိမ့်ဆိုတာ သူယုံကြည်သည်။
ရွှီဇီရုန်က သူတို့ခြေထောက်အား ချည်ဖို့တောင်းဆိုတာ တွေ့လိုက်တော့ ချီလျန်ဟုန်ယွင် အနည်းငယ်စိတ်ပျက်သွားသည်။ သူကဒီလိုမျိုး လက်မလျော့လိုက်ချင်တာကြောင့် သူတို့အားနောက်တစ်ခါ ပြန်မေးလိုက်သည်။ ထိုအရာကိုမြင်တော့ ရွှီဇီယန်ဘာလို့ သဘောမပေါက်ဘဲနေရမှာလဲ? ဒါကြောင့် သူကလည်း ရွှီဇီရုန်၏စကားအတိုင်း သူတို့နှစ်ယောက်၏ခြေထောက်တွေမှာ ကြိုးတွေချည်ချင်ပါတယ်လို့ ပြောလိုက်သည်။
ချီလျန်ဟုန်ယွင်က အနည်းငယ် စူပုတ်ပုတ်ဖြစ်သွားပြီး သူ့လက်ချောင်းကိုလှုပ်ရှားလိုက်သည်။ ချက်ချင်းပင် ထိုကြိုးလေးပင်ဟာ လေပေါ်မှာပျံဝဲသွားပြီး ရွှီမိသားစုကညီအကိုနှစ်ယောက်၏ ခြေထောက်တွေကို သွားချည်လေသည်။
အစပိုင်းတော့ ရွှီဇီယန် ဘာမှမခံစားရပေ။ ဒါပေမယ့် ကြိုးက သူ့ခြေထောက်ကို ပိုပိုပြီးရစ်ပတ်လာတာကြောင့် သူ့ခြေထောက်က အလေးချိန်ဟာ ပိုပိုပြီးလေးလာတာကို ရွှီဇီယန်ခံစားလိုက်ရသည်။ ကြိုးတွေက သူ့ခြေထောက်မှာ သူ့ဟာသူချည်သွားပြီးနောက် အနည်းဆုံး တစ်ဖက်စီ ပေါင်ငါးဆယ်လောက် အလေးချိန်ရှိပေသည်။
ရွှီဇီယန်ချက်ချင်း ရွှီဇီရုန်ဘက်လှည့်ကာ ကြည့်လိုက်သည်။ ကျင့်ကြံသူတွေ၏ခန္ဓာကိုယ်က သာမန်လူထက် ပိုသန်မာတယ်ဆိုပေမယ့် ရွှီဇီရုန်က အခုမှ၁၁နှစ်ပဲရှိသေးသည်။ ဒီလောက်အလေးချိန်အများကြီးကို သူ့ညီဖြစ်သူက သယ်နိုင်ပါ့မလားဆိုတာ ရွှီဇီယန်မသိပေ။
မမျှော်လင့်ပဲ ရွှီဇီရုန်ပုံစံက အလေးချိန်ကို မခံနိုင်သည့်ပုံစံ ပေါက်မနေပေ။ ရွှီဇီယန် သူ့အားကြည့်နေတာကို မြင်လိုက်တာကြောင့် သူကပြောလိုက်လေသည်။
“ပေါင်နှစ်ဆယ်ပဲရှိတယ်”
ရွှီဇီယန်ချက်ချင်း စိတ်သက်သာရာရသွားသည်။ ပေါင်နှစ်ဆယ်က သာမန်ကလေးတွေအတွက် ခံနိုင်ဖို့ခက်ခဲပေမယ့် ရွှီဇီရုန်အတွက်ကတော့ သိပ်အပန်းကြီးမည် မဟုတ်ပေ။
ထို့နောက်မှာတော့ သူကချီလျန်ဟုန်ယွင်အား အနည်းငယ် အံ့ဩနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီရှစ်ရှုန်းအပေါ် သူ့ထင်မြင်ယူဆချက်များ လွဲသွားတာလား? ဖြစ်နိုင်တာက ချီလျန်ဟုန်ယွင်က ဇီရုန်အတွက်များ စဉ်းစားပေးထားတာလား?
ချီလျန်ဟုန်ယွင် နောက်တစ်ခါ စူပုတ်ပုတ်ဖြစ်သွားသည်။ သူဘာလို့လာကြည့်နေရတာလဲ? ရွှီဇီရုန်အတွက် တွေးပေးတယ်လို့ လာထင်မနေနဲ့။ အဲ့ဒီစောက်ကလေးကိုများ ချီလျန်ဟုန်ယွင်က ပေါင်တစ်ရာသယ်ခိုင်းချင်တာ။
“ဒီကရှစ်ရှုန်း ကျွန်တော်တို့သွားတော့မယ်” ရွှီဇီယန်က ချီလျန်ဟုန်ယွင် ဘာတွေးနေတယ်ဆိုတာ မသိတာကြောင့် ရွှီဇီယန် ထိုလူအပေါ်ထားသည့် အမူအရာက ပိုကောင်းသွားသည်။
“သွားကြပါ သွားကြပါ” ချီလျန်ဟုန်ယွင်က သူ့လက်ဝှေ့ယမ်းလိုက်သည်။ အမှန်အတိုင်းပြောရရင် သူကကြိုးတွေကို သူတို့တွေရဲ့လက်မောင်းမှာ ချည်ဖို့မျှော်လင့်ထားတာ။ အကယ်၍ အဲ့လိုသာဖြစ်သွားပါက သူတို့ဖြစ်ပျက်နေမယ့်ပုံကို ကြည့်ရရင် အရမ်းကိုရယ်ရမှာ။ သူတို့ကြိုးတွေကို လက်မောင်းမှာ မချည်ပေမယ့်လည်း……အရမ်းရယ်ရသည့်ပုံကနေ နည်းနည်းပဲရယ်ရသည့်ပုံကို ကြည့်ရမှာပေါ့။
သူတို့တွေ ချီလျန်ဟုန်ယွင်အား နှုတ်ဆက်ပြီးနောက် ရွှီဇီယန်က ကျဉ်းမြောင်းလှသည့်လမ်းကြောင်းလေးကို အရင်ဆုံးဦးဆောင်သွားသည်။
လမ်း၏တစ်ဖက်တွင် တောင်နံရံရှိပြီး အခြားတစ်ဖက်တွင် ချောက်ကမ်းပါးရှိသည်။ သာမန်လူတွေအတွက်ကတော့ ဒီလိုဘာအကျိုးမှမရှိသည့် တောင်တန်းပေါ် လမ်းလျှောက်ရတာက အလွန်ခက်ခဲလိမ့်မည်။ ဒါပေမယ့် ကျင့်ကြံသူတွေကတော့ ဂရုတစိုက်သွားကြတာမို့ ဘာအန္တရာယ်မှ သိပ်မရှိပေ။
မူလရွှီဇီယန်မှတ်ဉာဏ်အရ ဒီလမ်းတစ်လျှောက်မှာ ဘာထူးခြားတာမှမရှိပေ။ အဲ့ဒါကြောင့် မူလရွှီဇီယန်တောင် အတော်လေး နားမလည်နိုင်အောင် ဖြစ်သွားသေးသည်။ လျှိုကွမ်းဂိုဏ်းက အလွန်စွမ်းအားကြီးပြီး ဩဇာအရှိန်အဝါရှိသည်။ အဲ့ဒါကြောင့် သူတို့တွေရဲ့ဒုတိယစာမေးပွဲက ဘာလို့ဒီလောက်ရိုးရှင်းရတာလဲ?
ဒါကြောင့် ရွှီဇီယန်က လေတိုက်နေသလိုမျိုး အရှေ့ကနေ အရင်ဆုံးပြေးလေသည်။ ပေါင်တစ်ရာဆိုရင်တောင် သူ့ကိုအနည်းဆုံး ပင်ပန်းတာလောက်ပဲ ဖြစ်စေလိမ့်မည်။ ဒီလောက်အလေးချိန်ကတော့ သူ့ကိုနှောင့်နှေးအောင် မလုပ်နိုင်ပေ။ ဒါပေမယ့် ရွှီဇီယန် ထိုအကြောင်းအရာကို တွေးနေစဉ်မှာပင် တောင်ပေါ်ကလေဟာ သူဒီလမ်းကိုလျှောက်လိုက်တာနဲ့ သူ့တည့်တည့်ကို ပိုပိုပြီးတိုက်ခတ်တာလား?
“ကိုကို ဖြည်းဖြည်းသွား” ရွှီဇီရုန် သူ့အနောက်ကနေ အော်ပြောလိုက်သည်။
ရွှီဇီရုန် သူ့အရင်ဘဝတုန်းက လျှိုကွမ်းဂိုဏ်းစာမေးပွဲနဲ့ ပတ်သက်ပြီး ဘာမှတ်ဉာဏ်မှမရှိထားတာကြောင့် ရွှီဇီယန်ထက်စာရင် သူကပိုပြီး ဂရုတစိုက်လုပ်ပြီး သတိဝီရိယရှိပေသည်။
သူတို့တွေ ဒီတောင်လမ်းကို စလျှောက်သည်နှင့် ရွှီဇီရုန်က သူအမြင်အာရုံကို မြင်နိုင်သည်အထိ ချဲ့ထွင်ထားပြီးဖြစ်သည်။ တောင်ပေါ်ကနေ လေဟာအလွန်ပြင်းပြင်းတိုက်ခတ်လာပြီး အေးစိမ့်လာတာကို ရွှီဇီရုန်မသိဘဲမနေပါ။ ဒါကြောင့် ရွှီဇီရုန်က ပါးစပ်ဖွင့်ပြီး ရွှီဇီယန်အား သတိပေးလိုက်ခြင်းဖြစ်သည်။
ရွှီဇီယန်ရုတ်တရက် ဇဝေဇဝါဖြစ်သွားပြီးနောက် သူခေါင်းကို အသည်းအသန် ပြန်ခါလိုက်သည်။ သူ့မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေ ရိပ်ခနဲဖြတ်သွားသည်။ အခုဘာဖြစ်နေတာလဲ? သူ့မှာမူလရွှီဇီယန် မှတ်ဉာဏ်တွေ ရှိနေပေမယ့် အနည်းငယ်မျှ မတုံ့မဆိုင်းဘဲ မျက်ကန်းလို ရှေ့ကိုဆက်သွားနေရပြီး သူလုပ်နိုင်တာ ဘာမှမရှိတော့ဘူးလား။
ရွှီဇီယန်စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်ပြီး သူ့ပတ်ဝန်းကျင်က အသံတွေကို ကြားရအောင် သေချာနားစွင့်လိုက်သည်။ လေသံတွေက သူ့နား အနားကနေ ဖြတ်သွားကြသည်။ ထိုအထဲမှာ လေသံဖြင့်ဖုံးလွှမ်းနေသည့် တီးတိုးပြောသံ တစ်ချို့ကိုသာ သူကြားရသည်။
ရှေ့ဆက်လျှောက်မယ်……ရှေ့ဆက်လျှောက်မယ်……
အမဲရောင်တပည့်တွေက ရုတ်တရက် ပေါ်ပေါ်ထင်ထင် ရောက်လာကြသည်။ ရွှီဇီယန်က အေးစက်လှသည့်ချွေးတွေနဲ့အတူ သူရောက်နေသည့်နေရာကနေ နည်းနည်းမျှမလှုပ်ရှားပေ။
သူမသိလိုက်ပဲ ထောက်ချောက်ထဲကျသွားတာလား? အဲ့ဒီတီးတိုးအသံတွေက ဘယ်ကနေလာတာလဲ?
အကြောင်းအရင်းမသိသည့် အဲ့ဒီအသံတိုးတိုးတွေလာရာက ထိုညီအကိုနှစ်ယောက် သွားနေတာရပ်သွားတာကို မြင်လိုက်ပြီး တီးတိုးသံတွေကို လေနှင့်ရောယှက်ကာ သူတို့အား လှည့်စားရန် ပိုအားထုတ်လိုက်သည်။
ဒီလိုလှည့်စားမှုမျိုးတွေက ရွှီဇီရုန်အပေါ် အကျိုးမသက်ရောက်ပေ။ သူကသွေးပင်နှလုံးကျင့်စဉ်၏ ရက်စက်သည့်စွမ်းအားကို ဖိနှိပ်ထားရပေမယ့် ဒီလှည့်စားမှုက ထင်ယောင်ထင်မှားအဆင့်လောက်သာရှိပြီး ထောင်ချောက်လို့တောင် ခေါ်လို့မရဘူး။
အမှန်ဆိုရင် ရွှီဇီယန်သာ မူလရွှီဇီယန်မှတ်ဉာဏ်တွေကို အရမ်းကြီးမယုံကြည်ခဲ့ပါက တစ်ခုခုထူးဆန်းနေတာကို သူသိနိုင်လိမ့်မည်။ ဒါပေမယ့် သူကဒီမှတ်ဉာဏ်တွေကို အရမ်းယုံကြည်မိပြီး ထောင်ချောက်ထဲကျသွားမယ်လို့ ဘယ်သူတွေးထားမိမှာလဲ?
ကံကောင်းစွာ ထိုအချိန်မှာ ရွှီဇီရုန်က သူ့အားနိုးလိုက်သည်။ မဟုတ်ရင် သူထိုတီးတိုးအသံတွေနောက် လိုက်ရင်း ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျလိမ့်မည်မှာ အမှန်ပင်……
“အား ဘယ်လိုတောင် နီးကပ်သွားတာလဲ” ရွှီဇီယန်၏ခြေထောက်ဟာ ချောက်ကမ်းပါး၏ အစွန်းနားကို ရောက်ထားပြီးဖြစ်သည်။ သူသာရှေ့ကိုနည်းနည်းလောက် ဆက်လျှောက်ပါက သူချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားတာတောင် သူသိလိုက်မှာမဟုတ်ဘူး။ ဒီအမြင့်လောက်ကနေသာ ပြုတ်ကျလို့ကတော့ သူ့မွေးရာပါစွမ်းရည်က ငှက်လိုတောင်ပံပေါက်နေရမည်။ မဟုတ်ရင် ပေါင်မုန့်ကြားထဲက အသားဘဝသို့ ချက်ချင်းကူးပြောင်းသွားနိုင်သည်။
“ဟ ဇီရုန် ဒီမှာရှိနေတာ ကံကောင်းပေလို့ပေါ့ ကျေးဇူးပါ” ရွှီဇီယန်က ရွှီဇီရုန်အား ချီးကျူးဖို့ မတွန့်တိုနေခဲ့ပေ။
ရွှီဇီရုန်က သူ့ခေါင်းကိုငုံ့လိုက်ပြီး ရှက်ပြုံးပြုံးကာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည့် ကလေးပုံစံနှင့်တူပေသည်။
‘အနာဂတ်မှာ ငါပိုပြီးဂရုစိုက်မယ် မူလရွှီဇီယန်၏မှတ်ဉာဏ်ကို ကိုးကားတာလောက်ပဲ သုံးလို့ရတော့မယ် ပြီးတော့ အရာအားလုံးကလည်း လုံးဝကို ပြောင်းလဲသွားပြီ ငါ့ရဲ့လိပ်ပြာငယ်လေးက လှိုင်းလုံး ဘယ်နှခုလောက်ကိုများ ဖန်တီးမိလိုက်လဲဆိုတာ ငါမသိဘူး’ ရွှီဇီယန်သူ့ကိုသူ သတိပေးလိုက်သည်။ ဒီနေ့ဖြစ်ပျက်ခဲ့သည့် အရာတွေက သူ့ကို သင်ခန်းစာ ကောင်းကောင်းရစေသည်။ အကယ်၍ မူလရွှီဇီယန်၏မှတ်ဉာဏ်ကိုသာ သူမျက်စိစုံမှိတ်ယုံကြည်နေပါက အနာဂတ်မှာ သူဘယ်လိုသေမလဲဆိုတာ သူသိလိုက်ရမှာမဟုတ်ဘူး။
『K: ‘ငါ့ရဲ့လိပ်ပြာငယ်လေး’ဆိုတာက သူ့ကိုသူပြောတာပါ၊ သူကဝိညာဉ်ကူးပြောင်းလာပြီး မူလဇာတ်ကြောင်းထဲကနေ ကွဲထွက်ကာ ဇီရုန်ဘဝကိုကယ်လိုက်တဲ့ အချိန်ကစပြီး ဝတ္ထုနဲ့လက်ရှိဖြစ်ပျက်နေတာနဲ့က အလွန်ကို ကွဲပြားသွားပါပြီ၊ ‘လှိုင်းလုံး ဘယ်နှခုလောက်ဖန်တီးမိလိုက်လဲ’ဆိုတာက သူဝတ္ထုကို ပြောင်းလဲလိုက်တာကြောင့် ဘယ်လိုအရာတွေကိုများ သူပိုဆိုးအောင် လုပ်မိလိုက်လဲလို့ဆိုတာပါ၊ ဒါကြောင့် မူလဝတ္ထုထဲက ကောင်းတဲ့လူတွေက လက်ရှိမှာ မကောင်းတဲ့သူတွေ ဖြစ်သွားနိုင်သလို၊ မကောင်းတဲ့သူတွေကလည်း ကောင်းတဲ့သူတွေဖြစ်လာနိုင်ပါတယ်』
ညီအကိုနှစ်ယောက်ဟာ တောင်နံရံဘေးဘက်ကနေ ရှေ့ဆက်လျှောက်သွားကြသည်။ အရိုးထဲအထိစိမ့်နေအောင် အေးလောက်သည့် အအေးလှိုင်းဟာ တောင်လေနဲ့အတူ ရောပါလာတော့သည်။ သူတို့တွေက အင်္ကျီအထပ်ထပ် ဝတ်ထားတာတောင် သူတို့လက်တွေက အေးခဲလာသလိုတောင် ခံစားလာရသည်။
“မြန်မြန်သွားကြရအောင်” ရွှီဇီယန်က အားကိုးရာမဲ့စွာ ရွှီဇီရုန်အား ပြောလိုက်သည်။
ရွှီဇီရုန်ခေါင်းညိတ်လိုက်လေသည်။ သူတို့ပိုအရှိန်မြင့်လေ ပိုအန္တရာယ်များလေ ဆိုသည့်အတိုင်း ထူးဆန်းသည့်တောင်လေဟာ ပိုပြီးအေးစိမ့်လာတော့သည်။ အကယ်၍ သူတို့တွေ ခပ်နှေးနှေးသွားပြန်ရင်လည်း အနှေးနဲ့အမြန် ရေခဲချောင်းဖြစ်သွားလိမ့်မည်။
ညီအကိုနှစ်ယောက်ဟာ အရှိန်ကိုပိုမြင့်လိုက်သည်။ ဒီကျဉ်းမြောင်းသည့်လမ်းက လမ်းလျှောက်ဖို့ သိပ်မလွယ်ကူပေ။ အကြိမ်များစွာ ရွှီဇီယန်အရှိန်မြင့်ပြီး သွားနေရတာကြောင့် သူ၏အလေးချိန်ကြောင့် ခြေချော်ပြီး ကျိုးနေသည့် လမ်းပေါ်ကနေရာအား သွားနင်းမိလေသည်။ အကယ်၍ သူလျင်မြန်စွာ တောင်နံရံပေါ်က ငေါထွက်နေသည့် ကျောက်တုံးကို မဖမ်းလိုက်မိပါက ရွှီဇီရုန် သူ့အလောင်းအား ကောက်သွားရမှာကို သူစိုးရိမ်မိသည်။
“နည်းနည်းနွေးလာတယ်လို့ မင်းသတိထားမိလား?” ရွှီဇီယန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ရွှီဇီရုန်မျက်လုံးကျဉ်းမြောင်းသွားသည်။ သူတို့ပတ်ဝန်းကျင်က အပူချိန်ဟာ အနည်းငယ်တိုးလာခဲ့သည်။ အဲ့ဒါကြောင့် သူကပါးလျသည့် ကန့်ကျောက်ကို ကောက်ယူကြည့်လိုက်သည်။ ဒီအနီးအနားမှာ သဘာဝရေပူစမ်းက ရှိနေတာလား?
သူတို့နှစ်ယောက်အရှေ့ကို ဆက်သွားလိုက်ကြသည်။ ထို့နောက်မှာတော့ နောက်ထပ် လမ်းကြောင်းတစ်ခုက ပွင့်လာသည်။ အဲ့ဒါကြောင့် ကျဉ်းမြောင်းသည့်တောင်လမ်းက ပျောက်ကွယ်သွားတော့သည်။ ဒါပေမယ့် လူတွေကို ဘယ်အရာက ပိုပြီးအံ့ဩစေလဲဆိုတော့ ကျောက်ပြားတွေ၏အောက်မှာ သဘာဝရေပူစမ်းရှိနေသည်ကိုပင်။