Chapter 47
Chapter 47
ဒီအချိန်မှာ ရွှီဇီရုန်လှုပ်ရှားလို့မရသေးပေမယ့် သူစကားပြောလို့တော့ရသွားသည်။ သူကလျင်မြန်စွာ သူအဆင်ပြေကြောင်းနဲ့ ရေသူမအားသတိထားရန် ရွှီဇီယန်ကိုပြောလိုက်သည်။
ရွှီဇီယန်ကလည်း အားတက်သရော ခေါင်းညိတ်လိုက်ပြီး
“မင်းအဆင်ပြေတယ်ဆိုရင် ရပါပြီ ခဏကအထိ မင်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို ငါဘယ်လိုမှမသိခဲ့ရဘူး အဲ့ဒါက တကယ့်ကို မဖြစ်သင့်တဲ့အရာပဲ”
ရွှီဇီရုန်၏မျက်နှာအမူအရာဟာ တည်သွား၏။ သူပြန်လည်မွေးဖွားလာသည့် အချိန်ကစလို့ အရာအားလုံးက ချောချောမွတ်မွတ်ပဲရှိခဲ့သည်။ နှစ်အများကြီးကြာပြီးနောက် သူသေချာဂရုမစိုက်မိသလိုဖြစ်သွားသည်။
အခုလက်ရှိမှာ သူနဲ့ရွှီဇီယန် ဒီနေရာကိုဝင်ရောက်လာတော့ သူမျှော်လင့်မထားဘဲ အတွေးစိတ်ကူးအစီအရင်ထဲ ဝင်ရောက်မိသွားသည်။ ရွှီဇီရုန်ဟာ အတွေးစိတ်ကူးအစီအရင်ထဲ ဘယ်လိုရောက်သွားမှန်း သူမသိလိုက်တာကြောင့် သူအစီအရင်ကိုအလျင်အမြန် မချိုးဖျက်လိုက်ပေ။
ဒါပေမယ့် ရွှီဇီယန်က ရက်စက်ကြမ်းကြုတ်သည့် ရေသူမအနားကို ချဉ်းကပ်သွားတာ တွေ့လိုက်ရတာကြောင့် သူမမျှော်လင့်ပဲ အစီအရင်ကိုချိုးဖျက်မိလိုက်သည်။ ထို့အပြင် သူ့ကိုရုတ်တရက် စွမ်းအားတစ်ခုက ထိန်းချုပ်သွား၏။ သူလှုပ်ရှားလို့လည်းမရသလို စကားလည်းပြောလို့မရတော့ပေ။ တစ်စုံတစ်ယောက်က အကူအညီမဲ့မှုတွေ တုံ့ပြန်လို့မရတာတွေ ဆိုသည့် ခံစားချက်တွေကို ဖိနှိပ်ထားတာကြောင့် ရုတ်တရက် သူ၏အလွန်ဆိုးဝါးလှသည့် မှတ်ဉာဏ်တွေကို ပြန်လည်သတိရသွားစေသည်……
ရွှီဇီရုန် ထိုရေသူမအား စိုက်ကြည့်နေပြီး သူ့မျက်နှာက တဖြည်းဖြည်းမည်းမှောင်သွားသည်။ သူ့အကြည့်တွေဟာ ထိုရေသူမအား အကြိမ်တစ်သောင်းလောက်ကို တစ်စစီဖြစ်အောင်လုပ်ပစ်ချင်နေသည်။ ကံဆိုးစွာဖြင့် လက်ရှိမှာ သူကနည်းနည်းမျှတောင် လှုပ်လို့မရပေ။ ဒါကြောင့် သူကရေသူမအား အကြည့်ဖြင့်သာ တိုက်ခိုက်နိုင်လေသည်။
ရွှီဇီရုန်အား ကျောက်တုံးအနောက်မှာ ပုန်းခိုင်းထားပြီးနောက် ရွှီဇီယန်သူ့နှုတ်ခမ်းသူသပ်လိုက်ကာ ပြန်လှည့်သွားသည်။ သူကထိုရေသူမအား ရှင်းပစ်ရန် အစီအစဉ်ဆွဲနေသည်။
ဝမ်းနည်းနေသည့်အမူအရာဖြင့် ရွှီဇီယန်သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။ ဒီလောကကြီးအကြောင်း သူသဘောပေါက်ထားတာတွေက မလုံလောက်သေးဘူးပဲ။ အလှပဆုံးအရာတွေနဲ့ အလှပဆုံးလူတွေက ကြောက်စရာအကောင်းဆုံးတွေပဲ အား………
ထိုရေသူမကတော့ ရေပူစမ်းထဲမှာသာ ရှိသေးသည်။ သူမကရွှီဇီယန် ထွက်လာတာကို မြင်လိုက်ပြီးနောက် သူမမျက်နှာက မပျော်ရွှင်သည့်ပုံစံပေါက်သွားသည်။ အစာကလွတ်မြောက်သွားပြီး ပြန်ရောက်လာတာပေါ့။ အဲ့ဒါကအတော်လေးကို ကောင်းတာပဲ!
ရွှီဇီယန်က တည်ငြိမ်နေသည့်ပုံစံဖြင့် ရပ်နေပြီး သူ့လေးကြိုးအား နောက်သို့ဆွဲကာ မြှားကိုပစ်လွှတ်လိုက်သည်။ ချက်ချင်းပင် သူ့လေးကြိုးကနေ မြှားကလျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်အဖြစ် ဖွဲ့စည်းသွားပြီး ရေသူမဆီ ပျံထွက်သွားသည်။
ထိုရေသူမဟာ သူမခန့်မှန်းတာ မှားသွားပြီဆိုသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။ ရွှီဇီယန်က သူမအား တိုက်ခိုက်လာလိမ့်မည်လို့ မထင်ထားတာကြောင့် သူ့အား အပြစ်တင်နေသည့် အကြည့်ဖြင့်ကြည့်နေသည်။
ဒီရေသူမကဟာ မိစ္ဆာတစ်ကောင်ဖြစ်ပြီး မျက်တောင်မခတ်ဘဲတောင် သတ်ပစ်နိုင်ကာ အကယ်၍ ဒီရေသူမသာ သူ့လည်ပင်းကိုထိုးဖောက်ဖို့ မကြိုးစားခဲ့လျှင် လက်ရှိသူမ၏ပုံစံနဲ့အမူအရာတွေကြောင့် သူမဟာမိစ္ဆာတောကောင်အမျိုးအစားဖြစ်ပြီး လူ့အသွေးအသားတွေကို စားသောက်လိမ့်မယ်လို့ ရွှီဇီယန်ဘယ်လိုမှယုံနိုင်မည် မဟုတ်ပေ။
ဒီရေသူမ၏အလှက တကယ့်ကိုလှည့်စားနိုင်လွန်းလှသည်။ စာအုပ်အဖုံးပဲ ကြည့်လိုက်မိပြီး သူခဏလောက်အမှားလုပ်မိတော့မလိုဖြစ်သွားသည်။
သူ၏ပြိုင်ဘက်က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သူသတိမထားမိလိုက်တာကြောင့် ရွှီဇီယန်နောက်ပြန်ဆုတ်လို့မရတော့ပေ။ သူ၏လေးကြိုးကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆွဲကာပစ်လွှတ်လေသည်။ အကြိမ်ကြိမ် သူမြှားပစ်လွှတ်တာကြောင့် လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်မြှားက အနည်းဆုံးသုံးခုလောက်သာ ထုတ်နိုင်တော့သည်။
အဆုံးမရှိသည့် မြှားတွေပျံထွက်လာတာကြောင့် ရေသူမကအလွန်ကိုဒေါသထွက်လာတော့သည်။ သူမကနှုတ်ခမ်းကနေ အခိုးအငွေ့တွေထွက်လာပြီး မျက်နှာဟာ နီရဲလာကာ သူမ၏ပုံစံက မကျေနပ်ချက်တွေကြောင့် ခံစားနေရပုံပေါက်သည်။ နောက်အခိုက်အတန့်မှာ သူမကမျက်ရည်တွေကျလာတော့သည်။
ရွှီဇီယန်အမူအရာက အေးစက်သွားသည်။ သူသင်ခန်းစာရသွားပြီးဖြစ်သည်။ အကယ်၍ လက်ရှိမှာ သူသနားစိတ်ဖြစ်သွားပါက သူရူးနေလို့ပဲဖြစ်ရမည်!
ထွက်ပေါ်လာသည့် အခိုက်အတန့်ကြောင့် ရွှီဇီယန် ဆုံးဖြတ်ချက် မှန်ကန်အောင်ချလိုက်နိုင်တာကြောင့် သူ့ကိုယ်သူချီးကျူးလိုက်သည်။
ရေသူမဟာ သူမပါးစပ်ကိုဖွင့်ကာ ဝေဒနာခံစားနေရသည့်သူ၏အသံလို ဟိန်းထွက်လာသည်။ ချက်ချင်းပင် သူမနှုတ်ခမ်းထောင့်ဘေးနှစ်ဖက်က ရုတ်တရက်ဟကွဲသွားပြီး သူမနားအထိ အက်ရာထင်သွားသည်။ သူမပါးစပ်ကသွားတွေကလည်း တဖြေးဖြေးချွန်ထက်လာသည်။ တစုံတယောက်ကသာ သူမကိုတစ်ချက်လောက်ကြည့်လိုက်တာနဲ့ ရက်စက်ကြမ်းကြုတ်ပြီး ရိုင်းစိုင်းသည့်တောကောင်ဆိုတာ သိနိုင်သည်။
အစိမ်းဖန့်ဖန့်အရောင် ကြေးခွံတွေဟာ သူမ၏ဖြူဖပ်ဖြူရော် အသားကိုဖုံးကွယ်လိုက်သည်။ သူမ၏အနက်ရောင်မျက်လုံးဟာ ဒေါင်လိုက်ဟကွဲပုံဖြင့် ငွေရောင်သူငယ်အိမ်အဖြစ်သို့ပြောင်းသွားပြီး——ကြည့်ရတာ အလွန်အေးစက်ပြီး ရက်စက်လှသည်။
ထိုအချက်ကိုကြည့်တာနဲ့ ရေသူမဟာ နောက်ဆုံးတော့ ရုပ်ဖျက်ထားတာကို ဖယ်ရှားလိုက်ပြီး အကြမ်းဆုံးတိုက်ပွဲဝင်မည့် သူမ၏မူလပုံစံကိုဖော်ထုတ်လိုက်သည်။
သူမပုံစံပြောင်းသွားသည်နှင့် ရေသူမ၏တိုက်ခိုက်စွမ်းရည်က တစ်ဟုန်ထိုးမြင့်တက်သွားသည်။ ပြင်းထန်ကြမ်းတမ်းလှသည့် ရေတွေကိုပိုတိုးအောင်လုပ်ပြီး အဆက်မပြတ်တိုက်ခိုက်လေသည်။
ကံအားလျော်စွာ သူမကထောင်ချောက်အများကြီး လုပ်ပေမယ့် သူမစွမ်းအင်က ဖိနှိပ်ခံထားရသည်။ ရွှီဇီယန်ကလည်း လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်မြှားတွေဖြင့် သူမ၏တိုက်ခိုက်မှုအား ပြန်လည်ထိုးစစ်ဆင်တာကြောင့် နှစ်ဖက်စလုံးကတိုက်ခိုက်မှုတွေဟာ အစအနမကျန်အောင် ပျောက်ကွယ်သွားလေသည်။
သူသာဒီလိုမျိုး ဆက်ပြီးအချိန်ဆွဲနေပါက သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေ ကျန်ရှိတော့မှာမဟုတ်ဘူးဆိုတာ ရွှီဇီယန်သဘောပေါက်သည်။ ဒါကြောင့် သူဟာအံကြိတ်လိုက်ပြီး အကာအရံကိုထုတ်လိုက်သည်။ ထို့အပြင်က သူလှုပ်ရှားနေတာကိုရပ်ထားပြီး တစ်နေရာရာမှာ ရပ်နေကာ သူ၏လေးကြိုးကို ဖြေးညင်းစွာဆွဲလေသည်။
သူ၏လှုပ်ရှားမှုအတိုင်း လျှပ်စစ်အလင်းတန်းဟာ လေးကြိုးပေါ်မှာ လူတစ်ယောက်၏လက်မောင်းလောက်ထူအောင် ဖွဲ့စည်းနိုင်သွားသည်။ မြှား၏ထိပ်မှာ ခရမ်းရောင်လျှပ်စစ်တွေ အတော်များများထည့်ထားတာကြောင့် တဖြည်းဖြည်းနဲ့ အမဲရောင်အဖြစ်သို့ပြောင်းသွားသည်။
ရေသူမကလည်း ထိုအရာက အလွန်အန္တရာယ်များတယ်ဆိုတာ သတိပြုမိသွားသည်။ သူမ၏သွေးရဲရဲထွက်နေသည့် ပါးစပ်ကိုဖွင့်ကာ ဗျာများနေသည့် အမူအရာဖြင့် ဟိန်းလိုက်သည်။ သူမကလက်ကိုလှုပ်ရှားလိုက်ပြီး ရေမြှား၊ရေမိုင်းနဲ့ ရေနဂါးတွေကို လျင်မြန်စွာဖန်တီးလိုက်ပြီး အားလုံးနဲ့အတူ အဟုန်ဖြင့်ပြေးသွားသည်။
ကံဆိုးစွာဖြင့် ဒီရေတွေက သူမနေထိုင်ရာ နေရာကရေအမျိုးအစားတွေမဟုတ်ပေ။ သူမကကျယ်လောင်စွာအော်ဟစ်ရင်တောင် ဒီနေရာမှာ သူမအမျိုးစိတ်တွေထဲက အဖွဲ့သားတွေက သူမဆီလာပြီးကူညီလို့မရပေ။
စက္ကန့်ပိုင်းအတွင်း ရွှီဇီယန်၏မိုးကြိုးမုန်တိုင်းကဲ့သို့မြှားဟာ ဖွဲ့စည်းလို့ပြီးသွားပြီဖြစ်ပြီး ရေသူမကလည်း သူမကိုယ်သူမ ရေနံရံနှင့်အကာအကွယ်ပြုလုပ်ထားသည်။ ရေပူစမ်းထဲကရေတွေဟာ တဖြေးဖြေးကုန်ခန်းသွားသည်။ ရေသူမဟာ ခုနှစ်လွှာ ရှစ်လွှာလောက်ရှိသည့် ရေအကာအရံကြီးကို သိပ်သည်းကျစ်လျစ်အောင်ဖန်တီးထားသည်။
နောက်ဆုံးမှာတော့ လေးကြိုးကို အဆုံးထိရောက်အောင် ဆွဲလို့ပြီးသွားလေသည်။ ရွှီဇီယန်၏အကြည့်တွေဟာ စူးရှနေပြီး သူ့လက်ချောင်းထဲကနေ ဖြေးညင်းစွာလွှတ်လိုက်တော့သည်——
မိုးချုန်းသံက လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ လျှပ်စစ်အလင်းတန်းဟာ လျင်မြန်စွာ ကြမ်းတမ်းလှသည့်အရှိန်အဝါဖြင့် ပျံထွက်သွားပြီး ရေသူမဆီသို့ တိုက်ခိုက်လေသည်။
ရေသူမဟာစတင်အော်ဟစ်လေတော့သည်။ ဒီမိုးကြိုးမုန်တိုင်းမြှားက ရွှီဇီယန်၏လက်ရှိ ဝှက်ဖဲပင်ဖြစ်သည်။ ဒီပြဿနာများလှသည့် ရေသူမကြောင့်သာ မဟုတ်ရင် သူဒီဝှက်ဖဲကို ထုတ်ပြမည်မဟုတ်ပေ။
ပြင်းထန်လှသည့်အရှိန်ဖြင့် စူးရှတောက်ပသည့်လျှပ်စစ်မြှားဟာ ရေသူမဖန်တီးထားသည့် ရေအကာအရံတွေကို တစ်လွှာပြီးတစ်လွှာ ဖောက်ထွင်းလေသည်။ ရေသူမ၏ထိတ်လန့်နေသည့်မျက်နှာကို ကြည့်လိုက်ရုံနှင့် ဘာမှပြောစရာပင်မလိုတော့ပေ။ သူမမျက်လုံးကပြူးကျယ်သွားသည်။ သူမ၏ငွေရောင်သူငယ်အိမ်အတွင်းကနေ အမဲရောင်မြှားထိပ်ဟာ သူမဆီတဖြည်းဖြည်းနီးကပ်လာတာကို မြင်နေရသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မြှားဟာ သူမကိုယ်အား ဖောက်ထွင်းသွားတော့သည်———
အော်ဟစ်သံဟာလေထဲမှာပျံ့နှံ့သွား၏။
ဒီလိုအသံထွက်လာသည်နှင့် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးဟာ ယိုယွင်းပျက်စီးသွားသည်။ ထိုရေသူမ၏ပုံစံက စိတ်ရှုပ်ထွေးနေပြီး ဇဝေဇဝါပုံစံဖြစ်နေသည်။ သူမဟာသူမသတ်ဖို့ ကြိုးစားခဲ့တာတွေကိုလည်းမေ့သွားပြီး ရန်သူကသူမအရှေ့မှာရှိနေတာရော အရာအားလုံးကို———မေ့သွားတော့သည်။
သူမနောက်တစ်ခါ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသည့်ပုံစံပြန်ပြောင်းကာ ရေပူစမ်းတစ်ဝိုက်မှာ ဆော့ကစားနေလေသည်။ ခဏအကြာမှာတော့ လှိုင်းဂယက်ထကာ ပေါက်ကွဲသံလိုမျိုး ထင်ယောင်ထင်မှားပုံစံဖြင့် ရွှီဇီယန်မြင်လိုက်ရသည်။ ရေသူမနဲ့ရေပူစမ်းကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သေးငယ်ပြီးကျဉ်းမြောင်းသည့် တောင်လမ်းက သူတို့နဲ့ဆန့်ကျင်ဘက်မှာရှိနေပြီး အပြင်ဘက်သို့သွားသော လမ်းကျဉ်းလေးတစ်ခုသာ ဖြစ်သည်။
သူကိုင်ထားသည့်လေးကို သိမ်းလိုက်ပြီး ရွှီဇီယန် သက်ပြင်းရှည်ချလိုက်သည်။ ဒီတစ်ကြိမ်ကိုတော့ သူဖြတ်ကျော်လို့ရသွားပြီဖြစ်သည်။ ဒါကြောင့် နောက်တစ်ကြိမ်ကျရင်တော့ သေချာစွာသတိထားရမည်!
“ကိုကို” ရေသူမပျောက်ကွယ်သွားသည်နှင့် ရွှီဇီရုန်အား ချုပ်တည်းထားသည့်အရာတွေလည်း ပျောက်ကွယ်သွားလေသည်။
သူကမြေပြင်ပေါ်ကနေထလာပြီး လှုပ်ရှားမှုတိုင်းဟာ ပြောမပြနိုင်လောက်အောင် အံဝင်ခွင်ကျဖြစ်နေသည်။
ရွှီဇီရုန်က ရွှီဇီယန်၏အင်္ကျီလက်အားဆွဲကာ သူ၏ကြည့်လင်နေသည့် မျက်လုံးတွေက သူ့ကိုကိုအား လေးစားပြီးကြင်နာမြတ်နိုးသည့် အကြည့်ဖြင့်ကြည့်နေလေသည်။
“ကိုကိုက အရမ်းစွမ်းအားကြီးတာပဲ”
သူ့ညီလေး၏လေးစားသည့် အမူအရာကို သူမြင်လိုက်ရပြီးနောက် ရွှီဇီယန်၏ရဲစွမ်းသတ္တိ အားမာန်တွေ တစ်ဟုန်ထိုးတိုးတက်လာသည်။ သူကရယ်မောကာပြောလိုက်၏။
“အဲ့ဒါကအသေးအဖွဲ့လေးပါ နောက်ကျရင် မင်းရဲ့ကိုကို ပထမနေရာနိုင်မှာကို သေချာကြည့်ထား!”
ရွှီဇီရုန်ပြုံးနေပြီး သူ့မျက်လုံးတွေက လခြမ်းသဏ္ဍာန်ဖြစ်သွားသည်။
“ကိုကို အံ့ဩစရာအကောင်းဆုံးပဲ”
ထိုစကားတွေက ရွှီဇီယန်အား အခြေအနေပိုကောင်းသွားစေသည်။ ဘာလို့လဲဆိုတော့ သူကရေသူမ၏လှည့်စားတာခံရပြီးနောက် ဘာအရိပ်အယောင်မှမကျန်ဘဲ ပျောက်ကွယ်သွားတာကြောင့် သူ့အား စိတ်ပျက်အားလျော့ခြင်းဖြစ်သွားသည်။
သူ၏လက်ရှိစွမ်းရည်က မူလရွှီဇီယန်နဲ့ ယှဉ်လိုက်ရင် သူဘယ်လောက်သန်မာလည်းဆိုတာ တိုင်းတာလို့ရမည်မဟုတ်ပေ။ အကယ်၍ ဒီနေ့ဒီနေရာမှာသာ မူလရွှီဇီယန်ဖြစ်နေပါက သူ့ထက်ပိုပြီးမစွမ်းဆောင်မှာ သူစိုးရိမ်သည်။
အရင်ကမ္ဘာမှာတုန်းက သူ့အသက်က၃၀နားနီးနေပြီဖြစ်ပြီး သူအေးချမ်းစွာနေထိုင်ခဲ့ရသည့် ဘဝကို သူပြန်လည်တွေးတောမိသည်။ စီးပွားရေးလောကကြီးဟာ အချင်းချင်းလိမ်လည်လှည့်ဖြားပြီး ရက်စက်စွာယှဉ်ပြိုင်ရသည့် လောကဆိုပေမယ့် သူတစ်ပါး၏အသက်ကို ဘယ်တော့မှရန်မရှာဘူး။ ထို့အပြင်……တကယ့်လက်တွေ့မှာ သူကလိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်တာကြောင့် သူ့ကိုယ်သူချီးကျူးထိုက်ပေသည်။
မူလရွှီဇီယန်၏ဘဝက အတော်ကိုတိုးတက်ကောင်းမွန်လှတာကြောင့် ရက်စက်ကြမ်းကြုတ်သည့် သေဆုံးခြင်း ဇာတ်ကြောင်းတွေကို သူ့လောက်သိတဲ့သူ ဘယ်သူမှမရှိဘူး——ဟုတ်တယ်မလား?
‘အားး………တစ်ခုချင်းစီ အရင်လုပ်ကြည့်ရမယ် အကယ်၍ ပိုပိုပြီးဆိုးရွားလာရင် အဓိကဇာတ်လိုက်ဆီကနေပဲ ပုန်းရှောင်ကြတာပေါ့’ ပိုင်ဟွဆီကနေ ခပ်ဝေးဝေးနေဖို့ ရွှီဇီယန် နောက်တစ်ခါဆုံးဖြတ်ချက် ချလိုက်သည်။
ထို့အပြင် မူလဇာတ်အကြောင်းအရဆိုရင် ပိုင်ဟွက သူ့အနားကို တစ်ယောက်ပြီးတစ်ယောက်ရောက်လာသည့် အခွင့်အရေးကောင်းတွေကိုရခဲ့ပေမယ့် ထိုအခွင့်အရေးမျိုးတွေနောက်ကို လိုက်ခဲ့ကြသည့် လူအားလုံးတွေဟာ ကြီးမားသည့်အန္တရာယ်နဲ့ ကပ်ဘေးတွေကျရောက်သွားသည်။ အခြားလူတွေထက် ပိုင်ဟွအားသူ့ချစ်သူတွေက အချိန်တိုင်း ကောင်းမွန်စွာစောင့်ရှောက်ပေးတာကြောင့် မရေမတွက်နိုင်သည့်လူများစွာဟာ ကပ်ဘေးကြောင့် သေဆုံးသွားကြရသည်။ ပိုင်ဟွ၏ချစ်သူတွေထဲက တစ်ယောက်မဖြစ်ဖို့ ရွှီဇီယန်ဆုံးဖြတ်လိုက်ပြီ———ထိုကပ်ဘေးတွေနဲ့လည်း သူဝေးဝေးနေရမည်။
ပြီးတော့ သူကဇာတ်လိုက်၏အခွင့်အရေးမျိုးတွေကို လိုချင်ပေမယ့်လည်း ဝတ္ထုရဲ့စည်းမျဉ်းတွေကို ရှင်းလင်းစွာဖော်ပြထားပြီးဖြစ်သည်။ ပိုင်ဟွ၏ချစ်သူသုံးယောက်မှလွဲ၍ ကျန်သည့်ပိုင်ဟွ၏ အခွင့်အလမ်းတွေကို ခိုးယူသည့်သူတိုင်း အသေဆိုးနဲ့သေရလိမ့်မည်………
ရွှီဇီယန် ဘာမှနားမလည်ဘဲ ဒီကမ္ဘာမှာပြန်ဝင်စားပြီးနောက် သူမသေချင်သေးပေ။ သူ့အသက်ကိုချစ်သည့်အနေနဲ့ ပိုင်ဟွဆီကနေလည်း သူပုန်းရှောင်ရဦးမည်!
တောင်နံရံကျော်ပြီးနောက် ခေါ်ဆောင်လာခဲ့သည့် လမ်းကျဉ်းလေးဟာ ပျောက်ကွယ်သွားပြီး ညီအကိုနှစ်ယောက်ဟာ တောင်ထိပ်သို့ ဆက်လက်ပြီးတက်လာကြသည်။
သူတို့လာနေသည့်အကွာအဝေးနဲ့ လျှိုကွမ်းဂိုဏ်းတောင်ထိပ်နေရာက တဖြည်းဖြည်းနီးကပ်လာသည်။ ဒါပေမယ့် ရွှီညီအကိုနှစ်ယောက်က တောင်ထိပ်သို့တက်နေကြစဉ် လျှိုကွမ်းဂိုဏ်း၏အဓိကခန်းမ၌ အကြီးအကဲတွေဟာ ရွှီညီအကိုနှစ်ယောက်အား တပည့်အဖြစ်လက်ခံဖို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြသည်……
စွမ်းရည်ရှိသည့်တပည့်တွေသာ လာခဲ့ပါက ဒီအကြီးအကဲတွေက ဘာမှတွေးတောမနေတော့ပေ။
မမျှော်လင့်ပဲ ဝေ့ရင်းကလည်း ဒီလိုကောင်းမွန်လှသည့် ပျိုးပင်ပေါက်လေး ရွှီညီအကိုနှစ်ယောက်အား လက်မလွှတ်ချင်ပါ။ ဘာမှယဉ်ကျေးမနေတော့ပဲ သူကလည်း ထိုအဖိုးကြီးတွေနဲ့အပြိုင် ငြင်းခုံလေသည်။
“ဝေ့ရင်း မင်းကဒီအထဲပါဝင်ပြီး ဘာလုပ်မှာလဲ? မင်းရဲ့ဝေ့မိသားစုက လူငယ်လေးက မင်းလက်အောက်ရောက်နေပြီးပြီ မဟုတ်ဘူးလား?” မုတ်ဆိတ်ဖြူ ဆံပင်ဖြူနဲ့ အကြီးအကဲက ဒေါသကိုလျော့ကာ ပင့်သက်ရှိုက်ရင်းပြောလိုက်သည်။ “သူ့လိုမျိုး ငယ်ရွယ်ပြီးတော်တဲ့ မျိုးဆက်ကိုရထားတာတောင် မင်းကဘာလို့ မကျေနပ်နိုင်သေးတာလဲ?”
ဝေ့ရင်းကလည်း တည့်တိုးပြန်ပြောလေသည်။
“ဟေ့! ကျွန်တော်အဲ့လို တစ်ခါမှမပြောမိဘူး အဲ့ကလေးက ဝေ့မိသားစုက ထူးချွန်တဲ့သူဖြစ်တာနဲ့ ကျွန်တော့်လက်အောက်ကို သူ့ဟာသူဝင်လာလိမ့်မယ်ဆိုတာ မသေချာဘူး”
“အိုး? အဲ့ဒါသာအမှန်ဆိုရင် ငါလည်းယဉ်ကျေးမနေတော့ဘူး” အသက်အလယ်အလတ်အမျိုးသမီးက တည်ငြိမ်စွာ ရယ်လိုက်ရင်း ပြော၏။
“ကြိုက်သလိုလုပ်” ဝေ့ရင်းကသူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “အဲ့ကောင်စုတ်လေးက တစုံတယောက်ကိုမှ သူ့ဆရာသခင်အဖြစ် မဆည်းကပ်ချင်ဘူးဆိုရင် မင်းသူ့လည်ပင်းကို ချိုးရင်တောင် သူငြင်းဆန်နေဦးမှာပဲ ဘာပဲဖြစ်ဖြစ် ငါလည်းသူ့ကို မထိန်းနိုင်ဘူး အကယ်၍ မင်းသာသူ့ကို သူ့ရဲ့ဆရာသခင်အဖြစ် ဆည်းကပ်ခိုင်းစေချင်တယ်ဆိုရင် အဲ့ဒါကတော့ မင်းရဲ့အရည်အချင်းပေါ်မူတည်တယ်”
အလယ်အလတ်အမျိုးသမီး၏မျက်လုံးက တစုံတခုလင်းလက်သွားသည်။ ဝေ့ချင်းအား အဖွဲ့ဝင်အသစ်လက်ခံဖို့ သူမကဖြစ်နိုင်သမျှတွေကို တွေးဆနေတော့သည်။
ငယ်ရွယ်သည့်မိန်းမပျိုလေးက အေးစက်ပြီးမာနကြီးသည့် အမျိုးသမီး၏အင်္ကျီလက်အား ဆွဲလိုက်သည်။
“အမကြီးကျိုး ကြည့်ကြည့်……ဒီရွှီဇီရုန်က အရမ်းစွမ်းအားကြီးတာနော် အမကြီး သူ့ဆရာသခင်အဖြစ်လုပ်ပြီး သူ့ကိုတပည့်အဖြစ် လက်ခံလိုက်ပါလား?”
ကျိုးရွယ်ထင်က ရယ်ကာပြန်လည် တုံ့ပြန်လေသည်။
“ရှောင်ထောင် မင်းကဘာလို့ ရုတ်တရက်ကြီးအဖွဲ့ဝင်အသစ်စုဆောင်းဖို့ကို တွေးမိလိုက်တာလဲ?”
ရှောင်ထောင်——ငယ်ရွယ်သည့်မိန်းမပျိုလေးဟာ ထုံးစံအတိုင်း ချစ်စရာကောင်းသည့်ပုံစံဖြင့် ကြည့်နေပြီး ခေါင်းယမ်းလိုက်သည်။
“ဟီး ဟီး ဒီရွှီဇီရုန်က အတော်လေး နူးညံ့တယ်လို့ အမကြီးမတွေးမိဘူးလား? အကယ်၍ အနာဂတ်မှာသာ သူအရွယ်ရောက်လာရင် ကျွန်မတို့ရှူယွင့်တောင်ထွတ်က အမျိုးသမီးတပည့်တွေနဲ့ တိုက်ခိုက်နိုင်လောက်ပြီ အဲ့ဒီအချိန်ရောက်လာရင် ကျွန်မတို့ရှူယွင့်တောင်ထွတ်က လျှိုကွမ်းဂိုဏ်းမှာ အကျော်ကြားဆုံးတောင်ထွက်ဖြစ်ပြီ!”
ကျိုးရွယ်ထင်ကတော့ ပုံမှန်အတိုင်း ခံစားချက်မရှိသည့် ပုံစံသာဖြစ်နေသည်။ ဒါပေမယ့် သူမက ရှောင်ထောင်နဲ့သာဆိုရင် ထိုကလေးမလေး၏ မျက်နှာပြောင်ပြောင်ပြောဆိုတာတွေ စိတ်ကူးစိတ်သန်းတွေက အမြဲတမ်း သူမကိုပြုံးအောင်လုပ်ပေးလေသည်။
“အဓိပ္ပါယ်မရှိတာ” သူမကရှောင်ထောင်အား အပြစ်တင်ပြောဆိုလိုက်သည်။ “ဒီရွှီဇီရုန်ရဲ့ သစ်သားဒြပ်စင်ကျင့်စဉ်က……”
“အဲ့ဒါကမကောင်းလို့လား? အမကြီးလည်း သစ်သားဒြပ်စင်ကျင့်စဉ်ကျင့်တာပဲလေ အချိန်ကျလာရင် သူ့ကိုအကြံဉာဏ်တစ်ချို့ပေးလိုက်ပြီး ပိုပြီးတော့လွယ်ကူသွားမှာမို့ ဘာအရေးမပါတာမှ မဖြစ်တော့ဘူးပေါ့!” ရှောင်ထောင်ကစကားကို ဖြတ်ပြောလိုက်သည်။
ကျိုးရွယ်ထင်ခေါင်းခါလိုက်သည်။
“ငါတို့တွေက သူ့ကိုရေမှန်ကနေပဲ ကြည့်နေရတာ ဒါပေမယ့် ဟုန်ယွင်ကို သူတိုက်ခိုက်တုန်းက သူ့ရဲ့ကြီးမားတဲ့သွေးနွယ်ပင်သုံးပင်က သစ်သားဒြပ်စင်ကျင့်စဉ် တစ်ခုတည်းနဲ့သုံးလိုက်တာ မဖြစ်နိုင်ဘူး”
“ဘာများထူးဆန်းလို့လဲ?” ရှောင်ထောင်က သဘောမကျသည့်အမူအရာဖြင့် မေးလိုက်သည်။
“ငါသူ့ရဲ့အချက်အလက်ကို ဖတ်ထားပြီးသား ဒီရွှီဇီရုန်က တြိဝိညာဉ်သွေးကြောဖြစ်တဲ့ ရေ၊သစ်သားနဲ့ကမ္ဘာမြေကြီး ရှိတာ အဲ့ဒီစွမ်းအားတွေအားလုံးကို ရောလိုက်ရင်တောင် သူ့ရဲ့သစ်သားဒြပ်စင်ကျင့်စဉ်က ဘယ်လောက်မှထူးဆန်းလာမှာမဟုတ်ဘူး ပြီးတော့……သူက၁၁နှစ်ပဲရှိသေးတာ သူ့ရဲ့ပင်ကိုယ်စွမ်းရည် တြိဝိညာဉ်သွေးကြောနဲ့ အဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်အထိ ကျင့်ကြံထားပြီးပြီ အဲ့ဒါကြောင့် သေချာစဉ်းစားကြည့်လိုက်ရင် သူ့ရဲ့ခန္ဓာကိုယ်က ကျင့်ကြံဖို့ကိုက်ညီတဲ့ ခန္ဓာကိုယ်ဟုတ်ရင်ဟုတ် မဟုတ်ရင်……သူ့ရဲ့သဘောပေါက်နားလည်နိုင်စွမ်းက အလွန်ကိုမြင့်မားနေလို့ပဲ ဖြစ်ရမယ်”