Chapter 48
Chapter 48
ကျိုးရွယ်ထင်၏ရင်ထဲ၌ အနည်းငယ် ဂယက်ရိုက်သွားသည်။ သူတို့၏ရှူယွင့်တောင်ထွတ်က ကျင့်ကြံခြင်းကျင့်စဉ်တွေကို ကျင့်ဖို့ သဘောပေါက်နားလည်နိုင်စွမ်းရှိရန် အလွန်အရေးကြီးပေသည်။ သူမလိုလူမျိုး သူမလိုအသက်နှစ်အရွယ်နဲ့ ရွှေအမြုတေကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေတာ အကြောင်းပြချက် နှစ်ခုရှိသည်။ ပထမအကြောင်းပြချက်က သူမက လျှိုကွမ်းဂိုဏ်းမှာ ကြီးပျင်းလို့ပဲဖြစ်သည်။ သူမရဲ့အကြီးအကဲတွေက သူမကိုလိုလေသေးမရှိ စီမံဆောင်ရွက်ပေးပြီး အမျိုးမျိုးသော အင်အားအရင်းအမြစ်တွေကိုလည်း ထောက်ပံ့ပေးသည်။ ဒါပေမယ့် ဒုတိယအကြောင်းပြချက်ကတော့ ထုံးစံအတိုင်းပဲ သူမကအလွန်အံ့အားသင့်စရာကောင်းသည့် သဘောပေါက်နားလည်နိုင်စွမ်း အရည်အချင်းကိုပိုင်ဆိုင်ထားလို့ပဲဖြစ်သည်။
လူတွေထဲမှာ ဝိညာဉ်သွေးကြော ကောင်းမွန်သည့်လူတွေကို ရှာဖွေဖို့လွယ်ကူပေမယ့် ကျင့်ကြံသူတွေထဲမှာတော့ သဘောပေါက်နားလည်နိုင်စွမ်း ကောင်းမွန်သူကို ရှာဖွေရန်ခက်ခဲလှပေသည်။ သူတို့ရဲ့ရှူယွင့်တောင်ထွတ် တစ်ခုလုံးမှာ ကျိုးရွယ်ထင်က သဘောပေါက်နားလည်နိုင်စွမ်း အရည်အချင်းအကောင်းဆုံးဆိုတာကို အားလုံးကတွေးမိကြသည်။
ဘာလို့လဲဆိုတော့ ရှူယွင့်တောင်ထွတ်ရဲ့ကျင့်စဉ်တွေက သဘောပေါက်နားလည်နိုင်စွမ်းအလွန်မြင့်မှ ကျင့်ကြံနိုင်တာဖြစ်ပြီး သူတို့တောင်ထွတ်ရှိ တပည့်အရေအတွက်ကလည်း လျှိုကွမ်းဂိုဏ်း၏ အဓိကတောင်ထွတ်ခုနှစ်ခုအနက် အနည်းဆုံးလူအရေအတွက်ဖြစ်သည်။ သူတို့ရဲ့ဆရာသခင်က အရမ်းကိုထူးချွန်ပြီး အခြားတောင်ထွတ်ကသခင်တွေထက် ခေါင်းတစ်လုံးသာအောင် အမတဝိညာဉ်အခြေတည်စအဆင့်ကို နှောင်းပိုင်းအဆင့်ထိကျင့်ကြံပြီးထားသောကြောင့်သာ မဟုတ်လျှင် ရှူယွင့်တောင်ထွတ်ကနေ သူတို့တွေပြောင်းရွေ့သွားရပြီဖြစ်သည်။
သူမဟာ ကျိုးရွယ်ထင်၏ရင်ထဲ ဂယက်ရိုက်သွားတာကို မြင်လိုက်ပြီး ရှောင်ထောင်ကပိုစိတ်ဓာတ်ကျသွားသည်။ သူမ၏အမြင်အရဆိုရင် ရွှီဇီရုန်က ဘယ်လိုပဲကြည့်ကြည့် အတော်လေးကောင်းမွန်သည်။ သူ့ရဲ့အမှတ်တွေကလည်း သိပ်မဆိုးဘူး။ အကယ်၍ သူတို့တွေသာ သူ့ကိုရှူယွင့်တောင်ထွတ်ထဲ လူသစ်မခေါ်သွင်းပါက သူတို့တောင်ထွတ်က အားလုံးကိုရှုံးသွားလိမ့်မည်။
“တော်လောက်ပြီ ရှောင်ထောင် မင်းကအရမ်းသိပ်ဆူတာပဲ ငါခေါင်းတောင်ကိုက်လာပြီ” ကျိုးရွယ်ထင်က သူမနားထင်ကို ပွတ်လိုက်သည်။ ဒါပေမယ့် ရှောင်ထောင်က ပိုစိတ်လှုပ်ရှားသွားကာ သူမအသံကပိုပိုပြီးကျယ်လာတော့သည်။ အဓိကခန်းမဆောင်မှာ အခြားလူတွေကလည်း စကားများနေကြပေမယ့် ရှောင်ထောင်က ထိုးဖောက်ဝင်ရောက်နိုင်သည့် အသံမျိုးကို ပိုင်ဆိုင်ထားတာဖြစ်သည်။
“အိုး? ရွယ်ထင် မင်းကလည်း မင်းရဲ့ဆရာသခင်ကိုယ်စား တပည့်လက်ခံဖို့ ရည်ရွယ်ထားတာလား?” အသက်အရွယ်ကြီးရင့်နေပြီး မုတ်ဆိတ်ဖြူတွေနဲ့လူတစ်ယောက် ခင်မင်ရင်းနှီးစွာ မေးလိုက်သည်။
ကျိုးရွယ်ထင်ကလည်း ချက်ချင်းပြန်ဖြေလေသည်။
“ဟုတ်ပါတယ် ကျင့်ကြံသူဦးလေးဝူ ရှောင်ထောင်က ဒီရွှီဇီရုန်ဆိုတဲ့တစ်ယောက်ကို ကျွန်မဆီအကြံလာပေးလို့” သူမပြောလို့ပြီးသည်နှင့် ရှောင်ထောင်အား အကူအညီမဲ့သည့်အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။
ရှောင်ထောင်က လျှာထုတ်ကာ ပြောင်ပြလိုက်ပြီးနောက် သူမကိုယ်လေးကိုကျုံ့ကာ စကားထပ်မပြောရဲတော့ပေ။
ဒီကျင့်ကြံသူဦးလေးဝူက အလွန်ကောင်းသည့် လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမယ့် အကြောင်းပြချက်မရှိဘဲ သူတို့ဆရာသခင်အား အမြဲလိုလို သွားစိန်ခေါ်လေ့ရှိသည်။ သူတို့တွေ၏ သူငယ်ချင်းဆက်ဆံရေးက သူတို့ရဲ့ငြင်းခုံ စကားများတာကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဆယ်စုနှစ်ချီနေပြီဖြစ်သည်။ ဒါပေမယ့် သူတို့တွေကတော့ ကလေးတွေလိုပဲ အချိန်တိုင်းလိုလို တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေကြစမြဲဖြစ်သည်။
“ရွှီဇီရုန်?” ဒီကလေးက အလွန်ဉာဏ်ကောင်းပြီးတော့ သူ့အကို,ကို အမြဲတမ်း ကာကွယ်ပေးလေ့ရှိတယ်ဆိုတာကို မုတ်ဆိတ်ဖြူဖြူနဲ့အကြီးအကဲက သိပေသည်။ ဒီရှောင်ထောင်က အမြင်စူးရှလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
သူကရှောင်ထောင်အား ကြည့်လိုက်သည့်အချိန်တွင် သူမဟာကျိုးရွယ်ထင် အနောက်မှာ ယုံကြည်မှုနည်းစွာ ပုန်းကွယ်နေလေသည်။ ဒီကလေးမလေးက ဒီလိုအလားအလာရှိသည့် တပည့်ကို အဲ့ဒီအဖွားကြီး(ကျိုးရွယ်ထင်၏ဆရာသခင်)ဆီကနေ သူလုမှာစိုးရိမ်နေသည်ဆိုတာ သူသဘောပေါက်သွားသည်။
အဲ့အကြောင်းပြောရရင်………လွန်ခဲ့သုံးနှစ် ဒါမှမဟုတ် ငါးနှစ်လောက်က သူနောက်ဆုံး တပည့်လက်ခံခဲ့တာမလား?
အသက်အရွယ်ကြီးရင့်လူဟာ သူ၏မုတ်ဆိတ်မွေးနားအထိ ကျနေသည့် သူ၏ဆံပင်ဖြူအား ပွတ်သတ်ရင်း တွေးတောလိုက်သည်။ ဟင်း ဒီတပည့်အတွက် သူအဲ့ဒီအဖွားကြီးနဲ့ တိုက်ခိုက်ရင်ကောင်းမလား?
ဒါပေမယ့် မျက်တောင်တစ်ချက်ခတ်ကာ သူထိုအတွေးကို လက်လျော့လိုက်ပြီး သူ့စိတ်ထဲကနေ ထုတ်လိုက်တော့သည်။ အဲ့ဒီအဖွားကြီးကလည်း ဒီမှာမှမရှိတာ။ အကယ်၍ သူဒီတပည့်ကိုလုလိုက်နိုင်ရင်လည်း သူထူးချွန်အောင် လုပ်ပေးနိုင်မှာမဟုတ်ပေ။
မုတ်ဆိတ်ဖြူဖြူအကြီးအကဲကတော့ ရွှီဇီရုန်အား အာရုံမစိုက်တော့ချေ။ သူကျင့်သည့်ကျင့်စဉ်နဲ့ ရွှီမိသားစုကညီအကိုနှစ်ယောက်နဲ့ ဘယ်လိုမှမကိုက်ညီပေ။ ဒါကြောင့် ဘယ်လောက်ပဲ အောင်မြင်ကျော်ကြားနေပါစေ ဒီကောင်လေးနှစ်ယောက်က သူ့ကို သူတို့၏ဆရာသခင်အဖြစ် လက်ခံမှာမဟုတ်ဘူး။
အဓိကခန်းမဆောင်အတွင်းက ရွှေအမြုတေအကြီးအကဲ တော်တော်များများက ရေမှန်ကဖြစ်ပျက်သမျှကို ဂရုတစိုက်ကြည့်ရှုကြသည်။ ရေမှန်ထဲမှာ ပေါ်နေသည့်လူတွေက ‘ကြိုတင်ပြင်ဆင်ထားသည့် တပည့်တွေ’ဖြစ်ပြီး သူတို့အာရုံအစိုက်ဆုံး လူတွေသာဖြစ်သည်။
မုတ်ဆိတ်ဖြူဖြူအကြီးအကဲကတော့ အမြဲတမ်း ရှဟုန်လျန်ကိုပဲ အနီးကပ်စောင့်ကြည့်လေသည်။ ရှဟုန်လျန်၏ရေနှစ်မျိုးနဲ့ သစ်သားစိတ်ဝိညာဉ်သွေးကြောက သူကျင့်ကြံသည့်ကျင့်စဉ် သိုဝှက်သစ်သားကြာပန်းကျင့်စဉ်၏ပြယုဂ်နဲ့ အလွန်အမင်းကို အံဝင်ခွင်ကျဖြစ်ပေသည်။ ဒါပေမယ့် ဒီရှဟုန်လျန်က အကျော်ကြားဆုံးတပည့်တွေထဲမှာ ပါဝင်ပြီး အားလုံးကလည်းလုယှက်နေကြတာကြောင့် သူမကိုသူရ၊မရဆိုတာ မသေချာပေ။
တစ်ချိန်ထဲမှာပင်——
ရွှီဇီယန်နဲ့ရွှီဇီရုန်က ရေသူမနှင့်တိုက်ခိုက်သည့် အတွေ့အကြုံ စာမေးပွဲကိုဖြေဆိုပြီးနောက် တောင်လမ်း၏အနောက်ဘက်က မြေပြန့်ဆီသို့ လျှောက်လာကြပြီး တောင်ထိပ်သို့ ချီတက်လာကြသည်။ တစ်နာရီနီးပါးလောက် လမ်းလျှောက်ပြီးနောက် သူတို့တွေ တောင်ထိပ်သို့ ရောက်ရှိသွားတော့သည်။
ထိုတောင်ထိပ်ဟာ တစ်နေရာတည်းမှာပင် အခြားတောင်ထိပ်တစ်ခုနဲ့ ဆက်သွယ်ထားသည်။ ထိုတောင်ထိပ်နှစ်ခုကို သစ်သားတံတားဖြင့် ဆက်သွယ်ထားပြီး တစ်ချီ(၀.၃၃၃မီတာ)ကျယ်ဝန်းသည်။
မီးခိုးရောင်ကျောက်စာတိုင်က ထိုသစ်သားတံတား၏ ဘေးဘက်၌ ထောင်ထားသည်။ ကြီးမားသည့်စာလုံးသုံးလုံးက ထိုကျောက်စာတိုင်ပေါ်မှာ ထွင်းထုထားသည် : ‘လီချိန်တံတား’(ဖုန်မှုန့်တွေကိုထားခဲ့ပါ) ထိုအဓိပ္ပါယ်က သာမန်လောကကြီးကနေ မိမိကိုယ်ကို ခွဲထွက်လာခြင်းလို့ ဆိုလိုပေသည်။
ရွှီဇီယန် အသက်ကိုပြင်းပြင်း ရှူထုတ်လိုက်သည်။ ခါတိုင်းနဲ့မတူဘဲ သူရွှီဇီရုန်၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူလီချိန်တံတားပေါ်၌ လျှောက်နေစဉ် အချိန်တွင် အရင်တုန်းက ငြိမ်းချမ်းပြီး ပျော်ရွှင်စရာကောင်းသည့် နေ့ရက်တွေကို သူဘယ်လိုမှပြန်သွားလို့မရတော့ဘူးဆိုသည့် အဓိပ္ပါယ်ကျရောက်ပေသည်။ ဒီလိုအချိန်မျိုးအတွက် ရွှီဇီယန် သူ့စိတ်ကို အရင်ကတည်းက ပြင်ဆင်ထားပေမယ့်လည်း သူအနည်းငယ်တော့ စိုးရိမ်ပူပန်နေသည်မှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။
ရွှီဇီရုန်ကို ကျင့်ကြံခြင်းလောကနဲ့ ဝေးဝေးမှာနေခိုင်းပြီး သူတို့တွေ မြို့လေးသေးသေးမှာပဲ ဒီဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်လို့ သူတွေးခဲ့ဖူးသည်။ ဒါပေမယ့် ရွှီဇီရုန်၏အနာဂတ်တစ်ခုလုံးကို သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်စွာ မဆုံးဖြတ်ချင်ဘူး။
ထို့အပြင်……နောက်ဆုံးတော့ အဖြစ်မှန်ပေါ်သွားပြီး သူကကျင့်ကြံခြင်းလမ်းစဉ်တွေကို ပုန်းရှောင်နေမှန်းသာ သိသွားရင် ရွှီဇီယန် သူ့ကိုယ်သူပဲ အထင်သေးမိလိမ့်မည်။
“ကိုကို?” ရွှီဇီရုန်ဟာ ရွှီဇီယန်အား စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေသည်။ သူ့ကိုကိုကဘာလို့ တွန့်ဆုတ်နေရလဲဆိုတာ သူနားမလည်ပေ။
ရွှီဇီယန်ဒီတံတားပေါ်၌ လျှောက်နေစဉ် ဒီစာမေးပွဲမှာ သူအောင်မြင်ခဲ့တာကြောင့် အတွင်းဂိုဏ်းတပည့်တွေထဲမှာ ထိပ်ဆုံးဖြစ်လာလိမ့်မည်။ အကယ်၍ အခြားစာမေးပွဲတစ်ခု ကျန်သေးရင်တောင် လျှိုကွမ်းဂိုဏ်း၏အကြီးအကဲတွေက သူ့လိုမျိုးတော်တဲ့လူကို လက်လွှတ်မှာမဟုတ်ဘူး။
ရွှီဇီရုန်ကတော့ သူ့မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး စိတ်မပူပေ။ သူ့ကျင့်စဉ်အဆင့်က ဒီအသက်အရွယ်လေးနဲ့ မြင့်မားနေတာကြောင့် လျှိုကွမ်းဂိုဏ်း၏ အပြင်ဂိုဏ်းတပည့်တော့ သေချာပေါက်ဖြစ်လာမှာမဟုတ်ဘူး။ ပြီးတော့ ဘယ်အကြီးအကဲကို သူ့ဆရာသခင်အဖြစ် ရွေးရမလဲဆိုတာလဲ ရွှီဇီရုန် ဂရုမစိုက်ဘူး။
ထို့အပြင် သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်က ပထမတန်းစား ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်သည်။ သူကထိုနှလုံးကျမ်းဂန်ကို ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် သူအနေနဲ့ ဘယ်အရာကိုမဆို လေ့လာလို့ရပေသည်။
“ငါအဆင်ပြေပါတယ်” သူကရွှီဇီရုန် စိတ်ပူနေသည့် အကြည့်ကို မြင်လိုက်ပြီးနောက် ရွှီဇီယန်စိတ်ဟာ နူးညံ့သွားပြီး သူ့မျက်လုံးတွေက တည်ငြိမ်သွားသည်။
သူကသစ်သားတံတားပေါ်ကနေ မြူတွေဖြင့်ဝန်းရံနေသည့် ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ခဏအကြာမှာတော့ သူ့မျက်လုံးကိုပြန်ဖွင့်လိုက်ကာ သူ့မျက်လုံးထဲက စိတ်ရှုပ်ထွေးမှုတွေ အကုန်လုံးပျောက်သွားတော့သည်။
ရွှီဇီယန်က လီချိန်တံတားပေါ်ကနေ လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းလာသည်။ သူတစ်ဖက်တောင်ထိပ်သို့ ရောက်ရှိချိန်၌ အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ယောက်က သူ့အား အပြုံးဖြင့်ကြည့်နေသည်။
“ဂုဏ်ယူပါတယ် မင်းကဒီနေရာကို ပထမဆုံးရောက်ရှိတဲ့လူပါ” ထိုလူ၏မျက်နှာပေါ်က အပြုံးက အလွန်တည်ငြိမ်ပြီး တစ်ဖက်လူအား ရင်းနှီးသည့် ခံစားချက်ကို ပြုလုပ်ပေးသည်။
“ကျေးဇူးတင်ပါတယ်” ရွှီဇီယန်က သူ၏ကျေးဇူးတင်စကားကို ဖိပြီးပြောလိုက်သည်။ ဒါကလီချန်တံတား၏ အကျိုးသက်ရောက်ဟုတ်လား မဟုတ်လား ဆိုတာတော့ သူမသိဘူး ဒါပေမယ့် သူထိုတံတားပေါ်ကနေ လျှောက်လှမ်းလာပြီးနောက် သူ့ရင်ထဲက ဝန်ထုပ်ဝန်ပိုးကြီးက လျော့ကျသွားသည်။ ဒီနှစ်တွေအတွင်းမှာ စိတ်ရှုပ်စရာကောင်းသည့် သူ့ရင်ထဲက အထုံးအဖွဲ့တွေဟာ အစအနမကျန်အောင် ပျောက်ကွယ်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အသစ်ဖြစ်သွားသလို သူခံစားလိုက်ရသည်။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူ၏ အကြည့်တွေက ရွှီဇီယန်ပခုံးအနောက်က လူကိုကျော်၍ကြည့်လိုက်သည်။
ရွှီဇီယန်ကလည်း ထိုလူ၏အကြည့်အတိုင်း လိုက်ကြည့်လေသည်။ မမျှော်လင့်ပဲ ရွှီဇီရုန် လီချိန်တံတားကို ဖြတ်သည့်အချိန်၌ လျှိုကွမ်းဂိုဏ်း၏ အဓိကတောင်ထွတ်ထဲက တစ်ခုဖြစ်သည့် ချန်ယွမ်တောင်ထွတ်ကို ရောက်ရှိသွားသည်။
“မင်းကဒီနေရာကို ဒုတိယမြောက် ရောက်ရှိတဲ့လူပါ ဂုဏ်ယူပါတယ်” အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူက ရွှီဇီရုန်နှင့် မျက်နှာချင်းဆိုင်နေသည့် အချိန်တွင် ထိုလူ၏အမူအရာဟာ အနည်းငယ်အေးစက်နေသည်။ ထိုလူက ရွှီဇီရုန်အား စိတ်မပါသည့် အကြည့်ဖြင့်ကြည့်ကာ ဘာမှတော့မပြောပေ။
ရွှီဇီရုန်ကတော့ ထိုလူ၏အမူအရာကို သတိမထားမိချေ။ လက်ရှိ သူ့အမူအရာက အတော်လေး စိတ်ရှုပ်ထွေးနေပြီး သူစိုးရိမ်ပူပန်နေတယ်ဆိုတာ ရွှီဇီယန်ကလည်း သတိထားမိပေသည်။
“မင်းကငါ့ဂိုဏ်းထဲကို ဝင်သွားပြီဆိုတော့ ငါ့စည်းမျဉ်းအတိုင်း မင်းနေရမယ် မင်းရဲ့လူသတ်နိုင်စွမ်းက အလွန်စွမ်းအားကြီးတယ် အကယ်၍ မင်းရဲ့အနီးစပ်ဆုံးလူကို မသိခိုင်းစေချင်ဘူးဆိုရင် မင်းလူသတ်တော့မယ်ဆိုရင် မင်းသေချာသတိထားရမယ်” အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူက ထိုစကားကို သူ့နားအတွင်းသို့ ထုတ်လွှင့်လိုက်တာကြောင့် ရွှီဇီရုန် စိတ်ထင့်သွားသည်။
『K: မင်းအကို,ကို မင်းအကြောင်း မသိစေချင်ရင် ငါ့ဂိုဏ်းထဲဝင်လို့ပြောတာပါ』
ရွှီဇီရုန်မျက်လုံး ကျဉ်းမြောင်းသွားပြီး သူ့အရှေ့ကလူအား တင်းမာစွာစိုက်ကြည့်လိုက်သည်။
“ဇီရုန်? ဘာဖြစ်လို့လဲ?” ရွှီဇီယန်ရင်ထဲတုန်လှုပ်သွားသည်။ သူတို့အရှေ့ကထိုလူက ရွှီဇီရုန်အား မနှစ်သက်ဘူးဆိုတာ သူသတိထားမိပေမယ့် ဇီရုန်က တစ်ဖက်လူအား မုန်းတီးစွာစိုက်ကြည့်လိမ့်မည်လို့ သူဘယ်လိုမှထင်မထားခဲ့ပေ။
အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူ၏ မျက်လုံးထဲက ရန်လိုသည့်အကြည့်တွေက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ သူကရွှီဇီရုန်အား စိတ်မဝင်စားသည့် အကြည့်ဖြင့်သာကြည့်လိုက်သည်။ ဒါပေမယ့် ထိုအကြည့်ဟာ ရွှီဇီရုန်အား အလွန်ဒေါသထွက်သွားစေပြီး သူကသူ့ခေါင်းကို ဦးညွှတ်လိုက်သည်။
သူ၏ဖြူဖွေးလှသည့် နဖူးပေါ်မှာ ချွေးအအေးတွေက စီးဆင်းနေသည်။ နှစ်တစ်နှစ်ရဲ့ အအေးဆုံးနေ့ဖြစ်သည့် ဆောင်းယဉ်စွန်းချိန် ၂၇ရက်အတွင်းမှာ တစ်စုံတစ်ယောက်က သူ့အားရေခဲရေပုံးဖြင့် လောင်းချလိုက်သလို ရွှီဇီရုန်ခံစားနေရသည်။ ထိုလူဟာ သူ့အကြောင်းကို အလုံးစုံသိမြင်နေသလို ခံစားရသည်။
သူကဒီလူရဲ့ကစားစရာမဟုတ်ဘူး!
သူတို့အရှေ့မှာ ရပ်နေသည့် အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူဟာ အလွန်အမင်း အန္တရာယ်များသည့် ခံစားချက်မျိုး ထွက်ပေါ်လာတော့သည်။ သူ၏လက်ရှိကျင့်စဉ်ကလည်း ကလေးသာသာ ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ပြီးရုံသာဖြစ်တာကြောင့် သူ့အရှေ့ကလူ၏ ပြိုင်ဘက်ဘယ်လိုမှမဖြစ်နိုင်ပဲ ဒီတောင်ထွတ်မှာ သူ့အရင်ဘဝက ပုံစံအတိုင်း ပြန်ဖြစ်မှာ ရွှီဇီရုန်အလွန်စိုးရိမ်ပေသည်။
သူခဏလောက် စိတ်တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ရွှီဇီရုန် တစုံတခုကို သဘောပေါက်သွားလေသည်။ ထိုလူက သူ့အကြောင်းကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ အဲ့လိုမဟုတ်ခဲ့ရင် တစ်ဖက်လူကလည်း သူ့အား ထိုစကားကို ပြောခဲ့မှာမဟုတ်ဘူး။
ရွှီဇီရုန်က သူ၏ရန်လိုသည့် အကြည့်အား ထိန်းချုပ်လိုက်သည်။ ထို့နောက် ထိုလူအား လေးစားစွာ အရိုအသေပေးလိုက်ပြီး သူတည်ငြိမ်စွာ ပြောလိုက်သည်။
“ကျွန်တော်တောင်းပန်ပါတယ် လက်ရှိမှာ ကျွန်တော့်ရဲ့စိတ်အခြေအနေက မကောင်းတာကြောင့် ကျွန်တော်ရိုင်းပြမိသွားပါတယ်”
“ကိစ္စမရှိပါဘူး” အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ထိုလူက အရင်အတိုင်း ဂရုမစိုက်ဟန်သာရှိနေသည်။ ရွှီဇီရုန်ကထိုလူအပေါ် လေးစားသလို ဆက်ဆံတာပဲဖြစ်ဖြစ် ရန်လိုစွာ ဆက်ဆံတာပဲဖြစ်ဖြစ် ထိုလူအလေးမထားပေ။
ရွှီဇီယန်မျက်မှောင်ကြုတ်လိုက်သည်။ လက်ရှိမှာ တစုံတခုတော့ ဖြစ်နေတယ်ဆိုတာ သူခံစားမိသည်။ ရွှီဇီရုန်က သူ့အရှေ့မှာဆိုရင် အလွန်ချစ်စရာကောင်းပြီး လိမ်မာပေမယ့် သုံးနှစ်ကြာပြီးနောက် တစ်ဖက်လူက အရမ်းခေါင်းမာတာကို သူသဘောပေါက်လာခဲ့သည်။ အကယ်၍ ရွှီဇီရုန်က ဘာမှမပြောချင်ပါက ရွှီဇီယန်ကလည်း သူ့ပါးစပ်ကနေ ဘာအချက်အလက်ကိုမှ မေးမည်မဟုတ်ပေ……
“ဒီကနေတည့်တည့်သွားလိုက် တတိယစာမေးပွဲ မစခင် အားလုံးစုံနေမှဖြစ်မှာ ဒီကွင်းပြင်ရဲ့အပြင်ဘက် ပထမဆုံးက ခန်းမဆောင်မှာ မင်းတို့အနားယူလို့ရတယ်” အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်ထိုလူက နူးညံ့စွာ ပြောလေသည်။
ရွှီဇီယန် ထိုလူအား ကျေးဇူးတင်ပြီးနောက် ရွှီဇီရုန်နဲ့အတူ အမြန်လျှောက်လှမ်းလာတော့သည်။ ဒီအပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူကယဉ်ကျေးသည့်ပုံပေါက်ပေမယ့် ထိုလူက ဇီရုန်ကို ရန်လိုနေမှန်း သူခံစားမိသည်။
“ကိုကို ကျွန်တော်အဆင်ပြေပါတယ်” ရွှီဇီရုန်စိတ်ဟာ ပြန်လည်နူးညံ့သွားပြီး သူ့မျက်နှာက အမူအရာကလည်း ကောင်းမွန်သွားသည်။
ထိုလူက အလွန်ကိုစွမ်းအားကြီးတယ်ဆိုတာ သူယုံကြည်ပေမယ့် သူပြန်လည်မွေးဖွားလာတာကိုတော့ ထိုလူသေချာပေါက်သိမှာမဟုတ်ဘူး။ အဲ့လိုသာဆိုရင် ထိုအပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်လူက သူ့ကိုယ်ပေါ်ကသွေးနံ့ကို လေထဲကနေတစ်ဆင့် သတိထားမိသွားတာဖြစ်နိုင်ပြီး ထိုလူကလည်း မိစ္ဆာကျင့်စဉ်ကို ကျင့်ဖူးသူဖြစ်လိမ့်မည်။
ဤအကြောင်းအရာကို တွေးပြီး ရွှီဇီရုန် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ သူ့အရင်ဘဝတုန်းက လျှိုကွမ်းဂိုဏ်းဟာ ဘယ်လိုအကြောင်းကြောင့်မှ သူ့လမ်းမှာလာဝင်မရှုပ်ခဲ့ပေ။ ဘာလို့လည်းဆိုတော့ မိစ္ဆာကျင့်စဉ်ကျင့်ကြံသူတွေအပေါ်ထားသည့် လျှိုကွမ်းဂိုဏ်း၏သဘောထားက အခြားသော တရားမျှတသည့်ဂိုဏ်းတွေထက် ပိုမိုကောင်းမွန်သည်။ မိစ္ဆာကျင့်ကြံသူတစ်ယောက်တည်း ရပ်တည်နေသည့် တိုက်ပွဲမျိုးကို ထိုဂိုဏ်း၏ကျင့်ကြံသူတွေက မတိုက်ခိုက်ချင်ကြပေ။ တစ်ခါတစ်လေကျရင် တရားမျှသည့်ဂိုဏ်းတွေရဲ့ အကျင့်မကောင်းသည့်လူတွေက မိစ္ဆာကျင့်ကြံသူတွေထက်တောင် ရက်စက်သည့်အရာတွေ ပြုလုပ်တတ်ကြသည်။
သူတို့နှစ်ယောက် ဘယ်လောက်မှမလျှောက်ရသေးခင် ခမ်းနားပြီးလှပသည့် ခန်းမဆောင်ကြီးကို မြင်လိုက်ရသည်။ တံခါးကို တင်းကျပ်စွာပိတ်ထားပြီး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်နှစ်ယောက်က တံခါးမှာ စောင့်ကြပ်နေသည်။ ဒါပေမယ့် တံခါးရဲ့အခြားတစ်ဖက်၏ခန်းမကတော့ ဖွင့်ထားပြီး အတွင်းထဲမှာ အစားအစာတစ်ချို့နဲ့ ရေတွေ ထားထားသည်။
“ဒီနေရာကို ဘယ်သူတွေလာတာလဲ?” အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်နှစ်ယောက်ထဲက တစ်ယောက် ခက်ထန်စွာမေးလိုက်သည်။
“အတွင်းဂိုဏ်းတပည့် ရွှီဇီယန်/ရွှီဇီရုန်ပါ ဒီကရှစ်ရှုန်းနှစ်ယောက်လုံးကို တွေ့ရတာဝမ်းသာပါတယ်” ညီအကိုနှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း ဖြေလိုက်သည်။
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်က သူတို့၏အဖြေကို ကြားတာနှင့် ချက်ချင်းပြုံးလိုက်၏။
“အဲ့ဒီတော့ ဒီကရှစ်တိနှစ်ယောက်ပဲ ဖြစ်ရမယ် ကျေးဇူးပြုပြီး ခဏလောက် စောင့်နေကြပါဦး တတိယစာမေးပွဲကို ဒီနေရာမှာ စာမေးပွဲဖြေဆိုသူတွေ အာလုံးဆုံမှစလို့ရမှာ”
ရွှီဇီယန် ထိုနှစ်ယောက်အား ကျေးဇူးတင်စကားပြောပြီးနောက် တစ်ဖက်ခန်းမဆီသို့သွားကာ အစားအစာတစ်ချို့ယူပြီး စားနေလေသည်။ သူ၏ချန်ခွင်အိတ်ထဲမှာ အစာဆေးလုံးတွေရှိပေမယ့် ထိုအရာတွေကို ‘အရသာရှိတယ်’ပြောဖို့ နှစ်ပေါင်းသန်းချီကြာလိမ့်မည်။
ရွှီဇီရုန်ကတော့ သိပ်ပြီးမထူးဆန်းသည့် အစားအစာတစ်ချို့ကိုသာ စားလေသည်။ သူက အရသာမကောင်းသည့် အစာဆေးလုံးတွေကို ရွှီဇီယန်လောက်တော့ မမုန်းတီးပေ။ ဒါပေမယ့် ရွှီဇီယန် ချက်ပြုတ်တာပဲ သူစားသောက်လာတာကြောင့် သူမစားရင်မနေနိုင်အောင် ဖြစ်နေတော့သည်။
ဒီအရာတွေကို စားနေရတာကတော့……သူစားနေတာကို သူ့ကိုကိုအား မြင်စေချင်ရုံသာဖြစ်သည်။
သူတို့နေ့တစ်ဝက်လောက် စောင့်ဆိုင်းပြီးနောက် အရည်အချင်းပြည့်မှီသည့် တစ်ချို့သော စာမေးပွဲဖြေဆိုသူတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြတော့သည်။
ရွှီဇီယန် သူ့ဗိုက်ပြည့်ဖို့ အချိန်တော်တော်ကြာ စားလိုက်ရသည်။ လက်ရှိမှာတော့ သူကထောင့်တစ်ထောင့်မှာထိုင်ကာ တရားထိုင်ရန် သူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ တတိယစာမေးပွဲက လာတော့မှာဖြစ်တာမို့ သူတို့တွေ အနားယူပြီးတော့ အင်အားပြည့်ဖို့ အစာတစ်ချို့ကို စားဖို့လိုပေသည်။