Chapter 52
Chapter 52
မသပ်ရပ်သည့်ကျင့်ကြံသူအား ရွှီဇီယန် မျက်လုံးဝိုင်းအသားဖြင့်ကြည့်ကာ တုန်လှုပ်သွားသည်။ ထိုမသပ်ရပ်သည့်ကျင့်ကြံသူက သူ့အား မျက်လုံးပြူးကျယ်စွာ ပြန်ကြည့်လာသည်။ ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက်သားဟာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးကြီးကြီးက မျက်လုံးသေးသေးကို စိုက်ကြည့်နေတော့သည်။ ခဏလောက်အကြာမှာတော့ ရွှီဇီယန်က သူ့အကြည့်တွေကို ရုတ်သိမ်းသွားတော့သည်။
မသပ်ရပ်သည့်ကျင့်ကြံသူက သူ့အား သရော်လိုက်၏။
“လိမ်မာလိုက်တဲ့တပည့် အခု မင်းငါ့ကို ဆရာသခင်လို့ခေါ်တာ အကြိမ်အနည်းငယ် ကြားချင်တယ် ပြီးတော့ မင်းကို ငါ့ရဲ့ဂိုဏ်းချုပ်ရှစ်ရှုန်းဆီကနေ နာကျင်မှုဒဏ်တွေခံပြီးတော့ ခိုးလာရတာ”
“လေးစားရတဲ့ဆရာသခင် ခင်ဗျာ ဒီတပည့်ရဲ့ခန္ဓာကိုယ်က မကောင်းသေးတာမို့ အရိုအသေပေးလို့မရတာ ခွင့်လွှတ်ပေးပါ” ဒါပေမယ့် မသပ်ရပ်သည့်ကျင့်ကြံသူဟာ သူရှင်းပြသည့်အကြောင်းကို ရွှီဇီယန်က ဒေါသမထွက်သည့်အပြင် သူလှုပ်ရှားလို့ရပြီဖြစ်သည့် လက်မောင်းတွေကို အသုံးပြုကာ အရိုအသေပေးလေသည်။
မသပ်ရပ်သည့်ကျင့်ကြံသူဟာ ချက်ချင်း ကြောင်အမ်းသွားရသည်။ သူ့ပါးစပ်ထဲမှာ ကိုက်ထားသည့် ပန်းသီးတောင် အောက်သို့ပြုတ်ကျသွားသည်။ ပန်းသီးဟာ ကုတင်ပေါ်သို့ပြုတ်ကျသွားပြီး အနည်းငယ်လောက် လိမ့်သွားရင်း ဖုန်တွေပေသွားတော့သည်။
မသပ်ရပ်သည့်ကျင့်ကြံသူ၏ ခပ်တုံးတုံးပုံစံကိုမြင်တာ ရွှီဇီရုန်အတွက် ပျော်ရွှင်ပြီး လန်းဆန်းသလိုခံစားရသည်။ မသပ်ရပ်သည့်ကျင့်ကြံသူ၏ ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် ဒီရက်တွေမှာ သူချုပ်တည်းထားသည့် ခံပြင်းစရာတွေ အကုန်လုံး လွင့်စင်ပပျောက်သွားသည်။ ဒါကြောင့် သူရုတ်တရက်ကြီး မတွေးတက်အောင်ကို ပျော်ရွှင်သလို ခံစားနေရသည်။
“မင်းနားကြားများ မမှားလိုက်ဘူးလား?” မသပ်ရပ်သည့်ကျင့်ကြံသူက ဒီပုံစံအတိုင်း အလျော့မပေးလိုက်ပဲ ပြန်ပြောလေသည်။ “ငါပြောတာက ငါမင်းကို ဂိုဏ်းချုပ်ဆီကနေ ခိုးလာတာ အစတုန်းက သူကမင်းကို သူ့တပည့်အဖြစ်လက်ခံချင်နေတာ အကယ်၍ ငါသာမင်းကို ကြားဖြတ်မလုလိုက်ရင် မင်းက ဂိုဏ်းချုပ်ရဲ့အောင်မြင်တဲ့ တပည့်ဖြစ်နေပြီ”
“ဒီတပည့်က ဆရာသခင်ရဲ့စကားကို သေချာကြားပါတယ် ဆရာသခင်ရဲ့ပူပန်မှုနဲ့ ဂရုစိုက်မှုတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်” ရွှီဇီယန် ခပ်ရေးရေးမျှ ပြုံးကာပြောလိုက်သည်။ “ဆရာသခင်ကို ကျွန်တော်ရဲ့ဆရာသခင်အဖြစ် ဆည်းကပ်ရတာက ဒီတပည့်ရဲ့တစ်သက်တာ ကောင်းချီးပဲဖြစ်ပါတယ်”
မသပ်ရပ်သည့်ကျင့်ကြံသူဟာ ဘာမှထပ်မပြောလာတော့ပေ။ ရွှီဇီယန်က သူ့ကို ဂိုဏ်းချုပ်ရဲ့ အမြင့်မှာထားတယ်လို့ ခန့်မှန်းမိပေမယ့် ဤပုံစံက သူ့ကို မကောင်းသည့် သူပုံစံပေါက်အောင် လုပ်နေသလိုပဲ သူ့နည်းလမ်းက ရွှီဇီယန်ကို ဒေါသထွက်အောင် မလုပ်နိုင်မှာတော့ သူ့တပည့်တွေအား စိတ်အနှောင့်အယှက်ပေးရတာကို နှစ်သက်တဲ့သူက ဒီနည်းလမ်းကို အောင်မြင်အောင်မလုပ်နိုင်တော့ဘူးပေါ့!
သူ့နှာခေါင်းကိုပွတ်ကာ မသပ်ရပ်သည့်ကျင့်ကြံသူ၏ အကြည့်တွေက လေးလေးနက်နက် တွေးတောနေသည့် အရိပ်အယောင်တွေဖြင့် ရွှီဇီယန်အား စိုက်ကြည့်လိုက်သည်။ “ဟမ် လိမ်မာလိုက်တဲ့တပည့်လေးပဲ မင်းကငတုံးတော့မဟုတ်ဘူးလား? အကယ်၍ မင်းသာဂိုဏ်းချုပ်ရဲ့ တပည့်ဖြစ်သွားမယ်ဆိုရင် အနာဂတ်မှာ ဂိုဏ်းချုပ်ရဲ့နေရာကို ဆက်ခံဖို့ မင်းအခွင့်အရေးရမှာပေါ့”
ရွှီဇီယန် ခပ်ရေးရေးပြုံးကာ “ဆရာသခင်က အမြော်အမြင်ရှိပါတယ် ဒါပေမယ့် တပည့်ကအနည်းငယ်တုံးလှပါတယ် ဒါကြောင့် ကျွန်တော် အလွန်ကြီးမားတဲ့ တာဝန်ကြီးကို မဆောင်ရွက်နိုင်ပါဘူး”
မသပ်ရပ်သည့်ကျင့်ကြံသူဟာ နောက်တစ်ခါ ပြောစရာစကားပျောက်ရှသွားသောကြောင့် ဆို့နင်သွားရသည်။ ဒါကြောင့် သူကရွှီဇီယန်အား သံဟာ သံမဏိဖြစ်မလာတာကို မုန်းတယ်ဆိုသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ “မင်းလိုတပည့်မျိုး ငါဘာလို့လက်ခံလိုက်မိတာလဲ? အနာဂတ်အတွက် ဘာမျှော်လင့်ချက်မှလဲမရှိဘူး! မင်းမှာဘာရည်မှန်းချက်မှ မရှိဘူးလား”
ရွှီဇီယန် တောက်တောက်ပပပြုံးကာ သူ့မျက်လုံးက လခြမ်းကွေးပုံစံဖြစ်သွားသည်။ “ဆရာသခင်ရဲ့အမြင်က မီးရှူးမီးတိုင်လိုပဲ ရှင်းရှင်းလင်းလင်းသိတယ် ဒီတပည့်မှာ ဘာရည်မှန်းချက်မှာမရှိဘူးဆိုတာ ဆရာသခင်က တန်းပြောနိုင်တာပဲ ဆရာသခင်က တကယ့်ကို အမြော်အမြင်ရှိပြီးတော့ အမြင်ကျယ်လှပါတယ်”
“ဟုတ်ပါပြီ ဟုတ်ပါပြီ ငါ့ကိုလာမြှောက်ပင့်နေလည်း အသုံးမဝင်ဘူး” မသပ်ရပ်သည့်ကျင့်ကြံသူဟာ ရွှီဇီယန်ကို စိမ်းစိမ်းကားကား ကြည့်လိုက်သည်။ အခင်းအကျင်းထဲမှာတုန်းက ဒီကောင်လေးက ဒီလိုပုံစံမဟုတ်ပါဘူး။ သူနိုးလာတာနဲ့ ဘာလို့သူ့ပုံစံက မျက်နှာချိုသွေးတဲ့ပုံပေါက်သွားရတာလဲ? သူခေါင်းများထိသွားလို့လား?
သူရွှီဇီယန်ကို စကားနိုင်မလုနိုင်တာနဲ့ မသပ်ရပ်သည့်ကျင့်ကြံသူဟာ သူ့အနောက်က ရွှီဇီရုန်ထံ အကြည့်ပြောင်းသွားသည်။ “မင်းကဘာကြည့်နေတာလဲ ဟမ်? ဘယ်အချိန်ရှိပြီလဲ? အသီးအရွက်စိုက်ခင်းထဲက ဆေးပင်တွေကို မင်းရေလောင်းပြီးပြီလား? မင်းငါ့ရဲ့ စိတ်ဝိညာဉ်မျိုးစေ့ပင်လေးတွေကိုရော ပေါင်းသင်ပြီးပြီလား? ငါမင်းကိုပြောလိုက်မယ် အဲ့ဒီက ငါ့ရဲ့စိတ်ဝိညာဉ်မျိုးစေ့ပင်လေးတွေ မဖြစ်ထွန်းလို့ကတော့ မင်းတို့နှစ်ယောက်လုံး ဘာအကျိုးကျေးဇူးမှ ရမယ်မထင်နဲ့!” သူစကားပြောလို့ ပြီးသွားသည့်အချိန်ထိ မသပ်ရပ်သည့်ကျင့်ကြံသူဟာ တမင်တကာ ဒေါတထွက်နေသည့် ပုံစံဟန်ဆောင်ထားသည်။ သူကအံကြိတ်ကာ ရွှီဇီရုန်အား ခြောက်လန့်လိုက်သည်။
ရွှီဇီရုန် သူ့အား အသက်မပါစွာကြည့်လိုက်ပြီး အနောက်သို့လှည့်ကာ အလုပ်သွားလုပ်တော့သည်။ ဒါပေမယ့် ရွှီဇီရုန်စိတ်ထဲမှာတော့ ကျိန်ဆဲနေလေတော့သည်။ ရေးပါလှသည့်လက်ရွေးစင်တွေဆိုတာ အားလုံးအလိမ်အညာတွေပဲ။ ဂိုဏ်းချုပ် အဲ့လူကို အလျော့ပေးလိုက်ရသည့်အကြောင်းပြချက်က အဲ့လူက ကလိမ်ကကျစ်ကျလို့ပဲမဟုတ်လား?!
“ဟန့်! ဒီကလေးက တစ်စက်မှချစ်စရာကို မကောင်းဘူး!” မသပ်ရပ်သည့်ကျင့်ကြံသူ၏မျက်နှာဟာ စူပုတ်နေသည်။ သာမန်၁၂အရွယ်ကလေးတွေဆို ဒီလိုအနိုင်ကျင့်ခံနေရရင် သူတို့တွေက သူ့အပေါ်ဒေါသထွက်ကြမှာပဲမဟုတ်ဘူးလား? ရွှီဇီရုန်လိုကလေးတွေက နောက်ခံမိသားစုကောင်းကောင်းနဲ့ နေခဲ့ရလိမ့်မည်။ သူကအလွန်ကို အလိုလိုက်ခံထားရပြီး ပျက်စီးနေသည်။ ပြီးတော့ ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူ့အစ်ကိုကလည်း ထူးခြားသည့် မွေးရာပါစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ဒီညီအကိုနှစ်ယောက်က ရွှီမိသားစုမှာ ကောင်းမွန်စွာဆက်ဆံခံရလိမ့်မည်လို့ မသပ်ရပ်သည့်ကျင့်ကြံသူက တွေးတောမိလိုက်သည်။
ဘယ်လိုတောင်စိတ်ပျက်စရာကောင်းရတာလဲ………အစ်ကိုဖြစ်သူကလည်း ကောက်ကျစ်တဲ့ရုပ်နဲ့ ညီဖြစ်သူကလည်း သစ်သားတုံးရုပ်နဲ့။ အဲ့ဒါက သူ့မေးရိုးအောက်ပြုတ်ကျလောက်အောင်ကို သူ့ကိုထိတ်လန့်စေတာပဲ။ မောက်မာသည့်ကျင့်ကြံသူဟာ သေမျိုးနယ်မြေတွေကို အကြိမ်များစွာ လှည့်လည်သွားခဲ့ပြီးဖြစ်သည်။ ဒါပေမယ့် ကိစ္စပေါင်းတစ်သောင်းမှာတောင် သူတို့လိုပုံစံမျိုးတွေကို တစ်ခါမှမကြုံဖူးသေးဘူး။
သူဆည်းကပ်ထားသည့် ဆရာသခင်က အမတဝိညာဉ်အခြေတည်စ တောက်ကျွင်းမှန်း ရွှီဇီယန်သိပေသည်။ ဒီတော့ ယုတ္တိရှိရှိ သူကသူ၏ဆရာသခင်အသစ်ကို မျက်နှာလိုမျက်နှာရလုပ်သင့်တာပေါ့။ ဒါပေမယ့် ဆရာသခင်က သူ့ညီလေးအား အပြစ်ရှာတာကို သူကြားလိုက်ရတော့ ပြန်မပြောပဲမနေနိုင်ပေ။
“ဇီရုန်ကအရမ်းတာဝန်သိတတ်ပါတယ် ပုံမှန်ဆို သူကအရမ်းချစ်စရာလည်းကောင်းပါတယ် သူကလူတွေအပေါ်မှာလည်း ယဉ်ကျေးပြီးတော့ သူကဘယ်တော့မှ မကြွားဝါတတ်ပါဘူး သူကကျွန်တော့်ရဲ့ဒဏ်ရာအတွက် စိုးရိမ်လိုက်ပါ သူကရိုင်းပျတာမဟုတ်ပါဘူး”
မသပ်ရပ်သည့်ကျင့်ကြံသူဟာ စူပုတ်ပုတ်မျက်နှာဘေးဖြင့် ရွှီဇီယန်အား ကြည့်လိုက်သည်။ သူစိတ်ထဲမှာတွေးနေမိတာက ‘မင်းပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာ ငါအံ့ဩမိတယ် အခြားအရာတွေထက် မင်းရဲ့ဒဏ်ရာကို စိတ်ပူပုံနဲ့ မင်းရဲ့ညီလုပ်ရပ်တွေနဲ့က နည်းနည်းမှမအပ်စပ်ဘူး’
ပြီးတော့……ဒီကိစ္စကို ဘယ်သူကဂရုစိုက်နေလို့လဲ?!
မသပ်ရပ်သည့်ကျင့်ကြံသူက ဂရုမစိုက်ဟန်ပြုမူလိုက်သည်။ သူတကယ်ခေါ်ယူခဲ့တာက ရွှီဇီယန်တစ်ယောက်တည်းပဲဖြစ်သည်။ ရွှီဇီရုန်ကလား အဲ့ကောင်လေးက သူ့ဟာသူ သူတို့အနောက်ကို လိုက်လာတာဖြစ်သည်။ ဒါ့အပြင် သူက ကလေးတွေရဲ့တကယ့်ပုံစံအတိုင်း အဆင်ပြေပြေဖြတ်သန်းနေနိုင်သည်။ ဒါပေမယ့် ရွှီဇီရုန်၏အမူအရာတွေက အတော်လေး သံယောဇဉ်ကင်းမဲ့ပြီး အေးစက်လှသည်။ အဲ့လိုဆိုရင်ကျတော့ရော? ရွှီဇီယန်အပေါ် သူဘယ်လောက်ထိ သံယောဇဉ်ရှိလဲဆိုတော့ သူ့အစ်ကိုသာ လျှိုကွမ်းဂိုဏ်းကို သစ္စာမဖောက်ရင် ဒီကောင်လေးကလည်း သူ့အစ်ကိုစကားဆို ဘယ်တော့မှဆန့်ကျင်မှာမဟုတ်ဘူး။
ရွှီဇီရုန်နဲ့ သူ့ဂိုဏ်းကအဖွဲ့သားတွေရဲ့ ဆက်ဆံရေးကတော့လား……ဒီလိုအရာတွေကို ဘယ်သူဂရုစိုက်နေမှာလဲ? ဒီနှစ်ပေါင်းထောင်ချီနေတဲ့ နှစ်အတွင်းမှာ လျှိုကွမ်းဂိုဏ်း၌ မာနမကြီးတဲ့လူတွေရော ရှိခဲ့လို့လား? တောင်ထွတ်တိုင်း၊ ခန်းမဆောင်တိုင်းမှာ တစ်ယောက်ယောက်လောက်ကတော့ ဆိုးဝါးတဲ့စိတ်နေစိတ်ထား ရှိကြတာပဲမဟုတ်ဘူးလား? ရွှီဇီရုန် တစ်ယောက်ပိုလာလို့ ဘာမကောင်းတာမှပိုမဖြစ်သွားသလို မပါလို့လည်း ဘာမှကောင်းတာ ပိုဖြစ်မလာဘူး။ အခြားရှုထောင့်ကနေ လေ့လာကြည့်မည်ဆိုရင် သူလျှိုကွမ်းဂိုဏ်းကို သစ္စာမဖောက်သ၍ ဂိုဏ်းကလည်း ဘာမှအရေးကြီးခွင်ကျယ်မလုပ်ဘူး
လျှိုကွမ်းဂိုဏ်းဟာ အခြားသော တရားမျှတသည့်ဂိုဏ်းတွေထဲမှာ သဘောထားကြီးပြီး လွတ်လပ်စွာနေထိုင်ခွင့်ရှိကာ သူတို့တွေကပဲ တရားမျှတသည့်ဂိုဏ်းတွေနဲ့ မိစ္ဆာဂိုဏ်းတွေကို စည်းလုံးအောင် ကြားမှဖျန်ဖြေပေးရသည့်ဂိုဏ်းဖြစ်ပြီး နှစ်ဖက်စလုံးနဲ့ နီးစပ်သူလည်းဖြစ်သည်။
သေးငယ်သည့်အငြင်းပွားမှုတွေဆိုရင် သီးသန့်ဆွေးနွေးလို့ရပေမယ့် စစ်ပွဲလို လက်နက်တွေပါဝင်လာရင်တော့ လျှိုကွမ်းဂိုဏ်းကို ခုံသမာဓိအဖြစ် ခေါ်ကြရသည်။
“ဆရာသခင်” မသပ်ရပ်သည့်ကျင့်ကြံသူက အနည်းငယ်မေ့တတ်ပုံပေါ်တာကြောင့် ရွှီဇီယန်က နောက်တစ်ခါခေါ်လိုက်သည်။ ခဏအကြာမှာတော့ သူသံသယတွေအများကြီး ဖြစ်လာတော့သည်။ နောက်ကွယ်မှာဘာဖြစ်ထားလို့များ ဆရာသခင်က ဇီရုန်ကို ဆေးပင်တွေရေလောင်းခိုင်း၊ စိတ်ဝိညာဉ်မျိုးစေ့တွေ ကြည့်ခိုင်းရတာလဲ?
“အာ? ဘာဖြစ်လို့လဲ?” မသပ်ရပ်သည့်ကျင့်ကြံသူက သူ့အတွေးနယ်ကနေ ထွက်လိုက်ရင်း ရွှီဇီယန်အား ပျင်းရိစွာကြည့်လိုက်သည်။
ရွှီဇီယန်က သူ့စိတ်ထဲက မေးခွန်းတွေကို မေးလိုက်လေသည်။ မသပ်ရပ်သည့်ကျင့်ကြံသူက မပြောခင် သမ်းဝေးလိုက်သည်။
“အိုး အဲ့ဒါကဘာမှမဟုတ်ပါဘူး ငါဒီနေရာမှာ အားယားနေတဲ့ လူတွေကို မမြင်ချင်လို့ပါ မင်းကငါ့တပည့်ဖြစ်ပြီးတော့ မင်းကဒဏ်ရာ အပြင်းအထန်ရနေတယ်လေ ဒီမှာလဲနေပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာက ပြဿနာမဟုတ်ပါဘူး ဒါပေမယ့် မင်းညီလေးက သူ့နည်းလမ်းနဲ့သူ ဖိအားပေးပြီးတော့ ဒီကိုလာတာလေ ငါလည်းအင်တင်တင်နဲ့ သူ့ကိုတပည့်အဖြစ် လက်ခံလိုက်ရတယ်လေ အဲ့လိုကိစ္စတွေကြောင့် သူကသာမန်ဝေယျာဝစ္စတွေကို လုပ်ရတာပေါ့”
“ဒါ့အပြင်……” မသပ်ရပ်သည့်ကျင့်ကြံသူက ရွှီဇီယန်အား တစ်ချက်ကြည့်လိုက်သည်။ “မင်းရေစိမ်ရတဲ့ ဆေးပင်တွေအားလုံးက ဒီဂိုဏ်းကရတာလေ မင်းအလကားသုံးရတယ်လို့ မထင်လိုက်နဲ့ အဲ့ဒီအပင်တွေအားလုံးကို မင်းအခုအကြွေးတင်ထားတယ် မင်းကအခုချိန် လှုပ်ရှားလို့မရသေးတော့ မင်းညီလေးက မင်းအစားအကြွေးပြန်ဆပ်ပေးရတာပေါ့ ဒီရက်အတွင်းမှာ သူကနေ့တိုင်း ဆေးပင်ဧက၆၀၀လောက်ကို ရေလောင်းရတယ် ပြီးတော့ စိတ်ဝိညာဉ်မျိုးစေ့ဧက၃၀လောက်ကို သူပေါင်းသင်ပေးရတယ် ကျွတ် ကျွတ် ဒီရက်အနည်းငယ်လောက်မှာ သူအတော်လေးပင်ပန်းသွားရတယ် သူ့ရဲ့မျက်နှာသေးသေးတောင် မျက်တွင်းချောင်သွားသလိုပဲ!”
“ဘာ?!” ရွှီဇီယန်ချက်ချင်း စိုးရိမ်သွားသည်။ “ဇီရုန်က အခုမှအသက်၁၂နှစ်ပဲရှိသေးတာ ဆရာသခင်က ဘာလို့သူ့ကို ဒီလောက်လေးလံတဲ့ အလုပ်တွေခိုင်းရတာလဲ?!”
ဧက၆၀၀တောင်! ဒီလောက်ကြီးလှတဲ့ဧကကြီးကို! ရွှီဇီရုန်၏ခန္ဓာကိုယ်သေးသေးလေးနဲ့ ရေပုံးအလေးကြီး နှစ်ပုံးကို သူ့ပခုံးပေါ်ကာ ချွေးတရွှဲရွှဲ ဆေးပင်ရေလောင်းနေသည့် ပုံရိပ်အား ပုံဖော်ကြည့်ရင်း ရွှီဇီယန် သူ့ရင်ထဲနာကျင်လာရသည်။
“သူကအသက်၁၂နှစ်ပဲ ရှိသေးတယ်ဆိုတော့ရော ဘာဖြစ်လဲ?” မသပ်ရပ်သည့်ကျင့်ကြံသူက သူ့နားထဲသို့ ကလော်လိုက်သည်။ “သူကကျင့်ကြံသူတစ်ယောက်ပဲ သူအသက်၁၂နှစ်ပဲရှိသေးရင်တောင် သူကသာမန်လူမှမဟုတ်တာ သူကဧက၆၀၀လောက်ပဲ အပင်တွေရေလောင်းရတာကို အလွန်ဆုံးမှ သူပင်ပန်းတာလောက်ပဲဖြစ်လိမ့်မယ် ဒီအလုပ်ကလေးလောက်နဲ့တော့ သူမသေနိုင်ပါဘူး”
“ဆရာသခင်!” ရွှီဇီယန် သူ့အသံကိုမြင့်လိုက်သည်။ မသပ်ရပ်သည့်ကျင့်ကြံသူ၏ ဘာမှမဖြစ်သည့်အသံက သူ့ကိုအလွန်ဒေါသထွက်စေသည်။
မသပ်ရပ်သည့်ကျင့်ကြံက သူ့အားကြည့်လာသည်။
“မင်းကဘာကိစ္စကြောင့် အော်နေရတာလဲ? မင်းဆရာသခင်က နားမပင်းသေးဘူး!”
ရွှီဇီယန် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရသည်။ “ဆရာသခင် ဇီရုန်ကို ကျေးဇူးပြုပြီး ရက်အနည်းငယ်လောက် နားခွင့်ပြုလိုက်ပါ နားတဲ့အချိန်အတွင်း အလုပ်တွေကို ကျွန်တော်လုပ်ပေးပါ့မယ်”
“မင်းက?” မသပ်ရပ်သည့်ကျင့်ကြံသူက သူ့အားစွေစောင့်ကြည့်လာပြီး ရွှီဇီယန်၏ခြေထောက်တွေကို သွားကန်လိုက်ပေမယ့် သူ့ခြေထောက်တွေက ဘာမှမခံစားရပေ။ အသက်မပါသည့်ပုံစံဖြင့် သူကမေးလိုက်လေသည်။
“မင်းက လေးဘက်သွားပြီးတော့ အပင်ရေလောင်းဖို့ စိတ်ကူးထားတာလား?”
ရွှီဇီယန် ပြောစရာစကား ပျောက်ရှသွားတော့သည်။ ထိုလူက ရွှီဇီရုန်အား အလုပ်လျော့ပေါ့ပေးရန် မျှော်လင့်ချက်ဖြင့် ရွှီဇီယန် မသပ်ရပ်သည့်ကျင့်ကြံသူအား စိုးရိမ်တကြီးစိုက်ကြည့်လိုက်သည်။
“တော်လောက်ပြီ မင်းတို့ညီအကိုနှစ်ယောက်က အရမ်းကိုနက်ရှိုင်းတဲ့ ဆက်ဆံရေးရှိမှန်း ငါသိတယ် ငါမင်းကို ခေါ်သွားတဲ့အချိန်ကဆိုရင် မင်းညီက သူ့အသက်တောင်ပေးပြီး ငါ့ကိုသတ်မလိုကိုလုပ်တာ တကယ်ပါပဲ! သူရဲ့ပုံစံက မသိရင် ငါကပဲ မင်းကိုစားတော့မလိုမျိုးနဲ့!” မသပ်ရပ်သည့်ကျင့်ကြံသူက မကျေမချမ်းပြောလေသည်။
“ဆရာသခင် ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ဒီဂိုဏ်းမှာတင်ထားတဲ့ အကြွေးတွေကို အနာဂတ်မှာ ကျွန်တော်နှစ်ဆပြန်ဆပ်ပါ့မယ် ဇီရုန်ကိုပဲ အလုပ်အရမ်းကြီး မခိုင်းပေးပါ့မယ်”
“မင်းကတော့လား အဲ့ဒီမှာဘာမှမဖြစ်ဘူး မင်းကသာ မျက်ကန်းလို စိတ်ပူနေတာ” မသပ်ရပ်သည့်ကျင့်ကြံသူက အကူအညီမဲ့စွာ သူ့မျက်လုံးကို လည်လိုက်သည်။ “မင်းညီကခံနိုင်ရည်အလွန်မြင့်တာကြောင့် အနည်းငယ်ပင်ပန်းတာလောက်နဲ့ သူမသေနိုင်ပါဘူး သူကသူ့ကိုယ်သူ ဘယ်လိုဖြေရှင်းရမလဲ တွေးတောတတ်ပါတယ် မင်းကတော့ ကောင်းကောင်းမွန်မွန်သာ နားနေလိုက် ဆယ်စုနှစ်တစ်စုအတွင်းမှာ ဒီတစ်သုတ်က အတွင်းဂိုဏ်းတပည့်တွေဟာ အလွန်ကောင်းတဲ့စွမ်းရည်တွေရှိကြတယ် ငါတောင် တပည့်တစ်ယောက်ကို ခက်ခက်ခဲခဲ လုလာရတာကို မင်းကောင်းကောင်းအနားမယူရင် အတွင်းဒဏ်ရာတွေကျန်နေပြီးတော့ မင်းအနာဂတ်မှာ အဲ့ဒဏ်ရာတွေက အကျိုးသက်ရောက်လာလိမ့်မယ် ဒါကြောင့် အခြားအဖိုးကြီးတွေ ငါ့ကိုသေလောက်အောင် လှောင်ပြောင်သရော်လာမှာကို မဖြစ်စေနဲ့ကြားလား?”
သက်ညှာပေးဖို့ သူ့ရဲ့လျှောက်ထားချက်တွေကလည်း အသုံးမဝင်မှတော့ ရွှီဇီယန် ပါးစပ်ပိတ်နေရုံကလွဲရင် ဘာမှရွေးချယ်စရာမရှိတော့ပေ။ ဒါပေမယ့် သူ့စိတ်ထဲမှာ ဒီလူအား ဆဲချင်စိတ်ကိုတော့ ထိန်းထားဖို့ခက်ပေသည်။ ဧက,က၆၀၀တောင်ကျယ်ပြီးတော့ သူ့ဆရာသခင်က ရွှီဇီရုန်ကို အခြားဟာတွေလည်း ခိုင်းသေးတယ်! အဲ့ဒါကအရမ်းကိုများလွန်းသွားပြီ! ဒါက ကလေးကို ပင်ပန်းကြီးစွာအလုပ်လုပ်ခိုင်းတာပဲ အား!
မသပ်ရပ်သည့်ကျင့်ကြံသူက ရွှီဇီယန် စိတ်ကောက်နေသည့် ပုံစံကိုမြင်လိုက်ရတော့ ဒီလူငယ်က သူ့ညီလေးကို စိတ်ပူနေမှန်း သူချက်ချင်းသဘောပေါက်သွားသည်။ သူ့စိတ်ထဲမှာ ဒီအသစ်စက်စက် တပည့်လေးက သူ့ဆရာသခင်အား မယုံကြည်တာကို မသပ်ရပ်သည့်ကျင့်ကြံသူက မကျေမချမ်းဖြစ်သွားသည်။ ဒါပေမယ့် သေချာတွေးပြီးနောက် သူတို့ဆရာတပည့်နှစ်ယောက်က အခုမှပထမဆုံး ဆုံဖူးတယ်ဆိုတာ သူသဘောပေါက်သွားသည်။ ထို့အပြင် ကောင်လေးကို သူကအတင်းအကျပ် ယုံခိုင်းသလိုဖြစ်နေသည်။ သူ့အပေါ်ယုံကြည်မှုမရှိသေးဘူးဆိုတာ သဘာဝပါပဲလေ။
“ငါမင်းကိုတော့ တကယ့်ကိုကြောက်သွားပြီ” မသပ်ရပ်သည့်ကျင့်ကြံသူက ရယ်မောလိုက်ရင်း တိုးတိုးပြောလိုက်သည်။ ထို့နောက်မှာတော့ သူ့လက်ချောင်းတွေကို စုကာ စိတ်ဝိညာဉ်အတတ်ပညာတစ်မျိုးကို အသက်သွင်းလိုက်သည်။ ချက်ချင်းပင် ရေဇလုံထဲမှာ ရွှီဇီရုန်ယူခဲ့သည့် ရေဇလုံထဲကရေဟာ လေထဲပေါ်သို့ ရုတ်တရက် ပျံတက်သွားသည်။ ရွှီဇီယန်အရှေ့မှာ ရစ်ဝဲနေပြီးနောက် ရေမှန်အဖြစ်သို့ပြောင်းလဲသွားတော့သည်။
ဂယက်ထနေသည့်ရေမှန်ဟာ ဖြည်းဖြည်းချင်း ချောမွတ်သွားသည်။ ထို့နောက်မှာ ရွှီဇီရုန်၏ပုံရိပ်ဟာ မျက်နှာပြင်မှာ ပေါ်လာတော့သည်။
လက်ရှိမှာ ရွှီဇီရုန်က ရေပုံးနှစ်ပုံးဖြင့် ရေတွေကို သယ်နေခြင်းဖြစ်သည်။ တောင်လမ်းတစ်လျှောက် သူပြေးနိုင်သလောက်ပြေး ပျံနိုင်သလောက်ပျံသွားသည်။ သူ့ပုံစံက ဘာမှအားမစိုက်သလိုနှင့်တူပေသည်။
“ဂရုတစိုက်ကြည့်ထား” ရွှီဇီယန်က အဓိကအချက်အား မမြင်လိုက်မှာကို မသပ်ရပ်သည့်ကျင့်ကြံသူက စိုးရိမ်နေသည်။ ဒါကြောင့် သူကရွှီဇီရုန်၏ခြေလှမ်းတွေအောက်ဘက်ကို ညွှန်ပြလိုက်သည်။
အာရုံစူးစိုက်စွာ ရွှီဇီယန် သေချာကြည့်လိုက်သည်။ ရွှီဇီရုန် သူ့ခြေထောက်ကို မြေပြင်ပေါ်သို့ ချလိုက်သည့်အချိန်တိုင်း သူ့ခြေထောက်မှာ အစိမ်းရောင်လေးတွေဟာ ရိပ်ခနဲပေါ်ပေါ်လာသည်။ ဒီအစိမ်းရောင်တွေက နွယ်ပင်တွေဖြစ်ပြီး ရွှီဇီယန်နှင့်လည်း အလွန်ရင်းနှီးပေသည်။ ဒါက ရွှီဇီရုန်၏သစ်သားအတတ်ပညာ စိတ်ဝိညာဉ်စွမ်းအင်ပင်ဖြစ်သည်။
သစ်သားအတတ်ပညာ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အောက်ကမြက်ပင်တွေကို ရွှီဇီရုန်ခြေလှမ်းတွေအား အပေါ်သို့တွန်းကန်စေလေသည်။ ရွှီဇီရုန်က ဒီအားတွေကို သူ့ကိုယ်သူအရှေ့သို့ ဆက်သွားရန် အသုံးပြုသည်။
သူပုံစံကအရှေ့ကို အမြန်ပြေးနေတယ်ဆိုပေမယ့် တကယ်ကတော့ ရွှီဇီရုန်က အပင်တွေအားကို အသုံးပြုကာ အရှေ့သို့ရွေ့လျားနေခြင်းဖြစ်သည်။ ဒီလိုအကြံဉာဏ်က စိတ်ဝိညာဉ်စွမ်းအင်ကို သူသိပ်ပြီးအသုံးပြုစရာလည်းမလိုပေ။ ဒါပေမယ့် ဒီအစီအစဉ်က အရမ်းကိုအကျိုးသက်ရောက်မှု ရှိသည်။ ထို့အပြင် သူကသစ်သားအတတ်ပညာ စိတ်ဝိညာဉ်စွမ်းအင်ကို လေ့ကျင့်ရာလည်းရောက်သည်။ အဲ့ဒါက ခဲတစ်လုံးနဲ့ငှက်နှစ်ကောင် ပစ်သလိုပင်ဖြစ်သည်။
“မင်းမြင်ပြီလား? မင်းညီဖြစ်သူက အတော်လေးကို တက်ကြွလှုပ်ရှားလို့ ရနေတုန်းပါ” မသပ်ရပ်သည့်ကျင့်ကြံသူက ရှုံးနိမ့်သွားသလို ခံစားလိုက်ရသည်။ အစကတည်းက ဒီကောင်လေးဟာ သူ့မျက်လုံးထဲမှာ ကျေနပ်စရာမကောင်းဘူးလို့ သူခံစားနေရသည်။ ဒါကြောင့် သူကတမင်တကာ ဒီကောင်လေးကို အနည်းငယ်လောက် ဒုက္ခပေးလိုက်ခြင်းဖြစ်သည်။ ဒီအကြောင်းကိုတွေးကြည့်ကြစမ်း! သူကခံ့ညားပြီး အမတဝိညာဉ်အခြေတည်စအဆင့်ကို ရောက်နေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူတပည့်လက်မခံချင်ဘူးဆိုရင်တောင် အခြားလူတွေက သူ့ဆီကို အလွန်စွမ်းရည်ရှိသည့် လူတွေလာပို့ကြသည်! အခက်အခဲအများကြီးကို ကြုံတွေ့ပြီးမှ သူရွှီဇီယန်ကို ခေါ်လာလို့ရခြင်းဖြစ်သည်။ ဒါပေမယ့် အဲ့ကောင်စုတ်က သူကသူ့အစ်ကို,ကို နှိပ်စက်ချင်နေလို့ပါဆိုပြီးတော့ တွေးလိုက်သေးသည်!
ဂိုဏ်းချုပ်ရဲ့မျက်လုံးထဲမှာ လှောင်ရယ်နေတာ သူမတွေ့ဘူးလို့ မထင်လိုက်နဲ့! သူမတောင်းပန်လိုက်တာက အခင်းအကျင်းထဲမှာ သူစူးစမ်းနေရင်းအလုပ်ရှုပ်နေတာကြောင့်မို့ အဲ့ဒါကို သူကတမင်သက်သက် သူ့ရဲ့ကျင့်ကြံခြင်းနယ်မြေထဲ အတင်းထည့်ပါတယ်ဆိုပြီး အဲ့ကောင်စုတ်က သူ့ကိုအထင်အမြင်သေးစွာလာလုပ်နေတယ်!!!