Chapter 53
Chapter 53
ဒါကြောင့် မသပ်ရပ်သည့်ကျင့်ကြံသူဟာ ရွှီဇီရုန်၏အစ်ကိုက ဂိုဏ်းကို အကြွေးတွေအများကြီးတင်နေတယ်ဆိုသည့် အချက်ကို သူအသုံးချခဲ့ခြင်းဖြစ်သည်။ ထိုအကြွေးတွေကို ပြန်မပေးနိုင်ရင် သူ့အစ်ကိုအား ထောက်ပံ့နေသည့်ဆေးပင်တွေကို ရပ်ပစ်လိုက်မည်ဟု သူပြောလိုက်သည်။ ဒီဖိအားကြောင့် ဒီကောင်စုတ်လေးက သူ့ဟာသူအလုပ်လုပ်လာခြင်းဖြစ်သည်။
အစတုန်းက ဒီကောင်စုတ်လေး သူ့အားပြန်တောင်းပန်တာကို လိုချင်ရုံသာဖြစ်သည်။ ဒါပေမယ့် သူမထင်ထားတာက ဒီကောင်လေးကအရမ်းကို စိတ်ဓာတ်မာကျောလှသည်။ ပထမဆုံးတစ်ရက်နေ့မှာ ဒီကောင်စုတ်လေး သေလောက်အောင် ပင်ပန်းခဲ့ပေမယ့် သူ့အားလာမတောင်းပန်ပေ။ နောက်တစ်နေ့ကျတော့ ဒီကောင်လေးက သူ့အလုပ်ကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ နည်းလမ်းရှာတွေ့သွားသည်။ ဒီကောင်စုတ်လေးက မသပ်ရပ်သည့်ကျင့်ကြံသူပေးသည့် အလုပ်အားပြီးမြောက်အောင် လုပ်နိုင်ရုံသာမဟုတ်ပဲ သူ၏ကျင့်ကြံခြင်းအတွက်ပါ အထောက်အကူပြုသွားသည်။
ဒီကောင်လေးရဲ့အနာဂတ်ကတော့ သာမန်နဲ့မတူအောင်ကို ကျော်ကြားပေဦးမည်!
သူရွှီဇီရုန်ကို ရှာတွေ့ခဲ့တာတော့မဟုတ်ပေမယ့် ရွှီဇီရုန်၏အနာဂတ် ရည်မှန်းချက်နဲ့ပတ်သက်ပြီးတော့ လော့ယွင်တောက်ကျွင်းဟာ တွေးတောလေ့ရှိသည်။ ရွှီဇီရုန်၏အလျော့မပေးသည့် အမူအရာကိုတော့ သူအလွန်အံ့ဩမိသည်။ မသပ်ရပ်သည့်ကျင့်ကြံသူဟာ သူဖြတ်သန်းသွားရာ ဘဝတစ်လျှောက်လုံးမှာ ဒီလိုစိတ်ဓာတ်ခိုင်မာသည့်လူတွေကို အနည်းငယ်လောက်သာ တွေ့ဖူးခဲ့သည်။ ရွှီဇီရုန်လို ငွေဇွန်းကိုက်ပြီး မွေးဖွားလာသည့်လူက ဒီလိုထူးခြားသည့် ပင်ကိုလက္ခဏာရှိတာ အတော်လေးအံ့ဩစေသည်။
သူ့စားပွဲခုံပေါ်က ရွှီညီအကိုနှစ်ယောက်၏ အချက်အလက်တွေကို လေ့လာပြီးဖြစ်သည်။ ထိုစာတွဲတွေထဲမှာ ရွှီဇီရုန်၏အချက်အလက်တွေက ပါဝင်နေသည်။
ဒီကောင်လေးက ရွှီမိသားစုခေါင်းဆောင်၏ တရားမဝင်ကလေးဖြစ်ပေမယ့် သူငယ်စဉ်အခါက ဘာနာကြည်းမှုကိုမှ မခံစားရခဲ့ချေ။ ရွှီမိသားစုကို သူရောက်လာပြီးနောက် သူ့အစ်ကိုဖြစ်သူက သူ့အားအလွန်ဂရုစိုက်သည်။ မသပ်ရပ်သည့်ကျင့်ကြံသူက သူ့ခေါင်းပေါက်ကွဲထွက်မတတ်တွေးတောပေမယ့်လည်း ဒီကလေးက ဒီလိုအပြုအမူမျိုးကို ဘယ်လိုများကျင့်ယူထားလည်းဆိုတာ သူလုံးဝနားမလည်ပေ။
အား ထားလိုက်ပါတောလေ။ လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူ ရှိတာပဲ။ ရွှီညီအကိုနှစ်ယောက်က အတွေးစိတ်ကူးအခင်းအကျင်းကို ဖြတ်ကျော်လာနိုင်မှတော့ သူတို့တွေက မိစ္ဆာကျင့်ကြံသူတွေနဲ့ အဆက်အဆံမရှိဘူးဆိုတာ သက်သေပြဖို့ လုံလောက်ပေသည်။ သူတို့တွေကလည်း မိစ္ဆာကျင့်ကြံသူတွေမဟုတ်မှတော့ ဘာပြဿနာမှမရှိတော့ပါဘူးလေ။
သူတို့အနာဂတ်တွေ တိုးတက်ဖို့အတွက် သူတို့တွေကို ဖြည်းဖြည်းချင်း စောင့်ကြည့်တာကပဲ လုံလောက်ပါပြီ။ ထို့အပြင် သူတို့မှာ အချိန်အများကြီးကျန်သေးတာပဲ။
လော့ယွင်တောက်ကျွင်းက သူ၏ရေမှန်အတတ်ပညာကို ရုတ်သိမ်းလိုက်ပြီး ရွှီဇီယန်အား မပျော်ရွှင်သည့်ရုပ်ဖြင့် ကြည့်လိုက်သည်။
“မင်းအခုသံသယတွေ ပျောက်သွားပြီလား?”
ရှက်ရှက်ဖြင့် ရွှီဇီယန် ခေါင်းညိတ်လိုက်သည်။ ဆရာသခင်၏အပြုအမူတွေက မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲကလို အရမ်းလည်းမထူးဆန်းသလို အရမ်းလည်းဒေါသမကြီးတာကြောင့် ဆရာသခင်ကဇီရုန်ကို အမြင်ကပ်လို့ ဇီရုန်အားအနိုင်ကျင့်သည်ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ သူစိတ်ပူစရာမလိုတော့ဟု တွေးလိုက်မိသည်………
(တကယ်အနိုင်ကျင့်ခံနေရသည့် ရွှီဇီရုန်: …………)
လော့ယွင်တောက်ကျွင်းက သူ့မေးစေ့အားပွတ်လိုက်သည်။ သူဘာကိုများ ရုတ်တရက်ကြီး သတိရသွားလို့ ရွှီဇီယန်၏ဂွမ်းစောင်အား လှန်လိုက်မယ်လို့ ဘယ်သူထင်ထားမှာလဲ။ ထိုလူဟာ လျှောက်သွားပြီး ရွှီဇီယန်၏ခြေထောက်အား ဖိလိုက်သည်။
ရွှီဇီယန်တောင့်တောင့်ကြီး ကြောင်ကြည့်နေ၏။ သူ့ဆရာသခင်က သူ့ခြေထောက်အား စစ်ဆေးနေမှန်း သူသဘောပေါက်သွားတော့မှ သပ်ပြင်းချနိုင်လိုက်သည်။
“မင်းဘာမှမခံစားသေးဘူးလား?” လော့ယွင်တောက်ကျွင်းက အနည်းငယ် ထူးဆန်းတယ်လို့ တွေးမိလိုက်သည်။ ရွှီဇီယန်၏လက်တွေတောင် ပြန်ကောင်းလာပြီကို ဘာလို့သူ့ခြေထောက်တွေက တုံ့ပြန်မှုတောင် မရှိနေသေးရတာလဲ။ ထိုအခင်းအကျင်းထဲမှာ တစုံတယောက်၏ ကျင်းလော့နယ်ပယ်ကို သန့်စင်ပေးရာတွင် အပေါ်ပိုင်းနဲ့အောက်ပိုင်းက ကွဲပြားတယ်ဆိုတာကို သူလည်းမကြားမိပါဘူး။
ရွှီဇီယန်ခေါင်းခါလိုက်၏။ လော့ယွင်တောက်ကျွင်းက သူ၏ခြေထောက်အောက်ပိုင်းကို လက်နှစ်ဖက်နဲ့ ဖိထားတယ်ဆိုတာ သူမြင်နေရပေမယ့် သူဘာမှမခံစားရဘူး။
“ထားလိုက်ပါ ဆေးပင်တွေနဲ့ ရက်အနည်းငယ်လောက် ရေစိမ်လိုက်” လော့ယွင်တောက်ကျွင်း အခြားဘာဖြေရှင်းချက်မှ ထပ်မပြောတော့ပေ။ ပြီးပြည့်စုံသည့်အမွေအနှစ်အတွက် ပထမနေရာရဖို့ လူအများစုဟာ ခံနိုင်ရည်မရှိကြဘူး။ ဒီတော့ ရွှီဇီယန်က အခြားလူတွေလို အတွေ့အကြုံမရှိသေးလို့ပဲ ဖြစ်ပါလိမ့်မည်။
“ဆရာသခင် ကျွန်တော် မသန်မစွမ်းဖြစ်သွားမှာတော့ မဟုတ်ဘူးမလား?” ရွှီဇီယန် စိုးရိမ်စွာ မေးလိုက်သည်။
မကျေမချမ်းဖြစ်စွာ လော့ယွင်တောက်ကျွင်းက သူ့မျက်လုံးကို လှည့်လိုက်သည်။ “စိတ်အေးအေးထားစမ်းပါ အကယ်၍ မင်းတကယ်ကြီး မသန်မစွမ်းဖြစ်သွားရင်တောင် ငါမင်းကိုပျောက်ကင်းအောင် ကုသပေးမှာ”
ရှက်ကိုးရှက်ကန်းဖြင့် ရွှီဇီယန်ပြုံးလိုက်သည်။ ဒီကမ္ဘာက ကျင့်ကြံခြင်းလောကဆိုတာ သူမေ့သွားသည်။ ခြေထောက်ကျိုးသွားတာကို ပြန်လည်ကောင်းမွန်အောင် ကုသနိုင်ဖို့ အနည်းငယ်တော့ ခက်ခဲလှပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ပေ။ ထို့အပြင်က သူ့ဆရာသခင်ကလည်း အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူဖြစ်သည်။ ဒီကိစ္စမျိုးတွေလောက်ကတော့ သူ့အတွက် အသေးအဖွဲ့လောက်ပဲ ဖြစ်မှာသေချာသည်။
“အိုး ဟုတ်သားပဲ မင်းဆရာသခင်ရဲ့နာမည်က လော့ယွင် ငါ့ကိုအဲ့လိုခေါ်တဲ့လူ သိပ်ပြီးများများစားစားတော့မရှိဘူး လူအများစုကတော့ လော့တကျောင်(ခြေထောက်ကြီးလော့)လို့ခေါ်ကြတယ်” ထိုစကားကိုပြောပြီးနောက် လော့ယွင်တောက်ကျွင်းက ဂုဏ်ယူစွာ သူ၏ခြေထောက်ကြီးနှစ်ချောင်းကို မြောက်ပြလေသည်။
ရွှီဇီယန်နှုတ်ခမ်းထောင့်က တန်းသွားသည်။ ဒီလော့ယွင်တောက်ကျွင်း၏အပြုအမူတွေက ဘယ်လောက်ကို အကျင့်သိက္ခာမဲ့ပြီး ထိန်းမနိုင်သိမ်းမရဖြစ်လည်းဆိုတာ သူသိတာကြောင့် သူ့စိတ်ကိုပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးသားဖြစ်ပေမယ့် သူ့အတွက်ကတော့……ဒီလိုသမားရိုးကျမဟုတ်သည့် ပုံစံမျိုးကို မြင်ရဖို့က အလွန်ကိုရှားပါးလှသည်……
“ဟုတ်ပါပြီ မင်းတို့ညီအကိုနှစ်ယောက်ရဲ့ အခြေအနေတွေကို ငါသိပြီးသားမို့ မင်းတို့တွေ ဘာမှပြောစရာမလိုတော့ဘူး မင်းတို့နှစ်ယောက်က ငါ့ကိုမင်းတို့ရဲ့ဆရာသခင်အဖြစ် ဆည်းကပ်ထားပြီးပြီဆိုတော့ မင်းတို့တွေ ငါ့ရဲ့စည်းမျဉ်းကို လိုက်နာရမယ် မင်းတို့နှစ်ယောက်ကို လက်မခံရသေးခင်က ငါ့မှာတပည့်သုံးယောက်ရှိပြီးသား အခုတော့ တစ်ယောက်မှဒီဂိုဏ်းမှာ မရှိကြသေးဘူး သူတို့တွေပြန်လာမှ မင်းတို့နဲ့မိတ်ဆက်ပေးမယ်”
“နားလည်ပါပြီ ဆရာသခင်” ရွှီဇီယန်ချက်ချင်း သဘောတူလိုက်သည်။ လော့ယွင်တောက်ကျွင်းဟာ အရည်အချင်းရှိသည့် လူတွေကိုသာ လက်ခံလေ့ရှိသည်။ ဝတ္ထုထဲမှာရော မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲမှာပါ သူတို့တွေအကြောင်းကို မဖော်ပြထားပေမယ့် သေးငယ်သည့် သဲလွန်စလေးတွေကိုတော့ အဓိပ္ပါယ်ပါပါ ဖော်ပြထားသည်။ လော့ယွင်တောက်ကျွင်း၏အမြင်မှာ ဒီတပည့်တွေကို သာမန်ပဲလို့သာ သူဘယ်လိုလုပ်တွေးမိမှာလဲ?
ဆရာတပည့်နှစ်ယောက်ဟာ စကားပြောနေရင်း အချိန်အတော်လေး ကုန်လွန်သွားသည်။ လော့ယွင်တောက်ကျွင်းက ဒီတပည့်အသစ်ကို သူလက်ခံလိုက်ရသည့်အတွက် အလွန်ကိုကျေနပ်နေသည်။ ဒီဆရာသခင်အရှေ့မှာ သူ့ကိုယ်သူနိမ့်ချပြီးတော့ ဘယ်လိုပါးနပ်ရမယ် ဘယ်လိုပြုမူပြောဆိုရမယ်ဆိုတာ ရွှီဇီယန်နားလည်ပေသည်။ သူက အရင်အိမ်ထောင်နဲ့ ပါခဲ့သည့်ကလေး(ဇီရုန်)ကို သံယောဇဉ်တွယ်တာက ထိုကလေးက နှစ်လိုဖွယ်ကောင်းနေလို့မဟုတ်ပေမယ့် အနည်းဆုံးတော့ ထိုကလေးရဲ့ပါးနပ်မှုတွေက လော့ယွင်တောက်ကျွင်း၏ဂုဏ်သတင်းထက် မနိမ့်ပေ။
“အာ အချိန်ကျတော့မှာပဲ……မင်းဆေးပင်တွေနဲ့ ရေစိမ်ရတော့မယ်” လော့ယွင်တောက်ကျွင်းက ကောင်းကင်အရောင်အားကြည့်ကာ ရွှီဇီယန်အား ပြောလိုက်သည်။
ရွှီဇီယန် သစ်တုံးလိုဖြစ်နေသည့် သူ့ခြေထောက်အားကြည့်ကာ စိတ်ညစ်သွားသည်။ သူ့ကိုသတိပေးတယ်ဆိုတော့ အရင်တုန်းကရော သူဘယ်လိုများ ဆေးပင်တွေနဲ့ရေစိမ်ခဲ့တာလဲ? သူ့ဆရာသခင်ဖြစ်သူက သူ့ကိုသယ်သွားတာတော့ မဟုတ်လောက်ဘူးမလား?
သူ့ဆရာသခင်က သူ့အားဘယ်လို ပြုစုပေးတယ်ဆိုတာ တွေးကြည့်လိုက်ပြီးနောက် ရွှီဇီယန်ပုံစံဟာ ချက်ချင်းရှက်သွားတော့သည်။ ဒါပေမယ့် သူမေးမလို့ ပါးစပ်ဖွင့်တုန်းပဲရှိသေးသည့်အချိန်တွင် တံခါးဝကနေ အရိပ်သေးသေးလေးက ရုတ်တရက် ပေါ်လာတော့သည်။
“ကိုကို ရေစိမ်ရမယ့်အချိန်ရောက်ပြီ!”
လီးပဲ! ဒီနှစ်ရက်အတွင်း သူ့ကိုသယ်ပြီး ရေစိမ်ပေးတဲ့သူက ဇီရုန်လား?? အားးး ဇီရုန်လိုခန္ဓာကိုယ်သေးသေးလေးက သူ့လိုအရပ်၁၈၀စင်တီမီတာလောက် ရှည်တဲ့လူကို ဘယ်လိုများသယ်တာလဲ??!!
အစကကျေးဇူးတင်နေသည့် ရွှီဇီယန်၏အကြည့်တွေဟာ ချက်ချင်းပြောင်းသွားတော့သည်။ ရွှီဇီယန်ဟာ လော့ယွင်တောက်ကျွင်းအား ကြည့်လိုက်ကာ သူ၏အမူအရာက အပြစ်တင်နေသည့် ပုံစံမျိုးပေါက်နေသည်။ ဆရာသခင်က တကယ့်ကို လျစ်လျူရှုနိုင်လွန်းတာပဲ! ဆရာသခင်က အသက်၁၁နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်ကို ဒီလိုခက်ခဲတဲ့ အလုပ်ကြမ်းမျိုးကို လုပ်ခိုင်းတယ်ပေါ့!!!
လော့ယွင်တောက်ကျွင်းဟာ ရွှီဇီယန်၏အကြည့်စူးစူးကို ရရှိလိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်ဟာ ကော့တက်သွားသည်။ သူ့တပည့်ကတော့ တကယ့်ကို အရူးတပည့်ပဲ ရေမှန်ကပုံရိပ်တွေကို သူမေ့များမေ့သွားတာလား? သူ့ညီဖြစ်သူကဖြင့် သူတစ်ယောက်တည်းပဲ သူ့အစ်ကိုရဲ့ဝေယျာဝစ္စတွေကို လုပ်မယ်ဆိုပြီးတော့ လက်ကမြင်းချင်နေတာများ! ဒီကလေးက ဘယ်လိုများ လိမ်ညာပြီး ပရိယာယ်တွေသုံးထားလို့ ရွှီဇီယန်က ကံဆိုးမိုးမှောင်ကျလောက်အောင် သူစားတာခံရမယ့်သူဖြစ်နေရတာလဲ!
“ကိုကို?” ရွှီဇီယန်က လော့ယွင်တောက်ကျွင်းအား စိုက်ကြည့်နေတာကြောင့် ရွှီဇီရုန်က နားမလည်စွာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး” ရွှီဇီယန် သူ့ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။ “ဇီရုန် မင်းဘယ်လိုများ ကိုကို,ကိုသယ်ရတာလဲ? ဒီအတိုင်းပဲ……”
“ရပါတယ် ကိုကိုကလည်း ဒါကပြဿနာမရှိပါဘူး” ရွှီဇီရုန်ပြုံးကာ သူ့စကားကို ကြားဖြတ်ပြောလိုက်သည်။ သူ့ကိုကိုဖြစ်သူနဲ့ အခြားလူတွေ ရင်နှီးသွားမည့် အခွင့်အရေးမျိုးကို သူခွင့်ပြုမှာမဟုတ်ဘူး။
အကူအညီမဲ့စွာ ရွှီဇီယန်ဟာ ရွေးချယ်စရာမရှိတော့ပဲ သူ့ညီဖြစ်သူက သူ့အားကုန်းပိုးတာကို ခွင့်ပြုလိုက်ရတော့သည်။ သိပ်မကြာခင်မှာပင် သူတို့တွေက မီးဖိုချောင်လေးရဲ့ တံခါးတစ်ဖက်က နေအိမ်လေးကို ရောက်သွားတော့သည်။
မီးဖိုချောင်ထဲမှာ ကြီးမားသည့် စည်ပိုင်းကြီးရှိနေပြီး ရေတွေနဲ့ပြည့်နေသည်။ စိတ်ဝိညာဉ်ဆေးပင်တွေ အမျိုးမျိုးကို ထိုရေချိုးစည်ပိုင်းကြီးထဲ ရောနှောထည့်ထားတာကြောင့် အလွန်ကိုဆိုးဝါးသည့် အနံ့အသက်တွေ ထွက်ပေါ်နေတော့သည်။
သူသတိမေ့နေတုန်းကတော့ ဘာမှမခံစားရပေမယ့် သူနိုးနေသည့်ပုံစံဖြင့် ဒီဆေးပင်တွေနဲ့ ရေစိမ်ရမည်က တကယ့်ကိုဝဋ်ဆင်းရဲပဲ!
ရွှီဇီရုန်က လျင်မြန်ကျွမ်းကျင်စွာ လျှောက်သွားသည်။ သူကပထမဆုံး စိတ်ဝိညာအတတ်ပညာကို အသက်သွင်းကာ ကြီးမားသည့် နွယ်ပင်တွေကို ဖန်တီးလိုက်သည်။ ထို့နောက်မှာတော့ သူက မီးဖိုချောင်က အပေါ်ကမှန်သမျှကို နွယ်ပင်ဖြင့် ကာလိုက်သည်။
သူ့ကိုကိုရဲ့အသားအရေမှန်သမျှကလည်း သူ့အပိုင်ဖြစ်တာကြောင့် အခြားလူတွေကို သူကဘာကိစ္စကြောင့် ကြည့်ခိုင်းရမှာလဲ?
ထိုင်ခုံနှစ်ခုကို ယူလိုက်ပြီးနောက် ရွှီဇီယန်၏အင်္ကျီတွေကို ရွှီဇီရုန် ဂရုတစိုက် ချွတ်ပေးလေသည်။ ထို့နောက်မှာတော့ သူ့ကိုကိုအား ရေစည်ပိုင်းထဲသို့ နေရာချပေးလိုက်သည်။ ဒါပေမယ့် ထိုသို့မလုပ်ခင် ရေ၏အပူချိန်ကို စမ်းသပ်ဖို့လည်း ရွှီဇီရုန်မမေ့ချေ။
ရွှီဇီရုန်၏အသေးစိတ် ဂရုစိုက်မှုတွေကို ကြည့်ရင်း ရွှီဇီယန် အလွန်ပီတိဖြစ်သွားသည်။ ကြည့်လိုက်စမ်း ကြည့်လိုက်စမ်း! ဒါကသူပျိုးထောင်ထားတဲ့ လိမ်မာတဲ့ညီလေးပဲ။ သူဘယ်လောက်ဉာဏ်ကောင်းပြီး လိမ်မာလိုက်လဲဆိုတာ ကြည့်လိုက်!
ဘယ်မိသားစုမှာများ ဒီလိုတွေးတတ်တဲ့ ညီလေးမျိုးရှိမှာလဲ?
လူတွေအားလုံးက သူ့ကိုမနာလိုကြမယ်၊ အားကျကြမယ် ဒါမှမဟုတ် မုန်းကြလိမ့်မယ်!╮(^▽^)╭
သူအပြုအမူတွေကြောင့် ရွှီဇီယန်ပီတိဖြစ်နေမှန်း ရွှီဇီရုန်မသိပေ။ သူ့ကိုကိုက သူ့အပိုင်လို့သာ ခေါင်းမာစွာ ယုံကြည်ထားသည်။ ဒီလိုကိစ္စမျိုးအတွက်လည်း သူ့ကိုကို,ကို ဂရုစိုက်မည့်အလုပ်မျိုး အခြားလူလက်ထဲ မထည့်နိုင်ဘူး။
သူ့အပိုင်ကို သူကိုယ်တိုင်ပဲ ပြုစုရမှာဖြစ်သလို သူကိုယ်တိုင်ပဲ ကာကွယ်စောင့်ရှောက်ရမှာဖြစ်သည်။ ပြီးတော့ သူကဒီလိုဂရုစိုက်မှုတွေနဲ့ ဝေးကွာနေရင် အခြားလူတွေကလည်း သူပိုင်သည့်အရာတွေကို အလွယ်တကူ လုယူသွားကြသည်။ သူ့အရင်ဘဝတုန်းက ရွှီမိသားစုဆီမှာ ဒီလိုသင်ခန်းစားမျိုးတွေကို နှောကြေအောင် တွေ့ကြုံခဲ့ရပြီးဖြစ်သည်။
ရွှီဇီရုန် သူ့ကိုကို,ကို မဝှက်ထားနိုင်ပေမယ့် သူ့ကိုဂရုစိုက်ပြီး ကာကွယ်ပေးရမည့် အလုပ်မျိုးတွေကိုတော့ ရွှီဇီရုန် သူကိုယ်တိုင် ဖြစ်မြောက်အောင် လုပ်မှာဖြစ်သည်။
ရွှီဇီယန် လေးနာရီဝန်းကျင်လောက် ရေစိမ်ရပေသည်။ ထိုအချိန်အတွင်း ရွှီဇီရုန်က သူ့ဘေးမှာ မတ်တပ်ရပ်ကာ လိမ်လိမ်မာမာ စောင့်ကြပ်နေသည်။ သူ့အကြည့်တွေက သူ့ကိုကိုအား ဘယ်တော့မှ ကြည့်မဝဘူးဆိုသည့် ပုံစံဖြစ်နေသည်။
လေးနာရီလောက်ကြာတော့ ရွှီဇီရုန်က ဆေးပင်ရေတွေကို ရေသန့်နဲ့လဲကာ ရွှီဇီယန်၏ခန္ဓာကိုယ်ကို ဆေးကြောပေးသည်။ ထို့နောက်မှာတော့ သူကရွှီဇီယန်ကို အဝတ်အစားဝတ်ကူပေးပြီး တံခါးတစ်ဖက်ဆီသို့ ပြန်သယ်သွားသည်။
လော့ယွင်တောက်ကျွင်းကတော့ အခန်းထဲမှာ မရှိတော့ပေ။ ဒါပေမယ့် ရွှီဇီယန်၏ကုတင်ဘေးနားမှာ ကျောက်စိမ်းပြားနှစ်ခုကိုသာ ချန်ထားခဲ့သည်။
ထိုကျောက်စိမ်းပြားနှစ်ခုဟာ ရွှီဇီယန်ခြေထောက်တွေ ကောင်းသွားရင် ဂိုဏ်းချုပ်ထံသွားတွေ့ရမည်ဆိုသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ဒီနှစ်ရဲ့အတွင်းဂိုဏ်းတပည့်စာမေးပွဲ၏ ထိပ်ဆုံးစာမေးပွဲဖြေဆိုသူတစ်ယောက်အနေနဲ့ သူရရှိရမည့် ဆုတွေတစ်ခုမှ မယူရသေးပေ။
စိတ်ဝိညာဉ်ဆေးလုံးတွေ၊ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လေ့ကျင့်ရေးခန်းမသို့သွားကာ စိတ်ဝိညာဉ်အတတ်ပညာအညွှန်းစာအုပ်တွေအား ယူခွင့်ရတာတွေ၊ ထိုအရာတွေအားလုံးက အတွင်းဂိုဏ်းတပည့်တိုင်း ရရှိကြတာပြီး ထိပ်ဆုံးစာမေးပွဲဖြေဆိုသူတစ်ယောက်အနေနဲ့ သူရရှိမည့်ဆူကတော့ ချီလင်မျှော်စင်ထဲသို့ ဝင်ရောက်ခွင့်ရမှာဖြစ်သည်။
ဒါပေမယ့် ချီလင်မျှော်စင်ထဲကို အခြေခံကျင့်ကြံခြင်းအဆင့်နဲ့ အထက်တွေသာ ဝင်ရောက်ခွင့်ရှိတာကြောင့် ရွှီဇီယန် သူ၏အခြေခံကျင့်ကြံခြင်းကို တည်ဆောက်ဖို့က အခုချိန်မှာ အလွန်အရေးကြီးသော တာဝန်ပင်ဖြစ်သည်။
တစုံတယောက်ရဲ့ကျင့်ကြံခြင်းကို တည်ဆောက်တော့မည်ဆိုရင် အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေကိုလိုအပ်ပြီး ထိုအရာတွေကို ဂိုဏ်းကအကျိုးအမြတ်တွေနဲ့ အထောက်အပံ့ခန်းမနဲ့ လဲလှယ်ရပေသည်။ ဒါပေမယ့် ရွှီဇီယန်အတွက်ကတော့ လက်ရှိမှာ အကျိုးအမြတ်တွေက ဆန့်ကျင်ဘက်အနေနဲ့ အကြွေးတောင်တင်နေသေးတာကြောင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ရရှိမည့်လမ်းသို့ သူသွားလို့မရပေ။ ဒါကြောင့် သူအခြားနည်းလမ်းကိုသာ တွေးရမည်။
ထိုဆုလာဘ်တွေဟာ တကယ်ဆိုရင် ထိပ်ဆုံးစာမေးပွဲဖြေဆိုသူက သူတို့၏ကိုယ်ပိုင်ဆရာသခင်ကို ရွေးချယ်ရာတွင် ရရှိရမှာဖြစ်သည်။ ကံမကောင်းစွာ ရွှီဇီယန် သတိလစ်နေသည့်အချိန် လော့ယွင်တောက်ကျွင်းက သူ့အားချက်ချင်း ခေါ်သွားတော့သည်။ ရွှီဇီယန် ဘာငြင်းပိုင်ခွင့်မှ မရှိတော့ပေ……
မျက်စိတစ်မှိတ်အတွင်း သုံးရက်ဟာ ကုန်လွန်သွားသည်။ ရွှီဇီယန်၏ခြေထောက်ကလည်း ပြန်လှုပ်ရှားလို့ရသွားသည်။ ထိုသုံးရက်အတွင်း လော့ယွင်တောက်ကျွင်းက သူတို့ထံမရောက်လာပေမယ့် စာတော့ပို့လာခဲ့သည်။ သူတို့တွေ ဂိုဏ်းချုပ်ကို သွားတွေ့ရမည်ဟု သူ့စာထဲမှာရေးထားတာကြောင့် သူတို့တွေ ချက်ချင်း ဂိုဏ်းချုပ်ကိုသွားရှာရမည်။
ရွှီဇီယန် သူ့ခြေထောက်ကို ပွတ်လိုက်သည်။ အခုဆိုရင် ခြေထောက်တွေက သန်မာလှသည့် လေ့ကျင့်ခန်းတွေကိုတောင် လုပ်နိုင်နေပြီဖြစ်ပြီး တခါတရံ ကန်ချက်တွေက လေအဟုန်ကိုတောင် ဖန်တီးနေနိုင်ပြီဖြစ်သည်။ ပြောပြလို့မရအောင် သူပျော်ရွှင်နေတာကြောင့် ရွှီဇီယန် အနီးနားတလျှောက်ကို အနည်းငယ် ခုန်ပေါက်သွားနေတော့သည်။ သူ့ခြေထောက်တွေက ကွေးနိုင်ဆန့်နိုင်နေပြီဖြစ်ပြီး ဘာအကျိုးသက်ရောက်မှုမှ သူမခံစားရတော့ပေ။
“ဇီရုန် သွားကြစို့ ငါတို့ရဲ့ဆုလာဘ်တွေ အားလုံးကို သွားယူဖို့ ဒီနေ့က အကောင်းဆုံးနေ့ပဲ” ရွှီဇီယန် နားရွက်တက်ချိတ်လောက်သည့်အထိ ပြုံးကာပြောလိုက်သည်။
သူ့ခြေထောက်တွေကို မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်သည့် ခံစားချက်က အရမ်းကိုပျော်စရာကောင်းလှသည်။ ထို့အပြင် သူမနက်အိပ်ရာထတိုင်း ခါးခါးသီးသီးစူးရှနေသည့် ခံစားချက်ကလည်း ပျောက်ကွယ်သွားသည်။ လက်ရှိမှာတော့ သူ့ခြေထောက်တွေဟာ တစ်ခါမှ ဒဏ်ရာမရဖူးသလိုကို ခံစားနေရသည်။ ပြီးတော့ သူ၏ခန္ဓာကိုယ်စွမ်းအားကလည်း ခြေထောက်တွေပြန်ကောင်းသွားမှ ပိုသန်မာသလိုခံစားရသည်။
ညီအကိုနှစ်ယောက်ဟာ လမ်းကျဉ်းလေးကနေလျှောက်ကာ တောင်ပေါ်ကနေဆင်းလာကြပြီး အရှေ့ဘက်က ချန်ယွမ်တောင်ထွတ်ဆီသို့ မြန်မြန်ထွက်လာကြသည်။ သူတို့တွေလမ်းလျှောက်လာတော့မှ လျှိုကွမ်းဂိုဏ်းအဓိကတောင်ထွတ်နဲ့ ထျန်လော်တောင်ထွတ်ဟာ ဘယ်လောက်ဝေးလည်းဆိုတာ သူတို့တွေ သဘောပေါက်တော့သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် လော့ယွင်တောက်ကျွင်း၏ရပ်တည်ချက်ဟာ ဂိုဏ်းချုပ်နဲ့အခြားသောအကြီးအကဲတွေရှေ့မှာ သိပ်ပြီးမပေါ်လွင်တာကြောင့် ဒီနေရာမှာ အခြားတောင်ထွတ်ရှိနေသေးသည်ဆိုတာကို သူတို့တွေမေ့နေပုံရသည်။
လမ်းလျှောက်ရတာ နှစ်နာရီတောင်ကြာတယ်!
ထို့နောက်မှာတော့ ရွှီဇီယန်ဟာ ထျန်လော်တောင်ထွတ်ကနေ ချန်ယွမ်တောင်ထွတ်ဆီသို့ ရောက်ရှိသွားတော့သည်။ ဂိုဏ်းအတွင်း အရေးပေါ်အခြေအနေမဟုတ်ရင် ဓားပျံစီးခြင်းကို တားမြစ်ထားသည်။ အဓိကတောင်ထွတ်ခုနစ်ခုက တောင်ထွတ်သခင်တွေ၏တပည့်တွေသာ စိတ်ဝိညာဉ်တောကောင်ဥယျာဉ်ကနေ အနီရောင်ကြိုးကြာကို သယ်ယူပို့ဆောင်ပေးသည့် စီးတော်ယာဉ်အဖြစ် အသုံးပြုခွင့်ရှိကြသည်။
တကယ်လို့ ရွှီဇီယန်သာ ဂိုဏ်းချုပ်ကို သူ၏ဆရာသခင်အဖြစ် ဆည်းကပ်လိုက်ပါက သူလည်းပဲ ဒီလိုအရာမျိုးကို ရရှိမှာဖြစ်သည်။ ဒါပေမယ့် လော့ယွင်တောက်ကျွင်း၏ ထျန်လော်တောင်ထွတ်က အဓိကတောင်ထွတ်ခုနစ်ခုထဲမှာ မပါဝင်ပေ။ လူတိုင်းဟာ ထျန်လော်တောင်ထွတ်၏တည်ရှိမှုကို မေ့နေပုံရသည်။
ချန်ယွမ်တောင်ထွတ်ကိုရောက်တော့ ရွှီဇီယန်က ဝင်ပေါက်မှာစောင့်နေသည့် အစောင့်အား မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြလိုက်သည်။ ထိုတပည့်ဟာ သူ့နာမည်ကိုလည်းကြားရော သူ၏အမူအရာဟာ ချက်ချင်း ကရုဏာသက်သည့်ပုံစံသို့ ပြောင်းလဲသွားသည်။ ကြည့်ရတာတော့ အဆင့်မြင့်ကျင့်ကြံသူဟာ ရွှီဇီယန်ကို ဂိုဏ်းချုပ်ဆီကနေ လုယူသွားသည်ဆိုသည့်သတင်းဟာ အတော်လေးကို ပျံ့နှံ့သွားတာဖြစ်လောက်သည်……