Chapter 57
Chapter 57
အကယ်၍ တစ်ခါတစ်ရံ ကံကောင်းသွားရင် ရွှေအမြုတေအဆင့်ကျင့်ကြံသူရဲ့ ပို့ချချက်ကို သူရရှိနိုင်မည်ဖြစ်ပြီး ကျင့်ကြံသူတွေထဲက တစ်ယောက်၏အာရုံကို ယူနိုင်တာနဲ့ပင် အတွင်းတပည့်အတွက် လုံလောက်နေပြီဖြစ်ပြီး သာမန်အတွင်းတပည့်ကနေ တကယ့်အစစ်အတွင်းတပည့်အဖြစ်သို့ သူရောက်ရှိသွားလိမ့်မည်။
ပို့ချချက်တွေကို နားထောင်ပြီးနောက် တပည့်တွေဟာ အမျိုးမျိုးသော ကျင့်စဉ်အတတ်ပညာတွေကို ကျင့်စဉ်အတတ်ပညာခန်း၏အနောက်ဘက်က ဆိတ်ငြိမ်ခန်း၌ လေ့ကျင့်ရသည်။ ထိုအခန်းက အလွန်ဈေးကြီးတယ်ဆိုပေမယ့် အတော်လေးလည်း တန်ပါသည်။
ယနေ့အတွက် ရွှီဇီယန်၏ အဓိကရည်ရွယ်ချက်ကတော့ ဆိတ်ငြိမ်ခန်းကို သွားဖို့ပင်ဖြစ်သည်။ ကျင့်စဉ်အတတ်ပညာတွေ လေ့ကျင့်ဖို့တော့မဟုတ်ပေမယ့် သူ့ဆရာသခင်၏အကြံဉာဏ်အတိုင်း သူစမ်းသပ်ကြည့်ဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်………
သူ၏လျှို့ဝှက်ထားသောမိုးကြိုးသွား အခင်းအကျင်းက လျှပ်စစ်အသုံးပြု၏ခန္ဓာကိုယ်က လျှပ်စစ်တွေကို စုပ်ယူပေးသည်။ ထိုစွမ်းအင်တွေကို တစ်နေရာတည်း တည်ရှိနေအောင်လုပ်မှ ရန်သူတွေဆီ သူထုတ်လွှတ်လို့ ရပေလိမ့်မည်။
ဒီပရိယာယ်ကို လေ့လာကြည့်ရင် ပထမအဆင့်က လျှပ်စစ်တွေကို စုပ်ယူရုံသာဖြစ်ပြီး ပထမအဆင့်မှာ စုပ်ယူထားသည့် လျှပ်စစ်တွေကို အသုံးပြုကာ နောက်အဆင့်တွေမှာလည်း ပြန်လှည်စုပ်ယူလေသည်။
လော့တကျောင်က ရေခဲဝိညာဉ်ကျင့်ကြံသူဖြစ်ကာ စိတ်မကောင်းစရာပဲ သူ့လက်ထဲမှာကလည်း လျှပ်စစ်ကသိပ်မရှိတာကြောင့် လျှိုကွမ်းဂိုဏ်း၏ ဝှက်ထားသည့်အဖိုးတန်ရတနာတွေကိုသာ တွေးရုံသာတတ်နိုင်သည်။
သူကသူ့ဆရာသခင်၏ တပည့်ဖြစ်နေရင်တောင် ဘဏ္ဍာတိုက်ကို သူဘယ်တော့မှ ခိုးဝင်မှာမဟုတ်ပေ။ အကယ်၍ သူလုပ်လိုက်ရင်တောင် သူ၏ရှစ်ရှုန်း ဆရာသခင်ကိုသွားပြောလိမ့်မည်။ ဒါပေမယ့် တပည့်တစ်ယောက်အနေနဲ့ သူပိုမိုသန်မာသည့် တည်ဆောင်ခြင်းကို ပြုလုပ်ချင်သည်။ တွေးကြည့်ရရင် လေ့ကျင့်ရေးအခန်းထဲက အဲ့ဒီ’အစိမ်းရောင်မိုးကြိုးသွား’က သူနဲ့အကိုက်ညီဆုံးဖြစ်သည်။
လျှို့ကွမ်းဂိုဏ်းမှာ အဲ့ဒီလို’အစိမ်းရောင်မိုးကြိုးသွား’တွေ အများကြီးရှိတာကြောင့် နည်းနည်းလောက်လျော့သွားရုံနဲ့ သူတို့တွေမထိခိုက်နိုင်ပါဘူးလို့……လော့တကျောင်ဟာ ဒီလိုတာဝန်မဲ့သည့် အတွေးမျိုးကိုတွေးခဲ့သည်။
ပြီးတော့ ရွှီဇီယန်ကလည်း ဆရာသခင်သင်ကြားပေးသည့်အတိုင်း လိမ်မာစွာလိုက်နာရမည်။ ဆရာသခင်က သူ့ကိုထိုစာအုပ်အား ခိုးခိုင်းလိုက်တာဆိုတော့ သူကလည်းလုပ်ရပေလိမ့်မည်။ ဆရာသခင်က ခိုးသည့်နည်းလမ်းနဲ့ ပတ်သက်ပြီး အထူးအကြံဉာဏ်ပေးလိုက်သေးသည်က အခြားလူတွေ ရှာမတွေ့အောင် သူအရင်ခိုးရမည်ဖြစ်သည်။ အကယ်၍ သူ့ကိုရှာတွေ့သွားပါက ဘာလိုကိစ္စမျိုးပဲဖြစ်ဖြစ် သူငြင်းဆန်ရမည်။
ကျန်တာတွေကိုက သူဖြေရှင်းပေးလိမ့်မည်။
လော့တကျောင်၏ အရှက်မဲ့မှုအတိုင်းအတာကို ရွှီဇီယန် ထပ်ပြီးသဘောပေါက်သွားပေမယ့် သူကလည်းအကျိုးအမြတ်တွေရချင်တာကြောင့် မငြင်းဆန်နေတော့ပေ။
အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ကို အသုံးပြုကာ ဆိတ်ငြိမ်းခန်းနှစ်ခန်းငှားပြီး ရွှီဇီရုန်အား သူ့ဟာသူလေ့ကျင်ရန် သူပို့လိုက်သည်။
သူခိုးမည့်အရာတွေနဲ့ပတ်သက်ပြီး သူ၏ပုံရိပ်ထိခိုက်မှာစိုး၍ သူ့ညီလေးကို သိခွင့်မပေးပေ။
ဆိတ်ငြိမ်ခန်းသို့ရောက်သွားသည့်နှင့် အတွင်းခန်းထဲက စက်ခလုတ်ကို သူနှိပ်လိုက်သည်။ ဆိတ်ငြိမ်ခန်းကို တံခါးရှေ့မှာ ချောမွတ်တောက်ပြောင်နေသည့် ကျောက်တုံးကြီးဟာ ပိတ်သွားတော့သည်။ ထို့နောက်မှာတော့ ကျင့်ကြံခြင်းအစီအစဉ်တွေက ထိုကျောက်တုံးပေါ်မှာ ပေါ်လာသည်။
‘မိုးကြိုးသွား’ဆိုသည့် အရာကို ရွေးချယ်လိုက်ပြီးနောက် ညွှန်ကြားချက်အတိုင်း သူ၏အနေအထားကို ပြင်ဆင်ထားတော့သည်။ မကြာခင် ‘ကြမ်းတမ်းလှသည့်တိမ်တိုက်’တွေဟာ ရွှီဇီယန်၏ခေါင်းထက်မှ ပေါ်လာတော့သည်။
မိုးကြိုးသွားဟာ ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်နိုင်တယ်ဆိုပေမယ့် ပုံမှန်ကျင့်ကြံသူတွေဟာ မိုးကြိုးသွား၏စွမ်းအင် တိုးဝင်လာတာကို ခံစားကြရသည်။
လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်လောက်က ရွှမ်းယွိနယ်မြေက ကျင့်ကြံသူတစ်ယောက်ဟာ ကြမ်းတမ်းလှသည့်ရွှေရောင်မိုးကြိုးသွားနဲ့ မမျှော်လင့်ပဲတွေ့ဆုံမိပြီး သူကအလွန်ထိတ်လန့်သွားကာ ထိုမိုးကြိုးသွားအောက်မှာ သူရှုံးနိမ့်သွားတော့သည်။ ထိုအရာရယ်စရာအဖြစ်အပျက်သာ ဆိုပေမယ့် အခြားသောဂိုဏ်းအားလုံးကို ထိုအဖြစ်အပျက်က သတိပေးလျက်ရှိသည်။
တစ်ချို့သောမိုးကြိုးသွားတွေက ကျော်လွှားဖို့ အတော်လေးခက်ခဲတယ်ဆိုပေမယ့် သူ၏အထိတ်တလန့်ဖြစ်မှုကြောင့် ကြမ်းတမ်းလှသည့် မိုးကြိုးသွားတစ်ခုကို ဖြတ်ကျော်ဖို့ ဆုံးရှုံးသွားတာက အကြီးမားဆုံးအရှက်ရစရာပင် ဖြစ်သည်။
ထိုအချိန်မှာစ၍ ဂိုဏ်းတိုင်းဟာ သူတို့တပည့်တွေကို တူညီသည့်မိုးကြိုးသွားကိုသာ သင်ကြားပေးသည်။ နောက်ပိုင်းမှာတော့ မိုးကြိုးသွားဟာ ကျင့်ကြံသူခန္ဓာကိုယ်နဲ့ ကောင်းမွန်သည့်အခင်းအကျင်းတွေကို အသုံးပြုလို့ရတာ ရှာတွေ့သွားပြီး မိုးကြိးသွားဟာ အခင်းအကျင်းတစ်ခုအဖြစ် ဂိုဏ်းတိုင်းမှာရပ်တည်နေတော့သည်။
ကြမ်းတမ်းလှသည့်မိုးကြိုးသွား အခင်းအကျင်းက ကြမ်းတမ်းလှသည့်မိုးကြိုးသွားကို အတွင်းမှဖြစ်ပေါ်စေရန် ခက်ခဲလှသည်။ သာမန်ဂိုဏ်းတွေဆိုရင် သူတို့တွေက အမျိုးမျိုးလျှပ်စစ်ပုံစံကို အသုံးပြုကြသည်။ ဂိုဏ်းကြီးတွေအတွက်ကတော့ အနာဂတ်မျိုးဆက်တွေ တိုးတက်ဖို့အတွက် တစ်ချို့သောလျှပ်စစ်ပုံစံတွေကို တီထွင်ကြသည်။
ထိုအရာတွေထဲကမှ လျှိုကွမ်းဂိုဏ်းမှာ စွမ်းအားအကြီးဆုံးက အစိမ်းရောင်မိုးကြိုးသွားဖြစ်ပြီး ခရမ်းရောင်မိုးကြိုးသွားထက် အနည်းငယ်သာ သာလွန်ပေသည်။ အကြိမ်များစွာ ကျရှုံးပြီးတာတောင် ထိုအရာက အရည်အသွေးမြင့်နေတုန်းကဖြစ်သည်။
လက်ရှိမှာ ရွှီဇီယန်၏ခန္ဓာကိုယ်သေးသေးလေးက စစ်မှန်သောအစိမ်းရောင်မိုးကြိုးသွားကို ခံနိုင်ရည်မရှိသေးတာကြောင့် သူ့ဆံပင်ထက်အနည်းနည်းလောက်ထူမယ့် မိုးကြိုးသွားတွေကို သူတိတ်တဆိတ်ခိုးရုံသာ တတ်နိုင်တော့သည်။
『K: ဇီယန်က သူ့ရဲ့လျှို့ဝှက်ထားသောမိုးကြိုးသွားကို ကျင့်ဖို့ မိုးကြိုးသွားအစစ်ကိုလိုပါတယ် ဒါကြောင့် ဆိတ်ငြိမ်ခန်းထဲက မိုးကြိုးသွားအစစ်ကို သူ့ခန္ဓာကိုယ်ထဲထည့်ပြီး လာခိုးတာပါ😂 လော့တကျောင်ရဲ့အကြံပေါ့』
ကြမ်းတမ်းလှသည့်မိုးကြိုးသွား အခင်းအကျင်း စတင်ပြီးနောက် ရွှီဇီယန်၏ခေါင်းအထက်မှာ တိမ်တိုက်တွေ ဖြစ်ပေါ်လာတော့သည်။
လော့တကျောင် သူ့ကိုသတိပေးခဲ့တာက ကြမ်းတမ်းလှသည့်မိုးကြိုးသွား အခင်းအကျင်းတွေက စုစုပေါင်းအဆင့်ကိုးဆင့်ရှိပြီး တစ်ဆင့်ချင်းဆီသွားကာ နောက်ဆုံးကိုးခုမြောက်မိုးကြိုးသွားကသာ စစ်မှန်သောအစိမ်းရောင်မိုးကြိုးသွားဖြစ်ပေသည်။ အရင်လူတွေဟာ နောက်ဆုံးအဆင့်မှာ အများဆုံးကျရှုံးလေ့ရှိကြသည်။
အကယ်၍ မိုးကြိုးသွားကို ရွှီဇီယန်ခိုးယူချင်ပါက ပထမဆုံးကြမ်းတမ်းလှသည့်ရှစ်ခုကို သူတောင့်ခံရမည်ဖြစ်ပြီး သူ၏သတိလစ်သွားလို့လည်း မရပေ။ ပြောရတာက လွယ်ပေမယ့် လက်တွေ့လုပ်ဖို့က အတော်လေးခက်ခဲလှသည်။
ရွှီဇီယန်ဟာ ပြင်ဆင်မှုတွေ အားလုံးကိုလုပ်ဆောင်ကာ တစ်နေရာထဲမှာပဲထိုင်နေတယ်ဆိုပေမယ့် မတူညီသည့်စွမ်းအားတွေကို သူတစ်ယောက်တည်း ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်ပေ။ သူ့လိုငယ်ရွယ်သည့်ကျင့်ကြံသူတစ်ယောက်က ကြမ်းတမ်းလှသည့်မိုးကြိုးသွား အခင်းအကျင်းကို မခုခံနိုင်ဘူးဆိုပေမယ့် သူ၏နှလုံးခုန်နှုန်းတွေ မတည်ငြိမ်တော့သည့်အချိန်ကျရင် ထိုအရာကျရောက်လာမှာကို ပြင်ဆင်ထားခြင်းဖြစ်သည်။
ပထမဆုံးကြမ်းတမ်းလှသည့်မိုးကြိုးသွား ကျရောက်ပြီးနောက် ရွှီဇီယန်၏ခန္ဓာကိုယ်တစ်ခုလုံးဟာ မီးသွေးတုံးလိုဖြစ်သွားပြီး သူသတိလစ်သွားတော့သည်။ အဲ့လိုဖြစ်သွားတာက သူ့ခန္ဓာကိုယ်က မိုးကြိုးသွားစိတ်ဝိညာဉ် အမျိူးအစားကြောင့်ပဲလား ဒါမှမဟုတ် ထိုမိုးကြိုးသွားကပဲ အရမ်းအားပြင်းလို့ပဲလားဆိုတာကတော့ မသိတော့ပေ။
သူဘယ်လောက်ကြာကြာ သတိလစ်နေမလဲဆိုတာကတော့ ဘယ်သူမှမသိတော့ပေ။ ရွှီဇီယန်သူနိုးလာပြီးနောက် သူနည်းနည်းလောက်လှုပ်ရှားလိုက်တာနဲ့ သူ့အရိုးတွေအားလုံးဟာ အသံမြည်လာတော့သည်။ သူသက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံနေသလိုခံစားနေရသည်။ သူ့အရိုးတွေဟာ ထိလိုက်တာနဲ့ ကွဲကြေတော့မလိုကို ဖြစ်နေသည်။
မြေပြင်မှာခဏလောက် လဲနေပြီးနောက် ရွှီဇီယန် ခက်ခက်ခဲခဲထလိုက်ရသည်။ ဒီနေ့အတွက် ကျင့်ကြံခြင်းဟာ ပြီးဆုံးသွားပြီဆိုတာ သူသေချာသိပေမယ့် သူ၏ကျင့်ကြံခြင်းကို မတည်ဆောက်ပြီးသ၍ အခြားကျင့်စဉ်တွေကို သူမကျင့်ချင်သေးပေ။
“ကိုကို! အဆင်ပြေရဲ့လား?” ဆိတ်ငြိမ်ခန်း တံခါးကိုဖွင့်လိုက်တာနဲ့ ရွှီဇီရုန် စိုးရိမ်တကြီး တံခါးအပြင်ဘက်၌ စောင့်နေတာကို သူမြင်လိုက်ရသည်။
ဆိတ်ငြိမ်းခန်းတံခါးဟာ ပိတ်သွားတာနဲ့ အတွင်းကလူမဖွင့်ပါက ရွှေအမြုတေကျင့်ကြံခြင်းအဆင့်ရောက်ထားသူကသာ ထိုတံခါးကို ရိုက်ဖွင့်နိုင်လိမ့်မည်။
“အဆင်ပြေပါတယ်” ရွှီဇီယန် ခပ်ရေးရေး ပြုံးလိုက်သည်။ ကံအားလျော်စွာ သူတံခါးမဖွင့်ခင် ဇီရုန်ပိုပြီးစိတ်ပူနေမည်စိုး၍ သူ့ကိုယ်သေချာပြန်လည် ပြင်ဆင်ထားခဲ့သည်။
ရွှီဇီရုန်ဟာ အလွန်လေးနက်သည့် အမူအရာဖြင့် အပြစ်ဆိုလေသည်။
“ကိုကိုက အဲ့အထဲမှာ သုံးရက်တောင်ကြာခဲ့တာ ဘယ်လိုလုပ်အဆင်ပြေမှာလဲ?”
“သုံးရက်တောင်?” ရွှီဇီယန်လန့်သွားသည်။ သူအပြင်ထွက်ဖို့ သုံးရက်တောင်ကြာသွားတာလား?
“ကိုကို တကယ်ရောအဆင်ပြေရဲ့လား?” ရွှီဇီရုန်ဟာမျက်မှောင်ကြုတ်ထား၏။ သူကဆိတ်ငြိမ်ခန်းကနေ ထွက်လာတယ်ဆိုပေမယ့် ရွှီဇီယန် တုပ်တုပ်မျှလှုပ်လို့မရသေးပေ။ သူ့ပုံစံက အလွန်ကိုခြေကုန်လက်ပန်းကျနေသည်။
“အာ…နည်းနည်းလောက် ပင်ပန်းသွားရုံပါ” သူ၏လက်ရှိပုံစံအတိုင်းသာဆိုရင် သူလမ်းလျှောက်ဖို့တောင် ခက်ခဲလှတာကြောင့် သူအမှန်အတိုင်းပြောရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဘာစကားမှမပြောဘဲ ရွှီဇီရုန်က သူ့အပေါ်မှီရန် ရွှီဇီယန်၏လက်ကို သူ့ပခုံးပေါ်တင်လိုက်သည်။ သူတို့နှစ်ယောက်ဟာ ကျင့်စဉ်အတတ်ပညာခန်းကနေ ထွက်လာကြပြီး ထျန်လော်တောင်ထွတ်သို့ ပြန်လာကြသည်။ သူတို့တွေလမ်းလျှောက်နေစဉ်အတွင်း သူ့အားတွဲထားသူ၏ ဝမ်းနည်းစရာအကြည့်တွေကို ရွှီဇီယန်ခံနိုင်ရည်မရှိတာကြောင့် အတွင်းထဲမှာ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို သူပြောပြလိုက်တော့သည်။
“ကိုကိုကလည်း အစိမ်းရောင်မိုးကြိုးသွားက အရမ်းသန်မာတယ်ဆိုရင်တောင် ကိုကိုရဲ့အခြေခံကျင့်ကြံခြင်းကို တည်ဆောက်ပြီးတဲ့အထိ စောင့်ပြီးမှ ပြန်သွားလည်းရတာကို” ရွှီဇီရုန်ဟာ သူစိတ်ထဲမှာ လော့တကျောင်ကို ကျိန်ဆဲနေတော့သည်။ သူ့ကိုကိုက အခုမှချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲ ပြီးသေးသည်။ ဘာလို့သူကများ ကြမ်းတမ်းလှသည့်မိုးကြိုးသွား အခင်းအကျင်းကို ဆန့်ကျင်ဖို့ အခွင့်အရေးပေးလိုက်တာလဲ? အဲ့လူကရူးသွားတာလား?
“ဟုတ်ပါတယ်လေ ကြမ်းတမ်းလှသည့်မိုးကြိုးသွားက အဲ့လောက်ပြင်းထန်မယ်မှန်း ငါမသိလိုက်ဘူး ပထမဆုံးတစ်ခုနဲ့တင် ငါ့ကိုသုံးရက်လောက် မေ့သွားအောင်လုပ်လိုက်တယ် မိုးကြိုးသွားကိုးခုစလုံးကို သတိမမေ့အောင်ခုခံနိုင်ဖို့ဆိုတာ ငါအတွက်ဘယ်လိုမှမဖြစ်နိုင်ဘူး” ရွှီဇီယန် အလွန်ကိုစိတ်တိုနေလေသည်။ သူ့ဆရာသခင်ပြောခဲ့တုန်းကကျတော့ အလွန်လေးပဲ လက်တွေ့မှာတော့ အဲ့ဒါကအရမ်းပြင်းထန်လှသည်။ သူ့ဆရာသခင်က တမင်များ သူ့ကိုဒုက္ခရောက်အောင်လုပ်ဖို့ ရည်ရွယ်လိုက်တာလား။
ရွှီဇီရုန်အား ကိုယ်တစ်ဝက်ကိုအမှီပြုရင်း နှစ်နာရီလောက်ကြာမှ သူတို့တွေ ထျန်လော်တောင်ထွတ်က တစ်ထပ်အိမ်လေးဆီရောက်လာတော့သည်။
ရွှီဇီရုန်၏ကျင့်စဉ်ဖြင့် ရှိသမျှအပေါက်မှန်သမျှကို နွယ်ပင်တွေ အကိုင်းတွေနဲ့ ကာလိုက်သည်။ နံရံရော မျက်နှာကြက်ရော အစိမ်းရောင်တွေနဲ့ကာထားပြီး ပန်းပွင့်သေးသေးလေးတွေဟာ အကိုင်းထိပ်မှထွက်ပေါ်လာပြီး အနံ့သင်းသင်းလေးထွက်ပေါ်လာသည်။
ဒီလိုအခန်းမျိုးမှာနေရတာ အတော်လေး သက်သောင့်သက်သာရှိလှသည်။
ရွှီဇီယန်ကို လဲလျောင်းရန် ကူညီပြီးနောက် ရွှီဇီရုန်က သူ့အနားကို ပိုတိုးလာသည်။ လွန်ခဲ့သည့်သုံးရက်အတွင်း သူအရူးလိုကိုဖြစ်နေခဲ့ရသည်။ သူ့ကိုကိုအသက်အန္တရာယ်မရှိဘူးဆိုတာ အာမခံနိုင်ဖို့ သူ့ကိုကို၏သွေးသာ သူ့ဆီမှာမရှိထားဘူးဆိုရင် အထဲဝင်ရဖို့ ထိုတံခါးကို သူရိုက်ခွဲလိုက်ပြီးဖြစ်သည်။
သူ့ကိုကို,ကို သုံးရက်ကြာမှမတွေ့ရပါက ရွှီဇီရုန် သူ့ရင်ထဲကဒေါသတွေကို ဘယ်လိုမှဖိနှိပ်လို့ရမှာမဟုတ်ဘူး။
အရမ်းထူးဆန်းတာပဲ။ ပုံမှန်ဆိုရင် သူ့ကိုကို၏အထိအတွေ့တွေကို ကသိကအောက်ဖြစ်လို့ ရှောင်ခဲ့သည်။ ဒါပေမယ့် သူ့ကိုကို,ကို တစ်ရက်ထက်ပိုပြီး မတွေ့လာရတော့ ထိုကသိကအောက်ဖြစ်စေသည့် အထိအတွေ့တွေဟာ သူ့ကိုအလွန်အမင်းစိတ်လှုပ်ရှားစေမှန်း သိသွားခဲ့သည်။
သူ၏သဘာဝကျကျဟန်ဆောင်ထားသည့် အခြမ်းကိုသာ မထိန်းထားပါက သူ၏သွေးဆာနေသည့်အခြမ်းကို လျှိုကွမ်းဂိုဏ်း၏ဒီနေရာမှာသာ ဖော်ပြလိုက်ရင် သူ့ကိုကိုဒုက္ခရောက်သွားနိုင်သည်။ သူ့အရမ်းကို……
သူ့မျက်လုံးဟာ သွေးရောင်ယှက်သန်းလာတော့သည်။ သူ့မျက်လုံးကိုမှိတ်လိုက်ကာ ရွှီဇီရုန် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်သည်။
သူ၏မျက်လုံးအရောင်က ပုံမှန်ပြန်မဖြစ်သေးတာကြောင့် သူမျက်လုံးကိုမဖွင့်သေးပေမယ့် ရွှီဇီယန်က သူ့အားတောင်းပန်သည့်အကြည့်ဖြင့် ကြည့်လာသည်ကို သူသိနေသည်။ “တောင်းပန်ပါတယ် ဇီရုန် မင်းစိတ်ပူအောင် ငါလုပ်လိုက်မိတယ်”
ရွှီဇီယန် သူ့ညီလေး၏ခေါင်းကို ပွတ်ပေးလိုက်သည်။ ဒီကလေးက သူ့အပေါ်ဘယ်လောက်အထိ မှီခိုအားထားလည်းဆိုတာ သူခံစားမိသည်။ သူသုံးရက်လောက်ပျောက်သွားတာကြောင့် ဇီရုန်ကဘယ်လောက်ပဲ ရင့်ကျက်သည့်ပုံစံဖြစ်ပါစေ သူကအခုမှ၁၁နှစ်ပဲရှိသေးသည်။ သူတစ်ယောက်တည်းဖြစ်နေတော့ ကြောက်နေမှာပေါ့။
“ကိုကို…” ရွှီဇီရုန်ရေရွတ်လိုက်ပြီး သူ့လက်မောင်းကြားထဲဝင်ကာ သူ့ကိုဖက်လိုက်သည်။
ရွှီဇီယန်ပြုံးကာ သူ့လက်မောင်းနဲ့ ပိုပြီးနီးကပ်စွာ ဆွဲဖက်ထားလိုက်သည်။
ရွှီဇီရုန်ဟာ ရွှီဇီယန်၏နှလုံးခုန်သံကို တိတ်ဆိတ်စွာနားထောင်နေသည်။ ထိုနှလုံးခုန်သံဟာ အလွန်စွမ်းအားကြီးပြီး သွေးစက်တိုင်းဟာ အသက်စွမ်းအင်ကို ပျော်ရွှင်စွာ ပေးပို့နေကြသည်။
သူ့ကိုကိုကသူ့အပိုင်ပဲ!
ထိုအတွေးကို သူတွေးလိုက်တိုင်း ရွှီဇီရုန် မပြောပြတတ်အောင် စိတ်ကျေနပ်မှုရရှိသည်။
ဆရာသခင်ဆိုရင်ရော ဘယ်လိုလုပ်မလဲ? သူ့ကိုကိုရဲ့နှလုံးသားထဲမှာ အရေးကြီးဆုံးလူပုဂ္ဂိုလ်က သူပဲ သူတစ်ယောက်ထဲပဲ!
တစ်ယောက်ယောက်က သူနေရာကိုလာလုပါက အဲ့လူကို ဘာသဲလွန်စမှ မကျန်အောင် သူရှင်းပစ်လိုက်မည်။
“အသုံးမကျတဲ့တပည့်! အသုံးမကျတဲ့တပည့်!”
နွေးထွေးသည့်အခိုက်အတန့်ဟာ ပြတင်းပေါက် ကျယ်လောင်သည့်အသံကြောင့် အားလုံးပျက်စီးသွားတော့သည်။
ရွှီဇီရုန်အမူအရာဟာ ချက်ချင်းမည်းမှောင်သွားပြီး ပြတင်းပေါက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
ရွှီဇီယန် ဒေါသစွာ ပြုံးလိုက်ရင်း စိတ်လျော့ဖို့ ရွှီဇီရုန်နောက်ကျောကို ပွတ်ပေးလိုက်သည်။ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ဘာလို့များ နားလည်ပေးလို့မရတာလဲဆိုတာ သူဘယ်လိုမှနားမလည်နိုင်ဘူး။
လော့တကျောင်ဟာ ညီအကိုနှစ်ယောက်ကြားထဲက ခံစားချက်ကို သဘောမပေါက်ဘူးဆိုတာကို သူမယုံနိုင်သေးပေ။ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလိုသေးငယ်သည့်တစ်ထပ်အိမ်လေးမှာနေပြီး လျှိုကွမ်းဂိုဏ်းမှာ ဘယ်လိုဗရုတ်သုတ်ခတွေပဲလုပ်လုပ် သူပြဿနာမရှိပေ။
စိတ်ပျက်စရာပဲ…သူများတွေပြောတာတော့ တစ်ချို့အဖိုးကြီးတွေက ကလေးလိုပဲတဲ့။ ဆရာသခင်က နှစ်ပေါင်းနှစ်ထောင်ရှိပြီလို့ထင်တယ်။ သူကဘယ်လိုလုပ်များ ၁၁အရွယ်ကလေးတစ်ယောက်နဲ့ ရန်ဖြစ်နေရတာလဲ?
“ရို့ ငါ့ရဲ့အသုံးမကျတဲ့တပည့်လေး ပြန်လာပြီပဲ” လော့တကျောင်၏အသံဟာ အပြင်ဘက်ကထွက်လာတော့သည်။ ရက်အနည်းငယ်ကမှ ပြန်ပြင်ထားသည့် တံခါးဟာ ဘုန်းခနဲမြည်သွားပြီး ပြုတ်ကျဖို့နည်းနည်းသာ လိုသွားသည်။