Chapter 59
Chapter 59
စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ရွှီဇီယန် အပြာရောင်ကျောက်တုံးပေါ် လှမ်းလိုက်သည်။
ထိုခြေတစ်လှမ်းတည်းဟာ သေစေနိုင်လောက်သည့် အန္တရာယ်ကိုကျရောက်စေနိုင်သည်။ သူခန္ဓာကိုယ်ဟာ တောင့်တင်းနေပြီး သူ၏ညာခြေထောက်အား အပြာရောင်ကျောက်တုံးပေါ်ကနေ နည်းနည်းမျှ မရွေ့ရဲတော့ပေ။ သူနည်းနည်းလောက်လှုပ်လိုက်တာနဲ့ သေစေနိုင်လောက်သည့် ဘေးအန္တရာယ်ကျရောက်လိမ့်မယ်လို့ သူခံစားနေရသည်။
“ကိုကို?” သူ့ကိုကိုက တစ်ခုခုဖြစ်နေမှန်း ရွှီဇီရုန် သတိထားမိလိုက်တာကြောင့် သူချက်ချင်းပင် ပို၍သတိရှိသွားတော့သည်။ သူပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ပေမယ့် ဘာမူမမှန်တာမှ ရှာလို့မတွေ့ပေ။
ရွှီဇီယန်အတွက်ကတော့ မလှုပ်ရှားပဲ အနေအထားကို ထိန်းသိမ်းနေရတာ မလွယ်ကူပေ။ သူ၏အခြားခြေထောက်တစ်ဖက်ကလည်း မလုပ်ရဲသေးတာကြောင့် ကျန်တစ်ဖက်တည်းနဲ့ ရပ်ထားရတာက ခန္ဓာကိုယ်ကိုညီမျှကိုမထိန်းနိုင်ပါ။
သူအံကြိတ်ကာ အပြာရောင်ကျောက်တုံးပေါ်က သူ၏ခြေထောက်ကို ဖြေးဖြေးချင်းပြန်ဆုတ်လိုက်သည်။ သူ၏ညာခြေထောက်တစ်ချောင်းလုံး ကျောက်တုံးပေါ်ကနေ ဆုတ်လို့ရသွားမှ သူသက်ပြင်းရှည်ကြီးချနိုင်တော့သည်။
ရွှီဇီယန် သူ့နဖူးပေါ်ကချွေးအား သုတ်လိုက်သည်။ ဒီချီလင်မျှော်စင်အရှေ့မှာ ဘယ်သူမှမစောင့်ထားတာကို အစတုန်းကတော့ သူအံ့ဩခဲ့ရသည်။ အခုတော့ သူနားလည်သွားပြီ——ဒီနေရာမှာ ဘယ်သူမှမရှိတာက ဒီမြေကွက်လပ်မှာ အစီအရင်ထားရှိထားလို့ပဲဖြစ်ပြီး ဝင်ရောက်ဖို့ကြိုးစားကြသည့် လူတိုင်းကို ဖျက်စီးပစ်လိမ့်မည်!
“အလွန်စွမ်းအားကြီးလှတဲ့ အစီအရင်ပါလား……” ရွှီဇီယန် သက်ပြင်းရှည်ချကာ ပြောလိုက်သည်။
ရွှီဇီယန်၏အမူအရာကိုကြည့်ကာ ဒီအရာက ကြီးမားသည့်အစီအရင်မှန်း ရွှီဇီရုန်သဘောပေါက်လိုက်သည်……
ခဏလောက်တွေးတောပြီးနောက် ရွှီဇီယန် ဝင်ခွင့်ကပ်ပြားကို သူ၏ခါးမှာချိတ်ဆွဲလိုက်သည်။ ဒီတစ်ခါမှာတော့ သူအပြာရောင်ကျောက်တုံးပေါ် လျှောက်လှမ်းလိုက်ချိန်၌ သူ့ခေါင်းပေါ်တစ်ခုခုပြုတ်ကျမည့် အန္တရာယ်ကိုမခံစားရတော့ပေ။
နှစ်ယောက်သားဟာ ချီလင်မျှော်စင်ဂိတ်ပေါက်သို့ရောက်သွားချိန်၌ အတွင်းထဲမှာ ပြည့်နက်နေသည့် စိတ်ဝိညာဉ်အရှိန်အဝါတွေကြောင့် နှစ်ယောက်သား ထိတ်လန့်သွားတော့သည်။
မော့ရှင်းမြို့က ရွှီမိသားစုဆီမှာ တည်ရှိနေသည့် အရှိန်အဝါတွေဟာ ၁%သာရှိပြီး လျှိုကွမ်းဂိုဏ်းတောင်ထိပ်ဂိတ်ပေါက်က အရှိန်အဝါဟာ ၁၀%လောက်တောင် ရှိနေတာကြောင့် ချီလင်မျှော်စင်တစ်ခုလုံးက အရှိန်အဝါကိုသာ စုစည်းလိုက်ပါက ရွှီမိသားစုကထက် အဆ၁၀၀လောက်များပြားလေသည်။ ဒီလိုနေရာမှာ အခြေခံတည်ဆောက်နိုင်လိမ့်မယ်လို့ သူတို့ဆရာသခင်ပြောခဲ့တာကို မအံ့ဩတော့ပေ။ တည်ဆောက်ခြင်းစွမ်းအင်ဆေးလုံးမရှိရင်တောင် ဒီလိုပြည့်နက်နေသည့် အရှိန်အဝါဖြင့် တည်ဆောက်ခြင်းကို သူတို့တွေကျော်ဖြတ်နိုင်လေသည်။
ချီလင်မျှော်စင်၏ပထမဆုံးထပ်က သိပ်မကြီးပေ အချင်းဝက်ပတ်လည် ၁ဝမီတာလောက်သာရှိသည်။ အလယ်မှာအခန်းတစ်ခန်းရှိပြီး ထိုနေရာမှာ တုတ်ခိုင်လှသည့်တိုင်လုံးကြီးရှိပေသည်။ အခန်းထဲကအရှိန်အဝါအားလုံးဟာ ထိုတိုင်လုံးကြီးထဲကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။
တိုင်လုံးအနီးအနားမှာ အခင်းတွေဒါဇင်လောက် ဖြန့်ခင်းထားပေးပြီး လူသုံးယောက်ကတော့ တရားထိုင်နေကြသည်။ ရွှီဇီယန် သူတို့နဲ့လည်း မရင်းနှီးသလို သူတို့ကိုလည်း မမှတ်မိပေ။ သူစဉ်းစားကြည့်လိုက်ပေမယ့် မူလမှတ်ဉာဏ်ထဲမှာ ထိုသူတွေကို သူတစ်ခါမျှမမြင်ဖူးပေ။
ကျင့်ကြံသူတစ်ယောက်ဟာ ချီလင်မျှော်စင်ထဲမှာ အချိန်တစ်လသာ အကန့်အသတ်နဲ့ ကျင့်ကြံလို့ရပေသည်။ ဒီလိုပြည့်နက်နေသည့် အရှိန်အဝါတွေနဲ့ဆို တစ်လဆိုသည့်ကျင့်ကြံသည့်အချိန်ဟာ အပြင်ဘက်မှာ အပြင်းအထန်လေ့ကျင့်ရသည့် တစ်နှစ်၊နှစ်နှစ်နဲ့ညီမျှပေသည်။
ရွှီဇီယန်ဟာ သူ၏လက်ရှိအချိန်ကို မဖြုန်းချင်တော့ပေ။ သူဟာ ရွှီဇီရုန်အား အမြန်ဆွဲခေါ်သွားပြီး အရှိန်အဝါတွေနဲ့ နီးသည့် အခင်းနားတွင် ထိုင်ခိုင်းလိုက်သည်။
သူတို့စတင်လိုက်တာနဲ့ အခန်းအတွင်းက အရှိန်အဝါတွေဟာ ငါးမန်းကသွေးနံ့ကိုရသလို သူတို့ထံပြေးဝင်လာကြတော့သည်။ ထိုအရှိန်အဝါတွေဟာ သူတို့ခန္ဓာကိုယ်ထဲဝင်ရောက်ဖို့ တုံ့ဆိုင်းမနေပေ။
ချီလင်မျှော်စင်က သန့်စင်လှသည့်အရှိန်အဝါတွေဟာ သူတို့တွေ၏ ကျင်းလော့အတွင်းသို့ ထပ်တလဲလဲဝင်ရောက်လာပြီး သူတို့ခန္ဓာကိုယ်ထဲက မသန့်စင်မှုတွေကို အပြင်သို့ဖယ်ထုတ်ပေးသည်။ ဒီအရာက ကောင်းမွန်လှသည့် ခံစားမျိုးကိုဖြစ်စေသည်။ ရွှီဇီယန်သာ သူ့ကိုယ်သူမထိန်းချုပ်ထားပါက သူငြီးတွားလိမ့်မည်ဖြစ်သည်။
ရွှီဇီရုန်ဆီမှာ ဒီအားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအင်တွေရှိလာတာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ သူအလွန်ဝမ်းသာသွားပြီး စိတ်ဝိညာဉ်တွေကို အပြင်းအထန် စတင်စုပ်ယူလေသည်။ သွေးပင်လယ်နှလုံးကျင့်စဉ်ကိုကျင့်တာကြောင့် သူ၏ခန္ဓာကိုယ်ဟာ ရွှီဇီယန်ထက်ပိုပြီး မသန့်ရှင်းမှုတွေများလေသည်။ သွေးတွေကိုစုပ်ယူတာက သူ၏ကျင့်စဉ်ကိုတိုးတက်စေတယ်ဆိုပေမယ့် တစ်ဖက်မှလည်း ဘေးထွက်ဆိုးကျိုးကိုဖြစ်စေသည်။
အရင်ဘဝတုန်းမှာ သူ့မှာဘာရွေးချယ်စရာမှမရှိတာကြောင့် သူ့ခန္ဓာကိုယ်ထဲက မသန့်စင်သည့်သွေးတွေနဲ့သာ တောင့်ခံခဲ့ရသည်။ စစချင်းမှာတော့ သိပ်မသိသာပေမယ့် ကြာလာသည့်အခါမှာတော့ ထိုမသန့်စင်သည့်အရာတွေက သူ့အတွက်အနှောင့်အယှက်ဖြစ်လာတာကို သူခံစားလာရသည်။
ပိုပြီးတော့သန့်စင်လေ အရည်အသွေးပိုကောင်းလေဆိုတာကို ကျင့်ကြံသူတိုင်းသိကြသည်။ စိတ်ဝိညာဉ်သွေးကြောတွေနဲ့ ခန္ဓာကိုယ်တွေဟာ တူညီသည့်စည်းမျဉ်းမျိုးရှိကြသည်။ ဒါကြောင့် ပိုကောင်းမွန်သည့်ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည့်သူတွေက အထောက်အကူပိုဖြစ်လေသည်။
အရင်ဘဝတုန်းက ရွှီဇီရုန် အမတဝိညာဉ်အခြေတည်စအဆင့်ထိသာ ရောက်ရှိခဲ့သည်။ ဘာလို့လဲဆိုတော့ သူဟာမသန့်စင်သည့်သွေးတွေကို အများအပြားစုပ်ယူခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ အလွန်ရှားပါသည့်ပစ္စည်းတွေမရှိဘဲနဲ့ မသန့်စင်မှုတွေကို ဖယ်ထုတ်လို့မရပေ။
ဒါပေမယ့် ဒီဘဝမှာတော့ ချီလင်မျှော်စင်ထဲက သန့်စင်သည့်အရှိန်အဝါတွေနဲ့ အခြေခံတည်ဆောက်ဖို့ သူအခွင့်အရေးကိုရရှိသွားသည်။ ဒီသန့်စင်သည့်အရှိန်အဝါတွေနဲ့ဆိုရင် ထိုမသန့်စင်သည့်အရာတွေဟာ သူ့အားအနှောင့်အယှက်မပေးနိုင်တော့ပေ။ သူဟာသူ့ကိုယ်သူတိုးတက်အောင်လုပ်ပြီး နတ်ဘုရားအဆင့်သို့ရောက်နိုင်တယ် မျှော်လင့်လို့ရပေသည်……
ထိုအရာကိုတွေးပြီးနောက် ရွှီဇီရုန်ဟာ သူ၏ဗိုက်ထဲပူလာသလို ခံစားလိုက်ရသည်။ အရင်ဘဝတုန်းကတော့ စွမ်းအားကိုသာ သူလက်ကိုင်ပြုခဲ့သည်။ ဒါပေမယ့် ဒီဘဝမှာတော့……
အသည်းအသန် ကျင့်ကြံအားထုတ်နေသည့် ရွှီဇီယန်အား သူ့မျက်လုံးတွေကိုအသာလေးဖွင့်ကာ ကြည့်လိုက်ပြီး ပြန်လည်မှိတ်လိုက်သည်။
သူအားထုတ်လို့ရသည့် စွမ်းအားတွေအားလုံးဟာ သူ့ကိုကိုအတွက်လို့သာ သူ့စိတ်ကိုနှစ်မြုပ်ထားတော့သည်။
ညီအကိုနှစ်ယောက်ဟာ သူတို့တွေ၏ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေကြတာကြောင့် အချိန်တွေကုန်လွန်သွားတာကို မေ့သွားကြသည်။ ၇ရက်လောက် အရှိန်အဝါတွေကို စုပ်ယူပြီးနောက် ရွှီဇီရုန်ဟာ ရွှီဇီယန်ထက်အရင် တည်ဆောက်ခြင်းကို လုပ်ဆောင်နိုင်သွားသည်။
ခန္ဓာကိုယ်အတွင်းထဲကို အကဲခတ်ကြည့်လိုက်ပြီးနောက် အရှိန်အဝါတွေဟာ သူ၏အသက်သွေးကြောထိပ်သို့ ရောက်နေပြီဆိုတာကို ရွှီဇီရုန်သေချာသိလိုက်သည်။ သူဟာ အသက်သွေးကြောထဲသို့ သန့်စင်သည့်အရှိန်အဝါတွေကို သိပ်ထည့်တာကြောင့် အရှိန်အဝါတွေဟာ ရပ်နားခြင်းမရှိပဲ ထပ်ခါထပ်ခါဝင်ရောက်လာတော့သည်။ အသက်သွေးကြောထဲက အတွင်းနံရံထဲသို့ သုံးရက်လောက်သိပ်ထည့်ခဲ့တာကြောင့် ထိုအရာကဟာ ရုတ်တရက် ထပ်ခြမ်းကွဲသွားတော့သည်။
သူ၏အသက်သွေးကြော ဆံ့နိုင်သည့်ပမာဏဟာ ကျယ်ပြန့်သွားတာကြောင့် ရွှီဇီရုန်ဟာ သူ၏စွမ်းအင်ဖြင့် အရှိန်အဝါတွေကို ပိုပြီးစုပ်ယူပြန်လေသည်။
ပြင်းထန်လှသည့်အရှိန်အဝါတွေဟာ သူ့အနားတစ်ဝိုက်မှာ လေဗွေပုံစံဖြစ်သွားပြီး ချီလင်မျှော်စင်တစ်ခုလုံးက အရှိန်အဝါတွေက လှုပ်ခါနေတော့သည်။
စိတ်ဝိညာဉ်စွမ်းအင်တွေဟာ မြူလိုမျိုး တစ်လွှာပြီးတစ်လွှာထူထပ်လာပြီး ရွှီဇီရုန်အား ကြီးမားသည့် စိတ်ဝိညာဉ်ဖြင့် တင်းကျပ်စွာ ထွေးပတ်သွားတော့သည်။
ရွှီဇီရုန်၏ကြီးမားသည့် လှုပ်ရှားမှုကြောင့် ကျန်သုံးယောက်ဟာ ထိတ်လန့်သွားတော့သည်။ ရွှီဇီယန်ကတော့ သူ၏ခန္ဓာကိုယ်အတွင်းက မသန့်စင်သည့်အရာတွေနဲ့ တိုက်ခိုက်နေရတာကြောင့် ကျန်သုံးယောက်ဟာ တရားထိုင်နေရာကနေ လန့်နိုးသွားပြီး ကြီးမားသည့် စိတ်ဝိညာဉ်ထွေးပတ်နေတာကို အံ့ဩစွာကြည့်နေကြသည်။
ကြော့ရှင်းပြီးတောက်ပသည့် မိန်းကလေးက အံ့ဩစွာဖြင့် “အဲ့ဒါက……အခြေခံကျင့်ကြံခြင်းအဆင့်တည်ဆောက်တာမလား? အသစ်ဝင်လာတဲ့တပည့်တစ်ယောက်လား?”
“ဖြစ်နိုင်ပါတယ်” သန်မာလှသည့်ကျင့်ကြံသူက သူမစကားကို ခေါင်းညိတ်ရင်းဖြေလိုက်သည်။
“ဒီတပည့်တွေက ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာတော့ ငါအမြဲကြားနေရတယ် ဒီသတင်းကတကယ့်ကို မှန်နေတာပဲ သူတို့တွေက ဂိုဏ်းကိုအသစ်ဝင်တဲ့တပည့်တွေဖြစ်သလို ချီလင်မျှော်စင်ထဲကိုလည်း ဝင်ခွင့်ရကြတယ် ငါတွေးမိတာကတော့ သူတို့တွေက အတွင်းဂိုဏ်းတပည့်တွေထဲမှာ အဆင့်သုံးချိတ်မယ်ထင်တယ်”
“သူတို့တွေက ပထမနဲ့ဒုတိယလေ” အခြားငယ်ရွယ်သည့် ယောင်္ကျားလေးက စိတ်ဝိညာဉ်ထွေးပတ်နေတာကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကြည့်ကာ
“အခြေခံကျင့်ကြံခြင်းတည်ဆောက်နေပြီးဖြစ်တဲ့တစ်ယောက်က ဒုတိယ နောက်တစ်ယောက်က ပထမ”
“အိုး? မင်းသူတို့ကိုမြင်ဖူးတာလား?” သိမ်မွေ့သည့်မိန်းကလေးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
ငယ်ရွယ်သည့် ယောင်္ကျားလေးဟာ ခါးသပ်သပ်ပြံးလိုက်ရင်း
“အဲ့အချိန်တုန်းက ငါကဦးလေးရဲ့ကွေးနဲ့အတူ ဒီတပည့်တွေကိုတိုက်ခိုက်ဖို့ တာဝန်ကျတာလေ နောက်ဆုံးတော့ ငါပထမဆုံးတိုက်ခိုက်ခံလိုက်ရတယ် ငါပြီးတော့ နောက်တစ်ယောက်ဖြစ်တဲ့ ချီလျန်လည်းရှုံးသွားတယ် ငါတို့ကိုနိုင်သွားတဲ့ တစ်ယောက်က အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုတောင် မပြီးသေးတဲ့တစ်ယောက်ပဲ”
“ချီလျန်ကို လေ့ကျင့်ခန်းမမှာ ခြောက်လတင်မကဘူး နောက်ခြောက်လပါနေရအောင် လုပ်သွားတဲ့ တပည့်အသစ်က သူလား?” သိမ်မွေ့သည့်မိန်းကလေးက သူမပါးစပ်ကိုကာပြီး အံ့ဩစွာမေးလိုက်သည်။
“ဟုတ်တယ် သူပဲ” ငယ်ရွယ်သည့် ယောင်္ကျားလေးက ရွှီဇီယန်ဘက်ကို မေးငေါ့ပြလိုက်ပြီး
“မင်းမသိတာကိုတော့ ငါလက်ခံပါတယ်လေ……အခုအခြေခံကျင့်ကြံခြင်းတည်ဆောက်လို့ပြီးသွားတဲ့ တစ်ယောက်က သူ့ညီပဲ……” ထို့နောက်မှာတော့ သူကအချိုးမပြေစွာ ကြည့်လိုက်သည်။
“ညီလား? သူကအသက်ဘယ်လောက်ရှိပြီလဲ?” သိမ်မွေ့သည့်မိန်းကလေးဟာ အလွန်စပ်စုချင်ကာ အားလုံးကို သိချင်လာတော့သည်။
“အသက်၁၁၊ တြိဝိညာဉ်သွေးကြောနဲ့”
“မဖြစ်နိုင်တာ!” မိန်းကလေးဟာ အလွန်ထိတ်လန့်သွားသည်။ “ထိပ်ဆုံးစာရင်းထဲမှာ မိုးကြိုးစိတ်ဝိညာဉ်သွေးကြောပါတာ ငါမှတ်မိတယ် သူ့ညီဖြစ်သူက တြိဝိညာဉ်သွေးကြောဆိုရင် သူကဘာလို့ သူ့အကိုဖြစ်သူထက်အရင် အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးသွားရတာလဲ? အဲ့ဒါက……တကယ့်ကို မယုံနိုင်စရာပဲ! ဒီရှောင်ရှစ်တိက အသက်၁၁နှစ်နဲ့ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးသွားတာလို့ မင်းပြောချင်တာပေါ့”
“ဟုတ်တယ်” ငယ်ရွယ်သည့် ယောင်္ကျားလေးဟာ အကူအညီမဲ့စွာ ကြည့်လိုက်သည်။ အခြားသူတွေနဲ့ နှိုင်းယှဉ်နေလို့လည်း ဘာမှအသုံးမဝင်ပေ။ သူကလျှိုကွမ်းဂိုဏ်းမှာ တပည့်ခံရပြီးနောက် အသက်၂၀မပြည့်ခင်မှ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးသွားတာဆိုပေမယ့် အခြားသူတွေနဲ့ သူနှိုင်းယှဉ်လိုက်ရင်……ထားလိုက်ပါတော့လေ သိက္ခာမကျအောင်ပဲ နည်းနည်းထိန်းလိုက်တာ ပိုကောင်းပါတယ်!
“မျိုးဆက်အသစ်အသစ်တွေက အမြဲတမ်းလိုလို တော်ကြတာပဲ!” သန်မာလှသည့်ကျင့်ကြံသူက သက်ပြင်းချလိုက်သည်။
“ဘာလဲ? မင်းကမင်းအဆင့်အတွက် စိုးရိမ်နေတာလား?” မိန်းကလေးကပြုံးကာ “မင်းက မျိုးဆက်ဟောင်းဖြစ်သွားမှာကို စိုးရိမ်နေတာလား?”
သန်မာလှသည့်ကျင့်ကြံသူက ရယ်လိုက်သည်။ သူကဒီလိုအရာမျိုးတွေကို စိုးရိမ်မနေပါ။ သူ၏တပည့်ဖြစ်မယ့်သူသာ ဒီလိုထူးချွန်သည့်သူမျိုး ဖြစ်နေရင် သူပထမဆုံးပျော်ရွှင်ရလိမ့်မည်လို့သာ တွေးနေတာဖြစ်သည်။ သူဘယ်တော့မှ အခြားသူတွေကို မနာလိုမဖြစ်ပေ။
သုံးယောက်သားဟာ ဟာသတွေပြောကြပြီးနောက် လေ့ကျင့်ရေးကို ပြန်လည်စတင်ကြပြန်သည်။ ချီလင်မျှော်စင်ထဲကို ဝင်ရောက်ခွင့်ရှိသည့် အချိန်အတွင်းမှာ ဘယ်သူကမှအချိန်မဖြုန်းရဲကြပေ။
ရွှီဇီရုန်၏ကြိုးစားမှုကြောင့် သူ၏အသက်သွေးကြောထဲက အရှိန်အဝါတွေဟာ မခံမရပ်နိုင်ဖြစ်လာပြီး အရှိန်အဝါတွေဟာ ပထမဆုံးပျစ်ခဲသွားတော့သည်။ ပထမဆုံးပျစ်ခဲသွားတာနဲ့ ကျန်သည့်နောက်ဆက်တွဲတွေဟာ သိပ်ပြီးပြဿနာမရှိတော့ပေ။
အဆုံးမရှိသည့် သန့်စင်သည့်အရှိန်အဝါတွေဟာ ပတ်ပတ်လည်၌တည်ရှိနေတာကြောင့် ရွှီဇီရုန် သူ၏အခြေခံကျင့်ကြံခြင်းတည်ဆောက်မှု ကျရှုံးမှာကို စိုးရိမ်စရာမလိုပေ။ နည်းစနစ်တွေအရတော့ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုဆေးလုံးဟာ အင်အားကြီးသည့် အရှိန်အဝါအရင်းအမြစ်ဖြစ်ပြီး ချီလင်မျှော်စင်ထဲက အရှိန်အဝါတွေကို ဒီအရင်းအမြစ်နေရာမှာ အစားထိုးလို့ရပေသည်။ ထို့အပြင် ရွှီဇီရုန်ဟာ အရင်ဘဝတုန်းကလည်း အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးဆုံးထားပြီးဖြစ်သည်။ အကယ်၍ သူသာကျရှုံးနေသေးပါက သူ့ကိုယ်သူသာသတ်သေလိုက်တော့မည်။
နောက်ထပ်သုံးရက်လောက် အချိန်ယူပြီးနောက် ရွှီဇီရုန်ဟာ အရှိန်အဝါအားလုံးကို သူ၏အရှိန်အဝါအဖြစ်သို့ ပြောင်းလဲနိုင်သွားသည်။ ပြောင်းလဲနေစဉ်အတွင်း ထိုအရှိန်အဝါတွေဟာ သူ၏ကျင်းလော့မှာ လွှင့်မြောနေပြီး ခန္ဓာကိုယ်ကမသန့်စင်မှုတွေကို တွန်းအားဖြင့် ထုတ်ပေးလေသည်။
ထို့အချိန်မှာ ရွှီဇီရုန်ပုံစံဟာ အလွန်ညစ်ပတ်နေပြီး အမဲနဲ့အနီရောင် အစွန်းအထင်းတွေဟာ သူအသားအရေကိုဖုံးသွားသည်။ ကံကောင်းစွာဖြင့် ထိုသုံးယောက်ကလည်း တရားထိုင်ကာ အာရုံစူးစိုက်နေကြသည်မို့ မဟုတ်ရင် သူ၏ပုံမှန်မဟုတ်သည့် အစွန်းအထင်းတွေနဲ့ပတ်သက်ပြီး ပြဿနာတတ်သွားနိုင်သည်။
ရိုးရှင်းစွာ အညစ်အကြေးကင်းစင်စေသည့် အတတ်ပညာဖြင့် ရွှီဇီရုန် သူ၏ကိုယ်ပေါ်က အညစ်အကြေးတွေကို ဖယ်ပစ်လိုက်သည်။ သူဒီလိုသက်သောင့်သက်သာဖြစ်မှုမျိုးကို ဘယ်တော့မှမခံစားဖူးတာကြောင့် သက်ပြင်းရှည်ကြီးချလိုက်သည်။
သူ့မျက်လုံးဟာ ပျော်ရွှင်ခြင်းအရိပ်အယောင်တွေနဲ့ လင်းလက်နေပြီး ချီလင်မျှော်စင်က စိတ်ဝိညာဉ်စွမ်းအင်တွေဟာ အလွန်သန့်စင်နေပြီး သူခန္ဓာကိုယ်အတွင်းက မသန့်စင်တာတွေအားလုံးကို ဖယ်ထုတ်နိုင်လိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ ဒီအခြေခံကျင့်ကြံခြင်းတည်ဆောက်မှုနဲ့အတူ သူကြိုးစားပြီးတော့ ပိုသန့်စင်လိုက်ရင် အနာဂတ်မှာ သူသွေးတွေကို ပြန်လည်စုပ်ယူခဲ့ရင်တောင် မသန့်စင်သည့်သွေးတွေက သူ့ကိုအနှောင့်အယှက်ပေးနိုင်တော့မည် မဟုတ်ပေ။
သူတစ်ယောက်တည်းမူပိုင်ဖြစ်သည့် ရွှီဇီယန်အား ကြည့်လိုက်ပြီး ရွှီဇီရုန် ပိုအားတက်သွားသည်။ ဒီအခွင့်အရေးတွေအားလုံးဟာ သူ့ကိုကိုကပေးထားမှန်း သူနားလည်သည်။ သူ့ကိုကိုသာမရှိပါက သူအရင်ဘဝတုန်းကလမ်းအတိုင်း ပြန်လျှောက်လှမ်းနေလိမ့်မည်။
ကိုကို, မိုးနတ်မင်းကြီးက ကိုကို့,ကို ကျွန်တော့်ထံပေးခဲ့တာပဲ။
ရွှီဇီယန်၏ဖြစ်တည်မှုဟာ မိုးနတ်မင်းကြီးက ရွှီဇီရုန်အား အလျော်အစားအဖြစ် ပေးထားသည်လို့သာ သူမှတ်ယူထားသည်။ ဘယ်အရာကများ သူ့ကို ရွှီဇီယန်အား ပိုင်ဆိုင်လိုစိတ်တွေ တိုးလာအောင်ပြုလုပ်နေရတာလဲ။
သေချာတာကတော့ သူ့ကိုကိုက သူ့အပိုင်ပဲ ပြီးတော့ မိုးနတ်မင်းကြီးက သူ့ကိုလက်ဆောင်ပေးထားတာ။ သူ့ကိုကို,ကို ဘယ်သူမှလာခိုးသွားလို့မရအောင် သူကောင်းကောင်းကာကွယ်ရမည်။
ရွှီဇီရုန်ဟာ ကြီးမားသည့်အရှိန်အဟုန်ဖြင့် အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို တည်ဆောက်နေစဉ် ရွှီဇီယန်ကလည်း အားကောင်းလာသည်။
စိတ်ဝိညာဉ်စွမ်းအင်တွေဟာ ကြီးမားသည့်လေဗွေကြီးအဖြစ် သူ့အနားမှာရစ်ပတ်နေသည်။ သူ၏အရှိန်အဝါလေဗွေကြီးဟာ ရွှီဇီရုန်ထက်တောင် ပိုကြီးမားနေသေးသည်။ ရွှီဇီယန်၏လှုပ်ရှားမှုတွေကြောင့် တစ်ဖက်က ထိုသုံးယောက်ဟာ ဘာအံ့ဩမှုမှမပြနိုင်ပဲ ထပ်ပြီးနိုးကြားသွားပြန်သည်။
ထိုသုံးယောက်ဟာ အရှိန်အဝါလေဗွေကြီးကို ဘာစကားမှမပြောနိုင်ပဲ ကြည့်နေကြသည်။