Chapter 6
Chapter 6
ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့တဲ့ သွေးမိစ္ဆာသခင်………..ရဲ့ဖင်ကို ရိုက်ရဲတယ်!!!!!
အကယ်၍ဒီကိစ္စသာ အပြင်ကိုပေါက်ကြားသွားပါက ၉၀%ထပ်မကတဲ့ သွေးမိစ္ဆာတွေ ရယ်ပြီးတော့တောင် သေသွားနိုင်တယ်။
“ငါ့ကိုလွှတ်စမ်း!!! သောက်ကောင်စုတ်!!! မင်းလုပ်ရဲတယ်……” ရွှီဇီရုန်ဟာ အလွန်ဒေါသထွက်လာသောကြောင့် မိုက်မဲစွာဆဲဆိုမိလိုက်၏။ သူ့ဘဝနှစ်ခုစလုံးမှာ တစ်ခါမှဒီလိုအရှက်ခွဲမခံရဖူးဘူး။ ငါ့တင်ပါးကို ရိုက်ရဲတယ်တဲ့လား?? အရင်ဘဝ ကလေးအရွယ်တုန်းကတောင် သူ့ကိုဘယ်သူမှဒီလိုမလုပ်ရဲဘူး!!
ဒီအရာက လုံးဝကိုသည်းမခံနိုင်စရာပဲ! သူဖုံးကွယ်ထားသည့်မျက်နှာကို ကွာကျရလောက်အောင်ပင် စိတ်တိုစေသည်။ သူ၏ယခုလက်ရှိစွမ်းအင်က ကြက်ပေါက်အရွယ်သာဖြစ်နေလို့ပေါ့။ မဟုတ်လျှင် ရွှီဇီယန်ကို သူတစ်စစီစုတ်ဖြဲကာ အသားလုပ်ပြီးသွေးနဲ့တို့စားပြီးပြီ!
“ဘုရားရေ…..မင်းကလူတွေကို ဆဲတတ်တယ်ပေါ့!” ရွှီဇီယန်၏အကြည့်တွေဟာ အရမ်းတင်းကျပ်သွား၏။ ကလေးတွေက အမူအကျင့်အမှားတွေကို အတုမယူသင့်ဘူး။ မဟုတ်လျှင် သူတို့တွေက စည်းမရှိကမ်းမရှိ ဆဲဆိုကြမှာ။
ဖတ် ဖတ် ဖတ်!
အတိတ်ကသွေးမိစ္ဆာသခင်ဖြစ်သူသည် အတင်းရုန်းကန်ပြီး ဒေါသဖြင့်ကြိမ်းဝါးနေသည့်တိုင် ရွှီဇီယန်၏မျက်နှာက အေးစက်လာ၏။ ရွှီဇီယန်သည့် သူ့လက်ဖဝါးနှင့် ခပ်နာနာလေးရိုက်လိုက်တာကြောင့် တင်ပါးမှာနီရဲလာသည်။ တင်ပါးမှာနီလာသောကြောင့် စားချင်စဖွယ်ပုံစံလေးနှင့် တူနေလေသည်။=_=
ရွှီဇီယန်သည် ရွှီဇီရုန်ထက်လေးနှစ်လည်းပိုကြီးသလို ပဉ္စမချီစွမ်းအင်စုဆောင်းမှုအဆင့် ရောက်ရှိထားသူလည်းဖြစ်နေပြီး ရွှီဇီရုန်ကိုယ်ကလည်း ပိန်သေးတာကြောင့် ရွှီဇီယန်လက်ထဲကဘယ်လိုမှ မလွှတ်မြောက်နိုင်။ ရွှီဇီရုန်ဘယ်လောက်ပဲရုန်းကန်နေပါစေ သူကရွှီဇီယန်၏ပေါင်ပေါ်မှာ ညှပ်ခံထားရပြီး သူ့ခြေထောက်တွေနဲ့ကန်နေတာတောင် သူကအရိုက်ခံနေရဆဲပါ။
“ပြောစမ်း! နောက်တစ်ခါလူတွေကို ဆဲအုန်းမှာလား?” ရွှီဇီယန်၏မျက်နှာအမူအရာမှာ ရေခဲသမျှအေးစက်နေ၏။ ရွှီဇီယန်သည် သူ့ကိုယ်သူအမြဲဆဲနေကြမလို့ ဆဲတာလောက်တော့ သူသိပ်ပြီးဒေါသမဖြစ်။
ဒါပေမယ့် ရွှီဇီရုန်က ၈နှစ်အရွယ်ပဲရှိသေးတာ။ လူတွေကိုလိုက်ဆဲနေသည့် အကျင့်ကိုသာမပြင်ပေးဘူးဆိုလျှင် အခြားလူတွေက သူတို့မိသားစုကို စည်းကမ်းမရှိဘူးဆိုပြီး အထင်အမြင်သေးကြမှာ၊ အဲ့ဒါမျိုးကို ရွှီဇီယန်လုံးဝလက်မခံနိုင်ဘူး။
ရွှီဇီယန်သည် မိသားစုကို အလွန်တန်ဖိုးထားသူဖြစ်၏။ သူ့ရင်ထဲမှာ သူ့မိသားစုကသာ သူ့အတွက်အရေးကြီးဆုံးဖြစ်သည်။ ရွှီဇီယန်သည် သူ၏ညီဖြစ်သူ ရွှီဇီယွိကို ဘယ်လောက်မလိမ္မာတယ်၊ ဘယ်လောက်ဆိုးတယ်လို့ပဲ သူပြောပြော တစ်စုံတစ်ယောက်ကသာ သူ့ညီဖြစ်သူကို ထိခဲ့ပါက သူရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပြီးတော့ ထိုသူကို ထိုးမှာပင်။
သူ့ရဲ့ညီလေးက သူ့အပိုင်ပဲ။ သူ့မိဘပြီးလျှင် သူ့ညီလေးကိုဆုံးမနိုင်သူက သူတစ်ယောက်တည်းပဲရှိသည်။ အခြားအပြင်လူတွေ ဘာတွေ ဘာမှမသိဘူး။ အားလုံးဘေးဖယ်ကြ၊ တစ်ယောက်ယောက်သာ သူ့ညီလေးကို လက်နဲ့ရွယ်ခဲ့လို့ကတော့ ထိုသူသည် သူ့လက်စာမိပေလိမ့်မည်။
ရွှီဇီရုန်က ရွှီဇီယွိလောက် သူ့စိတ်ထဲမှာ အရေးမပါပေမယ့်လည်း သူဒီကမ္ဘာကိုရောက်လာပြီး ဝတ္ထုကိုဖတ်ပြီးကတည်းက ရွှီဇီရုန်ကို သူအတော်လေးသနားမိ၏။
မူလရွှီဇီရုန်က အလွန်သနားစရာကောင်းသည်။ အရင်ရွှီဇီယန်နဲ့ ရွှီမိသားစုကသာ မနှိပ်စက်ခဲ့ဘူးဆိုလျှင် ရွှီဇီရုန်လည်း သွေးမိစ္ဆာဘဝကို ရောက်သွားမှာမဟုတ်ဘူး။
ပထမဆုံး ရွှီဇီယန် ရွှီဇီရုန်အားစတွေ့တော့ ဖြူစင်ပြီးတော့ ချစ်စရာကောင်းသည့် ကလေးပဲဆိုပြီး သူသဘောကျခဲ့ကာ သူ့အပြုအမူတွေကို အလေးအနက်ထားခဲ့သည်။
မသိစိတ်၏လှုံ့ဆော်မှုအရ ရွှီဇီယန်သည် ချစ်စရာကောင်းသည့်သူ့ညီလေးကို ကာကွယ်စောင့်ရှောက်ပေးရမည်ဆိုပြီး အစကတည်းကဆုံးဖြတ်ထားခဲ့၏။ ရွှီဇီယန်သည် သူကာကွယ်စောင့်ရှောက်ရမည့် သူတွေအပေါ် စည်းကမ်းပိုတင်းကျပ်လေ့ရှိသည်။
ရွှီဇီရုန်ကို အဖြောင့်စစ်စစ်ဖြစ်ပြီး ကိုယ်ကျင့်တရားကောင်းသည့် ယောင်္ကျားလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးရမည်ဟု သူစိတ်ပိုင်းဖြတ်ထားခဲ့သည်။ အမ်…..ပြီးလဲပြီးရော ရွှီဇီရုန်က သူ့ပါးစပ်ကနေ ဆဲလာပြီး ပထမဆုံးစည်းကမ်းချိုးဖောက်ပါလေရော!
“ပြောစမ်း! နောက်တစ်ခါလူတွေကို ဆဲအုန်းမှာလား?” ရွှီဇီယန်ဟာ နောက်တစ်ကြိမ်ထပ်မေးလိုက်၏။ သူ့အမြင်အရဆို ဒီလိုအကျင့်တွေကို ပထမဆုံးအကြိမ်ကတည်းက ပြင်ထားပေးရမှာ။ သူ့ကိုတစ်ကြိမ်လောက်ခွင့်လွှတ်ပေးလိုက်ရင် နောက်ဆိုပြင်လို့ရမှာမဟုတ်တော့ဘူး!
ရွှီဇီရုန်၏မျက်နှာသည် ခရမ်းရောင်သို့ပြောင်းလာ၏။ သူ့စိတ်ထဲမှာတော့ လူသတ်ချင်စိတ်ဖြစ်နေပေမယ့် သူ့မျက်နှာအမူအရာကတော့ ကြောက်လန့်သည့်ပုံစံပေါက်နေသည်။ သူ့အနောက်ဘက်ကနာကျင်မှုသည် သိပ်တော့မနာပေမယ့် ဒီလိုမျိုးအရိုက်ခံရသည်က သူ့ကိုသည်းမခံနိုင်အောင်ဖြစ်စေသည်။ ဒီလိုအရှက်တကွဲဖြစ်အောင် သူ့ကိုလုပ်သည့် ရွှီဇီယန်ကို အရိုးစွဲအောင်မုန်း၏။
ရွှီ ဇီ ယန် ! ရွှီ ဇီ ယန် !
သူ့ကိုနှစ်ဘဝလုံးလုံး အဆုံးမရှိအောင် နှိပ်စက်တဲ့သူက ရွှီဇီယန်ပဲ!
အရင်ဘဝက သူ့သေဆုံးပြီးနောက် ပိုင်ဟွနဲ့ချစ်သူ၃ယောက်က သူဖွက်ထားသည့်အဖိုးတန်တွေကို ခြေရာခံချင်လို့ တမင်တကာ သူ့ဝိညာဉ်ကို ယန်ကိုးခုအမှောင်မီးအောက်မှာ တစ်စစီဖြစ်အောင်လုပ်ခဲ့သည်။ ဒီလိုအရိုးစွဲအောင်နာကျင်မှုက သူပြန်ဝင်စားလာခဲ့တာတောင် ထိုနာကျင်မှုကို မဖျောက်ဖျက်နိုင်ဘူး။
သူမှတ်မိပါသေးသည်။ သူ့ဝိညာဉ်က ယန်ကိုးခုအမှောင်မီးအောက်မှာ ဝေဒနာခံစားနေရချိန် ရွှီဇီယန်နှင့်အခြားသူများက သူ့စံအိမ်မှာပျော်မြူးနေကြသည်။ သူ့ဝိညာဉ်ကအသိမရှိတော့ပေမယ့် သူ့စံအိမ်ထဲမှာ ဘာဖြစ်ခဲ့ကြလည်းဆိုတာကိုတော့ သူအသေအချာမှတ်မိနေပါသေးသည်။ ဟို၄ယောက်သည် သူ၏တန်ဖိုးကြီးသည့်အိပ်ယာပေါ်မှာ ဘောလုံးလိုလိမ့်နေကြရင်း အော်ဂလီဆန်စရာကောင်းတာတွေ လုပ်နေကြတာကို တွေးမိလိုက်ရင်း ရွှီဇီရုန်အန်ချင်သလိုဖြစ်လာ၏။
“အော့……” ရွှီဇီရုန်ဘယ်လိုမှမထိန်းချုပ်နိုင်တော့ပဲ အော့အန်မိ၏။ သူပြန်လည်မွေးဖွားလာကတည်းက သူ့အာရုံကြောတွေအကုန်လုံးက ဒဏ်ရာတွေနဲ့ပြည့်နေသည်။ သူ၏ယခုလက်ရှိဘဝက သူ့ရဲ့ပျော်ရွှင်စရာအိမ်မက်ဖြစ်နေပြီး သူနိုးလာသည့်အချိန် သူ့ဝိညာဉ်က ယန်ကိုးခုအမှောင်မီးအောက်မှာပဲ နှိပ်စက်ခံနေရတုန်း ဖြစ်နေမှာကို သူအရမ်းကြောက်သည်။
ရွှီဇီရုန်သည် သူ့ပါးစပ်၌ချိုသည့်အရသာကို ခံစားမိလိုက်ပြီး သူအရမ်းလန့်သွားကာ ပြန်စဉ်းစားကြည့်လိုက်မှ သူအခုလေးတင်အရမ်းဒေါသထွက်သွားလို့ သူ့ခန္ဓာကိုယ်က ထိုအရာကိုကာကွယ်ဖို့အတွက် အလိုအလျောက်တုံ့ပြန်လိုက်ခြင်းဖြစ်၏။ အဲ့လိုမျိုးဖြစ်ရသည့်အကြောင်းအရင်းက သူသည်သွေးပင်လယ်နှလုံးကျင့်စဉ်နှင့် အလွန်ရင်းနှီးနေပြီး ဒါပေမယ့် ချီစိတ်ဝိညာဥ်စွမ်းအင်အသေးစားတွေကို သူဘယ်လိုစုပ်ယူရမလဲဆိုတာမသိချေ။ ထပ်ပေါင်းပြောရမည်ဆိုလျှင် ဒီချီစွမ်းအင်တွေက သူ၏ချီပင်လယ်ထဲကို စီးဝင်သွားပြီးတော့ ထင်ထားသည့်အတိုင်းပဲ သွေးပင်လယ်နှလုံးကျင့်စဉ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဒီချီစွမ်းအင်က အလွန်သေးငယ်ပြီးအားပျော့ပေမယ့်လည်း အစကတည်းက သူသည် ပထမချီစွမ်းအင်စုဆောင်းမှုအဆင့်တောင် မရောက်သေးဘူး။ ယခု သူဒီချီစွမ်းအင်ရရှိသွားပြီဆိုတော့ သူကကျင့်ကြံခြင်းတံခါးကို ဖွင့်လိုက်ပြီဖြစ်ပြီး ကျင့်ကြံသူတွေထဲက တစ်ယောက်အပါအဝင်ဖြစ်သွားပြီ။
နောင်ကျလျှင် သူအမြဲလိုလိုလေ့ကျင့်ပါက သူ့ခန္ဓာကိုယ်သည် ချီအရှိန်အဝါတွေရလာပြီး သုံးရက်အတွင်း ပထမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ရှိလိမ့်မည်!
ရွှီဇီရုန်၏ပျော်ရွှင်နေမှုတွေက တစ်ခဏအတွင်းပျောက်ပျက်သွား၏။ သူအခု အရှက်ကွဲစွာ အရိုက်ခံနေရတာက သူ့ပျော်ရွှင်မှုကိုအဝေးသို့ လွှင့်ပါးသွားစေသည်။ ဟုတ်တာပေါ့ ဘာလို့ သူအရှက်ကွဲခံနေရတာကို မေ့သွားရမှာလဲ။ ဒါပေမယ့် အခုသူပထမဆုံး သွေးပင်လယ်နှလုံးကျင့်စဉ်ကိုပြန်ကျင့်ပြီးမှ သူအားလုံးကို တစ်ခါထဲအပြတ်ရှင်းရမည်။
အတိတ်ဘဝက သူ့ကိုအနိုင်ကျင့်ခံရတဲ့အရာတွေ၊ သူ့ဝိညာဉ်တွေ့ကြုံခံစားရသည့် နာကျင်မှုတွေနဲ့၊ ဒီကနေ့အရှက်ကွဲစွာ တင်ပါးအရိုက်ခံရသည့်ကိစ္စတွေ၊ ထိုအရာတွေအားလုံး သူ့ကိုရွှီဇီယန် ပြန်ပေးဆပ်စေရမည်!
“မင်းက ဦးနှောက်မရှိတဲ့ကလေးပဲ! ဒါကရေချိုးရုံလေးပဲကို မင်းကဒီလိုမျိုး ပြုမူတယ်ပေါ့!” ရွှီဇီယန်ကဆူလိုက်ပေမယ့် ရွှီဇီယန်စိတ်ထဲမှာတော့ သံကသံမဏိဖြစ်မလာလို့ မုန်းနေသည့်ပုံစံဖြင့် ခံစားနေရသည်။
ရွှီဇီယန်က ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် အနံ့ခံလည်းအလွန်ကောင်း၏။ ရွှီဇီရုန်နှင့်လည်း အလွန်နီးကပ်နေသောကြောင့် ရွှီဇီယန်သည်သွေးနံ့ပါးပါးလေးကို ရလိုက်သည်။
ရွှီဇီယန်ဟာအလွန်လန့်သွားပြီး ရွှီဇီရုန်ကိုလွှတ်ပေးလိုက်ကာ တစ်ဖက်လူရဲ့ပါးစပ်ကို ဖွင့်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် ခေါင်းမာပြီးတော့နူးညံ့သည့် ကလေးငယ်၏မျက်နှာကို သူမြင်လိုက်ပြီး ထိုကလေးငယ်၏ပါးစပ်ထောင့်မှ သွေးများစီးကျလာလေတော့သည်။
ထိုအချိန်မှာ ရွှီဇီယန်သည် ဒေါသတွေရော စိတ်သောကရောက်တာတွေရော တစ်ပြိုင်နက်ခံစားလိုက်ရသည်။ သူဒေါသထွက်ရသည့်အကြောင်းကတော့ ရွှီဇီရုန်ကခေါင်းမာပြီး ပြောရခက်တာကိုပင်။ အခြားကလေးတွေသာ သူတို့လျှာ သူတို့ကိုက်မိပြီး သွေးထွက်လာပါက အော်ငိုကြမှာဖြစ်သည်။ ဒါပေမယ့် သူစိတ်သောကရောက်ရသည့် အကြောင်းရင်းက ထိုအချက်ကြောင့်ပင်။ သူ၏မူလမှတ်ဉာဏ်ထဲမှာလည်း ရွှီဇီရုန်ကဒီပုံစံအတိုင်းပဲ။ ခေါင်းမာသည့်သူဖြစ်ပြီးတော့ မျိုးနွယ်စုက ကလေးတွေ သူ့ကိုအညိုအမဲစွဲသွားအောင်ရိုက်ကြတာတောင်မှ သူတစ်ချက်မှမငိုပေ။ ဒါပေမယ့် ထိုသို့သော ကလေးတွေက အခြားကလေးတွေထက် ပိုပြီးတော့စိတ်ထိခိုက်ခံစားရသည်။
ရွှီဇီယန်သည် သက်ပြင်းကိုလေးလံစွာချလိုက်ရင်း ရွှီဇီရုန်ကိုသူ့လက်မောင်းထဲ၌ ထည့်လိုက်ကာ အသံတိုးတိုးဖြင့် “ဇီရုန်က လိမ္မာပါတယ်…. အခု မင်းကငယ်သေးတယ်လေ၊ ဒီတော့မင်းကမဆဲရဘူးလေ…. ကိုကိုက မင်းကိုရိုက်တယ်ဆိုတာကလည်း မင်းမှတ်မိသွားစေချင်လို့ပါ….. ဘာတွေပဲဖြစ်နေပါစေ ဘယ်တော့မှ မိသားစုဝင်တွေအရှေ့မှာ မဆဲနဲ့နော်”
ရွှီဇီရုန်သည် ဘာစကားတစ်ခွန်းမှ မပြောပဲ ရွှီဇီယန်၏ပခုံးပေါ်၌ ခေါင်းလေးတင်ကာမှီနေ၏။
ရွှီဇီယန် ပျာယာခတ်သွားပြီး သူ့မှတ်ဉာဏ်တွေထဲ၌ လိုက်ရှာကြည့်ပေမယ့်လည်း ရွှီဇီရုန်၏အခုလိုမျိုး အပြုအမူတစ်ခုမျှမရှိ။
ဝတ္ထုထဲမှာ အဓိကဇာတ်ကောင်ကပိုင်ဟွဖြစ်၏။ ဗီလိန်ဘော့စ်ဖြစ်သည့် ရွှီဇီရုန်သည် လူအများကြောက်ရသည့်သွေးမိစ္ဆာဖြစ်လာရခြင်းမှာ သူ့ကြောင့်ပင်။ ရွှီဇီရုန်၏ငယ်ဘဝကို မူလမှတ်ဉာဏ်ထဲ၌ ရွှီဇီယန်မြင်ခဲ့ပြီးပြီ။ မူလရွှီဇီယန်က ရွှီဇီရုန်ကိုနှိပ်စက်ဖို့ကလွဲရင် ရွှီဇီရုန်က ရွှီမိသားစုကို မရောက်လာခင် အပြင်လောကမှာဘယ်လိုနေထိုင်ခဲ့လည်းဆိုတာကို တစ်စက်မျှစိတ်မဝင်စားချေ။
ရွှီဇီရုန်အရင်တုန်းက ဘယ်လိုနေခဲ့လဲ သူမသိဘူး။ ဒါပေမယ့် အခုလိုမျိုး ရွှီဇီရုန်ခေါင်းမာတာကို ကြည့်မည်ဆိုလျှင် ဟိုခွေးကောင်စာရေးဆရာက ရွှီဇီရုန်အမေဖြစ်သူ’အချစ်ဦး’နဲ့ ရွှီဇီရုန်တို့ ဘယ်လိုနေခဲ့သည့်ပုံစံတွေ ရေးထားခဲ့လည်းမသိ။ ရွှီဇီယန်နားလည်သွားတာကတော့ ရွှီဇီရုန်၏အတိတ်က အကြောင်းအရာကို တွေးတောကြည့်လိုက်ပြီး ရွှီဇီရုန်ဟာ အတင်းအကျပ်စေခိုင်းလို့ရသည့် လူစားမျိုးမဟုတ်ဘူးဆိုတာပင်။
တွေးကြည့်မည်ဆိုလျှင် အကြောင်းအရာတွေကမျိုးစုံဖြစ်နိုင်တာပဲ။ ရွှီဇီရုန်အမေဖြစ်သူက ရွှီရှောင်ရဲ့အချစ်ကိုရဖို့ပဲ တစ်ချိန်လုံးကြိုးစားနေလို့ သူ့ကိုဂရုစိုက်ဖို့ မအားခဲ့တာရော မဖြစ်နိုင်ဘူးလား?
ရွှီဇီယန်သည် သူ့စိတ်ထဲမှာရော သူ့မျက်လုံးထဲမှာရော ရွှီဇီရုန်အားသနားစိတ်ဖြစ်နေပြီး ရွှီဇီရုန်ကို သူ့ရင်ဘတ်မှာဖက်ထားရင်း အညင်သာဆုံးလေသံဖြင့်
“ဇီရုန်က ဒီနေ့ကစပြီးတော့ မင်းက ငါရွှီဇီယန်ရဲ့ ညီတစ်ယောက်ပဲ။ သေချာပေါက်ယုံကြည်ထားရမှာက ရှေ့လျှောက်ဘာတွေပဲဖြစ်လာဖြစ်လာ ကိုကိုက အမြဲတမ်း မင်းကိုကာကွယ်ပေးမှာပါ”
ရွှီဇီရုန်သည် ခေါင်းအသာအယာညိတ်လိုက်ပြီး သူ၏မည်းနက်နေသည့် မျက်လုံးများဖြင့်နက်ရှိုင်းစွာ ကြည့်နေသည်။ ရွှီဇီရုန်သည် ရွှီဇီယန်အား တည့်တည့်ကြည့်နေပြီး သူ့မျက်လုံးထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ တန်းနေသည်။
ရွှီဇီရုန်ကချီတုံချတုံဖြစ်သည်လို့ သူခံစားလိုက်ရပြီး ရွှီဇီယန် ညင်သာစွာ ရွှီဇီရုန်၏ခေါင်းကိုပုတ်ပေးလိုက်သည်။
“ကိုကို သိပါတယ်၊ မင်းက အခုမှ ဒီကိုရောက်တာဆိုတော့ မင်းက ကိုကို့ကို ဘယ်ယုံအုန်းမလဲ…. အဲ့ဒါကကိစ္စမရှိပါဘူး….. နောင်ကျရင် မင်းနားလည်လာမှာပါ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုကိုကအမြဲတမ်း မင်းမှီခိုအားထားချင်တဲ့ တစ်စုံတစ်ယောက်ဖြစ်ပေးပါ့မယ်”
ရွှီဇီရုန်သည် သူ့အောက်နှုတ်ခမ်းကို ညင်သာစွာကိုက်လိုက်ပြီး နောက်တစ်ခါတုံ့ဆိုင်းနေပြီးမှ သူခေါင်းကိုညိတ်လိုက်၏။
ရွှီဇီယန် ချက်ချင်းပဲ ပျော်ရွှင်နေသည့်အမူအရာပေါ်လာပြီး ရွှီဇီရုန်၏မျက်နှာကိုနမ်းလိုက်သည်။
“တော်လိုက်တာ! ကိုကိုကတိပေးပါတယ် ကိုကို မင်းကိုစိတ်မပျက်စေရပါဘူး!”
ရွှီဇီရုန်၏မျက်နှာသည် နောက်တစ်ခါနီမြန်းသွားပြီး သူ့မျက်ခွံကိုအောက်သို့ အနည်းငယ်ချလိုက်၏။ ရွှီဇီရုန်၏နူးညံ့သည့်မျက်တောင်သည် ထူပြီးတော့ ယပ်တောင်ပုံစံလေးဖြန့်နေပြီး မျက်တောင်မွှေးလေးတွေကို နှစ်ကြိမ်လောက်ပုတ်ခတ်လိုက်ရင်း သူ့မျက်လုံးထဲက လှောင်ရိပ်တွေကို ဖုံးကွယ်လိုက်သည်။
ကာ ကွယ် ပေး မယ် ?
ရွှီ ဇီ ယန် က လား ?
ဟီးဟီး ကြည့်ရတာ ဒီရွှီဇီယန်က ညီလေး၊အကိုကြီး ကစားနည်းကို ကစားချင်ပုံရသည်။ သူ့အတွက်ကိစ္စမရှိပါဘူးလေ။ ရွှီဇီယန်နဲ့ပျော်ပျော်ကြီးကို ကစားပေးအုန်းမှာ။ ရွှီမိသားစုမှာနေရမည့်ရက်တွေကလည်း ပျင်းစရာကောင်းတော့ ဒီကိစ္စကိုအသုံးချပြီးတော့ ပြဇာတ်ကလေးကို ကောင်းကောင်းမွန်မွန်လေးကပြရမှာပေါ့။
ရွှီဇီယန်သည် ရွှီဇီရုန်၏လိမ္မာသည့်အမူအရာကို မြင်လိုက်ပြီး စိတ်ချမ်းသာသွား၏။ ဒီညီအသစ်လေးက အတော်လေးလိမ္မာပြီးတော့ ကောင်းလည်းကောင်းသည်။ ဒါကြောင့် သူဒီချစ်စရာကောင်းသည့်ကလေးကို အဖြောင့်စစ်စစ်ဖြစ်အောင်နဲ့စိတ်ဓာတ်ပိုင်းတွေ ယဉ်ကျေးအောင် ပြုစုပျိုးထောင်ရမည်!!
ဘာသွေးမိစ္ဆာလည်း၊ ဘာဗီလိန်ဘော့စ်လည်း၊ အကုန်လုံးတိမ်နဲ့အတူ လွှင့်သွားစမ်း! ငါ့ညီလေးကဘယ်တော့မှ သွေးမိစ္ဆာဖြစ်မှာမဟုတ်ဘူး!
ရွှီဇီရုန်၏အတက်အကျဖြစ်နေသည့် စိတ်လေးက ပြန်ပြီးတော့တည်ငြိမ်သွားသည်။ တိတ်တဆိတ် သူ၏ဖုံးကွယ်ထားသည့် မျက်နှာသို့ပြန်ပြောင်းလိုက်၏။ ရွှီဇီယန်သည်မျက်လုံးထောင့်ကနေ သူ့ကိုဘယ်လောက်ပဲကြည့်ကြည့် ရှက်တတ်သည့်ကလေးတစ်ယောက်အသွင်ကိုပဲ မြင်ရမှာပင်။
“အာ… ကောင်းပြီလေ… ငါတို့ ဒီကိစ္စကိုဖြေရှင်းလို့ပြီးပြီဆိုတော့ ငါတို့အခုရေချိုးကြရအောင်” ရွှီဇီရုန် အလိမ်အညာမျက်နှာဖုံးတပ်နေချိန်မှာပင် ရွှီဇီယန်၏စကားလုံးကိုကြားပြီး မိန်းမောတွေဝေသွားသည်။
ပြီးနောက် သူဘာမှမတုံ့ပြန်ရသေးခင်မှာပင် ရွှီဇီယန်သည် သူ့အဝတ်တွေအကုန်လုံးကို ချွတ်လိုက်တာကြောင့် သူ့အပေါ်ပိုင်းရော၊အောက်ပိုင်းရော ဗလာကျင်းဖြစ်သွားရသည်။
ရွှီဇီရုန်သည် သူ၏အောက်ပိုင်းကို လက်ဖြင့်ကာလိုက်ပြီး ဒါပေမယ့် ယခုသူ၏အပြုအမူသည် သွေးမိစ္ဆာသခင်နှင့် တစ်စက်မျှတူမနေပေ။
ရွှီဇီရုန်မျက်နှာသည် စိမ်းဖန့်ဖန့်ဖြစ်နေရာကနေ ပုံမှန်ပြန်ဖြစ်သွား၏။ ရွှီဇီရုန်သည် သူ့ကိုသူတည်ငြိမ်ချင်ယောင်ဆောင်ကာ သူ့အောက်ပိုင်းကိုလက်ဖြင့်ဖုံးထားသည့်အချိန်တွင် ရွှီဇီယန်ကရုတ်တရက်ကြီး ပါးစပ်ဖွင့်ကာပြောလာတော့သည်။