Chapter 63
Chapter 63
ရွှီဇီယန်က ထိုအကြောင်းကို အလေးအနက်မထားပဲပြောပြလိုက်ပြီး သူလည်းဆက်မတွေးချင်တော့တာမို့ ညစာစားရန်ပြင်ဆင်လေတော့သည်။ လက်ရှိမှာ ဆရာသခင်က သူတို့နဲ့နေ့တိုင်း ထမင်းလာစားပြီး သူကအမြဲတမ်းဇီဇာကြောင်လေ့ရှိသည်။ သူကဟင်းလျာတွေ ထပ်ခါထပ်ခါတူနေတာကို မကြိုက်ဘူး။ ကံကောင်းစွာ ကျင့်စဉ်တွေကိုပြင်ဆင်တာက လော့တကျောင်တာဝန်ယူထားတာမို့ ရွှီဇီယန်က သူနဲ့လိုက်ဖက်မည့် ကျင့်စဉ်တွေကိုရှာရန်သာ စိတ်ပူရသည်။
“ရှဟုန်လျန်……” ရွှီဇီရုန်မျက်လုံးတွေနီရဲလာပြီး သွားကြားထဲကလေသံဖြင့် ထိုနာမည်ကိုထပ်ခေါ်လိုက်သည်။
သူရှဟုန်လျန်ကိုမေ့လို့မဖြစ်ဘူး! သူမအရမ်းဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့မိန်းကလေးပဲ။ သူမအသက်၁၅,၁၆ရှိပြီ။ သူ့ကိုကိုကလည်း ဒီနှစ်ဆိုအသက်၁၅ပြည့်ပြီ။ ဒီအသက်အရွယ်မှာ သူမလက်ထပ်နိုင်တယ်။
လက်ထပ်မယ်……
ရွှီဇီရုန်မျက်လုံးဟာ ပိုပြီးနီရဲလာတော့သည်။ အဲ့ဒီရှဟုန်လျန်ဟာ အနာဂတ်မှာ သူ့မရီးဖြစ်လာနိုင်တယ်ဆိုသည့်အတွေးကို သူလုံးဝသည်းမခံနိုင်ဘူး။
မရီး,တူ……
အကယ်၍ ရွှီဇီရုန်၏ကိုကိုဆီ၌ ဒီလိုလူတွေရှိလာရင် သူရွှီဇီရုန်ကို ဘေးချိတ်ထားလိမ့်မည်။ တစ်နည်းဆိုရရင် သူ့ဆီမှာ ကိုယ်ပိုင်မိသားစုရှိလာရင် သူနဲ့သွေးသားမတော်စပ်သည့် ညီဖြစ်သူကို ဘယ်လိုလုပ်အာရုံစိုက်တော့မှာလဲ။
သူ၏အနီရောင်မျက်လုံးဟာ ပိုပိုရဲလာကာ နက်မှောင်လာပြီး ရွှီဇီရုန်၏အသက်ရှူနှုန်းတွေဟာ ရုတ်တရက်မြန်ဆန်လာသည်။ သူ့ပတ်ပတ်လည်က မြက်ပင်တွေဟာ အနီရောင်ဖျော့ဖျော့လေးဖြစ်လာပြီး တဖြည်းဖြည်း အနီရောင်ကနက်ရှိုင်းလာကာ သွေးရဲရဲတွေဖုံးလွှမ်းသလို ဖြစ်သွားတော့သည်။
မရီး? တူ?
ကိုကိုကသူ့အပိုင်ပဲ။ သူ့ကိုကိုအတွက် ဒီလိုအပိုတွေ မလိုအပ်ဘူး။
ကိုကိုက သူနဲ့တွေ့ရတာနဲ့ပင် လုံလောက်သင့်ပြီ။ ငါ့ကိုကိုရဲ့ လိုအပ်နေတဲ့အရာအားလုံးကို ငါဖြည့်ဆည်းပေးနိုင်တယ်!
ကိုကိုက အခြားလူတွေကို ကြိုက်လည်းမကြိုက်သင့်သလို ကြိုက်လည်းမကြိုက်ရဘူး! သူကငါ့အပိုင်! အဲ့ဒါကငါ့အပိုင်! ဘယ်သူမှသူ့ဆီကနေယူသွားလို့မရဘူး!!!
ရွှီဇီရုန်ဟာ သူ့မျက်စိရှေ့မှာ ရှိနေသမျှအရာအားလုံး အနီရောင်ဖုံးလွှမ်းနေတယ်လို့သာ ခံစားနေရသည်။ သူ့နှာခေါင်းထဲမှာ သွေးနံ့တွေနဲ့ပြည့်နေပြီး သူ့ပါးစပ်မှာလည်း ချိုလှသည့်သွေးနံ့တွေနဲ့ ပြည့်နေသည်။
အခုချိန်သာ သူ့ကိုကို,ကို သူစားလိုက်ရင် သူ့ဆီကနေဘယ်သူမှလုယူလို့မရတော့ဘူးလို့ ထိုအတွေးကို မတွေးဘဲမနေနိုင်ပေ။
“ဇီရုန် အပြင်မှာဘာလုပ်နေတာလဲ? ငါ့ကိုလက်လာပြစမ်း!” အိမ်ထဲက ရွှီဇီယန်ကအော်ပြောလိုက်သည်။
“ကျွန်တော်ဒီမှာပါ!” ရွှီဇီရုန် သူ့မျက်လုံးပေါ်က အနီရောင်တွေ ပျောက်ကွယ်သွားမှန်း မသိလိုက်ပေ။ သူကအလိုလိုတုံ့ပြန်ကာ ပြန်ဖြေလိုက်သည်။
သစ်သားအိမ်လေးထဲက မှုန်ဝါးဝါးဖြစ်သည့် အဝါရောင်မီးလေးကို ကြည့်ရင်း ထိုအရာကသိပ်မလင်းပေမယ့် နွေးထွေးလှသည်။
ရွှီဇီရုန်နူးညံ့စွာပြုံးလိုက်သည်။ အရင်ဘဝတုန်းက နွေးထွေးသည့်ခံစားချက်ဆိုလို့ ဒီအရာလေးပဲရှိခဲ့တာ သူကဘာကိုမေးနေရဦးမှာလဲ။ ဒီဘဝမှာလည်း သူ့မှာခက်ခဲသည့်အချိန်တွေ ရှိပေသည်။ အခြားလူတွေက လုယူသွားလိမ့်မယ်ဆိုသည့် ခံစားချက်မျိုးကို သူဘယ်လိုလုပ်သည်းခံနိုင်မှာလဲ?
“အဲ့ဒါကအရမ်းအံ့ဩစရာကောင်းတာပဲ” သူ့ကိုယ်သူရယ်မောနေသည်။ ရွှီဇီရုန် သူ့မျက်နှာအမူအရာကို ပြန်ပြင်လိုက်ပြီး မီးဖိုချောင်အရှေ့သို့ အေးဆေးလေးလျှောက်သွားသည်။ ထိုအချိန်တွင် သူ့အရင်ဘဝတုန်းက ရွှီဇီယန်ဟာ ပိုင်ဟွနဲ့ ချစ်ခဲ့တာကို သူရုတ်တရက်သတိရလိုက်သည်——ပိုင်ဟွကယောင်္ကျားလေးဖြစ်သည်။
အခုရောသူ့ကိုကိုက ယောင်္ကျားလေးတွေကို သဘောကျသေးရဲ့လားဆိုတာ သူမသိပေမယ့် အဲ့ဒါကပြဿနာမရှိဘူး။ အကယ်၍ သူ့ကိုကိုကမကြိုက်ဘူးဆိုရင်လည်း သူ့ကိုကိုကြိုက်လာအောင်လုပ်ပေးရမှာပေါ့။
အမ်…မဟုတ်သေးဘူး။ သူ့ကိုကိုက ယောင်္ကျားလေးတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ့ကိုတော့ သူ့ကိုကိုကြိုက်ရမည်။
သူမီးအိမ်အဖြစ်အကျဉ်းချခံထားရတုန်းက ညစ်ညမ်းပြီးရွံစရာကောင်းလှသည့် ပုံရိပ်တွေထဲမှာ သူ့ကိုကိုပျော်ရွှင်နေတာကို ပြန်လည်တွေးတောလိုက်သည်။ အကယ်၍ မလိုအပ်သည့်လူတွေကို ဖယ်ထုတ်လိုက်ပြီး ထိုနေရာမှာ သူနဲ့ကိုကိုသာရှိနေပါက သူကရွံစရာကောင်းတယ်လို့မတွေးမိပဲ အရမ်းကိုလိုက်ဖက်တယ်လို့တောင် ခံစားရသည်။
ဟုတ်တယ် အဲ့ဒါပဲ။ အကယ်၍ သူ့ကိုကိုက ချစ်သူလိုအပ်တယ်ဆိုရင် ငါတာဝန်ယူပေးလို့ရသည်။
ရွှီဇီရုန် တိတ်ဆိတ် သူ့ရင်ထဲဆုံးဖြတ်ချလိုက်သည်။ ဒီအချိန်မှာ သူ့အရင်ဘဝတုန်းက ဝိညာဉ်လောင်ကျွမ်းခဲ့သည့် နာကျင်မှုတွေဟာ အများကြီးလျော့နည်းသွားသည်။ သူ့စိတ်ထဲမှာ သက်ပြင်းရှည်ချလိုက်သည်။ ထိုအချိန်တုန်းက ထိုမကောင်းသည့်အကောင်လေးယောက်က သူ့ဝိညာဉ်ရှေ့မှာတောင် အရှက်မရှိ ပုံစံမျိုးစုံဖြစ်ပျက်နေခဲ့ပေမယ့် သူရွံလွန်းလို့ကြည့်တောင်မကြည့်ခဲ့ဘူး။ အခုတော့ထိုအရာကို သူနောင်တရနေသည်။ အကယ်၍ သူကြည့်ခဲ့ပါက သူ့ကိုကို,ကိုဘယ်လိုပျော်ရွှင်အောင် လုပ်ပေးရမလဲဆိုတာ သင်ယူလိုက်လို့ရသည်။
ထိုအကြောင်းကို တွေးပြီးနောက် ရွှီဇီရုန်က သူ့ကိုယ်ကိုပြန်ငုံ့ကြည့်လိုက်သည်——သူအခုအဝေးကြီးကို တွေးနေမိသည်။ အခုချိန်မှာ သူ၏စွမ်းအားကို ဖြစ်နိုင်သမျှ မြန်မြန်တိုးတက်အောင်လုပ်ပြီး အခြားလူကဖြစ်စေ သူ့ကိုကိုဘက်ကဖြစ်စေ စိတ်ယိုင်တာမျိုးတွေဖြစ်လာရင် သူမြန်မြန်ဖြေရှင်းရမည်။
ရွှီဇီရုန်မီးဖိုချောင်ထဲဝင်သွားပြီးနောက် အရိပ်တစ်ခုဟာ လျင်မြန်စွာရောက်လာပြီး သူရပ်ထားသည့်နေရာသို့ သွားရပ်နေသည်။
လော့တကျောင်ဟာ မသပ်ရပ်သည့်အဝတ်တွေကိုသာ ဝတ်ဆင်ထားပေမယ့် သူ့မျက်နှာဟာ ရေခဲတမျှအေးစက်လို့နေသည်။ မြေပြင်က အနီရောင်စွန်းနေသည့် အဝါရောင်မြက်ပင်ကို သူကုန်း၍ကောက်လိုက်သည်။
ဒီသွေးရောင်တွေဟာ မြက်ပင်ပေါ်မှာ ခြောက်သွေ့နေပြီးဖြစ်ပြီး ဆရာသခင်၏စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သွေးရောင်တွေဟာ လွှင့်ပြယ်သွားတော့သည်။
လော့တကျောင်၏မျက်ခုံးဟာ ဓားတစ်လက်လို စူးရှလို့နေသည်။ လက်ချောင်းလေးကစွမ်းအင်နည်းနည်းဖြင့် မြက်ပင်ဟာ အမှုန့်အဖြစ်သို့ပြောင်းသွားသည်။
မှိန်ဖျော့ဖျော့အဝါရောင်မီးလေးရှိသည့် သစ်သားအိမ်ထဲသို့ သူအကြည့်တွေက နက်ရှိုင်းစွာကြည့်လို့နေသည်။ ထိုအကြည့်နဲ့အတူ သူမျက်နှာကလည်း ပြောင်းလဲသွားသည်……
ထိုညက ရွှီဇီယန် လော့တကျောင်ဆီက စာရလိုက်ပြီး သူဒီနေ့လုပ်စရာရှိလို့ ညစာလာမစားတော့ဘူးလို့ ရေးထားသည်။
ရွှီဇီယန်ကလည်း ဘာမှသိပ်မတွေးပါ။ သူကဟင်းတွေကို တစ်ဝက်ခွဲလိုက်သည်။ ညီအကိုနှစ်ယောက်စားလို့ပြီးတော့ သူတို့၏စိတ်ငြိမ်ခန်းထဲသို့သွားကာ စတင်လေ့ကျင့်တော့သည်။
လေ့ကျင့်ဖို့က အချိန်သိပ်မရှိတော့ဘူး။ ကျင့်ကြံသူတွေဟာ ဘဝသက်တမ်းကို ဆွဲဆန့်လို့ရပေမယ့် ကျင့်ကြံခြင်းအဆင့်တက်ဖို့ကလည်း အချိန်အများကြီးယူရသည်။
အခုရွှီဇီယန်ဟာ အချိန်တိုင်းလေ့ကျင့်တာတောင် သုံးရက်လောက်အချိန်ယူရသည်။ အကယ်၍ သူတံခါးပိတ်ကျင့်မည်ဆိုရင် အနည်းဆုံး လဝက်လောက်တော့ကြာလိမ့်မည်။
တစ်လဆိုသည့်အချိန်ဟာ လျှပ်တစ်ပြက်အတွင်း ကုန်လွန်သွားပြီးနောက် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေဖွင့်ဖို့ ရက်ကိုရောက်ရှိလာတော့သည်။
ဂိုဏ်းကနေပို့လိုက်သည့်စာကို ရရှိပြီးနောက် ရွှီညီအကိုနှစ်ယောက်ဟာ စိတ်ငြိမ်ခန်းကနေ ထွက်လာကြတော့သည်။
လျှို့ဝှက်နယ်မြေမပွင့်ခင် တစ်လလောက်က အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ဟာ တုံ့ပြန်လာပြီး ထိုအချိန်က အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နဲ့ ပေါင်းစပ်ဖို့ အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
ရွှီဇီယန်၏အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်က အပြာရောင်အသီးရောင်လေးဖြစ်သည်။ သူယူကြည့်လိုက်တော့ ထိုအရာ၌ မိုးကြိုးသွားစိတ်ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာကို သူသိလိုက်ရသည်။
ဒီအသီးကို သူ့ပါးစပ်ထဲထည့်ပြီးနောက် အရည်ပျော်သွားတော့သည်။ ထိုအရာဟာ စွမ်းအင်ပေါ်ထွက်လာပြီး သူ၏ချီပင်လယ်၌ မရပ်တန့်သည့် အဟုန်ဖြင့်ပြေးလွှားနေသည်။
ဒီစွမ်းအားကသန်မာတယ်ဆိုပေမယ့်လည်း သူ၏ချီပင်လယ်ထဲမှာ နေရာယူထားသည့် အစိမ်းရောင်မိုးကြိုးသွားလောက်တော့ အစွမ်းမထက်ပေ။
စိတ်ဝိညာဉ်စွမ်းအင်ဟာ အနီရောင်စက်ကွင်းထဲဝင်သွားပြီး အစိမ်းရောင်မိုးကြိုးသွားဟာ ငမန်းက သွေးနံ့ရသလို ပြေးထွက်လာတော့သည်။ အပြာရောင်အလင်းတန်းဟာ ကြီးမားသည့်မိုးကြိုးသွားကို နှစ်ကြိမ်သုံးကြိမ်လောက် ခုခံနေသည်။
အစိမ်းရောင်မိုးကြိုးသွား ဝါးမျိုးလိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်ဟာ ငြိမ်ကျသွားတော့သည်။ ရွှီဇီယန်ကိုယ်တိုင် ကျင့်ကြံထားသည့် စိတ်ဝိညာဉ်စွမ်းအင်လိုမျိုး ထိုအရာဟာ သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လာတော့သည်။
ရွှီဇီယန်မျက်နှာ အမူအရာမဲ့နေသည်။ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို သူတည်ဆောက်ပြီးနောက် သူ၏ချီပင်လယ်ဟာ တစ်မူထူးခြားနေတာကို သူသိလိုက်ရသည်။ အကြိမ်များစွာ ကြိုးစားပြီးနောက် သူနားလည်သွားတော့သည်။
အစိမ်းရောင်မိုးကြိုးသွားဟာ ဘယ်စိတ်ဝိညာဉ်စွမ်းအင်၏အရည်အချင်းတွေကိုမဆို ရရှိနိုင်ပြီး သူ၏ချီပင်လယ်နဲ့ အံဝင်ခွင်ချဖြစ်အောင် ပြုလုပ်ပေးသည်။ သို့ပေမယ့် ထိုစိတ်ဝိညာဉ်စွမ်းအင်တွေက သူ၏ချီပင်လယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေလောက် မပိုပေမယ့် အစိမ်းရောင်မိုးကြိုးသွား၏အကူအညီဖြင့် ဒီစွမ်းအင်တွေကို ချက်ချင်းဝါးမျိူပြီး သူပြန်လည်အသုံးပြုလို့ရပေသည်။
သူ့ကိုအံ့ဩစေတာက အနာဂတ်မှာသာ အသက်သွေးကြောထဲသို့ သူထည့်နိုင်ပါက စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို ဘာအကြွင်းအကျန်မှ မကျန်ရှိပဲ သူစုပ်ယူလို့ရပေလိမ့်မည်။
ယေဘုယျအားဖြင့်ပြောရရင် ကျင့်ကြံသူတစ်ယောက်ဟာ အသက်သွေးကြောထဲသို့ အတွင်းစွမ်းအားအဖြစ် ၇၀%စုပ်ယူလို့ရပြီး ဒီအဆင့်ကိုအောင်မြင်သွားရင် အသက်သွေးကြောထဲသို့ ထည့်ထားသည့် စိတ်ဝိညာဉ်စွမ်းအင်တွေဖြင့် သူချက်ချင်းလေ့ကျင့်လို့ရပေသည်။ တိုက်ပွဲအတွက် အသက်သွေးကြောကို သူအပိုဆောင်းအဖြစ် ပြင်ဆင်ထားပါက စွမ်းသက်ရောက်မှု၏တစ်ဝက်ကို စုပ်ယူနိုင်သည်ကပင် အလွန်ကိုကောင်းမွန်ပြီဖြစ်သည်။
ဒါပေမယ့် အသက်သွေးကြော၏တုံ့ပြန်မှုကိုရော ထိုချီပင်လယ်က ဝါးမျိုလို့ရလားဆိုတာ ရွှီဇီယန်သိချင်ပါက သူ၏ထိန်းချုပ်မှုမပါဘဲ အစိမ်းရောင်မိုးကြိုးသွားဟာ ထိုတာဝန်ကို လုပ်ဆောင်ပေးလိမ့်မည်။
အစိမ်းရောင်မိုးကြိုးသွား၏အကူအညီဖြင့် အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နဲ့ ပေါင်းစပ်တာကို လွယ်လွယ်ကူကူပြီးသွားတော့သည်။ ရွှီဇီယန် လုပ်ဆောင်ဖို့ အချိန်နှစ်နာရီလောက်သာ ယူလိုက်ရသည်။
ရွှီဇီရုန်၏အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်က အနီရောင်မြက်ပင်ဖြစ်ပြီး ပေါင်းစပ်ဖို့ အချိန်အနည်းငယ်သာ ကြာသည်။
ဂိုဏ်းကနေပို့လိုက်သည့် သတင်းကိုရရှိပြီးနောက် ညီအကိုနှစ်ယောက်ဟာ စုဝေးသည့်နေရာသို့ ပြေးသွားကြသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူဦးလေးက သူတို့တွေကို အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေသို့ ခေါ်သွားရန် တာဝန်ရှိပေသည်။ နှစ်တိုင်းအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ပြောင်းလဲလေ့ရှိတာကြောင့် ထိုအရာတွေနဲ့ ပေါင်းစပ်ထားသည့်သူတွေမှ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို ခံစားမိမှာဖြစ်သည်။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်က အန္တရာယ်ရှိပြီး ဖုံးကွယ်ထားသောနေရာတွေ ရှိမရှိဆိုတာကတော့ ဘယ်သူမှအာမမခံနိုင်ပေ။ ဒါကြောင့် အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကိုရရှိပြီး ပေါင်းစပ်ဖို့အောင်မြင်သွားသည့် ဂိုဏ်းအသီးသီးကကျင့်ကြံသူတွေအားလုံးကို လုံခြုံစေဖို့အတွက် တစ်ချို့သောကျွမ်းကျင်သူတွေက ဦးဆောင်ရလေသည်။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေသို့ပို့မည့် ပြိုင်ပွဲဝင်သူတွေအားလုံးဟာ ဂိုဏ်းအသီးသီးက လက်ရွေးစင်တွေသာ ဖြစ်ကြသည်။ အကယ်၍ သူတို့တွေသာ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းမှာ သေဆုံးသွားပါက သူတို့ဘဝကဆိုးလှတယ်လို့ ပြောရမည်။ ဒါပေမယ့် သူတို့တွေသာ လမ်းသွားရင်းမှာတင် သေဆုံးသွားပါက သူတို့ဂိုဏ်းတွေ၏ ဂိုဏ်းချုပ်တွေက ပူပင်သောကရောက်လိမ့်မည်။
“ဒီနေရာမှာ သိတဲ့လူတွေတော့ တော်တော်လေးများတာပဲ” အဝေးကနေကြည့်ကာ ချင်းရီးရပ်ထားသည့် လေးထောင့်ကွက်လေး၌ ကျင့်ကြံသူဆယ်ဦးထက်ပိုရှိနေသည်။ ရင်းနှီးသည့်မျက်နှာအများစုကို ရွှီဇီယန်မြင်နေရသည်။
ထို့အပြင် အတွင်းဂိုဏ်းတပည့်အနေနဲ့ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကို ဝေ့ချင်ကလည်း ရရှိထားပြီး လဲ့ဟူနဲ့ရှဟုန်လျန်တို့ကလည်း ထိုအသင်းမှာပါဝင်နေသည်။
သူကလူအများစုကိုတော့မသိပေမယ့် ထိုနေရာမှာ သိသည့်လူရော မသိသည့်လူတွေရော ရှိနေကြသည်။
“ချီလျန်ရှစ်ရှုန်း နေကောင်းလား?” ရွှီဇီယန်ဟာ ချီလျန်ဟုန်ယွင်ကို မြင်လိုက်ပြီး အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ဘယ်လိုလုပ်ပြီးမင်းဖြစ်နေပြန်တာလဲ!” ချီလျန်ဟုန်ယွင်ဟာအံ့ဩသွားပြီးနောက် ပြီးမှ ဒီကောင်လေး၏စွမ်းအားနဲ့ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်မျိုးရတာ ပုံမှန်ပဲလို့ပြန်တွေးမိလိုက်သည်။
“ရှစ်ရှုန်းက ကျွန်တော့်ကို အဲ့လောက်တောင် မတွေ့ချင်ဘူးလား?” ရွှီဇီယန်အံ့ဩစွာဆိုလိုက်ပြီး ချီလျန်ရှစ်ရှုန်းကို သူဘာအပြစ်များလုပ်မိခဲ့လည်းဆိုတာ တကယ်မမှတ်မိဘူး။ တစ်ဖက်လူက ဘာလို့များ ဒီလိုအမူအရာမျိုး ဖြစ်နေရတာလဲ?
“မဟုတ်ပါဘူး…” ချီလျန်ဟုန်ယွင် ခက်ခဲစွာ ပြုံးလိုက်ရသည်။ မင်းကငါ့ကိုဘာများပြောခိုင်းစေချင်တာလဲ? မင်းတို့ညီအကိုတွေက သူ့ရန်သူပါဆိုပြီး ပြောရမှာလား? အကိုဖြစ်သူကလည်း သူ့ကိုဒဏ်ရာရအောင် တိုက်လိုက်လို့ လေ့ကျင့်ရေးကွင်းမှာ တစ်နှစ်လောက်အပြစ်ပေးခံရပြီး ညီဖြစ်သူကလည်း သူကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ထားသည့်အချိန် လွယ်ကူစွာသူ့ကို တိုက်ခိုက်သွားနိုင်ပြီး အခြားသောရှစ်ရှုန်းတွေရှေ့မှာ သူမျက်နှာပျက်ခဲ့ရတာတွေကို ပြောရမှာလား?
ဒီနှစ်ယောက်ဟာ သူ့ရန်သူတွေမှန်း ချီလျန်ဟုန်ယွင်သဘောပေါက်သည်! သူတို့တွေနဲ့သူဆုံကတည်းက ဘယ်လိုမှမကောင်းနိုင်ဘူး!
ရွှီဇီယန်က ချီလျန်ရှစ်ရှုန်းအပေါ် ကောင်းမွန်သည့်သဘောထားမျိုးရှိပေမယ့် သူ့ကိုမတွေ့ရတာ တစ်နှစ်တောင်ရှိသွားပြီ။ ပထမသူတွေးမိတာက ထိုသူကတာဝန်နဲ့ ထွက်သွားတယ်ပေါ့။ နောက်မှာ သူသိလိုက်ရတာက ထိုသူဟာလေ့ကျင့်ရေးကွင်းမှာ တစ်နှစ်လုံးအချိန်ဖြုန်းနေရသည်ဆိုတာကိုပင်။
ချီလျန်ရှစ်ရှုန်းအား ရွှီဇီယန် သူ့စိတ်ထဲကနေ ချီးကျူးမိသည်။ ခိုးထားသည့်အစိမ်းရောင်မိုးကြိုးသွားကို လေ့ကျင့်ရေးကွင်းမှာသာ သူတစ်နှစ်လုံးလုံးလေ့ကျင့်ရပါက သူသေသွားနိုင်သည်။ ဒီရှစ်ရှုန်းကက တစ်နှစ်လုံးလုံးနေနိုင်တာ ချီးမွမ်းဖွယ်ရာပင်ဖြစ်သည်။
“ချီလျန် မင်းဘာလုပ်နေတာလဲ?” အလွန်လှပပြီး ငယ်ရွယ်သောမိန်းကလေးက ဖြေးညင်းစွာလမ်းလျှောက်လာသည်။ ရွှီညီအကိုတွေကို သူမမြင်လိုက်သည်နှင့် သူမမျက်လုံးထဲက ဒေါသတွေဖျတ်ခနဲပေါ်လာတော့သည်။
“ရွှယ်ယန် မင်းငါ့ကိုရှာနေတာလား? အတော်ပဲ ငါလည်းမင်းကိုရှာမလို့ပဲ အခြားနေရာမှာ စကားပြောသွားရအောင်” ချီလျန်ဟာ ရွှယ်ယန်ကို အမြန်ဆွဲခေါ်ကာထွက်သွားပြီး ရွှီညီအကိုနှစ်ယောက်ဘက်သို့ ပြန်လှည့်ကြည့်သွားသေးသည်။