Chapter 68
Chapter 68
သူတို့နှစ်ယောက်ဟာ အကြောင်းအရာတွေကို စိစစ်တွေးကြည့်လိုက်ပြီး ထူးဆန်းနေတယ်လို့ ခံစားနေရပေမယ့် သူတို့တွေရပ်လိုက်ခြင်းမရှိပေ။ ရွှီဇီယန်နဲ့ရွှီဇီရုန်နှစ်ယောက်စလုံးဟာ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို ပြီးသွားကြသည့် ကျင့်ကြံသူတွေဖြစ်တာကြောင့် သာမန်နည်းလမ်းတွေနဲ့ သူတွေကိုလာစိန်ခေါ်ပါက သူတို့တွေအခက်အခဲမရှိရှာတွေ့လိမ့်မည်။
သူတို့တွေ ဝင်ပေါက်ကနေ လမ်းလျှောက်လာပြီး စကားပြောနေကြစဉ် ဒီဟင်းလင်းပြင်နေရာကြီးမှာ သူတို့ခြေသံတွေသာ ကြားနေရသည်။
ဒါပေမယ့် ခဏလောက်ဆွေးနွေးပြီးသည့်တိုင်အောင် ထိုသက်သောင့်သက်သာမရှိသည့် ပြဿနာကို သူတို့တွေရှာမတွေ့သေးပေ။
“ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် အခုတော့ငါမသက်မသာဖြစ်သလို မခံစားရတော့ဘူး အဲ့ဒီကဒီအတိုင်းထွက်သွားပြီထင်တယ်” ရွှီဇီယန်ဘာမှမတတ်နိုင်စွာ ပြောလိုက်၏။ ထို့အပြင် သူ့ကိုယ်သူခွဲခြားစိတ်ဖြာပြီးတော့လည်း ထိုအရာကိုရှာလို့မရပေ။
ရွှီဇီရုန်စိတ်မကောင်းဖြစ်သွားပြီး သူ့ကိုကိုက တစ်ခုခုကြောင့် ဒါမှမဟုတ် တစုံတယောက်ကြောင့် နာကျင်နေတာကို သူလုံးဝသည်းမခံနိုင်ပေ။ သူက သူ့ကိုကို၏’အရသာ’ရှိသည့် သွေးကိုမသောက်ရသေးတာကြောင့် သူ့ကိုကို၏ခန္ဓာကိုယ်ထဲ ဘယ်လိုမကောင်းဆိုးဝါးစွမ်းအင်ဝင်ရောက်နေလဲဆိုတာ သူဘယ်လိုလုပ်မြင်နိုင်မှာလဲ?
ထိုဖြစ်ရပ်ကို ရွှီဇီရုန် တိတ်တဆိတ် မှတ်သားထားသည်။ နောက်ကျရင် သူ၏စွမ်းအားဖြင့် သူ့ကိုကို၏ပြဿနာရဲ့ အရင်းအမြစ်ကို ရှာတွေ့သွားပါက ထိုထောင်ချောက်အားပြုလုပ်သည့် ပုဂ္ဂိုလ်ကို သူသေချာပေါက် လက်စားချေရမည်!
သူတို့အရှေ့လေဟာ ပိုမိုပြင်းထန်လာပြီး သိပ်မကြာခင်မှာပင် ထိုဝင်ပေါက်၏အဆုံးသတ်ကို သူတို့တွေတွေ့လိုက်ရသည်။
ထိုဂူ၏ဝင်ပေါက်ဖက်သို့ သူတို့တွေလျှောက်သွားပြီး အပြင်ဘက်နား ခြေနင်းတုံးလိုမျိုးအရာလေး ထင်ရှားစွာရှိနေသည်။ သူ၏ဦးနှောက်ထဲမှာ အလွန်စူးစမ်းချင်တာကြောင့် ရွှီဇီယန်ခြေနင်းတုံးပေါ်တက်လိုက်ပေမယ့် ဝင်ပေါက်၏အဆုံးကို သူမမြင်ရသေးပေ။
ထိပ်ဖက်မှာအလင်းရောင် သိပ်မရှိတာကြောင့် သူတို့တွေဟာ အလင်းရောင်ကျောက်တုံးနဲ့သာမြင်နိုင်သည်။ အသူတစ်ရာချောက်နက်လိုမျိုး အောက်ဘက်အမှောင်ထုဟာ အလင်းရောင်ကျောက်တုံးလိုမျိုး အလင်းထွက်ပေါ်နေသည့်အရာတွေကို ဝါးမျိုးသွားသည်။
“ကိုကို အောက်ဆင်းကြည့်ချင်လို့လား?” ရွှီဇီရုန်မေးလိုက်သည်။ ထိုခြေနင်းတုံး၏တစ်ဖက်၌ အောက်သို့ဆင်းနိုင်သည့်လှေကားမျိုးရှိနေပေမယ့် အတုဖန်တီးထားခြင်းဖြစ်တယ်ဆိုတာကို သူတို့တွေးကြည့်လိုက်ရုံနဲ့သိနိုင်သည်။
ထိုလှေကားကိုရှည်လျားလှစွာဆောက်လုပ်ထားသည်။ ထိုအရာကိုအဝေးကနေကြည့်ရင် ကြောင်လိမ်လှေကားလို့ အောက်ဖက်သို့ဆင်းသက်နေသည်။ အလင်းရောင်ကျောက်တုံးဟာ ထိုတစ်ဖက်ခြမ်းအထိ အလင်းရောင်မရောက်နိုင်တာကြောင့် ထိုလှေကားဟာဘယ်လောက်ရှည်လဲဆိုတာ ရွှီဇီယန်မသိနိုင်ပေ။
ထိုလှေကား၏အဆုံးသတ်ဟာ အမှောင်ထုထဲမှာဖုံးကွယ်နေပြီး အလင်းရောင်ကျောက်တုံးဆီက အလင်းကို သူတို့တွေဆက်မှီခိုလို့မရတော့ပေ။ ရွှီဇီယန်ခဏလောက် တွေးတောလိုက်ပြီး လက်သီးလောက်ကြီးသည့် မိုးကြိုးသွားစက်လုံးကို ဖန်တီးလိုက်သည်။ ထိုမိုးကြိုးသွားစက်လုံးဟာ ပြန်ကန်ထွက်လာပြီး လေထဲမှာ ရုတ်တရက် ပေါက်ကွဲထွက်နိုင်သည်။ ထိုခဏလောက်ပေါ်လာသည့် အလင်းရောင်လေးဖြင့် ရွှီဇီယန်ချက်ချင်း မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ကာ အဲ့ဒီမြေပြင်အခြေအနေကို မြင်လိုက်ရသည်။
သူတို့ရပ်နေသည့်ခြေနင်းတုံးက ဒီနေရာက ကျောက်တုံးနံရံကနေ အစွန်းထွက်နေတာဖြစ်လိမ့်မယ်လို့ သူယူဆလိုက်သည်။ ထိပ်ဖက်ကနေအလင်းရောင်ကို ပိတ်လိုက်ပြီး အောက်ခြေက အသူတစ်ရာချောက်နက်ကတော့ မှောင်မိုက်နေဆဲဖြစ်သည်။ ရှေ့ပဲဆက်တိုးမလား နောက်ပြန်ဆုတ်မလား နှစ်လမ်းသာ သူတို့မှာရွေးခွင့်ရှိသည်။ လက်ရှိမှာ သူတို့တွေက ဒီလောက်ခရီးအထိတောင် ရောက်ခဲ့ပြီးပြီမှ လက်ဗလာနဲ့တော့ ရွှီဇီယန်မပြန်ချင်ပေ။
“ငါအရင်သွားမယ် ငါ့အနောက်ကနေလိုက်ခဲ့နော်” ရွှီဇီယန်ဦးဆောင်သွားလိုက်ပြီး ရွှီဇီရုန်က အနောက်ကနေ လိမ်မာစွာလိုက်ပါလာသည်။ သူ့ကိုကို၏စကားကို သူလွန်ဆန်လို့မရဘူးဆိုတာ သေချာသိတာကြောင့် သူ့ကိုကို၏ကာကွယ်ပေးမှုကိုသာ လက်ခံလိုက်တော့သည်။
ကာကွယ်ပေးခံရတာမျိုးကို သူအလွန်သဘောကျသည်။ အကယ်၍ တစ်ယောက်ယောက်သာ သူတို့တွေကို လာတိုက်ခိုက်ပါက တစ်ခဏအတွင်း သူဟာရွှီဇီယန်ကို ယုံကြည်မှုရှိစွာ ကယ်တင်နိုင်သည်။ အကယ်၍ ရန်သူကကောက်ကျစ်သည်ဖြစ်စေ၊ စွမ်းအားကြီးသည်ဖြစ်စေ သူအရှေ့မှာရှိနေရင်တောင် ဘာမှကွဲပြားမှာမဟုတ်ဘူး။ ဒါကြောင့် နည်းစနစ်တွေအရ ဒီနေရာမှာ ဘာမှစိတ်ပူစရာမလိုပေ။
အလင်းရောင်ကျောက်တုံးနဲ့အတူ ရွှီဇီယန် မြေပြင်ပတ်ဝန်းကျင်အခြေအနေကို အနီးကပ်အာရုံစိုက် လေ့လာကြည့်လိုက်သည်။ အဖိုးတန်ရတနာတွေကို ရှာဖွေရာတွင် ထောက်ချောက်အဆင့်ဆင့်တွေကို ဝတ္ထုထဲ၌ သူဖတ်ထားတာတွေ ရုတ်တရက်သတိရလိုက်သည်။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေမှာလည်း ဒီလိုတူညီသည့်အရာတွေရှိလားဆိုတာ သူသေချာမသိတာကြောင့် သူအတတ်နိုင်ဆုံး သတိဝီရိယထားတာ ပိုကောင်းလိမ့်မည်။
နှစ်ယောက်သားဟာ သတိရှိစွာ အချိန်အကြာကြီး လမ်းလျှောက်လာကြသည်။ သူတို့တွေဘာကိုမှမတွေ့ရသေးပေ။ ဒီနေရာအရမ်းအန္တရာယ်များတာတွေ ဘာမှမရှိတာကြောင့် ရွှီဇီယန်စိတ်အေးသွားပြီး သူ့ဆရာသခင်ပြောတာမှားနေတာကို သူတွေးတောမိလိုက်သည်။
ရွှီဇီယန်ထိုအရာကိုတော့ မရှင်းပြတတ်ပေမယ့် အစိမ်းရောင်စိတ်ဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်လာသည့်အချိန်ကစလို့ သူ့ဆီမှာဘာဖြစ်နေလဲဆိုတာ သူလျစ်လျူလို့မရပေ။ ရွှီဇီရုန်အရှေ့မှာသာ သူဘာမှမဖြစ်သလိုနေနေပေမယ့် သူထိုအရာကိုထွက်သွားအောင် လုပ်ဆောင်လို့မရသေးပေ။
ဘာအကြောင်းပြချက်ကိုမှ သူရှာမတွေ့သေးပေမယ့် ထိုအရာကဘယ်လောက်အရေးကြီးတယ်ဆိုတာကို သူ့စိတ်ထဲကအသံက သတိပေးလို့နေသည်။ သူထိုစွမ်းအင်ကို ရှာဖွေရမည်။
သူမတတ်နိုင်စွာသက်ပြင်းချမိလိုက်သည်။ ထိုပြဿနာကြီးကို သူမဖြေရှင်းနိုင်လို့ သူ့စိတ်ထဲကအသံကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမှန်း ရွှီဇီယန်အခိုင်အမာယုံကြည်သည်။
သူ့ခန္ဓာကိုယ်အား နောက်တစ်ခါပြန်စစ်ဆေးကြည့်ပြန်တော့လည်း ဘာမူမမှန်တာကိုမှ ရှာလို့မတွေ့ပေ။
အတွင်းစိတ်: ဘေးကင်းတယ်
ကျင်းလော့: ဘေးကင်းတယ်
ချီးပင်လယ်: အစိမ်းရောင်မိုးကြိုးသွားက ပျော်ပျော်ရွှင်ရွှင် လှည့်ပတ်နေဆဲပဲ
အဲ့ဒီသောက်စွမ်းအင်တွေက ဘယ်ကနေထွက်နေရတာလဲ?
ရွှီဇီယန်ပိုပြီးတော့ စိတ်ရှုပ်သွားတော့သည်။ သူကလက်ဆစ်တွေကိုချိုးလိုက်ရင်း ထိုတစုံတယောက်ကိုရှာကာ သူတကယ်တိုက်ခိုက်ချင်လာသည်။ ဒီပတ်ဝန်းကျင်မှာရန်သူကလည်းမရှိ၊ သူ့ညီဖြစ်သူကို သွားရိုက်ရအောင်ကလည်းမဟုတ်တာကြောင့် မိုးကြိုးသွားအလင်းရောင်နဲ့ သူလိုက်ကြည့်လို့သာရတော့သည်!
သူအရမ်းကိုတော်လွန်းလို့ သူ့ကိုယ်သူတောင်ပြန်ချီးမွမ်းသင့်တယ်!
မိုးကြိုးသွားအလင်းရောင်လို့ခေါ်သည့်အရာက ကျောက်စိမ်းတုံးအတွင်းမှာ ရုပ်သေးရုပ်ရှိနေပြီး ထိုအရာကို ရွှီမိသားစု၏ လျှို့ဝှက်ရတနာအဆောက်အအုံကနေ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
ထိုရုပ်သေးရုပ်ကိုအသုံးပြုကာ ရွှီဇီယန် ‘ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခု’ကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ သူသင်ကြားခဲ့ခြင်းဖြစ်သည်။
ရွှီဇီယန်ပထမဆုံးလေ့ကျင့်တုန်းကတော့ သူဒဏ်ရာတွေအများကြီးရခဲ့သည်။ နောက်ပိုင်း သူ၏စွမ်းရည်တွေ တိုးတက်လာသည့်နှင့်အမျှ မိုးကြိုးသွားအလင်းရောင်ဟာလည်း ပိုကြီးထွားလာသည်။
ဘယ်နေရာမှာကျောက်စိမ်းတုံးကို ဝှက်ထားလည်းဆိုတာ သူဘယ်တော့မှရွှီဇီရုန်ကို မလိမ်ထားခဲ့ပေ။ ရတနာကိုခိုးယူရာကနေ ကာကွယ်ဖို့ သူထိုအရာကို ကုဗတုံးလေးထဲ၌ ဝှက်ထားခဲ့သည်။
ဒီကမ္ဘာပေါ်ကဘယ်သူကမှ ကုဗတုံးလေးထဲကနေ ခိုးယူလို့ရမှာမဟုတ်ဘူးဆိုတာ သူယုံကြည်ထားပြီး ထိုအရာက သူ၏ရွှေလက်ချောင်းသာ ဖြစ်သည်လို့ ယူဆထားသည်။
(လေပေါ်ပေါလောပေါ်နေသည့် ကုဗတုံး: ?)
အိုး!
ရွှီဇီယန်ရုတ်တရက်ရပ်လိုက်သည်။ သူ့အရှေ့ဟင်းလင်းပြင်ကို ကြည့်လိုက်ကာ ရွှီဇီယန် သူ့မျက်လုံးတွေကို ပြန်ပွတ်လိုက်ရသည်။
ထို့နောက် သူနောက်တစ်ခါပြန်ကြည့်လိုက်သည်။ အမှန်ပဲကို သူအမြင်မှားတာမဟုတ်ဘူးပဲ။ ထိုကုဗတုံးဟာ တဖြည်းဖြည်း ကြီးလာသည်!
အစတုန်းက ကုဗတုံးဟာ ၀.၀၀၀၀၅ကုဗမီတာပဲရှိသည်။ ဒါပေမယ့် သူထိုအရာကိုမတိုင်းတာရင်တောင် ထိုအရာကအတော်လေး ကြီးလာတယ်ဆိုတာ သိသာလှသည်။
ဒါပေမယ့် ကုဗတုံးက အခုဆို၁ကုဗမီတာတောင်ရှိနေပြီမို့ သူဘာမှမတိုင်းတာပဲနဲ့တောင် သိနိုင်သည်။
ဒီတော့…ကုဗတုံးက ထိုစွမ်းအင်တွေကို စုပ်ထားတယ်ဆိုတဲ့သဘောလား? သူဘယ်လိုမှမတွေးတတ်တော့တာကြောင့် ရွှီဇီယန်သူ့မေးစေ့ကိုပွတ်လိုက်သည်။
“ကိုကို?” ရွှီဇီယန်အား ရွှီဇီရုန် သံသယဖြစ်စွာကြည့်လိုက်သည်။ ရွှီဇီယန်ကရုတ်တရက်ကြီး ရပ်လိုက်ရုံတင်မကဘူး သူ့ပုံစံကအလွန်စိတ်ရှုပ်ထွေးနေသည်။ တစ်ခုခုများဖြစ်လို့လား?
“အိုး? ငါအဆင်ပြေပါတယ် ဆက်သွားရအောင်” ရွှီဇီယန်လန့်နိုးသွားပြီး အရှေ့သို့ဆက်သွားလေသည်။ ဒီအရာတွေကအလွန်ဆန်းကျယ်တာကြောင့် ထိုလေးထောင့်တုံးနဲ့ပတ်သက်ပြီး ရွှီဇီရုန်ကို သူဘယ်တော့မှအသိပေးမှာမဟုတ်ပေ။ ဒီလိုကျင့်ကြံခြင်းလောကမှာ ကုဗတုံး၏တည်ရှိမှုက ဘယ်လိုမှမဖြစ်တာလို့ ယူဆနိုင်သည်။ ထို့အပြင် သူ၏ပုံစံတွေမမှားယွင်းအောင် ဝတ္ထုကိုဆက်လက်ထားဖို့လိုသေးသည်။ ယခုဆိုရင် အရာအားလုံးဟာ ကွဲပြားနေပြီဖြစ်ပေမယ့် မူလဝတ္ထုထဲမှာဖော်ပြထားသည့် အဓိကအဖြစ်အပျက်တွေမလာသေးပေ။
ဒီဝတ္ထုမှာ ပိုင်ဟွဟာ ထျန်းယွီဂိုဏ်းကိုရောက်အောင် ဘယ်လိုကြိုးစားခဲ့ရပြီး လင်ရှောင်ထျန်၏တပည့်ဘယ်လိုဖြစ်လာလဲဆိုတာနဲ့ စထားသည်။ လက်ရှိမှာ ထျန်းယွီဂိုဏ်းက တပည့်လက်ခံရန် တစ်နှစ်လိုသေးတာကြောင့် ဒီလိုနေရာမှာ ရွှီဇီယန် ပိုင်ဟွနဲ့တွေ့နိုင်မည်မဟုတ်ပေ။ တစ်နည်းအားဖြင့် သူပိုင်ဟွကိုရှာတွေ့သွားခဲ့ရင် သူ၏ဘဝတစ်လျှောက်လုံး ထိုသူကိုလိုက်ရှောင်နေရမည်ဆိုတာ သူအမြဲသတိရနေသည်။ အားလုံးကိုသိနိုင်ဖို့ မူလဝတ္ထုကိုဖတ်ဖို့ကလွဲရင် အခြားဘာနည်းလမ်းမှမရှိဘူး။
『TK- ဒီမှာပြောထားတာတွေက ရွှီဇီယန်ဟာ မူလဝတ္ထုထဲကအဖြစ်အပျက်တွေကိုပြောပြီး ခန့်မှန်းနေတာပါ၊ တကယ့်လက်တွေ့က မတူတော့ဘူးဆိုတာ ရွှီဇီယန်မသိပါဘူး၊ ဒီစာထဲမှာပါတဲ့အတိုင်း ပိုင်ဟွ၏လင်သုံးယောက်ထဲက လင်ရှောင်ထန်ဟာ ပိုင်ဟွနဲ့ဂိုဏ်းတူပါတယ်၊ ဒါပေမယ့် လက်ရှိမှာ ပိုင်ဟွကသူ့တပည့်မဟုတ်ပါဘူး၊ မူလဝတ္ထုနဲ့ဘာလို့ကွဲသွားတာလဲဆိုတော့ ရွှီဇီယန်ကြောင့်ပါပဲ』
ထိုစွမ်းအင်တွေဟာ ဘယ်နေရာရောက်သွားလည်း ရွှီဇီယန်သိလိုက်ရတာကြောင့် နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။ ထိုကုဗတုံးလေးက သူ၏ရွှေလက်ချောင်းလိုပဲ သူယူဆမိတာကတော့ ထိုကုဗတုံးက အချိန်ကြာမြင့်စွာ ငတ်ပြတ်နေလို့များ ရှိသမျှအရာအားလုံးကို သိပ်ထည့်ပြီး အစားလွန်သွားတာလား?
(ကုဗတုံး: ငါကသိပ်မစားပါဘူး! ငါကပုံမှန် အဆင့်ဆင့်ပြောင်းလဲသွားရုံပါ!)
ရွှီဇီယန်အရှေ့သို့ဆက်လျှောက်နေရင်း ရွှီဇီရုန်ကတော့ သူ့ကိုကြည့်ကာ လေးနက်စွာတွေးတောနေသည်။ သူ့ဘေးနားမှာ နှစ်များစွာ အချိန်အကြာကြီးအတူတူနေခဲ့ပြီးနောက် ရွှီဇီယန်ဆီမှာ လျှို့ဝှက်ချက်တွေအရမ်းများတယ်ဆိုတာ သူသိလာခဲ့ရသည်။ တချို့သောလျှို့ဝှက်ချက်တွေနဲ့ သူအောင်မြင်သွားပြီလို့ ရွှီဇီယန်တွေးတောနေပေမယ့် ရွှီဇီရုန်ဟာ ထိုအရာအားရှာတွေ့သွားတာကို ဘာမှမပြောလိုက်ပေ……
သူ့အမြင်အရပြောရရင် ရွှီဇီယန်ဆီမှာ ထူးခြားသည့်နေရာတစ်ခုရှိပြီး ထိုအထဲကို ပစ္စည်းသေးသေးလေးတွေထည့်လို့ရတယ်လို့ သူယုံကြည်သည်။ ပြီးတော့ ထိုနေရာဟာ ‘အနှစ်သာရကင်းမဲ့ခြင်းမန္တန်’နဲ့အလွန်ဆင်ပြီး ထိုအရာကို အရာဝတ္ထုပစ္စည်းတွေဖြင့် သယ်စရာမလိုပဲ သူ့ကိုကို၏ခန္ဓာကိုယ်နဲ့သာ ဆက်နွယ်နေလိမ့်မည်။
သူ့ကိုကို,ကိုကြည့်လိုက်ပြီးနောက် ထိုနေရာက တစ်ခုခုဖြစ်သွားတယ်ဆိုတာ သူတွေးလိုက်မိပေမယ့် ထိုအရာက ကောင်းလား ဆိုးလားဆိုတာကတော့ သူလည်းသေချာမသိပေ…
သူ့ကိုကိုအား ကြည့်နေတာကို ရွှီဇီရုန်ရပ်လိုက်ပြီး လှေကားကနေသာ အောက်ဖက်ကို တိတ်တဆိတ်ဆက်လျှောက်နေတော့သည်။ လှေကားဟာ ဘေးနားကကျောက်နံရံမှာ ကပ်နေတာကြောင့် လူတစ်ယောက်စာသာသွားလို့ရပြီး သိပ်မကျယ်လှပေ။ အကယ်၍ ဒီနေရာမှာသာ သူတို့တွေ တစ်ခုခုသာဖြစ်သွားပါက အသူတစ်ရာချောက်နက်ထဲသို့ ပြုတ်ကျရန် အခွင့်အရေးပိုများလှသည်။
အခုလေးတင် ရွှီဇီရုန် တစုံတခုကို ခံစားမိလိုက်သည်။ ဒီဂူထဲကိုဝင်လာပြီးနောက် သူတို့အနားမှာ အမျိုးမျိုးအခိုးအငွေ့တွေဟာ ဖရိုဖရဲပုံစံဖြင့်ရှိလို့နေသည်။ ထိုဖရိုဖရဲအခိုးအငွေ့တွေဟာ သူတို့တွေကို စိတ်မသက်သာအောင်လုပ်တာကြောင့် သူတို့ဓားပျံတွေစီးကာဖြတ်ခဲ့ရသည်။ တစ်နည်းအားဖြင့်ဆိုရရင် သူတို့တွေဟာ တစ်ချိန်တုန်းက ဒီအသူတစ်ရာချောက်နက်ထဲပြုတ်ကျသွားပြီး သေသွားလို့ဖြစ်လိမ့်မည်။
ကံကောင်းစွာ ဒီလှေကားမှာတော့ ဘာထောင်ချောက်မှမရှိပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ အပေါ်အမြင့်ကနေကြည့်လိုက်ပါက လူနှစ်ယောက်လမ်းလျှောက်နေတာကို ခပ်ရေးရေးသာမြင်ရလိမ့်မည်။
နှစ်ရီဝက်လောက်လမ်းလျှောက်ပြီးနောက် သူတို့တွေ အသူတစ်ရာချောက်နက်၏ အောက်ဆုံးသို့ ခြေချနိုင်သွားတော့သည်။
ထိုလှေကားကနေ အောက်သို့ရောက်ပြီးနောက် ရွှီဇီယန် နူးညံ့သည့်အရာတစ်ခုကို နင်းမိလိုက်သလို ခံစားလိုက်ရပြီး သူနင်းမိလိုက်သည့်အရာက လူသားဖြစ်လိမ့်မည်။
သူချက်ချင်းထိတ်လန့်သွားသည်။ သူ၏အလင်းရောင်ကျောက်တုံးဖြင့် အောက်သို့ကြည့်လိုက်သည့်အခါ မြေပြင်ကမဲမှောင်လျက်ရှိသည်။ ဒါကသာမန်မြေပြင်ပဲ သိပ်ဂရုစိုက်စရာမရှိဘူးလို့သာ သူတွေးလိုက်တော့သည်။ ထူးဆန်သည့်ခံစားချက်မျိုး ဖြစ်လာလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
“အဆင်ပြေပါတယ် အဲ့ဒါကနူးညံတဲ့ရေညှိတွေ” ရွှီဇီရုန်ကလည်း သူ့ခြေထောက်အောက် တစုံတခုကို ခံစားမိလိုက်သည်။ ဒါပေမယ့် သူကအပင်တွေနဲ့ရင်းနှီးနေတာကြောင့် သူကချက်ချင်းသတိထားမိလိုက်သည်။
“နူးညံ့တဲ့ရေညှိ?” ရွှီဇီယန်မျက်မှောင်ကြုတ်သွားသည်။ “ငါ့မှတ်ဉာဏ်သာမမှားဘူးဆိုရင် မင်းဒီလိုအရာတွေအများကြီးကို သုဿန်မှာ သွားရှာလေ့ရှိတယ်မလား?”
“ဟုတ်တယ် လူသားတွေရဲ့ခန္ဓာကိုယ်တွေနဲ့ အာဟာရဓာတ်ရရှိပြီးတော့ ဒီလိုရေညှိမျိုးဖြစ်လာတာ လူများများသေတဲ့နေရာမှာ သူတို့တွေ၏ကျင့်ကြံခြင်းတွေကပိုမြင့်လာပြီး ရေညှိတွေကလည်းပိုနူးညံ့လာတယ်” ရွှီဇီရုန်ဆောင့်ကြောင့်ထိုင်ကာ တစ်ချို့သောနူးညံ့တဲ့ရေညှိကို ကောက်ယူလိုက်ပြီး ဂရုတစိုက်စစ်ဆေးကြည့်လိုက်သည်။
ထိုအရာကိုကြည့်ပြီး ရွှီဇီယန်စိတ်မသက်မသာဖြစ်သွားသည်။ ဒီကျင့်ကြံခြင်းလောကထဲကို ရောက်လာတာ သူအချိန်အကြာကြီးရှိနေပြီဖြစ်ပြီး လူသတ်သမားတွေကို သူမြင်ဖူးပြီးပြီဖြစ်ပေမယ့် ဒီရေညှိတွေက လူသေခန္ဓာကိုယ်တွေနဲ့ အာဟာရဓာတ်ရစေတယ်ဆိုတာကို သိလိုက်ပြီးနောက် သူအော်ဂလီဆန်လာတော့သည်။
“ဇီရုန် အဲ့အရာတွေကိုမကိုင်နဲ့ ညစ်ပတ်တယ်” ရွှီဇီယန်လျင်မြန်စွာ ရွှီဇီရုန်လက်မောင်းကိုဆွဲလိုက်သည်။ အမလေး သူဘယ်လိုများ ဒီလိုညစ်ပတ်တဲ့အရာတွေကို ထိရဲတာလဲ?