Chapter 8
Chapter 8
ရုတ်တရက်ဖြစ်ပျက်သွားသည့်အဖြစ်အပျက်တွေကို ချင့်ချိန်တွေးဆဖို့ အေးချမ်းပြီးတော့တိတ်ဆိတ်သည့်နေရာလိုသည်ဟု ရွှီဇီရုန်ခံစားလိုက်ရပြီး ခုတင်ပေါ်မှာသက်သောင့်သက်သာရှိစွာလဲလိုက်သည်။
ရွှီဇီယန် သူ့ကိုစောင်ခြုံပေးရင်း နူးနူးညံ့ညံ့မေးလာသည်။
“ရှောင်ရုန်…မင်းခဏနေဘာစားချင်လဲ?”
ရွှီဇီရုန် စိတ်အားထက်သန်နေတာကြောင့် ‘ဘာပဲဖြစ်ဖြစ်’လို့ပြောထွက်မလိုဖြစ်သွားပြီး ယခုလက်ရှိသူ့အခြေအနေကိုသတိရသွားသည်။ သူသည် ညင်သာသောအသံလေးဖြင့် “ကျွန်တော်အသားစားချင်တယ်”
ရွှီဇီယန်သည် သူ့မှတ်ဉာဏ်ထဲက ရွှီဇီရုန်ဂရုစိုက်မခံရသည့်ပုံရိပ်တွေကို တွေးကြည့်လိုက်ပြီး သူ့နဖူးကြောတွေတွန့်သွားသည်။ သူသည်ဝမ်းနည်းနေသောအသံလေးဖြင့် “ကောင်းပြီလေ…ကိုကိုတို့ ဒီညအသားစားကြတာပေါ့ ကိုကိုတို့အသားတွေအများကြီးစားကြမယ်နော်”
ရွှီဇီရုန်သည် မျက်နှာတစ်ဝက်ကိုစောင်ဖြင့်အုပ်ထားရင်း ရှက်ရွံစွာပြုံးနေ၏။ သူ့ရဲ့မျက်လုံးလေးတွေက ဖြူစင်ပြီးစိတ်ရှုပ်နေသည့်ပုံစံမျိုးကို ရွှီဇီယန်အမြင်၌ မြင်နေရပြီး သူ့ရဲ့တောင်းဆိုမှုကြောင့် စိတ်ရှုပ်နေသည့်ပုံစံဖြစ်နေသည်။
ရွှီဇီယန်ကပြုံးလိုက်ပြီး တစ်ဖက်လူရဲ့ပါးတွေကိုဖျစ်ညှစ်လိုက်သည်။ ပါးလေးတွေကဖြူဖွေးပြီးတော့နူးညံ့နေကာ တို့ဟူးအဖြူထက်တောင် ချောမွတ်သေးသည်။
ရွှီဇီရုန်၏မျက်နှာသည်ပြုံးနေပေမယ့် သူ့စိတ်ထဲမှာတော့ တစ်ဖက်လူကို မှတ်လောက်သားလောက်အောင် ကုတ်ခြစ်ချင်နေသည်။ ‘မုန်းစရာကောင်းတဲ့မသာကောင် ငါ့မျက်နှာကိုထိရဲတယ်’ ရွှီဇီရုန်သည်အလွန်လှသောကြောင့် အရင်ဘဝကသူ့ကိုလိုချင်တပ်မက်တဲ့သူတွေ အတော်များသည်။ ဒါပေမယ့် သူ့ကိုသွေးမိစ္ဆာသခင်ဆိုတာလည်းသိလိုက်ရော သူ့အားစကားပြောချင်တဲ့သူတွေ၊ထိချင်တဲ့သူတွေမရှိတော့ပေ။ သူ့ကိုနောက်ကွယ်မှာ ညစ်ညစ်ညမ်းညမ်းပြောသည့်သူတွေအကုန်လုံးကို အမှုန်တစ်စတောင်မကျန်အောင် သူသတ်ပစ်လိုက်သည်။
ရွှီဇီရုန်အနည်းငယ်လောက်စောင့်ကြည့်ပြီးမှ ရွှီဇီယန် ထွက်သွားဖို့ရည်ရွယ်ချက်မရှိမှန်း သိလိုက်၏။ သူမျက်ခုံးအနည်းငယ်ကြုတ်သွားပြီး သူကအသံတိုးတိုးလေးဖြင့် “ကိုကိုကအလုပ်ရှုပ်နေမှာပဲနော်”
ရွှီဇီယန်ကခေါင်းယမ်းကာ “ကိုကိုက လုပ်စရာတွေသိပ်မရှိပါဘူး… မင်းကဒီနေရာကို အခုမှရောက်ဖူးတာဆိုတော့ မင်းအိပ်ရတာအဆင်ပြေမှာမဟုတ်ဘူးလေ ဒီတော့တစ်ယောက်ယောက်ကစောင့်နေပေးတော့ မင်းအိပ်ရတာပိုအဆင်ပြေတာပေါ့”
ထူးဆန်းသည့်ခံစားချက် ရွှီဇီရုန်၏စိတ်ထဲမှာ ပေါ်လာသည်။ ထိုအရာက အချဉ်ပေါက်သလိုလဲခံစားရသလို အနည်းငယ်နွေးထွေးသလိုလဲခံစားရသည်။
ရွှီဇီရုန်သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ ထူးဆန်းတဲ့ခံစားချက်တွေကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူကရွှီဇီယန်ကိုတိမ်ဝင်သွားသောအသံလေးဖြင့် “ကိုကိုက ကျွန်တော့်ကို အဲ့လိုမျိုးကြည့်နေတော့ ကျွန်…ကျွန်…ကျွန်တော် အိပ်လို့မရဘူး” လို့ဆိုကာ ပြောလို့လည်းပြီးရော ရွှီဇီရုန်သည်အပြစ်ရှိသည့်ပုံစံမျိုးဖြင့် ခေါင်းကိုငုံ့နေ၏။
ရွှီဇီယန်သည် သူဂရုမပြုမိလိုက်ခြင်းပဲဆိုပြီး စိတ်မကောင်းဖြစ်သွားသည်။ သူက ရွှီဇီရုန်ဒီပတ်ဝန်းကျင်နဲ့ ကျင့်သားမရမှာကိုစိုးရိမ်နေပြီး ရွှီဇီရုန်ကဒီပတ်ဝန်းကျင်နဲ့ မရင်းနှီးသေးသည့်အထဲမှာ သူပါ,ပါနေတယ်ဆိုတာကို မေ့သွားသည်။
မူလရွှီဇီယန်ရဲ့မှတ်ဉာဏ်ထဲကပဲဖြစ်ဖြစ်၊ ဝတ္ထုထဲကပဲဖြစ်ဖြစ်၊ အလွန်ဝမ်းနည်းစရာကောင်းသည့် ရွှီဇီရုန်ဆိုသောဇာတ်ကောင်ကို သူအရမ်းသနားမိသည်။
အပယ်ခံချစ်သူတစ်ယောက်နဲ့ရသည့် တရားမဝင်ကလေးကို ရွှီမိသားစုဝင်တွေကလည်း တစ်စက်မျှဂရုမစိုက်သည့်အပြင် နှိပ်စက်ညှင်းပန်းမှုတွေသာ ရရှိခဲ့သည်။ စာဖတ်သူအနေနဲ့ ချဲ့ကားပြောရမည်ဆိုလျှင် အကယ်၍ရွှီရှောင်သာရွှီဇီရုန်ကိုပြန်မခေါ်ခဲ့ပါက ရွှီဇီရုန်လည်းသွေးမိစ္ဆာဖြစ်လာမည်မဟုတ်ချေ။
စာအုပ်ထဲကအရဆိုရင် သွေးမိစ္ဆာသခင်က ခံစားချက်မရှိဘူး သနားညှာတာမှုမရှိဘူး။ နောက်တော့ သူကကျင့်ကြံခြင်းလောကကြီးကို ထိန်းချုပ်ဖို့ သွေးစုပ်မိစ္ဆာပိုးကောင်တွေအများကြီးကို စေလွှတ်ခဲ့သည်။ အနှီသွေးစုပ်မိစ္ဆာအရေအတွက်ဟာ အရေအတွက်အလွန်များပြားပြီးတော့ သားပေါက်နှုန်းလည်းအလွန်မြန်သည်။ သူတို့ကိုအနောက်ကနေထိန်းချုပ်ထားသည့် အမေကြီးကိုသတ်မှ အမြစ်ပြတ်သုတ်သင်လို့ရမှာဖြစ်သည်။
ထိုအချိန်တုန်းက ပိုင်ဟွကမိစ္ဆာစံအိမ်ထဲကိုဝင်သွားပြီး ရွှီဇီရုန်အား သူ့အစီအစဉ်တွေလက်လျော့ဖို့ ဖျောင်းဖျခဲ့သည်။ သူလုံးဝမထင်ထားခဲ့မိတာက သွေးမိစ္ဆာသခင်ကသူလုပ်တာမဟုတ်ကြောင်း ငြင်းဆိုပြီးတော့ ပိုင်ဟွကိုပြန်ပေးဆွဲသွားမယ်ဆိုတာပဲ။
သွေးမိစ္ဆာသခင်ရဲ့အပြုအမူက ထျန်းယွီဂိုဏ်းရဲ့ဂိုဏ်းချုပ် လင်ရှောင်ထျန်၊ မော့ယွိလုံစံအိမ်ရဲ့အကြီးအကဲ မော့ကျီးယွမ်၊ ရွှီမိသားစုရဲ့အမွေဆက်ခံသူ ရွှီဇီယန်တို့ကို ဒေါသထွက်သွားစေသည်။ သူတို့သုံးယောက်ဟာ ပိုင်ဟွရဲ့ယောင်္ကျားတွေဖြစ်ပြီး မိစ္ဆာစံအိမ်ကိုတိုက်ခိုက်ဖို့ လူစုကြသည်။
ထျန်းယွီဂိုဏ်း၊မော့ယွိလုံစံအိမ်နဲ့ ရွှီဇီယန်ပြန်လည်တည်ထောင်ခဲ့သည့် ရွှီမိသားစုတို့ဟာ ဇာတ်လမ်းအဆုံးသတ်မှာ အလွန်အင်အားကြီးတွေဖြစ်လာကြသည်။
ထိုအင်အားကြီးမိသားစု၃စုနှင့်အတူ ဂိုဏ်းငယ်လေးများကလူများ၊ မိသားစုငယ်လေးများကလူများလည်း ပူပေါင်းလာပြီးနောက် သူတို့ဟာလူအင်အား၉၀ရာခိုင်နှုန်းလောက်ကို စုစည်းနိုင်ခဲ့ပြီး သွေးမိစ္ဆာစံအိမ်ထဲသို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။
နောက်ပိုင်းတိုက်ပွဲအကြောင်းတွေကို အသေးစိတ်ပြောပြစရာမလိုတော့ပေ။ သူတို့သုံးယောက်ရဲ့လက်အောက်မှာ သွေးမိစ္ဆာသခင်ရွှီဇီရုန်က ရှုံးနိမ့်သွားသည်။ သူ့ရဲ့ဝိညာဉ်ဟာ ရွှီဇီယန်၏လက်ထဲသို့ရောက်သွားပြီး ရွှီဇီယန်ဟာလက်စားချေဖို့နဲ့ ပိုင်ဟွရဲ့ဒေါသတွေကို နှစ်သိမ့်ပေးဖို့အတွက် ရွှီဇီယန်သည်သူ့ရဲ့ဝိညာဉ်ကို ယန်ကိုးခုအမှောင်မီးနဲ့ တစ်စစီကွဲထွက်အောင် လှောင်မြိုက်ခဲ့သည်။
ထို့နောက်မှာတော့သူတို့သုံးယောက်နဲ့ပိုင်ဟွဟာ ရွှီဇီရုန်ရဲ့သွေးကိုသုံးပြီး သွေးစုပ်မိစ္ဆာပိုးကောင်တွေရဲ့အမေကြီးကို ဆွဲဆောင်ခဲ့သည်။ အမေကြီးကထောင်ချောက်ထဲကျလာပြီး သူတို့တွေကသွေးစုပ်မိစ္ဆာပိုးကောင်တွေ အကုန်လုံးကိုဖျက်စီးနိုင်ခဲ့တာကြောင့် ရွှမ်းယွိနယ်မြေရဲ့အခြေအနေကိုထိန်းချုပ်ခဲ့သည့် သူရဲကောင်းလေးဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရသည်။
အနှီဝတ္ထုထဲမှာပိုင်ဟွက အဓိကဇာတ်လိုက်ဖြစ်လို့ မိုးထိုးအောင်ချီးမွမ်းခံရတာတော့မဆန်းပေ။ သူ့ရဲ့ဝမ်းနည်းစရာ၊ ပျော်ရွှင်စရာတွေကိုဖယ်လိုက်မယ်ဆိုရင် လင်ရှောင်ထျန်၊မော့ကျီးယွမ်၊ရွှီဇီယန်တို့သည် ပိုင်ဟွ၏စိတ်နေသဘောထားတွေ ဦးဆောင်မှုတွေကို ပိုပြီးတော့တောင်ချီးမွမ်းကြသေးသည်။ ဝတ္ထုရဲ့ဇာတ်သိမ်းကတော့ သူတို့လေးယောက်က သူတို့နယ်မြေကိုယ်စီမှာ ခေါင်းဆောင်တွေဖြစ်သွားကြပြီး အတူတူပျော်ရွှင်စွာနေထိုင်သွားတော့သည်။
အဲ့အရာတွေကပြီးပြည့်စုံတယ်လို့ထင်ရပေမယ့် အဲ့အရာတွေကအတုတွေကြီးပဲ……
ဘာကြောင့်လဲဆိုတော့ (အရင်)ရွှီဇီယန်ရဲ့မှတ်ဉာဏ်တွေကနေ အလွန်ကွဲပြားနေတာကို သူကြောင်းကျိုးဆင်ခြင်မိသည်။
အနည်းဆုံးကွာ သွေးစုပ်မိစ္ဆာပိုးကောင်တွေက ရွှမ်းယွိနယ်မြေကိုကျူးကျော်တာ သွေးမိစ္ဆာသခင်နဲ့ဘာမှမဆိုင်ဘူးလေ။ ထပ်ပြောရမယ်ဆိုရင် ရွှီဇီရုန်က သွေးစုပ်မိစ္ဆာအမေကြီးကိုနောက်ကွယ်ကနေထိန်းချုပ်ပြီး သွေးစုပ်မိစ္ဆာပိုးကောင်တွေကို ထိန်းချုပ်ဖို့ သူ့မှာလုံးဝအစီအစဉ်မရှိခဲ့ဘူး။
ပြောရမည်ဆိုရင် ရွှီဇီရုန်က သွေးစုပ်မိစ္ဆာပိုးကောင်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိဘူး။ ဒါပေမယ့် လင်ရှောင်ထျန် (ဒါမှမဟုတ်) မော့ကျီးယွမ် (ဒါမှမဟုတ်) အရင်ရွှီဇီယန်တို့ဟာ ရွှီဇီရုန်ကို တရားမျှတစွာတွေးကြမှာမဟုတ်ဘူး။
သူတို့တွေအမြင်က ရွှီဇီရုန်ကလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ အဲ့ဒါကအရေးမကြီးဘူး။ သူတို့ရည်ရွယ်ချက်က ရွှီဇီရုန်ရဲ့သွေးကိုသုံးပြီး သွေးစုပ်မိစ္ဆာအမေကြီးကိုမြှားခေါ်ဖို့နဲ့ ပြီးတော့ သူတို့တွေက ရွှီဇီရုန်ကိုအသက်ရှင်လျက်လွတ်ပေးဖို့ စိတ်ကူးမရှိဘူး။ သေရမှာကသေရမှာပဲဆိုတော့ သူ့အတွက်ဘယ်သူက အလကားထောက်ခံပေးနေအုန်းမှာလဲ? ကျင့်ကြံခြင်းလောကမှာ တရားမျှတမှုမရှိပဲ သေသွားကြတဲ့သူတွေအများကြီးပဲ ပြီးတော့ သွေးမိစ္ဆာသခင်ကပိုင်ဟွကိုစော်ကားခဲ့သည်။ ထိုအချက်နဲ့တင် သူတို့တွေကရွှီဇီရုန်ကို တစ်စစီလုပ်ဖို့ လုံလောက်သည်။
ရွှီဇီယန်ကထိုမှတ်ဉာဏ်တွေကို ပြန်မြင်ယောင်လိုက်မိပြီး အနည်းငယ်ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။
ဝတ္ထုစာအုပ်တစ်ခုလုံးမှာ ရွှီဇီရုန်ကနောက်ပိုင်းစိတ်နေစိတ်ထားပြောင်းသွားတယ်ဆိုပေမယ့် အကြောင်းအရင်းမရှိပဲနဲ့ လူမသတ်ပေ။ သူသတ်ခဲ့တဲ့လူအများစုက သူနဲ့ရန်ညှိုးရှိတဲ့သူတွေကြီးပဲ။ တစ်ခါတစ်ရံတော့ သူလက်ထဲမှာသေသွားတဲ့သူတွေကတော့ သူ့အလှနဲ့သူ့စွမ်းရည်တွေကို လိုချင်တပ်မက်သူတွေဖြစ်ကြသည်။
တစ်နည်းအားဖြင့် ရွှီဇီရုန်ကအလွန်ဆိုးရွားတဲ့အရာတွေ ဘယ်တော့မှမလုပ်ခဲ့တာကြောင့် သူ့လုပ်ရပ်တွေက ရွှီဇီယန်လက်ခံနိုင်တဲ့အနေအထားမှာရှိပေသည်။ အနှီစာအုပ်ထဲမှာ သူ့ကိုဗီလိန်ဘော့စ်ဖြစ်သွားစေသည့် အကြောင်းကတော့ သွေးစုပ်မိစ္ဆာပိုးကောင်တွေ ပေါ်လာသည့်အချိန်ပဲ။ ထိုကိစ္စကြောင့် လူတွေအများကြီးသေဆုံးသွားတယ်၊ ဒါပေမယ့် ကပ်ဘေးကြီးပြီးဆုံးသွားတာတောင် အဲ့ဒီကိစ္စကရွှီဇီရုန်နဲ့ ဘာပတ်သက်မှုမှမရှိဘူး။
အပြစ်မဲ့သည့်ကလေးငယ်လေးက အခြားသူတွေကြောင့် တစ်ဆင့်ပြီးတစ်ဆင့် သွေးမိစ္ဆာသခင်ဖြစ်သွားရသည်။ နောက်တော့ သူဟာ ဘယ်တုန်းကမှမလုပ်ခဲ့သည့်ကိစ္စအတွက်နဲ့ သူအသက်ခံခဲ့ရသည်။ သူသေသွားတာတောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မသေသွားရသေးပဲ သူ့ဝိညာဉ်ဟာ မဆုံးနိုင်အောင် နှိပ်စက်ခံခဲ့ရသေးသည်။ ဒီအရာက ရွှီဇီယန်သည်းခံနိုင်တာထက် ကျော်သွားပြီ!
ရွှီဇီယန်မှာ သန့်စင်မွန်မြတ်သည့် စိတ်နေစိတ်ထားလည်းမရှိပါ။ သူကနည်းနည်းကြမ်းတမ်းပြီးတော့ ဒေါသလည်းထွက်လွယ်သည်။ ဒါပေမယ့် အခုရွှီဇီရုန် သူ့စောင့်ရှောက်မှုအောက်ရောက်နေပြီဆိုတော့ သူ့ရဲ့ကိုယ်ပိုင်ညီငယ်လေးအား အခြားသူတွေကိုလွယ်လွယ်နဲ့အနိုင်ကျင့်ခွင့် ပေးမှာမဟုတ်ဘူး။
အဓိကအချက်ကတော့ ရွှီဇီရုန်ရဲ့ခံစားချက်ကို သူအပြည့်အဝနားလည်ပေးနိုင်သည်။ သူပထမဆုံး ရွှီဇီရုန်ကိုတွေ့တော့ သူ့ညီရွှီဇီယွိကိုပဲတွေးနေမိသည်။ အနှီရွှီဇီယွိကလည်း အခုရွှီဇီရုန်အသက်အရွယ်တုန်းက ဖြူစင်ပြီးတော့နူးညံ့သည့်ကလေးပါပဲ။ ဒီလိုအပြစ်မဲ့သည့်ကလေးက မိစ္ဆာအဖြစ်ဖိအားပေးခံရပြီးတော့ အဖြစ်ဆိုးနဲ့တွေ့သွားမှာကို သူလက်ပိုက်မကြည့်နေနိုင်ဘူး။
“ကောင်းပါပြီ ဒါဆို ကိုကိုထွက်သွားပေးပါ့မယ်…ကောင်းကောင်းအနားယူပြီးတော့ အိပ်ဖြစ်အောင်အိပ်လိုက်နော်…ထမင်းစားချိန်ရောက်မှ ကိုကိုလာနိုးမယ်” ရွှီဇီယန်သည် ရွှီဇီရုန်ကိုပြုံးပြလိုက်ရင်း သူ့ရဲ့ကိုယ်ပိုင်အိပ်ခန်းလေးထဲမှ လှည့်ထွက်သွားသည်။
သူကအစေခံမိန်းကလေးတစ်ယောက်ကိုခေါ်လိုက်ပြီး ရွှီဇီရုန်အတွက်ပြင်ထားပေးသည့် အိပ်ခန်းသို့ခေါ်သွားစေသည်။
အစေခံမိန်းကလေးရဲ့မျက်နှာကနူးညံ့သိမ်မွေ့ပြီး သူမရဲ့မျက်လုံးလေးတွေက ဖီးနှစ်ငှက်ရဲ့တပ်မက်သည့်မျက်လုံးမျိုးဖြင့် ဖျားယောင်းသွေးဆောင်နေသည်။ ကံဆိုးချင်တော့ ရွှီဇီယန်ဟာခံစားချက်တွေနဲ့ပတ်သက်ပြီးအလွန်နှေးကွေးသောသူဖြစ်တာကြောင့် အစေခံမိန်းကလေးရဲ့မျက်လုံးဟာ သူ့ကိုဆွဲဆောင်နေမှန်းသူမသိပေ။
လျှို့ရှန်အဆောင်းအလွန်ကြီးမားပေသည်။ ရွှီဇီယန်သခင်လေးရဲ့အိမ်ဆောင်အပြင် အခြားသောအခန်းလွတ်တွေဒါဇင်ချီရှိသေးသည်။ သူမကဖီးနစ်ငှက်လိုပျံတံတံနန့်တန့်တန့်အကြည့်တွေနဲ့ ကြည့်နေပေမယ့် အကန်းလိုမျိုး တစ်ဖက်လူကဘာမှမြင်တာကြောင့် သူမအောက်နှုတ်ခမ်းကိုကိုက်လိုက်မိသည်။ သူမစိတ်ထဲမှာကျိန်ဆဲလိုက်ရင်း “ချီးပဲ…အဲ့ဒါတွေအားလုံးက ဟိုမြေခွေးမလော့ချီကြောင့်ပဲဖြစ်မယ်…မဟုတ်ရင် သခင်လေးက ဘာလို့ငါ့ကိုအကြည့်တစ်ချက်တောင် မကြည့်ရမှာလဲ?”
ရွှီဇီယန်ဘေးကစင်္ကြံလမ်းကိုဖြတ်ပြီးတော့ လေ့ကျင့်ရေးကွင်းကိုဖြတ်သွားသည့်အထိ ဖီးနစ်မျက်လုံးများနှင့်အစေခံမိန်းကလေးသည် တွန့်လိမ်ကောက်ကွေးကာ အေးအေးဆေးဆေး ရွှီဇီယန်အရှေ့မှာလျှောက်နေသည်။ သူမက သူမရဲ့တင့်တယ်လှသည့် ကိုယ်ခန္ဓာအလှပေါ်လွင်စေရန် လိမ်ပိန်နေလိုက်ပြီး ရွှီဇီယန်ရဲ့အာရုံစိုက်မှုရရန် ဆွဲဆောင်လိုက်သည်။
ရွှီဇီယန်ကခံစားချက်ကိစ္စတွေနဲ့ ပတ်သက်ပြီးသိပ်မသိပေမယ့် သူကငတုံးတော့မဟုတ်ပါ။ သူ့အရှေ့ကမိန်းကလေးဟာ မကြာခဏသူမဆံပင်တွေကိုပွတ်သပ်လိုက်၊ ပျံတံတံနန့်တန့်တန့်လုပ်လိုက်နဲ့ အကယ်၍သူလျစ်လျူရှုထားချင်တယ်ဆိုရင်တောင် သူအမြင်အာရုံထဲကိုဝင်ဝင်လာမှာပဲ။
“လော့ဟွ မင်းလမ်းကိုဘယ်လိုကောင်းကောင်းလျှောက်ရမလဲ မသိဘူးလား?” ရွှီဇီယန်ကအေးစက်စက်လေသံဖြင့် မေးလိုက်သည်။
လော့ဟွလို့ခေါ်တဲ့အစေခံမိန်းကလေးဟာ ချက်ချင်းတောင့်သွားပြီး သူမခေါင်းလေးငုံ့လိုက်ရင်း မျက်လုံးတွေ နီမြန်းသွားသည်။
ရွှီဇီယန်ဟာ အားနွဲ့ချင်ယောင်ဆောင်နေသည့်မိန်းမတွေအပေါ် ဘာခံစားချက်မှမထားပါ။ သူကအချစ်အကြောင်းတစ်ခါမှမပြောဖူးဆိုပေမယ့် သူကအချစ်နဲ့ပတ်သက်ပြီး တွေးခေါ်တဲ့အလေ့အထတော့ရှိသည်။ သူမိဘတွေရဲ့အချစ်ရေးကို သူအရမ်းအားကျပြီးတော့ သူ့နှလုံးသားကိုလှုပ်ခတ်အောင်လုပ်နိုင်မယ့် မိန်းမမျိုးကိုသူမျှော်လင့်မိသည်။
သူကထူးချွန်သည့် လူတစ်ယောက်ဖြစ်ခဲ့တာကြောင့် မိန်းကလေးတွေရဲ့ အာရုံစိုက်တာခံရပြီး ဆွဲဆောင်ခံခဲ့ရသည်မှာ မထူးဆန်းပါ။ ဒါပေမယ့် သူ့နှလုံးသားကိုလှုပ်ခတ်နိုင်သည့် မိန်းကလေးတစ်ယောက်မှမရှိခဲ့တာကြောင့် သူတစ်စုံတစ်ယောက်နဲ့မျှအရှုပ်အရှင်းမရှိခဲ့ပေ။
သို့ပေမယ့် ဒီကမ္ဘာမှာက သာမန်ယောက်ျားတစ်ယောက်ဆီမှာတောင် မိန်းမသုံးယောက်နဲ့ကိုယ်လုပ်တော်လေးယောက် အနည်းဆုံးရှိသည်။ ပြီးတော့ ဒီဝတ္ထုရဲ့အဓိကဇာတ်လိုက်ရဲ့ဘေးမှာ ရွံစရာကောင်းအောင် ကောင်သုံးကောင်ရှိသေးသည်။ ဒါပေမယ့် ရွှီဇီယန်အတွက်ကတော့ ခံစားချက်ဆိုတာ နှစ်ယောက်ကြားမှာပဲရှိသင့်သည့်အရာလို့ သူထင်သည်။ နောက်ထပ်တစ်ယောက်ပေါ်လာခဲ့ရင် ထိုလူကသူများစုံတွဲကို ဖျက်စီးတာလို့ပဲသူမြင်မိသည်။
ပြီးတော့ သူစာအုပ်ထဲကအကြောင်းကို ဇဝေဇဝါဖြစ်နေသေးသည်။ အဲ့ဒီလူသုံးယောက်ကသူတို့ရဲ့အချစ်တွေကို အခြားလူတွေနဲ့ဘယ်လိုတောင်မျှဝေပေးနိုင်ရတာလဲ? အကယ်၍သူသာဆိုရင် အဲ့လိုမျိုးသူ့ရဲ့အချစ်တွေကို အပေါစားဆန်ဆန်ဆက်ဆံရမှာထက် သူ့ခံစားချက်တွေကိုဖြတ်ပစ်လိုက်မှာ!
“သခင်လေး ကျွန်မတို့ရောက်ပါပြီ” လော့ဟွဟာနူးနူးညံ့ညံ့လေးပြောလိုက်ပြီး သူမရဲ့နာကြည်းမှုတွေကို အသံနောက်ကွယ်မှာဖုံးကွယ်ထားပြီးနောက် သူမ၏နူးညံ့သိမ်မွေ့သည့်ပုံစံကိုကြည့်လိုက်ရင် ချစ်စရာကောင်းနေပြီးတော့ သနားစရာလည်းကောင်းနေပြန်သည်။
အကယ်၍သာမန်လူသာဆိုရင် သူတို့တွေကဒီလိုမျိုးချစ်စရာကောင်းပြီး သနားစရာကောင်းနေသည့် မျက်နှာမျိုးနဲ့ပုံစံကို ခံနိုင်ရည်ရှိမှာမဟုတ်ပဲ တစ်ဖက်လူကိုဖက်ပြီးနှစ်သိမ့်ပေးကြလိမ့်မည်။ ကံဆိုးချင်တော့ သူကရွှီဇီယန်လေ၊ သူ့မိဘလုပ်ငန်းတွေကိုအမွေဆက်ခံပြီးတော့ သူကအရပ်မြင့်တယ်၊ ကြည့်ကောင်းတယ်၊ ချမ်းသာတယ်ဆိုသည့် အချက်တွေနဲ့ Mr.Perfect ဆိုပြီးသတ်မှတ်နိုင်သည်။ သူခေတ်ဖက်မှာတုန်းက သူမထက်ဆိုးသည့် ဖျားယောင်းသွေးဆောက်မှုတွေနဲ့ ကြုံတွေ့ဖူးသူဖြစ်သည်။ ပြီးတော့ သူ့အိပ်ရာပေါ်ကို အဝတ်တွေချွတ်ပြီးတော့ တက်လာဖူးသည့် မိန်းမတွေနဲ့တောင် ကြုံဖူးသေးသည်။ ဒီလိုမျိုး အသေးစားမြူဆွယ်နည်းတွေလောက်ကတော့ သူ့အချိန်တွေပေးရတာတောင် မတန်ဘူး။
“ဒီဟာလား?” ရွှီဇီယန်ကလော့ဟွဘက်ကိုတောင်မကြည့်ပဲ အခန်းထဲသို့ဝင်ရောက် စစ်ဆေးကြည့်လေသည်။
ဒီအခန်းက လျှို့ရှန်အဆောင်ရဲ့အစွန်းဆုံးမှာရှိနေပြီး သူ့အခန်းနဲ့ မီတာ၂၀၀၊၃၀၀လောက်ဝေးသည်။ ထိုအကွာအဝေးက ကျင့်ကြံသူတစ်ယောက်အတွက် ဘာမှမပြောပလောက်ပေမယ့် ဒီကလူတွေရဲ့ စိတ်နေသဘောထားက ရွှီဇီရုန်အပေါ်ဘယ်လိုမျိုးလည်းဆိုတာကို သူအသေအချာသိသည်။
ဒါအထင်သေးတာပဲ!
“ဒီအခန်းကိုကဘယ်သူရွေးထားတာလဲ?” ရွှီဇီယန်ကမာဆတ်ဆတ်မေးလိုက်၏။
လော့ဟွက သူ့ရဲ့ချက်ချင်းမေးလိုက်သည့်အသံကြောင့် ကြောက်သွားပြီး သူမဟာစကားအထစ်ထစ်နဲ့ပြန်ဖြေလေသည်။
“အဲ့…အဲ့ဒါက…လော့ချီအမရွေးထားတာပါ”
“လော့ချီ?” ရွှီဇီယန်ရုတ်တရက် လှပသည့်အမျိုးသမီးကို မှတ်မိသွားပြီး သူမျက်နှာတစ်ခုလုံးမဲမှောင်သွားသည်။
ချီးပဲ၊ မူလရွှီဇီယန်က အဲ့အစေခံမိန်းမနဲ့ ဘာမှမဖြစ်သေးဘူးမဟုတ်ဘူးလား?
Original Author’s Note : ရွှီဇီယန်ရဲ့အထက်စီးဆန်တဲ့ဘက်အခြမ်းက ပိုလွန်းတယ်နော်! သခင်လေးဆိုတော့လည်း သခင်လေးအရှိန်အဝါအတိုင်း ရှိရမှာပေါ့!
ရွှီဇီရုန်ကတော့တိတ်တဆိတ်သူ၏မှတ်စုမှတ်သားနေသည် : ဒီနေ့ရွှီဇီယန်ကငါ့မျက်နှာကိုထိသွားတယ်…အနာဂတ်မှာ လက်စားချေတဲ့အနေနဲ့ ငါသူ့မျက်နှာကိုနှစ်ဆပြန်ထိရမယ်!