Chapter 1
- Home
- All Mangas
- စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
- Chapter 1 - အပိုင်း ၁ ။ အတိတ်သို့ပြန်သွားခြင်း
ရှောင်လင်းယွီတစ်ယောက် သူမမြင်နေရသည်ကို မယုံကြည်နိုင်ဖြစ်လို့နေသည်။ သူမရှေ့တွင်ရှိနေသည့် အသက်မဲ့နေသောအလောင်းမှာ သူမ၏သားဖြစ်နေသည်တဲ့လား။
“မဖြစ်နိုင်ဘူး!” ရှောင်လင်းယွီ ဆေးရုံကုတင်ဘေးတွင် ဒူးထောက်ကာ သူမမျက်နှာကို အုပ်ထားခဲ့သည်။
သူမ၏အသံထဲတွင် မယုံကြည်နိုင်မှု၊ နာကျင်မှု၊ စိတ်ပျက်အားငယ်မှုနှင့် အပြစ်ရှိစိတ်တို့လွှမ်းခြုံလို့နေခဲ့သည်။
ဒီကလေး မွေးဖွားပြီး ငါးနှစ်အကြာမှာပဲ သေဆုံးသွားခဲ့ရသည်။ ရှောင်လင်းယွီသည် သူမသားကို မွေးကာစအချိန်တစ်ချက်လှည့်ကြည့်ပြီးသည်မှစ၍ နောက်ပိုင်း ခေါင်းထဲထည့်သည်ကပင် ရှားခဲ့လေသည်။
ဖြန်း! ထိုအချိန်တွင်ပဲ ကျယ်လောင်သည့်ပါးရိုက်သံတစ်သံက ထွက်ပေါ်လာခဲ့သည်။
“အမေ!” လူငယ်လေးက ထိတ်လန့်တကြားအော်လိုက်သည်။
ထို့နောက် သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏ ဒေါသတကြီးဆူပူကြိမ်းမောင်းသံက ဆက်လိုက်လာခဲ့သည်။ “ငို၊ ငို၊ ငို၊ နင် ငိုဖို့ပဲသိတယ်။ ရှောင်လင်းယွီ နင်ဘာအတွက်ဒီလောက်ငိုပြနေတာလဲ? နင် ရှောင်ထုန်မွေးပြီးနောက်ပိုင်း သူ့ကို ဂရုတောင်စိုက်ဖူးလို့လား? သူဗိုက်ဆာလို့ငိုနေတဲ့အချိန် နင်ဘယ်ရောက်နေလဲ? သူ လမ်းလျှောက်စသင်ပြီး လဲကျတဲ့အချိန်ကရော နင်ဘယ်ရောက်နေခဲ့လဲ? အခုတော့ ဘာမှမဟုတ်တော့ဘူး။”
“ပြီးခဲ့တဲ့ငါးနှစ်လုံး ရှောင်ထုန် နင့်ကိုဘယ်လောက်တောင် လွမ်းနေခဲ့လဲဆိုတာသိရဲ့လား? သူဘယ်လောက်တောင် သူ့အမေကိုလိုချင်နေလိုက်လဲ? ဒါပေမယ့် နင်ကတော့ သူ့ကို တစ်ခါလောက်ဖက်ဖို့တောင် အချိန်မပေးခဲ့ဘူး!”
အမျိုးသမီးသည်လည်း ခံစားချက်များဆို့နင့်လာကာ စတင်ငိုကြွေးတော့သည်။ သူမက တစ်ချက်ရှိုက်လိုက်ပြီး၊ “ငါ့ရဲ့သနားစရာရှောင်ထုန်လေး၊ ငါ့ရဲ့သနားစရာမြေးလေး… ဘယ်လိုလုပ် မင်းရဲ့အဖွားကို ဒီလိုမျိုးထားခဲ့နိုင်ရတာလဲ? ဘယ်လိုများလုပ်ရပ်ရတာလဲ? မင်းပြောတော့ ဒီအဖွားကို အချစ်ဆုံးပါဆို? ငါ့ရဲ့သနားစရာမြေးလေးရဲ့…”
ထို့နောက် သူမက ရှောင်လင်းယွီကိုလက်ညှိုးထိုးကာ ဆက်ပြီးပြစ်တင်ကြိမ်းမောင်းပြန်သည်။ “နင်က အမေတစ်ယောက်မဖြစ်ထိုက်ဘူး။ ရှောင်ထုန်မွေးပြီးကတည်းက နင် သူ့ကို နည်းနည်းလေးတောင် ဂရုမစိုက်ဖူးဘူး။ အခုမှလာပြီး နှလုံးကွဲမတတ်ငိုပြနေတယ်ပေါ့။ ဘယ်သူ့ကို ဟန်လုပ်ပြနေတာလဲ?”
လူငယ်လေးဖြစ်သည့် ရှောင်လင်းယွီ၏မောင် ရှောင်လင်းယဲ့သည်လည်း ဝမ်းနည်းနေပေသည်။ သူက သူ့အမေကို ဖြောင့်ဖျလာခဲ့သည်။ “အမေ၊ စိတ်ကိုလျှော့ပါ။ ပြီးတော့ အစ်မကလည်း ရှောင်ထုန်ဖြစ်သွားတဲ့ကိစ္စကြောင့် အရမ်းအပြစ်ရှိသလို ခံစားပြီးဝမ်းနည်းနေရပြီလေ။”
အမျိုးသမီး၏မျက်လုံးထဲတွင်ခေါင်းမာသည့်အရိပ်အယောင်များဖြတ်ပြေးသွားကာ ဆက်ပြီး ပြင်းပြင်းထန်ထန်အပြစ်တင်ခဲ့ပြန်သည်။ “သူက အပြစ်ရှိသလိုခံစားနေရတယ်ပေါ့! ငါကတော့ သူဟန်ဆောင်နေတယ်လို့ပဲမြင်တယ်!”
ရှောင်လင်းယဲ့လည်း သူ့ရဲ့ ဝမ်းနည်းစိတ်မကောင်းဖြစ်နေသည့်အစ်မကို ဘယ်လိုနှစ်သိမ့်ရမလဲမသိသလို ဒေါသထွက်နေသည့်အမေကိုလည်း ဘယ်လိုစိတ်ဖြေပေးရမလဲမသိတော့ပေ။ ထို့ကြောင့် သူသက်ပြင်းသာချကာ၊ “အမေ၊ အစ်မ၊ အားလုံးတော်လိုက်ကြတော့။ ရှောင်ထုန်ကို အေးအေးဆေးဆေးအနားယူခွင့်ပြုလိုက်ကြပါ!”
…..
မတ်လ၏နေသည် တောက်ပစွာသာကာ ရာသီဥတုသာယာနေသင့်သော်လည်း အခုတွင်တော့ မိုးကဆက်တိုက်ရွာနေခဲ့သည်။ မိုးက သွန်ချသလို သည်းထန်စွာရွာသွန်းနေကာ တစ်မြို့လုံးကို အေးစက်စက်စောင်ကြီးတစ်ထည် လွှမ်းခြုံထားသလိုပင်။
ရှောင်လင်းယွီ ဝေဝါးစွာနိုးထလာခဲ့သည်။ သူမမျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုမှားယွင်းနေသလို ခံစားမိလိုက်လေသည်။ ‘ဘာတွေဖြစ်နေတာလဲ?’
ရှောင်လင်းယွီတစ်ယောက် ပျာယာခတ်သွားရသည်။
သူမအသိစိတ်ကို ပြန်လည်စုစည်းပြီးချိန်မှာတော့ ဒေါသနှင့်ရှက်ရွံ့စိတ်တို့က ပြန်လည်ထွက်ပေါ်လာခဲ့သည်။
“အိုး, မင်းနိုးပြီပေါ့။ အပျိုစင်တစ်ယောက်အနေနဲ့ဆို မဆိုးဘူးပဲ။”
ထိုအချိန်မှာပဲ ညှို့အားပြင်းလွန်းသည့်ယောက်ျားသံတစ်သံက သူမနားထဲသို့ စီးဝင်လာခဲ့သည်။
ထိုအသံကိုကြားလိုက်သည်နှင့် ရှောင်လင်းယွီ၏နှလုံးသားမှာ သိမ့်ခနဲတုန်လှုပ်သွားရသည်။
‘ဒီအသံက…’ သူမဘဝတွင် ဘယ်တော့မှ မေ့ပျောက်သွားမည်မဟုတ်သော အသံပင်! ‘ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဘယ်လိုလုပ်ပြီး?’
ရှောင်လင်းယွီစိတ်ရှုပ်သွားကာ ဒေါသတို့တောက်လောင်လာခဲ့သည်။ ‘ဒီလူ ငါ့ကိုပြန်ပေးဆွဲလာတာလား? သူရှောင်ထုန်ရဲ့အကြောင်းကို ရှာတွေ့သွားတာလား? အခု ရှောင်ထုန်သေသွားပြီဆိုတော့ သူငါ့ကို လက်စားချေမလို့များလား? ဒါကြောင့် ရှောင်ထုန်ရဲ့ဈာပနပွဲမှာ ငါ့ကိုပြန်ပေးဆွဲလာတာလား?’
‘လား’ပေါင်းများစွာက ရှောင်လင်းယွီ၏အတွေးထဲ ရထားတစင်းလိုမျိုး တဟုန်ထိုးထွက်ပေါ်လာခဲ့သည်။ ရှောင်ထုန်၏သေဆုံးမှုက သူမဘဝရဲ့အရာအားလုံး ဆွဲထုတ်သွားပစ်ပေသည်။ သူမတွင် အသက်ရှင်သန်နေထိုင်ရန်ရည်ရွယ်ချက်ပင်မရှိတော့ပေ။
“ဘာဖြစ်တာလဲ?” သူမ၏ခံစားချက်များပြောင်းလဲနေသည်ကိုမြင်တာကြောင့် အမျိုးသားက စိတ်ဝင်စားစွာဖြင့် မေးလာခဲ့သည်။ အမှောင်ထုထဲတွင် အမျိုးသား၏မျက်နှာထက်၌ ဆိုးသွမ်းသည့်အပြုံးတစ်ခုက တည်ရှိနေခဲ့သည်။ ဒါက သူ့ဘဝတွင် ပထမဆုံးအကြိမ်တစ်စုံတစ်ယောက်ကို ဂရုစိုက်မိခြင်းဖြစ်ကာ ထိုသူက တစ်ယောက်ယောက်က သူ့ထံပို့လာသည့် ‘လက်ဆောင်’ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ!
ပျက်စီးရာပျက်စီးကြောင်းစိတ်အခြေအနေတို့က ရှောင်လင်းယွီကို ဝါးမြိုသွားကာ ထုံကျင်လာခဲ့သည်။ သူမမှာ အသက်ရှင်နေထိုင်လိုစိတ်ပျောက်ဆုံးသွားပြီဆိုမှတော့ ထိုလူ သူမကိုဘာပဲလုပ်လုပ်လွှတ်သာထားလိုက်တော့သည်။
….
ကောင်းကင်ကြီးက ထိန်ထိန်လင်းလာကာ နေရောင်ခြည်တန်းတို့က အိပ်ယာထက်သို့ ကျဆင်းလာခဲ့သည်။ ကင်းဆိုဒ်အိပ်ရာကြီးထက်တွင် ဖြူနုသည့်လက်မောင်းတစ်ဖက်က စောင်ထဲမှ ထွက်ပေါ်လို့နေသည်။ နက်မှောင်သည့်ဆံနွယ်တို့ကလည်း ရေတံခွန်သဖွယ် လက်မောင်းပိုင်ရှင်၏မျက်နှာကို ဖုံးအုပ်ထားလေသည်။
ထိုစဉ်မှာပဲ စောင်အောက်မှ ညည်းညူသံတစ်ချက်ထွက်ပေါ်လာကာ ဆံပင်များဖြင့်ဖုံးကာထားသည့်မျက်နှာသည်လည်း ဖြည်းညှင်းစွာပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ဖြူဖွေးသည့်အသားအရေနှင့် နူးညံ့သိမ်မွေ့လှသည့် သေးငယ်သည့်မျက်နှာလေးတစ်ခုပင်။ မျက်စိတ်ဖမ်းစားစရာအကောင်းဆုံးကတော့ ထူထဲသည့်ယပ်တောင်သဖွယ်မျက်တောင်များအောက်တွင် ပုန်းကွယ်နေသည့် မျက်ဝန်းနက်တစ်စုံပင်။ ထိုမျက်လုံးများသည် နက်ရှိုင်းလှကာ စကြဝဋာကြီးတစ်ခုလုံး တည်ရှိနေသလိုတောင်ထင်ရသည်။
ရှောင်လင်းယွီ အလင်းရောင်ကိုကာဖို့ရန် သူမျက်ကိုမြှောက်လိုက်သည်။ နေရောင်ခြည်အလင်းနှင့် တဖြည်းဖြည်းအသားကျလာပြီးနောက်တွင်တော့ သူမမျက်လုံးထဲတွင် စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်လာလေသည်။
သူမအကျင့်အရ အိပ်ရာဘေးရှိစားပွဲဘေးတွင်တင်ထားသော နှိုးစက်နာရီကိုလှည့်ကြည့်လိုက်သော်လည်း အိပ်ရာဘေးရှိဘီရိုပေါ်တွင် နာရီအစား ဈေးကြီးလှသည့်ပန်းအိုးတစ်လုံးနှင့် ဇိမ်ခံပစ္စည်းများကိုသာတွေ့လိုက်ရတာကြောင့် သူမ၏ရှုပ်ထွေးနေသောစိတ်မှာ ချက်ချင်းကြည်လင်သွားတော့သည်။
‘ဒါဘယ်နေရာလဲ?’ သူမစိတ်ထဲပေါ်ထွက်လာသည့် ပထမဆုံးမေးခွန်းပင်။ ထို့နောက် နောက်ထပ်အတွေးတစ်ခုက တိုးဝင်လာပြန်သည်။ ‘ရှောင်ထုန်’
“ရှောင်ထုန်!” သူမ စောင်ကိုအမြန်ဆွဲလှန်ကာ အိပ်ရာထဲမှခုန်ထွက်လိုက်သည်။
သူမခြေထောက်နှင့်ကြမ်းပြင်ထိမိချိန်မှာတော့ သူမအစာအိမ်နှင့် ခန္ဓာကိုယ်အောက်ပိုင်းမှနာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် သူမအိပ်မက်လို့ထင်ခဲ့သည့်အကြောင်းအရာများက စိတ်ထဲပြန်ပေါ်လာခဲ့သည်။ ဒါ အိပ်မက်မဟုတ်ဘူးပဲ!
ရုတ်တရက်ပင် သူမ၏မျက်လုံးများမှာ မယုံကြည်နိုင်မှုများကြောင့် ပြူးကျယ်သွားလေသည်။ “ဒီလူပြန်ရောက်လာတာလား? သူရှောင်ထုန်အကြောင်း ရှာတွေ့သွားတာလား?” သူမဗလုံးဗထွေးရေရွတ်လိုက်သည်။
ရှောင်လင်းယွီ၏စိတ်ထဲတွင် ရှုပ်ထွေး်နေသော်လည်း သေချာတာတစ်ခုကတော့ ထိုလူက ရှောင်ထုန်ကြောင့် ရောက်လာခြင်းပင်။
“မဖြစ်ဘူး။ သူ ရှောင်ထုန့်ကို နှောက်ယှက်ခွင့်မပြုနိုင်ဘူး!” သူ ထိုလူအား ရှောင်ထုန်၏အုတ်ဂူအား တူးယူခွင့်မပြုနိုင်ပေ။ ထိုအတွေးက သူမကို ဒေါသ၊ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ကို တပြိုင်တည်းခံစားသွားစေခဲ့သည်။
ရှောင်လင်းယွီ စိတ်မကြည်မသာဖြင့် အခန်းကိုဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် အခန်းဖွဲ့စည်းပုံမှာ ရင်းနှီးနေသည့်ခံစားချက်ဖြစ်ပေါ်လာခဲ့သည်။ ‘ဘာလို့ ဒီကို ငါအရင်ကရောက်ဖူးသလို ခံစားနေရတာပါလိမ့်?’
***