Chapter 3
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အပိုင်း ၃ ။ တစ်ညတာဆက်ဆံရေး!
ခန္ဓာကိုယ်မှ သက်သောင့်သက်သာမဖြစ်မှုများကိုလျစ်လျူရှုရင်း ရှောင်လင်းယွီတစ်ယောက် ဟိုတယ်မှ အလျင်စလိုထွက်ခွာလာခဲ့သည်။
ကုမ္ပဏီတွက် သူမအတွက်ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခုစောင့်ကြိုနေကြောင်းလည်း သူမသိပေသည်။
သူမ၏အရင်ဘဝတွင် ယောကျ်ားတစ်ယောက်နှင့်အိပ်ပြီး ဟိုတယ်တွင်နိုးလာခဲ့ရခြင်းကြောင့် စိတ်ထဲတွင်ဗလာဖြစ်နေခဲ့သည်။ ဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာ သူမမသိသလို ထိုကိစ္စအတွက် သူမအလွန်အရှက်ရနေခဲ့သည်။
သူမနိုးလာပြီး အိပ်ရာပေါ်တွင် သွေးနှင့်အနီရောင်အစက်များကိုတွေ့လိုက်ရချိန်တွင် သူမစိတ်ထဲ ကြောက်ရွံ့ထိတ်လန့်မှုနှင့် သူမချစ်သူကောင်လေးအပေါ် အပြစ်ရှိစိတ်တို့ကသာ လွှမ်းခြုံသွားခဲ့သည်။ သူမ၏သန့်စင်မှုကို ဆုံးရှုံးလိုက်ရကာ ဤသည်က သူမချစ်သူအပေါ် အဆိုးရွားဆုံးသောသစ္စာဖောက်မှုပင်။ သူမထိုအတွက် အလွန်အားနာစိတ်မကောင်းဖြစ်ခဲ့ရသည်။
ထို့ကြောင့် အိပ်ရာထဲတွင်ပင် လဲပြိုကျကာ ဖုန်းသံမမြည်လာခင်အထိ သူမဆက်တိုက်ငိုနေခဲ့သည်။ ဖုန်းခေါ်ဆိုသူ၏အမည်ကိုတွေ့လိုက်ရချိန်တွင်တော့ သူမပိုလို့တောင် အငိုသည်းလာရသည်။
သို့သော်လည်း ဖုန်းကတော့ ဆက်တိုက်မြည်နေစဲပင်။
ရှောင်လင်းယွီ သူမ၏တုန်ရီနေသောလက်များဖြင့် ဖုန်းကိုမကိုင်လိုက်ခင် အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိတော့ပေ။ ထိုအခိုက်တွင် သူမသည်ကျိုးပဲ့လွယ်သည့်စိတ်အခြေအနေတွင်ရှိနေကော နှစ်သိမ့်မှုကိုအထူးလိုအပ်နေသည်။ ထိုနှစ်သိမ့်ပေးမှုကိုလည်း သူမ၏ချစ်သူထံမှရရှိလိမ့်မည်ဟု ယုံကြည်မိသည်။
သူမဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှယောက်ျားတစ်ယောက်၏အသံထွက်ပေါ်လာခဲ့သည်။ ထိုလူ၏အသံထဲတွင် စိတ်ပူကာစိုးရိမ်သည့်အသံများအပြည့်ပင်။
သူက ပူပန်စွာမေးလာခဲ့သည်။ “ယွီအာ၊ ဘာဖြစ်နေတာလဲ? မင်းအခုဘယ်မှာလဲ?”
ရှောင်လင်းယွီ၏အသံက ငိုထားခြင်းကြောင့် အသံဝင်နေကာ မျက်ရည်များကလည်း မတိတ်သေးပေ။ သို့သော်လည်း သူမချစ်သူကိုမစိုးရိမ်စေချင်တာကြောင့် သူမမျက်ရည်များကိုသုတ်ပြီး အားတင်းပြုံးလိုက်သည်။
“ယန်ကော၊ ဘာမှမဖြစ်ပါဘူး။ ကျွန်အဆင်ပြေပါတယ်!”
သို့ပေမယ့် တစ်ဖက်ကအမျိုးသားကတော့ အသံကနေတစ်ဆင့်တစ်ခုခုမှားနေကြောင်း ခံစားမိသလို ဆက်မေးလာပြန်သည်။ “ယွီအာ၊ မင်းအသံကဝင်နေသလိုပဲ။ ငိုထားတာလဲ?”
ထိုမေးခွန်းလေးတစ်ခုက ရှောင်လင်းယွီ၏တင်းထားသမျှစိတ်ကို ပြတ်တောက်သွားစေကာ မျက်ရည်များထပ်ကျလာပြန်သည်။ သူမချစ်သူက ဘယ်လောက်ပဲ နှစ်သိမ့်ပေးနေပါစေ သူမအငိုမရပ်နိုင်တော့ပေ။
တစ်ဖက်ကအမျိုးသားကလည်း ဖုန်းမချသွားခဲ့ဘဲ အချိန်တစ်ခုကြာပြီးနောက်မှာမှ သူ့စကားသံကို ရှောင်လင်းယွီပြန်ကြားလိုက်ရသည်။ “ယွီအာ၊ ဘာမှမဖြစ်ပါဘူး။ မင်းမှာဘာကိစ္စပဲရှိရှိ ကိုယ်အမြဲမင်းဘက်မှာရှိနေမှာပါ။”
ထိုစကားက ရှောင်လင်းယွီကို အတော်လေးစိတ်သက်သာရာရသွားစေခဲ့သည်။ ဒါကြောင့် ဖုန်းချပြီးသည်နှင့် ချန်းယန်နှင့် လမ်းခွဲလိုက်ဖို့ရန် သူမဆုံးဖြတ်ချက်ချခဲ့သည်။ သူမ၏ယန်ကောသည် အရမ်းကိုမှကောင်းသည့် ယောက်ျားကောင်းတစ်ယောက်ဖြစ်ကာ သူမထက်ပိုကောင်းသည့်လူနှင့်ထိုက်တန်ပေသည်။ သူမလိုပျက်စီးသွားသည့်မိန်းကလေးတစ်ယောက်အနားတွင် သူ့တစ်ဘဝလုံးကို မချည်နှောင်ထားသင့်ပေ။
လင်းရှောင်ယွီ ပစ္စည်းများသိမ်းပြီးနောက် ဟိုတယ်မှထွက်ကာ ကုမ္ပဏီသို့ထွက်ခဲ့လိုက်သည်။ သူမက အလုပ်ထွက်ပြီး ချန်းယန်နှင့်လမ်းခွဲရန် စီစဉ်ထားပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့်ဘဝတွင် ရှောင်လင်းယွီတစ်ယောက် ကုမ္ပဏီထဲဝင်လိုက်သည်နှင့် မုန်တိုင်းတစ်ခုကစောင့်ကြိုနေကာ အလွန်ကိုမှ ရက်စက်ကြမ်းတမ်းလှပေသည်။
….
အတိတ်ကိုပြန်တွေးနေချိန်တွင် ရှောင်လင်းယွီ၏မျက်နှာထက်၌ အေးစက်စက်အပြုံးတစ်ပွင့်ရှိနေသော်လည်း မျက်လုံးများထဲတွင်တော့ အနက်ရောင်အလင်းတစ်ချက်ဖြတ်သွားလေသည်။
သူမ၏အတိတ်ဘဝတွင် သူမထောင်ချောက်ဆင်ခံခဲ့ရသည်။ ဒါပေမယ့် ဒီတစ်ခေါက်ကတော့ သူမပြန်လာခဲ့ပြီဖြစ်ကာ တူညီသည့်အမှားမျိုးထပ်လုပ်တော့မည်မဟုတ်ပေ။
သူမဘာဆက်လုပ်ရမလဲတွေးနေချိန်တွင်ပဲ ဖုန်းကထပ်မြည်လာပြန်သည်။ ဖုန်းခေါ်ဆိုသူနာမည်ကိုကြည့်လိုက်ပြီးနောက် သူမမျက်လုံးထဲတွင် ရွံရှာမုန်းတီးသည့်အရိပ်များဖြတ်ပြေးသွားသည်။
ရှောင်လင်းယွီလည်း ပြန်စဉ်းစားလိုက်ကာ ဖုန်းကိုကိုင်လိုက်သည်။
“ယွီအာ၊ မင်းအခုဘယ်မှာလဲ?” ချန်းယန်က စိုးရိမ်မှုအပြည့်နှင့်အသံဖြင့်မေးလာခဲ့သည်။ “ကိုယ်မင်းအခန်းကိုသွားတော့ မင်းပြန်ရောက်မလာသေးဘူးလို့ပြောတယ်။ တစ်ခုခုဖြစ်နေတာလား?” ထိုအမျိုးသားက သတင်းနှိုက်ချင်နေလို့ စကားစမှန်းသိသာလှသည်။
ထိုကြောင်သူတော်အသံကိုကြားလိုက်ရသည်က ရှောင်လင်းယွီကို ရွံရှာစရာလှိုင်းလုံးကြီးရိုက်ခတ်လာသလိုပင် ခံစားရစေသည်။ သူမထိုခံစားချက်ကိုပြန်ဖိနှိပ်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ထို့နောက် စိတ်အေးလက်အေးအသံဖြင့်၊ “ကျွန်မအဆင်ပြေပါတယ်။ ဒီအတိုင်း ခွေးရူးတစ်ကောင်နဲ့တွေ့ခဲ့လို့။ ဒါပေမယ့် မောင်းထုတ်လိုက်ပါပြီ။ အခုပဲ ကုမ္ပဏီကိုသွားဖို့အလျင်လိုနေလို့နော်!”
တစ်ဖက်ကပြန်ဖြေသည်ကိုပင်မစောင့်ဘဲ ရှောင်လင်းယွီ ဖုန်းချလိုက်တော့သည်။
ချန်းယန်ကတော့ ဖုန်းကိုကိုင်ထားရင်း မျက်မှောင်ကြုတ်နေကာ တစ်ခုခုမှားနေသလို ခံစားနေမိသည်။
သူရှောင်လင်းယွီအပေါ်နားလည်ထားသလောက် ထိုကဲ့သို့စိတ်ပျက်ဖွယ်ကိစ္စရပ်မျိုးကိုကြုံတွေ့ခဲ့ရလျှင် သေချာပေါက် သူမငိုနေမှာပင်။ သူ့အပေါ်ကိုလည်း အပြစ်ရှိစိတ်အပြည့်ခံစားနေရလိမ့်မည်။ သို့သော်လည်း အခု သူမအသံကိုနားထောင်ကြည့်ရသလောက် အရမ်းကိုအဆင်ပြေနေပုံပင်။
ထိုသို့တွေးမိသွားသည်နှင့် ချန်းယန်၏ရင်ထဲ ဒေါသတရားတို့လောင်ကျွမ်းလာတော့သည်။ သူကအံကိုကြိတ်ကာ အသံရှူသံတို့ပင်ပြင်းလာခဲ့သည်။ “ရှောင်လင်းယွီ၊ မင်းက ငါ့ကို တစ်ခါမှဂရုမစိုက်ခဲ့ဖူးဘူးပဲ!”
ပြောရလျှင် ရှောင်လင်းယွီက သူ့နောက်ကွယ်တွင် လူတကာနှင့်ပတ်အိပ်နေခြင်းပင်။ ဒါကြောင့်ပဲ သူတို့သူမအတွက် ဆင်ထားသည့်ထောင်ချောက်နှင့်ကြုံလိုက်ရတာတောင် သူမအေးအေးဆေးဆေးဖြစ်နေခြင်းဖြစ်မည်။
ဆိုဖာပေါ်တွင်ထိုင်နေသည့် ကျောက်ဝမ်မန့်သည်လည်း ချန်းယန်၏ရေရွတ်သံကိုကြားလိုက်သည်။ သူမမျက်လုံးက တစ်ချက်လက်သွားကာ နှုတ်ခမ်းစွန်းတို့မြင့်တက်လာခဲ့သည်။ သူမပုံစံက အလွန်ဂုဏ်ယူနေကာ တစ်ဖက်လူကိုထေ့ငေါ့ချင်နေသည့်ပုံပင်။
သူမကပြုံးလိုက်ကာ၊ “ရှင့်မျက်နှာရှင်လည်းပြန်ကြည့်ဦး။ ဘာတွေဖြစ်နေတာလဲ? အဲ့မိန်းမပျက်ထပ်ပြီး ဖုန်းချသွားပြန်ပြီလား?”
ချန်းယန်က၊ “အဲ့လိုမဟုတ်ဘူး။ သူပြောတာတော့ ကုမ္ပဏီကိုမကြာခင်ရောက်တော့မယ်တဲ့။”
ထိုစကားကိုကြားသည်နှင့် ကျောက်ဝမ်မန့်၏မျက်နှာထက် စိတ်လှုပ်ရှားသည့်အရိပ်အယောင်များပေါ်ထွက်လာသည်။
“ကောင်းတာပေါ့။ အရမ်းကောင်းတယ်။ အဲ့ခွေးမ ကုမ္ပဏီကိုရောက်တာနဲ့ ဘယ်လိုငရဲမျိုးက သူ့ကိုစောင့်ကြိုနေလဲ သိသွားတော့မှာပေါ့။ သူ ငွေအတွက်နဲ့ ဗိုက်ပူပူရုပ်ဆိုးဆိုးသက်လတ်ပိုင်းလူကြီးနဲ့အိပ်ခဲ့တဲ့အကြောင်း ဖော်ထုတ်ခံရမယ့်အချိန် ကျွန်မရှိနေဖို့လိုတယ်။ သူ့မျက်နှာဘယ်လိုပြောင်းလဲသွားမလဲကြည့်ရတာသေးပေါ့!”
ရှောင်လင်းယွီ အသူရာချောက်နက်ကြီးထဲကျဆင်းသွားမည်ကိုမြင်တွေ့ဖို့ သူမမစောင့်နိုင်တော့ပေ။ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ကောင်းလဲ။ ကျောက်ဝမ်မန့်က ဈေးကြီးလှသည့် ဖုန်းတစ်လုံးကို ကောက်ကိုင်ကာ ဖုန်းခေါ်လိုက်သည်။ ထို့နောက် သူမက အေးစက်စက်လေသံဖြင့်အမိန့်ပေးလိုက်သည်။ “အသင့်ပြင်ထားတော့!”
သူမပြောလိုက်ချိန် ချန်းယန်၏အမူအရာမှာပြောင်းသွားသော်လည်း အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားကာ ကျောက်ဝမ်မန့်ကို အလွန်ချစ်ခင်သည့်အကြည့်များဖြင့် ပြန်ကြည့်လိုက်ပြန်သည်။
…..
ရှောင်လင်းယွီ ဟွေ့ချင်အုပ်စု၏ရှေ့တံခါးကိုရောက်သည်နှင့် ရပ်သွားခဲ့သည်။ သူမအမူအရာက မထူးမခြားနားဆိုသော်လည်း မျက်လုံးများကတော့ ရေခဲတမျှအေးစက်နေသည်။ သူမက လက်သီးတင်းတင်းဆုပ်ရင်း ကုမ္ပဏီဝင်ပေါက်ကိုကြည့်နေခဲ့သည်။ ထို့နောက်…
“ငါရောက်ပြီ။ ငါ့ကိုအရှက်ခွဲပြီး ငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့ ဆန်ကုန်မြေလေးစုံတွဲ။ ဒီတစ်ခေါက်တော့ ငါတို့ရည်မှန်းချက်ကို ပြည့်ခွင့်မပြုနိုင်ဘူး။”
သူမ အသက်ပြင်းပြင်းရှိုက်သွင်းလိုက်ပြီး တံခါးထဲဝင်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ပြီးနောက် လူသွားစင်္ကြန်နားတွင် ထိုင်နေသောအမျိုးသားတစ်ယောက်ကိုတွေ့လိုက်လေသည်။
ထိုအမျိုးသားသည် ချောမောခန့်ညားကာ ခန္ဓာကိုယ်ကလည်း ကြွက်သားများဖြင့် တောင့်တင်းလှသည်။ ထိုသူက ချန်းယန်ထက်ပင် အများကြီးပို၍ကြည့်ကောင်းသော်လည်း အဝတ်အစားများကတော့ ညစ်ပတ်နေလေသည်။
ရှောင်လင်းယွီ တစ်ချက်တွေးကြည့်ပြီးနောက် လျှောက်သွားလိုက်ကာ၊ “Sir၊ ရှင် ကျွန်မကို တစ်ခုလောက်ကူညီပေးလို့ရမလား။ ကိစ္စပြီးသွားရင် ရှင့်ကို ယွမ် ၂ထောင်ပေးမယ်!”
ယွမ်နှစ်ထောင်သည် ရှောင်လင်းယွီ၏လစာတစ်ဝက်ထက်ပင်ပိုနေပြီဖြစ်သည်။ သူမသည်အမြဲတမ်းချွေတာတတ်ကာ အခုက ပထမဆုံးအကြိမ်အဖြစ် တစ်ခါတည်းဖြင့်ဤမျှများသည့်ပမာဏကို ထုတ်သုံးခြင်းဖြစ်သည်။ သို့သော်လည်း ဒီတစ်ခေါက် သူမသုံးလိုက်ရတဲ့ပိုက်ဆံက အကျိုးရှိတာသေချာအောင်လုပ်ရပေမည်။
ယန်စစ်မင်က သူ့နားလျှောက်လာနေသည့်အမျိုးသမီးကိုကြည့်နေခဲ့ကာ ရောက်ရောက်ချင်းပြောလာသည့်စကားကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ဒါကြောင့် ဘေးကိုပတ်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူလက်ညှိုးထိုးကာ မရေမရာဖြင့်မေးလိုက်လေသည်။ “မိန်းမလှလေး၊ မင်း ငါ့ကိုပြောနေတာလား?”
ရှောင်လင်းယွီက၊ “မဟုတ်ရင် ကျွန်မက လေကိုပြောနေတာဖြစ်မလား? ဒီမှာထိုင်နေတာ ရှင်တစ်ယောက်တည်းရှိတာလေ!”
ယန်စစ်မင် ရယ်ချင်သွားသည်။ ‘ဒီကောင်မလေးရဲ့စရိုက်က စိတ်ဝင်စားဖို့တော့ကောင်းသားပဲ။ သူ့ဘက်က တောင်းဆိုနေတာတောင် ပြောတဲ့အသံကမာလိုက်တာ။ City Zက ဘယ်မိန်းမမှ ငါ့ကိုဒီလိုပုံစံမျိုးနဲ့ စကားမပြောရဲဘူး။’
သူက မျက်ခုံးပင့်ပြီး ပြန်မေးလိုက်သည်။ “မင်း ငါဘယ်သူလဲသိရဲ့လား?”
“ရှင့်မျက်နှာက ပိုက်ဆံပေါ်မှာပါနေတာမှမဟုတ်တာ၊ ဘယ်လိုလုပ်ရှင်ဘယ်သူလဲဆိုတာ သိပ်ပါ့မလဲ! ကျွန်မမှာအချိန်မရှိဘူး။ လုပ်မှာလား၊ မလုပ်ဘူးလား?”
ယန်စစ်မင် ကြောင်သွားပြီးမှ ပခုံးအသာတွန့်လိုက်ကာ၊ “ကောင်းပြီလေ၊ ဒါနဲ့… ငါမင်းအတွက် ဘာလုပ်ပေးရမှာလဲ?”
“ရှင် ကျွန်မနဲ့တစ်ညအိပ်ခဲ့တယ်လို့ဟန်ဆောင်ပေးရုံပဲ!”
“ဟမ်?!”
***