Chapter 4
- Home
- All Mangas
- စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
- Chapter 4 - မငြင်းနိုင်စရာသက်သေများ!
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အပိုင်း ၄ ။ မငြင်းနိုင်စရာသက်သေများ!
ယန်စစ်မင် အာရုံပြန်ရလာခဲ့သည်။
မျက်နှာတစ်ဝက်လောက်ကိုအုပ်နေသည့် မျက်မှန်အကြီးကြီးကိုတပ်ထားသည့် မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သေချာပေါက် အလှလေးတစ်ယောက်မှန်း သူပြောနိုင်ပေသည်။
ခဏကြာပြီးနောက် ယန်စစ်မင်၏နှုတ်ခမ်းစွန်းများကွေးတက်သွားကာ သဘောတူလိုက်သည်။ “ဘာလို့မလုပ်နိုင်ရမှာလဲ?”
ယန်စစ်မင် သူ၏ညစ်ပေနေသည့်ဝတ်စုံကိုခါလိုက်ကာ မိန်းကလေးနှင့်အတူ ဟွေ့ချင်အုပ်စုထဲလိုက်ဝင်သွားခဲ့သည်။ သူတို့တံခါးကနေဝင်ဝင်ချင်းတွင်ပဲ ရုတ်ရုတ်သဲသဲစကားသံများကိုကြားလိုက်ရသည်။
“ဟေ့၊ အဲ့ဒါ ရှောင်လင်းယွီမဟုတ်လား? ဘယ်လိုလုပ်ပြီး ဒီနေရာမှာ မျက်နှာလာပြရဲသေးတာလဲ?”
“မနေ့ညကတင် အပျော်မယ်(ပြည့်တန်ဆာ)လုပ်ခဲံပြီး ဒီနေ့ကျ ဘာမှမဖြစ်သလိုပုံစံနဲ့ ကုမ္ပဏီကိုလာတယ်ပေါ့။ မန်နေဂျာချန်းကိုဘယ်လိုများ မျက်နှာပြမလဲပဲ?”
“ဟုတ်ပါ့၊ မန်နေဂျာချန်းက သူ့အပေါ်အရမ်းကောင်းတာ။ လူတိုင်းမြင်နိုင်တယ်။ သူကျတော့ အဲ့ဒါကိုတောင် မကျေနပ်သေးဘူး။ တခြားယောက်ျားတစ်ယောက်ဆီ သူ့ကိုယ်သူရောင်းစားလိုက်သေးတယ်! ဘယ်လောက်တောင် မိန်းမပျက်ဆန်လိုက်လဲ!” ထိုစကားကိုပြောနေသည့်မိန်းကလေး၏မျက်လုံးထဲတွင် မနာလိုမှုများအပြည့်ပင်။
ဖြန်း! လက်ဝါးတစ်ဖက်က သူမပါးပေါ်ရုတ်တရက်ရောက်ချလာတာကြောင့် မိန်းကလေးခမျာ ကြောင်အသွားရသလို ဘေးကလူတွေလည်း အတူတူပင်။
ပါးရိုက်ခံလိုက်ရသည့်မိန်းကလေးက သူမပါးကိုအုပ်ကိုင်ရင်း အော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ နင်ရူးနေလား?”
ရှောင်လင်းယွီကလည်း ချက်ချင်းပင်ပြန်တုံ့ပြန်လိုက်သည်။ “လင်းရှန်းယွီ၊ နင်ကမှ ငါ့ကိုရွေးချယ်ခွင့်မပေးတာလေ။ ဒီတစ်ချက်က နင့်ရဲ့နံစော်နေတဲ့ပါးစပ်ကိုပိတ်ပေးဖို့အတွက်ပဲ။”
သခင်လေးယန်တစ်ယောက် စိတ်ဝင်စားစွာမျက်ခုံးပင့်လိုက်လေသည်။ ‘သူ့ကို ထိရှလွယ်တဲ့အလှလေးလို့ထင်ထားတာ၊ တကယ်တော့ ဗျောက်အိုးလေးဖြစ်နေတာပဲ။ ငါတော့ ရှိုးကောင်းကောင်းကြည့်ရတော့မယ်။ နောက်ဆက်ပြီးဘယ်လိုစိတ်ဝင်စားစရာကောင်းတာတွေ လာဦးမလဲပဲ။’
ရှေ့ဆက်ကိစ္စများကို သူအတော်လေးမျှော်လင့်နေခဲ့သည်။
လင်းရှန်းယွီသည် လူကြားထဲအရှက်ခွဲခံလိုက်ရတာကြောင့် ဒေါသတကြီးအော်ဟစ်တော့သည်။ “ရှောင်လင်းယွီ၊ ငါပြောတာဘာမှားနေလို့လဲ? နင် လူအိုကြီးတစ်ယောက်ဆီ ကိုယ့်ဘာသာရောင်းစားခဲ့တာ ကုမ္ပဏီကလူတိုင်းသိတယ်။ ဒီတော့ ဘာလို့များ ကိုယ့်ကိုယ်ကိုမြင့်မြတ်သလို ဟန်ဆောင်ပြနေသေးတာလဲ?”
သူက ရှောင်လင်းယွီကို လှောင်ပြောင်လိုက်သည်။ ထို့နောက် လင်းရှန်းယွီသည် သူမဖုန်းကိုထုတ်ကာ သူတို့ကုမ္ပဏီ၏စကားပြောခန်းကိုဖွင့်လိုက်သည်။ ထို့နောက် ရှောင်လင်းယွီကိုပြလိုက်ကာ အထင်သေးစက်ဆုပ်ဟန်ဖြင့်ပြောပြန်သည်။ “သက်သေကဒီထဲမှာပဲ။ နင်ဘာပြောချင်သေးလဲ? ငါပြောလိုက်မယ်၊ ဒီပုံတွေက ဒီစကားပြောခန်းမှာတင်မဟုတ်ဘူး လူတိုင်းရဲ့ကွန်ပျူတာတွေထဲမှာပါရှိနေပြီ။ ဒါပေါ့ ဒီပုံက နင်ဆိုတဲ့ရှောင်လင်းယွီ ဟိုတယ်သွားတဲ့ပုံတွေပဲ! ဒီနေ့ နင်ဘယ်လိုများပြန်ချေပချင်သေးလဲ?”
လင်းရှန်းယွီသည် အလွန်ဒေါသထွက်နေကာ ပါးရိုက်ချက်အတွက် ရှောင်လင်းယွီကို ဆယ်ဆလောက်ပြန်ပေးဆပ်ရအောင်လုပ်ချင်နေသည်။
ရှောင်းလင်းယွီက လင်းရှန်းယွီ၏အလွန်မုန်းတီးနေသည့်မျက်လုံးများကို ကြည့်လိုက်သည်။ ရှောင်လင်းယွီ ခေါင်းကိုအသာမော့ကာ ဘေးပတ်လည်ကိုပါကြည့်လိုက်ပြန်သည်။ သူမ၏လုပ်ဖော်ကိုယ်ဖက်အားလုံးသည် သူမကို ရယ်စရာတစ်ခုလို၊ လှောင်စရာတစ်ခုလို၊ ဝမ်းသာလုံးဆို့နေသည့်အကြည့်များဖြင့် ကြည့်နေကြသည်။
“လင်းရှန်းယွီ၊ နင်ရူးနေတာလား? ရူးနေရင်လည်း ကုသမှုခံယူလိုက်ဦး။ မဟုတ်ရင် နောက်ဆုံးအဆင့်အထိရောက်သွားပြီး ဆေးမမှီဘဲနေဦးမယ်။ ငါဟိုတယ်ကိုသွားတဲ့ဓာတ်ပုံလေးတစ်ပုံတည်းနဲ့ ငါအပျော်မယ်လုပ်နေပါတယ်ဆိုပြီး ဘယ်လိုများသက်သေပြမှာလဲ? နင်ကိုယ်တိုင်မျက်မြင်တွေ့ခဲ့လို့လား? နင့်ဆီမှာရှိတယ်ဆိုတဲ့ သက်သေတွေဆိုတာ ငါဟိုတယ်အဝင်နဲ့ကော်ရစ်တာမှာရှိနေတဲ့ဓာတ်ပုံတွေလောက်ပဲလား?”
ယန်စစ်မင်၏နှုတ်ခမ်းများလှုပ်ရှားသွားသည်။ အခုတော့ ဒီကောင်မလေး သူ့ကိုဘာကြောင့် သူမရဲ့တစ်ညတာအိပ်ဖော်အဖြစ်ဟန်ဆောင်ခိုင်းလည်း နားလည်သွားပေပြီ။
ဒါပေမယ့် သူဆက်ပြီးတော့ နားမလည်နိုင်သည့်အရာများရှိနေတုန်းပင်။ ပြောရရင် ဘာလို့ သာမာန်ဝန်ထမ်းလေးတစ်ယောက်ရဲ့ကိုယ်ပိုင်ဘဝကို တစ်ကုမ္ပဏီလုံးကို သိနေဖို့လိုတာလဲ? ဒီကောင်မလေး တကယ်ပဲ အပျော်မယ်လုပ်နေတယ်ဆိုရင်တောင် သူတို့နဲ့ဘာဆိုလို့လဲ?
ပြီးတော့ ကောင်မလေး ကုမ္ပဏီကိုမရောက်ခင်ကတည်းက သူမဟိုတယ်မှာရှိနေတဲ့ပုံတွေက တစ်ကုမ္ပဏီလုံးကိုပျံ့နေပြီ။ ဒါကိုမှ ထောင်ချောက်လို့မခေါ်ရင် ဘာကိုများခေါ်တော့မှာလဲ?
တစ်ယောက်ယောက်က ကောင်မလေးကို အကွက်ချထားတာပဲ။ အလုပ်ခွင်အတွင်းပူးပေါင်းကြံစည်မှုကြီးပေါ့။
လင်းရှန်းယွီ၏မျက်နှာက ဖြူရာမှနီလာကာ၊ “ရှောင်လင်းယွီ၊ နင်ဘယ်လိုလုပ်ဒီလောက်အရှက်မဲ့ရတာလဲ? နင်ဘယ်လောက်ကပ်စီးနဲလဲဆိုတာ ကုမ္ပဏီကလူတိုင်းသိတယ်။ ငါတို့ နင့်ကိုအဆင့်မြင့်စားသောက်ဆိုင်သွားဖို့ခေါ်တိုင်း အဲ့ဒီမှာဘယ်လောက်ဈေးကြီးတယ်ဆိုတာပဲ ညည်းညူပြနေတာလေ။ အဲ့တော့ နင့်လိုလူက ဒီလိုဟိုတယ်မျိုးကိုရောက်နေတယ်ဆိုမှတော့ နင့်ကိုဝန်ဆောင်မှုပေးဖို့ခေါ်ထားတဲ့ ဧည့်သည်ဆီသွားတာပဲဖြစ်မှာပေါ့။”
ရှောင်လင်းယွီ၏အသံကအေးစက်လာကာ၊ “လင်းရှန်းယွီ၊ နင့်ဦးနှောက်ကိုနင် တကယ်ကိုပြန်စစ်ကြည့်သင့်နေပြီ။ ငါဟိုတယ်သွားတယ်ဆိုတာနဲ့ ငါ့ကိုတစ်ယောက်ယောက်က ပိုက်ဆံပေးထားတာဆိုပြီး ဘယ်သူပြောလဲ?”
ရှောင်လင်းယွီ ထိုစကားပြောလိုက်သည်နှင့် လူတိုင်းမှင်သက်သွားကြသည်။
သူတို့သိထားသည့် ရှောင်လင်းယွီဆိုသည်မှာ တိတ်ဆိတ်ကာ ရှက်တတ်သူတစ်ယောက်ပင်။ ဒီဝံ့ကြွားပြီး လွှမ်းမိုးမှုအပြည့်နဲ့အမျိုးသမီးက ဘယ်သူများလဲ??
လင်းရှန်းယွီသည် ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံးနီရဲလာတော့သည်။ ရှောင်လင်းယွီ ဒီလောက်အရှက်မဲ့လိမ့်မည်ဟု သူမ,မထင်ထားခဲ့ပေ။ သူမ ခွန်းတုံ့ပြန်တော့မည့်အချိန်တွင်ပဲ ရှောင်လင်းယွီက သူမ၏ကြီးမားလှသည့်မျက်မှန်ကြီးကိုချွတ်ကာ သူမ၏နက်မှောင်သည့်ဆံပင်ရှည်များကို ဖြန့်ချလိုက်သည်။
လူတိုင်းထပ်ပြီး မှင်သက်သွားရပြန်သည်။ ရှောင်လင်းယွီတစ်ယောက် သူမ၏သွင်ပြင်ကို ထိုမျက်မှန်ကြီးနောက်၌ ဖုံးကွယ်ထားသည်ပင်။ ရုပ်ဆိုးမလေးက မျက်မှန်ချွတ်လိုက်သည်နှင့် မိန်းမလှလေးတစ်ယောက်အဖြစ်ပြောင်းလဲသွားသည့် ဇာတ်ဝင်ခန်းတစ်ခုလိုတောင် ထင်မှတ်ရသည်။
လူတိုင်း၏ရှောင်လင်းယွီအပေါ်အမြင်များမှာ သူမသည် တိတ်ဆိတ်ကာ ရွက်ကြမ်းရေကျိုသာမာန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ဒါကလည်း ရှောင်လင်းယွီက သူမဘာသာလူအများ၏နောက်တွင် မှေးမှိန်ကာနေလိုခြင်းကြောင့်ဖြစ်သည်။
ဒါပေမယ့် အခုချိန်မှာတော့…
ရှောင်လင်းယွီတွင် ဖြူဖွေးချောမွေ့သည့်အသားအရေ၊ ချယ်ရီနီရောင်နှုတ်ခမ်းတစ်စုံနှင့် နှာခေါင်းသေးသေးလေးရှိသည်။ သို့သော်လည်း လူအများ၏အာရုံကို အဖမ်းစားဆုံးကတော့ သူမ၏ကြီးမားလှသည့် မျက်ဝန်းကြီးတစ်စုံပင်။ ထိုမျက်ဝန်းများကို ရှည်လျားသည့်မျက်တောင်များက ဖုံးအုပ်ထားသည်။ သူမ၏မျက်ဝန်းများမှာ ဖီးနစ်မျက်ဝန်းပုံစံဖြစ်ကာ တရုတ်ဂန္တဝင်အလှအပစံနှုန်းနှင့်ကွက်တိပင်။
သူမက ပန်းချီကားချပ်ထဲမှ ထွက်လာသောအလှလေးတစ်ယောက်လိုမျိုး မယုံနိုင်စရာကောင်းအောင် ဆွဲဆောင်မှုရှိလှပေသည်။
ရှောင်လင်းယွီက၊ “တစ်ယောက်က ငါ့ကိုဟိုတယ်ကိုဖိတ်ခဲ့လို့ ငါသူနဲ့တွေ့ဖို့သွားတာလေ။ ဒါ့အပြင် ငါ့ရုပ်ငါ အရမ်းကြွားပြောတာတော့မဟုတ်ပေမယ့်၊ နင်ပြောကြည့်ပါဦး ငါ့ရုပ်ရည်နဲ့ဆို ကိုယ့်အဆင့်ကိုယ်နှိမ့်ပြီး အပျော်မယ်လုပ်ဖို့လိုမယ်လို့ ထင်လား?”
လူအုပ်ထဲမှယောက်ျားတချို့က ခေါင်းချက်ချင်းယမ်းလိုက်ကြကာ၊ “သေချာပေါက်မထင်ဘူးပေါ့။ ဒီလိုအလှမျိုးနဲ့သာဆို မင်းအတွက် ယောကျ်ားတစ်ယောက်က ပိုင်ဆိုင်တာအကုန်ပုံပေးလိုက်ဦးမှာ!”
ရှောင်လင်းယွီ၏ပြောင်းလဲသွားမှုကြောင့် လင်းရှန်းယွီ မှင်သက်သွားသော်လည်း ချက်ချင်းပင် အသိစိတ်ကိုပြန်ဝင်သွားကာ သူမမျက်လုံးများထဲ၌ မနာလိုအမုန်တရားများစွာဝင်လာတော့သည်။
သူမက အံတင်းတင်းကြိတ်ရင်း သူမဘာသာတွေးလိုက်သည်။ ‘ငါသိသားပဲ! ဒီခွေးမ ရှောင်လင်းယွီက အရမ်းနှိမ့်ချပြီးနေနေတာ၊ တကယ်တမ်း သူက အကြံအစည်ထုတ်နေတာပဲ။ သူက လူစုံကာမှ ယောက်ျားတွေကိုမြူစွယ်ချင်နေတာ။ အပျက်မ!’
လင်းရှန်းယွီတစ်ယောက် စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။
“ဒီတော့ နင်ဟိုတယ်မှာရှိနေတာ ဝန်ခံလိုက်ပြီပေါ့! နင်က အပျော်မယ်ပဲ!” လင်းရှန်းယွီက ရှောင်လင်းယွီ၏စကားများကို ခုန်ကျော်ကာ၊ “ဘာလို့ဆို ငါ့မှာသက်သေဓာတ်ပုံတွေရှိသေးတယ်လေ!”
လင်းရှန်းယွီက နောက်ထပ်ဓာတ်ပုံကို ကုမ္ပဏီစကားပြောခန်းထဲသို့ပို့လိုက်တာကြောင့် လူတိုင်းချက်ချင်းမြင်ကြရလေသည်။
မီးရောင်မှိန်မှိန်ရှိသည့်ကော်ရစ်တာတစ်ခုတွင် သက်လတ်ပိုင်းအရွယ် ဗိုက်ပူပူအမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကိုသယ်ပြီး ဟိုတယ်ခန်းထဲဝင်သွားသည့်ပံဒပင်။ ဒါ့အပြင် ထိုပုံထဲမှအမျိုးသမီးမှာ ရှောင်လင်းယွီဖြစ်ကြောင်း လူတိုင်းရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
ရှောင်လင်းယွီက ဒီလူနဲ့ဟိုတယ်ခန်းထဲဝင်သွားတာပေါ့။
ဒါလုံးဝငြင်းလို့မရတဲ့သက်သေအကြီးစားပဲ။
***