Chapter 5
- Home
- All Mangas
- စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
- Chapter 5 - သူ့ကို နင်ပဲယူလိုက်
စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်
အပိုင်း ၅ ။ သူ့ကို နင်ပဲယူလိုက်
လင်းရှန်းယွီ ယခုလိုမျိုး ရှောင်လင်းယွီကို ပစ်မှတ်ထားနေခြင်းမှာ သူတို့ချင်း ကျောင်းအတူတူမှဖြစ်ခြင်းကြောင့်ပင်။ သူတို့နှစ်ယောက်သည် ကုမ္ပဏီတစ်ခုတည်းကိုပဲ အလုပ်လျှောက်ခဲ့ကြကာ တစ်ချိန်တည်းမှာပဲ အလုပ်လက်ခံစာရခဲ့ကြပြန်သည်။
ပြောရလျှင် သူတို့ဘယ်နေရာပဲသွားသွား လူတွေက သူတို့ကိုအမြဲနှိုင်းယှဉ်ကြတော့တာပင်။ ကျောင်းတွင်ဖြစ်စေ ကုမ္ပဏီတွင်ဖြစ်စေ ရှောင်လင်းယွီ၏ရလဒ်များက လင်းရှန်းယွီထက် အမြဲတမ်းသာနေခဲ့သည်။ ဒါကြောင့်ပဲ တခြားမိန်းကလေးတွေထက်ကို လင်းရှန်းယွီက ပိုမုန်းနေတာပင်။
သို့သော်လည်း အဓိကအကြောင်းအရင်းကတော့ ချန်းယန်ကြောင့်ပင်ဖြစ်သည်။ လင်းရှန်းယွီသည် ကျောင်းတက်ကတည်းက ချန်းယန်ကိုချစ်နေခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် ချန်းယန်ကို ကိုယ်တိုင်တောင် ချစ်ကြောင်းဝန်ခံခဲ့ပေမယ့် အငြင်းခံခဲ့ရလေသည်။
ရှောင်လင်းယွီကတော့ သူမမျက်လုံးထဲတွင် ချန်းယန်သည်သာအဓိကဖြစ်ကာ ကျန်တာအားလုံးအသေးအမွှားသာဖြစ်တာကြောင့် ထိုအကြောင်းကိုမသိခဲ့ပေ။ သူမ၏အရင်ဘဝတွင် ရှောင်လင်းယွီသည် ကုမ္ပဏီကိုရောက်ရောက်ချင်းပင် လင်းရှန်းယွီစကားများအောက် ကျရှုံးခဲ့ရသည်။ ပြီးခဲ့သည့်ညကဖြစ်ရပ်က သူမကိုထိတ်လန့်နေစေသေးတာကြောင့်လဲ ပါပေသည်။
ရှောင်လင်းယွီဘယ်လောက်ပဲရှင်းပြနေပါစေ ဘယ်သူကမှ သူမစကားကိုနားမထောင်ချင်ကြပေ။ အဆံဒုးမှာတော့ ဤဓာတ်ပုံပါထွက်လာကာ သူမကိုအသူတရာချောက်နက်ထဲကျသွားစေတော့သည်။ ထပ်တူညီစွာပဲ အရင်ဘဝတွင်လည်း ထိုဓာတ်ပုံများကိုထုတ်ပြခဲ့သူမှာ လင်းရှန်းယွီသာဖြစ်သည်။
ထိုအချိန်တုန်းကတော့ ရှောင်လင်းယွီ၏စိတ်အခြေအနေမှာ အောက်ဆုံးအထိထိုးကျနေတာကြောင့် သူမကိုယ်တိုင်ကိုက အပြစ်ရှိစိတ်ဖြစ်နေကာ လူအများ၏ထိုးချမှုကို ခေါင်းငုံ့ခံခဲ့သည်။
သိုပေမယ့် ဒီတစ်ခေါက်မှာတော့ ရှောင်လင်းယွီ သူမစိတ်ကိုသူမထိန်းချုပ်ထားကာ တူညီတဲ့ပျက်စီးမှုလမ်းကြောင်းထဲ ထပ်ပြီးကျရောက်သွားဖို့ ခွင့်မပြုနိုင်တော့ပေ။ သူမကို ဒုတိယအခွင့်အရေးပေးလာမှတော့ သူမ၏ကံကြမ္မာကိုပြောင်းလဲပစ်ရပေမည်။ သူမကိုယ်တိုင်အတွက်ပင်မကဘဲ သူမ၏အနာဂါတ်ကလေးအတွက်ပါ ပိုကောင်းအောင်လုပ်မှဖြစ်မည်။ ဒီတစ်ခေါက်တော့ သူမသားကို သူ့အမေက ရှက်စရာကောင်းတဲ့တံဆိပ်အတပ်ခံထားရတယ်ဆိုတာမျိုးဖြစ်ခွင့်မပြုနိုင်တော့ပေ။
လင်းရှန်းယွီ ဓာတ်ပုံပြလိုက်သည်နှင့် တခြားလူတွေလည်း နဂိုအာရုံသို့ပြန်ရောက်သွားကြသည်။
အမျိုးသမီးများက ရှောင်လင်းယွီကို အထင်အမြင်သေးကာ ထေ့ငေါ့လိုသည့်အကြည့်များဖြင့်ကြည့်ကြသည်။ ‘ပြောတော့ သူက အပျော်မယ်မဟုတ်ပါဘူးဆို? ဒါဆို ဒီပုံတွေကဘာလဲ? အခုဘာများပြောနိုင်သေးလဲ?’
‘စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီးဆုံးဖြတ်လို့မရဘူးပဲ။ ရှောင်လင်းယွီက ပုံမှန်ဆို ရည်ရည်မွန်မွန်နဲ့သိက္ခာရှိတဲ့မိန်းကလေးလိုပြုမူနေတာ။ တကယ်တမ်းကျတော့ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတဲ့ မိန်းမပျက်တစ်ယောက်ပဲ။ သူက အပျော်မယ်ဖြစ်နေရုံတင်မကဘဲ ငွေတစ်ခုတည်းကြည့်ပြီး ရုပ်အဆိုးဆုံးဖောက်သည်ကိုတောင်မှ လက်ခံလိုက်သေးတယ်။’
‘ရွံစရာကောင်းလိုက်တာ!’
သို့သော်လည်း အမျိုးသမီးအများစု၏အတွေးများတွင် မနာလိုမှုများပါဝင်နေသည်။
အမျိုးသားများ၏တုံ့ပြန်ပုံကတော့ မတူညီပေ။ သူတို့မျက်နှာပေါ်တွင်တော့ အလားတူ အထင်သေးစက်ဆုပ်သည့်အမူအရာများရှိနေသော်လည်း ထိုမျက်နှာဖုံးများအောက်တွင်တော့ လိုချင်တပ်က်မှုများကိန်းအောင်းနေလေသည်။
‘ရှောင်လင်းယွီက ဒီလိုရုပ်ဆိုးဆိုးယောက်ျားကိုတောင် လက်ခံချင်စိတ်ရှိတယ်ဆိုတော့ ငါတို့လို ပုံမှန်ယောက်ျားတွေကိုဆို ပိုလို့တောင် သူ့ကိုယ်သူ ပျော်ပျော်ကြီးရောင်းပေးမှာပဲ!’ ဒါကတော့ အမျိုးသားများ၏အတွေးပင်။
ရှောင်လင်းယွီဘေးတွင်ရပ်နေသည့် ယန်စစ်မင်ကတော့ မျက်လုံးအသာပင့်လိုက်သည်။ သူ့ဘဝတွင် အလှလေးပေါင်းများစွာကို တွေ့ခဲ့ဖူးသည်။ ဒါကြောင့် ရှောင်လင်းယွီသည် သူ့မျက်လုံးထဲတွင် သာမာန်အဖြစ်သာသတ်မှတ်နိုင်ပေသည်။
သို့သော်လည်း ထိုမိန်းကလေး၏ကိုယ်ထဲတွင်ဖြစ်တည်နေသည့် သန့်စင်မှုနှင့်အကြင်နာမဲ့မှုပေါင်းစပ်ခြင်းသည် သူ့ကို ဆွဲဆောင်သွားနိုင်ခဲ့သည်။
ထိုမိန်းကလေးကိုစိတ်ဝင်စားကြောင်းပြသည့်အနေဖြင့် ယန်စစ်မင်၏နှုတ်ခမ်းစွန်းများကွေးတက်သွားကာ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူက လူအုပ်ကြီး၏ ရှောင်လင်းယွီအပေါ်တုံ့ပြန်ပုံက အထင်သေးရာကနေ ထိတ်လန့်သည့်ဘက်သို့ပြောင်းလဲသွားသည်ကိုလည်း သူမြင်နိုင်ခဲ့ပေသည်။
လူသားတွေအပေါ် သူနားလည်ထားမှုအရဆိုလျှင် ဒီမိန်းကလေးသည် အလွယ်တကူနင်းချေခံရမည့် ရိုးသားနုံအသူတစ်ယောက်မဟုတ်တာ သေချာသည်။ သို့သော်လည်း သူ့ကို စိတ်မတင်မကျဖြစ်စေသည့်အရာကတော့ ရှိနေသေးသည်။ ရှောင်လင်းယွီသည် ဤကုမ္ပဏီမှဝန်ထမ်းငယ်လေးတစ်ယောက်သာဖြစ်သည်။ ပြောရရင် သူမကပမွှားလေးပင်၊ ဒါဆိုဘာကြောင့် တစ်ကုမ္ပဏီလုံးက ဘာကြောင့် သူမကိုပစ်မှတ်ထားနေကြတာလဲ? ဒီနောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းမျိုးရှိနေသေးတာလဲ?
အခုမှထွက်လာသည့် ထိုသက်သေအသစ်ဆိုတာကို ထိုမိန်းကလေးဘယ်လိုများဖြေရှင်းမလဲဆိုတာ ယန်စစ်မင်သိချင်လာသည်။ သူအတော်လေးစိတ်ဝင်စားမိနေခြင်းပင်။
ရှောင်လင်းယွီက ဘာကိုမှမငြင်းဆန်ခဲ့ပေ။ ထိုအစား သူမက လင်းရှန်းယွီကို အပြုံးဖွဖွလေးတစ်ခုဖြင့် ကြည့်လိုက်ကာ၊ “လင်းရှန်းယွီ၊ နင်ငါ့နောက်လိုက်နေတာလား? မဟုတ်ရင် ဘယ်လိုလုပ် နင့်ဖုန်းထဲမှာ ဒီလောက်များတဲ့ဓာတ်ပုံတွေရှိနေရတာလဲ?”
လင်းရှန်းယွီတွင် အဖြေကအဆင်သင့်ပင်။ ဤအဖြစ်အပျက်ဖြစ်နေသည့်အချိန် တိုက်တိုက်ဆိုင်ဆိုင်ပင် သူမကလည်း ထိုဟိုတယ်တွင်ရှိနေခဲ့သည်ဟုပင်။ သို့သော်လည်း ရှောင်လင်းယွီက သူမ၏ကြိုတင်ဆင်ထားသည့်စကားများကို ပြောခွင့်မပေးလာခဲ့ပေ။ “အိုး၊ ငါသိပြီ။ နင် ငါ့ကိုမနာလိုဖြစ်နေတာပဲ။ ငါချန်းယန်ဆီကကြားခဲ့တာတော့ နင်သူ့ကိုဖွင့်ပြောခဲ့တယ်ဆို။”
ထိုအချက်ကို ရှောင်လင်းယွီဖွင့်ထုတ်လိုက်သည်နှင့် လင်းရှန်းယွီ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ တခြားလူများသည်လည်း လင်းရှန်းယွီကို ထူးဆန်းသည့်အမူအရာများဖြင့် ကြည့်လာကြသည်။
လင်းရှန်းယွီက မန်နေဂျာချန်းကိုကြိုက်နေတာလား?
သူတို့ ဒီအကြောင်းတကယ်ကိုမသိခဲ့တာပဲ။
လင်းရှန်းယွီမှာ ထိတ်လန့်သွားကာ ချက်ချင်းပင် ဖြေရှင်းဖို့ကြိုးစားတော့သည်။ “နင်… နင်ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ!”
သူမ မန်နေဂျာချန်းကိုကြိုက်ပေမယ့် ဥက္ကဌသမီးကလည်း မန်နေဂျာချန်းကို ကြိုက်နေတာကြောင့် ဤသို့ဖော်ထုတ်ခံရလို့မဖြစ်ပေ။ ထိုမိန်းမကျောက်ဝမ်မန့်သည် အလွန်အမင်းသဝန်တိုစိတ်ကြီးကာ အကြင်နာမဲ့သူဖြစ်သည်။ ကျောက်ဝမ်မန့်သာ လင်းရှန်းယွီလည်း မန်နေဂျာချန်းကိုကြိုက်နေကြောင်း သိသွားလျှင် သူမဘဝအဆုံးသတ်သွားလိမ့်မည်!
ရှောင်လင်းယွီက ခပ်ထေ့ထေ့ရယ်လိုက်ကာ “New Island ကော်ဖီဆိုင် ၁၀၁။ ဒီလိုဆိုရင်ရော တစ်ခုခုမှတ်မိသွားလား?”
ရှောင်လင်းယွီပြောလိုက်သည်နှင့် လင်းရှန်းယွီ၏ဦးရေပြားတို့တင်းကျပ်သွားကာ သူမမျက်နှာသည်လည်း ဖြူဖျော့နေရာမှ ပိုလို့ပင်သွေးမရှိသလိုဖြစ်လာတော့သည်။ ထို့နောက် မသိစတ်အရ နောက်သို့ခြေလှမ်းတစ်ဝက်လောက်ပင် ဆုတ်မိသွားသည်။
လူတိုင်းကလည်း သူမ၏ပုံမှန်မဟုတ်သည့်အပြုအမူကို သတိထားမိကြသည်။
လင်းရှန်းယွီ၏မျက်လုံးများက ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။ တခြားလူတွေက သူမကိုကြည့်နေကြောင်း ပြန်သတိထားမိသွားချိန်မှာတော့ သူမစိတ်ကိုသူမအမြန်ဆုံးပြန်ထိန်းချုပ်လိုက်တော့သည်။ သူမရင်ထဲမှာ ထိတ်လန့်နေစဲစိတ်ကို ဖိနှိပ်ရင်း ပြန်အော်တော့သည်။ “နင်ဘာကိုဆိုလိုချင်လဲ ငါဘာမှမသိဘူး! ရှောင်လင်းယွီ၊ နင်စကားလမ်းကြောင်းလာမလွှဲနဲ့! နင်က တခြားယောက်ျားတစ်ယောက်ဆီ နင့်ကိုယ်နင် ရောင်းစားခဲ့တဲ့ အပျော်မယ်ပဲ။ ဘယ်လိုများ နင် မန်နေဂျာချန်းကို မျက်နှာပြတော့မလဲ? မန်နေဂျာချန်း နင့်အပေါ်ဘယ်လောက်ကောင်းလဲ လူတိုင်းသိတယ်။ ဒါကို နင်က ရုပ်ဆိုးဆိုးလူကြီးတစ်ယောက်နဲ့ ဖောက်ပြန်တယ်ပေါ့။ မန်နေဂျာချန်းက ဒီလောက်ခန့်ညားတာ။ သူကန်းနေလို့သာ နင့်လိုလူမျိုးကိုကြိုက်မိတာပဲ!”
လင်းရှန်းယွီ၏စိတ်အခြေအနေက ပိုလို့ထိန်းချုပ်မရနိုင်ဖြစ်ကာ ဆက်တိုက်ကျိန်ဆဲနေတော့သည်။ “နင်က ဘာမို့လို့ မန်နေဂျာချန်းကို သဝန်လာတိုနေတာလဲ? ငါက သူနဲ့ကော်ဖီတစ်ခွက်လောက်အတူသောက်ခဲ့ရုံပဲ။ ပြီးတော့ ငါတို့က ဒီအတိုင်းလုပ်ဖော်ကိုင်ဖက်သက်သက်ပဲ။ နင်ဘယ်လိုလုပ်ပြီးတော့ ငါတို့ကိုလာစွပ်စွဲရတာလဲ?”
လင်းရှန်းယွီ၏စကားလုံးများက နားမခံသာသော်လည်း ရှောင်လင်းယွီကတော့ ပြုံးရုံသာပြုံးနေခဲ့သည်။
ရှောင်လင်းယွီသည် ဒေါသထွက်ရမည့်အစား ခပ်ဟဟရယ်လိုက်သည်။ “ကြည့်ရတာ ငါ့စကားတွေက ချက်ကောင်းထိသွားပုံပဲ။ ဒါနဲ့ ငါပြောသွားတဲ့ထဲမှာ နင်နဲ့မန်နေဂျာချန်းတို့ ဒိတ်လုပ်တဲ့အကြောင်းတစ်ခုမှမပါဘူးနော်။ နင်ကသာ.. ကိုယ့်ဘာသာမလုံမလဲဖြစ်နေတာပဲ။”
ရှောင်လင်းယွီသည် လင်းရှန်းယွီပြန်လည်ချေပမည်ကိုပင်မစောင့်ပဲ စက်ဆုပ်သည့်အမူအရာဖြင့်၊ “ပြီးတော့ နင်အဲ့ဒီမကောင်းတဲ့ကောင်ကို အဲ့လောက်သဘောကျနေလဲ၊ ငါနင့်ကိုပေးလိုက်မယ်လေ။ ဘယ်လိုလဲ?”
ထိုအချိန်မှာပဲ ချန်းယန်နှင့်ကျောက်ဝမ်မန့်သည်လည်း ဓာတ်လှေကားထဲမှထွက်လာခဲ့ကာ ရှောင်လင်းယွီ၏နောက်ဆုံးစကားကိုကြားသွားခဲ့သည်။
***