Chapter 11
စုန့်ဖေးသည် ချက်ချင်းပင် စိတ်တည်ငြိမ်အောင်ထိန်းချုပ်နိုင်သည့်သူ့ကို အကြီးအကျယ်လေးစားသွားမိ၏။ သို့သော် ထပ်တွေးကြည့်ပါက ဇီဝပြောင်းကောင်များက လူသားစားခြင်းအား ကိုယ်တိုင် မမြင်တွေ့လိုက်ရသဖြင့် မယုံနိုင်စရာကောင်းသော မချိမဆန့်ခံစားရမှုအကျိုးကိုရရှိလိုက်သော သူ့လို ဖြစ်မည်မဟုတ်ပေ။
လက်ရှိအခြေအနေမှာ စုန့်ဖေးသည်လည်း စိတ်ရှုပ်ထွေးနေ၏။ ထို့ကြောင့် အသိအမြင်ရှင်းလင်းခြင်းမျိုး များစွာရှိမနေပါ။ ပြန်ပြောရပါလျှင်
“CET-4 ကို ငါတို့ဖြေနေတုန်းက ကျောင်းသားတစ်သိုက်က ရူးသွားတဲ့ပုံစံနှင့် အခန်းထဲကို တစ်ဟုန်ထိုးပြေးဝင်လာကြတာ၊ တွေ့သမျှလူတွေကို ဝင်ခုန်အုပ်ပြီး ကိုက်ကြတယ်၊ ဒါကြောင့် ငါတို့ စာမေးပွဲကိုတောင်ပြီးအောင် မဖြေဖြစ်ဘဲ လူတိုင်းကအပြင်ဘက်ကို ထွက်ပြေးလာကြတာ။ ငါ မင်းကို မလိမ်ဘူး၊ အခုပညာသင်ကြားဆောင်က အလောင်းကောင်တွေ ပြန့်ကျဲနေတဲ့ ငရဲနဲ့တူနေပြီ…”
အဆုံးသတ်ရောက်သောအခါ စုန့်ဖေးမျက်ဝန်းတို့၏ မျက်ခမ်းများက ရုတ်တရက် ပူတက်လာပြီး သူရပ်လိုက်သည်။
ထိုအရာသည် သူ့မျက်စိရှေ့တွင် အတန်းဖော်များသေဆုံးခြင်းကို မြင်တွေ့လိုက်ရသော ဝမ်းနည်းမှုကြောင့်ဖြစ်သည်။ သူက သတင်းထဲရှိ တစ်စုံတစ်ရာ သို့မဟုတ် ရုပ်ရှင်တစ်ကားအကြောင်းကို ပြောနေခြင်းမဟုတ်ပါ။ သို့သော် သူနှင့်ပတ်သက်ဖူးသူများ၌ ထိုအရာဖြစ်ပွားခဲ့ပြီး သူ့ဘေးကပ်လျက်မှာတွင် တစ်စုံတစ်ခုက တကယ့်ကိုဖြစ်ပျက်ခဲ့သည်။ ယခုတောင်မှ သူ့နားထဲတွင် မြည်တမ်းအော်ငိုသံများနှင့် အော်ဟစ်သံတို့ကို ဆက်တိုက်ရှိနေသေး၏။ ယခုမတိုင်ခင်က သူ့အကြောက်တရားသည် အလွန်ပြင်းထန်ပြီး တခြားအရာများကိုပါ လွှမ်းမိုးထားသည်။ ယခုမူ ကပ်ဘေးပြီးနောက် သည်ခံစားချက်များသည် သူ့တမ်းတမှုတို့နှင့် အချိန်နှောင်းစွာ ပြန်လှုံ့ဆော်သလိုဖြစ်နေခဲ့၏။
တစ်ဖက်ခြမ်းကလူလည်း ဆွံ့အသွားမိသည်။
“မင်း ငါ့ကိုလာနောက်နေတာလား…”
သူ့တွင် သံသယတချို့ရှိသော်လည်း ယုံကြည်စရာအချက်များစွာကြောင့် သူလည်း သံသယမဝင်နိုင်ပေ။ အဘယ်ကြောင့်ဆိုရသော် အောက်ထပ်က သွေးဖုံးနေသော ခြေလက်ပြတ်များသည် ကိုယ်တိုင် မမြင်ဖူးလျှင်တောင် အလွန့်အလွန် ဆိုးရွားသောဖြစ်ရပ်ကို မှန်းဆနိုင်သေးသောကြောင့် အလွန်မျက်စိပြာစေ၏။
လေအေးတစ်ချက် တိုက်ခတ်လာပြီး အပေါ်ဝတ်ဗလာ အောက်ခံဘောင်းဘီသူငယ်ချင်းသည် အအေးမိလိမ့်မည်မှာ အထင်းသားဖြစ်သော်လည်း သူ့ကြည့်ရသည်မှာ အာရုံခံစားမှုအားလုံး ဘာမှမရှိတော့ဟန်တူသည်။
“ဘယ် f*ck ကောင်က မင်းနဲ့ဆတ်ဆော့ချင်စိတ်ဝင်နေဦးမှာလဲ”
ထိုအချိန်တွင် စုန့်ဖေးအပေါ်ကနေ ရုတ်တရက် ရင်းနှီးသောအသံတစ်ခုပေါ်လာ၏။
“ဇွန်ဘီးတွေလေ မင်းနားလည်လား။ ဇီဝဓာတုကပ်တစ်ခုပေါ့ နားလည်ပြီလား။ ငါ့အသက်ကိုမကာကွယ်လိုက်နိုင်ခဲ့ရင် ဆရာ့ကို ငါ့အဖြေလွှာအပ်နိုင်တော့မှာမဟုတ်ဘူး”
အပေါ်ကိုကြည့်လိုက်မိသောအခါ သူ့အပေါ်တည့်တည့်က ၆၄၀ လသာဆောင်ပေါ်တွင် ပုဂ္ဂိုလ်တစ်ဦးရှိနေပုံရသည်။ သို့သော် သည်ရှုထောင့်ကနေ စုန့်ဖေးသည် တစ်ဖက်လူ၏မျက်နှာကို မမြင်နိုင်ပေ။
အမှန်တော့ သူဘယ်နည်းနှင့်မှ ကြည့်ရန်မလိုပါ။ သည်အသံ၊ သည်မကျေမချမ်းဖြစ်မှုကို သူပြာဖြစ်သွားလျှင်တောင် မှတ်မိ၏။
ထိုအသံကိုကြားတော့ အောက်ခံဘောင်းဘီသူငယ်ချင်းက အပေါ်ကိုမျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။ တစ်စုံတစ်ရာဖြစ်သွားသည်က သေချာနေ၏။ ကျောင်းသားနှစ်ယောက် သက်သေထွက်ဆိုနေသည့်အချက်ကို အသာထားဦး။ သူနပန်းလုံးခဲ့ရသည့် သူကတောင် ဖျားနေပုံမပေါ်ပေ။သို့သော် ဇွန်ဘီ သို့မဟုတ် ဇီဝဓာတုကပ်တစ်ခုအကြောင်းကို ပြောဆိုခြင်း သို့မဟုတ် ဘာအကြောင်းဖြစ်ပါစေ အပြတ်အသတ်အဓိပ္ပာယ်ရှိမနေပါ။
“ကူးစက်ပျံ့နှံ့မှုရောဂါတစ်ခု ဖြစ်နိုင်လား။ SARS ဒါမှမဟုတ် အာရေဗျတုတ်ကွေးလိုလေ”
အပေါ်ထပ်ကလူက အထင်သေးသလိုနှင့် နှာမှုတ်လိုက်သည်။ “ကူးစက်ရောဂါရှင်က ကူးစက်ခံရပြီး လူသားစားတဲ့သူဖြစ်သွားတာ မင်းကြားဖူးလို့လား”
“မူးယစ်ဆေးဝါးတွေဆိုရင်ရော”
စုန့်ဖေးသည် ချီယန် သူ့ကိုအရင်ကပြဖူးသော ဝေ့ပေါ်ပို့စ် (တရုတ်ကွန်ယက်) အောက်က မှတ်ချက်ကို စူးစမ်းတွေးမိသွား၏။
“မူးယစ်ဆေးက လူတွေကိုထင်ယောင်ထင်မှားဖြစ်စေပြီး ရက်စက်ကြမ်းကြုတ်လာစေတယ်လေ”
အပေါ်ထပ် : “ဒီလူတွေက တစ်ပြိုင်နက်တည်း မူးယစ်ဆေးသုံးကြတာလား။ ငါတို့ကျောင်းထဲက ရေပိုက်ထဲမှာ ကိုကိန်းနဲ့ရောထားလို့လား”
စုန့်ဖေး တိတ်သွားခဲ့သည်။
ရုတ်တရက်ဆန်သော အကြမ်းဖက်ဖြစ်စဉ်သည် အဖြေမရှိသောပြဿနာနှင့်တူပေသည်။ အဖြေကို မေ့ထားဦး၊ ခေါင်းစဉ်ကိုယ်၌ကပင် သူတို့၏ခွင်ထဲက လွတ်နေနှင့်ပြီ။
ချီယန်….
သူ့စိတ်ထဲ ရုတ်တရက်ဝင်လာသောလူက စုန့်ဖေး၏နှလုံးသားကို တင်းကြပ်သွားစေ၏။ သူသည် အိပ်ရာဘေးက သူ့ဖုန်းကိုယူရန် အခန်းထဲမြန်မြန်ပြန်ဝင်လိုက်သည်။ သို့သော် ဖုန်းကိုဆွဲယူလိုက်ပြီး မကြာခင်မှာပင် စိတ်ထပ်ညစ်ရပြန်သည် _ တိုင်ပျောက်နေဆဲဖြစ်၏။
ထိုသူ ယခုဘယ်မှာလဲ။ သူနှင့် နေ့လယ်စာ စားမည်ဟု သူ မပြောခဲ့ဘူးလား။ ကျစ်ရွမ်အဆောင်နားလား။ ကန်တင်းလား။ ဒါမှမဟုတ် အချိန်ဖြုန်းရန် စာကြည့်တိုက်သွားနေဝာာများလား။ သို့မဟုတ်… ကျောင်းအိပ်ဆောင်ကို သူလည်း ပြန်ပြေးနေပြီလား။
လသာဆောင်ကို အပြေးပြန်လာပြီး စုန့်ဖေးသည် သူ့အဆုပ်ထဲကနေ အော်ဟစ်လိုက်မိသည်။
“ချီယန်”
မျက်စောင်းထိုးရှိ အောက်ခံဘောင်းဘီသူငယ်ချင်းနှင့် အဖြေလွှာမအပ်လိုက်ရ၍ ကြီးစွာစိတ်မကျေမချမ်းဖြစ်နေသော အဆောက်အအုံ၏ဒုတိယလွှာက လူနှစ်ဦးစလုံး ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။ သူ စောက်ရမ်းဝိညာဉ်ပူးသွားတာလား။
နှစ်ယောက်စလုံးက ဒုတိယနှစ်ကျောင်းသားများဖြစ်သည်နှင့်အညီ ချီယန်၏အဆောင်ခန်းက ဒုတိယလွှာတွင်ရှိနေသည်။ သို့သော် စုန့်ဖေး၏နားစူးသံမှ နောက်ပိတ်ဆုံး မြည်သံတောင် လေထဲပျောက်ကွယ်လုနီးပါးဖြစ်သော်လည်း အောက်က ဘာတုံ့ပြန်မှုမှမလာသေးပေ။
စုန့်ဖေးသည် လသာဆောင်တွင် အင်အားမဲ့စွာထိုင်နေမိသည်။ သူ့စိတ်ထဲက ကြောက်နေသော်လည်း တစ်ဖက်လူက အဆောင်ခန်းကို ပြန်မရောက်သေးခြင်းဖြစ်ကောင်း ဖြစ်မည်ဟု သူ့ဘာသာယုံကြည်စေမိ၏။ ဖြစ်နိုင်သည်မှာ သူ တခြားနေရာတွင် ပုန်းနေခြင်းသော်လည်းကောင်း သို့မဟုတ် ထိုဇီဝပြောင်းကောင်များနှင့် သူလုံးဝပင် မတိုးသေးခြင်း ဖြစ်လောက်သည်။
“အခု ဘယ်လိုလုပ်ကြမလဲ?”
အောက်ခံဘောင်းဘီသူငယ်ချင်းနှင့် အဖြေလွှာမအပ်လိုက်ရသောသူငယ်ချင်းတို့က စတင်ပြောဆိုလာကြသည်။
အဖြေလွှာမအပ်လိုက်ရသော သူငယ်ချင်းသည် အကောင်းမြင်တတ်ဆုံးနှင့် အကြံ့ခိုင်ဆုံးစိတ်ရှိပေသည်။
“ငါတို့ ဘာများလုပ်နိုင်မှာလဲ။ စောင့်ကြည့်ကြတာပေါ့။ လူတွေအများကြီး သေပြီးပြီ။ကျောင်းက အဲ့ဒါကို ဘာမှမတတ်နိုင်ဘူးလို့ မင်းထင်နေတာလား။ သမ္မတက ခုလောက်ဆို သူတို့ထုတ်ပြန်ကြေညာချက်ပေါ်မှာ ငိုနေလောက်တယ်”
အောက်ခံဘောင်းဘီသူငယ်ချင်းက “သူတို့ ဘာလုပ်နိုင်မှာလဲ၊ အာ အဲ့ဒီရူးနေတဲ့ကျောင်းသားအားလုံးကို ဖမ်းမှာလား”
အဖြေလွှာ မအပ်လိုက်ရသောသူငယ်ချင်း : “ကောင်းပြီ၊ အဲ့ဒါတော့ ငါမသိဘူး။ ဒါပေမဲ့ ငါတို့ နေ့တိုင်းဆော့နေတဲ့အပင်တွေနဲ့ ဇွန်ဘီးဂိမ်းလိုတော့ မဟုတ်ဘူးပေါ့”
အောက်ခံဘောင်းဘီသူငယ်ချင်း : “ဒါက ဘာပဲဖြစ်ဖြစ်ကွာ တော်တော်လေး မူမမှန်နေဘူးလေ၊ ပြီးတော့ ငါတို့ဖုန်းတွေရဲ့ တိုင်တွေစောက်ရမ်း ပျောက်နေတုန်းကြီးမှကွာ”
အဖြေလွှာမအပ်လိုက်ရသောသူငယ်ချင်း : “ဒီနှစ်မှာ ဘာကိစ္စဖြစ်ပါစေ ငါတော့အံ့ဩမှာ မဟုတ်ဘူး”
“ကျောင်းသားများအာရုံစိုက်ပေးပါ၊ ကျောင်းသားများအာရုံစိုက်ပေးပါ __”
တက္ကသိုလ်နယ်မြေက PA အသံချဲ့စက်ကနေ ရုတ်တရက် အသံထွက်လာ၏။ စုန့်ဖေးသည် မြင့်တက်သွားသော စိတ်ဝိညာဉ်နှင့်အတူ ထရပ်လိုက်သည်။
“စာမေးပွဲကို နှောင့်ယှက်ဖျက်ဆီးခြင်းခံရပြီး ကျောင်းသားပေါင်း မြောက်မြားစွာ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရကျောင်းသားတွေကို ဆေးရုံမှာကုသဖို့အတွက် ပို့ဆောင်လိုက်ပါပြီ။ အိပ်ဆောင်ပြန်ရောက်သွားတဲ့ ကျောင်းသားများ ကိုယ့်အခန်းတံခါးနှင့် ပြတင်းပေါက်ကို လော့ခ်ချထားကြပါ။ ကျောင်းက ခွင့်ပြုချက်မပါဘဲ ကိုယ့်ဘာသာထွက်သွားခြင်းကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ကျောင်းအိပ်ဆောင်ကိုပြန်မရောက်သေးတဲ့ ကျောင်းသားတွေက လုံခြုံတဲ့အဆောက်အဦးထဲ ကျေးဇူပြု၍ နေကြပါ။ မလိုအပ်တဲ့ ရုတ်တရက် ထိတ်လန့်မှုဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန် ပြေးထွက်ခြင်းကို တားမြစ်ထားပါတယ်။ ကျောင်းသားအားလုံး အာရုံစိုက်ကြပါ။ ထပ်ပြောပါရစေ၊ CET-4 စာမေးပွဲအတွင်း မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်…”
ကြေညာချက်ကို စုစုပေါင်း ငါးခါတိတိ ကြေညာခဲ့သည်။
အချိန်တစ်ခုရောက်သော် ယင်းက တိတ်ဆိတ်သွားပြီး စုန့်ဖေးမှာ အလွတ်ရလုနီးပါးပင်။
“အိုကေ စောင့်ကြတာပေါ့”
အောက်ခံဘောင်းဘီသူငယ်ချင်းက သူ့စောင်ကိုကောက်ယူပြီး ကျောပေါ်ပြန်တင်လိုက်သည်။ သည်ကြေညာချက်မှာ တကယ့်ကို စိတ်အေးချမ်းစေခြင်း၊ အာရုံကြောပျော့ပျောင်းစေခြင်း အကျိုးဖြစ်ထွန်းပြီး သူနောက်ဆုံး သိလိုက်သည်မှာ ၎င်းက မိုက်သည်ပင်။
“ဒီညနေလောက်ကျ တက္ကသိုလ်စီမံခန့်ခွဲရေးက သူတို့ စာနာထောက်ထားမှုကိုပြဖို့ လာကြမယ်လို့ ငါတော့ ထင်တာပဲ”
အဖြေလွှာမအပ်လိုက်ရသော သူငယ်ချင်းလည်း စိတ်အေးသွားပြီးနောက် သည်သူရဲကောင်း၏နာမည်ကို အကြောက်အလန့်မဲ့စွာ မေးလိုက်သည်။
“ဟေး မင်းက ဘယ်ဌာနကလဲ”
အောက်ခံဘောင်းဘီ သူငယ်ချင်းသည် အလွန်ရက်ရောစွာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
“သင်္ချာဌာနက လော်ကန်းပါ၊ မင်းကရော”
အဖြေလွှာမအပ်လိုက်ရသော သူငယ်ချင်းက ကြင်နာစွာ တုံ့ပြန်သည်။
“ဗိသုကာဌာနက ကျိုးရီလုပါ”
သူပြောပြီးသည်နှင့် တစ်ဖက်ကို ထပ်လောင်းချီးကျူးလိုက်သည်။ “အခုလေးတင် မင်းရဲ့လှုပ်ရှားပုံတွေက အတော်လေးတော်တယ်။ အာ မင်းအရင်က လေ့ကျင့်ဖူးလား”
လော်ကန်း၌ သူရဲကောင်းပီသသော အမူအရာရှိပြီး ရွှင်ပျပျနှင့် ပေါ့ပေါ့ပြက်ပြက်ပုံဖြစ်သည်။ သူသာ စောင်မခြုံထားပါလျှင် သာမန်လို လက်ပါပြနေလိမ့်မည်။
“ဘာမှမဟုတ်ပါဘူး၊ စစ်တပ်လက်ဝှေ့ပွဲလေ”
ကျိုးရီလု၏ခံစားချက်သည် ပြိုလဲသွား၏။ “ဟေကွ… အဲ့ဒီအရာက တကယ်အသုံးတည့်လို့လား အာ”
“မင်းလေ့ကျင့်တဲ့အပေါ် မူတည်တယ်။ မင်းစိတ်ပါရင်လုပ်ဖို့ အဆိုတင်သွင်းလို့ရတယ်။ ဒါမှမဟုတ် မင်းကြိုက်ရင် တကယ်လည်း ချလို့ရတယ်”
လော်ကန်းသည် ပူဆွေးစွာကြည့်ရှုပြီးနောက် နည်းနည်းရပ်လိုက်ကာ “ဒါပေမဲ့ သုံးနှစ်ဆက်တိုက် မင်းလေ့ကျင့်ရတဲ့အခါ မင်းဘာကိုမှ တကယ်မလေ့လာသေးရင်တောင်မှ ပျင်းရိငြီးငွေ့သွားလိမ့်မယ်”
စုန့်ဖေးသည် မူလက သည်ထဲမှာမရောထွေးချင်ခဲ့သော်လည်း သည်အရာကိုကြားပြီးနောက် မတတ်သာတော့ပေ။
“ပထမနှစ်တွေနဲ့ ဒုတိယနှစ်တွေပဲ အဲ့ဒါကိုလုပ်ရတာမလား။ မင်းက နှစ်ကျလား”
လော်ကန်းက သူ့မျက်လုံးများကို လှန်လိုက်သည်။
“အဲ့ဒါ ဒီအစ်ကိုက ကောင်းကောင်း လုပ်လွန်းခဲ့တာကြောင့်ပေါ့၊ ဒါကြောင့် ဌာနက ဘယ်လိုဖြစ်ဖြစ် ငါ့ကို သွားခွင့်မပေးဘူးလေ အာ”
စုန့်ဖေး နားလည်လိုက်သည်။ သူတို့ဌာနတွင် ယင်းကလည်း ပြဿနာဖြစ်သည်။ အရင်က ကောင်းစွာအစွမ်းပြခဲ့သော စီနီယာအစ်ကိုများနှင့် အစ်မများကို သူ့လိုသာမဏေလောင်းလျာတို့ကို သင်ပေးဖို့အတွက် ၎င်းတို့တတိယနှစ်ဝင်ရောက်ပြီးနောက်ပိုင်း ပြန်ခေါ်ရတတ်သည်။ တစ်ယောက်တည်းသင်ကြားခြင်းငှာ မလုံလောက်ပေ။ အဆုံးတွင် သူတို့၏စွမ်းဆောင်ချိန်ရောက်သောအခါ သည်စီနီယာအစ်ကိုများနှင့် အစ်မများသည်လည်း တစ်အုပ်စုလုံးရှေ့တွင် မားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပေးရသည်။ ရေဒီယိုကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက် လေ့ကျင့်ခန်းခေါင်းဆောင်များလို ဖြစ်သည်။
ကျိုးရီလုသည် စိတ်ခံစားချက်ပေါင်းစုံနှင့် သက်ပြင်းချမိသည်။ “မင်းနည်းနည်းလောက် ကျွမ်းကျင်မှုစွမ်းရည်ရလာရင် လက်တစ်ဆိတ်စာတည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်ဆိုတာက အမှန်နဲ့တူတယ် အာ”
စုန့်ဖေး သက်ပြင်းချလိုက်သည်။ “အဲ့ဒါကလည်း ဘာစွမ်းရည်လည်းပေါ် မူတည်သေးတယ်လေ”
ကျိုးရီလု : “စွမ်းရည်တိုင်းက သူနဲ့ကိုက်ညီတဲ့နေရာတစ်ခုရှိပါတယ်လေ”
စုန့်ဖေး : “ထိုက်ချိယပ်တောင် မဟုတ်ပါဘူး”
ထိုက်ချိဖန် = ထိုက်ချိသိုင်းတွင် ကနဦးသုံးသော မိမိကိုယ်ကို ကာကွယ်သည့် လက်ကိုင်ယပ်တောင်တစ်မျိုး။