Chapter 16
စုန့်ဖေး ခန့်မှန်းထားသကဲ့သို့ပင် ဖြစ်ရပ်အချိန်တွင် ချီယန်သည် ကန်တင်းထဲမှာ သူ့ကို စောင့်နေခဲ့၏။။နေ့လည် ၁၁ နာရီပင် မထိုးသေးသည့်အတွက် ကန်တင်းထဲတွင် လူအနည်းအငယ်သာ ရှိနေခဲ့ပြီး သင်ကြားရေးဧရိယာဘက်မှ အိပ်ဆောင်တွေဆီသို့ ပြန်ပြေးလာပါက ကန်တင်းကို ဖြတ်သန်းရန်လိုပေသည်။
အစကတော့ ပြင်သစ်ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်တွင် အရူးလို အိပ်ဆောင်များဆီ ပြေးနေကြသော မရေမတွက်နိုင်သည့် ကျောင်းသားများကို မြင်ရခြင်းက သူတို့ကို ပတ်ချာလည်အောင် ခေါင်းခြောက်စေပေလိမ့်မည်။ စပ်စပ်စုစုဝင်ပါတတ်သူအနည်းစုကတောင် ပွဲကြည့်ရန် တံခါးဝသို့ တဟုန်ထိုးပြေးသွားကြပြီး စိတ်လှုပ်ရှားဖွယ် ကြည့်နေကြသေး၏။
သို့သော် မကြာမီတွင် ခြေလျင်ပထမတန်းစား ကြေးစားစစ်တပ်သည် လူနေဧရိယာအတွင်း ပျောက်ကွယ်သွားကြပြီး ခြေနှေးဒုတိယတန်းစား ကြေးစားစစ်တပ်များကတော့ ဇီဝပြောင်းကောင်များနှင့် ရစ်ငြိကုန်ကြသည်။
မျိုးဖြုတ်ခံရနီးသော ကျောင်းသားများသည် အဆောင်များကို ထွက်ပြေးရန် အခွင့်အရေးမရှိတော့သဖြင့် အသင့်တော်ဆုံး ဘယ်နေရာတိုင်းမှာမဆို ပုန်းနေကြရုံသာ တတ်နိုင်တော့သည်။ ထို့ကြောင့် ကြီးမားလှသော ကျောင်းသားတစ်သုတ်ပြီးတစ်သုတ် ကန်တင်းထဲ ပြည့်လျှံကုန်ကြပြီး မှန်တံခါးမကြီးများကို အကုန်လိုက်ပိတ်ရန် လက်တော်တော်များများ သုံးခဲ့ကြရသည်။
မည်သို့ဆိုစေ ကန်တင်းထဲ၌ သူတို့နှင့်အတူ တကွ လော့ခ်ချခံလိုက်ရသော ဇီဝပြောင်းကောင် ၇ ယောက် သို့မဟုတ် ၈ ယောက်ကလည်း ရှိနေခဲ့သည်။
အစတွင် လူတိုင်းသည် ထိုင်ခုံနှင့်စားပွဲတန်းများကြားတွင် ဇီဝပြောင်းကောင်များနှင့် စိန်ပြေးတမ်းကစားလျက် ပြေးကြရုံသာ တတ်နိုင်ကြသည်။ ကံကောင်းထောက်မစွာနှင့် ဇီဝပြောင်းကောင်များ၏ အဆစ်တို့က ပျော့ပြောင်းမှုမရှိဘဲ တောင့်တင်းနေတာကြောင့် ပြေးနေသောအချိန်တွင် လိုက်လျောညီထွေမှု မရှိဘဲ အတားအဆီးများနှင့် ကြုံသောအခါ ဘာမှမလုပ်နိုင်ကြပေ။
နောက်ပိုင်းတွင် ကန်တင်းက အန်တီကြီး၏ သည်းခံနိုင်စွမ်းများ ကုန်ခမ်းသွားပြီး ပေါက်ကွဲထွက်လာကာ မီးဖိုချောင်နောက်တွင် သူမရှာတွေ့လာသော မီးဖိုချောင်ဓားနှင့် သူမကိုယ်ပိုင်အားကို အသုံးပြုရင်း ဇီဝပြောင်းကောင်နှစ်ကောင်ကို တစ်ဦးတည်း ခုတ်လှဲပစ်လိုက်လေသည်။ပုံမှန်အချိန်မျိုး ဖြစ်လိုက်ပါလျှင် သူတို့၏ ဘယ်ကျောင်းနေဖက်များကိုမဆို ဓားကိုင်တိုက်ခိုက်ခြင်းကို လက်ခံကြမည်မဟုတ်ပေ။
သို့သော် သူတို့ထွက်ပြေးနေကြစဉ်က လမ်းတစ်လျှောက်တွင် ကယောင်ချောက်ချားမှုများစွာကို မျက်မြင်တွေ့ကြပြီးဖြစ်သည်။ ဦးနှောက်နည်းနည်းရှိသူမဆို သည်လူများက ရူးသွပ်သွားကုန်ပြီဟု သိကြပေသည်။
သေရေးရှင်ရေးအခြေအနေကို လက်တွေ့တစ်ခါကြုံပြီးချိန်တွင် အသက်ရှင်သန်ရန် အလိုလိုသိစိတ်သည် အမြဲတမ်း ပထမနေရာဖြစ်ပြီး ကိုယ်ကျင့်တရား၊ စာရိတ္တ သို့မဟုတ် တခြားဘယ်အရာမဆိုကိုက နောက်မှဆွေးနွေးလို့ရပေသည်။
သည်နည်းအတိုင်းတွေးလိုက်သည်နှင့် ကန်တင်းထဲရှိ ကျောင်းသားရာချီတို့သည် စစ်ဝိုင်းတိုက်မည့်သူများကဲ့သို့ အတူတူ ပူးပေါင်းလိုက်ကြသည်။ဓားမကိုင်ရဲသူများက အဘက်ဘက်ကနေ ဇီဝပြောင်းကောင်များ၏ လှုပ်ရှားမှုကို ဟန့်တားရန် သူတို့၏လက်မောင်းများကို ဆွဲဖမ်းထားပြီး ခြေထောက်များကို ကိုင်ထားကြသည်။
သည်ဇီဝပြောင်းကောင် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်တို့သည် အရပ်သားစစ်သည်တို့၏ အကန့်သတ်မဲ့ လှိုင်းတံပိုးများကြောင့် မျိုးဖြုတ်ခံလိုက်ရတော့၏။
“မင်း အဲ့ဒီတုန်းက ပေါတောတောနိုင်ပြီး ကြောက်နေလောက်တယ်” စုန့်ဖေးသည် သူ့စိုးရိမ်မှုနှင့် ခေါင်းကိုက်မှုကို ဖုံးကွယ်ပုံရသော အသံဖြင့် စနောက်လိုက်သည်။
ချီယန်၏ ဇာတ်ကြောင်းပြန်ခြင်းက တိုတုတ်ပြီး လုံးဝ အရှိအတိုင်းဆန်သဖြင့် ဘာခံစားချက်မှ မကျန်ခဲ့သလို ဖြစ်နေပေမယ့် ဒီလိုအခြေနေမျိုးတွင် လုံးဝမတုန်လှုပ်နေရန်မှာ မည်သူ့အတွက်မှမဖြစ်နိုင်ပေ။
ဤ အပြင်ပန်းအေးဆေးနေမှုက သူ့ရင်ထဲက အကြောက်တရားများကို ပိုမနက်ရှိုင်းလာအောင် ဖိချထားရုံသာ ဖြစ်သည်။
သူသည် မူလတုန်းက ချီယန်ကို ခေါင်းမာစွာ တခြားနည်းဖြင့် မရမက ပြောလာမည်ဟု တွေးမိသော်လည်း မထင်မှတ်စွာ ချီယန်သည် သူ့နှာခေါင်းကို ရှက်ရှက်နှင့်ပွတ်လိုက်ပြီး တစ်ခါတည်း ဝန်ခံလာသည်။
“တကယ်တော့ နည်းနည်းပါပဲ”
စုန့်ဖေး၏ မျက်လုံးများသည် အလွန်အံ့ဩခြင်းကြောင့် ပြူးသွားခဲ့သည်။ “မင်း ဘယ်တုန်းက ဒီလောက်ရိုးသားသွားတာလဲ?”
ချီယန်သည် မူးလဲလုမတတ်ဖြစ်သည်။ မနေ့တုန်းက မှတ်ဉာဏ်များကို နောက်ထပ် တစ်ကြိမ် ပြန်လှန်ပြောရန် အတင်းကြိုးစားလိုက်ရသည်။
“ငါတို့က တကယ်တော့ လူတွေကိုသတ်ခဲ့ပြီး ပေါင်လက်တွေကို အစိတ်စိတ် ခွဲခဲ့တာ။ဒါကို… ငါသာ ပေါကြောင်ကြောင်နိုင်အောင် ကြောက်မနေဘဲ အေးဆေးပဲလို့ပြောရင် မင်း ယုံမှာလား?”
စုန့်ဖေး : “… အဲ့ဒါမှန်တယ်”
ဒီလိုမျိုး လေထွားခြင်းကို ကောင်းကင်ဘုံကတောင် မခံနိုင်ဘဲ မိုးကြိုးပစ်ချပေလိမ့်မည်။
“မင်း သူ့ကို ဘာလို့ကျန်တာတွေ မပြောပြတာလဲ?”
ဘေးဒုက္ခတွင် အတူတူကြုံခဲ့ရသော ကန်တင်းမှာရှိနေသူ ချောင်စီချီးကလည်း အဓိကအချက်ကို ရောက်ဖို့ စောင့်နေလေသည်။ သို့သော် အချည်းနှီးသာဖြစ်သဖြင့် သူသည် ချီယန်ကို ဘေးကိုတွန်းရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
“ကျန်သေးတာလား?”
စုန့်ဖေးက ရှုပ်ထွေးနေသောအကြည့်ဖြင့် ကြည့်လိုက်ကာ “မင်းတို့တွေ ညဘက်မှာအိပ်ပြီး မိုးလင်းတော့ တံခါးတွေ ချိုးဖျက်ခံရလို့ အိပ်ဆောင်တွေဘက် ထွက်ပြေးလာတာ မဟုတ်လား?”
ချီယန်၏ အကြည့်များ မှိန်ဖျော့သွားခဲ့သည်။ သိသာစွာ ချောင်စီချီးက ဒီအကြောင်းကို ရည်ရွယ်ပြောဆိုနေတာမဟုတ်ပေ။
စုန့်ဖေးက စိတ်ရှည်စွာ စောင့်နေလိုက်၏။ ထိုအမှတ်တရများက ချီယန်အတွက် ဘာမှမကောင်းမှန်း သူသေချာပေါက် သိသည်။
မည်သို့ဆိုစေ ချောင်စီချီးသည် စိတ်ရှည်မှုတို့ ကုန်ခမ်းသွားပုံပေါက်သည်။ မူလက ခုံပေါ်တွင်နောက်ပြန်ခွထိုင်ပြီး ခုံနောက်ကျောပေါ်တွင် မေးတင်ထားကာ ချီယန် ဖွင့်ဟပြောမှာကို စောင့်နေသော်လည်း ချီယန်က မပြောလာသေးသဖြင့် ကိုယ်ကိုမတ်လိုက်ပြီး သူကိုယ်တိုင် ဝင်ပြောလိုက်သည်။
“ငါတို့ ဇွန်ဘီတွေကို တိုက်ခိုက်တုန်းက တချို့ ကျောင်းသားတွေ အကိုက်ခံလိုက်ရတယ်။အဲဒါ
ကြောင့် ငါတို့လည်း အကိုက်ခံလိုက်ရပြီး ဇွန်ဘီတွေအဖြစ် ပြောင်းသွားတဲ့ အတန်းဖော်တွေကို ခေါင်းကိုဦးတည်ပြီး တည့်ရှင်းလိုက်ရတယ် ”
“ဒီစက်ဝိုင်းသံသရာက သူ့ဘာသာ ၃ ခါလောက် ထပ်ထပ် ဖြစ်နေပြီး စုစုပေါင်း ကျောင်းသား တစ်ဒါဇင်ထက် ပိုသေကုန်တယ်”
စုန့်ဖေးသည် လှေကားအုံတွင် လှဲချခံရပြီး ကိုက်ဝါးခံလိုက်ရသော ကျောင်းသားက ချက်ချင်း တန်းထကာ မတ်တပ်ရပ်လျက်သား လမ်းပြန်လျှောက်လာသည်ကို တွေ့ခဲ့ရသည်။အဆောင်တွင် သူ့အိပ်ခန်းထဲ ဆွဲသွင်းခံရပြီး မျက်နှာတစ်ဝက်နှင့် လသာဆောင်ကို ပြန်လာသောသူကိုလည်း သူ မြင်ဖူးပေသည်။ ထို့ကြောင့် ချောင်စီချီး ဖော်ပြနေသောဖြစ်ရပ်ကို သူစိတ်ကူးပုံဖော်နိုင်ခဲ့သည်။
သို့သော် ကန်တင်းထဲတွင်ရှိနေကြသော လူတိုင်း၏စိတ်ထဲက အခြေအနေကို သူပုံမဖော်နိုင်ပေ။
ဘေးချင်းကပ်တိုက်နေကြသော အတန်းဖော်များက ပြီးသည်နှင့် ဇီဝပြောင်းကောင်များ မျက်တောင်တစ်ခတ်အတွင်း ဖြစ်လာခဲ့ကြသည်။ ဇီဝပြောင်းကောင်များကို သတ်ရန်လွယ်ကူသော်လည်း သွေးသောက်ရဲဘော်ရဲဘက်ကို သတ်ရန်ကျတော့ရော။
ဇီဝပြောင်းကောင်များသည် ကိုယ်တိုင် သူတို့၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးနိုင်သော်လည်း ကျန်ကျောင်းသားများကတော့ သူတို့၏ ခံစားချက်များကို ချက်ချင်းမပြောင်းနိုင်ကြပေ။
ချောင်စီချီးသည် တစ်ဒါဇင်ကျော်လောက် ကျောင်းသားများ သေဆုံးခြင်းအကြောင်းကို ဖောက်သည်ချနေသောအချိန် သူ့အသံကို ရုတ်တရက် တိုးလိုက်ပြီး မသိုဝှက်ထားနိုင်သော သက်သောင့်သက်သာမဖြစ်ခြင်းက ယင်းထဲတွင် ရှိနေသေး၏။
သို့သော် ဇွန်ဘီ သို့မဟုတ် ခေါင်းကိုတည့်ရှင်းသည့်အကြောင်း ပြောသည့်အချိန်တွင်တော့ အလွန်သဘာဝကျကာ ဖြစ်သင့်သည်ကိုပြောနေသလိုမျိုး လုံးဝပုံမှန်ပင်။
“တစ်ချိန်တည်းမှာ ဇွန်ဘီတွေအများကြီး ပေါ်လာတာ မဖြစ်နိုင်ဘူး ” စုန့်ဖေးသည် ရုပ်ရှင်ထဲကလိုမျိုး အလားတူသော အဖြစ်အပျက်များ ဖြစ်လာမှုကို မနှစ်သက်ပါ။
ဇီဝပြောင်းသွားသော ထိုကျောင်းသားများက လူသားထပ်မဖြစ်တော့ဘူးဆိုပေမယ့် သည်တိုင်း ဇွန်ဘီတွေတော့ မဖြစ်လာသင့်ဘူးလေ။
သို့သော် မိနစ်နှစ်ဆယ်လောက်တုန်းက သူကိုယ်တိုင် တစ်ကောင်ကို သူ့လက်နှင့်ကိုယ်တိုင် တွန်းချလိုက်တာဖြစ်သည်။ တစ်ဖက်မှာ ဖြေရှင်းသင့်လို့ လုပ်ခဲ့တယ်လို့ ပြောနေပေမယ့် တစ်ဖက်မှာတော့ သူတို့က လူသားမဟုတ်တော့တာနဲ့ မရှင်းပစ်သင့်ဘူးဟု ခံစားမိနေတုန်းပင်။
စုန့်ဖေးကိုယ်တိုင် ကြောင်သူတော်လိုခံစားနေရသည်။ မည်သို့ဆိုစေ မနေ့တုန်းက ဖြစ်ရပ်ကနေ ယနေ့အထိ သူသည် ဝိရောဓိမညီမျှမှုထဲ ပိတ်မိနေခဲ့၏။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲက နောက်ဆုံးသင်္ချာ ပုစ္ဆာတစ်ခုလိုပင် သူ့ဦးနှောက်ကို အလွန်အမင်းအသုံးချနေပေမယ့် အဖြေမထွက်နိုင်သေးပါ။
ချောင်စီချီးသည် သူ့စကားလုံးများကြောင့် အသက်ရှူမှားသွားပြီး စုန့်ဖေးဆိုလိုရင်းကို မပီမပြင်နားမလည်ခင် အချိန်အတော်ယူလိုက်ရသည်။ထို့ကြောင့် သူ မြန်မြန် ရှင်းပြလိုက်သည်။
“အဲ့ဒီအကြောင်းက ငါစနောက်နေတာ မဟုတ်ဘူး။ငါတကယ် ဒီဇွန်ဘီကို ဗိုင်းရပ်စ်လို့ထင်တယ်။ပြီးတော့ ငါတို့ ကန်တင်းမှာရှိနေတုန်းကလည်း အတည်ပြုခဲ့တယ်။ဘယ်နေရာမဆို သူတို့ကို အနာတရဖြစ်စေတာက အသုံးမဝင်ဘူး။ မင်း သူတို့ခေါင်းကို ဖျက်ထုတ်တာမဟုတ်ရင် သူတို့၏ ဦးနှောက်ကို ဖျက်ဆီးပစ်မှ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ အကုန်အစင် ဆုံးရှုံးလိမ့်မယ်”
စုန့်ဖေးအတွက် သည်စကားကို နားမလည်သည့်အတွက် ချီယန်ကို ကြည့်ရန်သာ တတ်နိုင်သည်။
ချီယန်က ပခုံးတွန့်လိုက်ကာ “ငါ့ကိုမမေးနဲ့၊ ငါလည်း ရှုပ်ထွေးတတ်တဲ့ သာမန်လူတစ်ယောက်ပဲ ”
“ငါက ပညာတအားမတတ်ဘူး၊ ဒါကြောင့် ခဏစောင့်” စုန့်ဖေး၏ အတွေးများသည် နည်းနည်းလေး ရောထွေးနေ၏။
“ဇွန်ဘီတွေက ဦးနှောက်ရှိတာလား၊ ရုပ်ရှင်တွေထဲမှာဆိုရင် သူတို့အကုန် ဦးနှောက်ဖောက်နှိုက်ကြတာမလား။ သူတို့မှာ မရှိနေတဲ့ဟာကို ဖြည့်စွက်ဖို့ စားကြတယ်လေ”
ချောင်စီချီး၏မျက်နှာ ရှုံ့သွား၏။ သူ ခဏမျှ တွေးလိုက်ပြီး ပိုရှင်းလင်းတိကျစေသော စကားလုံးများကိုသုံးကာ ပြန်ပြောပြလိုက်သည်။
“ဇွန်ဘီတွေရဲ့ ဉာဏ်ရည်က အဓိကအားဖြင့် ကျဆင်းသွားတာ အမှန်ဖြစ်ပေမယ့် ဦးခေါင်းခွံပေါက်က ဦးနှောက်တစ်ရှူးလုပ်ဆောင်ချက် တချို့ ပါရှိနေသေးသင့်တယ်။အတိအကျဆိုရင် ဒီဦးနှောက်က သူတို့ရဲ့ နာကျင်ရေးလှုံ့ဆော်မှုနေရာကို ရပ်ထားရင်တောင်မှ၊ ဇွန်ဘီတွေကို သက်ရှိလူသားတွေကို တိုက်ခိုက်ပြီး လူသားစားခိုင်းတယ်။ အဆစ်တွေလိုက်လျောညီထွေဖြစ်မှု ယုတ်လျော့ပြီး ထိုးထွင်းဉာဏ်ကို အဆုံးသတ်လိုက်တဲ့ နာ့ဗ်ကြောက သူတို့လှုပ်ရှားမှုတွေကို ရွေးလျားဖို့ ချို့တဲ့သွားစေတယ်…”
စုန့်ဖေးသည် မူလအစက သူ့ခုံတွင် မှီနေရင်း နားထောင်နေသော်လည်း အဆုံးနားရောက်စဉ် ကျောင်းနေဖက်တစ်ယောက် အရေးမပါပြောနေခြင်းကို နားထောင်နေသည်မဟုတ်မှန်း သူခံစားမိလာသကဲ့သို့ သူ့ကျောကို မတ်လိုက်သည်။
သို့သော် တော်တော် “သိပ္ပံပညာကို ချဉ်းကပ်ခြင်း” ဖြစ်နေတုန်းပင်။
အစတုန်းက ချီယန်သည် ချောင်စီချီးကို စိတ်မြန်လက်မြန် လူမျိုးဖြစ်မည်ဟုသာ သုံးသပ်ထားသည်။ ဖြစ်ပွားနေသော ပရမ်းပတာအခြေအနေများအတွက် ကျိုးကြောင်းသင့်လျော်သော ရှင်းပြမှုတစ်ခု ရှိနေသင့်သည့်တိုင်အောင် မဆိုင်တဲ့ကိစွတွေပါ ထည့်ပြောစရာ မလိုဘူးလေ။
မည်သို့ဆိုစေ သူနားထောင်လေလေ လုံးဝကျိုးကြောင်းမသင့်တာ မဟုတ်ဘူးဟု ပိုခံစားမိလေလေ ဖြစ်သည်။ ချောင်စီချီးက ပြီးအောင်ပင် မပြောရသေးဘဲ အသက်ခဏရှူရန် နားသည့်နေရာသို့ ရောက်နေပြီဖြစ်သည်။
သူကြားဖြတ်ပြောရန် မအောင့်နိုင်တော့ပေ။