Chapter 2
နှစ်ရက်တောင်မကြာပဲ စုန့်ဖေးတစ်ယောက် ချီယန်နဲ့ထပ်ပြီး တွေ့ဆုံခဲ့တဲ့နေရာကတော့ ခရက်ဒစ်နှစ်ခုစာတန်ဖိုးရှိသည့် ရှေးဟောင်းရုပ်ရှင် တန်ဖိုးထားခြင်းအတန်းမှာဖြစ်သည်။
ဒီအတန်းအတွက် စာရင်းပေးချင်သူအရေအတွက်က နွေဦးပွဲတော် ရထားလက်မှတ်ဝယ်သူတွေလိုပင် အားကောင်းလှ၏။ ခနအတွင်း လူပြည့်သွားတတ်တာကြောင့် စုန့်ဖေးနဲ့သူ့အခန်းဖော်တွေအားလုံး မောက်စ်တွေကို လျင်လျင်မြန်မြန်နှိပ်ရင်း တိုက်ပွဲဝင်ခဲ့ကြပေမယ့် စုန့်ဖေးတစ်ယောက်သာ ထီပေါက်သွားခဲ့သည် ။
ပထမဆုံးအတန်းမှာတင် ဒီရွေးချယ်မှုကမှန်ကြောင်း သူသိလိုက်၏။သင်ပြသူကလည်းသဘောကောင်းပြီး ဘဲလ်တီးတာနဲ့ roll call ကောက်ကာ မီးမှိတ်ပြီး ရုပ်ရှင်စပြတော့တာပင်။စိတ်ပါဝင်စားစွာ ကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ သူက လစ်လျူရှုပေးထားသည်။ ပြီးတော့ မီးမှိတ်ထားတဲ့ စာသင်ခန်းလောက် အိပ်ချင်စရာကောင်းတာ မရှိနိုင်တော့တာကြောင့် စုန့်ဖေးကတော့ တခါတရံမအိပ်ချင်ရင်တောင် အေးဆေးစွာအနားယူလိုက်တော့တာပင်။
နောက်ဆုံးစာသင်နှစ်အပြီးမှာ minor အတန်းတွေ ရွေးချယ်တုန်းက သူတို့နှစ်ယောက် အဆင်ပြေနေတုန်းမို့ တော်တော်များများကို အတူရွေးချယ်ခဲ့ရာ အခုချိန်မှာတော့ ဝမ်းနည်းစရာ ရိုမန့်စ်ရုပ်ရှင်ဇာတ်လမ်းလိုပင် ခနခနတွေ့နေရတော့သည် ။
အတန်းထဲမှာ ချီယန်က သူ့ထုံးစံအတိုင်း ရှေ့ဆုံးမှာထိုင်တတ်ပြီး စုန့်ဖေးက နောက်ဆုံးမှာထိုင်သည်။ဒါက လမ်းခွဲထားတဲ့ သူတို့ဇာတ်လမ်းနဲ့မသက်ဆိုင်ပါပဲ သူတို့ရဲ့ ရိုးသားတဲ့ဆန္ဒအရ ရွေးချယ်တဲ့နေရာတွေပင်။သူတို့လမ်းခွဲပြီးမှ minor အတန်းတွေ အတူတူကျတာပေမယ့် စုန့်ဖေးရဲ့စိတ်ထဲမှာ ဒီကောင်တစ်ခြားအတန်းတွေမှာလည်း ဒီလိုပဲနေမှာဟု အလိုလိုသိနေသည်။ဝမ်ချင်းယွမ်လည်း ထိုနည်းလည်းကောင်းပင်၊ကျောက်သင်ပုန်းနဲ့နီးလေ စာပိုရလေလို့ တွေးထားသလားမသိပေမယ့် ပုံမှန်တစ်နှစ်တစ်တန်းသာအောင်ဖို့တွေးထားတဲ့ စုန့်ဖေးအတွက်တော့ စကော်လာ ကျောင်းသားတွေရဲ့ အတွေးအမြင်ကို နားမလည်နိုင်ပါ။
သူတို့မတွဲဖြစ်တော့တာလည်း တစ်မျိုးကောင်းတာပါပဲ။မဟုတ်ရင် ရှေ့ဆုံးမှာထိုင်ချင်သူနဲ့ နောက်ဆုံးမှာထိုင်ချင်သူတို့ နေ့တိုင်းငြင်းခုန်နေရမှာပင်။အရင်နှစ်ကတောင် စာကြည့်တိုက်မှာစာသွားလုပ်ဖို့ကိစ္စနဲ့ပက်သက်ပြီး မကြာခန ငြင်းခုန်ကြရတယ်မဟုတ်လား ။
ဘဝခံယူချက်သုံးခုမတူညီနေတဲ့သူတွေဟာ မတွဲကြတာ အကောင်းဆုံးပဲဆိုရင် စာလုပ်ဖို့ခံယူချက်ချင်းမတူညီတာက သေစေလောက်တဲ့ မတွဲဖို့အကြောင်းရင်းပင်။
စုန့်ဖေးအတွက်ကံဆိုးတာက လျှပ်စစ်ပစ္စည်းတွေသိမ်းခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး ခနငြိမ်သွားတော့ ပြီးပြီလို့ထင်ထားခဲ့ရာမှ ဆရာကျားက သူ့ရဲ့ ပိတ်ရက်နေ့လယ်ပိုင်းမှာ roll call ကောက်နေရင်း သူတို့အခန်းကို သမိုင်းမေဂျာရဲ့ ဒုတိယနှစ်ကျောင်းသားတွေအားလုံးကြားမှာ ဆူပူခဲ့သည်။ ထို့ကြောင့် သူတို့ရဲ့ခံစားချက်တွေက အနည်းငယ် မှေးမှိန်နေတာ နောက်နေ့အထိပင်။
ဒီနေ့မှာတော့ သူတို့ရဲ့ပုံမှန်ဆို သဘောကောင်းလေ့ရှိတဲ့ အတန်းဆရာက horror ရုပ်ရှင်တစ်ခုကိုပြ၏။Horrorလို့ခြုံငုံပြောတာပေမယ့် ဆရာရဲ့ရှင်းပြချက်အရတော့ အစွန်းရောက်ကိုးကွယ်ယုံကြည်တဲ့အဖွဲ့တွေအကြောင်းပင်။ပြီးတော့ “လူကြီးလူကောင်းတွေက ရုပ်ရှင်ကြည့်နေရင်စကားမပြောဘူး” ဆိုတဲ့ သူ့ရဲ့ပုံမှန်ခံယူချက်ကိုသွေဖယ်ကာ စကားတွေရေပက်မဝင် စပြောတော့သည်။
သူ့ရဲ့သက်တမ်းတစ်လျှောက်ကြည့်ခဲ့ဖူးတဲ့ အလားတူရုပ်ရှင်တွေအကြောင်းနဲ့ ဒီတစ်ခုဟာ သူတို့အားလုံးရဲ့အထက်က ဘိုးဘေးဖြစ်ကြောင်း စသည်ဖြင့် မျက်လုံးတွေအရောင်တစ်လက်လက်နဲ့ရှင်းပြနေတဲ့ ဆရာကိုကြည့်ရင်း စုန့်ဖေးရဲ့စိတ်ထဲမှာ အရှေ့ကကြည့်ခဲ့တဲ့ကားတွေအကုန်လုံးက မဖြစ်မနေ သင်ခန်းစာထဲထည့်ထားတဲ့ဟာတွေသာဖြစ်ပြီး ဒီတစ်ခုက ဆရာရဲ့ ရတနာဖြစ်ကြောင်း သိလိုက်သည်။
ဒီရတနာကလည်း အတော်ကို လှုံ့ဆော်နိုင်တဲ့အမျိုးအစားဖြစ်ပြီး ဒါရိုက်တာက လူ့အဖွဲ့အစည်းကိုလက်စားချေလိုသည့် သူ့စိတ်နှလုံးကို ဒီကားထဲနှစ်မြုပ်ထားပုံရကာ နေရာအနှံ့ကို ပန်းထွက်လာတဲ့သွေးတွေ၊ လွင့်စင်လာတဲ့ခြေလက်ပြတ်တွေက ပီပြင်လှသည်။ သက်တမ်းရင့် ဒါရိုက်တာတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့လက်ရာက စိတ်ရောကိုယ်ပါနှိပ်စက်နိုင်စွမ်းရှိလှ၏။အဆုံးမှာတော့ စုန့်ဖေးတစ်ယောက် မခံနိုင်တော့ပဲ အတန်းထဲက စောပြီးထွက်ဖို့စိတ်ကူးမိသည်။သူ့ကိုလှမ်းကြည့်တဲ့မိန်းကလေးတစ်ချို့က သူ့ကိုသနားစရာလိုကြည့်ကြပေမယ့် သူကတော့ သူတို့ရဲ့ သတ္တိကိုလေးစားမိသည်။
မိန်းမတွေကမှ တစ်ကယ့်ယောက်ျားအစစ်တွေပဲ။
သူ့သူငယ်ချင်းတွေထဲမှာလည်း ဒါမျိုးကြိုက်တဲ့သူတွေရှိပေမယ့် စုန့်ဖေးကတော့ သည်းမခံနိုင်ပေ။
အင်းဆက်တွေကို လက်နဲ့ကိုင်ရဲသူတွေရှိသလို တုန်နေအောင်ကြောက်တဲ့သူတွေလဲရှိတာပဲမို့လူတိုင်းဟာ ကိုယ့်အားနည်းချက်နဲ့ကိုယ်ပဲမဟုတ်လား။နာမည်စာရင်းလည်းကောက်ပြီးပြီမို့ သူလည်း ကန်တင်းဖက်ကို သီချင်းလေးညည်းရင်းထွက်လာခဲ့သည်။
စောနေတာမို့ တန်းစီစောင့်စရာမလိုတော့ဘူးပဲ…. ဟန်ကျလိုက်တာ။
သူထိုင်ပြီး ကြက်ပေါင်တစ်တုံးကို စစားချိန်မှာတော့ သူ့ဘဝရဲ့ရှားပါးတဲ့ ပျော်ရွှင်မှုလေးကိုခံစားလိုက်ရသည်။ပြီးတော့ စားဖိုမှူးအသစ်ရဲ့ အောင်မြင်တဲ့ဟင်းလျာအသစ်က ဆယ်မှတ်မှာခြောက်မှတ်ပေးရအောင်ကောင်းတယ်လို့ စဥ်းစားနေတုန်းမှာပဲ သူ့ဆီကို ချီယန်ရဲ့ wechat မက်ဆေ့ချ်ဝင်လာခဲ့၏။
[ဆရာက နာမည်စာရင်း ထပ်ကောက်သွားတယ်]
ခုနက ချိုမြပြီးအရသာရှိနေတဲ့ ကြက်သားက သူ့ပါးစပ်ထဲ စားမကောင်းတော့ပေ။
စုန့်ဖေးအချိန်ကိုကြည့်လိုက်တော့ အတန်းပြီးဖို့ကွက်တိလောက်ဖြစ်နေတာကြောင့် သူ့မှာလုပ်နိုင်တာဆိုလို့ ချီယန်က သူ့ကိုတမင်တကာ စိတ်ဆင်းရဲအောင်လုပ်တာလို့ပဲတွေးနိုင်ကာ စိတ်ဆုံးဖြတ်ပြီး စာပြန်လိုက်သည်။
[တော်စမ်းပါ။ သူအတန်းစကတည်းက လူစာရင်းကောက်ပြီးသားကို အခုမှဘာလို့ပြန်ကောက်မှာလဲ ရူးနေလို့လား]
ဟိုဖက်ရဲ့တုံ့ပြန်မှုကတော့ တိုတောင်းတဲ့ [အမ်?] ဟူ၍သာဖြစ်သည်။
စုန့်ဖေးလည်း သူ့ဟာနဲ့သူ သိပ်မသေချာတော့ပေ။ခနလောက် လှည့်ပတ်မေးကြည့်ပြီးနောက် ရူပဗေဒအတန်းက သူငယ်ချင်းတစ်ယောက်ကို ရှန်းယန်က မိတ်ဆက်ပေးသည်။
ထိုသူငယ်ချင်းပြောတာကတော့
[အေး ဟုတ်တယ်။ လူစာရင်းကောက်ရုံတင်မကဘူး။ဒီနေ့လာမတက်တဲ့သူတွေကို စာမေးပွဲမဖြေနဲ့တော့။ ဖြေရင်လည်းအောင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်] ဟူ၍ ဖြစ်သည်။
ချီယန်က သူ့ကိုစိတ်ညစ်အောင်လုပ်ချင်တာဟုတ်မဟုတ် စုန့်ဖေးလည်း မသေချာတော့ပါ။
ဒီဆရာက သေချာပေါက် သူ့ရဲ့ရုပ်ရှင်အပေါ်ကို သူ့အချစ်တွေအကုန်ပေးထားတာကြောင့် သူ့ရဲ့အချစ်ကို အသိအမှတ်မပြု မခံစားနိုင်တဲ့လူတိုင်းကို အာရုဏ်တက်ချိန်ရောက်တဲ့အထိ ဇောက်ထိုးဆွဲထားမှာပင်။
ခရက်ဒစ်နှစ်ခုစာ တစ်ချိန်တော့သွားပြီ။ မဟုတ်သေးဘူး။နှစ်လစာ အတန်းတစ်ခုလုံး သွားတာဆို ပိုမှန်မည်။
စုန့်ဖေးမှာ အစာစားချင်စိတ်လည်းမရှိတော့တာကြောင့် ဝမ်ချင်ယွမ်အတွက် ပါဆယ်ထုတ်ပေးလိုက်ရင်း အဆောင်ကို ခေါင်းငိုက်စိုက်ပြီး ပြန်လာခဲ့တော့သည်။
အခန်းထဲက CET6 အတွက် အစမ်းမေးခွန်းတွေဖြေကြည့်နေတဲ့ ဝမ်ချင်းယွမ်ကတော့ ကျေးဇူးတင်ရကောင်းမှန်းမသိသည့်အပြင် အနာပေါ်ကိုဆားသိပ်သလိုပင် “နောက်လဝက်လောက်ဆို CET 4 နဲ့ 6 ကိုဖြေရတော့မယ်ပြောတယ်။ မင်းကြည့်ပြီးပြီလား” ဟုမေးလာလေသည် ။
စုန့်ဖေးရဲ့တက္ကသိုလ်က ပထမနှစ်တွေကို CET4 အရင်ဖြေခွင့်ပေးပေမယ့် ဝမ်ချင်းယွမ်ကတော့ အမှတ်ကောင်းကောင်းနဲ့ CET 6 ကိုအရင်ဖြေဆိုသည်။ စုန့်ဖေးလည်း အေးအေးဆေးဆေးနဲ့ပဲအောင်သွားပြီး ဒီနှစ်မှာလည်း လွတ်လွတ်ကျွတ်ကျွတ်အောင်ဖို့ လုပ်ရုံသာပြင်ဆင်ထား၏။
သူ့ရဲ့အမူအရာကိုကြည့်သည်နှင့် ဝမ်ချင်းယွမ်ကလည်း သဘောပေါက်သွားပြီး တရားချဖို့လက်လျှော့လိုက်ကာ အကြံပေးစကားသာဆိုလာသည်။
“မင်းမှာကြိုပြီးပြင်ဆင်ထားဖို့ စိတ်ကူးမရှိဘူးဆိုရင် ပိုက်ဆံမဖြုန်းပဲ ဝင်မဖြေတာကောင်းမယ်”
စုန့်ဖေးလည်း သူ့ရဲ့ပိုက်ဆံကိုနှမျောပါသည်။ သို့သော် “လူတိုင်းဝင်ဖြေတဲ့စာမေးပွဲကို ငါတစ်ယောက်ထဲဝင်မဖြေလို့ကလည်း အဆင်မပြေဘူးလေ။ အား ……..”
ဝမ်ချင်းယွမ်က သူ့ကိုတစ်ချက်ကြည့်ပြီး
“မင်းအမှတ်က ပိုအဆင်မပြေဘူး”
စုန့်ဖေးလည်း နေ့လယ်စာဘူးကိုသာ လက်နှစ်ဖက်နဲ့ထိုးပေးရင်း “ကော ၊ နေ့လယ်စာကိုသာပူတုန်းစားပါတော့”
ဝမ်ချင်းယွမ်လည်း စာကိစ္စနဲ့ပက်သက်ပြီး ပြောမရတဲ့သူတွေကိုပြောလည်း လေကုန်တာသာ အဖက်တင်မှာမို့ လက်လျှော့လိုက်လေသည်။
အိပ်ယာပေါ်မှာ ခနလှဲလျောင်းရင်း ဖုန်းသုံးပြီးနောက် စုန့်ဖေးလည်း အိပ်ငိုက်လာတာမို့ တစ်ရေးခနအိပ်လိုက်ပြီး ပြန်နိုးလာတော့ ရှန်းယန်က ပြန်ရောက်နေပြီဖြစ်ပြီး ဖုန်းသုံးနေ၏။
တစ်ချက်ကြည့်လိုက်တာနဲ့ကို ဒီကောင် သူ့ကောင်မလေးနဲ့ရန်ဖြစ်နေမှန်း ဖုန်းစခရင်ကို ဒေါသပါပါနဲ့နှိပ်နေပုံက ပေါ်လွင်စေသည်။
သူ့ကောင်မလေးက တခြားတက္ကသိုလ်ကမို့ ညှိရနှိုင်းရတာမလွယ်ကူပဲ ချစ်စကြင်စအချိန်ပြီးသိပ်မကြာခင်မှာပဲ သွေးအေးတိုက်ပွဲအဖြစ်ကိုပြောင်းလဲသွားတာက အရင်တစ်ပတ်ကတည်းက ဖြစ်သည်။
ရှန်းယန်က သူ့ဖုန်းက send ခလုတ်ကိုနှိပ်ပြီးနောက် သူ့ကို မင်းနားမလည်ပါဘူး ဆိုတဲ့မျက်နှာပေးဖြင့် ကြည့်လာသည်။
“ကောင်မလေးတွေကိုလိုက်ရတာ တောင်တက်ရတာလောက်ခက်ပြီး သူတို့ကိုချော့ရတာတော့ နတ်ပြည်တက်ရတာလောက်ခက်တယ်” ဟူ ၍ဆိုလာသည်။
“ငတုံး”
“လူချည်းပဲချော့မရရင် ပစ္စည်းနဲ့ချော့ပေါ့ကွ”
“အဲ့ပိုက်ဆံ မင်းပေးမှာမို့လို့လား”
စုန့်ဖေးလည်း ပြတင်းပေါက်ဖက်ကိုလှည့်ရင်း ရူးချင်ယောင်ဆောင်နေလိုက်တော့သည်။သူလည်း အကြံသာပေးနိုင်ပေမယ့် ပိုက်ဆံမပေးနိုင်ဘူးလေ။
ဝမ်ချင်းယွမ်လည်း သူ့ရဲ့ dictionary စာအုပ်ကိုပိတ်လိုက်ရင်း မနေနိုင်စွာ ဝင်ပါလာရသည်။
“သူ့ကိုဒီဖိတ်လိုက်ပါလား ငါတို့ဆီက အားကစားပွဲကြည့်ချင်တယ်လို့ မင်းကိုပြောဖူးတာပဲဟာ ပွဲကြီးပွဲကောင်းပဲ”
“မင်းတို့နှစ်ကောင်လုံး ရည်းစားမရှိတာမပြောနဲ့”
“ကောင်မလေးတွေ အားကစားပွဲလာကြည့်ချင်တယ်ဆိုတာ လာလည်ချင်တယ်လို့အထာပေးတာကွ။ တစ်ကယ့်အားကစားပွဲမရှိလည်းဖြစ်တယ်။အပြင်ကိုလျှောက်ပြလိုက်ရုံပဲ”
“အင်းလေ အဲ့တာအဆင်မပြေဘူးလား”
ဝမ်ချင်းယွမ်က စောဒကတက်တော့
“ငါ့မှာက တစ်ကယ့်ပွဲကြီးရှိတယ်ကွ” ဟု ရှန်းယန်က ညီးတွားလာသည်။
“နောက်ပိုင်း ငါ့ကောင်မလေးက သူ့ညီအစ်မတွေနဲ့စကားပြောရင် သူတို့ရည်းစားတွေက တာဝေးအပြေးတို့ဘာတို့ပြိုင်ဖြစ်ပြီး ငါက ထိုက်ချီဖန်ဆော့တဲ့ကောင်ဆိုပြီး ဖြစ်နေမှာ”
ဝမ်ချင်းယွမ် – “….”
စုန့်ဖေးလည်း သူ့အိပ်ယာဘေးက ယပ်တောင်အနီကြီးကိုကြည့်ရင်း ပြောစရာပျောက်ဆုံးနေခဲ့သည်။
ထိုက်ချီဖန်နဲ့ လက်ဝှေ့က သူတို့ကျောင်းရဲ့ရိုးရာဖြစ်ပြီး နှစ်ပေါင်းများစွာ အရှိန်အဝါရှိခဲ့၏။ ရှိသမျှဌာနတိုင်းက ပထမ သို့မဟုတ် ဒုတိယရအောင် အပြင်းအထန်ကြိုးစားခဲ့ကြသည်။ ဒါပေမယ့် မျိုးဆက်အသစ်အသစ်နဲ့ ကျောင်းသားသစ်တွေဝင်လာပြီးနောက်ပိုင်းမှာတော့ ဒီလိုအားကစားတွေကို ဆန့်ကျင်သူဦးရေက ပိုမိုများပြားလာခဲ့သည်။အချိန်ကုန် ငွေကုန်တဲ့အပြင် လုပ်အားပါကုန်တာကြောင့်ပင်။ ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေလောက်သာ ပါဝင်ကြတော့သည်။ ဒီကနေ ပထမဆုရရင်လည်း အသိမှတ်ပြုခံရရုံအပြင် ဘာမှပြန်မရတာကြောင့် လူတွေက ဒီမှာအချိန်မဖြုန်းချင်ကြတော့။ ကာလကြာရှည်လာတာနဲ့အမျှ မှေးမှိန်လာတဲ့ အားကစားနှစ်ခုဖြစ်လာပြီး အလှပြရုံလောက်သာ ကစားကြတော့တာပင်။ နှစ်စတုန်းက တစ်ခြား ဌာနကလူတွေပါသေးပေမယ့် နှစ်ကုန်ပိုင်းမှာတော့ သမိုင်းဌာနရဲ့ထိုက်ချီဖန်အဖွဲ့နဲ့ သင်္ချာဌာနရဲ့ လက်ဝှေ့အဖွဲ့တို့သာ ကျန်နေခဲ့သည်။
တစ်ခုက ဝိဇ္ဇာ တစ်ခုက သိပ္ပံ ၊ တစ်ခုက လျော့ရဲပြီး နောက်တစ်ခုက တင်းကြပ်သည်။ ဌာနနှစ်ခုရဲ့အကြီးအကဲတွေက ဘာစိတ်ကူးပေါက်တယ်တော့မသိပဲ ဒီအားကစားနှစ်ခုကို တက်ကြွစွာတာဝန်ယူခဲ့ကြတာကြောင့် နောက်ဆုံးမှာခံစားရတာကတော့ ကျောင်းသားတွေပင်။
ဒီနှစ်မှာတော့ ထိုက်ချီဖန်ကို ကစားပြမယ့် သူတို့ဌာနကလူအားလုံး စတီးနဲ့လုပ်ထားတဲ့ ခါးပတ်တွေ၊အနီရောင်ပိုးထည်တွေနဲ့ ယပ်တောင်တဖျတ်ဖျတ်ခတ်လိုက်တိုင်း တဝှစ်ဝှစ်မြည်နေတော့မှာကိုတွေးပြီး ဒေါသကြိုထွက်နေရသည်။ အတော်လေးတောက်ပပြီး အတော်လေး အရောင်လက်နေတော့မှာပင်။
ခြောက်ကပ်တိတ်ဆိတ်မှုက အခန်းထဲကိုစိုးမိုးသွားပြန်၏။ဒါဟာသူတို့အားလုံးအတွက် အသဲကွဲစေတဲ့အကြောင်းအရာဖြစ်ပြီး ဒီကနေဘယ်သူမှ ဒဏ်ရာမရပဲ မလွတ်မြောက်နိုင်ပေ။
“ရွမ်ကျဲရောဘယ်မှာလဲ”
သူတို့အားလုံးပူဆွေးနေချိန်မှာ 440 ရဲ့စစ်သူကြီးတစ်ယောက် ပျောက်ဆုံးနေလေသည်။
ရှန်းယန်က ပုခုံးတွန့်လိုက်ရင်း “ဘယ်ရှိမလဲ နေ့ခင်းပိုင်း ခရီးသွားနေလားမှမသိတာ”
ကျောင်းဝန်းတစ်လျှောက် တစ်နေ့တာ ခရီးသွားခြင်းအမှုကို ခရီးသွားလာရေးနဲ့ စီမံခန့်ခွဲရေး ဌာနမှကောင်လေးတွေတာဝန်ယူထားပြီး ကောင်မလေးတွေ အထူးသဖြင့် ပထမနှစ် ဂျူနီယာ ညီမလေးတွေ သူတို့ဆီလာရန် အကြံအဖန်လုပ်ထားတာပင်။ စီနီယာကျောင်းသားကြီးတွေက ကျောင်းတွင်း လေ့လာရေးခရီး လမ်းကြောင်းတွေဆွဲကြ ၊ အပြုံးတွေဖောဖောသီသီသုံးကြ ၊ ပြီးရင် ဂျူနီယာကောင်မလေးတွေကို လိုက်ကြနဲ့ ရတနာအသစ်ရှာဖွေရေးလို့ အမည်တပ်ကြသည်။အခုမှ ကျောင်းစရောက်တဲ့ လူသစ်လေးတွေကို အရူးလုပ်ဖို့လွယ်တာကိုး။
“ချီးပဲ တစ်ကယ်ကြီးလား”
ရှန်းယန်က သူ့ကုတင်ပေါ်ကနေ ဘုန်းကနဲဆင်းချလာပြီး အခန်းတံခါးကို ခိုးကြောင်ခိုးဝှက် ဖွင့်ကြည့်ကာဆိုသည်။
ကိုယ့်ဟာကိုယ်ကုတင်ပေါ်ထိုင်နေတဲ့စုန့်ဖေးပင်လန့်သွားရပြီး ထိုကောင်ရဲ့မျက်နှာကိုကြည့်ရင်း “ဘာဖြစ်တာလဲ” ဟုမေးလိုက်သည်။
ရှန်းယန်က သူ့ကိုအရေးမလုပ်သေးပဲ အပြင်ကိုသဲကြီးမဲကြီးချောင်းနေတုန်းပင်။ စုန့်ဖေးလည်းသိချင်လာတာကြောင့် ထိုကောင်နဲ့အတူတူလိုက်ချောင်းလိုက်သည်။
ယောက်ျားလေးဆောင် ကော်ရစ်တာတွေက ကျ ဥ်းပြီး ရှည်လျားကာ ဘေးတစ်ဖက်မှာ အခန်းတွေစုစည်းပြီးတည်ရှိ၏။ကော်ရစ်တာအရှေ့ပိုင်းမှာ ကျောင်းသားအနည်းငယ် ရုံးစုရုံးစုဖြစ်နေပြီး အနည်းငယ်လှမ်းတာကြောင့် ရုတ်တရက် ဘာလဲမမြင်ရပေ။
“သောက်ဂွပဲ ၊တစ်ကယ်ကြီးထင်တယ်”
အခန်း 441 ရဲ့ကျောင်းကျင်ရှင်းက သူတို့ချောင်းနေတဲ့အနားကို သူ့အခန်းတံခါးဖွင့်ပြီးထွက်လာကာ သတင်းလာပြောသည်။
စုန့်ဖေးတစ်ယောက် သိချင်စိတ်ပြင်းပြတာကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ ။
ဝမ်ချင်းယွမ်က အနောက်ကရောက်လာပြီး ဂရုချက်ထဲ ဝင်ကြည့်ဟု သူ့ကိုပြောလာသည်။
သူတို့ ဌာနရဲ့ လူအရမ်းများတဲ့ဂရုချက်ကို အာရုံနောက်လို့ စုန့်ဖေးက အသံပိတ်ထားတာဖြစ်ပြီး အခုဝမ်ချင်းယွမ်စကားကြောင့် ပြေးဖွင့်ကြည့်လိုက်သည်။ ပို့ထားတဲ့စာတွေအားလုံးက
“ချီးပဲ”
“တစ်ကယ်ကြီးလား”
“ဒါကဘာကြီးလဲ” နှင့် ဖြစ်သည်။
ကြီးကြပ်သူတွေကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဆဲရေးထားကြပြီး အပေါ်ဖက်ကိုရွှေ့ပြီးဆက်ကြည့်ရာ အခန်း 402 က ပျောက်နေတဲ့အာခီကျောင်းသားအကြောင်းကိုတွေ့ရသည်။ ဌာနက ဖုံးဖိထားပြီး ကျောင်းတာဝန်ရှိသူတွေကို သတင်းမပေးရသေးပေမယ့် ဒီနေ့ခင်းပိုင်းမှာ အနောက်ဖက်ဂိတ်တံခါးနားက မြက်ခင်းပြင်မှာ သူ့ရဲ့လက်ပ်တော့အိတ်နဲ့ ခြေပြတ်တစ်ခုကိုတွေ့ရတာကြောင့် လူသတ်မှုဟုယူဆပြီး ရဲတွေကိုအကြောင်းကြားထားခဲ့သည်။
ဒါကိုမဖတ်မိခင်တုန်းက စုန့်ဖေး အတော်လေးသိချင်စိတ်ပြင်းပြနေပေမယ့် အခုတော့ သိပ်စိတ်မဝင်စားတော့ပေ။
လူတွေပျောက်တာ ဘာညာက ဖြစ်နေကျဖြစ်ပြီး ကျောင်းသားတွေက ချဲ့ကားပြောတတ်မြဲဖြစ်တာကြောင့် ရဲတွေပါ ပါလာရတာဖြစ်နိုင်သည်မဟုတ်ပါလား။ ခြေတစ်ဖက်ကိုပင်တွေ့လိုက်ရတယ်လို့ပြောကြသေးတာ တစ်ကယ်တွေ့ခဲ့ရင် ဓာတ်ပုံရိုက်ထားလိုက်ပါတော့လား …. အား ဘာကြီးတုန်း။
စုန့်ဖေး လှောင်ပြောင်ဟန်ဖြင့် အပေါ်ဖက်မက်ဆေ့ချ်ဆယ်ခုကျော်ကို ဆွဲကြည့်အပြီးမှာ တစ်ကယ်ကြီး လိုက်ဖ်သွားကြည့်ထားတဲ့သူဆီက ဓာတ်ပုံတစ်ပုံပို့ထား၏။
ပုံကအနည်းငယ်ဝါးနေပေမယ့် စုန့်ဖေးရဲ့လက်တွေက သေချာနှိပ်ပြီးဖွင့်ကြည့်လိုက်တော့ သေချာပေါက် ခြေပြတ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။ဒူးခေါင်းအပေါ်ပိုင်းက ဘာမှမရှိတော့ပဲ ခြေထောက်အောက်ပိုင်းတစ်ခုသာဖြစ်ပြီး ခြေသလုံးကလည်း စုတ်ပြတ်နေကာ အကောင်းတိုင်းကျန်တာဆိုလို့ နိုက်ကီ ဖိနပ်တစ်ရံသာဖြစ်သည်။
သွေးတွေက အတော်လေးနက်မှောင်ကာ အရောင်ရင့်ပြီး လက်နေသလိုပင်။
စုန့်ဖေးလည်း အန်ချင်သွားရသည်။
ဒီပုံကိုအင်တာနက်က ရှာလာပြီးချဲ့ကားပြောနေတာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မနက်ကကြည့်လာတဲ့ရုပ်ရှင်နဲ့ပေါင်းပြီး သူ့အစာအိမ်က သည်းမခံနိုင်တော့ပေ။
[ စာရေးသူရဲ့ အကျဥ်းချုပ်
သိပ္ပံပညာထွန်းကားနေတဲ့ခေတ်ကြီးမှာ သတင်းအမှားတွေကို လွှင့်တဲ့သူရော ယုံတဲ့သူရော ခွင့်မလွှတ်သင့်ဘူး ]