Chapter 3
သွေးပူနေတဲ့အချိန်တုန်းက သမိုင်းဌာနတစ်ခုလုံး အုံးအုံးကြွကြွဆွေးနွေးနေကြတဲ့ ကျောင်းသားကိစ္စဟာ နေ့တစ်ဝက်လောက်သာကြာလိုက်သည်။
ညနေပိုင်းမှာတော့ ဆရာတွေက သံတူဖြင့် “ဒီကိစ္စကို စုံစမ်းစစ်ဆေးတုန်းမို့ ကျောင်းသားတွေ သတင်းအမှားတွေကို နားမယောင်ကြပါနဲ့၊ ကောလဟာလဖြန့်တဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူပါမယ်” စတာတွေကို ဆိုကြသည်။
ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတာက ကျောင်းတာဝန်ရှိသူတွေက သတိခေါ်ပေးတာ ၊ ဌာနပေါင်းစုံရှေ့ စာကပ်ခံရတာ၊ အဆိုးဆုံးမှ စာမေးပွဲမှာ အမှတ်လျော့ခံရတာသာဖြစ်နိုင်၏။ တစ်ကယ်တမ်းစာမေးပွဲအောင်ဖို့ ဘွဲ့ရဖို့အထိတော့ မကြီးကျယ်နိုင်ပေမယ့် အများစုကတော့ ဒီလောက်နဲ့ပင် ငြိမ်သွားခဲ့သည်။
ထို့နောက်တော့ စုန့်ဖေး တိတ်တဆိတ်ကြားရတာကတော့ ပျောက်နေတဲ့ကျောင်းသားက တကယ်ရှိပြီး သတင်းတွေကတော့ အမျိုးမျိုးပင်။
“အသတ်ခံရပြီး အပိုင်းပိုင်းလုပ်တာပါ ခံလိုက်ရတယ်”
“မေဂျာလိုက်ခရီးသွားရာမှာ ပျောက်သွားတယ်”
“ဆရာမနဲ့ပတ်သက်လို့ အထုတ်ခံရတယ်”
“လခမပေးနိုင်လို့ ထွက်သွားတယ်” စသည်ဖြင့်အမျိုးမျိုးပင်။
စုန့်ဖေးက နဂိုကတည်းက စပ်စုလွန်းသူမဟုတ်တာမလို့ မေ့မေ့ပျောက်ပျောက်သာပြီးသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အားကစားပွဲတော် ရောက်ရှိလာခဲ့သည်။ နိုဝင်ဘာလမှာပြုလုပ်ပြီး စုန့်ဖေးတို့တက္ကသိုလ်က မြို့ပြင်ဖက်မှာတည်ရှိတာကြောင့် လေတဖြူးဖြူးနဲ့ ဒီအချိန်လောက် ကောင်းတဲ့အချိန်မရှိတော့ပေ။
တန်းစီလာတဲ့ကစားသမားတွေ ၊ ကြေညာသူရဲ့စကားသံတွေ၊ ကျောင်းသားတွေရဲ့တွတ်ထိုးသံတွေနဲ့ အားကစားကွင်းကြီးက စည်ကားနေပြီး တချို့ကတော့ ဖုန်းငုံ့ကြည့်နေကြသည်။
“အခုရောက်လာတာကတော့ ကာယသိပ္ပံကျောင်းသားတွေဖြစ်ပါတယ်။သူတို့ရဲ့ကြွေးကြော်သံကိုကြည့်ပါဦး။ တောက်မယ့်နေမင်းလို သူတို့ရဲ့အနာဂတ်ကလည်း လင်းလက်နေတာပါပဲ”
“ကြေညာတာကလည်း တောကျလိုက်တာ”
ရွမ်ကျဲက သည်းမခံနိုင်တော့ပေ။ သူ့ဖုန်းဘက်ထရီကလည်း ကြာကြာမခံတာကြောင့် ပါဝါဘန့် မယူလာတဲ့အခါ ဘေးပတ်ဝန်းကျင်ကိုဝေဖန်တာကလွဲပြီး သူ့မှာလုပ်စရာမရှိပေ။ ဝေဖန်ရတာပျင်းလာရင် ဖုန်းလေးခနကြည့်ကာ ချွေတာတဲ့အနေနဲ့ ပြန်ဝေဖန်ဖို့ အစီအစဥ်ဆွဲထားပေမယ့် အင်တာနက်ပြတ်တောက်သွားတာကြောင့် သူ့ရဲ့ မျှော်လင့်ချက်ကလေးတွေ ရေစုန်မျောသွားရသည်။
သူ့ရဲ့ဖုန်းထဲကဂိမ်းကိုသာ သဲကြီးမဲကြီးဆော့နေတဲ့ ရှန်းယန်က တအံ့တသြဖြင့် “မင်းက နားထောင်နေသေးတာလား” ဟုဆိုလာသည် ။
ရွမ်ကျဲကတော့ သူ့သူငယ်ချင်းရဲ့ ဘက်ထရီအား အလွန်ခံသည့် ပြည်တွင်းဖြစ်ဖုန်းကို အားကျသလိုကြည့်ရင်း နောက်တစ်ခါဖုန်းဝယ်ရင် ကိုယ့်တိုင်းပြည်ကိုအထင်ကြီးဖို့ပါ မှတ်ထားလိုက်သည်။
“ကြေညာတာက နည်းနည်းလိုပေမယ့် ဆိုင်းဘုတ်ကိုင်တဲ့ညီမလေးကတော့ အတော်မျက်စိပသာဒဖြစ်တယ်ဟ ”
သမိုင်းမေဂျာက ချီတက်ကြတဲ့ကျောင်းသားအားလုံးက ပထမနှစ်ကျောင်းသားတွေဖြစ်ကြတာမို့ သူတို့ကတော့ ဘေးမှာထိုင်ရင်း ဘုပြောဖို့အားနေတာပင်။
စုန့်ဖေးလည်းဝေးပေါ်ကြည့်ရာက ပျင်းလာတာကြောင့် ရွမ်ကျဲညွှန်ပြရာကို အမှုမဲ့ လှမ်းကြည့်လိုက်သည်။ သူတို့က ဒုတိယ အပိုင်းမှာထိုင်နေကြတာကြောင့် ကာယသိပ္ပံဌာနကသူတွေဟာ သူတို့နားကို ချီတက်လာကြပြီဖြစ်သည်။
ရွမ်ကျဲပြောတဲ့အတိုင်းပင် ဆိုင်းဘုတ်ကိုင်လေးက ခြေတံရှည်ရှည် ခါးသေးသေးနဲ့ အရမ်းမပိန်ပဲ ကြည့်ကောင်း၏။မျက်နှာလေးက ရိုးစင်းပေမယ့် အားကစားသမားရဲ့ ခန္ဓာကိုယ်အလှက သူ့ကိုအထပ်ထပ်ပံ့ပိုးပေးထားသလိုပင်။
ကာယသိပ္ပံပြီးတော့ သတင်းအချက်အလက်ဌာနနဲ့ ဆက်သွယ်ရေးဌာနတို့ ဆက်လက်လိုက်လာကြသည်။
ကာယသိပ္ပံ၏ကောင်မလေးရဲ့ ဆွဲဆောင်မှုက သူ့ရဲ့ခန္ဓာကိုယ်ဆိုရင် ဆက်သွယ်ရေးဌာနကကောင်မလေးရဲ့ဆွဲဆောင်မှုက နတ်ဘုရားမလို မျက်နှာလှလှလေးဖြစ်သည်။ အနုပညာပရိုဂရမ်တွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုပရိုဂရမ်တွေ အစီအစဥ်တင်ဆက်သူ ပရိုဂရမ်တွေက ကျောင်းသားကျောင်းသူတွေက များသောအားဖြင့် ရုပ်ရည်ချောမောကြတာကို စုန့်ဖေးလည်း သဘောပေါက်ပြီးဖြစ်သည်။ ဒါပေမယ့် သူတို့ထဲမှာသွားထားလိုက်ရင်တောင် ဒီကောင်မလေးက ထင်းနေမှာပင်။
“မျက်လုံးတောက်တောက် သွားဖြူဖြူ၊ အပြုံးတောက်တောက်နဲ့ မြင်တာနဲ့ဆွဲဆောင်နိုင်တယ် အား….. ”
ဝမ်ချင်းယွမ် ပေါက်တိပေါက်ချာထရွတ်တဲ့ ကဗျာကို စုန့်ဖေးလည်းကြားလိုက်ပေမယ့် နားလည်းမလည်သလို စိတ်လည်းမကြည်တော့ပေ။ စပီကာကကြားရတဲ့ မိန်းမအသံက တစ်ဖြည်းဖြည်းကျယ်လောင်လာတာနဲ့အမျှ မျက်နှာက စူပုပ်လာသည်။
“အခုလာနေတာကတော့ သိပ္ပံနည်းကျမွေးမြူရေးဌာနက ဖြစ်ပါတယ်။ငါးတွေကို ကူးခတ်စေသူ ၊ ငှက်တွေကို ပျံသန်းစေသူ….”
အစီစဥ်ကြေညာသူရဲ့စကားက သူ့နားထဲမရောက်ပဲ တစ်ယောက်ယောက်ကိုရှာရင်း စုန့်ဖေးတစ်ယောက် အလုပ်များနေခဲ့သည်။ဒါပေမယ့် အဆုံးထိမတွေ့ပေ။ကြည့်ရတာ သူတို့ဖက်က ချီတက်လာတာလည်း ပထမနှစ်တွေပဲထင်ပါရဲ့၊ မွေးမြူရေးသိပ္ပံကသူတွေချီတက်သွားတာကိုကြည့်ပြီး စုန့်ဖေးတစ်ယောက် အတွေးများနေတော့သည်။
ရုတ်ရက်လေအေးက ကျောထဲစိမ့်သွားတာနဲ့ စုန့်ဖေးရဲ့အာရုံက ပြောင်းသွားခဲ့သည်။ဒီမျိုးမစစ်ကိုဘာလုပ်ဖို့ရှာနေဦးမှာလဲ လမ်းခွဲသွားတာ သူကိုယ်တိုင်ပဲလေ။သူ့အကြောင်းကို အခုထိစဥ်းစားနေမယ်ဆို ဒါကလွန်လွန်းတယ်။
အာရုံပြောင်းတဲ့အနေနဲ့ ရှန်းယန်ကို စကားစလိုက်သည်။
“ယန်ဇီရေ ၊ မင်းကောင်မလေးက ဘယ်တော့လာမှာတုန်း”
အတော်လေးရုန်းကန်ပြီးနောက်မှာတော့ ရှန်းယန်တစ်ယောက် သူ့ကောင်မလေးကို အောင်အောင်မြင်မြင်စည်းရုံးနိုင်သွားပြီး ကောင်မလေးက သူ့ရဲ့သနားစရာ ထိုက်ချီကို လာကြည့်ချင်ရုံတင်မကဘူး၊ သူငယ်ချင်းတွေပါခေါ်လာမယ်လို့ ကတိပေးခဲ့သည်။
ရှန်းယန်က သက်ပြင်းချရင်းပြန်ဖြေသည်။
“နေ့ခင်းပိုင်းလောက်လာမယ်တဲ့ ၊ ငါတို့ဖျော်ဖြေမှာကလည်း နေ့ခင်းပိုင်းဆိုတော့”
“အဲ့တော့ သူကမင်းကိုကြည့်ဖို့သက်သက်ဒီကိုလာတာပေါ့။ ငါ့မှာကျ ဘာလို့ဒီလိုအချစ်မျိုးမရှိရတာလဲ” ရွမ်ကျဲက မလိုတမာဆိုသည်။
“မင်းက ကျောင်းကကောင်မလေးတွေကိုပဲ သေသေရှင်ရှင်လိုက်နေတာကိုး။ ငါပြောပြမယ်၊ အကွာအဝေးက ခံစားချက်ကိုတိုးပွားစေတယ် ၊ ငါတို့ရဲ့ မောင်နှမလိုကျောင်းတွေမှာ နယ်မြေဖြန့်ကြည့်”
ရွမ်ကျဲရဲ့မျက်လုံးတွေက အရောင်လက်သွားသည်။
“မင်းရဲ့အမျိုးသမီးလေးက သူငယ်ချင်းနှစ်ယောက်ခေါ်လာမယ်ဆိုတာရော ? ချောလား ? ပုံရှိလား”
ရှန်းယန်က စိတ်ပျက်စွာဖြင့် “ငါ့မိန်းကလေးရဲ့သူငယ်ချင်းပုံတွေ ငါက ဆေ့ထားပါ့မလားကွ။ ရှင်းလို့တောင်နိုင်မှာမဟုတ်ဘူး”
“မင်းရည်းစားရဲ့ ပုံတွေထဲဝင်ကြည့်ပေါ့” ရွမ်ကျဲက ပြန်ပက်သည်။
ရှန်းယန်လည်း ရွမ်ကျဲရဲ့နဖူးကိုပိတ်ရိုက်လိုက်ပြီးနောက် သူ့ဖုန်းကိုဖွင့်ပြီးရှာပေးရာ ဝမ်ချင်းယွမ်နဲ့ စုန့်ဖေးတို့ကတော့ စိတ်ဝင်စားမှုမရှိပဲ ဝေးပေါ်သာ ပြန်ပွတ်နေကြတော့သည်။
မနက်ပိုင်းအစီအစဥ်တွေက အထွေအထူးမရှိပဲပြီးသွားပြီး သိပ်အကြိတ်အနယ်မရှိတဲ့အားကစားပွဲတွေသာ ဖြစ်ပါ်ခဲ့သည်။စုန့်ဖေးစိတ်ဝင်စားတာဆိုလို့ စိတ်ဝိဉာဥ်တည်ဆောက်ရေးအဖွဲ့အစည်းသာ ပါဝင်ပြီး သူတို့လှည့်လည်သွားတုန်းကတော့ စုန့်ဖေး သူ့ရဲ့ ကျောက်ခဲတွေထည့်ထားတဲ့ပလတ်စတစ်ဘူးကို အားရပါးရလှုပ်ပြီး အားပေးလိုက်သည်။ကျန်တာကတော့ ဖုန်းပွတ်လိုက် သူတို့ဌာနကဟာဆို လှမ်းကြည့်လိုက်ပင်။
ချွင်းချက်ကတော့ သင်္ချာဌာနရဲ့ လက်ဝှေ့ဖျော်ဖြေပွဲဖြစ်သည်။ တစ်မြေထဲကပေါက်တဲ့ စပျစ်သီးက အတူတူပဲခါးတယ်ဆိုသလိုပင် သင်္ချာဌာနက ညီအစ်ကိုတွေကို စုန့်ဖေးရဲ့ နှလုံးသားထဲမှာနေရာတစ်ခုပေးထားပြီးသားဖြစ်သည်။ အထူးသဖြင့် သူတို့ရဲ့ စစ်စိမ်းရောင်ဝတ်စုံတွေနဲ့ “ဟမ်း ဟမ်း ဟမ်း” ဟု သံပြိုင်ရွတ်နေကြတာကိုမြင်တော့ သူ့ရဲ့ခံစားချက်တွေက ပိုပြင်းထန်လာတော့သည်။
နေ့လည်ပိုင်းမှာတော့ ရှန်းယန်က 440 က သူငယ်ချင်းအားလုံးကို မုန့်ဝယ်ကျွေးပြီး သူ့ကောင်မလေးနဲ့မိတ်ဆက်ပေးလာသည်။
သူ့ကောင်မလေးက မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းနဲ့ မျက်တောင်ရှည်ရှည်ရှိတဲ့ ချစ်စရာပုံစံလေးပင်။
ရွမ်ကျဲက ပါလာတဲ့သူငယ်ချင်းမနှစ်ယောက်နဲ့အဆင်ပြေဖို့အစွမ်းကုန်ကြိုးစားပေမယ့် ကောင်မလေးတွေကတော့ သူ့နဲ့သိပ်ကီးမကိုက်ပဲ ဝမ်ချင်းယွမ်ကိုသာ စကားပြောဖို့ကြိုးစားကြသည်။ဝမ်ချင်းယွမ်ကတော့ သူ့မျက်မှန်ကို လက်နဲ့ဟိုရွှေ့ဒီရွှေ့လုပ်ရင်း အင်း အဲ လောက်သာတုံ့ပြန်တာမို့ ကောင်မလေးတွေလည်း လက်လျှော့သွားတော့၏။
စုန့်ဖေးက ရွမ်ကျဲလောက် အသည်းအသန်မရှိပေမယ့် ဝမ်ချင်းယွမ်လိုလည်းကြောင်တောင်တောင် မဟုတ်ပေ။သူ မိန်းကလေးတွေကိုမကြိုက်ဘူးဆိုရင်တောင် သူတို့ရဲ့အသိမှတ်ပြုတာကို မခံချင်တာတော့မဟုတ်ပေ။ ပထမတစ်ခုက လိင်မှုခံယူချက်နဲ့ဆိုင်ပြီး ဒုတိယက ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာမဟုတ်ပါလား။ ထို့ကြောင့် စားကြသောက်ကြလို့ပြီးတော့ သူက ကျီစယ်သလိုဖြင့်
“မင်းတို့က ငါ့ကိုကျတော့ ဘာလို့စိတ်ဝင်တစားမရှိတာတုန်း” ဟုမေးလိုက်သည်။
ထိုအခါ ကောင်မလေးနှစ်ယောက်က အချင်းချင်းကြည့်ကာ ရယ်မောလိုက်ရင်း
“ရှင်က လူရှုပ်လူပွေလို့ထင်ရတယ်” ဟု ပထမတစ်ယောက်က ဆိုလာသည် ။
စုန့်ဖေးမှာ စောဒကတက်ချင်စိတ်တစ်ပုံကြီးဖြင့် ဒုတိယကောင်မလေးကို “မင်းရော အဲ့လိုပဲထင်လား” လို့မေးလိုက်တော့ ထိုကောင်မလေးကလည်း “ရှင့်ကြည့်ရတာ စာတွေဘာတွေလည်း သေချာလိုက်လုပ်မယ့်ပုံမပေါ်ဘူး” ဟုထပ်လောင်းပြောသည်။
စုန့်ဖေးလည်း ခနတိတ်သွားပြီးမှ ပထမကောင်မလေးကိုပြန်ကြည့်ပြီး “မင်းမှန်တယ်” လို့တုံ့ပြန်လိုက်သည်။
စာမကြိုးစားသူတစ်ယောက်က သူစာမကြိုးစားတာကို ဝန်မခံချင်တဲ့ မာနလေးတော့ရှိပါသေးသည်။
နေ့လည်ပိုင်းရဲ့ပထမဆုံးအစီအစဥ်က ထိုက်ချီဖန်ဖြစ်ပြီး စီစဥ်သူကော်မတီက အားလုံးအိပ်မငိုက်အောင် လူအများနဲ့လုပ်ရတဲ့ပွဲတွေနဲ့ တက်တက်ကြွကြွစတင်ဖို့ လုပ်ထားတာပင်။
440 အဖွဲ့သားတွေလည်း သူတို့ရဲ့ ထိုက်ချီ ယူနီဖောင်းတွေကို လဲလှယ်ဝတ်ဆင်လိုက်ပြီး ကွင်းထဲဆင်းလာရာ လူအများရဲ့အာရုံကို တစ်မျိုးဆွဲဆောင်ပြီး စိတ်ဝင်စားနေကြတော့သည်။
ကွင်းထဲရောက်ပြီး သူတို့နဲ့ထပ်တူဝတ်စုံတွေကိုမြင်မှ အနည်းငယ် စိတ်သက်သာရာ ရသွားသလိုပင်။
အချိန်မကျသေးတာကြောင့် ထိုက်ချီသမားတွေအကုန်လုံးနှစ်ယောက်တွဲ သုံးယောက်တွဲလမ်းသလားနေကြရာ ရှန်းယန်ကတော်လေးက တိတ်တဆိတ်ရောက်လာပြီး ရှန်းယန်ကိုအားပေးစကားပြောသည်။
“အိုပါး ဖိုက်တင်း”
ရှန်းအိုပါးလည်း သူ့ယပ်တောင်ကိုဖွင့်ပြီး တဖျပ်ဖျပ်ခတ်ဖို့ကြိုးစားလိုက်ပေမယ့် သူ့ကတုံးဆံပင်ပေါက်က လွင့်စရာရှိမနေပါ။
“ကောကောကို ကြည့်ထား”
သူတို့တွေစကားပြောနေတုန်း အားကစားသမားတစ်ချို့ ဘောင်းဘီတို အင်္ကျီလက်ပြတ်တို့ဖြင့် ကွင်းထဲကိုဆင်းလာကြသည်။ သူတို့ ထိုက်ချီ ဖျော်ဖြေပြီးရင် အားကစားပြိုင်ပွဲတွေစမှာဖြစ်တာကြောင့် စောစောနေရာလာယူထားကြပုံပင်။
တစ်မနက်လုံးမတွေ့ရတဲ့ အာဂ မျက်ခွက်ဟာလည်း စုန့်ဖေးရဲ့ရှေ့မှာ ပေါ်လာတော့သည်။
စုန့်ဖေးလည်း လူအုပ်ကြားထဲ ကိုယ်ကို ကျုံ့ထားလိုက်သည်။ ငါကိုမတွေ့နဲ့ ငါ့ကိုမတွေ့နဲ့ ငါ့ကိုတွေ့တဲ့ကောင် ခွေးမသား-
“စုန့်ဖေး”
ခွေးမသားတစ်ယောက်က သူ့ကိုခေါ်နေလေပြီ။
မတတ်နိုင်၊ လုပ်ပြုံးလေးပြုံးပြီး နှုတ်ဆက်မှပဲ။
“မင်းလဲပြိုင်တာကိုး ဟဲဟဲ”
ချီယန်က ခေါင်းငြိမ့်ရင်း သူ့ရည်းစားဟောင်းရဲ့ပုံစံကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
စုန့်ဖေးလည်း သူ့ယပ်တောင်ကိုဖြန့်လိုက်ပေမယ့် သူက အသိဉာဏ်ရှိသေးတာကြောင့် ယပ်မခတ်ဘဲ “ထိုက်ချီအလှပြပွဲ” ဟုသာ ဆိုလိုက်သည် ။
ချီယန်က သဘောကျပုံဖြင့် မျက်လုံးတွေပိတ်သွားတဲ့အထိ သူ့ကိုပြန်ရယ်ပြလာပြီး ဒါက သူမြင်ဖူးသမျှထဲ ချီယန်ရဲ့ အန္တရာယ်မရှိဆုံးလူကောင်းပုံပင်။
စုန့်ဖေးမှာ ပြောစရာပျောက်ဆုံးနေပေမယ့် ဟိုဖက်ကတော့ “ချစ်စရာကောင်းတယ်” ဟု ဆိုလာတာကြောင့် စုန့်ဖေးစိတ်ထဲ ဒီကောင်ကို ဆူးပါတဲ့ဖိနပ်နဲ့ ကန်ပစ်ချင်နေရသည်။
မကြာခင်မှာပင် သူတို့တွေ စုစည်းဖို့အချိန်ရောက်လာပြီး အစီအစဥ်ကြေညာသူက “သမိုင်းနဲ့ယဥ်ကျေးမှု ဌာနရဲ့ ထိုက်ချီယပ်တောင် အလှပြပွဲဖြစ်ပါတယ် လက်ခုပ်တီးပေးကြပါဦး” ဟု ကြေညာလိုက်သည်။
သမိုင်းဌာနရဲ့ ဒုတိယနှစ်ကျောင်းသားတွေက စီတန်းပြီး ကွင်းလယ်ကိုရောက်ရှိလာကြ၏။
ချီယန်တို့ ကစားသမားတွေက သူတို့အလှည့်မှဝင်ရမှာဖြစ်တာကြောင့် ရပ်စောင့်နေကြပြီး အထူးသဖြင့် ချီယန်က သူတို့ကို စိတ်ဝင်တစားနဲ့ကြည့်နေခဲ့သည်။
စုန့်ဖေးရဲ့ခေါင်းမွှေးတွေ ထောင်လာသလိုပင်။
သီချင်းစတာနဲ့ သူ့အာရုံက အဲ့ဖက်ကိုရောက်နေတော့သည်။
အလုပ်နှစ်ခုကို တစ်ပြိုင်ထဲမလုပ်နဲ့ ဆိုတဲ့စကားအတိုင်း အာရုံမစိုက်မိတဲ့စုန့်ဖေးရဲ့ ယပ်တောင်က သူတို့ပုံဖော်ထားတဲ့ ငှက်ကြီးအပိုင်းမှာ ပြုတ်ကျသွားပြီး သူ့အရှေ့က ရှန်းယန်ရဲ့ခေါင်းကိုသွားရိုက်မိတော့သည်။ စတီးနဲ့လုပ်ထားတဲ့ယပ်တောင်အရိုးနဲ့သွားထိတာကြောင့် နာကျင်မှုကို သူကိုယ်တိုင်ခံစားလိုက်ရသလိုပင်။ ရှန်းယန်ဆီက ခပ်ကြောင်ကြောင်ငြီးငြူသံတစ်ခုထွက်လာပြီးနောက် သူတို့ရဲ့ကျားကြီးက တောင်ပေါ်က ချောချောမွေ့မွေ့မဆင်းနိုင်လိုက်ပေ။ ဒါပေမယ့်နောက်ကလိုက်လာတဲ့ စွန်ကြီးက အတောင်ပံတွေကိုလွတ်လပ်စွာဖြန့်ပြီး တိမ်တွေလို ရေတွေလို ငြင်သာစွာလွင့်မျောလာသည်။ စုန့်ဖေးတွေးလိုက်မိတာက ဒါဟာသူတို့တွေရဲ့အချစ်စွမ်းအားကြောင့်ဟူ၍ပင်။
ထို့နောက် အဆုံးသတ်ပြကွက်ကိုလုပ်ဖို့ ရှေ့ကိုနှစ်လှမ်းလှမ်းရင်း သူ့ရဲ့ယပ်တောင်လေးကိုပြန်ယူလိုက်သည်။
ထို့နောက်တော့ စုန့်ဖေးလည်း အားလုံးနဲ့စုပေါင်းကာ အားကစားကွင်းထဲကထွက်လာခဲ့ပြီး မျက်လုံးထောင့်ကနေ မတ်တပ်ပင်မရပ်နိုင်အောင် ရယ်မောနေတဲ့ ချီယန်ကို တွေ့ခဲ့သေး၏။
အရင်ကတည်းကလည်း သူ့အင်းမေ့ချ်က ဒီလူ့ရှေ့မှာကျပြီးသားမို့ ဒီထက်လည်းကျစရာမရှိတော့တာကြောင့် သူ့စိတ်ထဲ သိပ်ပင် ဂရုမထားတော့ပေ။
သူတို့ထိုင်ခုံတွေဆီပြန်ရောက်လာတော့ ချီယန်က ကွင်းထဲမှာ နေရာယူပြီးနေပြီ ဖြစ်သည်။ဒီကောင်က မီတာတစ်ထောင်ပြေးမှာလား။သူတို့တွဲတုန်းက စုန့်ဖေးကို အားကစားနဲ့အကျွမ်းဝင်အောင်ဆိုပြီး လာပြေးခိုင်းပေမယ့် နှစ်ခါလောက်ပြေးအပြီးမှာတော့ စုန့်ဖေးက သူ့သေရေးရှင်ရေးကျမှပဲ ဒီလိုထပ်ပြေးနိုင်မယ်ဟု ဆုံးဖြတ်လိုက်သည်။ သေချာတွေးကြည့်မှ စာရော အားကစားပါ သူတို့မှာတူတာမရှိပေ။ နှစ်ဝက်တစ်ခုလုံးတွဲခဲ့တာပင် အံ့သြစရာကောင်းနေပြီ။
သေနတ်ဖောက်လိုက်တာနဲ့ လူနှစ်ဆယ်ခန့်က အရှိန်ထိန်းရင်း စတင်ပြေးကြတော့သည်။
ချီယန်က လူအုပ်ထဲအတော်လေးပေါ်လွင်၏။ 1.83 မီတာလောက်ရှည်တဲ့ ခြေထောက်တွေနဲ့လုပ်ထားတဲ့လူသားဖြစ်တာကြောင့် သူပြေးတဲ့အခါပိုကြည့်ကောင်းနေတော့သည်။စုန့်ဖေးလည်း အာခြောက်လာတာမို့ တံတွေးတစ်ချက်မြိုချလိုက်သည်။
သူကပဲ ချီယန်ကိုအရင်ကြိုက်ခဲ့တာဖြစ်ပြီး ဇာတ်လမ်းသွားစခဲ့တာဖြစ်ကာ ဟိုဖက်ကတွဲဖို့သဘောတူချိန်မှာတော့ သူ့မှာ ညတောင်အိပ်မပျော်ခဲ့ပေ။သို့သော်လည်း သဘောထားမတိုက်ဆိုင်မှုတွေများတော့ အချိန်ကြာလာတဲ့အခါ အဆင်မပြေတော့ပေ။ ချီယန်ရဲ့အာရုံက ကျောင်း၊ စာကြည့်တိုက် ၊ကန်တင်းနဲ့ အခန်းထဲသာလှည့်ပတ်နေပြီး အတန်းတွေလည်းအလွတ်မခံတဲ့အပြင် ညဖက်လည်း အားကစားသွားလုပ်သေးသည်။
စုန့်ဖေးလည်း အစပိုင်းက ဟန်ဆောင်သေးပေမယ့် နောက်ပိုင်းတော့ မလုပ်နိုင်တော့ပေ ။ချီယန်က ဘယ်လောက်ပဲချောတဲ့ မျက်ခွက်ကြီးရှိရှိ သူ့ဘေးနားနေရတာ တစ်ရက်က တစ်နှစ်လောက်ကြာသလိုပင်။ စုန့်ဖေးက စာအတူလုပ်ဖို့ကိုရှောင်ဖယ်ဖယ်လုပ်လာတော့ ချီယန်က သဘောပေါက်သွားပြီး သူ့ရဲ့ပညာရေးအတွက်အကြံပေးဖို့ကြိုးစားတော့သည်။ ဒီလိုလုပ်နေလို့မဖြစ်ဘူး။ အခုတောင်ဒီလိုဆို လုပ်ငန်းခွင်ဝင်ရင်ဘယ်လိုလုပ်မလဲဘာညာ စသည်ဖြင့် သူ့အနာဂတ်ကိုဝေဖန်လာရာ ဒေါသအိုး စုန့်ဖေးကလည်း ပြန်လည်ငြင်းခုံတော့သည်။ သူမှန်တာမှားတာထက် သူနဲ့တွဲနေတဲ့သူက သူ့ကိုအထင်သေးသလိုပြောတာကို မကြိုက်တာပင်။ ဒါပေမယ့် ချီယန်က ပြန်မငြင်းပဲ သူ့ကိုစိတ်လျှော့ဖို့သာ ဖြောင်းဖြတတ်သည်။
သူ့ခေါင်းကြည်သွားတဲ့အခါ ဆက်ပြောကြမယ် စသည်ဖြင့်ဆိုပါသော်လည်း စုန့်ဖေးရဲ့ ကိုယ်တွင်းမှာ ဒေါသတွေပြည့်နေတာကြောင့် သည်းမခံနိုင်တဲ့အဆုံး လမ်းခွဲဖို့သာ အကြံပေးခဲ့သည်။
ချီယန်ကိုမြင်ဖူးတဲ့ကျောင်းသားတိုင်း သူ့မှာကောင်းတဲ့ပုံစံ ကောင်းတဲ့အမှတ်တွေနဲ့ ကောင်းတဲ့ရုပ်ရည်ကိုသာသိပြီး ဆိုးတာရှာမတွေ့နိုင်ပေ။
သို့သော် စုန့်ဖေးသိလိုက်ရတာကတော့ ဒီကောင်က သူ့ရဲ့ဆိုးတဲ့အပိုင်းတွေကို သူနဲ့ပက်သက်တဲ့သူတွေအတွက်ပဲ သီးသန့်ထားထားတယ်ဆိုတာပါပဲ။
[ စာရေးသူရဲ့ အကျဥ်းချုပ်
ဆောင်းဦးရာသီက ပွဲတော်တွေကိုကြိုဆိုနေပြီး ကျက်သရေရှိတဲ့ ထိုက်ချီက လူတွေကို ဒူးထောက်အောင်စွမ်းဆောင်နိုင်တယ် ]