Chapter 4
ချီယန်က ပြိုင်ပွဲမှာ ဒုတိယနေရာရသွားပြီး ပထမနေရာကိုတော့ စာပေအနုပညာမေဂျာမှကျောင်းသားကရလိုက်၏။
အစပိုင်းမှာ ထိုကောင်လေးကို ဘယ်သူမှအာရုံမစိုက်မိကြပေမယ့် ငါးပတ်လောက်ပြေးလို့အပြီးမှာတော့ သူက ချီယန်နဲ့ အပြိုင်အဆိုင်ဖြစ်လာပြီး ကျန်တဲ့ပြိုင်ပွဲဝင်တွေက သူတို့နောက်မှာ ပြတ်ကျန်နေခဲ့သည်။ ချီယန်က အရပ်ရှည်ရှည် ခြေထောက်ရှည်ရှည်တွေနဲ့ဖြစ်ပြီး မြန်မြန်နဲ့မှန်မှန်ပြေးကာ လူထုရဲ့အာရုံကိုဆွဲဆောင်ထားစဥ် ချီယန်ထက်ခေါင်းတစ်လုံးလောက်ပုတဲ့ ထိုကောင်လေးကတော့ ချီယန်လောက် ခြေလှမ်းကျဲကျဲမရောက်ပေမယ့် သူ့ရဲ့အရှိန်ကပိုမြန်ကာ စိတ်ကလည်း ပိုထက်ပုံပင်။
စုန့်ဖေးတစ်ယောက် သူ့ရဲ့ဖုန်းကိုပင် တင်းတင်းဆုပ်ကိုင်ထားမိပြီး ဒုတိယပိုင်းအရောက်မှာတော့ ကွင်းထဲက မျက်လုံးမခွာနိုင်တော့ပေ။ ချီယန်လည်း အကောင်းဆုံးကြိုးစားနေသည်မှာ မျက်မြင်ပေမယ့် ထိုကောင်လေးထက် ခြေလှမ်းသုံးလှမ်းစာလောက်နောက်ကျပြီးမှ ပန်းဝင်သွားခဲ့သည်။
ကြေညာသူက စာပေအနုပညာမေဂျာကို ပထမရတဲ့အတွက် ဂုဏ်ပြုကြောင်းနှင့် သိပ္ပံနည်းကျမွေးမြူရေးမေဂျာကို ဒုတိယရတဲ့အတွက်ဂုဏ်ယူကြောင်း အမည်တွေနှင့်တကွ ကြေညာနေပေမယ့် စုန့်ဖေးရဲ့အာရုံကတော့ ချီယန်ဆီသို့သာ ရောက်နေတော့သည်။
ချီယန်က သူ့ရဲ့ဒူးခေါင်းပေါ်လက်တင်ရင်း ကိုယ်ကိုကိုင်းထားကာ အသက်မနည်းလုရှူနေရပုံပင်။
စုန့်ဖေးကြည့်တာနဲ့တင် ဒါကသူ့ရဲ့လစ်မစ်ကိုကျော်လွန်ပြီး ပြေးထားတာဖြစ်တာကြောင့် ဒီကောင် သေအောင်ပင်ပန်းနေပြီဆိုတာ သိလိုက်သည်။သူ့အထင်အရဆိုရင် မကြာခင်မှာပဲ ဒီကောင် ကြမ်းပြင်ပေါ်ကို ဘိုင်းခနဲ လဲကျတော့မှာလို့တွေးလိုက်ပေမယ့် သူ့ရဲ့ ပုံရိပ်ကိုထိန်းထားတုန်းပင်။
ဒီလိုသာမန်ထက်ပိုတဲ့ ဇွဲလုံ့လက ထူးတာလား ရူးတာလား ဘယ်သူသိမှာလဲ။
ပန်းဝင်လာမယ့်နေရာက စုန့်ဖေးထိုင်နေတဲ့ နားမှာဖြစ်တာကြောင့် ချီယန်သာ ဒီဖက်ကိုလှည့်ကြည့်ခဲ့ပါက သူ့ကိုသေချာပေါက်တွေ့မှာပင်။ ပြီးတော့ သူတို့ဝတ်ထားတဲ့ အဖြူရောင် ယူနီဖောင်း ဆင်တူတွေကိုလည်း လျစ်လျူရှုဖို့ခက်ခဲလှသည်။ သို့သော် အစမှအဆုံးထိ ချီယန်က သူ့မျက်နှာကိုတစ်ဖက်ကိုသာလွှဲထားပြီး ကွင်းထဲမှထွက်သွားသည်အထိ လှည့်မကြည့်ပေ။
ဒီကောင့်ကို မကောင်းပြောရတာက မပြောရမနေနိုင်လို့ဆိုပေမယ့် အခုချိန်မှာတော့ စုန့်ဖေးလည်း အနည်းငယ် သနားသွားမိခဲ့သည်။ သူ့အကျင့်နဲ့ဆို ပထမ မရတာက ကျရှုံးတာဖြစ်ပြီး ဒုတိယနဲ့ ဘိတ်ချီးက အတူတူပင်ဖြစ်သည်။ ဒီလိုတွေးမိပြီး ချီယန်ရဲ့ အထီးကျန်ဆန်လှတဲ့ကျောပြင်ကိုကြည့်မိတော့ သူ့စိတ်နဲ့ဆန့်ကျင်စွာ သူ့နှလုံးသားက အနည်းငယ်နာကျင်သွားရသည်။
အားကစားပွဲကြီးကို နှစ်ရက်တိတိကျင်းပခဲ့ပြီး ဒုတိယနေ့ နေ့ခင်းပိုင်းမှာတော့ ပထမနေ့ရဲ့ အခမ်းအနားပြင်ဆင်သူတွေ၊ ဒိုင်လူကြီးတွေ ၊အမှတ်ရေသူတွေအားလုံးက တံမြက်စည်းလှည်းတဲ့ ဘုန်းကြီးကျောင်းသားအသွင်မှ အားကစားသမားအသွင်သို့ ပြောင်းလဲလာတော့သည်။ ဒီနေ့က သူတို့ကစားရမယ့်နေ့မဟုတ်ပါလား။
ပုံမှန်အားဖြင့် အကြိတ်အနယ်ယှဥ်ပြိုင်လေ့ရှိတာ လူ့သဘာဝဖြစ်ပေမယ့် ဒီလိုပွဲတွေမှာတော့ ကွာခြားချက်တွေက ပိုသိသာလာပြီး အစွမ်းအစမှာ သာလွန်တဲ့သူတွေအကုန်လုံးက လေအဟုန်လိုပင် ပြိုင်ဖက်တွေကို အသာလေးကျော်တက်ကာ အရိပ်ပင်မမြင်လိုက်ရပဲ အနိုင်ယူသွားနိုင်ပေသည်။
နောက်ဆုံးမှာတော့ 440 က အခန်းဖော်တွေအားလုံးသဘောတူလိုက်တဲ့တစ်ချက်က နယ်ပယ်တိုင်းမှာ သူမတူတဲ့အသိပညာနဲ့ သာလွန်မှုကိုပိုင်ဆိုင်ထားမှသာ အနိုင်ရဖို့သေချာနိုင်တာမို့ နောက်နှစ်လည်း ထိုက်ချီကိုသာ ကြိုးကြိုးစားစား လေ့ကျင့်ကြဖို့ပင်။
အားကစားပွဲတွေပြီးသွားတဲ့နောက်မှာတော့ ရာသီတုက အအေးဖက်ကို ပိုမိုကူးပြောင်းလာခဲ့ပြီး အခက်အလက်တွေကလည်း အဝါဖက်သန်းလာကြသည်။တစ်ချို့အပင်တွေရဲ့ရွက်ကြွေတွေက လေနဲ့အတူပါလာပြီး မားမားမတ်မတ်ရပ်တည်နေတဲ့ ထင်းရှူးပင်တွေပေါ်သွားကပ်ကြသည်။ ရွှေဝါရောင်ရွက်ကြွေတွေနဲ့ အစိမ်းရင့်ရောင်ထင်းရှူးပင်တွေကိုမြင်ရတာက ဆန်းသစ်တဲ့ အလှတရားတစ်ခုပင်။
စုန့်ဖေးလည်း သူ့ရဲ့ ပုံမှန်အချိန်စာရင်းအတိုင်းပြန်လည်ပတ်ရင်း အဓိကအတန်းတွေကိုတက်ပြီး ကျန်တဲ့အတန်းတွေကိုလစ်လိုက် ဖုန်းကြည့်လိုက် ဇာတ်ကားကြည့်လိုက်နဲ့ အချိန်ကုန်နေတော့သည်။ သို့သော်လည်း တစ်ပတ်လောက်အကြာမှာတော့ သူ့မှာနေရခက်စရာတစ်ခုကြုံလာရသည်။
ပုံမှန်ဆို 440 မှာ ဝမ်ချင်းယွမ်တစ်ယောက်သာ စာလုပ်သူရှိပြီး ရှန်းယန်ကတော့ သူ့ကောင်မလေးနဲ့ ချစ်ကြည်နူးတစ်တစ်တူးကာနေတတ်သလို ရွမ်ကျဲကလည်း မိုးလင်းမိုးချုပ် အတန်းထဲမှာကလွဲရင် သူ့မျက်နှာကို မြင်ရခက်ခဲလှအောင် ကောင်မလေးရရန် ကြိုးပမ်းနေသူဖြစ်သည်။
ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ 440 အဖွဲ့သားတွေအားလုံး စုံစုံညီညီအခန်းထဲရှိနေတတ်ပြီး လက်ပ်တော့နဲ့ လုပ်ချင်ရာလုပ်နေတဲ့ စုန့်ဖေးကလွဲရင်အားလုံးက ကြိုးကြိုးစားစား စာလေ့လာနေကြပြီဖြစ်သည်။ သူတို့ရဲ့ကျောပြင်ကိုကြည့်ရုံနဲ့တင် “ဝီရိယအလွန်ရှိသည်”ဆိုတဲ့စာကို မြင်နေရသလိုပင်။
ဒီနေ့မှာ နေ့ခင်းပိုင်းအတန်းမရှိတာကြောင့် စုန့်ဖေးက တစ်နေကုန်အိပ်ပြီး ဇိမ်ယူဖို့စဥ်းစားထားပေမယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုရဲ့အစကြောင့် လန့်နိုးလာရသည်။ ကြောက်မက်ဖွယ်ကောင်းတဲ့ တိတ်ဆိတ်မှုလို့ပြောရတာက ဒီတိတ်ဆိတ်မှုရဲ့ 99% က တိတ်ဆိတ်မှုဖြစ်ပြီး 1% ကတော့ ခပ်တိုးတိုးထွက်ပေါ်နေတဲ့ စာရွက်လှန်သံ ၊ စာရေးခြစ်သံတို့ကြောင့်ဖြစ်သည်။ တိတ်ဆိတ်မှုထဲကို ဒီအသံထည့်ပေါင်းလိုက်တော့ အတော်လေး နှလုံးတုန်ရင်တုန်အောင်စွမ်းဆောင်နိုင်ပေသည်။
စုန့်ဖေး သူ့ရဲ့အိပ်ယာပေါ်ကထတော့ နေကကွက်တိပင်ဝင်နေလေပြီ။ နွေးထွေးတဲ့ဆည်းဆာရဲ့အရောင်က 440 ပေါ်ကို ကျရောက်နေကာ “ယောင်စိန်တစ်ယောက်” နဲ့ “ဝီရိယကျောင်းသား”သုံးယောက်ကို အလင်းပေးနေတော့သည်။ အခန်းဖော်သုံးယောက်လုံးရဲ့ကျောပြင်တွေက ခုံပေါမှာကုန်းကိုင်းနေတာများ သူ့ရည်းစားဟောင်းကိုပင် သတိရစေသည် ။ “ကျားရဲ့ဂူထဲကထွက်ပြီး ဝံပုလွေဂူထဲဝင်တယ်”ဆိုတာဒါမျိုးလားဟု စုန့်ဖေးရဲ့စိတ်ထဲမှာ တွေးလိုက်မိသည်။
“အဟမ်း ၊ငါမင်းတို့ရဲ့ အဖိုးတန်တဲ့အာရုံတွေကိုနည်းနည်းလောက် ယူလို့ရမလား”
သူပြောလိုက်တာ သုံးယောက်ဆိုပေမယ့် ဝမ်ချင်းယွမ်က တုပ်တုပ်တောင်မလှုပ်ပဲ ကျန်နှစ်ယောက်ကသာ သူ့ကိုလှည့်ကြည့်လာသည်။
“ဘာကိစ္စလဲကွ”
“ဘာဖြစ်လို့လဲ”
စုန့်ဖေးရဲ့စိတ်ထဲဝမ်းသာသွားရသည်။ အနည်းဆုံးတော့ သူ့အခန်းဖော် နှစ်ယောက်က ဘဝမမေ့သေးဘူးပဲ။
“ဘာကိစ္စလဲဆိုတာ ငါကမင်းတို့ကိုမေးရမှာ၊မင်းတို့ကို ဘယ်သူကပြုစားပြီး ဘာတွေဝင်ပူးနေလို့ ချက်ချင်းပဲ နတ်ပြည်တက်တော့မလို စာတွေလုပ်နေတာတုန်း”
ရွမ်ကျဲက ရှန်းယန်ကို “မင်းဖြေ” ဆိုတဲ့ပုံစံဖြင့် ကြည့်တော့ ထိုကောင်က ခေါင်းညိတ်ပြပြီး
“စစ်သူကြီးကောင်းဆိုတာ စစ်ပွဲမစခင် ဓားကိုသွေးထားရမယ်ကွ။ မထက်ရင်တောင် လက်နေမှတော့ဖြစ်မယ်မဟုတ်လား” ဟု ဆိုလာသည် ။
စုန့်ဖေးရဲ့မျက်လုံးတွေက သူတို့ရဲ့ စားပွဲခုံပေါ်က အစမ်းမေးခွန်းတွေအပေါ်ကို ရောက်သွားခဲ့သည်။
“ပြဿနာက မင်းတို့နှစ်ယောက်လုံး CET4 ကိုအောင်ပြီးပြီ မဟုတ်ဘူးလား”
ဒီလိုထုတ်ပြောရတာ သူ့ရဲ့နှလုံးသားကိုအနည်းငယ်ထိခိုက်စေသည်။ ဒါပေမယ့် စုန့်ဖေးဂရုမစိုက်နိုင်တော့ပဲ “CET4 ကိုဖြေမယ့် တစ်ဦးထဲသော သံမဏိလူသား” အဖြစ် သူ့ရဲ့သိက္ခာကိုကာကွယ်ရမည်ပင်။
သူ့စကားကြောင့် အခန်းဖော်နှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း
“ဟုတ်တယ်လေ၊ ဒီလိုကွာ ငါတို့က တစ်ကယ်တော့ CET6 ကိုဖြေဖို့ စာကြည့်နေကြတာ”ဟု ဆိုလာသည် ။
စုန့်ဖေးတစ်ယောက် ကြောင်တောင်တောင်ပင်ဖြစ်သွားမိသည်။ သူပဲ နားကြားမှားတာလား။
“မင်းတို့က CET6 ကိုဖြေမှာလား? ယန်ဇီ မင်းပြောတော့ CET4 ဖြေပြီးကတည်းက ဘယ်အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်ကိုမှ မထိတော့ဘူးဆို ? ရွမ်ကျဲ မင်းရော တရုတ်စာကသာ ကမ္ဘာသုံးစကားဖြစ်သင့်တယ်ဆိုကွ ၊မင်းမပြောခဲ့ဘူးလား”
ရှန်းယန်က သူ့ရဲ့ခဲတံကိုချလိုက်ရင်း နှစ်ပေါင်းများစွာ အိုစာသွားတဲ့ရုပ်ဖြင့် သူ့ရဲ့တစ်ချိန်က လွတ်လပ်ပေါ့ပါးခဲ့သော အမှတ်တရတွေကိုအဝေးမှာထားခဲ့ပုံရသည် ။ခနနေမှာတော့ သူ့မျက်လုံးထဲမှာ မြူတွေဆိုင်းသွားပြီး အမှောင်ထုသာ ကျန်နေခဲ့ကာ စုန့်ဖေးကိုကြည့်လျက် သက်ပြင်းချလိုက်ရင်း
“လူငယ်လေး ၊ မင်းနားမလည်ပါဘူး။ဒီကမ္ဘာမှာ အမျိုးသမီးက စာကြိုးစားခိုင်းလို့ စာကြိုးစားရတဲ့ လူအမျိုးအစားလည်းရှိတယ်ကွ” ဟုဖြေသည်။
စုန့်ဖေးလည်း တံတွေးအနည်းငယ်မျိုချလိုက်ရင်း ရှန်းထုံရွှယ်အား ဖက်ပြီးနှစ်သိမ့်ပေးချင်သွားရသည်။
“ဒါဆို မင်းကရော ၊မင်းမှာ အမျိုးသမီးမှ မရှိတာ”
ရှန်းယန်ရဲ့အခြေအနေကို နားလည်ပေမယ့် သူရွမ်ကျဲကို နားမလည်နိုင်သေးပေ ။
ရုတ်တရက် ရွမ်ကျဲက သူ့ရဲ့ဆံပင်ထူထူတွေကို ခါလိုက်ရင်း
“ဒီမှာ ဘော်ဒါ ၊ မင်းလည်း အပြင်လောကကို မျက်လုံးဖွင့်ကြည့်သင့်ပြီ။ ငါတို့ကျောင်းပြီးဖို့ သုံးနှစ်တောင်မလိုတော့တာကို ဒီအချိန်မှာမှ အမှတ်ကောင်းကောင်းတွေမရထားရင် ဘယ်အချိန်မှာ ကောင်မလေးတွေအထင်ကြီးအောင် လုပ်ကြမလဲ ။ငယ်တုန်းပျင်းရင် ကြီးလာမှနောင်တရမယ်ကွ” ဟု ထပ်လောင်းပြောလာပြန်သည်။
စုန့်ဖေးလည်း တံတွေးနောက်တစ်ကြိမ်မျိုချရင်း ပြန်အိပ်လိုက်မိရင် ခွင့်မလွှတ်နိုင်တဲ့ အကြီးလေးဆုံးအပြစ်ကြီးအား ကျူးလွန်မိသလို ခံစားရမယ်လို့တွေးမိလာသည်။
“ငါအောက်ထပ်ဆင်းလိုက်ဦးမယ် ၊ ရေယူမလို့ မှာချင်တဲ့သူရှိသေးလား …”
စုန့်ဖေး သူ့ကုတင်ပေါ်ကခုန်ချလိုက်ပြီး ရေဖြည့်တဲ့အခန်းကိုသွားကာ သူ့ရဲ့ခံယူချက်တွေအကြောင်းပြန်တွေးဖို့ ထွက်လာခဲ့သည်။
ဝမ်ချင်းယွမ် : “နိုး”
ရွမ်ကျဲ : “ငါလည်းယူထားပြီးပြီ”
ရှန်းယန် : “ငါလည်းခနနေမှ ကန်တင်းမှာ တစ်ခုခုသွားစားရင်း ယူလိုက်တော့မယ်”
ဒီလို သမုဒ္ဓရာထက်နက်တဲ့ တက္ကသိုလ်ထဲစုန်းစုန်းမြုပ်သွားတဲ့သူတွေကတော့ သူ့လိုစာမကြိုးစားသူအတွက် ရေခပ်ဖို့တာဝန်တောင်မပေးချင်ကြတော့ပေ၊စုန့်ဖေးရဲ့စိတ်ထဲ ဝမ်းနည်းအားငယ်လာရသည်။
အပူပေးစက်ကိစ္စပြီးကတည်းက သူတို့တစ်ခန်းလုံးပြင်ပြင်းထန်ထန်အဆူခံလိုက်ရတာကြောင့် ဒီရက်ပိုင်းမှာ သတိကြီးကြီးထားနေကြပြီး သူတို့အားလုံး ကိုယ်ပိုင်ဓာတ်ဘူးလေးတွေနဲ့သာ ရေဆင်းဖြည့်ကြသည်။
စုန့်ဖေးလည်း တစ်ခုခုသွားစားပြီးမှ ရေဖြည့်မလို့လုပ်ထားတာကြောင့် သူ့ရဲ့အစိမ်းရင့်ရောင်ဓာတ်ဘူးအား ရေပေးခန်းရဲ့အရှေ့က ဓာတ်ဘူးအများကြီးထဲ ရောပြီးထည့်ထားလိုက်သည်။ သတိထားပြီး ပြတင်းပေါက်နားမှာကပ်ထားလိုက်ရတာက တစ်အချက် အလွယ်တကူရှာတွေ့စေရန်နှင့် နှစ်အချက် သူယူလာတဲ့ စက်ဘီးလော့ခ်နဲ့ သူ့ဓာတ်ဘူးကို သံဇကာမှာ တွဲခတ်ထားရန်ပင် ။
မီးဘေး….သူခိုးဘေး…. ဓာတ်ဘူးပျောက်ဘေး…. ဘယ်လိုတောင်ဆိုးရွားရတာပါလိမ့်။
ငါးနာရီမှာ ကန်တင်းက အလုံးစုံ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။ဟင်းပွဲတွေလည်းမချရသေးသလို ကျောင်းသားတွေလည်းမရှိသေးပေ။ စုန့်ဖေးက ပထမဆုံး အပေါက်နားကပ်သွားတော့ သူ့ကိုထမင်းထည့်ပေးလာသည်။ ထို့နောက် ဒုတိယအပေါက်နားကပ်သွားတော့ သူ့ကို လိုလိုလားလားပင် ဟင်းပွဲအသစ်ကိုထည့်ပေးလာခဲ့သည်။
“မင်းက ဒီနေ့အတော်စောတာပဲ”
တစ်နှစ်လုံး ထမင်းဟင်းထည့်ပေးနေကြ အဒေါ်ကြီးတွေက သူ့ကိုမှတ်မိနေကြပြီဖြစ်သည်။ အထူးသဖြင့် ဒီအဒေါ်ကြီးက သူ့ရဲ့လက်ရာကို ဟင်းပွဲအသစ်တွေပေါ်ချပြချင်ပေမယ့် ဟင်းပွဲအသစ်တွေကို စားချင်သူသိပ်မရှိသလောက်ရှားပါးလှတာကြောင့် ထင်တိုင်း လက်စွမ်းပြခွင့်မရပေ။
“အဲ အတန်းမရှိလို့”
စုန့်ဖေးက ယဥ်ယဥ်ကျေးကျေးပြန်ဖြေလိုက်ပေမယ့် သူ့ရဲ့အာရုံကတော့ အနီနဲ့အဖြူရောစပ်ထားတဲ့ ထိုက်ချီကိုပင် သတိရစေတဲ့ဟင်းပွဲအသစ်ဆီမှာပင်။ သူ့အတွက်တောင် ဒီတစ်ခါဟင်းပွဲအသစ်က အတော်လေးထူးဆန်းနေပေသည်။
“အဒေါ် ၊ ဒါကဘာကြီးတုန်း”
“ဆန်ကိတ်နဲ့ ဖရဲသီးကိုရောကြော်ထားတာ”
“အော်ဟုတ် ၊ကျွန်တော့်ကို မာဖိုတို့ဟူးလေးပါ”
စုန့်ဖေးမှာ ဟင်းအသစ်တွေမြည်းလိုတဲ့ ဆန္ဒရှိပေမယ့် အဲ့လောက်ကြီးတော့မဟုတ်ပေ ။
သူ့ရဲ့ထမင်းတစ်ဝက်လောက်အရောက်မှာတော့ လူတွေတဖြည်းဖြည်းဝင်လာကြပြီဖြစ်သည် ။ လုံးဝ လူစည်ကားချိန်ရောက်ဖို့တော့ နာရီဝက်လောက်လိုသေးတာမို့ စုန့်ဖေးလည်း အာရုံမထားပဲ ကိုယ့်ထမင်းကိုယ်စားနေလိုက်တာ သူ့မျက်နှာချင်းဆိုင်မှာ တစ်ယောက်ယောက်လာထိုင်တဲ့အထိပင်။