Chapter 5
စုန့်ဖေးရဲ့ ပထမဆုံးတုံ့ပြန်မှုက မျက်ခုံးတွေကျုံ့လိုက်တာဖြစ်ပြီး တခြားမှာ သွားထိုင်ဖို့ပြောဖို့ပင်။ ဒါပေမယ့် မော့ကြည့်လိုက်မှ ချီယန်ရဲ့မျက်နှာကြီးကိုတွေ့ပြီး ပြောမယ့်ဟာတွေနင်သွားရသည်။ကံကောင်းတာက သူစားနေတာ တို့ဟူးဖြစ်ပြီး အသားမဟုတ်တာကြောင့် ကြိုးစားပြီး မျိုချလိုက်နိုင်ပေသည်။
“တိုက်ဆိုင်လိုက်တာ”
ချီယန်က ထုံးစံအတိုင်း ငယ်ပေါင်းကြီးဖော်တွေလိုပင် သူ့ကိုလာရယ်ပြနေပြန်သည်။
စုန့်ဖေးလည်း သူ့ပန်းကန်ထဲက အနီအဖြူဟင်းပွဲကိုကြည့်ရင်း မနေနိုင်ပဲ “မင်းဒါကိုမထည့်ခင် ဘာတွေလဲရော မေးခဲ့သေးရဲ့လား” ဟုမေးလိုက်မိသည်။
ချီယန်ကတော့ တုံ့ဆိုင်းမနေပဲ “မေးစရာမလိုပါဘူး ဆန်ကိတ်နဲ့ဖရဲသီးကြော်ပဲ ကြည့်တာနဲ့သိတာပေါ့” ဟုပြန်ဖြေလာတာကြောင့် စုန့်ဖေးမှာ ဒီကောင်အတွက် လေးစားမှုကလွဲပြီး တုန့်ပြန်စရာမရှိတော့ပေ။
“မင်း အရင်တုန်းက ဒီလို လေးပင်တဲ့အကြိုက်မရှိပါဘူး” ဟု မနေနိုင်ပဲမေးလိုက်သည်။အရင်တုန်းက ဒီလိုဟင်းတွေယူသူက စုန့်ဖေးဖြစ်ပြီး တအံ့တသြနဲ့ကြည့်ရသူက ချီယန်ဖြစ်သည်။
ချီယန်လည်း အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ငုံ့စားနေရင်းက “အပြောင်းအလဲလေးပေါ့” ဟုပြန်ဖြေလာသည်။
စုန့်ဖေး သူ့ရဲ့မျက်နှာကိုမမြင်ရပေမယ့် အနည်းငယ်ထူးဆန်းတဲ့လေထုကို ခံစားမိတာကြောင့် ပုံဖော်ဖို့ကြိုးစားနေစဥ် တစ်ဖက်လူရဲ့ ဟင်းပွဲကိုစားပြီး ဖြစ်ပေါ်သွားတဲ့ အမူအရာကိုမြင်လိုက်ရသည်။
“ကဲ ပြောပါဦး ရဲဘော် ဘယ်လိုနေလဲ”
“ချီးပဲ”
ချီယန်က ဆန်ကိတ်ကိုထွေးထုတ်လိုက်ပြီး တစ်ခွန်းသာ ဆဲရေးနိုင်တော့သည်။
ထို့နောက်တော့ သူ့ရဲ့ဟင်းပွဲကို ဟင်းကျန်ထည့်တဲ့ပုံးနဲ့ မျှဝေလိုက်ပြီး စုန့်ဖေးရဲ့ တို့ဟူးဟင်း သုံးပုံတစ်ပုံကို လာလုစားတော့သည်။
ဟင်းထည့်ပေးတဲ့ အဒေါ်က ရက်ရောပေမယ့် စုန့်ဖေးမှာ ဒီလိုမျှဝေချင်စိတ်မရှိတာကြောင့် အတော်လေးစိတ်ညစ်သွားရပေသည်။ ပြီးတော့ သူတို့နှစ်ယောက်တစ်ပွဲထဲမျှစားနေတာက ပုံမှန်မဟုတ်သလိုပင်။ နောက်ဆုံးမှာတော့ စုန့်ဖေးလည်း သည်းမခံနိုင်တော့ပဲ ကုန်းဘောင်ကြက်သားဟင်း တစ်ပွဲသွားယူလိုက်ရာ အားမနာတတ်တဲ့ ချီထုံရွှယ်ကတော့ သူ့ကုန်းဘောင်ကြက်သားကို လာခွဲယူပြန်သည်။
စုန့်ဖေးအတော်ပင် ဒေါသထွက်နေလေပြီ။
“မင်းဘယ်ဟာကိုစားမှာလဲ ရှင်းရှင်းပြော”
ချီယန်ရဲ့မျက်နှာက အပြစ်ကင်းတဲ့ပုံစံဖြင့် “ငါတို့နှစ်ယောက် တူတူစားလို့မရဘူးလား”
စုန့်ဖေးမှာ ကူကယ်ရာမဲ့တဲ့မျက်နှာဖြစ်သွားရသည်။ သူပြန်ပြောချင်ရင်တောင် “အဲ့လိုတော့ မဟုတ်ပါဘူး” ဆိုတာလွဲရင် ပြန်ပြောစရာမရှိပေ။ချီယန်ရဲ့မျက်နှာက ဝင်းပသွားတာများ သူ့နှုတ်ခမ်းထောင့်မှာကပ်နေတဲ့ ထမင်းစေ့ကပင် သူ့ကိုပိုပြီးချောမောစေသလို ထင်ရ၏။
စုန့်ဖေးလည်း ဆက်ပြီးမမြင်လိုတာကြောင့် ငုံ့ပြီး သူ့ထမင်းပန်ကန်ကိုသာ ဟိုထိုး ဒီထိုး လုပ်နေလိုက်သည်။
သူ့ကို ဝေဖန်တာမျိုးသာမလုပ်နေရင် ချီယန်က အတော်လေး ဆက်ဆံရလွယ်ကူပြီး စတိုင်မိုက်တဲ့နေထိုင်မှုပုံစံကိုမှ ခုနကလို အနည်းငယ်နူးညံ့မှုလေးကို တစ်ခါတရံ မြင်တွေ့နိုင်ပေသည်။
တစ်ခါတုန်းက သူ ချီယန်ကို တစ်ကြိမ်လောက် ဦးဆောင်ချင်ခဲ့တာကို ပြန်တွေးမိသွားပေမယ့် ထိုအတွေးကို မြန်မြန်ပင် ဖယ်ထုတ်လိုက်ရင်း သူ့ရဲ့မုန်တိုင်းထန်တဲ့ဘဝကိုသာ အာရုံစိုက်ဖို့ဆုံးဖြတ်လိုက်သည်။
“ဒါနဲ့ မင်းဒီရက်ပိုင်း အရေးကြီးကိစ္စမရှိရင် အပြင်မထွက်နဲ့ဦး”
ချီယန်က သူ့ရဲ့တူကိုချလိုက်ရင်း ဆိုလာတော့ ခုနက နူးညံ့မှုတွေပျောက်ဆုံးသွားပြီး စဆရက ချီယန်ရဲ့ပုံစံ ပြန်ပေါက်သွားတော့သည်။
“မင်းအကြောင်းဘာပါလဲ”
စုန့်ဖေးက မကြည်မလင် တုန့်ပြန်လိုက်သည်။
ချီယန်ရဲ့မျက်ခုံးတွေက ကျုံ့သွားပြီး စိတ်ကိုမနည်းရှည်ထားရပုံဖြင့်
“ရှေးသုကကျောင်းသား သေသွားတာကိုအတည်ပြုလိုက်ပြီဆိုတာ မင်းသိလား”
စုန့်ဖေးလည်း သတိဝင်လာပြီး
“တစ်ကယ်ကြီးသေသွားတာလား။ သူတို့ပြောတော့ အဆက်အသွယ်ပျက်ပြီး ကျောင်းထွက်သွားတာဆို”
“သူကမင်းနဲ့ တစ်ထပ်ထဲနေခဲ့တာကို ၊ ဘာလို့ဒီလောက်အယုံလွယ်ရတာလဲ၊ မင်းရဲ့ခေါင်းထဲမှာ တို့ဟူးနဲ့ ဟင်းအနှစ်တွေပဲရှိတာလား”
စုန့်ဖေးက နှစ်ခုလုံးကို သဘောမကျတာကြောင့်ရှုံ့မဲ့လိုက်ပေမယ့် ချီယန်ကတော့ အခုမှ သက်တောင့်သက်သာရှိလာသလိုပင်။ ချစ်ခြင်းမေတ္တာနဲ့ ပြောင်းလဲဖို့ကြိုးစားတာက အသုံးမဝင်ပဲ ဟောဟောဒိုင်းဒိုင်းကသာ အကောင်းဆုံးပင်။
“တစ်ကယ်ကြီးသေပြီ။ ပြီးတော့ အလောင်းက တစ်ခုတစ်ခြားစီပဲတဲ့၊ အစတုန်းက ဘယ်ဖက်ခြေထောက်တစ်ခုပဲတွေ့တာ အဲ့ဒီခြေထောက်ကို DNA စစ်လိုက်တာ သူပဲတဲ့”
စုန့်ဖေးမှာ သံသယတွေရှိနေတုန်းပင်။
“မင်းမျက်စိနဲ့မြင်တာမို့လို့လား”
“အဆောင်မှူးတွေ ပြောနေတာကြားလိုက်တာ”
သူ့မှာတုံ့ပြန်စရာမရှိတော့ပေ။ ချီယန်က စကားကို သွယ်ဝိုက်ပြောတတ်တဲ့သူမဟုတ်တာကြောင့် သူများကို အာရုံလာစားမယ့်သူမဟုတ်ပါ။သူ့မျက်လုံးထဲ ဟိုပုံကြီးကိုပြန်မြင်လာတာကြောင့် သူ့ရဲ့မာဖိုတို့ဟူးနဲ့ ကြက်ကုန်းဘောင်ကိုလည်း စားချင်စိတ်မရှိတော့ပေ။
ချီယန်ကတော့ စုန့်ဖေးရဲ့စိတ္တဇအတွေးတွေကိုမသိတာကြောင့် ဆက်ပြီး
“အဲ့လိုအလားတူမျိုး သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာလည်း မနေ့ရဲ့မနေ့က ဖြစ်သွားတယ်။ ငါ့အမြင်ပြောရရင် ဒီတက္ကသိုလ်မြို့ကြီးက သိပ်မအေးချမ်းဘူး။ မင်းလည်းအပြင်မထွက်တာကောင်းမယ်” ဟု ဆက်ပြောလာသည်။
“သိပ္ပံနဲ့နည်းပညာကျောင်းမှာ ဘာဖြစ်တာလဲ”
စုန့်ဖေးရဲ့အူကြောင်ကြောင်အမေးကြောင့် ချီယန်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း
“မျက်နှာကို ကိုက်စားသွားတယ်ဆိုတာလေ ၊မင်းမကြားမိဘူးလား”
“ဟမ် ခနလေးနေပါဦး”
စုန့်ဖေးရဲ့ကိုယ်က ရုတ်တရက်စိမ့်သွားခဲ့သည်။
“မျက်နှာကို ဘာဖြစ်တယ်”
“မျက်နှာကို ကိုက်စားသွားတာ”
ချီယန်က ဒီတစ်ခါတော့ စိတ်ရှည်လက်ရှည်ပင်။
“အဲ့ဗီဒီယိုက ဝေးပေါ်မှာ အတော်လေးပေါက်နေတာ မကြည့်ရသေးဘူးလား” ဟု သတင်းပေးလာသည်။
ဝေးပေါ်မှာသတင်းအသစ်တွေ အခုတစ်သိန်းလောက်နေ့တိုင်းတက်နေတာကို သူ 9999 ခုလောက်တော့ သိပေမယ့် ဒီသတင်းကိုတော့ မကြားပေ။
သူ့ဖုန်းကို အလျင်အမြန်ပဲဖွင့်ကြည့်လိုက်ပြီး ဝေးပေါ်မှာ မဖျက်ရသေးတဲ့ ဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်။
ကန်တင်းမှာ ဝိုင်ဖိုင်မရှိတာကြောင့် သူ့မှာဒေတာသုံးဖို့ကို အတော်လေး ဝန်လေးမိပေမယ့် ဂရုမစိုက်နိုင်တော့ပါ။ ဗီဒီယိုက အတော်လေးလှုပ်ရှားပြီး ဝါးနေပေမယ့် လူတစ်ယောက်က နောက်တစ်ယောက်ကို တိုက်ချလိုက်တာတော့ မြင်လိုက်ရသည်။ ထို့နောက်တော့ ထိုလူကိုစတင်ပြီး ကိုက်ခဲနေတာ မသိရင် အနမ်းပေးနေသလိုပင်။ ဒါပေမယ့် အနမ်းပေးခံရတဲ့ ပုဂ္ဂိုလ်ကတော့ သွေးအလိမ်းလိမ်းထွက်နေပြီး ဗီဒီယိုရိုက်ပေးတဲ့သူဆီကလည်း အသံတွေကိုကြားနေရသည်။
စုန့်ဖေးလည်း ကောမန့်တွေကို ဝင်ကြည့်လိုက်တော့ ပထမဆုံးကောမန့်က ထိုကိုက်စားနေတဲ့ပုဂ္ဂိုလ်ကို ရဲက သုတ်သင်ရှင်းလင်းလိုက်ပြီဖြစ်ပြီး အကိုက်ခံတဲ့ ပုဂ္ဂိုလ်ကလည်း မကြာခင်မှာပဲ ရဲတွေကို စတင်တိုက်ခိုက်လာတာကြောင့် သူ့ကိုလည်း ရှင်းပစ်လိုက်ရသည်။နောက်တော့ ဒဏ်ရာရတဲ့ ရဲဝန်ထမ်းကို ဆေးရုံကားပေါ်တင်ပေးလိုက်ရသည်။
“ဒါက တစ်ကယ်ကြီးလား”
စုန့်ဖေးရဲ့ အမေးကို ချီယန်က “မသိဘူး” ဟုသာ ပြန်ဖြေပေသည်။
စုန့်ဖေးထပ်ပြီး ငုံ့ကြည့်လိုက်တော့ ကောမန့်တွေက ကိုက်တဲ့သူရော အကိုက်ခံရတဲ့သူရောက ဆေးသုံးထားတာဟု ထင်နေကြသည်။ မူးယစ်ဆေးရဲ့တန်ခိုးကြောင့် ပထမလူက ဒုတိယလူကိုစတင်တိုက်ခိုက်ပြီး ဒုတိယလူကတော့ သူလွတ်မြောက်သွားတဲ့အချိန်မှာ စိတ်ရူးပေါက်ပြီး စတင်တိုက်ခိုက်လာတာဟူ၍ပင်။
ကောမန့်တွေထဲမှာတော့ နိုင်ငံခြားမှာလည်း ဒီလိုအလားတူကိစ္စတစ်ခုဖြစ်ပွားခဲ့ပြီး အိမ်ခြေမဲ့တစ်ယောက်ကို ဆေးသုံးထားတဲ့သူတစ်ယောက်က တိုက်ခိုက်ခဲ့တာဖြစ်သည်။ ဆေးသမားက သေဆုံးသွားပြီး အိမ်ခြေယာမဲ့ကတော့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ တစ်ချို့လူတွေကတော့ ဒါဟာ ဇွန်ဘီရုပ်ရှင်ကို အပြင်မှာကြည့်နေရသလိုပဲဟု ဝေဖန်ချက်ပေးကြသည်။ ကိုက်စားခံရတဲ့သူက ထပြီးတိုက်ခိုက်ပုံက ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသလိုပင်။
ထပ်ပြီး တင်ထားတာကတော့ တရုတ်ပြည်သားတွေရဲ့ အလားတူဖြစ်နိုင်ချေရှိတဲ့ ဗီဒီယိုတွေ တင်ထားပြီး ဒါတွေကလည်း သူတို့ပတ်ဝန်းကျင်မှာ တစ်ကယ်ဖြစ်ခဲ့တာဟု အခိုင်အမာဆိုနေကြသည်။ ဗီဒီယိုအတော်များများက ဝါးတားတားသာမြင်ရပေမယ့် အကုန်လုံးကို တစ်စုတစ်စည်းထဲပေါင်းလိုက်တော့ လက်ရာကောင်းတစ်ခုပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးမှာ သူတို့အားလုံး သဘောတူလိုက်တာကတော့ ဆူနာမီနဲ့ နျူကလီးယားကြောင့်မသေခဲ့တဲ့ သူတို့အားလုံး “2012” ဆိုတဲ့ ရုပ်ရှင်ထဲကလို သေကြတော့မယ်ဆိုတာပင်။
စုန့်ဖေးက ကပ်ဘေးဆိုတာမျိုးတွေကို အယုံအကြည်မရှိတာကြောင့် စိတ်ထဲသိပ်မထားပေ။ 1999 တုန်းကလည်း ကမ္ဘာပျက်မယ်ဆိုတာကြောင့် သူ့အဖေနဲ့အမေက နေ့နေ့ညည ကော်လိုကပ်ပြီးနေခဲ့ကြပေမယ့် ၂ နှစ်သားစုန့်ဖေးကတော့ ကျန်းမာသန်စွမ်းစွာ အရွယ်ရောက်လာခဲ့သည်။
2012 မှာထပ်ပြောတော့ သူလည်းတုံးအစွာ ယုံခဲ့ပေမယ့် အရာရာကို လက်လျှော့လိုက်တာကြောင့် အခန်းထဲမှာ ဘိတ်ချီးရတာပဲ အဖက်တင်ကာ ကမ္ဘာကြီးက မပျက်စီးပဲ အဖေ့ဆီမှာသာ အရိုက်ခံခဲ့ရသည်။ အခုအချိန်မှာတော့ သူဟာ ဘာကိုမှအယုံအကြည်မရှိတော့ပေ။
သို့သော်ငြား ဒီရက်စက်တဲ့မြင်ကွင်းတွေကတော့ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး ဗီဒီယိုနှစ်ခုဆက်တိုက်ကိုပင် တစ်ချိန်ထဲမှာ မြင်ခဲ့ရသေးသည်။သိပ္ပံနဲ့နည်းပညာတက္ကသိုလ်က သူတို့နဲ့အတော်လေးနီးတာကြောင့် ဒီဖြစ်ရပ်တွေကို စဥ်းစားလိုက်တိုင်း သူ့မှာခေါင်းကြိမ်းလာရသည် ။စားချင်စိတ်လည်းမကျန်တော့တာမို့ သူတို့နှစ်ယောက်လုံးထဖို့ ပြင်လိုက်ကြသည်။
“ငါရေသွားဖြည့်ဦးမယ်၊မင်းပြန်နှင့်လေ”
စုန့်ဖေးက ချီယန်နဲ့ဘာဆက်ပြောရမှန်းမသိတာကြောင့် လမ်းခွဲဖို့ပြင်လိုက်၏။
“တိုက်ဆိုင်လိုက်တာ ငါလည်းရေဖြည့်မှာပဲ”
ချီယန်က သူ့ကိုစောင်းငဲ့ကြည့်ရင်းဆိုလိုက်တော့ စုန့်ဖေးက လှောင်ပြောင်တဲ့ရုပ်ဖြင့်
“တော်စမ်းပါ ၊မင်းက ကိုယ်တိုင်ရေသွားဖြည့်မယ်လို့ပြောနေ …”
ချီယန်ညွှန်ပြရာကို ကြည့်လိုက်တော့ ရေပေးခန်းမှာ သူ့ရဲ့ဓာတ်ဘူးကိုမြင်လိုက်ရသည်။
စုန့်ဖေးလည်းစိတ်ရှုပ်ရှုပ်နဲ့ပင် ထိုမကောင်းတဲ့ကောင်နဲ့အတူတူ ပြတင်းပေါက်ဆီကိုလျှောက်လာခဲ့ပြီး သူ့ရဲ့သော့ခတ်ထားတဲ့ဓာတ်ဘူးလေးဘေးနားမှာ ကပ်လျက်ထားထားတဲ့ ပန်းရောင်ရင့်ရင့်ဓာတ်ဘူးကို တွေ့လိုက်ရသည်။
“သောက် – မင်းတမင်လုပ်တာမလား”
စုန့်ဖေးရဲ့စွပ်စွဲချက်က အခြေအမြစ်မရှိဘူးထင်ရပေမယ့် ဒီအဆောင်မှာ ဓာတ်ဘူးကို သော့ခတ်တာဆိုလို့ သူတစ်ယောက်သာရှိတာပင်။
“ငါ့ဟာကို ဒီမှာအရင်ထားထားတာကို ၊မင်းဓာတ်ဘူးထားတော့ မတွေ့ဘူးလား။ ငါ့ဘေးမှာသက်သက် တမင်ထားထားခဲ့တာမလား”
ချီယန်ရဲ့စကားကြောင့် စုန့်ဖေးကသာ ပြောစရာမရှိသူဖြစ်သွားရသည်။ချီယန်ရဲ့ဓာတ်ဘူးက လူတိုင်းအသုံးပြုတဲ့ အမျိုးအစားဖြစ်တဲ့အပြင် သူကအမှတ်အသားလည်း မပြုလုပ်ထားတာကြောင့် ကောင်မလေးတစ်ယောက်ရဲ့ ပန်းရောင်ဓာတ်ဘူးလေးလို့သာထင်စရာပင်။ ဒီဘူးအစကရှိခဲ့လား သူ သတိလုံးဝမရတော့ပေ ။
ဟုတ်သော်ရှိမဟုတ်သော်ရှိ ရေအတူဖြည့်ရတာ မိနစ်ပိုင်းသာကြာမယ့် ကိစ္စဖြစ်တာကြောင့် ရှုပ်ထွေးတဲ့ဆက်ဆံရေးနဲ့ လူနှစ်ယောက်လည်းရေဖြည့်ပြီးတော့ ရေဘူးအပြည့်တွေကိုသယ်ပြီး ပြန်ထွက်လာခဲ့သည်။
စုန့်ဖေးက နောက်တစ်ကြိမ် လမ်းခွဲရန်ကြိုးစားပြန်သည်။
“ငါ စူပါမားကတ်ကိုသွားလိုက်ဦးမယ် မင်းပြန်နှင့်”
“တိုက်ဆိုင်လိုက်တာ ငါလည်းဝယ်စရာရှိလို့”
ချီးပဲ အနည်းဆုံးတော့ စကားကိုမတူအောင်ပြောလို့မရဘူးလား။
စုန့်ဖေးက မဝယ်တော့ဘူးပြောပြန်ရင်လည်း ဒီကောင်က ပါလာဦးမှာမို့ အတော်လေး စိတ်ပေါက်လာရသည်။
ချီယန်ဆိုတဲ့ကောင်က အရူးထမလွယ်ပေမယ့် အရူးထပြီဆို အတော်လေးစိတ်ရှုပ်စရာကောင်းတာမို့ လွှတ်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။
စုန့်ဖေးလည်း စူပါမားကတ်ထဲမဝင်ခင် သူ့ရဲ့ ဓာတ်ဘူးကို နောက်တစ်ကြိမ်သော့ခတ်လိုက်တော့ သူ့ရဲ့ ဓာတ်ဘူးအစိမ်းလေးကို ချီယန်က အားနာသလိုကြည့်ရင်း
“မင်း စာတွေလည်းရေးထားတာကို ဘာလို့သော့ခတ်နေဦးမှာလဲ” ဟုမေးလာသည်။
ချီယန်ရဲ့သေသပ်လှပတဲ့ဘူးလေးနဲ့မတူပဲ စုန့်ဖေးရဲ့ဓာတ်ဘူးမှာ စာလုံးအကြီးကြီးတွေနဲ့ ငါ့ဘူးခိုးတဲ့သူစာမေးပွဲကျပါစေဟု ရေးထားသေး၏။
“ငါတို့ကျောင်းမှာ ကျိန်စာမယုံတဲ့သူတွေရှိတာမို့ သော့ပါခတ်ထားတာပဲ” ဟု စုန့်ဖေးက ပြန်ဖြေလိုက်သည်။ ချီယန်ကတော့ သူ့ရဲ့အူကြောင်ကြောင်အတွေးတွေကို မတုံ့ပြန်လိုတာကြောင့် ပုခုံးသာ တွန့်ပြလာသည်။
ဆယ်မိနစ်လောက်အကြာမှာတော့ သူတို့နှစ်ယောက်လုံး အထုပ်ကိုယ်စီပိုက်ပြီး ပြန်လာခဲ့ကာ စုန့်ဖေးရဲ့အထုတ်ထဲမှာ ခေါက်ဆွဲဘူး ၊သောက်စရာအအေးနဲ့ နေကြာစေ့တို့ပါဝင်ပြီး ချီယန်ကတော့ ရိုးရိုးရှင်းရှင်း ရေခဲမုန့်သာဝယ်လာခဲ့သည်။
“အစ်ကိုကြီး ဒီနေ့အေးနေတာကို”
စုန့်ဖေးရဲ့ ပျင်းတိပျင်းရွဲစကားကို အဖက်မလုပ်ပဲ ချီယန်ကတော့ သူ့ရေခဲမုန့်ကိုသာ ပျော်ပျော်ရွှင်ရွှင်စားနေလေသည်။ တစ်ခါတလေတော့လည်း စာကြည့်တိုက်က စောထွက်တာကလည်း ကောင်း… နေပါဦး
ချီယန်ရဲ့ပြောင်းလဲသွားတဲ့မျက်နှာကိုကြည့်ရင်း သူကြည့်နေရာဆီလိုက်ကြည့်လိုက်တော့ စုန့်ဖေးရဲ့ဘူးစိမ်းလေးသာကျန်နေခဲ့ပြီး ချီယန်ရဲ့ဘူးပန်းရောင်လေးကတော့ ပျောက်ဆုံးသွားပြီပင် ။
စုန့်ဖေးလည်း အားရပါးရအော်ရယ်လိုက်ရင်း “တွေ့လား မင်းပြောတော့ အမှတ်အသားလုပ်စရာမလိုဘူးဆို။ အခုပဲ မြန်မြန်လေး ဒီဒဏ်ရာကျက်ဖို့ ရေခဲမုန့်ကိုတစ်ကိုက် ကိုက်လိုက်ပါဦး”
ချီယန်ကတော့ တုတ်တုတ်မလှုပ်ပဲ ရေခဲမုန့်လည်း စားချင်စိတ်မရှိတော့ပေ။
စုန့်ဖေးက သူ့ဓာတ်ဘူးကသော့ကို ဂုဏ်ယူစွာဖွင့်လိုက်ရင်း သီချင်းပင် ညည်းလိုက်သေးသည်။
“မှတ်ထားကွ ၊အနာဂတ်မှာလည်း ဒီအစ်ကိုကြီးဆီမှာ မင်းသင်ယူသင့်တာတွေအများကြီးရှိသေးတယ်။ ငါ့စကားကိုသာလိုက်နာရင် မင်း….”
စုန့်ဖေးသူ့ရဲ့ရေဘူးကိုမလိုက်တော့ ရေတစ်စက်မှမရှိတော့ပေ။
“ချီးပဲ ရေနွေးနှစ်ဆယ်ဖိုးလောက်ကို ခိုးသွားရလား မအေပေးတွေ…”
ထိုအခါမှ ချီယန်လည်း သူ့ရဲ့ရေခဲမုန့်ကိုပြန်စားလို့ဝင်သွားပြီး အနှိုင်းမဲ့တဲ့အချိုဓာတ်ကို ခံစားလိုက်ရသည်။